သစ်သီးဝါရေတံခွန်
Vol. 4 Ch. 47
" ဆရာကြီးစန်း....ဆရာကြီးစီးတုတို့နဲ့လိုက်သွားလို့ရပါတယ်။ အစ်ကိုရှောင်ယောင့်ကို ကျုပ်မတွေ့တွေ့အောင်ရှာထားလိုက်မယ်...."
ဟောင်ရန်၏ကတိစကားကြောင့် စန်းဟုန်းလျန်က ထိုလူငယ်လေးကိုကြည့်လိုက်မိသည် ။
ထိုစဉ် ဘေးဘက်ရှိကြွယ်စင်းကလည်း ခေါင်းညိမ့်၍ထောက်ခံလိုက်သည်။
" ကျုပ်တို့လည်း ဟောင်ရန့်ကိုကူညီလိုက်ပါ့မယ်။ အစ်ကိုကြီးကမပြောမဆိုထွက်သွားပေမယ့် အန္တရာယ်တစ်ခုခုကျရောက်မှာမဟုတ်ပါဘူး...."
ကြွယ်စင်းနှင့်ဟောင်ရန်တို့ကတစ်ဦးပြီးတစ်ဦးအာမခံလာရာ ကြွယ်ယန်လည်း ရှုံ့မဲ့သည့်အမူအယာဖြင့်ပြောလိုက်ရသည်။
" ကျုပ်လည်းအတူတူပါပဲ ..."
ကြွယ်ယန်၏စိတ်ထဲတွင် မိစ္ဆာနှိမ်နင်းရေးအဖွဲ့ကိုဝင်ကာ နာမည်ကြီးလှသည့်မိစ္ဆာဓားသမားကိုနှိမ်နင်းလိုသည်မှာ တစ်ပိုင်းသေနေတိုင် ကျန်လူများ၏သဘောထားကြောင့် သူတစ်ယောက်ထဲကျန်နေခဲ့၍မသင့်လျော်တော့ပေ။
သူတို့၏ လေးနက်တည်ကြည်သည့်အမူအယာများကြောင့် စန်းဟုန်းလျန်လည်းအနည်းငယ်စဉ်းစားပြီးခေါင်းညိမ့်ပြလိုက်သည်။
" ကောင်းပြီ ဒါဆိုရင် မင်းတို့ကိုစိတ်ချလိုက်မယ်...."
သူ၏လေသံအရ မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်ပူးပေါင်းမည့်သဘောဖြစ်၍ စီးတုမင်၏မျက်နှာလည်းဝင်းပသွားပြီး အလျှင်အမြန်ထရပ်ကာပြောလိုက်သည်။
" ဒါဆိုရင် ကျူပ် အကြီးအကဲတွေကိုသွားပြီးအကြောင်းကြားလိုက်ဦးမယ်...."
စိတ်အားတက်ကြွနေသည့်စီးတုမင်၏ပုံစံကြောင့် စန်းဟုန်းလျန်လည်း အသာပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
ထိုစဉ် စီးတုမင်က တစ်စုံတစ်ခုကိုသတိရသွားဟန်တူပြီး သူတို့ကိုလှည့်ပြောလိုက်သည်။
" အစ်ကိုစန်းတို့စုံစမ်းခိုင်းထားတဲ့ သွေးအေးသခင်မအကြောင်းသတင်းရထားတယ်။
လောလောဆယ်မှာ ချန်ချင်းဂိုဏ်းချုပ် ချန်စန်နဲ့ သိုင်းမဟာမိတ်က ချောင်ဖေးဟုန်တို့နှစ်ယောက်ဦးဆောင်ပြီး အင်အားအမြောက်အများနဲ့သူ့ကိုလိုက်လံရှာဖွေနေကြတယ် ။
နောက်ဆုံးသတင်းရတဲ့နေရာကတော့ သစ်သီးဝါဒေသမှာ ပျောက်သွားတယ်ပြောတာပဲ....."
&&&
သစ်သီးဝါဒေသ
ဟီနန်နယ်နှင့်အန်းရှူနယ်စပ်တွင်တည်ရှိပြီး ဟန်နိုင်ငံထဲတွင်ကျော်ကြားသည့်ဒေသတစ်ခုလည်းဖြစ်သည် ။
အကြောင်းကား သစ်သီးဝါဒေသဆိုသည့်နာမည်နှင့်လိုက်အောင် အဝါရောင်ပန်းသစ်တော်များထွက်ရှိရာဒေသဖြစ်ပြီး သစ်သီးဝါဒေသရှိအများစုကလည်းသစ်သီးပန်းမံစိုက်ပျိုးခြင်းကိုသာအဓိကလုပ်ကိုင်ပေသည် ။
ထိုအထဲတွင်အကျော်ကြားဆုံးက ပန်းသစ်တော်များဖြစ်ပြီး ထိုအတွက်ကြောင့်ပင် သစ်သီးဝါဒေသဆိုသည့်အမည်လည်းဖြစ်တည်လာခြင်းဖြစ်၏။
မြေပြန့်လွင်ပြင်နည်းပါးပြီး မြစ်ချောင်းပေါများ၍ တောင်ကုန်းတောင်တန်းထူထပ်သည့်သစ်သီးဝါဒေသမှာ အလယ်ပိုင်းဒေသနှင့်အရှေ့ပိုင်းပြည်နယ်များဆုံရာတွင်တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအသင့်အတန်းရှိသည်ဟုပြောနိုင်သည်။
သစ်သီးဝါဒေသထဲတွင်ထင်ရှားသည့်နေရာတစ်ခုက အဆုံးမဲ့မြစ်နှင့်ဥမင်တစ်ရာကျေးရွာတို့ဖြစ်ပေသည်။
အဆုံးမဲ့မြစ်ဟုအမည်တွင်ခဲ့ခြင်းက ထိုမြစ်က နာမည်ကျော်သန့်စင်တောင်တန်းနှင့်ထိစပ်ရာနေရာရှိ ဥမင်တစ်ရာအတွင်းစီးဝင်ခြင်းကြောင့်ဖြစ်သည်။
သန့်စင်တောင်တန်းနှင့်ဆက်စပ်နေသည့်ကြီးမားသည့်ဥမင်လိုဏ်ခေါင်းကြီးက မည်မျှနက်ရှိုင်းသည်ဟုမသိရဘဲအလယ်ပိုင်းဒေသမှမြစ်ဖျားခံလာသည့်အဆုံးမဲ့မြစ်၏ အဆုံးသက်နေရာလည်းဖြစ်သည်။
မြစ်ကြောင်းတစ်ခုလုံးက ဥမင်ကြီးအတွင်းသို့စီးဝင်ကာပျောက်ကွယ်သွားပြီး အထဲသို့ဝင်ရောက်သွားသည့် လှေသမ္ဗာန်မှန်သမျှလည်း ပြန်ထွက်ထွက်ပေါ်လာရုံးထုံးစံမရှိပေ။
ထို့ကြောင့်ပင် ဥမင်တစ်ရာဟုအမည်တွင်သည့် ထိုဥမင်ကြီးက လျှို့ဝှက်ဆန်းကြယ်သည့်နေရာတစ်ခုဖြစ်လာခဲ့ခြင်းဖြစ်ပြီး တားမြစ်ကန့်သက်ခံရသည့်နေရာတစ်ခုလည်းဖြစ်သည်။
ဥမင်တစ်ရာ၏ ဂုဏ်သတင်းကြောင့် နန်းမြို့တော်မှလူများပင် ဥမင်တွင်းသို့ဝင်ရောက်စူးစမ်းခဲ့ဖူးသည်။
လူသုံးဆယ်စီပါဝင်သည့်အဖွဲ့ခွဲဆယ်ခုထဲတွင် သုံးခုသာပြန်ထွက်နိုင်ခဲ့ပြီး ထိုလူများ၏ပြောစကားအရ ဥမင်တစ်ရာထဲတွင် မြောက်များလှစွာသောလမ်းခွဲများရှိသည့်အပြင် အဆုံးမဲ့မြစ်ကလည်း နေရာများစွာခွဲဖြာ၍စီးဆင်းနေသည်ဟုသိရသည်။
ထိုအဖွဲ့သုံးခုပင် ဥမင်တစ်ရာ၏အတွင်းနက်နက်သို့မဝင်ရောက်ခဲ့၍ ပြန်လည်ထွက်ခွာနိုင်ခြင်းဖြစ်ပြီး အထဲတွင်မမြင်ရသည့်အန္တရာယ်များမရှိလျှင်ပင် ဝင်္ကပါထက်ပို၍ရှုပ်ထွေးသည့်လိုဏ်ခေါင်းငယ်များကြာင့် မည်သူမှပြန်ထွက်နိုင်ကြမည်မဟုတ်ပေ။
ဤသို့ဖြင့် သစ်သီးဝါဒေသ၏ကျော်ကြားမှာများထဲတွင် အဆုံးမဲ့မြစ်နှင့်ဥမင်တစ်ရာလည်းအပါအဝင်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စူးစမ်းလိုသည့်လူအနည်းငယ်စီရှိတတ်ကြပြီး ထိုလူများအနက် ကံကောင်းသူများသာပြန်လည်လွတ်မြောက်နိုင်ခြင်းဖြစ်၏။
ကံကောင်းသူအရေအတွက်ကလည်း ဆယ်ပုံတစ်ပုံပင်မရှိဘဲ တူညီသည့်အချက်ကား ကံကောင်းထောက်မ၍လွတ်မြောက်သူအားလုံးနီးပါးက ရွှေပုံပေးလျှင်ပင် ဥမင်အတွင်းသို့နောက်တစ်ကြိမ်မဝင်ရောက်လိုတော့ခြင်းဖြစ်သည် ။
အဆုံးမဲ့မြစ်သည် တောအထပ်ထပ်တောင်အထပ်ထပ်ကိုကျော်ဖြတ်လာပြီး ဥမင်ရာနှင့် အနည်းငယ်ကွာဝေးသည့်နေရာတစ်ခုတွင် အမြင့်ပေနှစ်ရာနီးပါးရှိသည့် ရေတံခွန်ကြီးတစ်ခုဖြစ်ပေါ်လျက်ရှိသည်။
ထိုမှတစ်ဆင့် အဆုံးမဲ့မြစ်၏ရေစီးက ညင်သာသွားပြီး နာမည်ကျော်ဥမင်တစ်ရာထဲတွင်အဆုံးသက်သွားခြင်းသာဖြစ်ပေသည်။
ထိုရေတံခွန်ကြီးကို ဒေသခံများက သစ်သီးဝါရေတံခွန်ဟုပင်ရိုးရှင်းစွာမှည့်ခေါ်ခဲ့ကြပြီး အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အကြီးဆုံးရေတံခွန်ကြီးလည်းဖြစ်သည်။
ရေစီးသံတဝုန်းဝုန်းကအသဲယားဖွယ်ကောင်းသလို ချောက်ထဲမှလွင့်ပျံတက်လာသည့်ရေခိုးရေငွေ့များ ၊ ရေစက်ရေပေါက်များက မြူမှုန်များ ၊ မိုးစက်များသဖွယ် တဖွားဖွားထွက်ပေါ်လျက်ရှိသည်။
ပုံမှန်အချိန်များတွင် သစ်သီးဝါရေတံခွန်၏သဘာဝရှုခင်းများက လွန်စွာလှပတင့်တယ်လှ၍ ခရီးသွားပြည်သူတို့မကြာခဏလာရောက်လည်ပတ်ကြသည့်နေရာတစ်ခုဖြစ်သည်။
ယခုအခါ ညအချိန်ဖြစ်၍ သစ်သီးဝါရေတံခွန်တွင်လည်ပတ်သူမရှိသော်လည်း ထူးခြားသည့်လူများစွာကား ရှိနေကြသည်။
ရေတံခွန်၏ထိပ်ပိုင်းရှိ နားနေဇရပ်တစ်ဆောင်၏ပတ်လည်တွင် အနက်ရောင်သိုင်းဝတ်စုံဝတ်လူများစွာနှင့်အဖြူရောင်သိုင်းဝတ်စုံဝတ်သိုင်းသမားများက ဇရပ်ကိုပတ်ပတ်လည်ဝန်းရံထားကြသည်။
အနက်ရောင်ဝတ်စုံဝတ်လူများက ဓားသမားများသာဖြစ်ကြပြီး အဖြူရောင်ဝတ်စုံဝတ်လူများကမူ လက်နက်မဲ့သိုင်းသမားအများစုဖြစ်သည်။
သူတို့၏အရေအတွက် တစ်ရာနီးပါးရှိပြီး ထိုလူများ၏အမူအယာကလည်း တင်းမာခတ်ထန်နေကြသည်။
ဇရပ်တွင်းရှိလူက ယခုရက်ပိုင်းတွင် သူတို့၏မိတ်ဆွေအပေါင်းအသင်းများကိုဒဏ်ရာရသေကြေပျက်စီးစေခဲ့ပြီး မူလအင်အားတစ်ရာ့ငါးဆယ်က သုံးပုံနှစ်ပုံနီးပါးသာကျန်ရှိဝောာ့သည်။
ဤသည်က သူတို့၏ဂိုဏ်းချုပ်နှင့်ခေါင်းဆောင်နှစ်ယောက်ပါနေ၍ဖြစ်ပြီး ထိုသုံးယောက်သာအတူလိုက်ပါလာခြင်းမရှိပါက သူတို့အားလုံး ထိုမိစ္ဆာမ၏လက်ချက်ဖြင့်သေဆုံးရနိုင်ချေရှိသည်။
ထိုမိန်းကလေး၏ရုပ်ရည်က နတ်ဘုရားမတစ်ပါးလို ပြိုင်ဘက်ကင်းလှပသည့်တိုင် သူတို့၏စိတ်ထဲတွင် ငရဲသားတစ်ယောက်လိုကြောက်စရာကောင်းနေပေသည်။
လူအုပ်၏ရှေ့ဆုံးတွင် အနက်ရောင်သိုင်းဝတ်စုံဝတ်အဖိုးအိုတစ်ယောက် ၊ အပြာရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကြီးတစ်ယောက်နှင့် အစိမ်းရောင်သိုင်းဝတ်စုံဝတ်ပိန်ပိန်ပါးပါးလူတစ်ယောက်တို့ရှိနေသည် ။
အဖိုးအိုမှလွဲ၍ ကျန်နှစ်ယောက်၏ပုံစံကပင်ပန်းနွမ်းနယ်နေဟန်တူပြီး အပြာရောင်ဝတ်စုံဝတ်လူ၏မျက်နှာဆိုလျှင်အနည်းငယ်ဖြူဖျော့နေသည်။
ယခုရက်ပိုင်းအတွင်း ထိုမိန်းကလေး၏နောက်ကိုလိုက်လံတိုက်ခိုက်ခဲ့ကြသော်လည်း သူ၏တန်ပြန်တိုက်ခိုက်မှုများကြောင့် သူတို့၏လူများစွာကျဆုံးခဲ့ရုံသာမက သူကိုယ်တိုင်ပင်သေလုမျောပါးဖြစ်ခဲ့ရသည်။
ယခင်က သိုင်းလောကထဲတွင်ပျံ့နေသည့်သတင်းများက ပိုပိုသာသာပြောဆိုကြခြင်းဖြစ်သည်ဟုတွေးခဲ့မိသည့်တိူင် ကိူယ်တိုင်ရင်ဆိုင်ရချိန်မှ ထိုမိန်းကလေးမည်မျှကြောက်စရာကောင်းသည်ကို သူတို့သိခဲ့ကြခြင်းဖြစ်၏။
သူမ၏အသက်ကနှစ်ဆယ်ကျော်သုံးဆယ်သာရှိမည်ဖြစ်သော်လည်းသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေခြင်းက လုံးဝယုတ္တိမတန်လှပေ။
သိူ့သော် သူတို့၏အဆက်မပြက်လိုက်လံတိုက်ခိုက်မှုများကြောင့် ထိုမိန်းကလေးလည်းစိတ်ရောကိုယ်ပါနွမ်းနယ်နေပြီး အတွင်းဒဏ်ရာလည်းပြန်ထနေပြီဖြစ်သည်။
ထို့ကြောင့် ယခုညတွင် သူမလုံးဝလွတ်မြောက်နိုင်တော့မည်မဟုတ်ဘဲ သေခါနီးအနေဖြင့် ကျားနာခဲ ခဲမည်ကိုစိုးရိမ်စရာမလိုပါက သူကိုယ်တိုင်ပင် စိတ်ဦးချင်းအနိုင်ယူနိုင်ပြီဖြစ်သည်။
အပြာရောင်ဝတ်စုံဝတ်လူကြီး၏စိတ်ထဲတွင်အတွေးများစွာဖြတ်ပြေးသွားရပြီး ဇရပ်လေးဆီသို့စူးစိုက်ကြည့်ကာအော်ဟစ်လိုက်သည် ။
" သွေးအေးသခင်မ မင်းလက်လျော့အညံ့ခံလိုက်စမ်း....."
သူ၏အသံက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာဟိန်းထွက်သွားသော်လည်း ဇရပ်ကလေးက ပကတိငြိမ်သက်နေဆဲပင်။
မသိလျှင် ဇရပ်ထဲတွင်လူသူတစ်ဦးတစ်ယောက်မှမရှိတော့သည်ဟုထင်ရသော်လည်း ထိုသို့မဟုတ်ပေ။
ဇရပ်ကြမ်းပြင်ပေါ်တွင်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သွယ်လျလှပသည့်ပုံရိပ်ကလေးတစ်ခုရှိနေကာ အေးစက်ကြည်လင်သည့်သူမ၏မျက်ဝန်းများကအပြင်ဘက်ရှိလူများကို ထွင်းဖောက်မတတ်ကြည့်ရှုနေသည်။
အနက်ရောင်ပဝါပါးကိုခေတ္တချွတ်ထား၍ မြင့်မြတ်တင့်တယ်ကာ ပြိုင်ဘက်ကင်းသည့်မျက်နှာလှလှကလေးကို ရှင်းလင်းစွာမြင်တွေ့နိုင်သည် ။
ထိုမျက်နှာကလေးက သွေးဆုတ်ဖြူလျော်၍ နီရဲသည့်နှုတ်ခမ်းထောင့်စွန်းတွင် သွေးစီးကြောင်းတစ်ခုရှိနေသည့်တိုင် သူမ၏အလှအပကိုအနည်းငယ်မှပင်ယုတ်လျော့မသွားစေခဲ့ပေ။
သူမ၏အမူအယာက ခံစားချက်ကင်းမဲ့ပြီးအေးစက်စက်ဖြစ်နေသည့်တိုင် နတ်သက်ကြွေလာသည့်နတ်မိမယ်တစ်ပါးလိုမြင်သူတိုင်း သနားကြင်နာ၍ အကာအကွယ်ပေးချင်စရာဖြစ်ပေသည်။
သို့သော် မိန်းမပျိုလေး၏မျက်ဝန်းထဲတွင်တော့ စိတ်ပိုင်းဖြတ်ပြီးသည့်အရိပ်အယောင်တစ်ခုကိုမြင်တွေ့နိုင်ပြီး သူမ၏ဘေးရှိအနက်ရောင်ပဝါပါးကို မျက်နှာတွင်ပြန်တပ်လိုက်သည်။
" ဒီဘဝမှာတော့ ငါတို့ဆုံစည်းဖို့ကံမပါတော့ဘူးနဲ့တူတယ်....."
မိန်းမပျိုလေး၏ရင်ထဲတွင် ဝမ်းနည်းကြေကွဲသည့်ခံစားချက်က ပြင်းပြစွာပေါ်ထွက်လာသော်လည်း အပြင်ဘက်ရှိရန်သူများကိုပြန်တွေးလိုက်မိကာ သူမ၏အမူအယာက ရေခဲလိုအေးစက်သွားသည်။
ယနေ့ညတွင်သူမအသက်သေဆုံးရလျှင်ပင် ထိုလူများအနက်အများစုကို သေရွာသို့အပါခေါ်သွားရန်စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။
ဤသည်က အေးစက်မာကျောပြီးခေါင်းမာသည့်သူမ၏ပင်ကိုယ်စရိုက်လည်းဖြစ်သည် ။
ထို့ကြောင့်ပင် သူမ၏အိမ်မှတုံ့ဆိုင်းခြင်းမရှိထွက်ခွာလာခဲ့ပြီး သူစိမ်းများပြည့်နှက်နေသည့်လောကကြီးထဲသို့ဝင်ရောက်ကာ ဆိုးရွားသည့်အဖြစ်အပျက်များနှင့်ကြုံတွေ့ရခြင်းဖြစ်သည်။
ဇရပ်လေးထဲမှ လှုပ်ရှားမှုတစ်စုံတစ်ရာမမြင်တွေ့ရသည့်အတွက် အပြာရောင်ဝတ်စုံဝတ်လူကြီးနှင့်အစိမ်းရောင်ဝတ်စုံဝတ်လူတို့က အဖိုးအိုကိုကြည့်လိုက်ကြသည်။
ထိုအဖိုးအိုက သူတိူ့ထဲတွင်သိုင်းပညာအမြင့်ဆုံးလူဖြစ်သလို သူတို့ကိုဦးဆောင်လာသည့်လူလည်းဖြစ်သည်။
အဖိုးအို၏တဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းများက အေးစက်နေသလို သူ၏အမူအယာကလည်း တင်းမာခတ်ထန်နေသည်။
ထို့နောက် နောက်ကျောမှဓားကိုဆွဲထုတ်ရင်း ကျန်နှစ်ယောက်ကိုခေါင်းညိမ့်ပြကာ ဇရပ်ဆီသို့ဖြေးညင်းစွာချဉ်းကပ်သွားတော့သည်။
ထိုလူများနှင့်ခပ်လှမ်းလှမ်းရှိသစ်ပင်ကြီးတစ်ပင်ထက်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်ရှိနေသည် ။
ထိုလူ၏ပုံစံက ငယ်ရွယ်နုပျိုပြီး အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်လူတစ်ဦးဖြစ်သည်။
အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားပြီး ခါးတွင်ကျောက်စိမ်းပုလွေတစ်ချောင်းကိုထိုးထားသည့်သူ၏ပုံစံက သန့်ပြန့်ခန့်ညားလှပြီးအထက်တန်းလွှာသခင်လေးတစ်ယောက်နှင့်ဆင်တူနေသည်။
သို့သော် လူငယ်၏မျက်နှာထက်တွင်မူစိုးရိမ်ပူပန်သည့်အမူအယာများက ဖုံးဖိမရဘဲပေါ်ထွက်လျက်ရှိသည်။
သူ၏အကြည့်များက သိုင်းသမားများစွာဝန်းရံထားသည့်ဇရပ်ကလေးဆီသို့ကျရောက်နေပြီး ပူလောင်နေသည့်စိတ်အစဉ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
" တကယ်ပဲ သူလား...."
&&&