ဓားပြခေါင်းဆောင်နှင့်မိန်းမပျို
Vol. 4 Ch. 37
ကျန်လူများ၏အမူအယာကိုအကဲခပ်၍ ခွန်လွန်ဂိုဏ်းချုပ်ကြီးက လေးနက်သည့်လေသံဖြင့်ဆက်ပြောလိုက်သည်။
" ဒုတိယအချက်က သူပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး တစ်နေရာရာမှာပုန်းအောင်းကုသနေတာဖြစ်ရမယ်။
ဘာဖြစ်လို့လဲဆိုတော့ ထိပ်တန်းအင်အားစုနှစ်ခုကိုအခုလိုမျိုးအမြစ်ပြတ်သုတ်သင်ခဲ့ရတဲ့အတွက် သူမထိမခိုက်ဘဲရှိမှာမဟုတ်တာအသေအချာပဲ။
ပြောရရင် ကောင်းယွဲ့ဂိုဏ်းချုပ်ကြီးနဲ့ ချူမိသားစုခေါင်းဆောင်တို့ကို လွယ်လွယ်ကူကူသတ်ဖြတ်နိုင်ဖို့က သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်တောင်မှမတတ်နိုင်တာကိုး ။
ဒါကြောင့် သူလည်း ဒဏ်ရာအပြင်းအထန်ရထားမှာသေချာသလောက်ပဲ။ အခုချိန်မှာ သူပေါ်ထွက်မလာဘူးဆိုတာ ဖြစ်နိုင်ပါတယ်...."
ထိုအကြောင်းပြချက်ကလည်း ကျိုးကြောင်းသင့်လျော်နေ၍ ကျန်လူများမှာအတွေးနက်သွားကြ၏။
ထိုစဉ် စိတ်မြန်လက်မြန်ရှိသည့်အကြီးအကဲချန်းရှောက်က ခွန်လွန်ဂိုဏ်းချုပ်ကြီးကိုမေးလိုက်သည်။
" ရှောင်ကျင်း မင်းက ဘာကိုဆိုလိုချင်တာလဲ....."
သူတို့နှစ်ဦးဝါစဉ်တူဖြစ်သည့်အပြင်အချင်းချင်းလွန်စွာရင်းနှီးကြ၍ ခွန်လွန်ဂိုဏ်းချုပ်ကြီးကို တလေးတစားပြောဆိုစရာမလိုပေ။
အကြီးအကဲချန်းရှောက်၏မေးခွန်းကြောင့် ခွန်လွန်ဂိုဏ်းချုပ်ကြီးကပြုံး၍ပြောလိုက်သည်။
" ကျုပ်ပြောချင်တာရိုးရှင်းပါတယ်။ သူအမြဲတမ်းပုန်းနေမှာမဟုတ်သလို သူ့ကိုရှာတွေ့ဖိုဆိုတာလည်း ခက်ခဲလှတယ်။
ဒါကြောင့်ကျုပ်တို့နေမြဲအတိုင်းနေပြီး ဆက်စောင့်ကြတာပေါ့ ဒီတစ်ကြိမ်သူပေါ်ထွက်လာရင် သူ့ရဲ့အဆုံးသတ်ဖြစ်သွားမှာပဲ....."
မာရှောင်ကျင်း၏အကြံကိုကျန်လူများလည်း အနည်းငယ်စဉ်းစားပြီးခေါင်းညိမ့်လိုက်ကြသည်။
ထိုစဉ် မာရှောင်ကျင်းက နေရာ လွတ်နေသည့်ထိုင်ခုံနှစ်ခုကိုကြည့်ကာမေးလိုက်သည်။
" ဒါနဲ့ ခေါင်းဆောင်ချောင်နဲ့ ခေါင်းဆောင်ထန်တို့ကိုရောမတွေ့မိပါလား...."
သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်မှ လျှက်တပြတ်ဓားသခင်ချောင်ဖေးဟုန်နှင့် လက်နက်ပုန်းသခင်ထန်ချင်းရှန်တို့ကိုမတွေ့မိ၍ မေးလိုက်ခြင်းဖြစ်၏။
သူ၏မေးခွန်းကို ဟဲလောင်ချန်းက တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" သူတို့နှစ်ယောက်က ချန်ချန်းဂိုဏ်းက ဆရာကြီးချန်ရဲ့အကူအညီတောင်းမှုကြောင့် သိုင်းလောကထဲဆင်းသွားကြတယ်။ သိပ်မကြာခင်တော့ပြန်လာလောက်ပါရဲ့..."
ဟဲလောင်ချန်း၏အဖြေကြောင့် မာရှောင်ကျင်းလည်းတစ်စုံတစ်ရာထပ်မံမေးမြန်းခြင်းမပြုတော့ဘဲခေါင်းညိမ့်ပြလိုက်သည်။
&&&
အတော်အသင့်ကြီးမားသည့်တောအုပ်တစ်ခု
နေဦးရာသီသို့ဝင်ရောက်ပြီးဖြစ်၍ ရိုးတံကျဲကျဲပင်အိုများနှင့် တဖြုတ်ဖြုတ်ကြွေကျနေသည့်သစ်ရွက်ဟောင်းများက နွေရာသီ၏အလှအပကိုဖွင့်ဆိုပြသလျက်ရှိပေသည်။
တောအုပ်၏အလယ်တွင် ကျယ်ဝန်းသည့်မြေကွက်လပ်တစ်ခုရှိနေပြီး တဲအိမ်အနည်းငယ်လည်းရှိပေသည်။
ဖရိုဖရဲသိုင်းဝတ်စုံများ၊ ကြမ်းတမ်းသည့်ရုပ်ရည်များနှင့် စုတ်စုတ်ပြတ်ပြတ်ပုံစံရှိသည့် သိုင်းသမားများလည်းထိုနေရာတွင်ရှိနေကာ အချင်းချင်းလက်ရည်စမ်းတိုက်ခိုက်ခြင်း ဝါသနာပါရာဝိုင်းဖွဲ့ပြောဆိုခြင်းစသည်ဖြင့် အလုပ်ကိုယ်စီဖြင့်ရှိနေကြပေသည်။
ထိုလူများ၏သွင်ပြင်က ကြမ်းတမ်းခတ်ထန်ကြသော်လည်း ပွင့်လင်းကြဟန်လည်းတူကာ ရိက္ခာများထားသည့်တဲအိမ်အနီးတွင် ညစာအတွက် ချက်ပြုတ်နေကြသည့်လူအနည်းငယ်လည်းရှိပေသည်။
" ဟေ့ကောင် ဗလကြီး ခေါင်းဆောင်ရဲ့အိမ်ကိုမောင်ပိုင်စီးထားတဲ့မိန်းကလေးက ဘယ်သူလဲ...."
ကြီးမားသည့်အစိမ်းရောင်သိုင်းဝတ်စုံဖားဖားကြီးကိုဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်လူတစ်ဦးက သူ၏ဘေးရှိလူထွားကြီးကိုမေးလိုက်သည်။
သူ၏မျက်ဝန်းများက မလှမ်းမကမ်းမှဝါးအိမ်လေးဆီသို့ရောက်ရှိနေပြီး စူးရှသည့်မျက်လုံးများထဲတွင် သိလိုစိတ်ပြင်းပြသည့်အရိပ်အယောင်တစ်ခုရှိနေသည််။
ထိုလူ၏မေးခွန်းကြောင့် ဗလကြီးဆိုသည့်လူထွားကြီးက အစိမ်းရောင်ဝတ်စုံဝတ်လူ၏ဇာတ်ပိုးကိုဖျောင်းခနဲမည်အောင်ရိုက်ချလိုက်ရင်း ကျိန်းမောင်းလိုက်သည်။
" မကြံအပ်တာတေ လျှောက်ကြံစည်မနေနဲ့ ဒီမိန်းကလေးက ခေါင်းဆောင်ရဲ့ဟာပဲ။ ဘယ်မိန်းကလေးကိုမှစိတ်ဝင်စားပုံမရတဲ့ငါတို့ခေါင်းဆောင်ကသူ့ကိုအတော့်ကိုသဘောကျနေတဲ့ပုံရတယ်...."
လူထွားကြီး၏လက်ချက်ကြောင့်ပူထူသွားသည့်လည်ကုတ်ကိုပွတ်သပ်ရင်း အစိမ်းရောင်ဝတ်စုံဝတ်လူက ရှုံ့မဲ့၍ပြောလိုက်သည်။
" ငါက သိချင်လို့ပါကွ သူတော်စင်တစ်ယောက်လိုဖြစ်တဲ့ခေါင်းဆောင်ကိုတောင် ဈာဉ်လျောအောင်လုပ်နိုင်တာ သူက တော်တော်လှသလား...."
ယခုတစ်ကြိမ်၌ လူထွားကြီး၏မျက်လုံးများပင်တောက်ပလာပြီး စိတ်ပါဝင်စားစွာဖြင့်ပြောလိုက်သည်။
" အဲဒီနေ့က မင်းကင်းလှည့်ကျနေလို့သူ့ကိုမမြင်လိုက်ရတာငါ့ကောင်ရေ။ လှချက်က နတ်သမီးလားကျနေတာပဲ။
ငါတို့ဆို မြင်မြင်ချင်း ကျောက်ရုပ်တွေလိုဖြစ်ကုန်ကြတာ။ သူ့ကိုခေါ်လာတာခေါင်းဆောင်သာမဟုတ်ဘူးဆိုရင် ဘာပြောကောင်းမလဲ....။
ပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်လည်းရနေသေးတာကွ သတိတောင်လစ်နေတာလားပဲ...."
လူထွားကြီး၏လေသံကအနည်းငယ်ကျယ်သွား၍ ဘေးဘက်ရှိလူများပင်စိတ်ဝင်စားလာကာ သူတို့၏အနားတွင် စကားဝိုင်းတစ်ခုဖြစ်လာလေသည်။
" ဗလကြီးရ မင်းပြောသလောက်လဲဟုတ်ပါ့မလား....ပြီးတော့ သူအပြင်ထွက်တာလဲမတွေ့ဘူး ..."
အနည်းငယ်သံသယရှိဟန်ဖြင့်မေးလိုက်သည့်လူတစ်ယောက်၏စကားကြောင့် ဗလကြီးက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။
" မင်းတို့မယုံရင် ဒုခေါင်းဆောင်နဲ့တတိယခေါင်းဆောင်ဆီသွားမေးကွာ။
မိန်းကလေးကို စတွေ့တဲ့အချိန်တုန်းကခေါင်းဆောင်တောင်မှ နေရာတင်ပြူးပြူးကြီးဖြစ်သွားတယ်ဆိုပဲ။
ပြီးတော့ သူ့ကိုကယ်တင်ဖို့ သမားတော်တွေအမြန်ခေါ် ။ သူနေတဲ့နေရာကိုတောင်မှ စီစဉ်ပေးနဲ့ တစ်ယောက်ထဲအလုပ်တွေရှုပ်နေတာ....."
ဗလကြီး၏စကားက အမှန်အတိုင်းပြောဆိုနေဟန်တူ၍ မေးခွန်းထုတ်လိုက်သည့်လူက တိတ်ဆိတ်သွားသလို ထိုစဉ်ကရှိခဲ့သည့်လူများလည်းဝင်ရောက်ထောက်ခံလိုက်ကြသည် ။
တဲများနှင့်သီးသန့်ဖြစ်နေသည့်အဆောက်အဦးက ဝါးဖြင့်သပ်ရပ်စွာဆောက်လုပ်ထားသည့်အိမ်ငယ်ကလေးဖြစ်သည်။
လေဝင်လေထွက်ကောင်းမွန်သည့်ခြေတံရှည်အိမ်လေးမှာ နေချင့်စဖွယ်ကောင်းလှပြီး အိပ်ခန်းနှစ်ခန်း မီးဖိုဆောင်နှင့်ဧည့်ခန်းတို့ပါဝင်သည်။
ယခုအခါ ဝါးအိမ်လေး၏အခန်းတစ်ခုထဲတွင် ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမပျိုလေးတစ်ယောက်ရှိနေသည်။
ခြေချိတ်ထိုင်ကာကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေသည့်မိန်းမပျိုလေး၏သွင်ပြင်က လက်ရာမြောက်သည့်ပန်းပုရုပ်ကလေးထက်ပင်ပို၍လှပနေသေးကာ အမို့အမောက်အရှိုက်အဝှမ်းများက ရှိရှိသမျှယောင်္ကျားသားတို့ကိုဆွဲဆောင်နိုင်စွမ်းရှိပေမည်။
သိူ့သော် သူမ၏ပြိုင်ဘက်ကင်းလှပသည့်မျက်နှာလေးက တင့်တယ်မြင့်မြတ်သည့်သွင်ပြင်ကိုဖော်ပြနေပြီး လူ့လောကနှင့်သက်ဆိုင်ခြင်းမရှိသည့်နတ်ဘုရားမတစ်ပါးနှင့်ဆင်တူလှသည် ။
ချစ်ခြင်းမုန်းခြင်းစိတ်ခံစားချက်ကင်းမဲ့သည့်အမူအယာက သူမကိုတွေ့မြင်သူတိုင်းလိုချင်တပ်မက်စိတ်ဝင်ရန်ဝေးစွ အဝေးမှသာလှမ်းမျှော်ကြည့်နိုင်သည်ဆိုသောခံစားချက်ကိုပေးစွမ်းလျက်ရှိပေသည်။
ရုတ်တရက်မိန်းမပျိုလေး၏မျက်ဝန်းများက ဖျက်ခနဲပွင်ဟလာပြီး ကြယ်များအလားတောက်ပသည့်မျက်ဝန်းလေးတစ်စုံက ဖျက်ခနဲအရောင်လက်သွားသည်။
ထိုစဉ် အခန်းတွင်းသို့ ရေဇလုံတစ်ခုနှင့် ပဝါတစ်ထည်ကိုယူလာသည့်သက်လက်ပိုင်းအမျိုးသမီးတစ်ဦးဝင်ရောက်လာကာ မိန်းမပျိုလေးကိုမြင်သည်နှင့် ရေဇလုံကိုဘေးချ၍ သူမဆီသို့အလျှင်အမြန်ချဉ်းကပ်သွားလိုက်သည်။
" နတ်သမီးလေး .....ဒီနေ့ရော ဘယ်လိုနေသေးလဲ...."
ထိုအမျိုးသမီးက ဤဒေသတစ်ဝိုက်တွင်နာမည်ကြီးသည့်သမားတော်တစ်ဦးဖြစ်ပြီး ဤနေရာသို့ အတင်းအကြပ်ခေါ်ဆောင်ခြင်းခံလာရပေသည် ။
မူလက သူမအနေဖြင့် သူမရောက်နေသည့်နေရာရှိလူများအကြောင်းသိလိုက်ရချိန် ထိတ်လန့်တုန်လှုပ်မိသော်လည်း အဖွဲ့ခေါင်းဆောင်လူရွယ်၏အထပ်ထပ်အာမခံမှုအပြင် ကျန်လူများ၏ ထိမ်းထိမ်းသိမ်းသိမ်းရှိသည့်အပြုအမူများကြောင့် ကြောက်လန့်စိတ်များပျောက်ကွယ်ကာ မိန်းမပျိုလေးကိုသေချာဂရုတစိုက်ကုသပေးခြင်းဖြစ်၏။
ယခု သုံးရက်မြောက်နေ၌ သူမ ထူထူထောင်ထောင်ဖြစ်လာရုံသာမက ရင်ဘက်ရှိဒဏ်ရာကြီးပင်အနာကျက်သွားဟန်တူသည်။
" ကျမ အဆင်ပြေပါတယ်...."
မိန်းမပျိုလေးကပတ်တီးဖြင့်တင်းကြပ်စွာစည်းနှောင်ထားသည့်သူမ၏ရင်ဘက်ကိုအသာပွတ်သတ်ရင်းပြန်ဖြေလိုက်သည်။
သူမ၏အသံက အေးစက်စက်ဖြစ်နေသော်လည်း ဤသည်က သူမ၏ပင်ကိုယ်စရိုက်ဖြစ်မှန်းသိ၍ အမျိုးသမီးက စိတ်မကွက်ဘဲ ပြုံး၍ပြောလိုက်သည်။
" ဒါဆိုလည်း ဒေါ်လေးလိမ်းဆေးသွားယူလိုက်ဦးမယ် ဒီမှာ ခဏနေခဲ့ဦး ..."
အမျိုးသမီးက မိန်းမပျိုလေးကိုညင်သာစွာပြောကာ အခန်းတွင်းမှထွက်ခွာသွားတော့သည်။
ထိုအမျိုးသမီးက ကြင်နာတတ်သည့်အပြုအမူကြောင့် မိန်းမပျိုလေး၏စိတ်ထဲတွင် နွေးထွေးသွားပြီး ပြင်ပလောကတွင်လည်း လူကောင်းများရှိနေသေးကြောင်းသတိပြုမိလိုက်သည်။
အထူးသဖြင့် သူမကိုကယ်တင်၍ခေါ်ဆောင်လာသည့်အပြင် လက်ဖျားဖြင့်ပင်မထိဘဲအမျိုးသမီးသမားတော်ကိုခေါ်ဆောင်ကာ ကုသပေးခဲ့သည်လူ၏ကျေးဇူးကြွေးကလည်း ကြီးမားလှပေသညိ ။
ထို့နောက် သူမ၏အကြည့်များက အခန်းအပြင်ဘက်ကိုရောက်ရှိသွားပြီး နီရဲသည့်နှုတ်ခမ်းဖျားမှ အေးစက်စက်စကားသံလေးထွက်ပေါ်လာပြန်သည်။
" ရောက်နေပြီဆိုမှတော့ ဝင်ခဲ့ပါ...."
မိန်းမပျိုလေး၏စကားအဆုံးတွင်အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီးခါးတွင်ဓားတစ်လက်ချိတ်ဆွဲထားသည့်လူရွယ်ကအခန်းတွင်းသို့ဝင်ရောက်လာသည်။
သူ၏သွင်ပြင်က တည်ငြိမ်အေးဆေးပြီး ယောင်္ကျားပီသသည့်ပုံစံရှိသည်။
သို့သော် သူရောက်ရှိနေခြင်းကိုမိန်းမပျိုက ဖော်ထုတ်လိုက်နိုင်၍ အနည်းငယ်ရှက်ရွံ့သွားပြီး ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။
" ကျုပ်တမင်ချောင်းနားထောင်နေတာမဟုတ်ပါဘူး။။ဒေါ်လေးရှောင်က ဒီကိုလာမယ်ဆိုတာနဲ့ ကျုပ်လည်းအတူလိုက်လာတာ...."
လူရွယ်၏ဖြေရှင်းချက်ကိုမိန်းမပျိုလေးကခေါင်းညိမ့်ပြလိုက်သည်။
ထိုလူရွယ်က ဓားပြခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုသိရသည့်တိုင်လွန်စွာလူကြီးလူကောင်းဆန်လှပြီးသူမကိုလည်း လိုလေသေးမရှိဂရုစိုက်ပေးလေသည်။
ထို့အပြင် လူရွယ်၏အကြည့်များ ၊ အပြုအမူများကသူမကိုချစ်မြတ်နိုးနေကြောင်းသိသာစေပြီး ထိုအချက်က မိန်းမပျိုလေးကိုအနည်းငယ် စိတ်ရှုပ်စေသော်လည်း ထိုလူရွယ်က ကောင်းမွန်သည့်လူတစ်ယောက်ဖြစ်၍ သူမ၏မိတ်ဆွေတစ်ယောက်ဟုဆိုနိုင်ပေသည်
&&&