ပျောက်ဆုံးသောသူ
Vol. 4 Ch. 42
လျှိုစမ်းမြို့
သူဌေးဟိုင်အယောင်ဆောင် လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်ကိုနှိမ်နင်းပြီးနောက်တွင် လျှိုစမ်းမြို့လေးက ယခင်ထက်များစွာစည်ပင်သာယာလာခဲ့ပြီး မြို့တွင်းရှိစီးပွားရေးလုပ်ငန်းများလည်း ပို၍ဖွံဖြိုးတိုးတက်လာခဲ့သည်။
ယခုလိုတိုးတက်ပြောင်းလဲမှုများ၏အဓိကစွမ်းဆောင်သူများဖြစ်သည့် ယန်စီသူရဲကောင်းညီနောင်ကို လျှိုစမ်းမြို့ခံများသာမက ယန်စီမြစ်ကြောင်းတစ်လျှောက်ရှိလူများပါကျေးဇူးတင်မဆုံးဖြစ်နေကြသည် ။
လျှိုးစမ်းမြို့၏တစ်နေရာတွင်ရှိသည့် တိတ်ဆိတ်ငြိမ်သက်သည့်ခြံဝန်းငယ်တစ်ခုထဲတွင် အဖြူရောင်ကျောင်းတော်သားဝတ်စုံဝတ်လူငယ်တစ်ယောက် ၊ အပြာရောင်ဝတ်စုံဝတ် အသက်လေးဆယ်ခန့်ရှိမည့်လူတစ်ဦး ၊ ကလေးမလေးတစ်ယောက်တို့ရှိနေကြသည်။
ကျောင်းတော်သားဝတ်စုံဝတ်လူငယ်နှင့်ကလေးမလေးတို့က အတူတကွရှိနေခြင်းဖြစ်ပြီး အပြာရောင်ဝတ်စုံဝတ်လူက သူတို့နှင့်မျက်နှာချင်းဆိုင်နေရာတွင်ထိုင်နေခြင်းဖြစ်သည်။
အပြာရောင်ဝတ်စုံဝတ်လူက လျှိူစမ်းမြို့၏သင်တန်းကျောင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အရက်ချိုးထိချုံးဖြစ်ပြီး ယခုအခါ အရက်ချိုးနာမည်ပျောက်၍ ဆရာထိချုံးဟူ၍ လူအများလေးစားမှုကိုခံယူရသူတစ်ဦးလည်းဖြစ်သည် ။
သူ၏ဘဝကိုပြောင်းလဲစေသည့်လူနှစ်ယောက်အနက်တစ်ယောက်ကသူ၏ရှေ့တွင်ရှိနေပြီး ထိချုံးလည်း အနည်းငယ်တွန့်ဆုတ်သည့်လေသံဖြင့်ပြောလိုက်သည်။
" မင်းတကယ်သွားတော့မှာလားညီလေးရှောင် ...."
ထိချုံး၏စကားကို လူငယ်က ခေါင်းညိမ့်ပြလိုက်ပြီး ဘေးတွင်ရှိနေသည့်ကလေးမလေး၏ဦးခေါင်းကိုပွတ်ကာပြောလိုက်သည်။
" ကျုပ် ဆက်ပြီးအချိန်ဆွဲနေလို့မဖြစ်တော့ဘူးအစ်ကိုထိချုံး သူ့ကိုပဲ ကောင်းကောင်းဂရုစိုက်ထားလိုက်ပါ...."
လူငယ်၏စကားကြောင့်ကလေးမလေး၏မျက်ဝန်းများက အရည်လဲ့လာပြီး လူငယ်၏အင်္ကျီစကိုဆွဲကာပြောလိုက်သည်။
" အစ်ကိုကြီး အစ်ကိုကြီးက ယွီယွီ့ကိုမလိုချင်တော့ဘူးလား...."
ကလေးမလေး၏လေသံကလွန်စွာကရုဏာသက်ဖွယ်ကောင်းနေပြီး ငြင်းဆန်ရန်ခက်ခဲလှသည့်ကြည်လက်သည့်မျက်ဝန်းလေးများကြောင့်လူငယ်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုကလေးမလေးကိုသူခေါ်ဆောင်လာသည်က သုံးရက်မြောက်နေ့ဖြစ်ပြီး မုယွင်မြို့တွင် သူမ၏ဆွေမျိုးသားချင်းများလည်းရှိမနေရာ သူမ၏အဖိုးအိုမြေမြုပ်ပြီးနောက်သူနှငိ့အတူခေါ်ဆောင်လာရခြင်းဖြစ်၏။
သို့သော် သူ့ထံတွင်လည်း အရေးတကြီးလုပ်စရာကိစ္စရှိနေသေး၍ သူမကိုသွားလေရာခေါ်မသွားနိုင်ဘဲ ယုံကြည်စွာအပ်နှံ၍ရသည့် ထိချုံးဆီသို့ခေါ်လာခြင်းဖြစ်သည်။
" ငါက မင်းကိုမလိုချင်လို့မဟုတ်ပါဘူး အရေးတကြီးလုပ်စရာကိစ္စတစ်ခုရှိနေလို့ပါ။
ပြီးရင် အရမ်းလှတဲ့မမတစ်ယောက်ကိုခေါ်လာပြီး ယွီအာလေးဆီကိုပြန်လာခဲ့မယ်ကြားလား...."
လူငယ်က တည်ငြိမ်အေးဆေးသည့်အပြုံးဖြင့် ကလေးမလေးကိုနှစ်သိမ့်လိုက်သည်။
နေရင်းထိုင်ရင်း ကလေးတစ်ယောက်ကောက်ရသည့်သူ့အဖြစ်က အနည်းငယ်အံ့ဩစရာကောင်းသော်လည်း ထိုကလေးမလေး၏ဘဝက လွန်စွာသနားစရာကောင်းနေသည့်အပြင် မျက်နှာလွဲခဲပစ်မလုပ်နိုင်၍ ယခုလိုခေါ်ဆောင်လာရခြင်းဖြစ်သည် ။
သို့သော် သူ၏ကိစ္စက လွန်စွာအရေးကြီးလှပြီး အသက်အန္တရာယ်ပင်ကြုံတွေ့ရနိုင်ချေရှိ၍ အကျိုးအကြောင်းရှင်းပြကာ ကလေးမလေးကိုထိချုံးနှင့်အပ်နှံခဲ့ခြင်းဖြစ်သည် ။
လူငယ့်ကိုညီအရင်းအချာတစ်ယောက်လိုရင်းနှီးနေသည့်ထိချုံးကလည်း သူ၏အကူအညီတောင်းမှုကို တုံ့ဆိုင်းခြင်းမရှိလက်ခံခဲ့သညိ ။
ရေမိုးချိုးပြီးနောက် အဝတ်အသားသစ်များဝတ်ဆင်ပေးလိုက်ရာ ညစ်ပတ်ပေကျံနေသည့်ကလေးမလေးက အိမ်တော်ကြီးများမှကလေးများသဖွယ် လွန်စွာချစ်စရာကောင်းလျက်ရှိသည်။
အာဟာရပြည့်ဝစွာမစားသောက်ခဲ့ရ၍သူမ၏ပုံစံက သေးကွေးပိန်လှီနေသေးသော်လည်း ကြည်လင်စူးရှသည့်မျက်ဝန်းကလေးများနှင့်ချစ်စရာကောင်းသည့်မျက်နှာသွင်ပြင်တို့က ကြီးပျင်းလာလျှင်လွန်စွာချောမောသည့်မိန်းကလေးတစ်ဦးဖြစ်လာမည်က သေချာသလောက်ရှိသညိ။
လူငယ်၏တည်ကြည်သည့်စကားကြောင့် ကလေးမလေး၏အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏နှုတ်ခမ်းကလေးကိုကိုက်ကာပြောလိုက်သည်။
" အစ်ကိုကြီး ယွီယွီ့ဆီကိုပြန်လာပါမယ်လို့ကတိပေးပါ...."
လက်သန်းကလေးကိုဆန့်ထုတ်ကာ သူ့ကိုကြည့်ပြောလာသည့်ကလေးမလေးကြောင့် လူငယ်၏စိတ်က နူးညံ့ပျော့ပြောင်းသွားပြီး သူ၏လက်သန်းကိုဆန့်ထုတ်ကာ ကလေးမလေးနှင့်လက်ချင်းချိတ်၍ကတိပေးလိုက်သည်။
ထို့နောက် နေမမြင့်မီ လျှိုစမ်းမြို့မှထွက်ခွာရန်ဆုံးဖြတ်ထားပြီးဖြစ်၍ ထိချုံးနှင့်ကလေးမလေးကိုနှုတ်ဆက်ကာ ခြံဝန်းတွင်းမှထွက်ခွာလာတော့သည်။
" ညီလေးရှောင် နောက်တစ်ခေါက်လာရင် ညီလေးဟောင်ရန်ကိုပါခေါ်လာနော်...."
" အစ်ကိုကြီး ကောင်းကောင်းသွားပါ...."
သူ့ကိုခြံဝန်းအဝထိလိုက်ပါပို့ဆောင်နေသည့်လူနှစ်ယောက်ကိုအပြုံးမျက်နှာဖြင့်လက်ဝေ့ယမ်းပြရင်း လူငယ်လည်းပေါ့ပါးသည့်ခြေလှမ်းများဖြင့် လျှိုစမ်းမြို့မှထွက်ခွာလာတော့သည်။
သူ၏စိတ်ထဲတွင်မူ အခြားကိစ္စတစ်ရပ်က အစားထိုးဝင်ရောက်လာပြီဖြစ်၍ ချောမောခန့်ညားသည့်မျက်နှာက တည်ကြည်တင်းမာလာပြီး တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်သည်။
" ချန်ချင်းဂိုဏ်း မင်းတို့ နတ်မိမယ်လေးကို တစ်ခုခုထိခိုက်စေရင် ငါအလွတ်မပေးဘူး ....."
ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးသည့်သူ၏အမူအယာက အေးစက်လျက်ရှိသည်။
လူငယ်ပျောက်ကွယ်သွားပြီးနောက် ခြံဝန်းတွင်းသို့ အထုပ်များစွာသယ်ဆောင်လာသည့်လူငယ်တစ်ယောက်ဝင်ရောက်လာပြီး ထိချုံးနှင့်ကလေးမလေးကိုသာမြင်လိုက်ရသည့်အတွက် အံ့ဩသည့်လေသံဖြင့်မေးလိုက်သည်။
" ဆရာထိချုံး သူရဲကောင်းကြီးက ထွက်သွားပြီလား ...."
တစ်ချိန်က ယန်စီနဂါးအဖွဲ့၏အဖွဲ့သားတစ်ဦးဖြစ်ခဲ့ပြီး သူရဲကောင်းနှစ်ယောက်၏ကျေးဇူးကြောင့် လမ်းမှန်ပေါ်ရောက်ခဲ့ရသည့်လူငယ်လေးမှာ ယခုအခါ လျှိုစမ်းမြို့လေးတွင်အခြေချနေထိုင်ပြီး လူချစ်လူခင်များသူတစ်ဦးဖြစ်နေချေပြီ ။
သူ၏ကျေးဇူးရှင်ကိုပြုစုရန် မြို့ထဲရှိအကောင်းဆုံစားသောက်ဆိုင်မှ စားသောက်ဖွယ်ရာများကိုဝယ်ယူလာခြင်းဖြစ်ပြီး သူပြန်လည်ရောက်ရှိလာသည့်အခါ အစောပိုင်းကလူငယ်နှင့်လွဲချော်သွားပြီဖြစ်သည်။
" အင်း.... သူထွက်သွားပြီ ..."
ထိချုံးက အနည်းငယ်လေးပင်သည့်အသံဖြင့်ပြန်ဖြေလိုက်သည်။
ထိုလူငယ်ကမည်သည့်ကိစ္စဆောက်ရွက်မည်ဟု ပြောဆိုမသွားသည့်တိုင် သူ၏အမူအယာကိုအကဲခပ်ရခြင်းဖြင့်လွန်စွာအရေးကြီးသည့်ကိစ္စကိုလုပ်ဆောင်တော့မည်ဖြစ်ကြောင်းသိနိုင်ကာ ထိချုံး၏စိတ်ထဲတွင်အနည်းငယ်လေးလံနေပေသည် ။
&&&
သိုင်းမဟာမိတ်၏ဌာနချုပ်
လုံဟိုင်မြို့
သိုင်းလောက၏လွှမ်းမိုးနိုင်စွမ်းရှိသည့်သိုင်းမဟာမိတ်အခြေစိုက်ရာလုံဟိုင်မြို့လေးမှာ စည်ကားသိုက်မြိုက်လှသလို သိုင်းလောကသားများဖြင့်အဆက်မပြက်ဝင်ထွက်သွားလာနေကြ၍လုပ်ငန်းဆောင်တာများလည်း တိုးတက်စည်ပင်လျက်ရှိသည်။
မြို့တွင်းရှိသပ်ရပ်သည့်စားသောက်ဆိုင်ကလေးတစ်ခုထဲတွင် သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက် ၊ အဖြူရောင်သိုင်းဝတ်စုံဝတ်လူငယ်နှစ်ယောက်နှင့် အပြာရောင်စာပေသမားဝတ်စုံဝတ်လူငယ်လေးတို့က တိတ်ဆိတ်စွာစားသောက်နေကြသည် ။
သူတို့လူစု၏ ဆိုင်ဒုတိယထပ်လူရှင်းသည့်နေရာတွင်စားသောက်နေခြင်းဖြစ်သော်လည်း ဒုတိာထပ်ရှိကျန်လူများ၏အကြည့်က သူတို့ဝိုင်းဆီသို့မကြာခဏကျရောက်လာတတ်သည်။
ဤသည်ကလည်း များစွာထူးဆန်းခြင်းမရှိပေ။
သူတို့လူစုထဲရှိသက်လင်ပိုင်းလူကြီးက သိုင်းလောကတွင်လွန်စွာကျော်ကြားလှသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင်လူငယ်သုံးယောက်ကလည်း စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင်နာမည်ရလာသည့်လူငယ်များဖြစ်နေသည်မဟုတ်ပါလား။
သို့သော်သူတို့လေးယောက်လုံးက တစ်စုံတစ်ကိုအလိုမကျဟန်ဖြင့် တိတ်ဆိတ်စွာစားသောကိနေကြပြီး ဘေးပတ်ဝန်းကျင်ရှိလူများကိုလျစ်လျူရှုထားလေသည်။
" အစ်ကိုရှောင်ယောင်က ဘယ်ကိုရောက်နေတာပါလိမ့် ဒီမှာလည်းမရှိဘူး...."
ခေါင်းတုံးဆံပင်ပေါက်ပုံစံဖြင့် ဝဝဖိုင့်ဖိုင့်လူငယ်က ကြက်သားတုံးတစ်တုံးကိုကိုက်ဖဲ့ရင်းရေရွတ်လိုက်သည်။
သူ၏စကားကြောင့် ကျန်လူသူံးယောက်လည်း ထိုလူငယ့်ကိုကြည့်လိုက်မိကြပြီး အပြာရောင်စာပေသမားဝတ်စုံဝတ်လူငယ်က သက်ပြင်းတစ်ချက်ချကာ လက်ထဲရှိတူကိုဘေးသို့အသာချလိုက်သည်။
သူတို့လေးယောက်က ရှောင်လင်ကျောင်းမှထွက်ခွာလာခဲ့သည့် စန်းဟုန်းလျန်တို့လေးယောက်မှလွဲ၍အခြားမဟုတ်ဘဲ ကျောင်းတော်မှထွက်ခွာလာပြီးနောက်တစ်ရက်တွင် ရှောင်ယောင်ကပျောက်သွားခြင်းဖြစ်သည်။
အရေးကြီးကိစ္စတစ်ခုပြုလုပ်စရာရှိသည်ဆိုသည့်စာမှအပ မည်သည့်အကြောင်းအရာမှမချန်ဘဲတိတ်တဆိတ်ထွက်ခွာသွားသည့်ရှောင်ယောင့်ကို ကျန်လူများမှာ မကျေမနပ်ဖြစ်နေကြသည်။
သို့သော် နတ်ဆိုးနှိမ်နင်းမဟာမိတ်ရှိရာလုံဟိုင်မြို့သို့ရောက်ရှိလာပြီးသည့်နောကိတွင်ပင် ရှောင်ယောင်၏အရိပ်အယောင်ကိုမမြင်ရသေး၍ သူတို့အားလုံးစိုးရိမ်ပူပန်လာမိကြသည်။
" ဆရာကြီးစန်း သိုင်းမဟာမိတ်ကလူတွေကိုမေးပြီးပြီလား....အစ်ကိုရှောင်ယောင်ရဲ့သတင်းကို...."
ဟောင်ရန်ကဆက်လက်စားသောက်လိုစိတ်မရှိတော့ဘဲ စန်းဟုန်းလျန်ကိုမေးလိုက်သည်။
စာတစ်စောင်သာချန်ခဲ့ပြီးမပြောမဆိုထွက်ခွာသွားသည့်ရှောင်ယောင်၏လုပ်ရပ်က ထူးဆန်းလှပြီးစန်းဟုန်းလျန်ပင် မည်သည့်အတွက် ရှောင်ယောင်ထွက်ခွာသွားသည်ကိုစဉ်းစားမရဘဲဖြစ်နေသည်။
" စီးတုမင် သွားပြီးစုံစမ်းပေးနေတယ် ။ သူဒီကိုရောက်လာတယ်ဆိုရင် ကျိန်းသေပေါက်သိရမှာပါ ...."
သူတို့နှငိ့အတူလိုက်ပါလာသည့်စီးတုမင်က သိုင်းမဟာမိတ်နှင့်ရင်းနှီးကျွမ်းဝင်သူတစ်ဦးလည်းဖြစ်၍ သိုင်းမဟာမိတ်ဌာနချုပ်သို့သွားရောက်နေပေသည်။
စန်းဟုန်းလျန်နှင့်ရင်းနှီးသူတစ်ဦးဖြစ်ပြီး ရှောင်ယောင်နှင့်လည်းသိကျွမ်းသူတစ်ဦးဖြစ်၍ စီးတုမင်လည်းသူတို့ကို များစွာအကူအညီပေးနေပေသည်။
သူတို့လူစုကတော့ ဆရာတော်ခုံးယင်နှင့်ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုတွေ့ဆုံပြီးနောက် မြို့ထဲရှိတည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြခြင်းဖြစ်သည်။
သူတို့၏မူလရည်ရွယ်ချက်ကမိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်ပူးပေါင်းရန်ဖြစ်သော်လည်းရှောင်ယောင်ထွက်ခွာသွား၍ သူ့ကိုအရင်ရှာဖွေနေကြရသည် ။
မည်သို့ပင်ဖြစ်စေစန်းဟုန်းလျန်လို့ကျော်ကြားသည့်သိုင်းဝိဇ္ဇာတစ်ဦးပါ ပါဝင်လာ၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်အဖွဲ့ဝင်များမှာ ပို၍အားတက်လာကြပေသည်။
ကျန်လူများ၏စကားများကြောင့် သူ၏စရိုက်အတိုင်းတိတ်ဆိတ်စွာစားသောက်နေသည့် ကြွယ်စင်းက လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။
" အစ်ကိုကြီးဘာဖြစ်လို့ မပြောမဆိုထွက်သွားရတာကို အရင်စုံစမ်းရမယ်နဲ့တူတယ်ဒါမှ သူဘယ်သွားလဲခန့်မှန်းလို့ရမှာ...."
စကားများစွာမပြောသော်လည်း ပတ်ဝန်းကျင်ကိုအမြဲလိုလိုသတိမပြက်ဘဲ လေ့လာမှုအားကောင်းသည့်ကြွယ်စင်း၏စကားကြောင့် စန်းဟုန်းလျန်လည်း ခေါင်းညိမ့်ကာပြောလိုက်သည်။
" အင်း မင်းပြောသလိုပဲ ။ ဒါပေမယ့် သူက အကြောင်းရင်းမရှိဘဲပျောက်သွားတာဆိုတော့ ဘာဖြစ်လို့ ငါတို့ကိုတစ်ခုခုမပြောဘဲထွက်သွားတာလဲဆိုတာ ခန့်မှန်းရခက်လှတယ်....."
စန်းဟုန်းလျန်၏စကားကြောင့် ကျန်လူများလည်းအတွေးနက်သွားကြသည် ။
&&&