ဝက်ဝံရိုင်းနှင့်မြေခွေးနီ
Vol. 4 Ch. 28
" မဟုတ်ဘူး သူက လွန်ခဲ့တဲ့ဆယ်နှစ်ကသေဆုံးပြီးပြီလို့သတင်းထွက်ခဲ့တဲ့ သွေးအေးသခင်မပဲ....."
စီးတုမင်၏စကားကို ကျန်လူများက စဉ်းစားတွေးတောနေသည့်ပုံစံဖြစ်သွားကြသော်လည်း ရှောင်ယောင်၏မျက်နှာက ကွက်ခနဲပျက်သွားသည်။
သို့သော် အလျှင်အမြန်ပင် ခေါင်းငုံ့ကာ သူ၏ရှေ့ရှိရေနွေးကြမ်းခွက်ကိုကောက်ကိုင်လိုက်၍ ရှောင်ယောင်၏မျက်နှာအပြောင်းအလဲကိုမည်သူမှသတိမထားမိလိုက်ပါချေ။
" အော် ....ကျုပ်သတိရပြီ ကျုပ်တို့ငယ်ငယ်က နာမည်ကြီးခဲ့တဲ့မိန်းကလေးမလား....ကျောက်စိမ်းနတ်မိမယ်လို့လည်းခေါ်တယ်လေ။
အဲဒီတုန်းက သူ့လက်မှာ သေဆုံးခဲ့တဲ့သိုင်းသမားတွေအများကြီးပဲရှိတယ်မလား ။
ဒါပေမယ့် သူက သိုင်းထိပ်သီးခြောက်ယောက်ရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေသွားပြီလားလို့....."
ကြွယ်ယန်က သူ၏ပေါင်ကိုပုတ်၍မေးလိုက်သည်။
သူ၏စကားကိုခေါင်းညိမ့်ပြရင်း စီးတုမင်က ဆက်ပြောလိုက်သည်။
" ဟုတ်တယ် အဲဒီမိန်းကလေးပဲ။ ဒါပေမယ့်သူမသေခဲ့ဘူး...အစွမ်းထက်တဲ့သိုင်းပညာရှင်တစ်ယောက်က သူ့ကိုကယ်ထုတ်သွားခဲ့တာ။
အဲဒီနေ့ကစပြီး ဆယ်နှစ်လောက်ပျောက်သွားတော့ သူ့အကြောင်းမကြားရတော့ဘူးလိူ့မှတ်တာ အရင်ညကမှ ချန်ချင်းဂိုဏ်းကိုလက်စားချေဖို့လာတာပဲ။
ဒါပေမယ့် သူ့အကြောင်းကို ကြိုတင်သတင်းရထားတော့ ချန်ချင်းဂိုဏ်းချုပ်ကြီးက သူ့မိတ်ဆွေ နတ်ဓားရှင်ဝေ့ယန်ကိုဖိတ်ခေါ်ထားပြီးကြိုတင်စောင့်ဆိုင်းနေခဲ့တယ် ။
အဲဒီမိန်းကလေးရောက်လာတော့ သူတိူ့တိုက်ပွဲဖြစ်ကြပြီး ဒဏ်ရာအပြင်းအထန်ရပြီးလွတ်မြောက်သွားတယ်လို့ကြားတယ်။
ဒါကိုတောင် သူထွက်မသွားခင်မှာ ချန်လုကိုရအောင်သတ်သွားခဲ့သေးတာ။။
ဟူး တော်တော့်ကိုပါရမီရှိလှတဲ့မိန်းကလေးပါ လွန်ခဲ့တဲ့ဆယ်နှစ်ထဲက ငါတို့ထက်ပိုပြီးသာလွန်ခဲ့သလို အခုလည်း သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေလောက်ပြီ။
ငါ့ဘဝရဲ့နောင်တရတဲ့ဖြစ်ရပ်တွေထဲကတစ်ခုက သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့မိတာပဲ။ အနည်းဆုံးတော့ သူနဲ့တစ်ယောက်ချင်း မျှမျှတတတိုက်ခိုက်ချင်သေးတယ်..."
စီးတုမင်၏ပုံစံက လွန်ခဲ့သည့်ဆယ်နှစ်က သူ၏လုပ်ရပ်ကိုအရှက်ရနေဟန်တူပြီး ထိူ့ကြောင့်ပင် မုယုံချီလာခေါ်စဉ်က လိုကပါမသွားတော့ခြင်းဖြစ်သည်။
ယခုအချိန်လောက်ဆိုလျှင် ချင်ချင်းဂိုဏ်းတစ်ခုလုံးက မိန်းကလေး၏နောက်သို့လိုက်နေကြမည်ဖြစ်ပြီး သူမအသက်ရှင်ရန်အခွင့်အလမ်းလွန်စွာနည်းပါးပေမည်။
စီးတုမင်၏စကားများကိုနားထောင်နေရင်း ရှောင်ယောင်၏လက်ထဲရှိရေနွေးကြမ်းခွက်က တုန်ယင်နေပြီး ရေခွေးခွက်ထဲတွင်ပေါ်နေသည့်သူ၏ပုံရိပ်က လှိူင်းထသွားလေသည်။
အမြဲလိုလိုတည်ငြိမ်အေးဆေးသည့်သူ၏မျက်နှာထက်တွင်တော့ စိုးရိမ်ပူပန်မှုများစွာပြည့်နှက်လျက်ရှိသည်။
&&&
တောအုပ်ကိုဖြတ်၍ဖောက်လုပ်ထားသည့်မြေနီလမ်း....
ဘေးနှစ်ဘက်တွင် ရိုးတံကျဲကျဲအပင်ကြီးများကြောင့် တောအုပ်က များစွာထူထပ်အုံ့ဆိူင်းခြင်းမရှိဘဲ ညနေစောင်း၏နေရောင်အောက်တွင် တစ်မျိုးတစ်ဖုံလှပလျက်ရှိနေသေးသည်။
နွေဦးရာသီ၏သရုပ်ဖြစ်သည့် သစ်ရွက်ကြွေများနှင့် လေရူးတို့က ပနံသင့်လျက်ရှိကာ မကြာခဏဆိုသလိုတဖွဲဖွဲကြွေကျနေသည့်သစ်ရွက်များက သဘာဝ၏အလှအပကိင ပုံဖော်ပြသလျက်ရှိသည် ။
တောအုပ်တွင်းရှိ မြေနီလမ်းက လူသွားလူလာနည်းပါးဟန်တူပြီး တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။
သို့သော် ထိုခဏတွင်ထွက်ပေါ်လာသည့် တခွပ်ခွပ်မြည်သံများကြောင့်လမ်းမထက်တွင်အစာရှာနေသည့် စာဝါငှက်ကလေးက လန့်ကာ ပျံတက်သွားတော့သည်။
" ခေါင်းဆောင် ကျုပ်တို့စွန်းအိမ်တော်သိုင်းပြိုင်ပွဲကို မမှီလိုက်တာက နာတယ်ဗျာ မဟုတ်ရင် ခေါင်းဆောင်ရဲ့သိုင်းပညာနဲ့ဆို ထိပ်ဆုံးဆယ်ယောက်စာရင်းကိုအသာလေးဝင်တာပေါ့....."
ဆူညံဆူညံအသံများနှင့်အတူထွက်ပေါ်လာသည်က မြင်းကိုယ်စီစီးနင်းထားကြသည့်လူရှစ်ယောက်ဖြစ်သည်။
ထိုလူများက ကွဲပြားသည့်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကာ မတူညီသည့်လက်နက်ကိုယ်စီဆယ်ဆောင်ထားကြ၍ ဂိုဏ်းအဖွဲ့အစည်းမတူညီဟုထင်ရသော်လည်းစင်စစ် အဖွဲ့အစည်းတစ်ခုထဲမှဖြစ်သည်။
နေလောင်ကာ နီကျင်ကျင်ဖြစ်နေသည့်ဆံပင်များ ၊ ကြမ်းတမ်းသည့်အသားအရေနှင့် ရှုပ်ပွနေသည့်ပုံစံများက ဖြစ်သလိုနေတတ်ပြီး စရိုက်ကြမ်းသူများဖြစ်ကြောင်းသိရှိနိုင်ကာ သူတိူ့တစ်ဖွဲ့လုံးနီးပါးက ထိုပုံစံသာဖြစ်သည်။
သို့သော် မြင်းစီးသမားများ၏ရှေ့ဆုံးတွင်ရှိသည့် ဖျင်ကြမ်းဝတ်စုံဝတ်လူက အသက်သုံးဆယ်ဝန်းကျင်သာရှိသေးပြီး ချောမောခန့်ညားသည့်လူရွယ်တစ်ယောက်ဖြစ်သည်ကိုအံ့ဩဖွယ်တွေ့ရပေမည်။
နောက်ကျောတွင်ဓားရှည်တစ်လက်ကိုသိုင်းလွယ်ထားသည်လူရွယ်၏သွင်ပြင်က သန့်ပြန့်ချောမောကာ သာမန်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်တိုင် မိသားစုကြီးတစ်ခုခုမှသခင်လေးတစ်ယောက်နှင့်ဆင်တူနေသည်။
သူ၏နောက်ဘက်ရှိရုပ်ရည်ကြမ်းတမ်းသည့်လူများနှင့်နှိုင်းယှဉ်ပါက လူရွယ်က များစွာချောမောသပ်ရပ်လျက်ရှိပြီး သူ၏ပုံစံကလည်း တည်ငြိမ်လှသည်ကိုတွေ့ရပေသည်။
သို့သော် ထိုလူရွယ်က နောက်ဘက်မှလူများ၏ခေါင်းဆောင်ဖြစ်ပေသည် ။
" ဘယ်က ထိပ်ဆုံးဆယ်ယောက်ကမှာလဲဝက်ဝံကြီးရ ငါတို့ခေါင်းဆောင်ကသေချာပေါက်ပထမရမှာပေါ့... မင်းတို့ ဟိုလူငယ်ထိပ်သီးဆယ်ယောက်က နံပါတ်တစ်ဆိုတဲ့ နေမိုးကြိုးဓားဝိဇ္ဇာဆိုတဲ့ငနဲပြောတာကိုမကြားဘူးလား....။။
သူတောင် တကယ့်တိုက်ပွဲမှာ ခေါင်းဆောင်ကိုအနိုင်မရဘူးဆိုပြီး...."
ပထမလူ၏စကားကိုငြင်းခုန်လိုက်သူက ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် အနီရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်ဖြစ်သည်။
ထိုလူ၏ဝတ်ပုံစားပုံက ကျန်လူများနှင့်ယှဉ်လျှင်သပ်ရပ်သည်ဟုထင်ရသည့်တိုင် သူ၏ခန္တာကိုယ်မှအရက်နံ့တထောင်းထောင်းထွက်နေကာ မျက်လုံးအစုံကလည်း အရက်မူးနေဟန်ဖြင့်ရီဝေလျက်ရှိသည်။
သူ၏ဆန့်ကျင်ဘက်စကားကြောင့် ဝက်ဝံကြီးဆိုသည့် ထွားကြိုင်သန်မာသည့်လူက မကျေမနပ်ဖြစ်သွားပြီး သူ၏စကားကိုပြန်လည်ပြင်ဆင်လိုက်သည်။
" ငါပြောတာက ထိပ်ဆုံးဆယ်ယောက်အပြင် ပထမနေရာပါရမယ်လို့ပြောချင်တာပါကွ....မြေခွေးစုတ် မင်းက ငါ့ကိုရန်စတာလား....."
ဝက်ဝံကြီး၏ စိန်ခေါ်စကားကို အနီရောင်ဝတ်စုံဝတ်လူကလည်း ခေါင်းညိမ့်လိုက်သည်။
" အေးဟုတ်တယ် တိုက်ချင်တာလား... ငါ့ရဲ့မြေခွေးပျံဓားသိုင်းက ခေါင်းဆောင်နဲ့လေ့ကျင့်ပြီး အများကြီးတိုးတက်လာပြီကွ....မင်းလိုခွန်အားသုံးဖို့ပဲသိတဲ့ငတုံးက ဘယ်လိုလုပ်တိူးတက်မှာလဲ... ဟဲ ဟဲ ဒီအတိုင်းဆိုရင် သဲနက်အဖွဲ့ရဲ့ဒုခေါင်းဆောင်ရာထူးက ငါ့လက်ထဲကိုရောက်လာမယ်နဲ့တူတယ်...."
သူ၏စိန်ခေါ်စကားကြောင် ဝက်ဝံကြီး၏မုတ်ဆိတ်မွှေးပါးမြိုင်းမွှေးများပင်ထောင်ထသွားပြီး ဒေါသတကြီးဖြင့်သူ၏ဓားပြားကြီးကိုဆွဲထုတ်လိုက်သည်။
" လာစမ်းပါ...အခုတိုက်ကြမလား...."
သွားရင်းလာရင်းဖြင့်ထသတ်တော့မည့်သူတို့နှစ်ယောက်ကို ကျန်လူများက ဟန့်တားခြင်းမပြုသည့်အပြင် အတို့အထောင်ပင်လုပ်ပေးလိုက်သေးသည်။
" ဟေ့ကောင် မင်း ဒုတိယခေါင်းဆောင်နဲ့ တတို့ခေါင်းဆောင်တို့တိုက်ရင်ဘယ်သူနိုင်မယ်ထင်လဲ ..."
" ဒုတိယခေါင်းဆောင်ပေါ့ကွ အသိသာကြီးကို...."
" ငါကတော့ဒီလိုမထင်ဘူး အခုတစ်ကြိမ်မှာ တတိယခေါင်းဆောင်က ယုံကြည်ချက်အပြည့်နဲ့ဆိုတော့ သူနိုင်မယ်လို့ထင်နေတယ်...."
နောက်ဘက်မှလူများကစကားက တီးတိုးပြောဆိုနေခြင်းသာဖြစ်သော်လည်း ကျန်လူများကောင်းစွာကြားနိုင်ကာ ဝက်ဝံကြီးဆိုသူနှင့်အနီရောင်ဝတ်စုံဝတ်လူတို့က ပို၍ပင်တက်ကြွလာသည်။
သည်အတိုင်းဆက်ကြည့်နေပါက နေရာတွင်ပင်တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ရှေ့ဆုံးရှိဖျင်ကြမ်းဝတ်စုံဝတ်လူရွယ်က ဝင်ပြောလိုက်ရသည်။
" ဝက်ဝံရိုင်း ၊ မြေခွေးနီ ခင်ဗျားတို့နှစ်ယောက်လုံးရန်ဖြစ်ချင်ရင် စခန်းကိုရောက်မှဖြစ်ကြဟုတ်ပြီလား...."
လူရွယ်၏စကားက တင်းမာခတ်ထန်ခြင်းမရှိသလို သူ၏မျက်နှာကလည်း ပုံမှန်အတိုင်းတည်ငြိမ်အေးဆေးလျက်ရှိသည်။
သို့သော် သူ၏စကားကို ဝက်ဝံရိုင်းရော မြေခွေးနီရောက ကောင်းစွာနားထောင်ကြပြီးသူတို့၏လက်နက်များကိုပြန်သိမ်းလိုက်ကြသည်။
" ဟမ့် မင်းကံကောင်းသွားတယ်မှတ်ပါ...."
ဝက်ဝံရိုင်း၏စကားကိုမြေခွေးနီက အောက်ကျမခံတုန့်ပြန်လိုက်သည်။
" မင်းကိုပြောရမှာ မဟုတ်ရင် ဒီအချိန်လောက်ဆို ဝက်ဝံရိုင်းဆိုတဲ့မင်းက အမွှေးကျွတ်နေလောက်ပြီ...."
ရန်တစောင်စောင်ဖြစ်နေကြသူနှစ်ယောက်ကား စကားဖြင့်ဆက်လက်တိုက်ခိုက်နေကြဆဲပင်။
သို့သော် သူတို့နှစ်ယောက်သိကျွမ်းလာသည်က အချိန်များစွာကြာပြီဖြစ်၍ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရန်ဖြစ်ကြတိုက်ခိုပ်ကြသည့်တိုင် အချိန်တန်လျှင် အချင်းချင်းပြန်မခေါ်ဘဲမနေနိုင်ကြပေ။
ထိုအကြောင်းကိုကောင်းစွာသိရှိနေ၍လူရွယ်လည်း ပြုံး၍ခေါင်းယမ်းလိုက်မိသည်။
သူ၏အဖြစ်က ကံကောင်းသည်လောကံဆိုးသည်လောဟုခွဲခြားမရပေ။
သိုင်းလောကသို့ဝင်ဝင်ချင်း နာမည်ဆိုးဖြင့်ကျော်ကြားသည့်ထိုလူများနှင့်ရင်ဆိုင်တွေ့ကာ သူတို့တစ်ဖွဲ့လုံးကိုတစ်ကိုယ်တော်အနိုင်ယူနိုင်ခဲ့သည်။
ထို့နောက် သူ၏လက်ထဲတွင်ရှုံးနိမ့်သွားခဲ့သည့် အဖွဲ့ခေါင်းဆောင်က ပြန်၍လက်စားချေအနိုင်မည်ဟုကြုံးဝါးကာထွက်ခွာသွားခဲ့သည်။
သို့သော် ကျန်ရှိနေသည့်အဖွဲ့သားများက သူ့ကိုခေါင်းဆောင်အဖြစ်တာဝန်ယူလုပ်ဆောင်ပေးပါရန်ဝိုင်းဝန်းတောင်းပန်ကြ၍ ယခုလိုအဖွဲ့ခေါင်းဆောင်ဖြစ်လာခြင်းပင်။
ပရမ်းပတာဆန်ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည့် သဲနက်ဓားပြအဖွဲ့၏ခေါင်းဆောင်ရာထူးကိုရယူခဲ့ခြင်း၏အဓိကအကြောင်းပြချက်ကတော့ စိတ်ထားထင်သလောက်ဆိုးရွားခြင်းမရှိသည့် ထိုများကိုသွန်သင်တည့်မက်ကာ လမ်းမှန်ပေါ်ရောက်အောင်လမ်းပြလိုခြင်းဖြစ်ပေသည်။
ယခုလည်း သူ၏ခေါင်းဆောင်မှုအောက်တွင် အဖွဲ့အစည်းတစ်ခုလုံးက တဖြေးဖြေးပြောင်းလဲနေပြီဖြစ်ကာ အချိန်တစ်ခုသို့ရောက်ပါက ဆိုးရွားသည့်ဓားပြအဖွဲ့အဖြစ်မှ စည်းစနစ်ကျသည့်သိုင်းအဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲလာမည်ဟုသူယုံကြည်ချက်ရှိပေသည်။
" ခေါင်းဆောင် ဟို မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ဆိုလား အဲဒီအဖွဲ့ကိုကျုပ်တို့သွားရင်မကောင်းဘူးလား....."
ဝက်ဝံရိုင်းက လူရွယ်၏မျက်နှာကို အကဲခပ်၍မေးလိုက်သည်။
သူတို့၏မူလဦးတည်ရာက စွန်းအိမ်တော်သိုင်းပြိုင်ပွဲဖြစ်သော်လည်း လမ်းခရီးတွင်နောက်ကျခဲ့သည့်အပြင် သိုင်းပြိုင်ပွဲဖျက်သိမ်းသည့်သတင်းကြောင့် စွန်းအိမ်တော်အထိမရောက်ဘဲ လှည့်ပြန်နေရခြင်းပင်။
ထို့ကြောင့်လည်းဝက်ဝံရိုင်းက ငါးမရ ရေချိုးပြန်မည့်သဘောဖြင့် သွေးတိုးစမ်းမေးလိုက်ခြင်းဖြစ်သည်။
&&&