နိမ့်ကျသည့်ဘဝများ
Vol. 4 Ch. 33
မုယန်မြို့
မြို့ကြီးတစ်မြို့ဟုဆိုနိုင်သည့်မုယန်မြို့မှာ အရှေ့ပိုင်းဒေသအတွင်းတည်ရှိပြီး ပြည်နယ်၏အရေးပါသည့်မြို့ကြီးတစ်ခုလည်းဖြစ်ပေသည်။
ကူးသန်းရောင်းဝယ်ရေးကိုအဓိကထားလုပ်ကိုင်ပြီး ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်မုယန်မြို့မှာ စည်ကားသိုက်မြိုက်ပြီးလူဝင်လူထွကလည်းပေါများလှသည်။
ထိုနည်းတူစွာ မြို့၏လမ်းကြိုလမ်းကြားများ၊ အိမ်ကြိုအိမ်ကြားများသာမက လူစည်ကားသည့်လမ်းမများထက်တွင် ခွက်တစ်လုံးနှင့်တောင်းရမ်းစားသောက်နေသည့် သူဖုန်းစားများကိုတွေ့မြင်နိုင်ပေမည်။
စားသောက်ဆိုင်များ တည်းခိုခန်းများ၏အနီးတွင် သူတို့ရှိတတ်သလို မြစ်ဆိပ်နှင့် မြို့ဝင်ပေါက်အနီးတွင်လည်း သူတိူ့ကိုတွေ့ရတက်သည်။
ဤသည်က စည်ကားသည့်မြို့တစ်ခု၏မထူးခြားသောအလေ့အထတစ်ခုသာဖြစ်ပြီး သနားစရာကောင်းစွာပြောဆိုတောင်းရမ်းနေကြသည့်ထိုလူများမှာ လူနေမှုအဆင့်အတန်း၏အောက်ဆုံးအလွှာတွင်ရှိကြပေသည်။
မြို့၏အရှေ့ဘက်လူနေကျဲပါးသည့်နေရာတွင် ခြံဝန်းဟောင်းများ၊ အိုဟောင်းစုတ်ပြတ်နေသည့်အိမ်စုတ်များသာရှိလေသည်။
သေးငယ်ကျဥ်းမြောင်းသည့် လမ်းကြားများထဲတွင် ညစ်ပတ်နံဆော်နေသလို ပိုင်ရှင်မဲ့သည့်ခြံဝန်းများတွင် ကျူးကျော်နေထိုင်သူများလည်းရှိကြသည်။
ထိုလူများကား မုယန်မြို့၏သူဖုန်းစားများဖြစ်ကြသည်ကို အထူးပြောဆိုစရာလိုမည်မဟုတ်ပေ။
သူတို့၏လုပ်ရပ်ကဥပဒေနှင့်မညီညွတ်သော်လည်း လူမနေသည့်အိမ်ဝန်းဟောင်းများတွင်နေထိုင်ကြခြင်းဖြစ်၍ အာဏာပိုင်များလည်းအလုပ်ရှုပ်ခံဖြေရှင်းမနေကြတော့ဘဲ မျက်နှာလွှဲထားလိုက်ကြသည်။
သူတို့ထံတွင်လည်း အရေးကြီးသည့်လုပ်စရာကိစ္စများစွာရှိနေသည်မဟုတ်ပါလား။
ဤသို့ဖြင့်မုယန်မြို့၏အရှေ့ဘက်အစွန်အဖျားနေရာများမှာ သူဖုန်းစားရက်ကွက်တစ်ခုဖြစ်မှန်းမသိဖြစ်ခဲ့ရသည့်အပြင် လူဆိုးသူခိုးများ၊ လူမိုက်များခိုအောင်းရာနေရာတစ်ခုလညါးဖြစ်လာသည်။
ထိုသို့သောနေရာမျိုးကို သာမန်လူတို့မသွားဝံ့ကြဘဲ သူတို့အနေဖြင့်တစ်ကိုယ်ထဲမဆိုထားနှင့် လူနှစ်ယောက်သုံးယောက်ခန့်ရှိလျှင်ပင် မဝင်ရောက်ဝံ့ကြပေ။
အကြောင်းကား ထိုလမ်းကြားများသို့ဝင်ရောက်သွားပါက ရိုက်နှက်ခံရပြီးပိုင်ဆိုင်သမျှလုယူခြင်းကိုခံရမည့်အပြင်တစ်ခါတစ်ရံကိုယ်ပေါ်မှအဝတ်အစားများကိူပင်ချွတ်ယူခံရလေ့ရှိ၍ဖြစ်သည် ။
မြို့၏လမ်းမများထက်တွင် မျက်နှာအောက်ချတောင်းရမ်းနေသူများက သူတို့၏နယ်မြေထဲတွင် သားရဲများလိုဖြစ်သားကြသည့်အပြင် ကြောက်စရာကောင်းသည့်လူဆိုးများလည်းရှိနေသည်မဟုတ်ပါလား။
ထို့ကြောင့် မုယန်မြို့၏မြို့နေလူထုနှင့် အကြောင်းသိတို့က မြို့အရှေ့ပိုင်းသူဖုန်းစားရပ်ကွက်ဆိုလျှင် ဝေးဝေးရှောင်လေ့ရှိကြသည်။
ယနေ့နံနက်တွင်ကား သူဖုန်းစားရပ်ကွက်အတွင်းသို့ ထူးခြားသည့်လူတစ်ယောက်ဝင်ရောက်လာပေသည်။
အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားပြီး ချောမောခန့်ညားသည့်ထိုလူငယ်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိပေမည်။
နောက်ကျောတွင်အဝတ်ထုပ်တစ်ထုပ်ကိုသိုင်းလွယ်ထားကာ ခါးတွင်ကျောက်စိမ်းပုလွေတစ်ချောင်းကိုထိုးထားသည့်လူငယ်၏သွင်ပြင်က အထက်တန်းလွှာမိသားစုမှပေါက်ဖွားလာသူတစ်ဦးဖြစ်နိုင်ပြီး ဤရက်ကွက်ရှိလူများ၏အခေါ်အဝေါ်အရဆိုလျှင် ဆူဖြိုးသည့်သိုးတစ်ကောင်သာဖြစ်သည်။
လမ်းတစ်လျှောက်တွင် ပိန်လှီခြောက်ကပ်၍ညစ်ပတ်စုတ်ပြတ်နေသည့်လူများကသန့်ပြန့်ချောမောနေသည့်လူငယ့်ကို မနာလိုအားကျသည့်အကြည့် ၊ ဒေါသထွက်မုန်းတီးသည့်အကြည့်များဖြင့်ကြည့်ရှုနေကြပြီး သူတိူ့မရှိနိုင်သည်ဘဝမျိုးတွင်နေထိုင်ရသူတို့ကိုအလိုလိုကြည့်မရသည်က ထိုလူများ၏ဗီဇသာဖြစ်သည်။
" ဟူး....ထင်ထားတာထက်အများကြီးပိုဆိုးနေတာပဲ...."
လူငယ်ပတ်တ်ဝန်းကျင်မှစူးရဲသည့်အကြည့်များကိုမသိကျေးကျွန်ပြုရင်းတစ်ကိုယ်တည်းရေရွတ်လိုက်သည်။
မုယန်မြို့၏သူဖုန်းစားရက်ကွက်က မကောင်းသတင်းဖြင့်ကျော်ကြားနေသော်လည်း ကိုယ်တိုင်ရောက်ရှိလာမှ ထင်ထားသည်ထက်ပိုနေကြောင်းသိလိုက်ရသည် ။
ဤနေရာသို့ဝင်ရောက်လာချိန်မှစ၍ လူကောင်းသူကောင်းနှင့်နည်းနည်းကလေးဆင်တူသည့်လူများကိုပင်မတွေ့ရဘဲ သူတွေ့မြင်ရသည့်အများစုက အသက်ရှင်သန်ရေးအတွက်ဘာမဆိုလုပ်ဆောင်မည့်လူများသာဖြစ်သည်။
ထိုလူများမှာ လူငယ်၏ကိုယ်ပေါ်တွင်ပါလာနိုင်မည့်တန်ဖိုးကြီးပစ္စည်းများကိုစိတ်ကူးယဉ်နေကြဟန်တူသော်လည်းမည်သူမှမလှုပ်ရှားကြသေးပေ။
အကြောင်းကား အစောပိုင်းကပင် လူငယ်၏လက်ချက်ဖြင့် ရက်ကွက်၏ဆိုးသွမ်းသည့်လူနှစ်ယောက်အလွယ်တကူအမှောက်သိပ်ခံလိုက်ရသည်ကိုမျက်မြင်တွေ့ရှိပြီးဖြစ်၍ မည်သူမှထပ်မံမတိုက်ခိုက်ဝံ့ခြင်းဖြစ်သည်။
လူငယ်လည်း ယခုအချိန်ထိသူရှာဖွေနေသည့်လူများကိုမတွေ့သေး၍ အနည်းငယ်စိတ်ပျက်နေရသည်။
ရုတ်တရက် လမ်းထောင့်တစ်နေရာမှသူ့ကိုချောင်းမြောင်းကြည့်ရှုနေသည့်လူတစ်ယောက်ကိုသတိထားလိုက်မိ၍လူငယ်၏မျက်ခုံးများမြင့်တက်သွားလေသည်။
ထိုလူ့ဆီသို့သွားမည်ပြုစဉ် သူ၏အနီးသို့တစ်စုံတစ်ယောက် ရောက်ရှိလာလေသညမ။
" အစ်ကိုကြီး....ကျေးဇူးပြပြီး သမီးကို ငွေစလေးနည်းနည်းလောက်ပေးလို့ရမလား....သမီးရဲ့ဖိုးဖိုးက နေမကောင်းဖြစ်နေပြီးတော့ မကုသနိုင်ရင် သူသေတော့မှာ....."
သူ၏အင်္ကျီစကိုဆွဲကာ မဝံ့မရဲပြောလိုက်သည့်အသံလေးတစ်သံကြောင့် လူငယ်လည်းသေးသွယ်သည့်ပုံရိပ်ကလေးကိုစူးစိုက်ကြည့်လိုက်မိသည်။
သူ့ဆီသို့ချဥ်းကပ်လာသည့်လူက အသက်ရှစ်နှစ်ကျော်ကိုးနှစ်ခန့်သာရှိမည့်ကလေးမလေးတစ်ဦးဖြစ်ပြီးဂျီးအထပ်ထပ်နှင့် ညစ်ပတ်ပေရေကာ မည်သည့်အရောင်အဆင်းဟူ၍ခွဲခြားမရသောဝတ်စုံဝတ်စုံကိုဝတ်ဆင်ထားပေသည်။
သူမ၏အသက်က ယခုထက်ပို၍ကြီးနိုင်သော်လည်း အာဟာရမပြည့်ဝ၍ပိန်လှီနေသည့်ခန္တာကိုယ်လေးက လေတိုက်လျှင်ပင်လဲကျတော့မတတ်အားနည်းနေကာ ရှုပ်ပွနေသည့်ဆံပင်များကိုခပ်တိုတိုဖြတ်ထား၍ကောင်လေးတစ်ယောက်နှင့်ပင်အထင်မှားနိုင်သည်။
သို့သော်ကလေးမလေး၏မျက်ဝန်းအစုံက ထူးထူးခြားခြားကြည်လင်တောက်ပလျက်ရှိသည်ကိုတွေ့မြင်နိုင်ကာ မပြောင်ရောင်သည့်အရေအရောင်နှင့်မလိုက်ဖက်စွာ သူမ၏မျက်ဝန်းများက လှပလှသည်။
သို့သော် ယခုအခါထိုမျက်ဝန်းများထဲတွင် ညှိုးငယ်ဝမ်းနည်းမှု ၊ စိတ်အားငယ်မှုနှင့် စိုးရိမ်ကြောက်လန်စိတ်များရောယှက်နေသည်ကိုတွေ့ရပေသည်။
ကလေးမလေးက သူမ၏ညစ်ပတ်နေသည့်လက်အစုံကြောင့် လူငယ်၏အဖြူရောင်ဝတ်စုံစွန်းထင်းသွားသည်ကိုမြင်လိုက်သည့်အခါ အလျှင်အမြန်ပင် လက်ကိုပြန်ရုတ်လိုက်မိသည်။
ထို့နောက် လူငယ်ဒေါသထွက်မည်ကိုစိုးရွံ့ကာ မော့ကြည့်လိုက်သော်လည်း သူမကိုပြုံး၍ကြည့်နေသည့်လူငယ်၏ချောမောသည့်မျက်နှာကိုမြင်လိုက်ရသည်။
" မင်းရဲ့နာမည်ကဘယ်သူလဲ ကလေးမ...."
လူငယ်၏အသံက အေးဆေးနူးညံ့ပြီး သူ၏အကြည့်များကလည်းနွေးထွေးလှပေသည်။
သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့်လောကဓံကိုခါးစည်းခံခဲ့ရပြီးမကောင်းသည့်လူများစွာကိုတွေ့မြင်ဖူးခဲ့သည့်ကလေးမလေးက လူငယ့်ကိုလည်းမယုံကြည်ဝံ့ပေ။
သူမယခုအချိန်ထိရှင်သန်နိုင်ခြင်းက အဖိုးဖြစ်သူ၏အကာအကွယ်ကြောင့်အပြင် အရွယ်မရောက်သေး၍ဖြစ်ကြောင်းလည်းကောင်းစွာသဘောပေါက်ပေသည် ။
သို့မဟုတ်ပါက အသားစားကြူးသည့်ဘီလူများ၏လက်မှမည်သည့်နည်းနှင့်မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် သူမအတွက် နောက်ဆုံးသောမျှော်လင့်ရာက ကြင်နာတတ်၏န်တူသည့်ထိုလူငယ်သာဖြစ်၍ မိန်းမငယ်လေးလည်း အားတင်းကာ လူငယ်၏ရှေ့တွင် ဒူးထောက်ထိုင်ချကာ ပြောလိုက်သည်။
" အစ်ကိုကြီး ကျေးဇူးပြုပြီး ယွီယွီ့အဖိုးကိုကယ်ပေးပါ ။ အဖိုးက အရမ်းနေမကောင်းဖြစ်ပြီး ကုသဖို့လိုအပ်နေတယ်။
ပြီးရင် ပြီးရင် ယွီယွီ့ကို အစေခံတစ်ယောက်လိုခိုင်းစေနိုင်ပါတယ်...."
ကလေးမလေး၏အသံက အနည်းငယ်တိုးသွားပြီး မျက်ရည်ဝိုင်းလာသော်လည်း သူမ၏မျက်ဝန်းလေးထဲတွင် မျှော်လင့်တောင့်တသည့်အရိပ်အယောင်များရှိနေသည်။
လူငယ်လည်း ကလေးမလေး၏အပြုအမူကိုမျှော်လင့်မထားမိ၍ အံ့အားသင့်သွားပြီးကလေးမလေးကိုအလျှင်အမြန်ဆွဲထူလိုက်လေသည်။
ဤနေရာရှိလူအားလုံးနည်းပါးက မကောင်းသည့်လူများဖြစ်သော်လည်း ယခုလိုသနားစရာကောင်းသည့်လူများလည်းကျန်ရှိနေသေးသည်ကိုသူသတိပြုလိုက်မိသည်။
ကလေးမလေး၏ပုံစံက မျှော်လင့်ချက်အနည်းငယ်ဖြင့်သူ့ကိုအကူအညီတောင်းဟန်တူသော်လည်း သူမ၏ဝမ်းနည်းအားငယ်မှုနှင့် ကြောက်လန့်မှုကို သူကောင်းစွာခံစားမိပေသည်။
ထို့ကြောင့်လည်း လာရင်းကိစ္စကို ခေတ္တဘေးချိတ်ကာ ညင်သာစွာပြောလိုက်သည်။
" ထပါ....မင်းရဲ့အဖိုးရှိတဲ့နေရာကိုပြော အစ်ကိုက ဆေးပညာကိုနည်းနည်းနားလည်တော့သူ့ကိုကြည့်ပေးနိုင်မယ်နဲ့တူတယ်...."
လူငယ်၏တည်ကြည်သည့်အမူအယာကြောင့် ကလေးမလေး၏ပုံစံက လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ ကြက်တူရွေးအစာကောက်သလို အထပ်ထပ်ခေါင်းညိမ့်ကာပြောလိုက်သည်။
" အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် ယွီယွီနဲ့လိုက်ခဲ့ပါ ...."
ကလေးမလေးက ပြောပြောဆိုဆိုဖြင့် လူငယ်၏လက်ကိုဆွဲကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
သူတို့နှစ်ယောက်ထွက်ခွာသွားပြီးနောက် အချိန်အနည်းငယ်ကြာသည့်အခါ ထိုနေရာသို့လူတစ်စုရောက်ရှိလာသည်။
သူတို့၏ပုံစံက ထူးမခြားနားစွာ စုတ်ပြတ်ညစ်ပေနေကြသော်လည်း သန်မာထွားကြိုင်းသူများဖြစ်ကြပြီး သံတုတ် ၊ သစ်သားတင်းပုတ်စသည့်လက်နက်များကိုကိုင်ဆောင်ထားကြပေသည်။
ထိုလူစုကိုမြင်သည်နှင့် လမ်းထောင့်တွင်ပုန်းအောင်းနေသည့် ပိန်ပိန်ပါးပါးလူတစ်ယောက်က သူတို့အနီးသို့အလျှင်အမြန်ရောက်ရှိလာသည်။
" ကြွက်ကြီး ဟိုကောင်ဘယ်ရောက်သွားလဲ...."
လူစု၏ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူကြီး၏စကားကြောင့်ကြွက်ကြီးဆိုသည့်ပိန်ပိန်ပါးပါးလူကအရပ်မျက်နှာတစ်ခုကိုညွန်ပြကာပြောလိုက်သည်။
" သူအခုပဲ ချင်းယွီဆိုတဲ့ကလေးမနဲ့ပါသွားတယ်...."'
&&&
လမ်းကြားတစ်နေရာရှိ သေးငယ်ကျဉ်းမြောင်းနေသည့်ခြံဝန်းလေး.....
သူဖုန်းစားရက်ကွက်၏အစွန်ဘက်တွင်ရှိသည့်ထိုခြံဝန်းမှာ လွန်စွာရိုးရှင်းလှပြီး ခြံဝန်းအလယ်ရှိအိမ်ဟုပင်မဆိုသာသည့်တဲကုတ်တစ်လုံးသာရှိသည်။
ထိုတဲကုတ်လေးက ယွီယွီဆိုသည့်ကလေးမလေးနှင့်သူမ၏အဖိုးဖြစ်သူတို့နေထိုင်ရာစံနန်းတော်ဖြစ်ပြီး တဲကုတ်ထဲတွင် အဖိုးတန်ပစ္စည်းပစ္စယရှိရန်ဝေးစွ ခနော်နီခနော်နဲ့ ကုတင်အိုနှစ်လုံးနှင့် ခြေထောက်တစ်ချောင်းကျိုးနေသည့်စားပွဲတစ်လုံး၊ ထိုင်ခုံနှစ်လုံးသာရှိသည်။
ဤသည်က သူတို့ချမ်းသာသမျှဥစ္စာအားလုံးဖြစ်ဟန်တူပြီး ကုတင်အိုလေးပေါ်တွင် အသက်ခြောက်ဆယ်ကျော်ခန့်ရှိမည့်အဖိုးအိုတစ်ယောက် လဲလျောင်းလျက်ရှိသည်။
မွဲခြောက်နေသည့်အသားအရေနှင့် အရိုးပေါ်အရေတင်ခန္တာကိုယ်က အစာလုံလောက်စွာမစားရကြောင်းသိသာစေပြီးအဖိုးအို၏ ဆံပင်များက ဆီမထည့်သည်မှာ လွန်စွာကြာမြင့်နေပြီဖြစ်၍ ခြောက်ကပ်လျက်ရှိသည်။
သူ၏မျက်ဝန်းအစုံက မှိန်ဖျော့လက်ရှိကာ အရေးပြားပေါ်တွင်လည်း ပြည်ဖုများစွာပေါက်လျက် အတော်လေးဆိုးရွားသည့်အခြေအနေသို့ရောက်ရှိလျက်ရှိသည်။
စင်စစ် အဖိုးအိုက အသက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်ကာ လူ့လောကကြီးကိုနှုတ်ဆက်လက်ပြသွားလေပြီ။
ကုတင်ဘေးတွင်မူ ပိန်ကပ်ကပ်နှင့်ကလေးမလေးက ဒူးထောက်ထိုင်နေပြီး သူမအဖိုး၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလျက်ရှိသည်။
အသံမထွက်စေရန်အားတင်း၍ကြိုးစားနေသော်လည်း ကလေးမလေး၏ခန္တာကိူယ်လေးက အဆက်မပြက်တုန်ရီနေပြီး ရှိုက်သံသဲ့သဲ့ထွက်ပေါ်လျက်ရှိသည်။
" သူဆုံးသွားပြီ....."
&&&