← Chapters

ဆွေးနွေးမှု

Vol. 4 Ch. 36

ဆွေးနွေးမှု

Vol. 4 Ch. 36

နောက်တစ်ရက်တွင် မုယန်မြို့လေး၏သူဖုန်းစားရက်ကွက်၌ အံ့ဩဖွယ်ရာကောင်းသည့်သတင်းတစ်ခုပျံ့နှံ့လာသည် ။

ဤသည်က သူဖုန်းစားရပ်ကွက်ကိုအချိန်အတော်ကြာအုပ်စိုးခဲ့သည့်လူမိုက်ခေါင်းဆောင်ဝမ်နှင့်သူ၏နောက်လိုက်များကအမည်မသိလူတစ်ယောက်၏လက်ချက်ဖြင့်ဆုံးမခံလိုက်ရခြင်းဖြစ်သည်။

သူတို့ကို သူဖုန်းစားအဖိုးအိုရှင်း၏ခြံဝန်းထဲတွင် ခြေကျိုးလက်ကျိုးဖြင့်တွေ့ခဲ့ရပြီး သူတို့၏ခေါင်းဆောင်ဝမ်ကို တစ်စုံတစ်‌ယောက်ပကသတ်ဖြတ်သွားခဲ့လေသည်။

သို့သော် အသက်ရှင်ကျန်ရစ်သူများကိုမည်သည့်အကြောင်းအရာများမှမေးမြန်း၍မရဘဲ ‌ကြောက်ရွံတုန်လှုပ်စွာဖြင့်ရေငုံနှုတ်ပိတ်နေကြလေသည်။

များမကြာမီ တေလေဂိုဏ်းမှဂိုဏ်းသားအချို့ရောက်ရှိလာပြီး ဒဏ်ရာအပြင်းအထန်ရရှိနေသည့်လူရမ်းကားများကိုဖမ်းချုပ်ကာမြို့စား၏လက်သို့အပ်နှံခဲ့ကြသည်။

သိုင်း‌လောကထဲတွင်နာမည်ကျော်သည့်အင်အားစုတစ်ခုဖြစ်သည့်တေလေဂိုဏ်းသားများက ယခုလိုအသေးအမွှားကိစ္စလေးများတွင်ပါဝင်လေ့မရှိသော်လည်း ယခုအခါ ထိုကိစ္စကိုအဆင်မြင့်ဂိုဏ်းသားတစ်ယောက်က ဦးဆောင်ကာပါဝင်ခြင်းဖြစ်သည်ဟုသိရသည်။

ထို့ကြောင့် သူဖုန်းစားရပ်ကွက်နေလူများလည်း လူမိုက်ဝမ်တို့ကိုဆုံးမသွားသည်က တေလေဂိုဏ်းမှလူများသာဖြစ်သည်ဟု ထင်မြင်လိုက်ကြပြီး ထိုကိစ္စက အလျှင်အမြန်ပင်ပြီးဆုံးသွားလေသည်။

သို့သော် အဖိုးရှင်း၏မြေးမလေးရှင်းယွမ်တစ်ယောက်ပျောက်ဆုံးသွားသည်ကိုမည်သူမှသတိမထားမိလိုက်ကြပေ။

ထိုအချိန်တွင် အဖြူရောင်ကျောင်းတော်သားဝတ်စုံဝတ်လူငယ်တစ်ယောက်နှင့် အသက်ရှစ်နှစ်ကိုးနှစ်ခန့်ရှိမည့်ကလေးမလေးတစ်ဦးတို့က မုယွမ်မြို့နှင့် ဝေးလံသည့်နေရာသို့ရောက်ရှိနေပြီဖြစ်သည်။

&&&

လုံဟိုင်မြို့

နဂါးစိမ်းဂိုဏ်းကြီး၏ဌာနချုပ်ဖြစ်ခဲ့ဖူးသည့် လုံဟိုင်မြို့မှာ ယခုအခါသိုင်းမဟာမိတ်အခြေစိုက်ရာမြို့တစ်ခုအဖြစ်အသွင်ပြောင်းလဲသွားချေပြီ။

မြို့အလယ်ရှိကျယ်ဝန်းလှသည့်ခြံဝန်းကြီးနှင့် ခြံဝန်းအလယ်ရှိပင်မ‌အဆောက်အဦးကြီး အခြားအဆောင်အဦးများက သိုင်းမဟာမိတ်ဌာနချုပ်၏ခမ်းနားကြီးကျယ်မှုကိုညွှန်းဆိုပြသလျက်ရှိသည်။

သိုင်းမဟာမိတ်တည်ထောင်စက အင်အားသုံးရာပင်မပြည့်ဘဲ ချောင်မိသားစုနှင့်မိုးကြိုးနတ်ဓားဂိုဏ်းတို့လာရောက်ပူးပေါင်းချိန်တွင်မှသာ အင်အားသုံးရာပြည့်ခဲ့ခြင်းဖြစ်သည်။

သိုင်းမဟာမိတ်၏မူလအဖွဲ့ဝင်များက ထိပ်တန်းအင်အားစုဆယ်ခုမှအဖွဲ့ဝင်များဖြစ်ပြီး အင်အားစုတစ်ခုလျှင်လူသုံးဆယ်နှုန်းဖြင့် အင်အားနှစ်ရာသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် သိုင်းမဟာမိတ်၏တန်ခိုးဩဇာကြီးထွားလာလေလေ သိုင်းလောကတွင်းရှိသိုင်းသမားများဝင်ရောက်လာလေလေဖြစ်ပြီး အနှစ်နှစ်ဆယ်ကြာပြီးနောက်တွင် ထိပ်တန်းအင်အားတစ်ခုအဖြစ်ပီပီပြင်ပြင်ပေါ်ထွက်လာခဲ့သည်။

သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ဖြစ်သည့် သခင်ဆယ်ပါးဟုအမည်တွင်သူများသည်လည်းလွန်စွာကြောက်စရာကောင်းသူများဖြစ်ကာ သူတို့ထဲမှထိပ်ဆုံးသုံး‌ယောက်ဆိုလျှင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်ကြ၏။

ထို့ကြောင့် လက်ရှိသိုင်းလောကတွင် သိုင်းမဟာမိတ်ကလွှမ်းမိုးနိုင်သည့်အဖွဲ့အစည်းတစ်ခုဟုသက်မှတ်နိုင်ပြီး ကျောထောက်နောက်ခံပေးထားသည့်အင်အားစုဆယ်ခုကြောင့်လည်း ပို၍ဩဇာကြီးထွားနေခြင်းဖြစ်သည်။

သို့သော် ယခုရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သည်များက ယုံကြည်နိုင်စရာမရှိလှဘဲ သိုင်းမဟာမိတ်၏ခြံဝန်းတစ်ခုလုံးလည်းတိတ်ဆိတ်ငြိမ်သက်နေသည်။

ခြံဝန်ထဲတွင် ရာနှင့်ချီသည့်သိုင်းသမားများရှိနေသည့်တိုင် စကားပင်ကျယ်ကျယ်မပြောကြသလို သူတို့၏မျက်နှာများကလည်းမကောင်းလှပေ။

ရှေ့ဆင့်နောက်ဆင့်သလို သိုင်းမဟာမိတ်၏အဖွဲ့ဝင်အင်အားစုဆယ်ခုမှနှစ်ခုသုတ်သင်ခံရခြင်းက သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်ချောက်ခြားစေသည်ဟုဆိုရလျှင် သိုင်းမဟာမိတ်ကိုသွေးပျက်စေခဲ့သည်။

ဤသည်ကလည်း အမည်မသိလူသတ်သမား၏လုပ်ရပ်ကြောင့်ဖြစ်ပြီးသိုင်းမဟာမိတ်အဖွဲ့ဝင်အင်အားနှစ်ခုကိုပစ်မှတိထားနေခြငိးက သွေးရိုးသားရိုးဖြစ်နိုင်မည်ဟုမထင်မိကြပေ။

" ခေါင်းဆောင်ဟဲလောင်....မိစ္ဆာဓားသမားရဲ့သတင်းတစ်ခုခုကိုမရသေးဘူးလား...."

သိုင်းမဟာမိတ်၏ပင်မအဆောက်အဦးအတွင်းရှိအခန်းတစ်ခန်းထဲတွင် ခေါင်းဆောင်ခုနစ်ယောက်နှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာခြောက်‌ယောက်တို့ရှိနေကြသည်။

မူလက ဆယ်ယောက်ရှိသည့်သိုင်းမဟာမိတ်၏ခေါင်းဆောင်များထဲတွင် ချန်ချင်းဂိုဏ်းမှချန်လုက သွေးအေးသခင်မ၏လက်ချက်ကြောင့်သေဆုံးသွားပြီးကျန်ခေါင်းဆောင်နှစ်ယောက်သည်လည်းမည်သည့်နေရာသို့ရောက်ရှိနေမှန်းမသိပေ။

ယခု ဟဲလောင်မိသားစုမှဟဲလောင်ချန်းကိုမေးလိုက်သူက ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက်ဖြစ်ပြီး သိုင်းမဟာမိတ်ဌာနချုပ်သို့ရောက်ရှိနေသည့်ငါးရက်အတွင်း မိစ္ဆာဓားသမားနှင့်ပတ်သတိ၍သတင်းအစအနကလေးပင်မရခြင်းက စိတ်မြန်လက်မြန်ရှိသည့်အဖိုးအိုကို နေမထိထိုင်မသာဖြစ်စေသည်။

" ကျုပ်တို့လည်းအတတ်နိုင်ဆုံးစုံစမ်းနေတာပဲဆရာကြီးချန်း ဒါပေမယ့် အဲဒီလူငယ်က လုံးဝအစပျောက်သလိုဖြစ်သွားတာ နေရာတိုင်းမှာ သူ့ရဲ့ပုံတူတွေကပ်ထားတာတောင် ဘယ်သူမှသတင်းမပေးနိုင်သေးဘူး...."

ဟဲလောင်ချန်းကလည်းစိတ်ညစ်နေသည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။

သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲတွင်အစွမ်းအထက်ဆုံးနှင့် ဒေါသအကြီးဆုံးဖြစ်သည့်ဟဲလောင်ချန်းမှာ သူ့ထက်သိုင်းပညာများစွာမြင့်မားသည့်အကြီးအကဲချန်းရှောက်နှင့်ပြောဆိုရာတွင်တော့ယဉ်ယဉ်ကျေးကျေးရှိလှသည်။

ဟဲလောင်ချန်စ၏အ‌ဖြေကြောင့် အကြီးအကဲချန်းရှောက်လည်းခေါင်းကုတ်လိုက်ပြီး တေလေဂိုဏ်းမှအဖိုးအိုကျန်းကိုမေးလိုက်သည်။

" အဖိုးကြီးကျန်း မင်းဘက်ကရော ဘယ်လိုလဲ.... "

သိုင်းလောက၏အမြန်ဆုံးဆက်သွယ်ရေးကွန်ရက်ဖြစ်သည့်တေလေဂိုဏ်းမှာ အချိန်တစ်ခုကြာငြိမ်သက်နေသော်လည်း ယခုအခါ နေရာအနှံ့တွင်တေလေဂိုဏ်းသားများကိုတွေ့မြင်နိုင်ပြီဖြစ်သည်။

ဤသည်က မိစ္ဆာဓားသမား၏ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ကြောင့်ဖြစ်ကြောင်းသံသယဖြစ်ဖွယ်မရှိဘဲ ထိုလူငယ့်ကိုနေရာအနှံ့ရှာဖွေနေရုံသာမက သိုင်းလောကရှိအင်အားစုများစွာကိုလည်း စောင့်ကြည့်ပေးနေရသည်။

ဤသည်က မိစ္ဆာဓားသမား၏နောက်ထပ်ပစ်မှတ်ကမည်သူမည်ဝါမှန်းမသိနိုင်၍ဖြစ်ပြီး အကယ်၍ မိစ္ဆာဓားသမားသာအင်အားစုတစ်ခုခုကိုထပ်မံတိုက်ခိုက်ပါက တေလေဂိုဏ်းသားများအနေဖြင့် ဝင်ရောက်ကူညီခြင်းမပြုနိုင်လျှင်ပင် ကျန်လူများကို အမြန်ဆုံးသတင်းပေးပို့နိုင်သည်။

ထို့ကြောင့် ယခုရက်ပိုင်းတွင်အလုပ်အရှုပ်ဆုံးက တေလေဂိုဏ်းသားများဖြစ်ပြီး များစွာသော အဖြူရောင်ထိပ်တန်းအင်အားစုများသည်လည်းကျီးလန့်စာစားဖြစ်နေသည်ဟုဆိုရပေမည်။

" ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဒီကောင့်ကို လုံးဝအလွတ်မပေးနိုင်ဘူး...."

ထိုသို့ရေရွတ်လိုက်သူကချူမိသားစုမှချူစန်းဖြစ်ပြီး သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်တွင်အပါအဝင်လည်းဖြစ်သည်။

ထိုစဉ််က ချူမိသားစုတွင်မရှိ၍ ချူစနိးတစ်ယောက်ကံကောင်းသွားခြင်းဖြစ်သော်လည်း ထိုအဖြစ်ကိုသိသိချင်း ချူမိသားစုသို့အမြန်ဆုံးသွားရောက်ခဲ့သည်။

ချောင်းလိုစီးဆင်းနေသည့်သွေးများ ၊ တောင်လိုပုံနေသည့်အလောင်းများနှင့် သွေးပျက်ဖွယ်ကောင်းလှသည့်ချူမိသားစု၏အဖြစ်က ချူစန်းလိုစိတ်ဓာတ်မာကျောသည့်သိုင်းထိပ်သီးတစ်ဦးကိုပင် အတော်လေးစိတ်ထိခိုက်သွားစေကာ မိစ္ဆာဓားသမားကိုလက်စားချေရန်သူ၏အသက်ဖြင့်တိုင်တည်၍ကျိန်ဆိုခဲ့လေသည်။

ထိုနည်းတူ ကောင်းယွဲ့ဂိုဏ်းမှလူဖြစ်သည့် ယန်ရှောင်ကလည်း ချူစန်းနည်းတူ မိစ္ဆာဓားသမားကိုလွန်စွာသတ်ဖြတ်လိုသည့်လူတစ်ဦးဖြစ်သည်။

ကံမကောင်းစွာဖြင့် ချူမိသားစု၏အဖြစ်ဆိုးပြီးဆုံးသွားသည်က ငါးရက်ခန့်ကြာမြင့်နေပြီဖြစ်သည့်တိုင် မိစ္ဆာဓားသမား၏အရိပ်အယောင်ကိုပင်မမြင်ရသေးပေ။

မိစ္ဆာဓားသမားကိုသတ်ဖြတ်နိုင်လျှင်လျှံငွေနှစ်သိန်း ၊ သူ၏သတင်းအတိအကျကိုပေးနိုင်လျှင် လျှံငွေသုံးသောင်းဟုဆုငွေထုတ်ထားသော်လည်း သူ၏သတင်းအစအနကိုမရသည်က အတော်ပင်ထူးဆန်းသည့်ဖြစ်ရပ်ဖြစ်ပေသည်။

" စိတ်အေးအေးထားပါ ခေါင်းဆောင်တို့ ကျုပ်တို့လည်း ဒီကိစ္စကိုဆောင်ရွက်ဖို့ ရောက်နေကြတာပါ ...."

ချူစန်းနှင့် ယန်ရှောင်တို့ကိုနှစ်သိမ့်လိုက်သူက ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းသာဖြစ်သည် ။

အကြံအစည်ကောင်းမွန်ပြီး ဉာဏ်ပညာထက်မြက်သည်ဟုနာမည်ကျော်သည့်မာရှောင်ကျင်းပင် မိစ္ဆာဓားသမားကိုမည်သည့်နည်းဖြင့်နှိမ်နင်းရမည်ကိုစဉ်းစားမရသေးဘဲ ယခုလိုမကြာခဏဆွေးနွေးတိုင်ပင်နေကြရခြင်းဖြစ်သည်။

လက်ရှိအချိန်၌ မိစ္ဆာဓားသမားက ထိပ်တန်းအဆင့်အင်အားစုနှစ်ခုကိုပင်အမြစ်ပြတ်သုတ်သင်နိုင်ရာ သူ၏သိုင်းပညာကလွန်စွာကြောက်စရာကောင်းသည့်အဆင့်သို့ရောက်ရှိနေပြီးမည်သို့ရင်ဆိုင်ရမှနိးမငိပင်ဖြစ်စေသည်။

မိစ္ဆာဓားသမား၏လက်ချက်ဖြင့်သတ်ဖြတ်ခံလိုက်ရသည့် ကောင်းယွဲ့ဂိုဏ်းချုပ်နှင့်ချူမိသားစုခေါင်းဆောင်တို့က လက်ရှိသိုင်းဝိဇ္ဇာများထက်အားမနည်းဘဲ သူတို့အနေဖြင့်တစ်ဦးချင်းရင်ဆိုင်ပါက မိစ္ဆာဓားသမားကိုအနိုင်ယူနိုင်မည်ဟုမည်သူမှမပြောဝံ့ပေ။

ထို့အပြင် သိုင်းလောကကြီးတစ်ခုလုံးကလွန်စွာကျယ်ပြန့်လှပြီး မိစ္ဆာဓားသမားကိုရှာဖွေရန်ကလည်းမလွယ်ကူ၍ အကြံကုန်နေကြခြင်းဖြစ်၏။

" ခေါင်းဆောင်နန်ကုန်းကရော နန်းမြို့တော်က အဆက်အသွယ်တွေသုံးလို့အဆင်မပြေနိုင်ဘူးလား ...."

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏မေးခွန်းကို နန်ကုန်းမိသားစုမှနန်ကုန်းယန်ဖြစ်ပြီး အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးဖြစ်သည်။

နန်ကုန်းမိသားစုက နန်းမြို့တော်တွင်အခြေစိုက်ပြီး ရွှေနန်းတော်နှင့်အဆက်အသွယ်ရှိလေရာ ယခုအခြေအနေကို ကူညီကောင်းကူညီနိုင်မည်ဟုမျှော်လင့်မိခြင်းဖြစ်၏ ။

သို့သော်လည်း နန်းကုန်းယန်ကခေါင်းယမ်းပြလိုက်သည်။

" အခုကိစ္စက မိစ္ဆာဓားသမားကို ခင်ဗျားတို့ရော ကျုပ်တို့ရောမြင်ဖူးတာမဟုတ်ဘူး။

သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့ပတ်ငတ်ပြီး အသက်ရှငိကျန်တဲ့ လူတွေပြောစရာကိုသာမှတ်ယူရတာကိုး ။ သူ့ရဲ့အကြောင်းကိုသိဖို့ဝေးနေမှတော့ ဘယ်လိုလုပ်ရှာဖွေလို့လွယ်ကူမှာလဲ ။

သူက လူငယ်မျိုးဆက်တစ်ယောက်ဆိုတာတောင်ယုံရခက်ပဲ။ ဘယ်လူငယ်မျိုးဆက်ကမှဒီလောင်အစွမ်းမထက်နိုင်ဘူးလေ....."

နန်ကုန်းယန်၏စကားကြောင့် ကျန်လူများစိတ်ပျက်သွားကြသည်။

ထိုစဉ် ခွန်လွန်ဂိုဏ်းချုပ်ကြီးက တစ်စုံတစ်ခုကိုစဉ်းစားမိဟန်ဖြင့် မျက်နှာဝင်းလက်သွားသည် ။

" ကျုပ်သိပြီ ဖြစ်နိူင်ချေနှစ်ခုကိုစဉ်းစားမိတယ် ..."

သူ၏စကားကြောင့်ကျန်လူများစိတ်အားတက်ကြွသည့်ဟန်ဖြင့်ကြည့်လိုက်ကြစဉ် ခွန်လွန်ဂိုဏ်းချုပ်ကြီးက ဆက်ပြောလိုက်သည်။

" စောစောက ခေါင်းဆောင်နန်ကုန်းပြောသွားသလို ကျုပ်တို့က မိစ္ဆာဓားသမားရဲ့ပုံပန်းသွင်ပြင်ကိုအဓိကထားပြီးဆုငွေထုတ်ရှာဖွေနေကြတာမလား ။

ဒါကြောင့် သူသိုင်း‌လောကသားတွေရဲ့လက်က ရှောင်တိမ်းဖို့ဆိုအများကြီးမခက်ခဲဘူးလေ။ ရုပ်ဖျက်ပြီး သူ့ပုံစံကိုပြောင်းဖို့ပဲလိုတာ။။

ဒါမှမဟုတ် အင်အားစုနှစ်ခုကိုလာတိုက်တုန်းက ရုပ်ဖျက်ပြီးလာတာဆိုရင်ရော ...."

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားက ရိုးရှငိးသော်လည်း ထိုအကြောင်းကိုယခုမှစဉ်းစားမိလိုက်၍ ကိုယ့်နဖူးကိုပြန်ရိုက်လိုစိတ်များပေါ်လာမိကြ၏။

မည်သည့်အတွက် ယခုလိုလွယ်ကူသည့်အကြောင်းကလေးတစ်ခုကိုပင်မတွေးတောမိရသနည်း။

ဤသည်ကလည်း သူတို့၏အပြစ်မဟုတ်ပေ။ မိစ္ဆာဓားသမား၏လုပ်ရပ်ကြောင့်သိုင်းလောကတစ်ခုလုံးချောက်ခြားနေရပြီး သူတို့လည်း ထိုလူငယ့်ကိုဖမ်းဆီးရန်အစွမ်းကုန်ကြိုးပမ်းနေရာ အတွေးများ၍ ယခုလိုအခြေခံအချက်ကလေးကိုပင်မစဉ်းစားမိကြခြင်းဖြစ်၏။

&&&

All Chapters