ထုတ်ဖော်ပြသမှု
Vol. 4 Ch. 45
အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးဖြစ်သည်ဆိုသောဆိုရိုးအတိုင်း မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်သိုင်းမဟာမိတ်က လူငယ့်ကိုသိုင်းလောကအနှံ့လိုက်လံရှာဖွေနေသည့်တိုင်ချူမိသားစုအခြေစိုက်ရာမြို့ကို မေ့လျော့သွားခဲ့သည်။
ယခု ရက်အနည်းငယ်ကြာပြီးနောက်တွင် သူ၏အခြေအနေကအကောင်းအတိုင်းပြန်ဖြစ်လာပြီး တိုက်ခိုက်မှုများကိုရင်ဆိုင်နိုင်စွမ်းရှိသည့်အချိန်တွင်မှ လူငယ်က လူလုံးထွက်ပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လူအများ၏အမြင်တွင် အင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်ခဲ့သည့်လူငယ်က ဦးနှောက်မရှိသည့် လူသတ်သမားတစ်ဦးဟုတွေးထင်ကြမည့်တိုင် သူ၏အစစ်အမှန်သွင်ပြင်က ပါးနပ်သည့်အကြံအစည်နှင့်သွေးအေးရက်စက်သည့်လူတစ်ယောက်ဖြစ်ပေသည်။
" ဟီးဟီး...ငါအချက်ပေးလိုက်တဲ့အတွက် အကြီးအကဲတွေလည်းသိုင်းလောကထဲရောက်နေလောက်ပြီ ။
ဂိုဏ်းကြီးခြောက်ဂိုဏ်း အင်အားစုခြောက်ခု ။ ရှေ့လျှောက် စိတ်ဝင်စားစရာကောင်းလာတော့မယ်...."
လူငယ်က စိတ်ထဲတွင်တွေးလိုက်ရင်း ပုံကြမ်းစာရွက်ကိုလက်ထဲတွင်လုံးချေကာ မြို့တံခါးမှဖြေးညင်းစွာထွက်ခွာသွားတော့သည်။
သူ၏လက်ကိုဖြန့်ချလိုက်သည့်အခါ အမှုန့်ဖြစ်နေသည့်စာရွက်မှုန့်များက လွင့်ပျံ့လာပြီး လူငယ်၏ခန္တာကိုယ်ကတဖြေးဖြေးပျောက်ကွယ်သွားတော့သည်။
အစမှအဆုံးအထိလူငယ်က ချူမိသားစုမှလူများကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်သဘောမထားခဲ့ပေ။
သူအဓိကပစ်မှတ်ထားသည်က အင်အားစုရှစ်ခုနှင့်ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကာ ထိုအင်အားစုများကို လုံးဝဖျက်ဆီးမည်ဟုလည်း ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထို့ကြောင့်ပျက်စီးသွားသည့်အင်အားစုနှစ်ခုမှအကျွင်းအကျန်များမှာသူ့အတွက်လုံးဝဂရုစိုက်စရာမလိုသည့်ပိုးမွှားများဖြစ်ပြီး နောက်ထပ် ထပ်မံရင်ဆိုင်ရမည့်အစွမ်းထက်ရန်သူတော်များအကြောင်းကိုတွေးမိကာ လူငယ်၏သွေးများက ပွတ်ပွတ်ဆူလာသည်။
ထိုခဏတွင် သာမန်ဆန်ပြီးအေးစက်သည့်သူ၏ခန္တာကိုယ်မှသွေးဆာရက်စက်လှသည့်သားရဲကြီးတစ်ကောင်လိုအငွေ့အသက်များထွက်ပေါ်နေကာ အဝေးမှမြင်တွေ့သူများပင်တုန်လှုပ်ချောက်ခြားမှုကိုခံစားလိုက်မိကြသည်။
ထို့နောက် လူငယ်ကလမ်းမအတိုင်းတရွေးရွေ့ထွက်ခွာသွားလေသည်။
လူငယ်ပျောက်ကွယ်သွားသည့်အခါမှ ချူမိသားစုမှသိုင်းသမားများမှာ သေမင်းခံတွင်းဝမှလွတ်မြောက်လာသလို အားအင်ကင်းမဲ့စွာဖြင့်အလဲလဲအပြိုပြိုဖြစ်သွားကြကာ သူတို့ထဲမှတစ်ယောက်က ချိနဲ့သည့်လေသံဖြင့်ပြောလိုက်သည်။
" မိစ္ဆာဓားသမား ချူမင်းမြို့ကထွက်သွားတယ်လို့ သိုင်းမဟာမိတ်ကိုမြန်မြန်သတင်းပို့လိုက်....."
&&&
မိစ္ဆာဓားသမားချူမင်းမြို့တွင်ထွက်ပေါ်လာသည်ဆိုသောသတင်းကြောင့် သိုင်းလောကအနှံ့တုန်လှုပ်ခြင်းကြီးစွာဖြစ်ပေါ်လာခဲ့သည်။
ချုမိသားစုလိုထိပ်တန်းအင်အားစုတစ်ခုကိုအမြစ်ပြတ်သုတ်သင်ပြီး ထိုအင်အားစုအခြေစိုက်ရာမြို့တွင်အေးအေးလူလူအနားယူနေခြင်းက မည်မျှသတ္တိရှိသည့်လူပင်ဖြစ်စေ မလုပ်ဆောင်ဝံ့သည့်အရာဖြစ်သည်။
သို့သော် မိစ္ဆာဓားသမားကသာမန်လူတို့မတွေးတောမကြံစည်ဝံ့သည့်အရာကိုလုပ်ဆောင်သွားခဲ့ကာ သူ၏သွင်ပြင်ကိုပငိဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။
ထို့ကြောင့် သိုင်းမဟာမိတ်နှင့် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်တို့က သူတို့၏အင်အားများကိုစုစည်းခဲ့ကြပြီး မိစ္ဆာဓားသမားကိုဖမ်းဆီးရန် စတင်လုပ်ဆောင်လာကြပေသည်။
&&&
မြူခိုးများအုံ့ဆိုင်းနေပြီးဆယ့်နှစ်ရာသီကာလပတ်လုံးနေရောင်ကိုကောင်းစွာမမြင်ရသည့်ရွယ်ငယ်လေးတစ်ခု
အသက်ရှစ်ဆယ်ကျော်ခန့်ရှိမည့်မုတ်ဆိတ်ဖြူနှင့်အဖိုးအိုတစ်ယောက်က ရွာငယ်လေး၏အတွင်းဘက်အကျဆုံးခြံဝန်းထဲမှ အလျှင်အမြန်ထွက်ခွာလာပေသည်။
သူ၏လက်ထဲတွင် ဝါးပေလိပ်တစ်ခုကိုကိုင်ထားပြီး ပုံမှန်ဆိုလျှင်သွေးအေးရက်စက်သည့်မျက်နှာက ယခုအခါစိတ်လှုပ်ရှားနေဟန်တူသည်။
ထိုအဖိုးအိုက ရွာအတွင်းဘက်တစ်နေရာရှိခြံစည်းရိုးကျိုးတိုကျဲတဲရှိသည့်ခြံဝန်းကလေးထဲသို့ဝင်ရောက်သွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည် ။
" ဟေ့ကောင်တွေ လာကြစမ်း...."
သူ၏အော်သံကြောင့် ခြံဝန်းထဲရှိကွက်ပျစ်လေးပေါ်တွင် ကျားထိုးနေသည့်အဖိုးအိုနှစ်ယောက်က အာရုံပျက်သွားပြီးတစ်ယောက်က မကျေမနပ်ဖြင့်မည်တွန်တောက်တီးလိုက်သည်။
" ဟေ့ကောင် သေခါနီးငှက်စုတ် ဘာလို့အသံဆိုးကြီးနဲ့အော်နေတာလဲ...."
ထိုအဖိုးအိုက စုတ်စုတ်ပြတ်ပြတ်ပုံစံဝတ်ဆင်ထားသော်လည်း တဖျက်ဖျက်တောက်ပသည့်မျက်ဝန်းအစုံကိုပိုင်ဆိုင်ထားကာ သူ၏ရုပ်သွင်က လူတစ်ဖက်သားလေးစားကြည်ညိုစေမည့်ဥပတိရုပ်ဖြစ်သည်။
သူနှင့်မျက်နှာချင်းဆိုင်ရှိအဖိုးအိုက ဆန့်ကျင်ဘက်သွင်ပြင်ရှိကာ အကောင်းစားပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသော်လည်း ကောက်ကျစ်မည့်ရုပ်သွင်ရှိပြီး မြေခွေးလိုမျက်လုံးအစုံက အမြဲလိုလိုပတ်ဝန်းကျင်ကိုအကဲခပ်နေသည်။
ယခုလည်း သူ၏ပြိုင်ဘက်အာရုံထွေပြားသွားသည်ကိုအခွင့်ကောင်းယူကာ လျှပ်ပြတ်သည့်အမြန်နှုန်းဖြင့် ကျားစေ့အချို့ကိုနေရာလဲထားလိုက်ပြီး ရောယောင်ကာ ခေါင်းညိမ့်ထောက်ခံလိုက်သည်။
" အေးလေ ငှက်စုတ်ကြီး...မင်းလုပ်တာနဲ့ငါတို့ဈာဉ်ဝင်နေတာတောင်ပျက်သွားပြီ...."
သူတို့နှစိယောက်၏ အတိုင်အဖောက်ညီသည့်ပစ်တင်စကားကြောင့် မုတ်ဆိတ်ဖြူအဖိုးအို၏မျက်နှာက တင်းမာသွားပြီး ချက်ခြင်းဆိုသလိုလှည့်ထွက်သွားလိုက်သည် ။
သို့သော် ကျားကစားနေသည့်အဖိုးအိုနှစ်ယောက်ကို မသိမသာစောငိးငဲ့ကြည့်လိုက်ပြီး သူတို့ကြားနိုင်သည့်လေသံဖြင့် ရေရွတ်ခဲ့သေးသည်။
" အေးလေ မင်းတို့ကသိုင်းလောကထဲဆင်းမယ့်အခွင့်အရေးကိုလက်မခံချင်မှတော့ တုညီအစ်ကိုတို့ အဖိုးကြီးလူပင်တို့ကိုသွားပြီးမေးရတာပေါ့...."
သူ၏စကားကြောင့် ကျားကစားနေသည့်အဖိုးအိုနှစ်ယောက်၏မျက်ဝန်းများက ပုဇွန်မျက်လုံးများအလားပြူးကျယ်သွားကြပြီး အရိပ်ပင်မမြင်ရအောင်နေရာမှပျောက်ကွယ်သွားကြသည်။
" ဟီး ဟီး အစ်ကိုကြီးလောက် စောစောကဘာပြောလိုက်တယ်..."
ကွက်ပျစ်ပေါ်မှပျောက်ကွယ်သွားသည့်ခန့်ညားသည့်အဖိုးအိုက မုတ်ဆိတ်ဖြူအဖိုးအို၏ရှေ့တွင်ရောက်ရှိနေပြီး စပ်ဖြီးဖြီးအမူအယာဖြင့်မျက်နှာချိုသွေးလိုက်သည်။
ထိုနည်းတူ ကောက်ကျစ်မည့်ရုပ်သွင်နှင့်အဖိုးအိုကလည်း မုတ်ဆိတ်ဖြူအဖိုးအို၏ခါးကိုအတင်းဆွဲဖတ်ထားလေသည်။
သူတို့နှစ်ယောက်၏လျှင်မြန်ဖျက်လက်လှသည့်လှုပ်ရှားပုံကြောင့် မုတ်ဆိတ်ဖြူအဖိုးအိုပင်လန့်ဖျက်သွားရပြီး အံ့အားသင့်စွာအော်ဟစ်လိုက်သည်။
" မင်းတို့နှစ်ကောင် ဘယ်တုန်းက ဒီလောက်ကိုယ်ဖော့ပညာကောင်းလာရတာလဲဟ...."
သူ၏စကားကိုဂရုမစိုက်ဘဲ ခန့်ညားသည့်အဖိုးအိုက ပြောလိုက်သည်။
" ဒါတွေနောက်မှမေးစမ်းပါ မင်းပြောတဲ့သိုင်းလောကထဲဆင်းခွင့်ရမယ့်အခွင့်အရေးဆိုတာဘာလဲ... "
" အေးလေ ဒါကိုရှင်းအောင်ပြောဦး...."
ကောက်ကျစ်သည့်အဖိုးအိုကလည်း ထိုအကြောင်းကိုမပြောလျှင် မုတ်ဆိတ်ဖြူ၏ခါးကိုလုံးဝလွှတ်ပေးတော့မည့်ပုံမရပေ။
သူတို့၏လွန်ကဲသည့်အပြုအမူများကြောင့်မုတ်ဆိတ်ဖြူအဖိုးအိုက မျက်နှာမဲ့ပြလိုက်သော်လည်း မူလကပင်သူတို့ကိုခေါ်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့်လာရောက်ခြင်းဖြစ်၍ သူ၏အင်္ကျီလက်စကိုခါယမ်းကာပြောလိုက်သည်။
" မဖားနဲ့ ပုံမှန်ဆက်ဆံ...."
သူ၏စကားကြောင့် အဖိုးအိုနှစ်ယောက်ကပြိုင်တူရယ်မောလိုက်ကြပြီး ကောက်ကျစ်သည့်အဖိုးအိုကလည်း မုတ်ဆိတ်ဖြူ၏ခါးကိုလွှတ်ကာ ကွက်ပျစ်ပေါ်သို့ဆွဲခေါ်လာလေသည် ။
" လာပါဦး အစ်ကိုကြီးလောက်ရဲ့ စောစောက မင်းပြောခဲ့တာလေးပြန်ပြောစမ်းပါဦး....."
အစောပိုင်းကနှင့်မိုးနှင့်မြေလိုဆက်ဆံပုံပြောင်းလဲသွားသည့်ထိုနှစ်ယောက်ကြောင့် မုတ်ဆိတ်ဖြူအဖိုးအိုကအထင်သေးသည့်ဟန်ဖြင့်ကြည့်လိုက်သော်လည်း ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်။
" ဒီလိုကွ ဟိုကောင်လေးရှုဟီကို သခင်မက သိုင်းလောကထဲစေလွှတ်ခဲ့တာ မင်းတို့သိတယ်မလား....."
မုတ်ဆိတ်ဖြူအဖိုးအို၏မေးခွန်းကို ကျန်အဖိုးအိုနှစ်ယောက်မထူးခြားသည့်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။
" သူသွားတာတစ်ပတ်လောက်ပဲရှိသေးတာမလား...."
" အေးလေ... ငါတောင် သူသုံးဖို့စွဲဖိူ့ဆိုပြီး စုဆောင်းထားတာလေးတွေပေးလိုက်ရသေးမယ်....."
ကောက်ကျစ်သည့်အဖိုးအိုက ရင်နာသည့်ဟန်ဖြင့်ပြောလိုက်သော်လည်း ထိုကလိန်ကကျစ်က တစ်ရွာလုံးတွင်အချမ်းသာဆုံးဖြစ်သည်ကိုသိရှိထားသည့်ကျန်နှစ်ယောက်က မသနားပေ။
မုတ်ဆိတ်ဖြူအဖိုးအိုက လေးနက်သည့်အမူအယာဖြင့်ဆက်ပြောလိုက်သည်။
" အေး သူသွားတာတစ်ပတ်လောက်ပဲရှိသေးပေမယ့် ကိုယ်တော်ချောက ထိပ်တန်းအင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်ပြီးပြီဆိုပဲ....."
ထိုစကားကြောင့် ကျန်အဖိုးအိုနှစ်ယောက်ကလွန်စွာအံ့အားသင့်သွားပြီး ခန့်ညားသည့်အဖိုးအိုက ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
" ဒီကောင်လေးကတော့တကယ်ပါပဲ။ သူ့ကိုယ်သူထိခိုက်ခံပြီး ကြိူးစားလုပ်ဆောင်နေတာနေမယ် ..."
ဉာဏ်ရည်ပြည့်ဝသည့်အဖိုးအိုက ထိုလူငယ်မည်သို့ဆောင်ရွက်ခဲ့သည်ကိုရိပ်စားမိ၍သနားကြင်နာသည့်ဟန်ဖြင့်ရေရွတ်လိုက်သော်လည်း ကျန်တစ်ယောက်ကမူ သဘောကျစွာပြောလိုက်သည်။
" ဟဲ ဟဲ ဒီလိုမှပေါ့ကွ။ ဘာမဟုတ်ဘဲ အင်အားစုလေးတွေကငါတို့သခင်မကိုတောင် မျက်နှာသာမပေးတာ ဒီကောင်စုတ်ရဲ့လုပ်ရပ်ကိုတော့ငါသဘောကျတယ်...."
အဖိုးအိုနှစ်ယောက်၏စကားများကိုတုန့်ပြန်ခြင်းမပြုဘဲ မုတ်ဆိတ်ဖြူကတည်ကြည်သည့်အမူအယာဖြင့် ဆက်ပြောလိုက်သည်။
" အခု ကျန်တဲ့အင်အားစုတွေနဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သူ့ကိုဖမ်းဆီးသတ်ဖြတ်ဖို့ကြံစည်နေကြပြီ။ ဒါကြောင့်ပဲ သူအကူအညီရအောင် သခင်မက ငါ့ကိုသိုင်းလောကထဲစေလွှတ်ဖို့ဆုံးဖြတ်ခဲ့တာ....."
မုတ်ဆိတ်ဖြူအဖိုးအို၏စကားအဆုံးတွင် ကျန်အဖိုးအိုနှစ်ယောက်က ဟန်မဆောင်နိုင်ဘဲ ဝမ်းသာပျော်မြူးသွားကြပြီး ကလိန်ကျသည့်အဖိုးအိုက အလျှင်အမြန်မေးလိုက်သည်။
" မင်းငါတို့ကို ခေါ်သွားမှာမလား...."
သူ၏မေးခွန်းကိုပြန်မဖြေသေးဘဲ မုတ်ဆိတ်ဖြူအဖိုးအိုက မျက်လုံးမှေးစင်းကာ သူ၏မုတ်ဆိတ်ကြီးကိုလက်ဖြင့်သပ်လိုက်သည်။
ထိုစဉ် ခန့်ညားသည့်အဖိုးအိုက မုတ်ဆိတ်ဖြူ၏နောက်၌နေရာယူထားပြီး ကလိန်ကျသည့်အဖိုးအိုကသူ၏ရှေ့တွင်ထိုင်ချလိုက်ကာ ချက်ခြင်းလိုလို မုတ်ဆိတ်ဖြူ၏ပခုံးနှင့်ခြေထောက်များကိုနှိပ်နယ်ပေးလိုက်ကြသည်။
&&&