အကူအညီလိုအပ်နေသူ
Vol. 4 Ch. 29
ဝက်ဝံရိုင်းက စခန်းသို့ပြန်ရန် ပျင်းရိနေ၍ ငါးမရ ရေချိုးပြန်မည့်သဘောဖြင့် သွေးတိုးစမ်းမေးလိုက်ခြင်းဖြစ်သည်။
သို့သော် သူ၏စကားကိုလူရွယ်က ခေါင်းယမ်းပြ၍ပြန်မေးလိုက်သည်။
" မင်းတို့ကိုခေါ်ပြီး ဟိုကိုသွားရမှာလား။ လုံဟိုင်မြို့ဆိုတာ သိုင်းမဟာမိတ်ရဲ့ဌာနချုပ် ပြီးတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းအပြင် ကျော်ကြားတဲ့သိုင်းသမားတွေလည်းစုဆုံနေကြသေးတယ်။
ငါတို့အုပ်စုသာဟိုကိုရောက်သွားရင် မိစ္ဆာဓားသမားကိုမနှိမ်နင်းခင်မှာ ဓားပြနှိမ်နင်းရေးကိုအရင်လုပ်လိမ့်မယ်။
အဓိကက မင်းပဲ အရင်တုန်းက မင်းနဲ့စန်းယွင်တို့နှစ်ယောက်ပေါင်းပြီးသိုင်းမဟာမိတ်ကိုတော်တော်ဒုက္ခပေးခဲ့သေးတယ်မလား...."
အနက်ရောင်သိုင်းသမားများပင်ပါဝင်နိုင်သည့်စွန်းအိမ်တော်သိုင်းပြိုင်ပွဲသို့သွားရောက်ခြင်းကကိစ္စမရှိသော်လည်းအဖြူရောင်သိုင်းသမားများစုရုံးနေသည့်နေရာသို့သွားရောက်ခြင်းက ကိုယ့်သေတွင်းကိုယ်တူးသည့်လုပ်ရပ်ဖြစ်သည်။
လူရွယ်တစ်ဦးထဲဆိုပါကမည်သည့်နေရာသို့သွားရောက်ပါစေပြဿနာမရှိသော်လည်း သူ၏နောက်မှလူများကား လွန်ခဲ့သည့်လအနည်းငယ်ကပင် ဆိုးသွမ်းသည့်ဓားပြများဖြစ်ခဲ့ကြသည်မဟုတ်ပါလား။
သူ၏ခပ်နောက်နောက်စကားကြောင့် ကျန်လူများသဘောကျစွာရယ်မောလိုက်သလို ဝက်ဝံရိုင်းလည်း သူ၏ဦးခေါင်းကိုကုတိရင်းရှက်ရွံ့စွာပြောလိုက်သည်။
" ခေါင်းဆောင်ကလည်း ဒါတွေကအရင်ကဟာတွေပါ...."
ကြမ်းတမ်းရိုင်းစိုင်းသည့်ဝက်ဝံရိုင်းက လူရွယ်၏ရှေ့တွင်တော့ ကြောင်ပေါက်ကလေးပမာ လိမ္မာသိမ်မွေ့လျက်ရှိပေသည်။
ဤသည်ကလည်း လူရွယ်၏မြင့်မားသည့်သိုင်းပညာသာမက တည်ကြည်ဖြောင့်မက်သည့်စိတ်နှင့် သူတို့အပေါ်ထားရှိသည့်စေတနာကိုကောင်းစွာနားလည်၍ဖြစ်သည်။
အမှန်တော့ ဝက်ဝံရိုင်းတစ်ဦးထဲမဟုတ်ဘဲ သူတို့အဖွဲ့ရှိလူသုံးဆယ့်ငါးယောက်လုံးက လူရွယ့်ကိုယခင်ခေါင်းဆောင်ထက်ပင်ပို၍ လေးစားကြည်ညိုကြသေးသည်။
ထိုအခိုက် လူရွယ်၏ပြုံးနေသည့်မျက်နှာက တည်ကြည်သွားပြီး သူ၏လူများကိုလက်ကာပြကာပြောလိုက်သည်။
" ခဏလေး တစ်ယောက်ယောက်ရှိနေတယ်...."
လူရွယ်၏စကားကြောင့် ဝက်ဝံရိုင်းနှင့်မြေခွေးနီတို့လည်း အမူအယာပြောင်းလဲသွားပြီးဘေးပတ်ဝန်းကျင်ကိုအလျှင်အမြန်စူးစမ်းလိုက်သည်။
ကျန်ရှိနေသည့်လူများကားသိုင်းပညာထိပ်တန်းအဆင့်သာရှိရာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို မရိပ်မိကြဘဲ သူတို့ခေါင်းဆောင်များကိုသာ ကြည့်ရှုနေကြသည်။
ရုတ်တရက် လူရွယ်၏ခန္တာကိုယ်က မြင်းပေါ်မှ ရိပ်ခနဲပြေးထွက်သွားကာ လမ်း၏ညာဘက်ခြမ်းရှိခြုံပုတ်တစ်ခုဆီသို့လျှင်မြန်စွာတိုးဝင်သွားလေသည်။
သူ၏နောက်ကျောမှဓားကလည်း လျှပ်ပြက်သလိုထွက်ပေါ်လာပြီးလူရွယ်၏လက်ထဲသို့ရောက်ရှိနေပေသည်။
" ဘယ်သူလဲ ထွက်ခဲ့ပါမိတ်ဆွေ...."
လူရွယ်၏စကားကိုကြားသော်လည်း ခြုံထဲမှလူက တုန့်ပြန်ခြင်းမပြုပေ။
သို့သော် ခြုံထဲမှ တိုးဖျော့သည့်အသက်ရှူသံကိုကြားနေရပြီး ထိုအတွက်ကြောင့်လည်း တစ်စုံတစ်ယောက်ရှိနေသည်ကိုရိပ်စားမိခဲ့ခြင်းဖြစ်သည်။
အချိန်အနည်းငယ်ကြာအောင်စောင့်ဆိုင်းပြီးနောက် ခြုံထဲမှလူကလှုပ်ရှားခြင်းမရှိ၍လူရွယ်လည်းမျက်မှောင်ကြုတ်လိုက်မိသည်။
ဝက်ဝံရိုင်း ၊ မြေခွေးနီတို့အပြင် ကျန်ထိပ်တန်းသိုင်းသမားငါးယောက်ပါသူ၏အနီးသို့ရောက်ရှိနေကြပြီဖြစ်ပြီး မြေခွေးနီက ခပ်တိုးတိုးပြောလိုက်သည်။
" ခေါင်းဆောင်...."
မြေခွေးနီက နာမည်နှင့်လိုက်အောင် သတိကြီးကာပါးနပ်ပြီး လက်ထဲတွင်လက်နက်ပုန်းတစ်ဆုပ်ကိုအဆင်သင့်ဆုပ်ကိုင်ထားကာ လူရွယ်၏သဘောကိုတောင်းခံလိုက်ခြင်းဖြစ်သည်။
သို့သော် လူရွယ်ကသူ၏ဦးခေါင်းကိုခါယမ်းပြရင်းပြောလိုပ်သည်။
" မလုပ်နဲ့ ရန်သူမိတ်ဆွေမကွဲပြားသေးဘူး...."
တစ်ဖက်လူက သူတို့ကိုစတင်တိုက်ခိုက်ခြင်းမရှိသေးသလို ယခုလိုမျိုးပုန်းကွယ်နေခြင်းကအနည်းငယ်ထူးဆန်းလှသည်။
ထို့နောက် လူရွယ်လည်းလက်ထဲမှဓားကိုအသင့်အနေအထားဖြင့်ဆုပ်ကိုင်ရင်းခြုံဆီသို့ဖြေးညင်းစွာတိုးကပ်သွားလိုက်သည်။
မြေနီလမ်းမ၏ဘေးဘက်တွင်ဖြစ်သော်လည်းမြက်ရိုင်းရှည်များက လူတစ်ယောက်၏ရင်ဘက်ခန့်မြင့်သည့်အပြင် ထူထပ်သည့်ခြုံနွယ်များကြောင့်လည်း လူတစ်ယောက်ကောင်းစွာပုန်းခိုနေနိုင်သည့်နေရာဖြစ်သည်။
သို့သော် ရှေ့သို့အနည်းငယ်တိုးသွား၍ခြုံထံရှိလူကိုမြင်တွေ့လိုက်သည့်အခါ လူရွယ်၏မျက်ဝန်းများကပြူးကျယ်သွားပြီး သူ၏ခန္တာကိုယ်က ကျောက်ရုပ်တစ်ရုပ်လိုတောင့်တင်းသွားတော့သည်။
" ခေါင်းဆောင် ဘယ်လိုလဲ...."
သူ့လက်အောက်ငယ်သားများ၏မေးခွန်းကိုပြန်မဖြေနိုင်သေးဘဲ လူရွယ်ကစိတ်ဝိညာဉ်ကင်းလွတ်သည့်ပမာ မိန်းမောတွေဝေနေပေသည်။
မြက်ရိုင်းပင်များကြားတွင်လဲကျနေသည်က လွန်စွာလှပသည့်မိန်းမပျိုတစ်ယောက်သာဖြစ်ပြီး အနက်ရောင်ပဝါတစ်ထည်ကာဆီးထားသည့်တိုင် သူမ၏ပြိုင်ဘက်ကင်းသည့်မျက်နှာပုံရိပ်ကလေးကိုတွေ့မြင်နိုင်သည်။
အစိမ်းရောင်ဝတ်ရုံရှည်နှင့်ကျောက်စိမ်းလိုဖြူဖွေးသန့်စင်သည့်အသားအရေကလိုက်ဖက်တင့်လှသော်လည်း သူမ၏ကိုယ်ပေါ်တွင် ကြီးမားသည့်ဓားဒဏ်ရာကြီးတစ်ခုရှိနေသည် ။
ထို့အပြင် မိန်းမပျိုလေး၏မျက်နှာကိုဖုံးကွယ်ထားသည့်ပဝါက သွေးများဖြင့်ခြောက်ကပ်နေပြီး အတွင်းဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကာ သွေးများလည်းအန်ထုတ်ထားဟန်တူသည်။
ယခုအခါ မိန်းမပျိုကသတိလစ်မေ့မျော၍ လဲကျနေခြင်းဖြစ်သော်လည်း သူမ၏အလှအပကအနည်းငယ်မှပင်ယုတ်လျော့မသွားဘဲ နတ်သက်ကြွေလာသည့်နတ်ဘုရားမတစ်ပါးလို မြင်တွေ့သူတိုင်း အကာကွယ်ပေးလိုစိတ်များဖြစ်ပေါ်လာမိပေမည်။
&&&
ပန်းတစ်ရာတောင်ကုန်း
တောင်ကုန်းသခင်လီချန်းစိန်၏စံအိမ်
ပုံမှန်ဆိုလျှင် စံအိမ်၏နောက်ဘက်ရှိဆေးဥယျာဉ်က တောင်ကုန်းသခင်နှင့်သခငိမလေးလီချင်းချင်းမှလွဲ၍ မည်သူမှမဝင်ရသည့်တားမြစ်နေရာဖြစ်သည်။
ယခုအချိန်တွင်မူ ဆေးဥယျာဉ်၏အလယ်ရှိသစ်သားစားပွဲဝိုင်းလေးတွင် ဝတ်စုံဖြူဝတ်မိန်းမပျိုတစ်ဦးရှိနေကာ မျက်နှာချင်းဆိုင်ရှိထိုင်ခုံများထက်၌ ခါးကုန်းအဖိုးအိုတစ်ဦးနှင့် ရုပ်ဆိုးဆိုးအဖိုးအိုတစ်ဦးတို့ရှိနေသည်။
သူတို့နှစ်ဦးစလုံးက သိုင်းလောကကိုကိုင်လှုပ်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်ကြသည့်တိုင် ယခုအခါ ခေါင်းချင်းဆိုင်နေပြီး နဖူးထက်တွင်ချွေးများသီးထနေကြသည်။
စိန်ပွင့်များလိုတဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းနှစ်စုံက အမှောင်ထဲတွင်ပင်မြင်ရမည်ဟုထင်ရသည့်တိုင် ရှေ့တွင်ရှိနေသည့်ကျားကစားကွက်ကို ဖြေရှင်းနိုင်ခြင်းမရှိကြပေ။
သူတို့၏ဘေးတွင် အဖြူရောင်ဝတ်စုံဝတ်လူများစွာက အသင့်အနေအထားဖြင့်ရပ်လျက်ရှိသည်။
တောင်ကုန်းသခင်လီချန်းစိန်နှင့်သူ၏သွေးသောက်ညီအစ်ကိုများဖြစ်သည့် ပညာရှိစံအိမ်သခင်ရှန့်ချင်းမန် ၊ နဂါးနတ်ရဲတိုက်သခင်ပိုင်ဖုန်းလူတို့လည်းရှိနေကာ သိုင်းလောကတစ်ခုလုံးလေးစားရသည့်သိုင်းဝိဇ္ဇာသုံးယောက်က ယခုအခါခပ်ကုတ်ကုတ်ကလေးရှိနေကြသည်။
သူတို့၏အမူအယာက ကြောင်၏ရှေ့တွင်ရောက်ရှိနေသည့်ကြွက်များလိုဖြစ်နေကာ ကျားကစားနေသည့်လူသုံးယောက်ကိုအနှောင့်အယှက်မဖြစ်စေရန် တိတ်ဆိတ်ငြိမ်သက်စွာရှိနေကြသည်။
ပြီးခဲ့သည့်နှစ်ရက်အတွင်း ထိုလူများလုပ်ဆောင်ခဲ့သည့်အရာက သိုင်းလောကတစ်ခုလုံးကို ဂယက်ရိုက်စေကာသူတို့ထင်မှတ်ထားသည် ထက်များစွာကျော်လွန်သွားခဲ့သည်။
မူလက သူတို့အင်အားစုများကိုပေါင်းစည်းကာ သိုင်းလောကတွင်လှုပိရှားမည့်အကြံကိုများစွာစဘောမကျဘဲမိန်းမပျိုလေးကိုမလွန်ဆန်၍သာလုပ်ဆောင်ကြခြင်းဖြစ်သည့်တိုင်ယခုအခါ မကျေနပ်သည့်စိတ်ကလေးပင်ပျောက်ကွယ်သွားချေပြီ ။
အကြောင်းကား မိန်းမပျိုလေး၏ရှေ့ရှိအဖိုးအိုနှစ်ယောက်ထဲမှမည်သူမဆို သူတို့အင်အားစုများကိုလွယ်ကူစွာဖျက်ဆီးနိုင်ကာ နောက်ထပ်ရောက်ရှိလာသည့်လူများကလည်းသိုင်းပညာမြင့်မားသူမျသာဖြစ်၍ပင်။
မူလကရှိနေသည့်အစောင့်အကြပ်နှစ်ယောက်ကား ရှောင်လင်ကျောင်းတော်မှတိုက်ပွဲတွင် လျှို့ဝှက်ပညာ၏ဆိူးကျိုးကြောင့်ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ယခုအချိန်ထိ ကုသမှုခံနေရဆဲဖြစ်သည်။
ထိုနှစ်ယောက်မရှိတော့၍သူတို့၏အင်အားကလျော့ကျမသွားဘဲ နောက်ရောက်လာသူများက ပို၍ပင်အစွမ်းထက်နေကြသေးသည်။
အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူလေးယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ကာ ပူးပေါင်းတိုက်ကွက်ကိုအောင်မြင်စွာလေ့ကျင့်ထားနိုင်ကြသည် ။
ထို့ကြောင့်သူတို့၏တိုက်ပွဲစွမ်းအားက သိုင်းဝိဇ္ဇာနှစ်ယောက်နှင့်ညီမျှကာ နောက်ထပ်သိုင်းဝိဇ္ဇာအဆင့်အဖိုးအိုနှစ်ယောက်လည်းရှိနေသေးသည်။
အဖြူရောင်ဖျင်ကြမ်းဝတ်စုံဝတ်အဖိုးအိုက မိုးနတ်အမှတ်လေးဟုသိရပြီး မိန်းမပျိုလေး၏အင်အားစုမှအစောင့်အရှောက်ဖြစ်သည်။
နောက်ထပ်လူတစ်ယောက်က ဆံပင်များဖြူဖွေးနေသည့်အဖိုးကြီးတစ်ယောက်ဖြစ်ကာ သံမဏိမျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထား၍သူ၏မျက်နှာကိုမမြင်ရသော်လည်း အသက်ရှစ်ဆယ်ကျော်ကိုးဆယ်ခန့်ပင်ရှိနိုင်သည်။
နောက်ကျောတွင်ဓားတစ်လက်ကိုသိုငိးလွယ်ထားကာ အေးစက်တည်ငြိမ်စွာရပ်နေသည့်ထိုအဖိုးအိုက လွန်စွာမှစကားနည်းလှပြီး တစ်ခွန်းမေးလျှင်တစ်ခွန်းသာပြန်ဖြေတတ်သည်။
ထို့အပြင် မိန်းမပျိုနှင့် ခေါင်းဆောင်အဖိုးအိုနှစ်ယောက်မှလွဲ၍မည်သူ့ကိုမှမျက်စေ့ထဲထည့်ထားဟန်မတူပေ။
ကျားကစားနေသညိ့အဖိုးအိုနှစ်ယောက်၏မကြောင်းကိုအထူးမိတ်ဆက်ပေးနေစရာလိုမည်မဟုတ်ပေ။
ခါးကုန်းကုန်းနှင့်ပျင်းရိသည့်အဖိုးအိုက ရှောင်လင်ကျောင်းတော်တွင် သိုင်းဝိဇ္ဇာငါးယောက်ကိုတစ်ကိုယ်တော်ရင်ဆိုင်ခဲ့သည့်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ၏အပြင်ပန်းသွင်ပြင်ကိုကြည့်၍အထင်သေးလျှင်အမှားကြီးမှားသွားပေမည်။
ရုပ်ဆိုးဆိုးအဖိုးအိုတိုက်ခိုက်သည်ကိုသူတိူ့မမြင်ဖူးကြသော်လည်း ထိုအဖိုးအိုက ခါးကုန်းအဖိူးအိုနှင့်တူညီသည့်အဆင့်အတန်းရှိကာ မိန်းမပျိုလေးပင်သူတို့နှစ်ယောက်ကိုလေးစားမှုပြသရပေသည်။
ထို့ကြောင့် ပန်းတစ်ရာတောင်ကုန်းတွင်ရှိနေသည့်လူများက သိုင်းလောကတစ်ခုလုံးကိုခါးစောင်းတင်နိုင်သည့်ပုဂ္ဂိုလ်များဖြစ်ကာ သူတို့၏ရှေ့တွင် အင်အားစုသုံးခု၏ခေါင်းဆောင်များပင်အနည်းငယ် သေးနုတ်သွားပေသည်။
ယခုအခါ သိုင်းပညာလွန်စွာမြင့်မားလှသည့်အဖိုးအိုနှစ်ဦးက ခေါင်းချင်းဆိုင်၍ချွေးဒီးဒီးကျအောင်စဉ်းစားနေသည့်တိုင် မိန်းမပျိုလေးနှင့်ကျားကစားပွဲတွင်အသာစီးမရသေးဘဲဖြစ်နေသည်။
" ဟုတ်ပြီကွ...."
ခါးကုန်းအဖိုးအိုက ဝမ်းသာအားရအော်ဟစ်ရင်း သူ၏မြင်းရုပ်ကိုရှေ့သို့ခုန်တက်လိုက်သည် ။
ဤသို့ဖြင့် မိန်းမပျိုလေးထောင်ချောက်ဆင်ထားသည့်အကွက်ထဲမှလွတ်မြောက်သွားကာ ဘေးနားရှိအရုပ်ဆိုးဆိုးအဖိူးအိုလည်း စိတ်သက်သာရာရစွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုအဖိုးအိုနှစ်ယောက်မှာ သိုင်းလောက၏ထိပ်ဆုံး၌ရပ်တည်နိုင်သည့်လူများပင်ဖြစ်သော်လည်း ဝတ်စုံဖြူဝတ်မိန်းမပျိုလေးနှင့်ကျားကစားရာတွင်တစ်ကြိမ်မှအနိုင်မယူနိုင်ခဲ့ပေ။
အမှန်ပြောရလျှင် ရွေ့ကွက်တစ်ရာမပြည့်မီရှုံးနိမ့်သွားခြင်းဟုဝန်ခံရပေမည်။
ဝတ်စုံဖြူဝတ်မိန်းမပျိုအား ကျားကစားနည်းကိုသင်ပြပေးသူက သူတို့၏သခင်ကြီးဖြစ်သော်လည်း ယခုအခါ သခင်ကြီးကိုယ်တိုင်ပင် သူ၏သမီးကိုပြန်၍အနိုင်မယူနိုင်ရှာပေ။
" အဖိုးမန်က တကယ်တော်တာပဲ ကျဉ်းထဲကြပ်ထဲက ရအောင်ရုန်းထွက်နိုင်တယ်...."
ခါးကုန်းအဖိုးအို၏ရွေ့ကွက်ကြောင့် ဝတ်စုံဖြူဝတ် မိန်းမပျို၏နှုတ်ခမ်းထောင့်စွန်းကအနည်းငယ်တွန့်ကွေးသွားသည် ။
သို့သော်လည်း မွဲခြောက်သည့်သစ်သားမျက်နှာဖုံးက သူမ၏ရုပ်ရည်ကိုဖူံးကွယ်ထားသဖြင့် ပြိုင်ဘက်ကင်းလှပသည့်အပြုံးကလေးကိုမည်သူမှမြင်တွေ့ခွင့်မရရှာပေ။
မိန်းမပျိုလေး၏ချီးကျူးမှုကြောင့်ခါးကုန်းအဖိူးအိုက ဘဝင်ခွေ့သွားပြီး သူ၏ရင်ဘက်ကိုကော့ကာပြောလိုက်သည်။
" သခင်မလေးကလည်းချီးကျူးနေပြန်ပါပြီ....."
&&&