သေသင့်သူ
Vol. 4 Ch. 35
အဆင့်မြင့်သိုင်းသမားတစ်ယောက်၏မာန်မာနမရှိဘဲ ဖိနပ်လျှပ်သည့်ခွေးတစ်ကောင်လိုပြုမူနေသည်ထိုလူကြောင့် လူငယ်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် တဲကုတ်ကလေးအတွင်းမှသေးငယ်သည့်လူရိပ်ကလေးတစ်ခုထွက်ပေါ်လာကာ မုန်းတီးနာကျည်းမှုများပြည့်နှက်နေသည့်စကားသံကိုလည်းကြားလိုက်ရသည်။
" အစ်ကိုကြီး သူ့ကို သတ်ပစ်လိုက်ပါ...."
ထိုလူ၏စကားသံကြောင့်လူငယ်၏မျက်နှာက ပြောင်းလဲသွားလေသည်။
အသံပိုင်ရှင်ကနီရဲနေသည့်မျက်ဝန်းများနှင့် ငိုကြွေးနေသည့်ကလေးမလေးယွီယွီသာဖြစ်ပြီး သူမ၏လက်ထဲတွင် အသွားတုံးနေပြီဖြစ်သည့် မီးဖိုချောင်သုံးဓားတစ်ချောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
မူလက လူရမ်းကားများကြောင့် ကြင်နာတတ်သည့်အစ်ကိုကြီးရိုက်နှက်ခံရလျှင် သူမတတ်စွမ်းသမျှကူညီရန်ရည်ရွယ်ချက်ဖြင့်ထွက်လာခြငိးဖြစ်သော်လည်း အပြင်ဘက်မှမြင်ကွင်းက သူမကိုအံ့အားသင့်သွားစေခဲ့သည်။
လူရမ်းကားရှစ်ယောက်ကိုးယောက်က ပြင်းထန်သည့်ဒဏ်ရာကိုယ်စီဖြင့်လဲကျညဉ်းညူနေကာ သတိမေ့နေသူများပင်ရှိလေသည်။
သူဖုန်းစားရပ်ကွက်၏လူမိုက်ခေါင်းဆောင်သည်လည်း လူငယ်၏ရှေ့တွင် ဒူးထောက်တောင်းပန်နေရကာ ထိုမြင်ကွင်းကလေးမလေးကိုအတော်လေးအံ့အားသင့်သွားစေသည်။
သို့သော် အရွယ်နှင့်မလိုကအောင်ရင့်ကျက်သူပီပီ အခြေအနေကိုချက်ခြင်းနားလည်သဘောပေါက်သွားပြီး သူမ၏မျက်နှာထက်ရှိအမူအယာက ပို၍ပင်အေးစက်တင်းမာလာသည်။
" ယွီယွီ ဘာဖြစ်တာလဲ...."
လူငယ်က ကလေးမလေး၏အငြိုးအတေးများပြည့်နှက်နေသည့်ပုံစံကြောင့် အံ့အားသင့်စွာမေးလိုက်မိ၏။
သူ၏စကားကိုပြန်မဖြေဘဲ ကလေးမလေးက သူတို့၏အနီးသို့လျှင်မြန်စွာရောက်ရှိလာကာ ကျယ်လောင်စွာအော်ဟစ်၍ လူမိုက်ခေါင်းဆောင်၏နောက်ကျောကိုဓားဖြင့်ထိုးစိုက်လိုက်သည်။
" ယား...."
သူမ၏အပြုအမူကြောင့်လူမိုက်ခေါင်းဆောင်၏မျက်နှာထက်တွင်ရက်စက်သည့်အရိပ်တစ်ခုဖြတ်ပြေးသွားသည်။
သူ၏ရှေ့ရှိလူငယ်ကိုမယှဉ်နိုင်၍ ဒူးထောက်အလျော့ပေးနေရသော်လည်းဘာမဟုတ်သည့်ကလေးမလေးတစ်ယောက်စော်ကားသည်ကိုလက်ခံရသည်အထိသူသဘောမကောင်းပေ။
သို့သော် သူ၏ရှေ့တွင်အစွမ်းထက်လှသည့်လူငယ်ရှိနေသေး၍ လူမိုက်ခေါင်းဆောင်လည်းတစ်စုံတစ်ရာမလှုပ်ရှားဝံ့ဘဲ လူငယ်လှုပ်ရှားမည်ကိုသာစောင့်ဆိုင်းလျက်ရှိသည်။
လူမိုက်ခေါင်းဆောင်၏တွက်ဆချက်ကမှန်ကန်ပြီး ကလေးမလေး၏အပြုအမူကြောင့်လူငယ်၏မျက်နှာကွက်ခနဲပျက်သွားပြီးအလျှင်ပမြန်လှုပ်ရှားလိုက်သည်။
အကျိုးဆက်အနေဖြင့်ကလေးမလေး၏လက်ထဲရှိဓားက လူငယ်၏လက်ချောင်းများကြားတွင် ခိုင်မြဲစွာညပ်လျက်ရှိသည် ။
" အစ်ကိုကြီး ဘာဖြစ်လို့လဲ...."
သူမ၏ဓားဖြင့်လူမိုက်ခေါင်းဆောင်ကိုသတ်ဖြတ်ရန်ကြိုးစားခဲ့သည့်တိုင်လူငယ်ကကြားဝင်ဟန့်တားခံ့၍ကလေးမလေးက နားမလည်နိုင်သည့်လေသံဖြင့်မေးလိုက်သည်။
ကလေးမလေး၏မျက်ရည်စများမခြောက်သေးသည့်မျက်နှာကလေးက တင်းမာသည့်အရိပ်အယောင်များထွက်ပေါ်နေသလို အငြိုးအတေးများပြည့်နေသည့်မျက်ဝန်းများထဲ၌ ရှုပ်ထွေးသည့်အရိပ်အယောင်များရှိနေသည်။
ထိုနည်းတူ သူမ၏အပြုအမူကြောင့်လူငယ်လည်းအံ့သြတုန်လှုပ်သွားပြီး ကလေးမလေး၏လက်ထဲမှဓားကိုဆွဲယူကာ အလျှင်အမြန်အော်ဟစ်လိုက်သည်။
" ယွီယွီ နင်ရူးနေလားဘာဖြစ်လို့ သူ့ကိုသတ်ချင်နေရတာလဲ...."
လူငယ်၏စိတ်ကမည်မျှတည်ငြိမ်ပါစေ အသက်ရှစ်နှစ်ကိုးနှစ်သာရှိမည့်ကလေးမလေးက လူတစ်ယောက်ကိုသတ်ဖြတ်ရန်ကြိုးစားနေသည်ကို မယုံကြည်နိုင်ဘဲဖြစ်နေသည်။
သူ၏မေးခွန်းကြောင့် ကလေးမလေး၏မျက်နှာက ပို၍တင်းမာလာပြီး လူငယ်၏နောက်တွင်ရှိသည့် လူမိုက်ခေါင်းဆောင်ကို လက်ညိုးထိုးကာပြောလိုက်သည်။
" သူကလူသတ်သမားပဲအစ်ကိုကြီး....သမီးအဖိူးကို သူသတ်ပစ်တာ...."
ကလေးမလေးက ပြောရင်းမှ ဝမ်းနည်းဒေါသထွက်လာဟန်တူပြီးမျက်ရည်များအဆက်မပြက်ကျဆင်းလာကာ အော်ဟစ်လိုက်သည်။
" သမီးအဖိူးအိုကုသဖို့ သမီးတစ်နေကုန်အစာမစားဘဲ မြို့ထဲကတောင်းရမ်းရသမျှကိုကိုစုဆောင်းထားခဲ့တယ်။
ဒါပေမယ့် ဒီလူက အကုန်လုံးကိုအနိုင်ကျင့်ပြီးယူသွားခဲ့တယ်။ သူ့ကြောင့် သမားတော်ပြစရာငွေမရှိလို့အဖိုးသေခဲ့ရတာ...."
ကလေးမလေး၏လေသံက တဖြေးဖြေးတိုးသွားကာ သူမ၏မျက်ဝန်းထဲရှိဝမ်းနည်းနာကျဉ်းမှုများက မျက်ရည်များအဖြစ်ပြောင်းလဲသွားလေသည်။
မူလက ကလေးမလေး၏စကားများကိုနားမလည်နိုင်သေးသော်လည်း သူမ၏စကားကိုအဆုံးထိနားထောင်ပြီးနောက် လူငယ်၏မျက်နှာထက်တွင် သနားကရုဏာသက်သည့်အရိပ်အယောင်များနှင့်အတူ ကလေးမလေး၏ခေါင်းကိုဖြေးညင်းစွာပွတ်သတ်ပေးလိုက်သည်။
" သူက သေသင့်တာမှန်ပေမယ့် မင်းရဲ့လက်နဲ့စီရင်စရာမလိုပါဘူး။ ဒီလိုလူမျိုးတွေအတွက် မင်းလက်ညစ်ပတ်စရာမလိုဘူး ...."
မည်သည့်အတွက် လောကတွင် ယခုလိုလူညစ်လူယုတ်မာများရှိနေရသနည်း။
သူ၏စိတ်ထဲတွင် ကြိုးအထပ်ထပ်ဖြင့်တုတ်နှောင်ခံထားရစလို မွမ်းကျပ်လှောင်ပိတ်လာပြီး တစ်စုံတစ်ခုကိုပြင်းပြင်းထန်ထန်လုပ်ဆောင်လိုစိတ်များဖြစ်ပေါ်လာသည်။
လူ့လောက၏သက်မှတ်ချက်များ စည်းနှင့်ဘောင်များကိုချိုးဖျက်ကာ မတရားမှုမျကိုတိုက်ဖျက်၍ စိတ်လွတ်ကိုယ်လိုဆောက်ရွက်လိုသည်။
သို့သော် သူ၏မိခင်ငယ်စဉ်က ဆုံးမပေးခဲ့သည့်အကြောင်းအရာများက စိတ်ထဲတွင်ပေါ်ပေါက်လာကာ မျက်စေ့ကိုဖြေးညင်းစွာမှိတ်လိုက်မိသည်။
" လူတစ်ယောက်က မတရားတာကိုတွေ့ရင်ဝင်ကူညီပြီးတရားမျှတဖို့လုပ်ဆောင်ပေးတာကအကြောင်းမဟုတ်ဘူး။။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုဥပဒေလို့အထင်မှားပြီး ကိုယ်ရဲ့စိတ်ထင်မြင်ချက်အတိုင်းတစ်ဖက်သက်လုပ်ဆောင်မယ်ဆိုရင် သွေးဆာနေတဲ့တဇောက်ကမ်းသမားတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာလိမ့်မယ်....."
ပျော့ပြောင်းနူးညံ့ပြီး အကြင်နာဓာတ်များပြည့်ဝသည့်အမျိုးသမီးအသံတစ်ခုကိုပြန်ကြားယောင်လိုက်မိကာ လူငယ်ကသက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုစဉ် သူ၏နောက်ဘက်မှ ထွက်ပေါ်လာသည့်လေတိုးသံသဲ့သဲ့နှင့်အတူ ငိုကြွေးနေသည့်ကလေးမလေးက ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
" အစ်ကိုကြီးသတိထား...."
အစောပိုင်းက ဒူးထောက်နေသည့်လူမိုက်ခေါင်းဆောင်က ကြောက်စရာကောင်းသည့်အမူအယာဖြင့်ရှိနေပြီး သူ၏ကိူယ်ပေါ်တွင်ဝှက်ထားသည့်ဓားမြောင်တစ်လက်ကိုလျှင်မြန်စွာထုတ်ယူကာ လူငယ်၏နောက်ကျောကိုအားကုန်ထိုးစိုက်လိုက်ခြင်းဖြစ်၏။
သို့သော် လူငယ်က လူမိုက်ခေါင်းဆောင်ကိုတစ်ချက်ကလေးပင်လှည့်မကြည့်ဘဲ သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။
" ဝုန်း...."
အတွင်းအားပြည့်ဝသည့်လက်ဝါးချက်က လူမိုက်ခေါင်းဆောင်၏ရင်ဝသို့တည့်မက်စွာဝင်ရောက်လာပြီး အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်လျှင်ပင် ရှောင်တိမ်းခုခံရန်အချိန်မရဘဲနောက်သို့လွင့်စင်သွားတော့သည်။
" ဘာမှမဖြစ်ပါဘူး...."
လူငယ်က ကလေးမလေးကို ပြုံးပြ၍နှစ်သိမ့်ပေးရင်း သူကိုယ်တိုင်လည်း သက်ပြင်းတစ်ချင်ချကာ လူမိုက်ခေါင်းဆောင်ကိုလှည့်ကြည့်လိုက်သည်။
တည်ငြိမ်အေးဆေးပြီး ချောမောခန့်ညားသည့်လူငယ်၏မျက်နှာက ရေခဲလိုအေးစက်နေပြီး သူ၏မျက်ဝန်းများက ကြောက်စရာကောင်းလောက်အောင်စူးရှတောက်ပြောင်လျက်ရှိသည်။
ယခုအခြေအနေတွင်လူငယ်၏ပုံစံက အစောပိုင်းက တိုက်ပွဲဖြစ်ပွားစဉ်ထက်ပင် များစွာကြောက်မက်ဖွယ်ကောင်းနေကာ စကားတစ်ခွန်းမှမဆိုသေးသည့်တိူင်လူမိုက်ခေါင်းဆောင်၏စိတ်ထဲတွင် အလိုလိုတုန်လှုပ်ချောက်ခြားလာမိသည်။
သို့သော် လူငယ့်ကိုအလစ်တိုက်ရန်အကြံအစည်က ကျရှုံးပြီးဖြစ်သလို သူ၏ရင်ဘက်တစ်ခုလုံးကျိုးကျေမတတ်ခံစားနေရပြီး လဲကျနေရာမှမထနိုင်လဲဖြစ်နေသည်။
" ကျုပ်.. ကျုပ်...."
လူမိုက်ခေါင်းဆောင်က တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးမည်ပြုလိုက်စဉ်လူငယ်က သူ၏အနီးသို့လျှင်မြန်စွာရောက်ရှိလာပြီး လည်ပင်းကိုဆုပ်ကိုင်ကာ လေပေါ်သို့ကိုင်မြောက်လိုက်သည်။
" ဂစ်... အစ်..."
လူမိုက်ခေါင်းဆောင်၏ထွားကြိုင်းသည့်ခန္တာကိုယ်တစ်ခုလုံးကလေပေါ်သို့မြောက်တက်နေကာ လူငယ်ကလက်တစ်ဖက်ထဲဖြင့်ပင့်ပထားခြင်းဖြစ်သည်။
သူ၏ခန္တာကိုယ်က ကြံ့ခိုင်သန်စွမ်းသည့်တိုင် ပို၍လူကောင်ကြီးသည့်လူမိုက်ခေါင်းဆောင်၏ခန္တာကိုယ်ကြီးကို အသာအယာပင့်မြောက်ထားခြင်းက အံ့ဩဖွယ်ဖြစ်သည်။
သို့သော် ထိုလူငယ်က အတွင်းအားကိုသာမကအပြင်အားကိုပါလေ့ကျင့်သည့် လွန်စွာရှားပါးသောလမ်းစဉ်နှစ်ခုလျှောက်သူတစ်ယောက်ဖြစ်မှန်းသိပါက မည်သူမှအံ့ဩကြမည်မဟုတ်ပေ။
" သူ့ရဲ့အဖိုးကိုကုသဖို့ငွေတွေကို မင်းလုယူခဲ့သေးလား...."
လူငယ်၏နှုတ်မှထွက်ပေါ်လာသညိ့အေးစက်စက်စကားသံကြောင့် လူမိုက်ခေါင်းဆောင်၏မျက်ဝန်းထဲရှိထိတ်လန့်မှုက ပို၍အကောင်းလာသည်။
နောက်နားတွင် တုန်လှုပ်မှုမပြယ်သေးသည့်ကလေးမလေးသည်လည်း သူမ၏ရှေ့ရှိဖြစ်ရပ်ကို မျက်လုံးဝိုင်းဝိုင်းများဖြင့်ကြည့်နေမိသည်။
လူမိုက်ခေါင်းဆောင်က ခေါင်းကိုခါယမ်းကာငြင်းဆန်လိုသော်လည်း ခံစားချက်ကင်းမဲ့ပြီးသွေးအေးလှသည့်လူငယ်၏အမူအယာကိုတွေ့မြင်ရချိန်တွင် လိမ်ညာပြောဆိုရန်မဝံ့မရဲဖြစ်လာသည်။
" ဟုတ်...ဟုတ်ပါတယ် ကျေးဇူးပြု...."
လူမိုက်ခေါင်းဆောင်က အသက်ရှူကြပ်နေသည့်ကြားမှ ကြိုးစား၍တောင်းပန်လိုက်သည်။
သို့သော် သူ၏ဝန်ခံစကားထွက်ပေါ်လာပြိးနောက်တွင် လည်ပင်းဆီမှတင်းကြပ်မှုက ပို၍အားကောင်းလာပြီး လူငယ်ကကလေးမလေးကိုလှည့်ကြည့်ကာ ပြုံး၍ပြောလိုက်သည်။
" ယွီယွီ မင်းပြောတာမှန်တယ် ဒီလူကသေသင့်တယ်...."
လူငယ်၏စကားအဆုံး၌ သူ၏လက်ကပို၍တင်းကြပ်သွားပြီး လူမိုက်ခေါင်းဆောင်၏လည်ပင်းက ဂျွတ်ခနဲ မည်သွားတော့သည်။
" ဝုန်း...."
အရုပ်တစ်ရုပ်လိုပျော့ခွေဆုံးနေသည့်ခန္တာကိုယ်ကို တစ်ချက်ကလေးမှလှည့်မကြည့်ဘဲပစ်ချလိုက်ပြီးနောက် လူငယ်ကကလေးမလေးဆီသို့ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
လက်ရှိအချိန်၌ လူငယ်၏ခန္တာကိုယ်မှကြောက်စရာကောင်းလှသည့်ဖိအားတစ်ခုထွက်ပေါ်လျက်ရှိကာ သတ်ဖြတ်ရခြင်းကိုလက်ယဉ်နေသည့်လူရမ်းကားများပင် အသံတစ်စက်မထွက်ဝံ့ဘဲ သတိမေ့ချင်ယောင်ဆောင်နေကြ၏။
ကလေးမလေးသည်လည်း ကြင်နာတတ်သည့်အစ်ကိုကြီး၏ပြောင်းလဲသွားသည့်ပုံစံကို သူမ၏စိတ်ထဲတွင် ထိတ်လန့်မိသည့်တိုင် လူမိုက်ခေါင်းဆောင်၏အလောင်းကိုမြင်ပြီးနောက် ထိတ်လန့်နေသည့်မျက်ဝန်းများက အားရကျေနပ်ခြင်း၊ ဝမ်းသာပီတိဖြစ်ခြင်းစသည့်ခံစားချက်များအဖြစ်ပြောင်းလဲသွားပြီး လူငယ့်ကို ဒူးထောက်ကာအရိုအသေပေးလိုက်သည်။
သို့သော် လူငယ်က သူမ၏အရိုအသေပေးမှုကိုလက်မခံဘဲ အလျှင်အမြန်ဟန့်တားကာပြောလိုက်သည်။
" မင်းရဲ့အဖိုးကို မြေမြုပ်ပေးလိုက်ရအောင်....."
&&&