အကဲစမ်းသည်
Vol. 4 Ch. 30
" သခင်မလေးကလည်းချီးကျူးနေပြန်ပါပြီ....."
သူ၏လေသံက နှိမ့်ချဟန်တူသော်လည်း ဝင့်ကြွားသည့်အရိပ်အယောင်များကိုသူ၏မျက်နှာထက်တွင်အထင်းသားတွေ့မြင်နေရဆဲပင်။
ထိုမြင်ကွင်းကိုမနာလိုမရှုစိမ့်ဖြစ်နေသည်ကအရုပ်ဆိုးသည့်အဖိုးအိုသာဖြစ်ပြီး သူ၏နှုတ်ခမ်းကိုမဲ့ရွဲ့ကာပြောလိုက်သည်။
" တော်ကြာရအောင်ပါ....တစ်ကြိမ်မှလည်း နိုင်ဖူးတာမဟုတ်ပဲနဲ့...."
သူ၏စကားကိုခါးကုန်းအဖိုးအိုကအလျော့မပေးဘဲ ပြန်၍နှုတ်လှန်ထိုးလိုက်သည် ။
" အောင်မာ မင်းပါတာဘာအသုံးကျလို့လဲ ငါတစ်ယောက်ထဲစဉ်းစားနေရသလိုပဲ..."
ခါးကုန်းအဖိုးအို၏လှောင်ပြောင်မှုကြောင့် အရုပ်ဆိုးဆိုးအဖိူးအို၏မျက်နှာကတင်းမာခက်ထန်သွားသည်။
" မင်းကရော တစ်ယောက်ထဲဆို ခဏလေးနဲ့ရှုံးတာလေ ငါကူညီပြီးစဉ်းစားပေးလို့မလား ကျေးဇူးကန်းတဲ့ခွေးကောင်...."
" ငါကအမှန်အတိုင်းပြောတာလေ မင်းကရော ဘာဖြစ်ချင်တာလဲ...."
အဖိုးအိုနှစ်ယောက်က ဂုဏ်သိက္ခာကြီးမားသည့်သိုင်းပညာရှင်များသွင်ပြင်မရှိတော့ဘဲ စကားများရန်ဖြစ်ရင်းမှအချင်းချင်းထသတ်တော့မည်ကဲ့သို့ဖြစ်နေကြသည်။
ထိုမြင်ကွင်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူများနှင့်သိုင်းဝိဇ္ဇာအဆင့်လူနှစ်ယောက်လည်း အမူအယာပြောင်းလဲသွားကြသည် ။
ထိုအဖိုးအိုနှစ်ယောက်မှာ ပုံမှန်ဆိုလျှင် သူ၏လက်အောက်မှလူများကိုပင် စကားဆယ်ခွန်းပြည့်အောင်မပြောတတ်သော်လည်း အချင်းချင်းဆုံတွေ့လျှင် ကလေးကြီးများသဖွယ်ငြင်းခုန်ရန်ဖြစ်တတ်ကြသည်။
သူတို့၏အငြင်းပွားမှုကိုဖြေရှင်းနိုင်သည့်လူကလည်း သခင်ကြီးမှအပ နောက်ထပ်တစ်ဦးသာရှိပေသည်။
တစ်ခါတစ်ရံသူတို့၏တိုက်ပွဲက တစ်ရက်နှင့်တစ်ညနီးပါးကြာမြင့်ကာ လက်ရည်တူသိုင်းသမားများဖြစ်၍ အနိုင်အရှုံးခွဲခြားရန်ခက်ခဲလှသည်။
ထိုအဖြစ်ကိုကောင်းစွာသိထား၍ ကျန်လူများ၏အမူအယာက စိုးရိမ်ပူပန်သွားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် သူတို့၏ခန္တာကိုယ်မှအတွင်းအားလှိုင်းများစတင်ထွက်ပေါ်လာကာ အနီးရှိလူများပင်အသက်ရှူကြပ်သလိုခံစားလာမိသည်။
ဤသည်က တိုက်ပွဲမစမီ အားလှိုင်းဖြင့်ယှဉ်ပြိုင်ခြင်းဖြစ်ပြီးသစ်သားစားပွဲပေါ်ရှိ ကျားကွက်နှင့်အရုပ်များမှာ တဆက်ဆက်တုန်ယင်လာလေသည်။
ရုတ်တရက် ဖြူနုသွယ်လျပြီး ကျောက်စိမ်းလိုနူးညံ့ချောမွေ့သည့်လက်ကလေးတစ်စုံက ကျားကွက်ပေါ်သို့ရောက်ရှိလာကာ အဖိုးအိုနှစ်ယောက်၏အတွင်းအားလှိုင်းများကြောင့် လွင့်ထွက်တော့မည့်ကျားကွက်ကိုတည်ငြိမ်စေခဲ့သည်။
" အဖိုးတို့ကလည်း မကြီးမငယ်နဲ့ရန်ဖြစ်နေကြပြန်ပြီ။ တော်ပါတော့ ကျမပဲ ဒီပွဲကိုဖျက်ပါတယ်...."
တေးသီငှက်ကလေး၏သီချင်းဆိုသံထက်ပင်အဆများစွာသာယာသည့်ကြည်လင်ချိုမြသောစကားသံလေးကြောင့် အဖိုးအိုနှစ်ယောက်၏အားလှိုင်းများက တိခနဲပျောက်ကွယ်သွားကြသည်။
သူတို့နှစ်ဦး၏အငြင်းပွားမှုကိုရပ်တန့်နိုင်သည့်ဒုတိယမြောက်လူက ထိုနှစ်ယောက်၏လက်ပေါ်တွင်ကြီးပျင်းလာခဲ့ရပြီး အဖိုးအိုနှစ်ယောက်လုံးသဲသဲလှုပ်ဂရုစိုက်သည့်မိန်းမပျိုလေးသာဖြစ်ပေသည်။
အပေါ်ယံတွင် အဖိုးအိုနှစ်ယောက်က မိန်းမပျိုလေးကို လေးစားရိုသေကြပြီးသူတို့ကိုယ်သူတိုလက်အောက်ငယ်သားအမှုထမ်းများသဖွယ်သဘောထားကြသော်လည်း သူတို့၏ဆက်ဆံရေးက မြေးအဖိုးများအလားပင်ဖြစ်၏။
ယခုလည်း မိန်းမပျိုလေး၏စကားကြောင့် အဖိုးအိုနှစ်ယောက်လုံးမှာ တစ်ယောက်ကိုတစ်ယောက်မကျေမနပ်ပုံစံဖြင့်ကြည့်ကာပြိုင်တူဘေးလှည့်သွားကြသည်။
ကျားပွဲစတင်သည်က တစ်နာရီကျော်ကြာမြင့်နေပြီဖြစ်သည့်တိုင်ရွေ့ကွက်သုံးဆယ်ပြည့်အောင်ပင်မရွေ့ရသေးဘဲ အဖိူးအိုနှစ်ယောက်ရှုံးနိမ့်တော့မည်ကဲ့သို့ဖြစ်နေခြင်းဖြစ်၏။
ထို့ကြောင့် မိန်းမပျိုလည်းအနည်းငယ်ပျင်းရိလာသည့်အတွက် ကျားပွဲကိုဖျက်သိမ်းရန်သဘောတူလိုက်ခြင်းဖြစ်သည် ။
အဖိုးအိုနှစ်ယောက်၏အငြင်းပွားမှုကိုမြင်တွေ့ရခြင်းကလည်း ပျင်းစရာမကောင်းဘဲ မိန်းမပျိုလေး၏ တောက်ပသည့်မျက်ဝန်းများထဲတွင် ရယ်မြူးသည့်အရိပ်အယောင်များကိုတွေ့နိုင်ပေသည်။
ထို့နောက် ခါးကုန်းကုန်းအဖိုးအိုက တစ်စုံတစ်ခုကို သတိရဟန်ဖြင့်မိန်းမပျိုလေးကိုမေးလိုက်သည်။
" သခင်မလေး ရှောင်လင်ကျောင်းမှာတုန်းက ဘာဖြစ်လို့သူတို့အင်အားကိုစမ်းသပ်ခဲ့တာလဲ ... သခင်မလေးက အင်အားစုအသစ်တည်ထောင်တာ သူတို့နဲ့မှမဆိုင်တာ....."
ခါးကုန်းအဖိုးအို၏မေးခွန်းကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများကပို၍တောက်ပလာပြီး ဖြေးညင်းစွာပြန်ဖြေလိုက်သည်။
" သိုင်းလောကရဲ့ဥလျှောင်လို့တင်စားကြတဲ့ရှောင်လင်ရဲ့အင်အားအစစ်အမှန်ကိုသိချင်လို့ဆိုပါတော့။
အခုလက်ရှိသိုင်းလောကထဲမှာရှိနေတဲ့ထိပ်တန်းအင်အားစုအတော်များများက သာမန်ပဲဖြစ်နေပြီး အခြေခံအုတ်မြစ်ခိုင်မာပြီးတကယ်အားကောင်းတာလက်ချိုးရေလို့ရနိုင်တယ်။
ဒါကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ခေါင်းဆောင်လို့သက်မှတ်ခံရတဲ့ရှောင်လင်ရဲ့အင်အားကိုစမ်းသပ်ကြည့်တာပေါ့ ..."
မိန်းမပျိုလေး၏လေသံက ပေါ့ပေါးပါးပါးရှိလှပြီး သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်သွားစေသည့်အဖြစ်အပျက်က သူမအတွက်စမ်းသပ်မှုလေးတစ်ခုသာဖြစ်ပေသည်။
သူ၏အဖြေကြောင့် အင်အားစုသုံးခု၏ခေါင်းဆောင်သုံးယောက်က အံ့ဩတကြီးဖြစ်သွားကြသော်လည်း အဖိုးအိုနှစ်ယောက်ကမည်သို့မှထူးခြားဟန်မပြဘဲ အရုပ်ဆိုးဆိုးအဖိုးအိုကခေါင်းညိမ့်ကာပြောလိုက်သည်။
" ဟုတ်တယ် လောဟန်အဆောင်မှူးက သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိပြီးတော့ သိုင်းဝိဇ္ဇာအလယ်အဆင့်သုံးယောက်နဲ့ သိုင်းဝိဇ္ဇာအစောပိုင်းအဆင့်သုံးယောက်လည်းရှိသေးတယ်။
ဒီအင်အားနဲ့ဆိုရင် သိုင်းလောကရဲ့အင်အားအကြီးဆုံးဂိုဏ်းလို့တကယ်ပဲသက်မှတ်နိုင်တယ်။
ပြီးတော့ ပိဍိကတ်အဆောင်မှူးရဲ့သိုင်းပညာဆိုရင်ကျုပ်တို့ထက်မသာရင်တောင် လုံးဝမနိမ့်ကျဘူး ။ဒီလိုလူတစ်ယောက်က ဘာဖြစ်လို့နာမည်မကျော်ရတာလဲမသိဘူး...."
အရုပ်ဆိုးဆိုးအဖိုးအို၏လေသံက တည်ကြည်လေးနက်နေပြီး ရှောင်လင်ကျောင်းတော်၏အင်အားက သူတို့မျှော်လင့်ထားသည်ထက်ပို၍သာလွန်နေ၍ အံ့အားသင့်မိခဲ့သည်။
ခါးကုန်းအဖိုးအိုကလည်း ဝင်ပြောလိုက်သည်။
" စမ်းသက်မှုရဲ့ ရလာဒ်အရ သူတို့ရဲ့အင်အားက သိပ်တော့မဆိူးပါဘူး ။ ကျောင်းထိုင်ဆရာတော်ကြီးမရှိတော့တာတောင် အစွမ်းထက်ပညာရှင်တွေရှိနေသေးတယ် ။
ဘာလို့များလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက နှင်းငွေ့မိစ္ဆာသခင်ဆိုတဲ့လူကို ထောင်လွှားခွင့်ပေးခဲ့တာလဲမသိဘူး...."
အဖိုးအိုနှစ်ယောက်၏မေးခွန်းများကြောင့် မိန်းမပျိုလေး၏မျက်လုံးများက ပြုံးယောင်သမ်းသွားပြီး တစ်လုံးချင်းပြောလိုက်သည်။
" အဲဒါက မာန်မာနကြောင့်ပေါ့...."
" ဘယ်လို...."
မိန်းမပျိုလေး၏အဖြေကို အဖိုးအိုနှစ်ယောက်လုံးနားမလည်ဘဲဖြစ်နေကြစဉ် သူမကဆက်၍ရှင်းပြလိုက်သည်။
" ဟုတ်တယ် ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်ဦးကနေစပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းက အင်အားအတောင့်တင်းဆုံးနဲ့အစွမ်းအထက်ဆုံးဆိုတော့ သိုင်းလောကရဲ့ဦးစီးဦးဆောင်နေရာကိုအလိုလိုရောက်လာကြတယ် ။
ဒါကြောင့်လည်းမသိလိုက်မသိဘာသာပဲ သူတို့စိတ်ထဲမှာ တခြားလူတွေထက်ပိုပြီးသာလွန်တယ်။ သိုင်းလောကရဲ့ညီညွတ်ရေး ၊ တရားမျှတရေးကို ငါတို့ထိမ်းညိပေးနိုင်တယ်ဆိုတဲ့အတွေးတွေဝင်လာကြမှာပဲ။
ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်ကနေစပြီးအခုထိ သိုင်းလောကပျက်စီးမယ့်အရေးတွေအများကြီးကြုံဖူးခဲ့ပေမယ့် သူတို့ကဘယ်တုန်းကအချိန်မီဝင်တားနိုင်ခဲ့လို့လဲ။
ဘယ်တော့မဆို တစ်ဖက်လူကိုအထင်သေးပြီး သူတို့ကိုယ်သူတို့လှုပ်ရှားဖို့မထိုက်တန်ဘူးလို့ပဲတွေးထားကြတာ။
ဒါကြောင့် နှင်းငွ့မိစ္ဆာသခင်ကိုလည်းကြီးထွားခွင့်ပေးလိုက်သလိုဖြစ်ပြီး သိုင်းလောကတစ်ခုလုံးကိုသိမ်းပိုက်လုဆဲဆဲအခြေအနေထိရောက်ခဲ့တာပေါ့။
သူတို့နေရာမှာသာ ကျမဆိုရင်တော့ ဘယ်လိုအင်အားစုမျိုး၊ လူမျိုးကိုမဆို သိုင်းလောကကိုချိန်းခြောက်လာရင် အမြစ်ကနေဆွဲနုတ်ပစ်သင့်တယ်..."
မိန်းမပျိုလေး၏လေသံက ကြည်လင်ချိုသာဆဲဖြစ်သော်လည်း လွန်စွာမှတည်ငြိမ်ပြက်သားလျက်ရှိသည်။
ယခုအချိန်တွင် သူမ၏ခန္တာကိုယ်မှအုပ်ချုပ်သူတစ်ဦး၏လွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါများထွက်ပေါ်နေကာ အနီးရှိလူများပင် မိန်းမပျိုလေးကို စူးစိုက်မကြည့်ဝံ့ဘဲဖြစ်သွားကြ၏။
သူမ၏အဖြေကို အဖိုးအိုနှစ်ယောက်လုံးက သဘောအကျကြီးကျသွားကြသည်။
" သခင်မလေးလိုစိတ်မျိုးနဲ့ဉာဏ်ရည်မျိူးနဲ့ ခေါင်းဆောင်သာရှိရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းက အခုချိန်လောက်ဆို ဟိုအင်အားစုကြီးလေးခုလိုမျိုးတိုးတက်နေလောက်ရောပေါ့... သူတို့ရဲ့အခြေခံအုတ်မြစ်ကနည်းမှမနည်းတာ...."
" အေးကွ....သူတို့က သူတို့ကိုယ်သူတို့မှန်ကန်ဖြောင့်မက်ပြီးမတရားတာမလုပ်ဘူးလို့ကြွေးကျော်ထားကြပြီး သူတို့ရဲ့စည်းတွေဘောင်တွေအတွင်းမှာပြန်ပိတ်နေတာပဲ။
အခုတောင် သိုင်းမဟာမိတ်နဲ့မိစ္ဆာဝိညာဉ်ဆိုတဲ့ပါတီပါချက်အင်အားစုလေးတွေသိုငိးလောကကိုလွှမ်းမိုးနေတာသာကြည့်တော့...."
ယခုအခါအဖိုးအိုနှစ်ယောက်က ပြန်၍အတိုင်အဖောက်ညီနေကြပြီဖြစ်ကာ မိန်းမပျိုလေး၏အကြောင်းကိုကောင်းစွာသိရှိထားသည့်အတွက်လည်း သူမအနေဖြင့်အရာအားလုံးကိုလုပ်ဆောင်နိုင်စွမ်းရှိကြောင်းသိရှိကြပေသည်။
အဖိုးအိုနှစ်ယောက်၏စကားအဆုံး၌ မိန်းမပျိုလေးက အဝေးသို့ငေးရင်းတစ်စုံတစ်ခုကိုကြိုတင်မြင်ယောင်နေသည့်အလား လေးနက်စွာပြောလိုက်သည်။
" အခုလည်း ကျမတို့ရဲ့အင်အားကိုသူတို့အနည်းနဲ့အများသိသွားတာတောင်မှ ဘာမှလှုပ်ရှားဦးမှာမဟုတ်ဘူး ။
သူတို့ရဲ့ထုံးစံအတိုင်း ဆက်ပြီးစောင့်ကြည့်နေကြပြီးတော့ ထိမ်းမနိုင်သိမ်းမရအခြေအနေကိုရောက်မှ အချင်းချင်းမဟာမိတ်ဖွဲ့ကြလိမ့်မယ်။
ဒီ့မတိုင်ခင်မှာ သိုင်းလောကရဲ့အုပ်စိုးသူတွေဆိုတဲ့ မိစ္ဆာဝိညာဉ်နဲ့ သိုင်းမဟာမိတ်ထက်ပိုပြီးသာအောင်လုပ်ဆောင်ကြတာပေါ့...."
လက်ရှိသိုင်းလောက၏လွှမ်းမိုးသူများဖြစ်သည့်အဖွဲ့အစည်းနှစ်ခုက မိန်းမပျိုလေး၏မျက်စေ့ထဲတွင်တော့ဘာမဟုတ်သည့်အင်အားစုလေးနှစ်ခုသာဖြစ်ပေသည်။
ထိုစကားများကိုနားထောင်နေကြရင်းမှ ခေါင်းဆောင်သုံးယောက်လည်း အံ့ဩတုန်လှုပ်စွာဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထိုမိန်းကလေးက သူတို့အင်အားစုသုံးခုကိုအခြေခံကာ သိုင်းလောက၏အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုကိုတည်ထောင်လိုခြင်းဖြစ်ပေသည်။
သို့သော် သူမ၏စကားများကို သူတို့အနေဖြင့် ချွင်းချက်မရှိယုံကြည်ကြပေသညိ။
မကြောင်းကား မိန်းမပျိုလေး၏ကြီးမားသည့်ရည်မှန်းချက် ၊ ထက်မြက်သည့်ဉာဏ်ရည်ဉာဏ်သွေး ၊ ကြောက်စရာကောင်းလှသည့်နောက်ခံအင်အားတို့က သူမအလိုရှိသမျှကိုဖြစ်မြောက်နိုင်သည့်အဆင့်ရှိ၍ဖြစ်သည် ။
ထို့ကြောင့်များမကြာမီအချိန်အတွင်းသိုင်းလောကကိုလွှမ်းမိုးနိုင်စွမ်းရှိသည့်တတိယမြောက်အဖွဲ့အစည်းတစ်ခုထွက်ပေါ်လာမည်က အသေအချာဖြစ်ပြီး သည့်မတိုင်မီတွင်လည်း ကသောင်းကနင်းဖြစ်ရပ်များက စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။
&&&