← Chapters

တိုက်ပွဲ

Vol. 4 Ch. 40

တိုက်ပွဲ

Vol. 4 Ch. 40

ကျော်ကြားလှသည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သခင်နှစ်ယောက်ကိုရင်ဆိုင်နေရချိန်တွင်ပင် အကြောက်အလန့်ကင်းသည့်ခေါင်းဆောင်ပုံစံကို လေနက်အဖွဲ့သားများက လေးစားစွာကြည့်လိုက်ကြသည်။

သို့သော် ချန်ချင်းဂိုဏ်းသားများ၏နောက်ဘက်မှ အဖိုးအိုတစ်ဦးထွက်ပေါ်လာပြီးလူရွယ်နှင့် လေနက်အဖွဲ့သားများကို အလေးမထားသည့်ဟန်ဖြင့်ကြည့်ကာပြောလိုက်သည်။

" သွေးအေးသခင်မဘယ်မှာလဲ... သူ့ကိုထုတ်မပေးရင် မင်းတို့တစ်ဖွဲ့လုံးဖျက်ဆီးခံရလိမ့်မယ်....."

အဖိုးအို၏လေသံကများစွာတင်းမာခြင်းမရှိသော်လည်း သူ၏စကားကြောင့် လေနက်အဖွဲ့သားများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

အဖိုးအိုက လေနက်အဖွဲ့သားများကို အလေးမထားသော်လည်း သူ၏စကားတစ်ခွန်းက သူတို့တစ်ဖွဲ့လုံး၏သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးနိုင်ပေသည်။

အကြောင်းကား ထိုအဖိုးအိုက သိုင်း‌လောက၏ထိပ်တန်းတွင်ရပ်တည်နေသည့်သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် ချန်ချင်းဂိုဏ်းချုပ် ချန်စန်ဖြစ်၍ပင်။

" ဆရာကြီးချန် နားလည်မှုလွဲနေပြီနဲ့တူတယ် ကျုပ်တို့ လေနက်အဖွဲ့က သွေးအေးသခင်မနဲ့ ဘယ်လိုမှမပတ်သတ်ပါဘူး...."

မြေခွေးနီက အဖိုးအိုချန်စန်ကိုအရိုအသေပေးကာပြောလိုက်သည်။

တစ်ဖက်လူများက ကောင်းမွန်သည့်ရည်ရွယ်ချက်မရှိသော်လည်း သူတို့အနေဖြင့်မကျေနပ်မှုကိုဖော်ပြ၍မရနိုင်ပေ။

ထိုနည်းတူ မြေခွေးနီသာမက ကျန်လေနက်အဖွဲ့သားများလည်း အဖိုးအိုချန်စန်၏စကားကိုအံ့အားသင့်နေကြသည်။

လူရွယ်မှလွဲ၍ ကျန်လူများက သူတို့ခေါင်းဆောင် ကယ်တင်လာသည့် မိန်းမပျိုလေးနှငိ့သွေးအေးသခင်မတို့ကိုတစ်ယောက်ထဲဖြစ်ကြောင်းသိမထားရာ အဖိုးအိုချန်စန်၏စကားကိုနားမလည်နိုင်ကြခြင်းဖြစ်သည် ။

သိသိသာသာပင် ချန်ချင်းဂိုဏ်း၊ သိုင်းမဟာမိတ်နှင့် သွေးအေးသခင်မတို့၏အကြောင်းအရာများကိုသိုင်းလောကတစ်ခုလုံးသိရှိထားသည့်အတွက် သူတို့လည်း ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည့်သွေးအေးသခင်မအကြောင်းကို ကောင်းစွာကြားဖူးကြသည်။

" ဒါမှမဟုတ် ...."

အဖိုးအိုပြန်မဖြေမီ မြေခွေးနီကတစ်စုံတစ်ခုကိုတွေးလိုက်မိကာ မျက်နှာပျက်သွားပြီး လူရွယ့်ကိုကြည့်လိုက်သည်။

ထိုစဉ် လူရွယ်က သက်ပြင်းတစ်ချက်ချ၍အဖိုးအိုချန်စန်ကိုပြောလိုက်သည်။

" ဟုတ်တယ် သူ့ကို ကျုပ် ကယ်တင်လာတာပဲ ...ဒါပေမယ့် ခင်ဗျားတို့ကို လွှဲပေးမှာမဟုတ်ဘူး ....."

လူရွယ်၏လေသံက ပြက်သားတည်ကြည်လှ၍ မြေခွေးနီလည်းမျက်နှာပျက်သွားသည်။

ယခုမှ သူတို့စခန်းသို့ရောက်ရှိနေသည့်မိန်းမပျိုလေးနှင့် ချန်ချင်းဂိုဏ်းကို မွှေနှောက်သွားသည့်သွေးအေးသခင်မတို့အကြောင်းဆက်စပ်မိကာ လေနက်အဖွဲ့သားများလည်း ဆူဆူညံညံဖြစ်လာကြသည်။

သူတို့ထဲမှအများစုက မိန်းမပျိုလေးကိုလက်လွှဲပေးစေလိုသော်လည်း သူတို့ခေါင်းဆောင်းကိုမပြောဝံ့ကြပေ။

ထို့ကြောင့် ဝက်ဝံရိုင်းက အနည်းငယ်တွန့်ဆုတ်သည့်လေသံဖြင့်ပြောလိုက်သည်။

" ခေါင်းဆောင် သူ့ကိုအပ်လိုက်တာကောင်းမယ်ထင်တယ်....."

" ဟုတ်ပါတယ်ခေါင်းဆောင် အဖွဲ့အတွက်လည်းစဉ်းစားပါဦး....."

သူတိူ့၏စကားအသွားအလာကိုကြည့်၍ ဤနေရာတွင် သွေးအေးသခင်မရှိနေသည်ကသေချာသလောက်ဖြစ်ပြီး ချောင်ဖေးဟုန်နှင့်ထန်ချင်းရှန်တို့လည်းအဖိုးအိုချန်စန်ကိုကြည့်လိုက်ကြသညိ။

မြေခွေးနီနှင့်ဝက်ဝံရိုင်းတို့၏ဖြောင်းဖျပြောဆိုမှုကြောင့် လူရွယ်လည်း တုန်လှူပ်နေကြပြီးသူ့၏အဖြေကိုစောင့်မျှော်နေသည့်အဖွဲ့သားများကိုကြည့်လိုက်မိသည်။

ထိုလူများနှင့်အတူရှိခဲ့သည်က လေးလပင်မပြည့်သေးသော်လည်း သူတို့၏ကြားတွင်ရင်းနှီးသည့်ဆက်ဆံရေးရှိကာ သူ့ကိုလည်းအမှန်ပင်ခေါင်းဆောင်တစ်ယောက်အဖြစ်လေးစားယုံကြည်ကြသည်။

ထို့ကြောင့် သူ့အတွက် တစ်ဖွဲ့လုံးဒုက္ခရောက်မည့်အဖြစ်ကို အလိုမရှိဘဲ လူရွယ်လည်း အံကိုတင်းတင်းကြိတ်ကာ အဖိုးအိုချန်စန်ကိုပြောလိုက်သည်။

" ဟုတ်တယ် သူ့ကိုကျုပ်ကယ်တင်ခဲ့တာ။ ဒါပေမယ့် ကျုပ်အဖွဲ့သားတွေနဲ့မဆိုင်ဘူး.... ကျုပ်ကိုအနိုင်ယူနိုင်ရင် သူရှိတဲ့နေရာကိုပြောမယ်....."

လူရွယ်က သူ၏ဓားကိုဆွဲထုတ်ကာ ရဲရင့်စွာဖြင့်စိန်ခေါ်စကားဆိုလိုက်သည်။

သူ့အနေဖြင့် သိုင်းဝိဇ္ဇာတစ်ယောက်ကို လုံးဝယှဉ်နိုင်မည်မဟုတ်သည်ကို သူကောင်းစွာသိရှိပေသည်။

သို့သော် ထိုအချိန်အတောအတွင်း သူမထွက်ပြေးလွတ်မြောက်လိမ့်မည်ဟုသာ မျှော်လင့်ရပေမည်။

" ခေါင်းဆောင်...."

လူရွယ်၏အပြုအမူကြောင့် လေနက်အဖွဲ့သားများ ဝမ်းနည်းစွာအော်ဟစ်လိုက်ကြစဉ် အဖိုးအိုချန်စန်က စိတ်မရှည်ဘဲ လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။

" သူတို့အားလုံးကိုတိုက်ခိုက်.. အညံ့မခံတဲ့လူကိုသတ်။ တစ်ယောက်ယောက်ကျန်နေရင်တောင် မေးလို့ရသေးတယ် ..."

အဖိုးအိုချန်စန်၏ရက်စက်သည့်စကားကြောင့် လူရွယ်၏မျက်နှာပျက်ယွင်းသွားစဉ် အဖိုးအို၏အမိန့်ကြောင့် ချောင်ဖေးဟုန်နှင့်ထန်ချင်းရှန်တို့ကလူရွယ့်ဆီသို့ပြေးဝင်လာကြသလို ချန်ချင်းဂိုဏ်းနှင့် သိုင်းမဟာမိတ်မှလူများက လေနက်အဖွဲ့သားများကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

အစောပိုင်းကပင် တည်ငြိမ်အေးချမ်းနေသည့်နေရာလေးတွင် လက်နက်ချင်းထိခတ်သံများ၊ အော်ဟစ်မာန်သွင်းသံများက ဆူညံသွားပြီး တခဏအတွင်း ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်ပွားလေတော့သည် ။

လူရွယ်က အဖိုးအိုချန်စန်၏အညှာအတာကင်းမဲ့သည့်အမိန့်ကြောင့် ဒေါသထွက်သွားသော်လည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှစ်ယောက်၏တိုက်ကွက်များကို ကာကွယ်လိုက်ရသည်။

ဦးစွာဝင်ရောက်လာသည်က လက်နက်ပုန်းသခင်ဟုလူသိများသည့်ထန်ချင်းရှန်ဖြစ်ပြီး လက်တစ်ဖက်ဝေ့ယမ်းလိုက်သည်နှင့်များပြားလှသည့်လက်နက်ပုန်းများက ပျားပိတုန်းများလိုလျှင်မြန်စွာဝင်ရောက်လာလေသည်။

ထို့ကြောင့် လူရွယ်လည်း သူ၏‌ဓားကိုမွတ်နေအောင်ဝေ့ယမ်းကာ ထန်ချင်းရှန်၏လက်နက်ပုန်းများကို ကာကွယ်လိုက်လေသည်။

" ထန်း...."

သံချင်းထိခတ်သံများကကျယ်လောင်စွာထွက်ပေါ်လာပြီး သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးကို ဇကာပေါက်ဖြစ်သွားစေမည့်လက်နက်ပုန်းများမှာ လူရွယ်၏အနီးသို့ပင်မရောက်ရှိခဲ့ပေ။

သူ၏ဓားမှထွက်ပေါ်လာသည့်အရှိန်အဟုန်ကလွန်စွာကြီးမားလှပြီး ဓားလှိုင်းဖြင့်ပင် ထန်ချင်းရှန်၏လက်နက်ပုန်းများကိုရိုက်ထုတ်လိုက်ခြင်းဖြစ်သည်။

ထိုအဖြစ်ကြောင့် ထန်ချင်းရှန်နှင့်ချောင်ဖေးဟုန်တိူ့ ပို၍အလေးအနက်ထားလာကြသော်လည်း သူတို့၏တိုက်ကွက်များကိုမူ ရပ်တန့်ခြင်းမရှိပေ။

" ချွမ်း... ချွမ်း...."

ကျယ်လောင်သည့်မည်သံများနှင့်အတူ လူရွယ်၏ဓားနှင့် ချောင်ဖေးဟုန်တို့၏ဓားက အကြိမ်များစွာထိတွေ့သွားသည်။

ချောင်မျိုးနွယ်စလျှပ်တပြတ်ဓားသိုင်းက နာမည်ကျော်ကြားလှသလို ချောင်ဖေးဟုန်ကိုယ်တိုင်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦးဖြစ်ရာ သူ၏ဓားကွက်များကကြောက်မက်ဖွယ်ကောင်းလှသည် ။

သို့သော် ထိုအခြေအနေတွင်ပင် လူရွယ်ကချောင်ဖေးဟုန်၏တိုက်ကွက်တိုင်းကို အေးအေးဆေးဆေးကာကွယ်လိုက်နိုင်ပြီး သူ၏ဓားကွက်များက သာမန်ဟုထင်ရသည့်တိုင် ချောင်ဖေးဟုန်ကိုပင် ပြန်၍နောက်ဆုတ်သွားစေခဲ့သည်။

" မဖြစ်နိုင်တာ...."

ချောင်ဖေးဟုန်က ဓားချင်းထိ‌တွေ့မှုမှတစ်ဆင့် တစ်ဖက်လူ၏အတွင်းအားက သူ့ထက်အနည်းငယ်သာနိမ့်ကျနေကြောင်းသိလိုက်ရာ အံ့အားသင့်စွာဖြင့်ရေရွတ်လိုက်မိ၏။

သို့သော် လူရွယ်၏တိုက်ကွက်များကရပ်တန့်မနေဘဲ ချောင်ဖေးဟုန်ဆီသို့စဥ်ဆက်မပြက်တိုးဝင်လာလေသည်။

" ဝှစ်...."

" ထန်း...."

တောက်ပသည့်ဓားရိပ်များက သူတို့နှစိဦး၏ဝန်းကျင်တွင်လွှမ်းခြုံနေသလို ကြောက်စရာကောင်းသည့်ဓားလှိုင်းများက ပျံ့လွင့်လျက်ရှိသည်။

လျှပ်တပြတ်ဓားသိုင်းကိုကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားနိုင်သည့်ချောင်ဖေးဟုန်၏ဓားကွက်များက လွန်စွာကြောက်မက်ဖွယ်ကောင်းလှသော်လည်း တစ်ကွက်ဆို ဆိုသလောက် ထိရောက်လှသည့်လူရွယ်၏ဓားကွက်များကိုကျော်လွန်နိုင်ခြင်းမရှိပါချေ။

သူ၏ဓားကွက်များက ရိုးစင်းပြီး များစွာလျှင်မြန်ခြင်းမရှိသည့်တိုင်တိုက်ကွက်များက အချိတ်အဆက်မိလှကာ ပြင်းထန်လှသည့်အရှိန်အဟုန်ဖြင့်ချောင်ဖေးဟုန်ကိုပင် စဉ်ဆက်မပြက်ဖိအားပေးလျက်ရှိသည်။

တိုက်ကွက်ငါးဆယ်အတွင်းချောင်ဖေးဟုန်မှာ လူရွယ်၏ဖိနှိပ်မှုကိုခံနေရပြီး အောက်စည်းသို့ပင်အနည်းငယ်ရောက်ရှိနေသည်။

ထင်မှတ်မထားသည့်ရှုထောင့်များမှတိုက်ခိုက်နိုင်သည့်လျှပ်တပြတ်ဓားသိုင်းက ရေပတ်မဝင်အောင်

ပြင်းထန်သည့်လူရွယ်၏ဓားကွက်များကိုထိုးဖောက်နိုင်ခြင်းမရှိခဲ့ပေ။

ထိုအဖြစ်ကြောင့် ချောင်ဖေးဟုန်၏မျက်နှာကြီးကတင်းမာလာပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည့်တိုင်လူရွယ်၏ဓားကွက်များအောက်မှရုန်းထွက်နိုင်ခြင်းမရှိခဲ့ပေ။

ထိုစဉ် အကွက်ကောင်းကိုချောင်းနေသည့် ထန်ချင်းရှန်၏လက်နကပုန်းများက လွင့်ပျံ့လာသည်။

" ဝှစ် . ဝှစ်...."

ခပ်တိုးတိုးထွက်ပေါ်လာသည့်လေတိုးသံများနှင့်အတူ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်လာသည့်လက်နက်ပုန်းများကြောင့် လူရွယ်လည်းထိတ်ခနဲဖြစ်သွားသည်။

ချောင်ဖေးဟုန်နှင့်အပြင်းအထန်ရင်ဆိုင်တိုက်ခိုက်နေ၍ ထန်ချင်းစန်ကိုပင်ခေတ္တမေ့လျော့သွားမိကာ အတွေ့အကြံရင့်သိုင်းသမားတစ်ဦးပီပီ ထန်ချင်းရှန်ကလည်းအခြေအနေကိုအခွင့်ကောင်းယူကာ ချက်ခြင်းတိုက်ခိုက်လိုက်ခြင်းဖြစ်၏။

" ထန်း ...ထန်း...."

ယခုတစ်ကြိမ်၌ ထန်ချင်းရှန်၏လက်နက်ပုန်းများကလွန်စွာပြင်းထန်လှပြီး လူရွယ်ပင် လက်နက်ပုန်းများကိုကာကွယ်ရင်းနောက်ဆုတ်ပေးလိုက်ရသည်။

ထိုအခါ ချောင်ဖေးဟုန်ကလည်းရှေ့သို့ထပ်ကြပ်မကွာလိုက်ပါလာပြီးလူရွယ့်ကို အစွမ်းထက်သည့်တိုက်ကွက်များဖြင့် ချက်ခြင်းတိုက်ခိုက်လိုက်လေသည်။

" ထန်း.. ချွမ်း...."

သူတို့သုံးယောက်၏အနီးဝန်းကျင်တွင် တောက်ပသည့်ဓားရိပ်များနှင့်ထက်ရှသည့်ဓားလှိုင်းများရှုပ်ထွေးနေပြီး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်ဓားသမားနှစ်ယောက်မှာ သူတစ်ပြန်ကိုယ်တစ်ပြန်အစွမ်းကုန်တိုက်ခိုက်နေကြသည် ။

တစ်ခါတစ်ရံ ဘေးဘက်သို့လွင့်စင်လာတတ်သည့်လက်နက်ပုန်းများကြောင့် သူတို့နှင့်ပေသုံးဆယ်ပတ်လည်အတွင်းမည်သူမှမချဥ်းကပ်ဝံ့ပေ။

‌

လူရွယ်နှင့်အဓိကတိုက်ခိုက်နေသည်ကချောင်ဖေးဟုန်ဖြစ်သော်လည်း ထန်ချင်းရှန်ကဘေးဘက်မှနေ၍ လက်နက်ပုန်းများဖြင့်ကူညီတိုက်ခိုက်ပေးနေသည်။

ထို့ကြောင့်လူရွယ်မှာ ချောင်ဖေးဟုန်၏လျှပ်တပြတ်ဓားကွက်များကိုရင်ဆိူင်နေရရုံသာမက အန္တရာယ်များသည့်လက်နက်ပုန်းများကိုပါသတိထားနေရသည့်အတွက်တစ်ပန်းရှုံးနေသည်ဟုဆိုရမည် ။

သို့သော် ထိုအခြေအနေတွင်ပင် လူရွယ်က အရေးနိမ့်ခြင်းမရှိဘဲ ချောင်ဖေးဟုန်ကိုဖိအားပေးတိုက်ခိုက်နေဆဲဖြစ်ပြီး ထန်ချင်းရှန်၏ကူညီမှုသာမရှိပါက ချောင်‌ဖေးဟုန်တစ်ယောက်လူရွယ့်ကိုယှဉ်နိုင်မည်မဟုတ်ပေ။

ထိုနည်းတူချောင်ဖေးဟုန်နှင့်ထန်ချင်းရှန်တို့လည်း နာမည်မကျော်ကြားသော်လည်း လွန်စွာအစွမ်းထက်လှသည့်လူငယ်၏သိုင်းပညာကို တအံ့တသြဖြစ်နေကြသည်။။

သူတို့နှင့်မလှမ်းမကမ်းတွင် ချန်ချင်းဂိုဏ်းချုပ် ချန်စနိက လက်နောက်ပစ်၍ရပ်နေပြီး လူရွယ်၏ဓားသိုင်းကို အသေအချာအကဲခပ်နေသည်။

သူ၏မျက်ခုံးများကအနည်းငယ်စုကြုံနေပြီး မျက်နှာထက်တွင် အံ့ဩသည့်အမူအယာတစ်ခုကိုတွေ့ရပေမည် ။

&&&

All Chapters