အတုမဲ့နတ်ဂိုဏ်း
Vol. 4 Ch. 43
စန်းဟုန်းလျန်၏စကားကြောင့် ကျန်လူများလည်းအတွေးနက်သွားကြသည် ။
ထိုစဉ် ဟောင်ရန်က တစ်စုံတစ်ခုကို သတိရသွားကာ အနည်းငယ်ရှုပ်ထွေးသည့်လေသံဖြင့်ပြောလိုက်သည်။
" သူထွက်မသွားခင်ညနေတုန်းက ကျုပ်တို့ လမ်းဘေးမြို့ကစားသောက်ဆိုင်မှာ ညစာစားကြသေးတယ်လေ။
အဲဒီတုန်းကစကားစပ်မိလို့ပြောကြရင်းနဲ့ ဆရာကြီးစီးတုက သွေးအေးသခင်မအကြောင်းကိုပြောခဲ့သေးတယ်။
အဲဒီတုန်းက အစ်ကိုရှောင်ယောင်က တော်တော်လေးအမူအယာပျက်သွားပြီး တခြားလူတွေမရိပ်မိခင်ပြန်ပြီး ပုံမှန်ဖြစ်သွားခဲ့တာ။
ဒါပေမယ့် အဲဒီအချိန်ကစပြီး သူငေးငေးငိုင်ငိုင်ဖြစ်ပြီးတော့ နောက်တစ်နေ့မနက်မှာပျောက်သွားတာပဲ ...."
ဟောင်ရန်၏အသေးစိတ်ကျလှသည့်အကြောင်းအရာကြောင့် ကျန်သုံးယောက်လည်း အံ့အားသင့်သွားကြပြီး ကြွယ်ယန်ကမနေနိုင်ဘဲမေးလိုက်မိသည်။
" မင်းက အစ်ကိုကြီးရဲ့မျက်နှာကိုတစ်ချိန်လုံးကြည့်နေတာလားဟ ငါတို့တစ်ယောက်မှသူအမူအယာပျက်တာကိုသတိမထားမိလိုက်ဘူး ... "
ကြွယ်ယန်၏အံ့သြသည့်ပုံစံကြောင့်ဟောင်ရန်၏မျက်နှာကအနည်းငယ်နီရဲသွားပြီးမကျေနပ်သည့်လေသံဖြင့်ပြောလိုက်သည်။
" ငါပြောတာအကူအညီရမရသာစဉ်းစားစမ်းပါ ...."
သူတို့နှစ်ယောက်ကငြင်းခုန်ကြတော့မည့်ပုံစံဖြစ်လာ၍ စန်းဟုန်းလျန်က ဝင်ပြောလိုက်ရသည်။
" ဘာပဲဖြစ်ဖြစ်ပါ အဲဒီသွေးအေးသခင်မဆိုတဲ့မိန်းကလေးအကြောင်းကို ငါတို့သေချာစုံစမ်းကြည့်တာပေါ့...."
&&&
ပန်းတစ်ရာတောင်ကုန်း
တောင်ကုန်းသခင်လီချန်းစိန်၏စံအိမ်ထဲတွင် ဝတ်စုံဖြူဝတ်မိန်းမပျိုလေးနှင့်ခေါင်းဆောင်သုံးယောက်တို့ရှိနေကြသည်။
ယခုအခါသူတို့၏ပုံစံက တစ်စုံတစ်ခုကိုဆွေးနွေးနေကြဟန်တူပြီး ဆွေးနွေးခြင်းထက်မိန်းမပျိုလေးကို အကျိုးအကြောင်းတင်ပြပြောဆိုနေခြင်းဟုပြောလျှင် ပို၍မှန်ကန်ပေသည်။
ခေါင်းဆောင်သုံးယောက်၏စကားများကိုအဆူံးထိနားထောင်ပြီးနောက် မိန်းမပျိုလေးက လက်ထဲရှိကျောက်စိမ်းခွက်ကလေးကိုကျောက်စားပွဲပေါ်သို့အသာအယာပြန်ချလိုက်သည်။
တမင်လုပ်ယူနေခြင်းမဟုတ်ဘဲ သူမ၏အပြုအမူတစ်ခုချင်းစီကကျက်သရေရှိနေကာ ကောင်းမွန်ပြီး အဆင့်အတန်းမြင့်မားသည့်မျိုးရိုးမှဆင်းသက်လူသူတစ်ဦးဖြစ်ကြောင်းအလွယ်တကူသိရှိနိုင်ပေသည်။
" ဆိုတော့ ....အင်အားစုအသစ်ရဲ့ဖွင့်ပွဲကို လုပ်ဆောင်ဖို့အားလုံးအဆင်သင့်ဖြစ်နေပြီပေါ့ ...."
တေးသီငှက်ကလေးများထက်ချိုလွင်ကြည်သာပြီး လူတိုင်း၏စိတ်ဝိညာဥ်ကိုဖမ်းစားနိုင်စွမိးရှိသည့်စကားသံလေးထွက်ပေါ်လာသည် ။
မိန်းမပျိုလေးနှင့်အချိန်အတော်ကြာအတူရှိခဲ့ကြပြီးဖြစ်သည့်တိုင် သူမ၏တုနှိုင်းမဲ့သည့်အသံကလေးကြောင့်ခေါင်းဆောင်သုံးယောက်လုံးအံ့ဩမိကြဆဲပင်။
သူမ၏အသံကဘေးကပင် ထိုမျှနားထောင်မဝဖြစ်နေရာ သစ်သားမျက်နှာဖူံး၏နောက်ကွယ်မှရုပ်ရည်သွင်ပြင်ကမည်မျှလှပမည်ကို မှန်းဆကြည့်၍ပင်မရပေ။
စိတ်ထဲတွင်အတွေးများစွာဖြတ်ပြေးသွားကြသည့်တိုင် မိန်းမပျိုလေး၏မေးခွန်းကြောင့် ခေါင်းဆောင်သုံးယောက်အလျှင်အမြန်ပြန်ဖြေလိုက်ကြသည်။
" ကျုပ်တို့အားလုံးပြင်ဆင်ပြီးပါပြီ ...."
အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခန့်ညားသည့်လီချန်းစိန်၏စကားကို ဝဝဖိုင့်ဖိုင့်နှင့်ရှန့်ချင်းမန်က ထောက်ခံလိုက်သည်။
" ဟုတ်ပါတယ် သခင်မလေး ။ ကျုပ်တို့ အင်အားစုသုံးခုလုံးကို ပြန်ပြီးအသစ်ဖွဲ့စည်းထားတဲ့အပြင်လက်ရွေးစငသိုင်းသမားတွေကိုလည်းရွေးထုတ်ထားပါပြီ။
ကျုပ်တို့သုံးယောက်ကိုထည့်မတွက်ရင်တောင်မှ အင်အားစုသုံးခုရဲ့ပေါင်းစည်းမှုက အတော်လေးအင်အားတောင့်တင်းလှပါတယ်....."
ခေါင်းဆောင်နှစ်ယောက်၏ ယုံကြည်မှုပြည့်ဝသည့်ပုံစံကြောင့် မိန်းမပျိုလေးက စိတ်ကျေနပ်သွားဟန်တူပြီး သူမ၏ကြည်လင်စူးရှသည့်မျက်ဝန်းများက တဖျက်ဖျက်တောင်ပလာသည်။
" ဒါဆိုရင် အင်အားစုအသစ်ကိုနာမည်ပေးရဦးမှာပေါ့ ...."
မိန်းမပျိုလေး၏စကားကြောင့် ခေါင်းဆောင်သုံးယောက်ကိုတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသော်လည်းမည်သူမှစောဒကတတ်ခြင်းမရှိပေ။
ထိပ်တန်းအင်အားစုများ၏ခေါင်းဆောင်ဖြစ်ပြီး သိုင်းလောကထဲတွင်ထိပ်တန်းနေရာ၌ရှိသညိ့သူတို့သုံးယောက်က မိန်းမပျိုလေးနှငိ့သူ့လက်အောက်ငယ်သားများ၏ရှေ့တွင် ဘာကောင် မှမဟုတ်သည်ကို သူတို့ကောင်းစွာသိထားကြပြီးဖြစ်သည်။
မလှမ်းမကမ်းတွင်အဖြူရောင်ဝတ်စုံဝတ်လူများကလည်း မိန်းမပျိုလေးကိုစောင့်ကြပ်လျက်ရှိကြပြီး ကျန်လူများကိုဘေးဖယ်ထားလျှင်ပင် ခါးကုန်းအဖိုးအို သို့မဟုတ် ရုပ်ဆိုးအဖိုးအိုတစ်ယောက်ယောက်က သူတို့အင်အားစုသုံးခုကိုအလွယ်တကူဖျက်ဆီးနိုင်စွမ်းရှိသည်။
" ဒါဆိုရင် အတုမဲ့နတ်ဂိုဏ်းလို့ခေါ်ရင်ဘယ်လိုလဲ...."
မိန်းမပျိုလေး၏စကားကြောင့် ရှန်ချင်းမန်၏ပြုံးနေသည့်မျက်နှာက တောင့်တင်းသွားသလို အမြဲလိုလိုတည်ငြိမ်သည့်လီချန်းစိန်၏အမူအယာပင်အနည်းငယ်ကိုးယိုးကားယားဖြစ်သွားသည်။
အတုမဲ့နတ်ဂိုဏ်း
မည်မျှ မောက်နာဝံ့ကြွားလိုက်သည့်နာမည်မျိုးဖြစ်သနည်း။
ထိုနာမည်ကိုသာအမှန်တကယ်ပေးလိုက်ပါက သိုင်းလောကသားများလှောင်ရယ်ကြပေမည်။
" ဒါကြီးက နည်းနည်း...."
ပွင့်လင်းပြီးစိတ်မြန်သည့်ပိုင်ဖုန်းလူက ငြင်းဆန်ရန်ပြင်လိုက်သော်လည်းမိန်းမပျိုလေး၏အကြည့်စူးစူးက သူဆီသို့ကျရောက်လာ၍ ပိုင်ဖုန်းလူလည်းပါးစပ်ပိတ်သွားတော့သည်။
" ဟဲ ဟဲ အဆင်ပြေပါတယ် အတုမဲ့နတ်ဂိုဏ်း ကြီးကျယ်ခမ်းနားပြီးစွမ်းအားကြီးတဲ့နာမည်မျိုးပဲ....."
ရှန့်ချင်းမန်က ပိုင်ဖုန်းလူ၏နံဘေးကိုတံတောင်ဖြင့်တွက်၍သတိပေးလိုက်ပြီး အလျှင်အမြန်ရယ်မောကာထောက်ခံလိုက်သည်။
သူ၏သိသာထင်ရှားစွာမြှောက်ပင့်သည့်စကားကြောင့် ပိုင်ဖုန်းလူနှင့်လီချန်းစိန်တို့၏မျက်နှာများကအနည်းငယ်ပြောင်းလဲသွားသည့်တိုင် လီချန်းစိန်လည်း မျက်နှာအောက်ချကာ ပြောလိုက်သည်။
" ဟုတ်ပါတယ် သခင်မလေး အဲဒီနာမည်က သင့်လျော်ပါတယ်...."
သူတို့၏ကန့်ကွက်သူမရှိထောက်ခံသည့်စကားများကြောင့်မိန်းမပျိုလေးလည်း သူမ၏လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။
" ကောင်းပြီ ဒါဆိုရင် အတုမဲ့နတ်ဂိုဏ်းရဲ့မိတ်ဆက်ပွဲကိုပြုလုပ်ဖိူ့စီစဥ်လိုက်ပါ။
သိုင်းလောကထဲက အင်အားကြီးဂိုဏ်းအဖွဲ့တိုင်း ၊ ကျော်ကြားတဲ့သိုင်းသမားတိုင်းကိုဖိတ်စာပို့ထားလိုက်။
ဒီတစ်ခါ အတုမဲ့နတ်ဂိုဏ်းရဲ့အင်အားကို သူတို့အားလုံးသိစေရလိမ့်မယ်....."
မိန်းမပျိုလေး၏အသံက တင်းမာခြင်းမရှိသော်လည်း လွှမ်းမိုးချုပ်ကိုင်နိုင်ပြိး ဩဇာကြီးမားသည့်အငွေ့အသက်များပါဝင်လျက်ရှိသည်။
ထို့နောက် ခေါင်းဆောင်သုံးယောက်လည်း မိန်းမပျိုလေးကိုနှုတ်ဆက်ပြီး ဆောင်ရွက်စရာကိစ္စများစွာရှိနေ၍ထွက်ခွာသွားကြသည်။
" သခင်မလေး ဘာတွေလျှောက်လုပ်ဦးမလို့လဲ....."
နွေးထွေးကြင်နာသည့်စကားသံနှင့်အတူ အရုပ်ဆိုးဆိုးအဖိုးအိုက မိန်းမပျိုလေး၏အနားသို့ရောက်ရှိလာလေသည်။
သူနှင့်အတူ ခါးကုန်းအဖိုးအိုလည်းအတူပါလာပြီး မျက်စေ့ကိုတစ်ဝက်သာဖွင့်ထားပြီးပျင်းရိနေသည့် သူ၏သွင်ပြင်ကရှောင်လင်ကျောင်းတွင်အစွမ်းပြသွားသည့် သိုင်းပညာရှင်၏ပုံစံနှင့်လားလားမှတူညီခြင်းမရှိပါချေ။
အဖိုးအိုနှစ်ယောက်က မိန်းမပျိုလေး၏ရှေ့တွင်ဝင်ထိုင်လိုက်ကြသလို မိန်းမပျိုလေးကလည်း သူတို့အတွက် ရေနွေးကြမ်းငှဲ့ပေးလိုက်သည်။
ထိုအဖိုးအိုနှစ်ယောက်က သူတို့၏နေရာတွင်ပင် လွန်စွာမြင့်မားသည့်အဆင့်အတန်းရှိကြပြီး သူမကိုဂရုစိုက်ချစ်ခင်၍ ယခုလိုမျိူးသိုငိးလောကထဲအထိ လိုက်ပါစောင့်ရှောက်ပေးနေကြခြင်းဖြစ်သည်။
သူတို့နှစ်ယောက်က မိန်းမပျိုလေးကို ရိုကျိူးစွာပြောဆိုပြုမူသော်လည်း သူတို့၏ဆက်ဆံရေးက မြေးအဖိုးများလိုရင်းနှီးကျွမ်းဝင်လှသည်။
" အဖိုးလီ မဟုတ်မှလွဲရော နန်းတော်ကိုပြန်ချင်လို့ ကျမကိုလာပြောတာထင်တယ်...."
ရုပ်ဆိုးဆိုးအဖိုးအိုကိုစူးစိုက်ကြည့်ရင်း မေးလိုက်သည့်မိန်းမပျိုလေး၏မေးခွန်းကြောင့် အဖိုးအိုက အနည်းငယ်အံ့အားသင့်သွားပြီး ရယ်မောရင်းခေါင်းညိမ့်ပြလိုက်သည်။
" သခင်မလေးကတော့ တကယ်ပဲအရိပ်အကဲကိုကောင်းကောင်းကြီးအကဲခပ်နိုင်တယ် ။ အမှန်ပါပဲ ကျုပ်နန်းတော်ကိုပြန်ဖို့အချိန်တန်ပြီလားလို့။
ကျုပ်ထွက်လာတာမကြာသေးပေမယ့် သိုင်းလောကထဲမှာဆက်ပြီးမနေချင်တော့ဘူး။ ပြီးတော့ မိုးနတ်နှစ်ပါး၊ မြေနတ်ခြောက်ပါးနဲ့ ဒီကောင်ကြီးလည်းရှိနေမှတော့ သိုင်းလောကထဲမှာ သခင်မလေးကိုဘယ်သူမှထိခိုက်အောင်မလုပ်နိုင်ပါဘူး ...."
အရုပ်ဆိုးဆိုးအဖိုးအိူ၏စကားအဆုံးတွင် ခါးကုနိးအဖိုးအိုက ချက်ခြင်းဆိုသလို ထပြောလိုက်သညိ။
" အဲဒီအသုံးမကျတဲ့ကောင်တွေကို မင်းနဲ့အတူပြန်ခေါ်သွားလို့ရတယ်။ ငါတစ်ယောက်ထဲသခင်မလေးကိုစောင့်ရှောက်နိူင်ပါတယ်...."
ခါးကုန်းအဖိုးအို၏ဝံ့ကြွားသည့်စကားကြောင့် ရုပ်ဆိုးအဖိုးအိုက နှာခေါင်းရှုံ့ကာပြောလိုက်သည်။
" ရှောင်လင်ကျောင်းပေါကဝမှာ ငါသာထွက်မလာရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကသိုင်းဝိဇ္ဇာတွေကြောင့် မင်းမရှုမလှခံနေရလောက်ပြီ။။
တခြားလူတွေနောက်ထားဦး ရှောင်လင်က ခုံးဝန်ကိုယ်တော်က မင်းထက်နိမ့်ရင်တောင် နည်းနည်းပဲနေမှာ။ ပြီးတော့ ပိဍိကတ်ဆရာတော်ဆိုရင် ငါတို့ထက်မြင့်တာ အသိသာကြီး သူတို့နှစ်ယောက်ထဲနဲ့ မင်းကိုသွားကျွတ်အောင်ရိုက်လို့ရတယ် ..."
ရုပ်ဆိုးအဖိုးအို၏ထိမိသည့်စကားကြောင့် ခါးကုန်းအဖိုးအိုက ရှူးရှူးရှားရှားဖြစ်လာသည်။
ယခုပုံစံအတိုင်းဆက်သွားနေပါက နေရာတွင်ရန်ထသတ်တော့မည့်အဖိုးအိုနှစ်ယောက်၏အကြောင်းကို ရိပ်စားမိ၍ မိန်းမပျိုလေးက ကြားဖြတ်ကာပြောလိုက်သည် ။
" အဖိုးတို့နှစ်ယောက်တော်ကြပါတော့... အဖိုးမန်ရှိနေရင် ကျမကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်ပါတယ် ။
ပြီးတော့ အဖိုးလီကလည်း နန်းတော်မှာ အရေးကြီးတဲ့ကိစ္စရှိလို့ပြန်မှာမလား....."
သူမ၏ဖျန်ဖြေသည့်စကားကြောင့် ရန်စောင်နေသည့်အဖိုးအိုနှစ်ယောက်က အာရုံပြောင်းသွားကြပြီး ရုပ်ဆိုးအဖိုးအိုက ခေါင်းညိမ့်ကာပြောလိုက်သည်။
" ဟုတ်တယ် သခင်မလေးရေ .. တေလေဂိုဏ်းချုပ် သူတောင်းစားစုတ်ရယ် ၊ သူတော်စင်တောင်ကြားကကောင်ရယ် နောက်ပြီး အရှေ့ပင်လယ်မြွေကျွန်းကကောင်ရယ်သုံးယောက်ပေါင်းပြီး နန်းတော်ကိုမကြာခဏဝင်မွှေနေတယ်။
အဖိုးကြီးချင်းတစ်ယောက်ထဲနဲ့သူတို့ကိုထိမ်းနိုင်မှာမဟုတ်ဘူး ။
သူတို့သုံးယောက်လုံးကသိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်တွေဖြစ်တဲ့အပြင် ကိုယ်ဖော့ပညာကလည်း အံ့မခန်းကောင်းမွန်ကြတော့ သူတို့ကိုဘယ်သူမှမဟန့်တားနိုင်ဘူး။
ပြီးတော့ နန်းတော်သခင်ကိုယ်တိုင်ရောက်လာမယ့်အရိပ်အယောင်မြင်ရင်သူတို့က တစ်ချိူးထဲလစ်ပြေးရော....တကယ့်ကိုအာရုံနောက်စရာကောင်းတဲ့ကောင်တွေ..."
ယခုတစ်ကြိမ်၌ ရုပ်ဆိုးအဖိုးအို၏စကားကို ခါးကုန်းအဖိုးအိုကလည်း ခေါင်းညိမ့်ကာထောက်ခံလိုက်သည်။
&&&