← Chapters

နောက်ဆုံးတစ်နေရာ

Vol. 4 Ch. 46

နောက်ဆုံးတစ်နေရာ

Vol. 4 Ch. 46

" ဟဲ ဟဲ အစ်ကိုကြီးလောက် မင်းက ရိုးသားဖြောင့်မက်ပြီးစိတ်ထားကောင်းတယ်ဆိုတာ ငါတို့ကောင်းကောင်းသိတာပေါ့.."

" ငါတို့ကို သိုင်းလောကထဲခေါ်သွားမယ်မလား.....ငါသိုင်းလောကထဲမဆင်းရတာ အနှစ်ငါးဆယ်ကျော်ပြီ ...."

အဖိုးအိုနှစ်‌ယောက်၏ဖားယားသည့်အပြုအမူနှင့်အသနားခံသည့်လေသံများကြောင့် မုတ်ဆိတ်ဖြူက အချိန်ထပ်ဆွဲမနေတော့ဘဲ ခေါင်းညိမ့်ကာ ပြောလိုက်သည်။

" ကောင်းပြီလေ မင်းတို့က အခုလိုပြောနေတယ်ဆိုမှတော့ ငါလည်းမင်းတို့ကိုသိုင်းလောကထဲခေါ်သွားရတာပေါ့.....'

မုတ်ဆိတ်ဖြူက အဖိုးအိုနှစ်ယောက်ကိုဝေ့ကြည့်ရင်း လက်ညိုးတစ်ချောင်းထောင်ပြကာပြောလိုက်သည်။

" တစ်ခုတော့ရှိတယ်နော်....ဒီတစ်ကြိမ်မှာ အဖွဲ့ခေါင်းဆောင်က ငါ‌ဆိုတော့ မင်းတို့အားလုံး ငါ့စကားကိုနားထောင်ရလိမ့်မယ်...."

မုတ်ဆိတ်ဖြူ၏အမိန့်ကိုနာခံရန်က ပုံမှန်ဆိုလျှင်လုံးဝလက်သင့်ခံမည်မဟုတ်သော်လည်း နှစ်များစွာကြာပြီးနောက်ရရှိလာသည့်အခွင့်အရေးဖြစ်၍ အဖိုးအိုနှစ်ယောက်လုံးပြိုင်တူခေါင်းညိမ့်ပြလိုက်ကြသည်။

ထိုအခါနှ သူတို့၏အမူအယာကိုအကဲခပ်နေသည့်မုတ်ဆိတ်ဖြူလည်းစိတ်ထဲတွင်ကြိတ်၍ကျေနပ်သွားတော့သည် ။

စင်စစ် ထိုအဖိူးအိုနှစ်ယောက်ကို သိုင်းလောကထဲသွားရန်ရွေးချယ်ခြင်းကအကြောင်းမဲ့မဟုတ်ဘဲ အားသာချက်ကိုယ်စီရှိ၍ဖြစ်သည်။

ကလိန်ကျသည့်အဖိုးအိုကသူ၏ရုပ်သွင်နှင့်လိုက်ဖက်စွာ ဉာဏ်များကောက်ကျစ်လှပြီး တစ်ချိန်က လူလိမ်ဝိဇ္ဇာဟုပင်နာမည်ကျော်ဖူးသူဖြစ်သည်။

ခန့်ညားသည့်အဖိုးအိုကား အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသည့်တိုင် ဆေးပညာနှင့်ပတ်သတ်လျှင် နှံ့စပ်တတ်ကျွမ်းလှပြီး လက်ရှိသိုင်းလောက၌ ဆေးပညာတွင်သူနှင့်နှိူင်းယှဉ်သူဟူ၍ လက်သုံးချောင်းပင်ပြည့်မည်မဟုတ်ပေ။

အဖိုးအိုနှစ်ယောက်သည်လည်း သိုင်း‌‌ လောကထဲပြန်လည်ဝင်ရောက်ခွင့်ရရှိ၍ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး ကလိန်ကျသည့်အဖိုးအိုကတစ်စုံတစ်ခုကိုသတိရဟန်ဖြင့်မေးလိုက်သည်။

" ဒါနဲ့ ငါတို့သုံး‌ယောက်ပဲ သိုင်းလောကထဲကိုသွားမှာလား..."

သူ၏မေးခွန်းကိုမုတ်ဆိတ်ဖြူက ခေါင်းယမ်းပြရင်း အနည်းငယ်စဉ်းစားရကြပ်သည့်ဟန်ဖြင့်ပြန်ဖြေလိုက်သည်။

" မဟုတ်ဘူးကွ သခင်မက ငါအပါအဝင် လေးယောက်စေလွှတ်မယ်လို့ဆုံးဖြတ်ထားတာ ။

မင်းတို့နှစ်ယောက်ကိုခေါ်ပြီးပြီဆိုတော့ နောက်ထပ်တစ်ယောက်က ဘယ်သူ့ကိုခေါ်ရမလဲစဉ်းစားနေတာ...."

မရဏဝတ်ရုံဟုအမည်ရသည့်သူတို့ဆယ့်နှစ်ယောက်လုံးက အစွမ်းထက်လှသည့်သိုင်းပညာရှင်များဖြစ်ကြသလို အားသာချက်ကိုယ်စီလည်းရှိကြပြီး ကျန်သည့်လူများထဲမှတစ်ယောက်ကို ရွေးချယ်ရန်မလွယ်ကူပါချေ။

ပုံမှန်ဆိုလျှင် သူတို့ထက်သိုင်းပညာပိုမြင့်သည့်လူတစ်ယောက်ကိုခေါ်ဆောင်ရမည်ဖြစ်ပြီး ပြဿနာက မရဏဝတ်ရုံဆယ့်နှစ်ယောက်ထဲတွင် သူတို့သုံးယောက်ထက်ပို၍သိုင်းပညာမြင့်မားသူက နှစ်ယောက်သာကျန်ရှိနေခြင်းဖြစ်သည်။

ထိုအထဲမှတစ်ယောက်က သတ်ဖြတ်လိုစိတ်လွန်စွာကြီးမားပြီး သိုင်းလောကထဲသို့ရောက်ရှိပါက သွေးချောင်းစီးအောင်ပြုလုပ်မည့်လူစားမျိုးဖြစ်သလို ကျန်တစ်ယောက်ကလည်း မှန်းဆရခက်ခဲပြီး ထိမ်းချုပ်ရမလွယ်ကူသည့်လူတစ်ယောက်ဖြစ်နေပြန်သည်။

" ကျန်တဲ့နေရာကို ငါ့ကိုပေးလိုက်...."

ထိုစကားက သူတို့၏နောက်နားသို့မည်သည့်အချိန်ထဲကရောက်ရှိနေသည်မသိရသည့် အဖိုးအိုတစ်ဦးက တည်ကြည်သည့်လေသံဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

အနက်ရောင်ဝတ်ရုံဖားဖားကြီးကိုဝတ်ဆင်ထားပြီး လွန်စွာပျင်းရိနေဟန်တူသည့်အဖိုးအို၏မျက်လုံးများက စိန်ပွင့်များအလားဖျက်ဖျက်တောက်ပလျက်ရှိသည် ။

" သောက်ခွေး လန့်လိုက်တာ..."

" လူအိုကြီးဖန်း မင်းကငါတို့ကိုခြောက်လှန့်နေတာပဲ ..."

မပြောမဆိုဘဲ တိတ်တဆိတ်ရောက်ရှိနေသည့် ထိုအဖိုးအိုကြောင့် မုတ်ဆိတ်ဖြူသာမက ကျန်နှစ်ယောက်ပင်ထိတ်လန့်သွားကြသည်။

သူတို့သုံးယောက်လုံးက အစွမ်းထက်လှသည့် သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်သည့်တိုင် ထိုအဖိုးအိုရောက်ရှိနေသည်ကိုမည်သူမှသတိမထားမိခဲ့ပေ။

လက်ရှိအချိန်၌ ပျင်းရိသည့်အဖိုးအို၏အမူအယာက လွန်စွာတည်ငြိမ်နေပြီး သူ၏မျက်နှာထက်တွင်ရှားပါးသည့်လေးနက်မှုများကိုတွေ့နိုင်ပေသည်။

ထိုအဖြစ်ကြောင့် မုတ်ဆိတ်ဖြူတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး မုတ်ဆိတ်ဖြူက ဖင်ကုတ်ခေါင်းကုတ်ဖြင့် တွန့်ဆုတ်စွာပြောလိုက်သည် ။

" အဲ....အစ်ကိုကြီးဖန်း အဲဒါကလေ..."

သူ၏ရှေ့မှောက်ရှိအဖိုးအိုက သူတို့ဆယ့်နှစ်ယောက်ထဲတွင် သိုင်းပညာ့မြင့်ဆုံးနှစ်ယောက်ထဲမှဖြစ်သော်လည်း ထိုအဖိုးအိုကိုသိုင်းလောကထဲခေါ်ဆောင်ရန်က အနည်းငယ်ခက်ခဲပေမည် ။

အကြောင်းကား အမြဲလိုလိုပျင်းရိသည့်ပုံစံဖြင့်တစ်ကိုယ်တည်းနေလေ့ရှိသည့်ထိုအဖိုးအိုက စိတ်ထင်ရာလုပ်တတ်ပြီး သူတို့၏သခင်မကိုပင်များစွာဂရုမစိုက်သူတစ်ဦးဖြစ်နေ၍ပင်။

အရေးအကြီးဆုံးအချက်က သိုင်းလောကထဲသို့ရောက်ရှိလျှင် ခန့်ညားသည့်အဖိုးအိုနှင့်ကလိန်ကျသည့်အဖိုးအိုတို့က သူ၏စကားကိုသေချာပေါက်နားထောင်ကြမည်ဖြစ်သော်လည်း ပျင်းရိသည့်အဖိုးကိုကမူ နားထောင်ရန်မသေချာပေ။

မုတ်ဆိတ်ဖြူ၏တွန့်ဆုတ်သည့်အမူအယာကိုမြင်သည်နှင့် ပျင်းရိသည့်အဖိုးအို သူ၏အင်္ကျီကြားမှ သေးငယ်သည့်ကြေးနီအိုးကလေးကိုထုတ်ကာပြောလိုက်သည်။

" မင်းငါ့တောင်းဆိုမှုကိုဖြည့်ပေးရင် ဟောဒီပစ္စည်းက မင်းအပိုင်ပဲ...."

ထိုကြေးနီအိုးလေးကိုမြင်သည်နှင့် မုတ်ဆိတ်ဖြူတို့ သုံးယောက်၏ခန္တာကိုယ်များကသိသိသာသာတုန်ယင်သွားကြပြီး ခန့်ညားသည့်အဖိုးအိုဆိုလျှင် အမူအယာပင်မထိမ်းနိုင်တော့ဘဲအံ့ဩတကြီးအော်ဟစ်လိုက်သည်။

" ဘုရားရေ ဒါက ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်က မြူခိုးစံအိမ်သခင် နွေဦးသခင်ကြီးရဲ့ အိပ်မက်ဆိုးဆေးပေါင်းအိုးမလား....."

ဆေးဝါးပညာတွင် ပါရဂူတစ်ဆူဖြစ်သည့်ခန့်ညားသည့်အဖိုးအိုက ထိုကြေးနီဆေးပေါင်းအိုးလေးစတန်ဖိုးကိုအသိဆုံးဖြစ်သည်။

ထိုအထဲတွင် ပြင်းထန်သည့်သည့်အဆိပ်တစ်ရာနှင့်အခြားပါဝင်ပစ္စည်းများကိုဖြည့်စွက်လိုက်ပါက သူတို့လိုသိုင်းဝိဇ္ဇာအလယ်အဆင့်များကိုပင်သတ်ဖြတ်နိုင်သည့် အနီရောင်မျက်ရည်ဆိုသည့်အဆိပ်တစ်မျိုးကိုရရှိနိုင်မည်ဖြစ်သည်။။

ထိုအဆိပ်ကလေးတစ်စက်က သေးငယ်သည့်ရွာငယ်ကလေးတစ်ခုကို အဆိပ်ခတ်သတ်ဖြတ်ရန်လုံလောက်ပေသည်။

သိသိသာသာပင် ကြေးနီဆေးပေါင်းအိုးလေးကိုမြင်သည်နှင့် မုတ်ဆိတ်ဖြူက ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ‌ကြက်တူရွေးအစာကောက်သလိုခေါင်းညိမ့်ကာပြောလိုက်သည် ။

" သေချာတာပေါ့....‌နောက်ဆုံးတစ်နေရာက အစ်ကိုကြီးအတွက်ပဲ....."

&&&

လုံဟိုင်မြို့ ... သိုင်းမဟာမိတ်၏ဌာနချုပ်

စန်းဟုန်းလျန်နှင့်သူ၏လူများတည်းခိုနေသည့် တည်းခိုခန်းအတွင်းသို့ အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကြီးတစ်ယောက်နှင့် နောက်လိုက် ရှစ်ယောက်ခန့်ဝင်ရောက်လာသည်။

သူတို့လူစုက လက်သီးဘုရင်ဟုနာမည်ကျော်သည့် ခုံတုံဂိုဏ်းချုပ်စီးတုမင်နှင့် သူ၏ဂိုဏ်းမှအစွမ်းထက်သိုင်းသမားများဖြစ်ပြီး ယခုအခါ သူတို့၏ပုံစံက အလေးအနက်ဖြစ်နေကြသည်။

နံနက်စာစားသောက်နေသည့် စန်းဟုန်းလျန်တို့အဖွဲ့ကို အဆင်သင့်ပင်တွေ့ရကာ စီးတုမင်က သူတို့ဝိုင်းတွင်ဝင်ထိုင်ရင်း စန်းဟုန်းလျန်ကိုအလျှင်အမြန်ပြောလိုက်သည်။

" အစ်ကိုစန်း မိစ္ဆာဓားသမားကိုနှိမ်နင်းဖို့ ဂိုဏ်းကြိးခြောက်ဂိုဏ်းကလူတွေနဲ့ သိုင်းမဟာမိတ်ကလူတွေစပြီးထွက်ခွာတော့မယ် ခင်ဗျားကရော ကျုပ်တို့နဲ့လိုက်မှာလား....."

ရောက်မဆိုက်ဆိုသလို အရေးတကြီးပြောလိုက်သည့် စီးတုမင်၏စကားကြောင့်စန်းဟုန်းလျန်တို့လည်း စားလက်စနံနက်စာကိုပင်ရပ်တန့်လိုက်ကြသည်။

" သူ့သတင်းကိုသိရပြီလား...."

စန်းဟုန်းလျန်၏မေးခွန်းကို စီးတုမငိကခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။

" ဟုတ်တယ် မနေ့ကပဲ သူချူမင်းမြို့ကနေထွက်သွားတယ် ။

တေလေဂိုဏ်းကလူတွေနဲ့ သိုင်းမဟာမိတ်ကအထောက်တော်တွေသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားပေမယ့် အားလုံးသတ်ဖြတ်ခံခဲ့ရတယ်။

ဒါပေမယ့်သူရှိနေတဲ့နေရာကို အကြမ်းဖျင်းတွက်ဆနိုင်လို့ ကျုပ်တို့လူခွဲပြီးရှာဖွေဖို့ဆုံးဖြတ်ခဲ့တာပဲ...."

စီးတုမင်၏စကားကြောင့်စန်းဟုန်းလျန်က မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုစဉ် ဘေးဘက်ရှိကြွယ်ယန်ကသိလိုစိတ်ပြင်းပြသည့်ဟန်ဖြင့်ဝင်မေးလိုက်သည်။

" ဆရာကြီးစီးတု အဲဒီမိစ္ဆာဓားသမားက အတော်လေးကြောက်စရာကောင်းတယ်ဆို လူခွဲပြီးရှာဖွေရင် သူ့ကိုဖမ်းမိနိုင်ပါ့မလား...."

ကြွယ်ယန်၏မေးခွန်းက ကျိုးကြောင်းသင့်လျော်၍ စီးတုမင်က အလေးအနက်ပုံစံဖြင့်ပြန်ဖြေလိုက်သည် ။

" စိတ်မပူပါနဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းဝိဇ္ဇာတွေ အုပ်စုသုံးခုခွဲပြီးလိုက်ရှာကြမှာ ။

သိုင်းမဟာမိတ်ကတော့ ခေါင်းဆောင်ခုနစ်ယောက်ကတစ်စုထဲပေါင်းစည်းပြီးသွားမှာ ။ဒီအင်အားနဲ့ဆိုရင် မိစ္ဆာဓားသမားကိုတွေ့ရင်တောင် ကောင်းကောင်းယှဉ်နိုင်ပါတယ်...."

စီးတုမင်က ရှင်းပြလိုက်ပြီး စန်းဟုန်းလျန်၏အမူအယာကိုအကဲခပ်ကာ ထပ်ပြောလိုက်သည်။

" ဝူတန်းက အကြီးအကဲချန်းရှောက်နဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကသိုင်းဝိဇ္ဇာတွေက အစ်ကိုစန်းကိုပါလိုက်စေချင်တယ်။

ခင်ဗျားနဲ့ကျုပ်နဲ့ဆိုရင် သက်သက်တစ်ဖွဲ့သွားလို့ရပြီး မဟာမိတ်ကိုပိုပြီးကူညီနိုင်မှာပဲ....."

ယခုရက်ပိုင်းတွင် စန်းဟုန်းလျန်က ရှောင်ယောင်ပျောက်သွားသည့်ကိစ္စနှင်ပတ်သတ်ပြီးစိတ်ရှုပ်နေသည်ကိုကောင်းစွာသိရှိ၍ စီးတုမင်က ဖိအားပေးခြင်းမပြုဘဲ ဖြေးညင်းစွာဆက်ပြောလိုက်သည် ။

" ဒါကလည်း သူတို့ရဲ့သဘောထားသက်သက်သာ တကယ်လို့အစ်ကိုစန်းမလိုက်ဖို့ဆုံးဖြတ်ထားရင်လည်း ဘယ်သူမှအပြစ်ပြောမှာမဟုတ်ဘူး....."

စီးတုမင်၏စကားများကြောင့် စန်းဟုန်းလျန်က ဆုံးဖြတ်ရခက်သည့်ဟန်ဖြင့်လေပူတစ်ချက်မှုတ်ထုတ်လိုက်သည် ။

မူလက မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်ပူးပေါင်းကာ ကူညီပေးရန်ဖြစ်သော်လည်း ရှောင်ယောင်ရုတ်တရက်ပျောက်သွား၍ အစီအစဉ်များကမောက်ကမဖြစ်ကာ သူတို့အားလုံးစိတ်ပူနေကြခြင်းဖြစ်သည်။

ယခု မိစ္ဆာဓားသမားကပြန်လည်ပေါ်ထွက်လာပြီး မိစ္ဆာနှိမ်နင်းရေးမဟာမိတ်သည်လည်းလှူပ်ရှားတော့မည်ဖြစ်ရာ ယခုအချိန်မှသူ မပူးပေါင်းလျှင်လည်း သူ၏ဂုဏ်သတင်းကကောင်းမည်မဟုတ်တော့ပေ။

သို့သော် တစ်ဖက်တွင် ရှောင်ယောင်ရုတ်တရက်ထွက်ခွာသွားခြင်းက အနည်းငယ်ထူးဆန်းပြီး ရှောင်ယောင့်ကိုလွန်စွာဂရုစိုက်သူပီပီ စန်းဟုန်းလျန်မှာ နေမထိထိုင်မသာဖြစ်နေခြင်းဖြစ်၏။

စန်းဟုန်းလျန်အတွက် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်သူ၏ဂုဏ်သတင်းကအရေးကြီးသော်လည်းရှောင်ယောင်နှင့်နှိုင်းယှဉ်လျှင် လုံးဝအရေးစိုက်စရာမလိုသည့်အရာများဖြစ်သညမ ။

စန်းဟုန်းလျန်၏အခက်အခဲကိုရိပ်စားမိ၍ ဟောင်ရန်က လေးနက်သည့်လေသံဖြင့်ဝင်ပြောလိုက်သည်။

" ဆရာကြီးစန်း....ဆရာကြီးစီးတုတို့နဲ့လိုက်သွားလို့ရပါတယ်။ အစ်ကိုရှောင်ယောင့်ကို ကျုပ်မတွေ့တွေ့အောင်ရှာထားလိုက်မယ်...."

&&&

All Chapters