ထွက်ခွာတော့မည့်အချိန်
Vol. 4 Ch. 38
လူရွယ်က အခန်းတွင်းရှိထိုင်ခုံတစ်လုံးကိုဆွဲယူကာ မိန်းမပျိုနှင့်အနည်းငယ်ကွာဝေးသည့်နေရာတွင်ထိုင်လိုက်သည်။
ထို့နောက် စကားတစ်ခွန်းမှမဆိုကြဘဲအနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးလူရွယ်၏မျက်ဝန်းများက ကုတင်ပေါ်ရှိမိန်းမပျိုလေးကိုမြတ်နိုးစွာကြည့်လိုက်ရင်း လက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည်။
" ကျုပ်ကြောင့် အနှောင့်အယှက်ဖြစ်သွားလား မိန်းကလေး...."
လူရွယ်၏မေးခွန်းကိုမိန်းမပျိုလေးက ခေါင်းယမ်းပြလိုက်သည်။
ခံစားချက်ကင်းမဲ့သည့်သူမ၏သွင်ပြင်က မြင့်မြတ်သည့်နတ်ဘုရားမတစ်ပါးနှင့်တူညီနေသည့်အပြင် အေးစက်မှုနှင့်တင့်တယ်မှုတို့ရောယှက်နေ၍ လူရွယ်လည်းစိတ်ထဲမှသက်ပြင်းဖွဖွချမိသည်။
ထိုမိန်းကလေးကိုသူကယ်တင်လာသည်က လေးရက်မြောက်နေ့ဖြစ်ပြီး ထိုအတောအတွင်း သူမ၏ဒဏ်ရာများလည်းသက်သာပျောက်ကင်းလာချေပြီ။
" ကျမ..ဒီကနေ ထွက်သွားတော့မယ်...."
မျှော်လင့်မထားဘဲကြားလိုက်ရသည့် မိန်းမပျိုလေး၏စကားသံကြောင့်လူရွယ်၏ခန္တာကိုယ်ကအနည်းငယ်တုန်ယင်သွားပြီး စိုးရိမ်ပူပန်သည့်လေသံဖြင့်ပြောလိုက်သည်။
" မင်းရဲ့ ဒဏ်ရာက အခုမှအနာကျက်တာမလား ကောင်းကောင်းပျောက်ကင်းဖို့ဆို နောက်သုံးလေးရက်လောက်အနားယူရဦးမယ်လို့ ဒေါ်လေးရှောင်ကပြောတယ်လေ။
ပြီးတော့ မင်းဆီမှာ ထူးဆန်းတဲ့အတွင်းဒဏ်ရာကလည်းရှိနေသေးတယ်....."
လူရွယ်က မိန်းမပျိုလေး၏ဒဏ်ရာများကိုအကြောင်းပြလိုက်သော်လည်း သူ၏ခံစားချက်အစစ်အမှန်ကိုသူကိုယ်တိုင်သာသိရှိပေမည် ။
သို့သော် မိန်းမပျိုလေး၏အမူအယာက ပြောင်းလဲခြင်းမရှိဘဲ အေးစက်စက်လေသံဖြင့်တုန့်ပြန်လိုက်သည််။
" ဓားဒဏ်ရာက ဒီလောက်အထိမဟုတ်တော့ပါဘူး။ ပြီးတော့ အတွင်းဒဏ်ရာက ပျောက်ကင်းဖို့မဖြစ်နိုင်သလောက်ပဲ...."
သူမ၏အခြေအနေကိုသူမအသိဆုံးဖြစ်ပြီး ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင် ခေါင်းမာသည့်အကျင့်ကရှိနေဆဲဖြစ်သည် ။
ထို့ကြောင့်ပင်အတွင်းဒဏ်ရာမပျောက်ကင်းမီချန်ချင်းဂိုဏ်းကိုသွားရောက်တိုက်ခိုက်ကာ တစ်ဖက်လူများ၏လက်ချက်ကြောင့်သေလုမျောပါးဖြစ်ခဲ့ရခြင်းဖြစ်၏။
မိန်းမပျိုလေး၏အဖြေကြောင့် လူရွယ်၏အမူအယာက အနည်းငယ်ရှုပ်ထွေးသွားပြီး တွန့်ဆုတ်သည့်လေသံဖြင့်မေးလိုက်သည်။
" ဒါဆို ... မင်းက အခုရောက်နေတဲ့နေရာနဲ့ ကျုပ်တို့ကို မကြိုက်လို့လား ။
ကျုပ်က လေနက်အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာတယ်ဆိုပေမယ့် အဲဒါက အခြေအနေအရပါ။
ပြောရရင်တော့ ဇာတ်လမ်းရှည်ကြီးပဲ ဒါပေမယ့် ကျုပ်သိုင်းလောကထဲမဝင်ခင် လေနက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်။
ပြီးတော့ ဒီကလူတွေရဲ့အကြောင်းကိုလေ့လာပြီးတဲ့နောက်မှာ သူတို့ကထင်သလောက်မဆိုးဘဲ အကြောင်းကြောင်းကြောင့်သာ ဆိုးသွမ်းခဲ့တဲ့လူတွေဖြစ်လာခဲ့တာကိူသိလိုက်ရတယ်။
ဒါကြောင့်လည်းသူတို့ကို ကူညီပြုပြင်ပြီးလမ်းမှန်ပေါ်ရောက်အောင်လုပ်ဆောင်ပေးနေတာပါ။ အခုတောင် ...."
လူရွယ်က အလေးအနက်ဖြစ်နေသည့်ပုံစံဖြင့်ဖြေရှင်းချက်ပေးနေပြီး မိန်းမပျိုလေးက သူ့ကိုရွံရှာစက်ဆုပ်သွားမည်ကိုစိုးရိမ်ပူပန်လျက်ရှိသည်။
သို့သော် သူ၏ စကားမဆုံးမီ မိန်းမပျိုလေးက ခေါင်းယမ်းပြ၍ တည်ငြိမ်စွာပြောလိုက်သည်။
" အဲဒါနဲ့မဆိုင်ပါဘူး ရှင့်ဘာသာရှင် ဓားပြခေါင်းဆောင်မကလိုဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ရှင်က လူကောင်းတစ်ယောက်ဆိုတာ ကျမစိတ်ထဲမှာသိနေတယ်....."
မိန်းမပျိုလေးက လိမ်လည်ပြောဆိုတတ်သူမဟုတ်ဘဲ အမှန်အတိုင်းပြောဆိုခြင်းဖြစ်သည်ကိုသိရှိ၍ လူရွယ်၏စိတ်ထဲတွင် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားမိ၏။
သို့သော် မိန်းမပျိုလေးက သူမ၏စကားကိုဆက်လိုက်သည်။
" ဒါပေမယ့် ကျမထွက်သွားမှဖြစ်မယ်...."
သူမ၏လေသံအရ ဆုံးဖြတ်ချက်မပြောင်းလဲတော့သည်ကိုကောင်းစွာရိပ်စားမိလိုက်၍ လူရွယ်၏မျက်နှာထက်ရှိအပြုံးက ပျောက်ကွယ်သွားသည် ။
ထို့နောက် အနည်းငယ်စဉ်းစားလိုက်ပြီးမှ ဖြေးညင်းစွာမေးလိုက်သည်။
" မင်းထွက်သွားဖို့ဆုံးဖြတ်တာ ချန်ချင်းဂိုဏ်းကြောင့်လား.... "
သူ၏မေးခွန်းကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများက အေးစက်သွားသော်လည်း ခေါင်းညိမ့်ပြလိုက်ကာ ပြန်မေးလိုက်သည်။
" ရှင် ကျမအကြောင်းကို သိနေတာလား....."
မိန်းမပျိုလေး၏မေးခွန်းကို လူငယ်က ခေါင်းညိမ့်ပြလိုက်ပြီး သူမ၏ပြိုင်ဘက်ကင်းသည့်မျက်နှာလေးကို ငေးစိုက်ကြည့်ကာပြောလိုက်သညိ။
" အခုသိုင်းလောကထဲမှာ မိစ္ဆာဓားသမားနဲ့ပတ်သတ်တဲ့သတင်းတွေကြောင်း အခြေအနေတွေရှုပ်ထွေးနေတယ်။
ဒါပေမယ့် ချန်ချင်းဂိုဏ်းကလူတွေနဲ့သိုင်းမဟာမိတ်ကလူတွေပူးပေါင်းပြီး ချန်ချင်းဂိုဏ်းကိုဝင်တိုက်ခဲါတဲ့သွေးအေးသခင်မကိုလိုက်ရှာနေတဲ့အကြောင်းကိုလည်း ငါသိခဲ့ရတယ်။
သူတို့ကိုခေါင်းဆောင်လာတာက သိုင်းဝိဇ္ဇာအဆင့်ရှိတဲ့ချန်ချင်းဂိုဏ်းချုပ်ပဲ ။ ပြီးတော့ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့် လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်နဲ့ လက်နက်ပုန်းသခင်ထန်ချင်းရှန်တို့လည်းပါသေးတယ်။
မင်းရဲ့သိုင်းပညာဘယ်လောက်ကောင်းကောင်း သူတို့ကိုယှဉ်နိုင်မှာမဟုတ်ဘူး။ အခုလို ဒဏ်ရာကောင်းကောင်းမပျောက်သေးတဲ့အချိန်ဆိုပိုဆိုးသေးတယ်....."
မိန်းမပျိုလေး၏သိုင်းပညာကိုအတိအကျမသိရသော်လည်း သူ့ထက်ပို၍မြင့်မားသည်က သေချာသလောက်ရှိနေပြီးထိုအကြောငိးကိုသိရစဉ်က လူရွယ်မှာ များစွာအံ့သြတုန်လှုပ်ခဲ့ရသည်။
အကြောင်းကား အသက်သုံးဆယ်မပြည့်မီသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သို့ရောက်ရှိခဲ့သည့်သူ့ကို ပါရမီရှင်များစွာ၏ထိပ်ဆုံးတွင်ရပ်တည်နေသူဟုဆိုနိုင်သည့်တိုင် ထိုမိန်းမပျို၏ပါရမီက သူ့ကိုပင်တုန်လှုပ်စေခဲ့သည်။
သို့သော် သူမ၏ခန္တာကိုယ်ထဲတွင်အားလှိုင်းများကရှုပ်ထွေးနေပြီး ထိုအတွင်းဒဏ်ရာကြောင့်သာ ချန်ချင်းဂိုဏ်းမှ သေလုမျောပါးထွက်ပြေးလာရခြင်းဖြစ်ပေသည်။
သို့မဟုတ်ပါက မိန်းမပျိုလေး၏သိုင်းပညာဖြင့် ချန်ချင်းဂိုဏ်းချုပ်ကိုအနိုင်မယူနိုင်လျှင်ပင် ဆုတ်ခွာရန်က ပြဿနာရှိမည်မဟုတ်ပေ။
လူရွယ်သိရှိမထားသည့်အချက်တစ်ခုက ထိုညကတိုက်ပွဲတွင် ချန်ချင်းဂိုဏ်းချုပ်ကို သူ၏ရှေ့ရှိမိန်းမပျိုကအနိုင်ယူလုနီးပါးဖြစ်ခဲ့ခြင်းဖြစ်ပြီး နတ်ဓားရှင်ဝေ့ယန်ပါ ဝိုင်းဝန်းတိုက်ခိုက်၍ သေလုမျောပါးထွက်ပြေးလာရခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လေသံထဲတွင် မိန်းမပျိုလေးအတွက် စိုးရိမ်နေမှန်းအထင်အရှားတွေ့မြင်နိုင်သော်လည်း သူမ၏အမူအယာက လုံးဝပြောင်းလဲခြင်းမရှိပေ။
ထိုနည်းတူ သူမ၏ဆုံးဖြတ်ချက်ကိုလည်းလုံးဝပြောင်းလဲမည့်ဟန်မတူပေ။
သိုင်းဝိဇ္ဇာတစ်ယောက်၏ပစ်မှတ်ထားခြင်းခံရသည်ကို တစ်စက်ကလေးမှကြောက်လန့်ခြင်းမရှိသည့်မိန်းမပျိုလေး၏ပုံစံကိုတစ်ချက်ကြည့်ရင်း လူရွယ်က သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။
" မင်းရဲ့ပြိုင်ဘက်ကင်းတဲ့ရုပ်ရည်နဲ့မြင့်မားတဲ့သိုင်းပညာအရဆိုရင် ချန်ချင်းဂိုဏ်းကအသဲအသန်လိုက်သတ်နေတဲ့ သွေးအေးသခင်မကမင်းဆိုတာကို ငါခန့်မှန်းမိခဲ့တယ်..."
လူရွယ်၏လေသံက တည်ငြိမ်နေ၍ မိန်းမပျိုလေးက ဖြေးညင်းစွာမေးလိုက်သည်။
" သိုင်းလောကထဲမှာ ကျမရဲ့ရက်စက်တဲ့သတင်းတွေပဲရှိနေတာလေ။ ရှင်က ကျမကို ဘာဖြစ်လို့ကယ်တင်ခဲ့တာလဲ..."
မိန်းမပျိုလေး၏မေးခွန်းကြောင့် လူရွယ်က တောက်ပစွာပြုံးလိုက်သည်။
" သူတို့ရဲ့စိတ်ထဲမှာ မင်းက ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်နေရင်တောင် ငါက ဂရုမစိုက်ပါဘူး။
မင်းပြောသလိုပဲလေ မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါ့စိတ်ထဲမှာသိနေတယ်...."
သူမစကားနှင့်သူမကိုပြန်ပြောလိုက်သည့်လူရွယ်၏စကားကြောင့် မိန်းမပျိုလေး၏မျက်နှာက ပြုံးယောင်သမ်းသွားသည်။
ထိုအခါ သူမ၏မြင့်မြတ်တင့်တယ်သည့်သွင်ပြင်က အဆများစွာပို၍လှပလာပြီး လူရွယ်မှာ မိန်းမပျိုလေးကိုပထမဆုံးအကြိမ်တွေ့ရခြင်းမဟုတ်သည့်တိုင် သူမ၏အပြုံးတွင် ငေးမောသွားရပြန်သည်။
သို့သော် သူမ၏အမူအယာက တခဏအတွင်း ခံစားချက်ကင်းမဲ့သည့်သွင်ပြင်သို့ပြန်လည်ရောက်ရှိသွားပြီး ကုတင်ပေါ်မှဆင်းကာ ပြတင်းပေါက်နားတွင်ရပ်လိုက်သည်။
အဖြူရောင်ခန်းစီးစလေးက လေအဝှေ့တွင်မျောလွင့်လာသလို စည်းနှောင်ခြင်းမရှိဘဲလွတ်လပ်စွာဖြန့်ချထားသည့်မိန်းမပျို၏ပျော့ပြောင်းသည့်ဆံနွယ်များက ပိုးသားများလိုမျောလွင့်နေလေသည်။
ထိုခဏတွင် လူရွယ်၏မျက်ဝန်းထဲ၌အရောင်အသွေးစုံလင်သည့်ကမ္ဘာလောကကြီးတစ်ခုလုံးအဖြူနှင့်အမည်းဖြစ်သည်ဟုထင်မြင်လိုက်ကာ သူနှင့်ခြေလှမ်းအနည်းငယ်အကွာ၌ရပ်နေသည့်မိန်းမပျိုလေးတစ်ဦးကိုသာ မြင်တွေ့နေရတော့သည်။
သူတို့နှစ်ယောက်၏အကြားတွင် ခြေလှမ်းအနည်းငယ်သာကွာဝေးသော်လည်း ထိုအကွာအဝေးက ဖြတ်ကျော်ရန်မဖြစ်နိုင်သည့်ချောက်နက်ကြီးဟုခံစားမိနေသညိ။
သူမက လူ့လောကနှင့်မသက်ဆိုင်ဘဲ မြင့်မြတ်သည့်နတ်ဘုရားမတစ်ပါးဆိုလျှင် သူက သိုင်းလောကတွင် လှုပ်ရှားရုန်းကန်နေသည့်ဓားသမားလေးတစ်ဦးသာဖြစ်သည်။
လူရွယ်ရင်ထဲတွင်စိတ်ရှုပ်ထွေးမှုများ၊ ကူကယ်ရာမဲ့မှုများဖြစ်တည်လာသော်လည်း တခဏအတွင်းထိုခံစားချက်များပျောက်ကွယ်သွားပြီး သူ၏စိတ်ထဲ၌ ကျေနပ်သည့်ပီတိတစ်မျိူးသာကျန်ရှိတော့သည်။
သူမကိုပိုင်ဆိူင်ရန်မဖြစ်နိုင်လျှင်ပင် မိတ်ဆွေများအဖြစ်ရှိနေပြီး အဝေးမှငေးကြည့်ခွင့်ရခြင်းက သူ့အတွက် အကြီးမားဆုံးဆုလာဒ်တစ်ခုဖြစ်ပေလိမ့်မည်။
လူရွယ်၏မျက်ဝန်းများက ကြည်လင်နေကာ သူ၏မျက်နှာထက်တွင်ကား တောက်ပသည့်အပြုံးတစ်ပွင့်ဖြစ်တည်လာတော့သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ကျမ မနက်ဖြန်ကျရင် ဒီကနေထွက်သွားမယ် .."
သူမ၏လေသံက ခွင့်ပြုချက်တောင်းနေခြင်းမဟုတ်ဘဲ အသိပေးသည့်သဘောဖြစ်သည့်အပြင် သူမကိုဟန့်တားနိုင်သည့်အစွမ်းမရှိလေရာ လူရွယ်လည်း စိတ်ထဲတွင်သက်ပြင်းတစ်ချက်ချလိုက်မိသော်လည်း ခေါင်းညိမ့်ကာပြောလိုက်သည်။
" ကောင်းပါပြီ ။ ဒါပေမယ့် မင်းနဲ့အတူ ငါလည်းလိုက်ခဲ့မယ်။
ငါ့ရဲ့သိုင်းပညာနဲ့ဆိုရင် သိုင်းဝိဇ္ဇာတစ်ယောက်ကိုမယှဉ်နိုင်သေးပေမယ့် သိုင်းဝိဇ္ဇာတစ်ဝက်နှစ်ယောက်ကိုငါထိမ်းထားနိုင်မှာပါ... "
လူရွယ်၏လေသံကတည်ကြည်လေးနက်နေပြီးကြွားဝါခြင်းမဟုတ်ပေ။
သို့သော် သူ၏အသက်အရွယ်ဖြင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရောက်ရှိနေခြင်းက လွန်စွာအံ့ဩဖွယ်ကောင်းလှပြီးချောင်ဖေးဟုန်တို့လို ကျော်ကြားသည့်လူများကိုပင် ယှဉ်ပြိုင်နိုင်ခြင်းက သူ၏တိုက်ပွဲစွမ်းအားမနိမ့်ကျသည်ကိုလည်းပြသနေသည်။
ထူးဆန်းစွာဖြင့် လူရွယ်၏အကြောင်းကိုသိုင်းလောကသားများ မသိရှိကြပေ။
သူ၏တောင်းဆိုမှုကြောင့် မိန်းမပျိုလေး၏မည်းနက်သည့်မျက်ခုံးကလေးနှစ်ခုက အသာစုကြုံ့သွားပြီးတစ်စုံတစ်ရာပြောမည်ပြုစဉ် ကျယ်လောင်စွာထွက်ပေါ်လာသည့်ငှက်အော်သံများကြောင့် လူရွယ်က အလျှင်အမြန်ထရပ်လိုက်သည်။
" စခန်းကိုရန်သူတွေချဉ်းကပ်လာနေပြီ....."
သူ၏အမူအယာက မိန်းမပျိုလေးနှင့်ပြောဆိုစဉ်ကလိုမဟုတ်တော့ဘဲ ပြက်သားတည်ကြည်သည့် ပုံစံသို့ပြောင်းလဲသွားပေသည်။
&&&