← Chapters

သွေးအေးသခင်မ

Vol. 4 Ch. 27

သွေးအေးသခင်မ

Vol. 4 Ch. 27

" တကယ့်ကိုပါးနပ်တဲ့ကောင်လေးပဲ...."

ဆရာတော်ရွှမ်းနန်က ရှောင်ယောင့်ကိုချီးကျူးစကားဆိုပြီးမှ ရှင်းပြလိုက်သည်။

" မင်းတို့သုံးယောက်က သိုင်းလောကထဲမှာ အကြာကြီးမကျင်လည်ရသေးတဲ့အတွက် အတွေ့အကြုံပိုများများရအောင် သိုင်းလောကထဲမှာနေသငိ့သေးတယ်။

တစ်ချိန်လုံးအခန်းအောင်းပြီးလေ့ကျင့်ချင်တဲ့ မင်းရဲ့ဆရာရွှမ်းမင်တောင်မှာ ဂိုဏ်းတူဦးလေးတို့ရဲ့တိုက်တွန်းမှုကြောင့် သိုင်းလောကထဲကိုနှစ်အနည်းငယ်ဆင်းရသေးတယ်။

မြင့်မားတဲ့သိုင်းအဆင့်တွေတက်ရောက်နိုင်ဖို့က ပါရမီအရည်အချင်းနဲ့ကြိုးစားမှုအပြင် အတွေ့အကြုံကလည်းအရေးကြီးတဲ့နေရာကပါနေသေးတယ်။

ငါအများကြီးတော့မပြောတော့ပါဘူး။ ဒါပေမယ့် မဟာမိတ်အဖွဲ့မှာပါဝင်တာက မင်းတို့အတွက် အတွေ့အကြုံအသစ်အဆန်းရစေမှာပေါ့ ..."

ဆရာတော်ရွှမ်းနန်၏နူးညံ့အေးဆေးသည့်စကားအဆုံးတွင် ရှောင်ယောင်လည်း ခေါင်းညိမ့်ပြကာ လေးနက်စွာပြောလိုက်သည်။

" ကျနော်သိပါပြီအဖိုးလေး...."

ဆရာတော်ရွှမ်းနန်က တည်ငြိမ်သည့်ကန်ရေပြင်တစ်ခုလိုခန့်မှန်းရခက်ခဲသော်လည်း သူ့ကိုလွန်စွာဂရုစိုက်သည်ကိုကောင်းစွာသိရှိ၍ ဆရာတော်ရွှမ်းနန်၏ညွန်ကြားမှုတိုင်းကိုလိုက်နာရခြင်းဖြစ်သည်။

ထို့အပြင် စန်းဟုန်းလျန်က ရှောင်ယောင့်ကိုဝင်ရောက်တိုက်တွန်းခြင်းမရှိသော်ငြား တစ်ယောက်၏စိတ်ကိုတစ်ယောက်နားလည်ကြသူများပီပီစန်းဟုန်းလျန်လည်းဆရာတော်ရွှမ်းနန်နည်းတူဟုခံစားမိ၍ မဟာမိတ်အဖွဲ့ကိုဝင်ရောက်ရန်သ‌ဘောတူလိုက်ခြင်းဖြစ်ပေသည်။

ထို့နောက် ရှောင်ယောင်တို့လည်း ပစ္စည်းပစ္စယများကိုသိမ်းဆည်းကာ နေမမြင့်မီကျောင်းတော်မှထွက်ခွာလာခဲ့ကြသည်။

&&&

သိုင်းလောက

အမြဲလိုလိုလှုပ်ရှားသက်ဝင်နေပြီး နေ့စဉ်နှင့်အမျှအဖြစ်အပျက်များစွာဖြစ်ပွားသည့်နေရာတစ်ခုကိုညွှန်းဆိုရပါလျှင် သိုင်းလောကဟုပြောရပေမည်။

တုန်လှုပ်ဖွယ်ဖြစ်ရပ်များ ၊ အံ့အားသင့်ဖွယ်ကောင်းသည့်သတင်းများက စဉ်ဆက်မပြက်ဖြစ်ပေါ်နေ၍ သာမန်လူတစ်‌‌ယောက်အဖို့ သိုင်းလောကတွင်းရှိအပြောင်းအလဲများကို လိုက်မီရန်ပင် မနည်းကြိုးစားကြရပေမည်။

ထိုနည်းတူ သိုင်းလောကသားများကလည်း လူစည်ကားရာ တည်းခိုခန်းများ ၊ စားသောက်ဆိုင်များတွင် မိမိတို့သိရှိထားသည်များကို‌ပြောဆိုဆွေးနွေးကာ သတင်းအသစ်အဆန်းများကိ နားထောင်ရင်းဝေဖန်လေကန်ကြလေသည် ။။

ထို့ကြောင့်လည်းလူသတင်းလူချင်းဆောင်ဆိုသလို မည်သို့သောအကြောင်းအရာပင်ဖြစ်စေ တစ်ရက်မပြည့်မီပျံ့နှံ့ပြီးဖြစ်ကာ နာမည်ကြီးသိုင်းသမားများ၏အတင်းအဖျင်းများမှပစ ပြင်းထန်သည့်တိုက်ပွဲများအဆုံးမကြားချင်လျှင်ပင်ကြားနေရပေသည်။

ယခုလည်း ဟိုနန်နယ်၏မြို့ငယ်တစ်မြို့ရှိစားသောက်ဆိုင်တစ်ခုတွင် သိုင်းလောကသားများအတူဆုံမိနေကြကာ လက်ရှိသိုင်းလောက၏အခြေအနေကို ဝေဖန်ဆွေးနွေးလျက်ရှိကြသည် ။

စားပွဲဝိုင်းနှစ်ခုကိုဆက်ထားကာ စားရင်းသောက်ရင်းပြောဆိုနေကြသည့်လူများကသည့်မတိုင်မီက အချင်းချင်းသိကျွမ်းခြင်းမရှိသည့်လူစိမ်းများသာဖြစ်သည်။

သို့သော်လည်း တစ်ဆိုင်ထဲစားရင်းသောက်ရင်းဖြင့် သိုင်းလောကအကြောငိးပြောဆိုရာမှစကားစပ်မိကာ ယခုလိုလူဆယ်ယောက်ကျော်သည့်အစုအဖွဲ့တစ်ခုအဖြစ်စုမိလာခြင်းဖြစ်၏။

သူတို့ဝိုင်းထဲတွင် အဆင့်မြင့်ဆုံးလူကပင် သိုင်းပညာ ထိပ်တန်းအဆင့်သာရှိသော်လည်း ပြောဆိုနေသညိ့အကြောင်းအရာက ကြီးကျယ်ခမ်းနားလှ၍ ဆိုင်ထဲရှိသာမန်လူများပင် ပါးစပ်အဟောင်းသားနားထောင်နေကြသည်။

ထိုနည်းတူ အခြားလူများနှင့်ရောနှောခြင်းမရှိသည့်သိုင်းသမားအနည်းငယ်လည်းရှိနေသော်လည်း ထိုလူများ၏‌‌ပြောစကားကို သူတို့၏ဝိုင်းမှနေ၍နားစွန့်နေကြသည်။

အကြောင်းကား လက်တလောဟိုးဟိုးကျော်သွားသည့် မိစ္ဆာဓားသမား၏သတင်းက ထိုဝိုင်းအတွက်အဓိက ဆွေးနွေးစရာဖြစ်နေသည့်အတွက်ကြောင့်ပင်။

" ငါ့အစ်ကိုဝမ်းကွဲရဲ့ ယောက်ဖနဲ့ရင်းနှီးတဲ့သိုင်းသမားတစ်ယောက်က သိုင်းမဟာမိတ်ထဲက အဆင့်လွန်ထိပ်သီးတစ်ယောက်ကွ။

သူ့ဆီကသိရတဲ့သတင်းအရဆိုရင် ချူမိသားစုတစ်ခုလုံးက ကြောက်လန့်စရာဖြစ်နေပြီး အလောင်းတွေကတောင်ငယ်တစ်လုံးစာလောက်ရှိသတဲ့။

ပြီးတော့ သွေးတွေလည်းချောင်းစီးနေတာက ခြံဝန်းထဲကိုဝင်ရင် ခြေမျက်စေ့ကိုတောင်မြုပ်သတဲ့ဗျ...."

လေပေါသည့်စားပွဲဝိုင်းရှိ သိုင်းသမားတစ်ဦးက ခပ်ကြွားကြွားပြောဆိုလိုက်သည်။

ထိုလူ၏စကားကအကြွားပိုနေမှန်းသိသာသည့်တိုင် ယခုဝိုင်းတွင် ဒိုင်ခံပြောဆိုနေသူတစ်ယောကိဖြစ်ရာ ကျနိလူများမှ ငြင်းခုန်ခြင်းမပြုဘဲ အလိုက်အထိုက်ဖြင့် မြှောက်ပင့်ချီးမွမ်းလိုက်ကြသေးသည်။

" ကျွတ် ကျွတ် တကယ့်ကို ကြောက်စရာကောင်းတဲ့မြင်ကွင်းပါလား...."

" ပြီးတော့ ဘာတွေဆက်ဖြစ်သေးလဲ သိလားအစ်ကိုရှောင်...."

စကားပေါသည့် ကိုလေကြွားက ရှောင်မျိုးနွယ်ဝင်ဖြစ်ဟန်တူပြီး ကျန်လူများက သူ၏စကားကိုစိတ်ပါဝင်စားစွာနားထောင်နေကြ၍ ဘဝင်‌ခိုက်ကာ ဟန်ပန်အမူအယာများဖြင့်ဆက်ပြောလိုက်သည်။

" တကယ့်ကိုအပိုပြောနေတာမဟုတ်ဘူး။ ငါ့အစ်ကိုဝမ်းကွဲယောက်ဖရဲ့သူငယ်ချင်းက သိုင်းမဟာမိတ်က အဆင်မြင့်အဖွဲ့ဝင်တစ်ဦးဆိုတော့ ချူမိသားစုကိုသူလည်းပါသွားတာကိုး။

ပြီးတော့ ဘယ်သူတွေပါသေးတယ်မှတ်လဲ ။ ရှောင်လင်ကျောင်းက စည်းကမ်းထိမ်းသိမ်းရေးအဆောင်မှူးဆရာတော်ခုံးယင်၊ ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းနဲ့ တေလေဂိုဏ်းက ကျောက်စိမ်းတုတ်ကျန်း သူတို့လိုမျိုးသိုင်းဝိဇ္ဇာအဆင့်တွေက ခြောက်ယောက်အတိပါသေးတာတဲ့။

ဒါကြောင့်လည်း သိုင်းမဟာမိတ်က သခင်နှစ်ပါးတောင် ခပ်ကုတ်ကုတ်ကလေးနေရတယ်ဆိုပဲ...."

ကိုလေကြွားက အကြွားသန်သော်လည်း သူ၏စကားများက အမှန်တရားများစွာပါဝင်ပေသည်။

အကြောင်းကား ဆရာတော်ခုံးယင်နှင့်သူ၏အဖွဲ့က ယမန်နေ့ကညကပင်ကျောင်းတော်မှညတွင်းချင်းထွက်ခွာခဲ့ကာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများနှင့်အတူ ချူမိသားစုသို့ရောက်ရှိပြီး၍ဖြစ်သည်။

ကျန်လူများ၏အမူအယာကိုအကဲခပ်ကာ ကိုလေကြွားက ဆက်ပြောလိုက်သည်။

" အဲဒါနဲ့ တောင်လိုပုံနေတဲ့အလောင်းတွေ ချောင်းစီးနေတဲ့သွေးတွေကိုလည်းမြင်ရော သိုင်းဝိဇ္ဇာတွေတောင် တော်တော်လေးထိတ်လန့်သွားတယ်ဆိုပဲ ။

မလန့်ဘဲခံနိုင်ရိုးလားကွာ မြောက်ပိုင်းက သွေးအေးသခင်မရဲ့ဖြစ်ရပ်ပြီးတော့ သိုင်းလောကမှာ ဒီလောက်အထိရက်စက်ကြမ်းကြုတ်တဲ့ဖြစ်ရပ်တွေမဖြစ်တာကြာပဲကြာလှပေါ့။

ပြီးတော့ အရင်တစ်ရက်ကတင်ကောင်းယွဲ့ဂိုဏ်းကလည်းအမြစ်ပြတ်သုတ်သင်ခံရပေမယ့် ချူမိသားစုလောက်မဆိုးဘူးဆိုဘဲ ။

ချူမိသားစုခေါင်းဆောင်ချူဝေဆိုရင် ခေါင်းတခြားကိုယ်တခြားနဲ့ အသေဆိုးနဲ့သေရတာတဲ့...."

ထိုနေရာအရောက်တွင် ကိုလေကြွားက သူ၏အသံကိုနှိမ့်ကာပြောလိုက်သည်။

အကြောင်းကား ယခုဖြစ်ရပ်များက သိုင်းလောကသားတိုင်းအတွက်တုန်လှုပ်ချောကိချားဖွယ်ဖြစ်နေသည့်အပြင် ချူမိသားစုမှလက်ကျန်လွတ်မြောက်သူများလည်းရှိနေသေး၍ သတိထားနေရခြင်းဖြစ်၏။

သူ၏သရုပ်‌ဖော်ပုံနှင့် စကားအကြောင်းအရာများကြောင့် အနီးရှိလူများစုတ်တသက်သက်ဖြင့်ရှိကြရုံသာမက ဆိုင်ထဲရှိသာမန်လူများပင် အစားအသောက်များစားသောက်လိုစိတ်ကင်းမဲ့သွားကြသည်။

" ဒီလူက အတော်ဆိုးဆိုးပါလား...."

ဆိုင်ထောင့်ဝိုင်းတွင်ထိုင်နေသည့် အပြာရောက်စာပေသမားဝတ်စုံဖြင့်လူငယ်တစ်ယောက်က မျက်နှာရှုံ့၍ပြောလိုက်သည်။

သူ၏လက်ထဲတွင် တူဖြင့်ညှပ်ထားသည့်ကြက်သားဖက်တစ်ဖက်ရှိနေသော်လည်း ပါးစပ်အတွင်းထည့်ရန်စိတ်မပါတော့ဘဲ တူကိုပြန်ချလိုက်သည်။

သူ၏ဝိုင်းတွင် သက်လက်ပိုင်းအရွယ်ရှိလူနှစ်ယောက် အဖြူရောင်သိုင်းစုံဝတ်လူငယ်သုံးယောက်တို့လည်းရှိနေသည်။

စာပေသမားလူငယ်၏စကားကြောင့် ခေါင်းတုံးဆံပင်ပေါက်ပုံစံဖြင့် ဆံပင်များထိုးထိုးထောင်ထောင်ဖြစ်နေသည့်ဝဝဖိုင့်ဖိုင့်လူငယ်က ရယ်မောလိုက်သည်။

" မင်းမစားချင်ရင်လည်းငါ့ပေးလေ ..."

ပြောပြောဆိုဆိုဖြင့် စာပေသမားလူငယ်၏ရှေ့မှကြက်သားဖက်ကို ကောက်ကိုင်လိုက်၍ သူ၏လက်ကို ကျန်တစ်ယောက်က ဖျက်ရိုက်လိုက်သည်။

" ကြွယ်ယန် ဆူဆူပူပူမလုပ်စမ်းနဲ့ ဟိုကမှကလေးစိတ်ပါဆို...."

သာသာနှင့်နာနာနှက်လိုက်သည့်ထိုလူငယ်၏စကားကြောင့် စာ‌ပေသမားလူငယ်၏မျက်နှာကတင်းမာသွားသည်။

မှန်ပေသည်။

ဆိုင်ထောင့်ဝိုင်းတွင် မထင်မရှားပုံစံဖြင့်စားသောက်နေသော်လည်း အချင်းချင်းကြွက်စီကြွက်စီဖြင့်ရှိနေကြသည်က ရှောင်ယောင်တို့လူစုသာဖြစ်ပေသည် ။

ရှောင်လင်ကျောင်းတော်မှထွက်ခွာလာပြီးနောက်တွင် မဟာမိတ်အဖွဲ့နှင့်ပူးပေါင်းရန် လုံဟိုင်မြို့သို့ဦးတည်သွားနေခြင်းဖြစ်ပြီး သိုင်းမဟာမိတ်အခြေစိုက်ရာထိုမြို့တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမဟာမိတ်လည်းရှိနေသည်ဟုသိရသည် ။

ယခုကိစ္စကသိုင်းလောကတစ်ခုလုံးနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းပင်သီးသန့်ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ သိုင်းမဟာမိတ်၏အဖွဲ့ဝင်အင်အားစုများနှင့်ပူးပေါင်းလုပ်ဆောင်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။

ထိုနည်းတူ အချိန်အတော်ကြာငြိမ်သက်နေသည့်တေလေဂိုဏ်းကလည်း ပြန်၍အလုပ်ရှုပ်နေကာ သိုင်းလောကအနှံ့တွင် မိစ္ဆာဓားသမားကိုလိုက်လံရှာဖွေနေကြပေသည်။

" စောစောက လူပြောတာက မှန်တော့မှန်တယ်ကွ။ မိစ္ဆာဓားသမားဆိုတဲ့လူက အတော့်ကိုရက်စက်တယ်လို့သိရတယ်။

ကောင်းယွဲ့ဂိုဏ်းမှာ ဂိုဏ်းလုံးကျွတ်သုတ်သင်ရုံတင်မဟုတ်ဘဲ ချူမိသားစုရဲ့ဖြစ်ရပ်မှာဆို ပိုပြီးတောင်ရက်စက်ကြမ်းကြုတ်လာသေးတယ် ...."

စီးတုမင်က တည်ကြည်သည့်ပုံစံဖြင့်ဝင်ပြောလိုက်၍ ရှောင်ယောင်တို့လည်း အချင်းချင်းစနောက်နေသည်များကိုရပ်ကာ ငြိမ်သက်စွာနားထောင်နေကြသည်။

ထိုစဉ် တစ်ချိန်လုံးတိတ်ဆိတ်စွာစားသောက်နေသည့်စန်းဟုန်းလျန်က စီးတုမင်ကိုမေးလိုက်သည်။

" မနက်က တေလေဂိုဏ်းကလူတွေနဲ့အတူ သိုင်းမဟာမိတ်က မုယုံချန်ကိုပါတွေ့လိုက်သလားလို့ သူကမင်းဆီကိုဘာကိစ္စနဲ့လာတာလဲ...."

‌စန်းဟုန်းလျန်၏မေးခွန်းကြောင့် စီးတုမင်လည်း ထိုအကြောင်းကိုသတိရသွားဟန်တူကာ သူ၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသည်။

ထူထဲသည့်မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ်စုကြုံ့သွားသလို သူ၏အမူအယာကလည်းတစ်စုံတစ်ခုကိုဝေခွဲရခက်ဟန်ဖြင့် လွန်စွာတည်ကြည်သွားသည်။

စီးတုမင်ကဲ့သို့ အမြဲလိုလိုပြုံးမပျက်ဘဲဖော်ရွေသဘောကောင်းသည့်လူတစ်ယောက်က ယခုလိုအမူအယာမျိုးပြသသည်မှာရှားပါးပြီး ရှောင်ယောင်တို့လည်း သူ၏စကားများကိုစောင့်မျှော်နေကြသည်။

ထို့နောက်စီးတုမင်က သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

" ချူမိသားစုအမြစ်ပြတ်သုတ်သင်ခံရတဲ့ညမှာပဲ ချန်ချင်းဂိုဏ်းလည်းဝင်တိုက်ခိုက်ရတယ်။ ။

သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ချန်လုအပါအဝင် ဂိုဏ်းသားဆယ်ယောက်ကျော်လောက်သတ်ဖြတ်ခံလိုက်ရသေးတယ်..."

ထိုစကားကြောင့် ရှောင်ယောင်တို့သာမက စန်းဟုန်းလျန်ပင်အံ့အားသင့်သွားဟန်တူသည်။

" ဒါကရော မိစ္ဆာဓားသမားပဲလား ဆရာကြီးစီးတု...."

ကြွယ်ယန်၏သိလိုစိတ်ပြင်းပြသည့်မေးခွန်းကိုခေါင်းယမ်းပြရင်း စီးတုမင်က အနည်းငယ်လေးလံသည့်လေသံဖြင့်ပြောလိုက်သည်။

" မဟုတ်ဘူး သူက လွန်ခဲ့တဲ့ဆယ်နှစ်ကသေဆုံးပြီးပြီလို့သတင်းထွက်ခဲ့တဲ့ သွေးအေးသခင်မပဲ....."

&&&

All Chapters