← Chapters

ဝိုင်းမိခြင်း

Vol. 4 Ch. 48

ဝိုင်းမိခြင်း

Vol. 4 Ch. 48

လူငယ်၏အကြည့်အောက်တွင်ပင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် သက်လက်ပိုင်းအရွယ်ရှိသည့်လူနှစ်ယောက်က ဇရပ်အနီးသို့တရွေ့ရွေ့တိူးကပ်သွားကြသည် ။

သူတို့သုံးယောက်လုံးကအစွမ်းထက်လှသည့်သိုင်းသမားများဖြစ်သည့်တိုင်ယခုလို သတိကြီးစွာလှူပ်ရှားနေခြင်းကိုကြည့်၍ဇရပ်တွင်းရှိလူကိုမည်မျှအလေးထားကြောင်းသိသာစေသည် ။

ထိုအခိုက် ဇရပ်အတွင်းဘက်ဆီမှ အစိမ်းရောင်အရိပ်တစ်ခုကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ထွက်ပေါ်လာကာ သက်လက်ပိုင်းလူနှစ်‌ယောက်မှ အစိမ်းရောင်ဝတ်စုံဝတ်ပိန်ပိန်ပါးပါးလူဆီသို့တဟုန်ထိုးပြေးဝင်သွားသည်။

" ထန်ချင်းရှန် သတိထား...."

အပြာရောင်ဝတ်စုံဝတ်လူကြီးကအလျှင်အမြန်အော်ဟစ်သတိပေးလိုက်သော်လည်း ဇရပ်တွင်းရှိလူ၏အမြန်နှုန်းကအံ့မခန်းဖြစ်၍လှုပ်ရှားရန်ပင်အချိန်မမှီလိုက်ပေ....။

" ဝှစ်...."

လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်လာသည့်လက်ဝါးချက်က အစိမ်းရောင်ဝတ်စုံဝတ်လူ၏ရင်ဘက်ဆီသို့ လျှပ်တပြတ်ဝင်ရောက်လာသည် ။

ဇရပ်တွင်းမှ တဟုန်ထိုးပြေးထွက်လာသူကအစိမ်းရောင်ဝတ်စုံဝတ်မိန်းမပျိုလေးပင်ဖြစ်ပြီး သူမ၏သွင်ပြင်က အသက်ရှူရပ်လောက်အောင်လှပတင့်တယ်သည့်တိုင်ရေခဲလိုအေးစက်ပြီးသတ်ဖြတ်လိုစိတ်များထွက်ပေါ်နေသည် ။

ထိုနည်းတူ ထန်ချင်းရှန်သည်လည်း မိန်းမပျို‌၏လူရိပ်ကိုပင်ကောင်းစွာမမြင်လိုက်ရဘဲ ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်တိူ့ကိုခံစားလိုက်မိ၍ ချက်ခြင်းဆိုသလို နောက်သို့ဆုတ်ကာရှောင်တိမ်းလိုက်လေသည်။

" ဝုန်း ..."

ကျယ်လောင်သည့်တုန်ခါသံနှင့်အတူ မိန်းမပျိုလေး၏တိုက်ကွက်က ထန်ချင်းရှန်၏ခန္တာကိုယ်အနီးမှပွတ်ကာသီကာဖြတ်သန်းသွားသည် ။

သူမ၏တိုက်ကွက်ပြင်းအားကိုကြည့်၍ သိုင်းထိပ်သီးအဆင့်တစ်ယောက်၏တိုက်ခိုက်မှူသာကျန်ရှိနေသော်လည်း လျှင်မြန်ပြီးကြောက်မက်ဖွယ်ကောင်းလှသည့်တိုက်ခိုက်မှုကြောင့် ထန်ချင်းရှန်မှာ မျက်စိပျက်မျက်နှာပျက်ဖြင့် နောက်သို့တချိုးထဲဆုတ်ခွာသွားလေသည် ။

သူ၏နဖူးပေါ်တွင်လည်းချွေးများသီးထနေလျှက် အမြဲလိုလိုတည်ငြိမ်သည့်အမူအယာက တုန်လှုပ်ထိတ်လန့်နေဟန်တူသည်။

သူတို့၏အဆက်မပြက်လိုက်လံတိုက်ခိုက်မှုများကြောင့်မိန်းကလေးမှာအနားယူချိန်ပင်‌ကောင်းစွာမရဘဲ ပင်ပန်းနွမ်းနယ်သည့်တိူင် သူ့ကိုထိခိုက်စေလုနီးပါးဖြစ်သည်ကိုကြည့်၍ သူမ၏သိုင်းပညာမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုသိရှိနိုင်သည်။

မိန်းမပျိုလေးသည်လည်း သူမ၏အပိုင်တိုက်ကွက်လွဲချော်သွားခြင်းကိုအနည်းငယ်စိတ်ပျက်သွားဟန်တူပြီး ကောင်းကင်မှကြယ်များလိုတောက်ပသည့်မျက်ဝန်းများဖြင့်ဘေးပတ်လည်ရှိလူများကို အေးစက်စွာကြည့်လိုက်သည်။

လက်ရှိအခြေအနေက လွန်ခဲ့သည့်ဆယ်နှစ်ကနှင့်တစ်ပုံစံထဲဖြစ်သည်ကိုတွေ့လိုက်ရသည်။

ထိုစဉ်က များပြားလှသည့်သိုင်းသမားများမှာ သူမကိုအနားမပေးဘဲ တရစက်လိုက်လံတိုက်ခိုက်ကာ ဖိအားပေးခဲ့ပြီး သူမ၏အကောင်းဆုံးအခြေအနေတွင်မရှိသော်လည်း ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးခြောက်ယောက်နှင့်တစ်ဦးထဲရင်ဆိုင်ခဲ့ရသည်။

ထိုစဉ်က ကူညီမည့်လူသာပေါ်ပေါက်မလာပါက ထိုနေရာတွင်ပင်သတ်ဖြတ်ခံရပြီးဖြစ်ပေမည်။

ယခုလည်း ချန်ချင်းဂိုဏ်းကိုသွားရောက်လက်စားချေသည့်ဖြစ်ရပ်မှစတင်ကာ တစ်ဖက်လူများကိုသူမကိုကောင်းစွာပြင်ဆင်စောင့်ကြိုနေခဲ့ပြီး သိုင်းဝိဇ္ဇာနှစ်ယောက်၏လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရကာထွက်ပြေးခဲ့ရသည်။

သူမကိုကယ်တင်မည့်လူများနောက်တစ်ကြိမ်ထပ်မံပေါ်ထွက်လာသော်လည်း ဆိုးရွားလှသည့်အတွင်းဒဏ်ရာကိုကုသချိန်မရမီ နောက်တစ်ကြိမ်ထွက်ပြေးခဲ့ရသည်။

ထို့နောက် ထိုလူများ၏အဆက်မပြက်လိုက်လံတိုက်ခိုက်မှုများအောက်တွင် ရုန်းကန်ခုခံရင်း ထွက်ပြေးရာမှ ဤနေရာတွင်ချောင်ပိတ်မိနေပြီဖြစ်သည်။

သူမ၏လက်ရှိအတွင်းအားက သုံးပုံတစ်ပုံသာကျန်ရှိတော့သလို တဖြေးဖြေးဆိုးရွားလာသည့်အတွင်းဒဏ်ရာက ယခင်ထက်များစွာ ပြင်းထန်နေပြီဖြစ်သည်။

ထိုအခြေအနေတွင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုပင်ခက်ခက်ခဲခဲရင်ဆိူင်ရမည်ဖြစ်သော်လည်း သူမ၏ရှေ့တွင် သိုင်းဝိဇ္ဇာတစ်ယောက်နှင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆငိ့သိုင်းသမားနှစ်ယောက်ရှိနေသည်။

ထို့အပြင် သူတို့၏လက်အောက်ငယ်သားတစ်ရာနီးပါးက ပြေးပေါက်မရှိစေရန်အထပ်ထပ်ဝန်းရံထားကာ မိန်းမပျိုလေး၏အခြေအနေက လမ်းဆုံးသို့ရောက်ရှ်နေပြီဖြစ်သည် ။

ရွှန်းလဲ့သည့်လရောင်အောက်တွင် တစ်ကိုယ်ထဲအထီးကျန်စွာတည်ရှိနေသည့်သူမ၏ပုံပန်းသွင်ပြင်က ဝမ်းနည်းအားနည်းနေသည့်နတ်ဘုရားမတစ်ပါးနှင့်ဆင်တူကာများစွာသောသိုင်းသမားများမှာ သူမကိုသွားရောက်ကာကွယ်ပေးလိုစိတ်များတဖွားဖွားပေါ်ထွက်လာမိကြသည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုမိန်းကလေး၏လက်ချက်ဖြင့်သူတို့၏ညီနောင်များစွာသေကြေပျက်စီးရသည့်အကြောင်းကိုပြန်တွေးမိရာ သနားကရုဏာသက်သည့်အကြည့်များကအေးစက်သွားကြပြီး ဒေါသထွက်သည့်ခံစားချက်သို့ပြောင်းလဲသွားကြသည်။

ထိုမိန်းကလေးက အမှန်ပင်မိစ္ဆာမတစ်ကောင်ဖြစ်ပြီး ပြိုင်ဘက်ကင်းလှပသည့်သွင်ပြင်အောက်တွင် သွေးဆာရက်စက်လှသည့်နှလုံးသားတစ််ခုတည်ရှိသည်။

သူမ၏ပုံစံက အတော်လေးအခြေအနေဆိုးနေကြောင်းသိသာစေသော်လည်း ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများမှာ ဝင်ရောက်တိုက်ခိုက်ဝံ့ခြင်းမရှိကြပေ။

" ဟာ ...."

ဇရပ်တွင်းမှထွက်လာသည့်မိန်းမပျို၏သွင်ပြင်ကို‌တွေ့မြင်ပြီးနောက် သစ်ပင်ကြီး၏ထက်တွင်ပုန်းကွယ်နေသည့်လူငယ်၏ခန္တာကိုယ်ကအပြင်းအထန်တုန်ခါသွားပြီး သစ်ကိုင်းပေါ်မှပြုတ်ကျတော့မည်ကဲ့သို့ဖြစ်သွားပေသည်။

ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်တို့၏ပစ်မှတ်ထားခံနေရသူက အမှန်ပင် သူမဖြစ်နေသည်။

သူမဆိုသည်က လူငယ်၏စိတ်ထဲတွင် လွန်စွာချစ်ခင်မြတ်နိုးရသော နတ်မိမယ်လေးပင်ဖြစ်သည်။

ထိုလူငယ်ကား သွေးအေးသခင်မသို့မသုတ် သူ၏နတ်မိမယ်လေးနှင့်ချန်ချင်းဂိုဏ်းတို့၏သတင်းများကိုကြားကြားချင်း အပူတပြင်းစုံစမ်းရှာဖွေနေသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ပေ။

လက်ရှိအချိန်တွင် မိစ္ဆာဓားသမားနှင့်ပတ်သတ်သည့်သတင်းများကိုသိုင်းလောကတစ်ခုလုံးအာရုံစိုက်နေကြပြီး သွေးအေးသခင်မ၏သတင်းကိုများစွာဂရုမစိုက်မိကြပေ ။

သို့သော် ရှောင်ယောင့်လို သူမနှင့်ပတ်သတ်ဆက်နွယ်နေသည့်လူတစ်ယောက်အတွက် မိစ္ဆာဓားသမားသိူ့မဟုတ် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်၏သတင်းက လုံးဝအရေးမပါခဲ့ပေ။

ရှောင်ယောင်တစ်ယောက် သူမရှိနေသည့်နေရာကိုမည်သို့ရှာတွေ့သနည်းဟုမေးခွန်းထုတ်စရာရှိပေသည် ။

သို့သော် ရှောင်ယောင်၏မူလဇာတ်မြစ်ကို ပြန်တွေးတောပါက ထိုအချက်ကိုထူးဆန်းသည်ဟုတွေးမိမည်မဟုတ်ပေ။

သိုင်းလောကတွင် သတင်းအချက်အလက်နှင့်ပတ်သတ်၍အမြန်ဆုံးနှင့် အစုံလင်ဆုံးဆက်သွယ်နိုင်သည့်အဖွဲ့အစည်းများထဲတွင် တေလေဂိုဏ်းလည်းအပါအဝင်ဖြစ်သည် ။

တေလေဂိုဏ်း၏အဓိပတိအဖိုးအိုစုတိချုံးနှင့် မြေးအဖိုးများလိုရင်းနှီးကျွမ်းဝင်သည့်ရှောင်ယောင့်အတွက် တေလေဂိုဏ်းသားများနှင့်ဆက်သွယ်အကူအညီတောင်းရမည့်အချက်အလက်များကို သူငယ်စဉ်ကပင် ကောင်းစွာတတ်မြောက်ပြီးဖြစ်၏။

ထို့ကြောင့် ယခုလို မိန်းမပျိုလေး၏သတင်းများကိုစုံစမ်းရာတွင်တေလေဂိုဏ်းသားများ၏အကူအညီဖြင့် လျှင်မြန်စွာသိရှိခဲ့ရပြီး မိစ္ဆာဓားသမား၏ကိစ္စတွင် တေလေဂိုဏ်းသားအများစုကူညီပေးနေရ၍ အနည်းငယ်နှောင့်နှေးခဲ့ရသည် ။

သို့တိုင် ချန်ချင်းဂိုဏ်း၊သိုင်းမဟာမိတ်နှင့် သွေးအေးသခင်မဆိုသည့်မိန်းမပျိုတို့အကြောင်းကို အလျှင်အမြန်သိရှိခဲ့ပြီး ယခု နေရာအတိအကျသိသည်နှင့်သူလိုက်ပါလာခဲ့ခြင်းဖြစ်သည်။

သို့‌သော် သူရောက်ရှိလာသည်ကအချိန်ကောင်းမဟုတ်ဘဲ တစ်ဖက်လူများ၏လက်ချက်ဖြင့် သူ၏နတ်မိမယ်လေးချောင်ပိတ်မိနေပြီဖြစ်သည်။

ရှောင်ယောင်၏မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုနှင့်ကူကယ်ရာမဲ့မှုများထွက်ပေါ်လာပြီး အသားကိုထိုးဖောက်လုမတတ်လက်သီးတင်းတင်းဆုပ်ထားမိ၏။

သူ၏ရင်ထဲတွင်ကမ္ဘာပျက်လုမတတ်ပူပန်သောကရောက်နေသည့်တိုင်လူငယ်၏စိတ်များက ပြက်သားကြည်လင်နေဆဲဖြစ်ပြီး မိန်းမပျိုလေးကိုမည်သို့ကယ်တင်ရမည်ကိုအလျှင်အမြန်တွေးတောလျက်ရှိသည်။

အောက်ဘက်တွင်ရှိနေသည့်သိုင်းသမားတစ်ရာကျော်က ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလက်ရွေးစင်များဖြစ်ပြီး များစွာသောအဆင့်မြင့်သိုင်းသမားများအပြင် ထိပ်တန်းအဆင့်သိုင်းသမားများ၊ အဆင့်လွန်ထိပ်သီးများရှိနေသေးသည်။

ရှောင်ယောင့်အနေဖြင့်ထိုမျှများပြားသည့်လူစု၏ဝန်းရံတိုက်ခိုက်မှုခံရလျှင် အသက်မသေသည့်တိုင် ဒဏ်ရာများစွာဖြင့် ထွက်ပြေးရှောင်တိမ်းရပေသည်။

အရေးအကြီးဆုံးက နတ်မိမယ်လေးကိုဝန်းရံထားသည့်လူသုံးယောက်ဖြစ်သည်။

သိုင်းဝိဇ္ဇာအဆင့်ရှိသည့်ချန်ချင်းဂိုဏ်းချူပ်အဖိုးအိုကိုထည့်မတွက်လျှင်ပင် လျှပ်တပြတ်ဓားသခင်ဟုနာမည်ကျော်သည့် ချောင်ဖေးဟုန်နှင့် လက်နက်ပုန်းသခင်ထန်ချင်းရှန်တိူ့က နာမည်ကျော်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားများဖြစ်သည်။

ထိုနှစ်ယောက်အနက်တစ်ယောက်ယောက်နှင့်ရင်ဆိုင်ရလျှင်ပင် ရှောင်ယောင့်အနေဖြင့်သေချာပေါက်ရှုံးနိမ့်ရပေမည်။

လက်ရှိသူ၏သိုင်းပညာက ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ဦးကိုယှဉ်နိုင်သည်ဆိုသော်လည်း ထိုလူစုတွင်းသို့ဝင်ရောက်ကာ နတ်မိမယ်လေးကိုကယ်တင်ရန်က လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။

ထိုအခြေအနေမျိုးတွင် စန်းဟုန်းလျန်နှင့်ဟောင်ရန်တို့သာပါလာပါက အခြေအနေကိုတစ်မျိူးတစ်ဖုံပြောင်းလဲနိုင်ပေမည်။

သို့သော် ထိုအတွေးကိုလျှင်မြန်စွာပယ်ဖျက်လိုက်ရသည်။

အကြောင်းကား စန်းဟုန်းလျန်က သိုင်း‌လောကထဲတွင်ကျော်ကြားသည့်သိုင်းဝိဇ္ဇာဦးတစ်ဖြစ်နေကာ သူသာအကူအညီတောင်းလိုက်ပါက နတ်မိမယ်လေးကိုကယ်တင်ရန်သေချာပေါက်ဆောင်ရွက်ပေးမည်ဖြစ်၍ပင်။

ကြွယ်ယန်တို့လည်းထိုနည်းတူပင်ဖြစ်ကြီး ရှောင်ယောင်သာအကူအညီတောင်းပါက မည်သည့်အရာကိုမှဂရုစိုက်မည်မဟုတ်ဘဲ သူ့ကိုကူညီပေးကြပေမည်။

သို့သော် အများအမြင်တွင် နတ်မိမယ်လေးက သွေးဆာရက်စက်လှသည့်သိုင်းသမားဆိုးတစ်ယောက်ဖြစ်နေရာ သူမကိုစွဲလန်းနေသည့်ရှောင်ယောင်မှလွဲ၍ သူမကိုကယ်တင်ရန်မည်သူမှကြံစည်ကြမည်မဟုတ်ပေ။

ထိုအစား နတ်မိမယ်လေးကိုကူညီရနိကြိူးစားသူမှန်သမျှကို မကောင်းသည့်သိုင်းသမားဆိုးတစ်ယောက်ဟုပင်တံဆိပ်ကပ်ခံနိုင်ပြီး သူမနှင့်ဆန့်ကျင်ဘက်ဖြစ်နေသူများက ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်ဖြစ်ရာ ထိုသို့ဖြစ်မည်က သေချာသလောက်ရှိသည်။

စန်းဟုန်းလျန်ပင်ဖြစ်စေ ၊ ဟောင်ရန် ၊ကြွယ်ယန်နှင့်ကြွယ်စင်း စသူတို့က ရှောင်ယောင့်အတွက်အရေးကြီးသည့်လူများဖြစ်ရာထိုလူများကိုသိုင်း‌လောကသားများအဆိုးမြင်မည်ကိုသူအလိုမရှိပေ။

ထို့ကြောင့်ပင် ရှောင်‌ယောင်က နတ်မိမယ်လေးဒုက္ခရောက်နေသည့်သတင်းကိုကြားသည်နှင့်မည်သူ့ကိုမှမခေါ်ဆောင်ဘဲတိတ်တဆိတ်ထွက်လာခြင်းဖြစ်သည်။

ယခု နတ်မိမယ်လေးကိုဝန်းရံးသည့်လူများက သူမျှော်လင့်ထားသည်ထက်များစွာပို၍အစွမ်းထက်နေရာ ရှောင်ယောင်လည်း မည်သို့ဆက်လုပ်ရမှန်းမသိဘဲ မီးစဉ်ကြည့်ကရန်သာဆုံးဖြတ်လိုက်ရသည်။

ဇရပ်ကလေး၏အနီးတွင်လည်း မိန်းမပျိုလေးက ထပ်မံတိုက်ခိုက်ခြင်းမရှိတော့သော်လည်း ချန်ချင်းဂိုဏ်းချူပ်အဖိုးအိုနှင့် ထန်ချင်းရှန်တို့နှစ်ယောက်မှာ မလှုပ်ရှားကြသေးပေ။

တည်ငြိမ်အေးဆေးပြီး ဉာဏ်များဟု‌ကျော်ကြားသည့်ထန်ချင်းရှန်ဆိုလျှင်အစောပိုင်းကတိုက်ကွက်တွင် ခံရလုနီးပါးဖြစ်သွား၍ မိန်းမပျိုလေးနှင့်ခြေလှမ်းနှစ်ဆယ်အကွာတွင်သတိကြီးစွာရပ်နေသ ည်။

ချောင်ဖေးဟုန်နှင့်အဖိုးအိုချန်စန်တို့ကလည်း မိန်းမပျိုလေး၏အခြေအနေကိုအကဲခပ်နေကြပြီး သူမအမှန်တကယ်အခြေအနေဆိုးရွားသည်လော သို့မဟုတ် သူတို့ကိုထောင်ချောက်ဆင်လို၍ပရိယာယ်ဆင်းခြင်းဖြစ်သည်လောဟု စဉ်းစားနေခြင်းဖြစ်၏။

သိူ့သော် ကြာကြာအကဲမခပ်လိုက်ရဘဲမိန်းမပျိုလေးက အတွင်းဒဏ်ရာပြင်းထန်နေပြီး အမှန်တကယ်အခြေအနေမကောင်းသည်ကိုတွေ့မြင်သည်နှင့် အဖိုးအိုချန်စန်ကကျန်နှစ်ယောက်ကို ခေါင်းညိမ့်ကာအချက်ပေးလိုက်သည်။

ထို့နောက် သူတိူ့သုံး‌ယောက်၏ခန္တာကိုယ်က တစ်ပြိုင်နက်ရွေ့လျားသွားကြပြီး ဓားနှစ်လက်နှင့်လက်နက်ပုန်းတစ်ဆုပ်တို့က မိန်းမပျိုလေးကိုသတ်ဖြတ်ရန်တိုးဝင်သွားကြသည်။

&&&

All Chapters