← Chapters

တေလေဂိုဏ်းခွဲမှလူများ

Vol. 4 Ch. 50

တေလေဂိုဏ်းခွဲမှလူများ

Vol. 4 Ch. 50

မိန်းမပျိုလေး၏ကြည်လင်တောက်ပသည့်‌မျက်ဝန်းများက ထိတ်လန့်တုန်လှုပ်သည့်အရိပ်အယောင်ကလေးတစ်ခုတစ်လေကိုပင်မတွေ့ရဘဲ အေးစက်မာကျောလျက်ရှိသည်။

အနိုင်မခံအရှုံးမပေးဘဲ အကြောက်အလန့်ကင်း၍ခေါင်းမာသူတစ်ဦးအနေဖြင့် သူမ၏အသက်သေဆုံးသွားလျှင်ပင် နောက်တမရဘဲ အဆုံးထိတိုက်ခိုက်သွားပေမည်။

ညကောင်းကင်ထက်မှ ထိန်ထိန်သာနေသည့်လမင်းကြီးက တိမ်တိုင်များကြားမှ ဝင့်ကြွားစွာပေါ်ထွက်လာသည်။

လထွက်လာသည့်အချိန်တွင် သစ်သီးဝါရေတံခွန်ကြီးကလည်း နဂါးဖြူကြီးတစ်ကောင်မာန်ဖီနေသလို တဝုန်းဝုန်းမည်သံပေးကာ ‌အောက်ဘက်သို့စီးကျနေသည်။

ရန်သူများစွာ၏အလယ်တွင်ဝိုင်းမိနေသော်လည်း မိန်းမပျိုလေး၏ ရဲရင့်ကာ သတ္တိကောင်းလှသည့်ပုံစံက ကြည့်ရှုနေသူများ၏စိတ်ထဲတွင်စွဲကျန်နေပေမည်။

ထိုမိန်းကလေးနှင့်ရန်သူများပင်ဖြစ်လင့်ကစား ထိုခဏတွင် သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းသားများမှာ မိန်းမပျိုလေးကိုသနားကရုဏာသက်‌မိကြသည်။

သို့သော် သူမကိုအသေမသတ်နိုင်လျှင် အဆုံးမရှိသည့်ဒုက္ခများကြုံတွေ့ရမည်ကို ကြိုတင်ရိပ်စားမိနေသည့် ထန်ချင်းရှန် ၊ ချောင်ဖေးဟုန်နှင့် အဖိုးအိုချန်စန်တို့က ပြိုင်တူအော်ဟစ်မာန်သွင်းကာ မိန်းမပျိုလေးဆီသို့တိုးဝင်သွားကြသည်။

အဖိုးအိုချန်စန်၏အရိပ်မဲ့ဓားသိုင်းက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်လာသလို ချောင်ဖေးဟုန်၏လျှပ်တပြတ်ဓားသိုင်းကလည်း ဓားကွက်ရှစ်ခုအထိ ဆက်တိုက်ဝင်ရောက်လာသည် ။

တစ်ဖက်တွင်မိန်းမပျိုလေး၏လက်ချက်ကြောင့်အတွင်းဒဏ်ရာရရှိထားသည့်တိုင် ထန်ချင်းရှန်က ရှေ့သို့တိုးဝင်လာပြီး သူ၏လက်နှစ်ဖက်ကိုပြိုင်တူဝေ့ယမ်းလာသည်။

ငွေရောင်တောက်ပနေသည့်သေးငယ်သည့်အပ်ကလေးဆယ်ချောင်းက မိန်းမပျို‌၏မတူညီသည့်ခန္တာကိုယ်အစိတ်အပိုင်းများဆီသို့တိုးဝင်လာသည်။

လေမုန်တိုင်းပန်းပွင့်အပ်ဟုအမည်‌ပေးထားသည့်ထိုလက်နက်ပုန်းက ထန်ချင်းရှန်၏ဝှက်ဖဲဖြစ်သလို တိုက်ပွဲပေါင်းများစွာအောင်နိုင်စေသည့်လက်နက်ပုန်းတစ်ခုလည်းဖြစ်သည်။

သုံးပွင့်ဆိုင်တိုးဝင်လာသည့် သေစေနိုင်သည့်တိုက်ခိုက်မှုများကိုမြင်တွေ့နေရသော်လည်း မိန်းမပျိုလေး၏အမူအယာက ပြောင်းလဲခြင်းမရှိပေ ။

ဖြူနုသည့်လက်ဖဝါးလေးနှစ်ဖက်ကိုဝေ့ယမ်းကာ ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုများကိုခုခံကာကွယ်ရန်ပြင်လိုက်သည့်သူမ၏ပုံစံက ငြိမ်းခါနီးဆီမီးတောက်လေးလို လွန်စွာလှပအသက်ဝင်လျက်ရှိသည်။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိတောအုပ်ဘက်မှ တိုးဝင်လာသည့်များပြားသည့်ကျောက်စရစ်ခဲလေးများက ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှအဖွဲ့သားများဆီသို့အရှိန်အဟုန်ပြင်းစွာဝင်ရောက်လာတော့သည်။

&&&

ကောင်းကင်ထက်မှလမင်း၏ထိန်ထန်သာသည့်အလင်းရောင်ကိုအားပြုကာ ခရီးသွားလာနေကြသည့်လူတစ်စုရှိနေသည်။

လူဦးရေငါးဆယ်ကျော်ခြောက်ဆယ်ခန့်ရှိမည့် သူတို့အားလုံးက စုတ်စုတ်ပြတ်ပြတ်အဝတ်အစားများကိုဝတ်ဆင်ထားကြသည့်အပြင် ချေးအထပ်ထပ်နှင့် ညစ်ပတ်နံစော်နေကြသည်။

ရှုပ်ပွနေသည့်ဆံပင်များ ၊ စုတ်ပြဲကာ ဖာရာပရပွ ညစ်ပတ်ပေကျံနေသည့်ဝတ်စုံများဖြင့်ထိုလူများ၏သွင်ပြင်က မည်သည့်ရှုထောင့်မှကြည့်ရှုပါစေ သားနားခြင်းအလျှင်းမရှိဘဲ သူတောင်းစားများနှင့်ပင်ဆင်တူနေသေးသည်။

ထိုနည်းတူ လက်ထဲတွင်တုတ်ရှည်ကိုယ်စီတယမ်းယမ်းဖြင့် ဆူညံစွာသွားလာနေကြသည့်သူတို့၏ပုံစံက ပရမ်းပတာဆန်လှသည်။

အမှန်လည်း သူတို့အားလုံးက လမ်းမများ၊ မြို့ရွာများတွင်နေရာအနှံ့တွေ့နိုင်သည့် သူဖုန်းစားများဖြစ်ကြသည်။

သို့သော် သူတို့ကိုအထင်သေးလျှင် အမှားကြီးမှားသွားမည်ဖြစ်ပြီး ထိုသူဖုန်းစားများက သိုင်း‌လောက၏ခေါင်းဆောင်ဟုသက်မှတ်နိုင်သည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ တေလေဂိုဏ်းဝင်များဖြစ်ကြသည်။

တေလေဂိုဏ်း သို့မသုတ် သိုင်းလောကတစ်ခုလုံးတွင်ဂိုဏ်းဝင်အများဆုံးဖြစ်သည့် ထိပ်တန်းအင်အားစုကြီးက အနယ်နယ်အရပ်ရပ်မှ သူဖုန်းစားများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဂိုဏ်းဝင်အများစုက သိုင်းပညာအဆင့်နိမ့်ကြသော်လည်း သူတို့၏အရေအတွက်ကလွန်စွာများပြားပြီး အချင်းချင်းဆက်သွယ်ရေးမြန်ဆန်မှုသည်လည်းအံ့မခန်းပင်ဖြစ်သည်။

တစ်နေရာတွင်တေလေဂိုဏ်းသားအနည်းငယ်ကိုအနိုင်ကျင့်လိုက်ပါက နောက်တစ်နေရာတွင် ဂိုဏိးသားတစ်အုပ်ကြီးကစောင့်ကြိုနေမည်ဖြစ်ပြီး ခွင့်မလွှတ်နိုင်သည့်ပြစ်မှူကြီးများမှလွဲ၍ ကျန်ကိစ္စများကိုတားမြစ်ခြင်းမရှိဘဲလွတ်လပ်စွာလုပ်ဆောင်နိုင်သည်က တေလေဂိုဏ်း၏အားသာချက်ပင်ဖြစ်ပေသည်။

ဂိုဏ်းဝင်များက အချင်းချင်းစည်းလုံးညီညွတ်ကြသလို ထိပ်ပိုင်းခေါင်းဆောင်များ၏သိုင်းပညာမြင့်မားမှုကြောင့်လည်း ခေတ်အဆက်ဆက်တေလေဂိုဏ်းက သိုင်းလောသားတိုင်းလေးစားခံရသည့်အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ခြင်းပင်ဖြစ်၏။

ယခု ညအချိန်တွင်ပင် ခရီးသွားနေကြသည့်တေ‌လေဂိုဏ်းသားများက အရှေ့ပိုင်းဒေသတွင်ရှိသည့် ဂိုဏ်းခွဲသုံးခုအနက်တစ်ခု၏အဖွဲ့ဝင်များဖြစ်ကြသည်။

သာမန်ဂိုဏ်းခွဲတစ်ခုတွင် လူဦးရေခြောက်ဆယ်နီးပါးရှိခြင်းကအံ့ဖွယ်ဖြစ်ပြီး တေလေဂိုဏ်း၏စုစုပေါင်းအင်အားက လူဦးရေ နှစ်ထောင်ဝန်းကျင်ပင်ရှိနိူင်သည်။

ထို့ကြောင့်လည်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကပျက်သုန်းခဲ့သည့်နဂါးစိမ်းဂိုဏ်းကြီးမှလွဲ၍ ခေတ်အဆက်ဆက် ဂိုဏ်းဝင်အများဆုံးသိုင်းဂိုဏ်းတစ်ခုအဖြစ်ရပ်တည်နေခြင်းဖြစ်သည်။

ယခုအခါ မည်သည့်အရေးကြီးကိစ္စရှိ၍ အရှေ့ပိုင်းမှ ဂိုဏ်းခွဲတစ်ခုလုံးအလယ်ပိုင်းဒေသသိူ့ဦးတည်သွားနေရပါသနည်း။

ထိုမေးခွန်းကိုဖြေဆိုရပါလျှင် လက်တလောသိုင်းလောသားများကိုအိပ်မပျော်စားမဝင်ဖြစ်စေသည့်မိစ္ဆာဓားသမားကို ချူမိသားစုအခြေစိုက်ရာချူမင်းမြို့တွင်ပြန်လည်တွေ့မြင်လိုက်ကြသည့်အတွက်ဖြစ်သည် ။

သိုင်း‌လောကတစ်ခုလုံးသူ့ကိုအပူတပြင်းရှာဖွေနေစဉ်က ထိုလူငယ်မှာ ချူမင်းမြို့တွင်အေးဆေးသက်သာစွာအနားယူနေခြင်းဖြစ်နိုင်ပြီး ယခုမှလူလုံးထွက်ပြခဲ့ခြင်းဖြစ်သည်။

သူ၏နောက်သို့ ဂိုဏ်းကြီးခြောက်ဂိုဏိး၏မိစ္ဆာနှိမ်နင်းရေးမဟာမိတ် ၊ သိုင်းမဟာမိတ်နှင့်အခြားထိပ်တန်းအင်အားစုများစွာလိုက်နေကြမှန်းသိသိကြီးနှင့် ထင်ထင်ရှားရှားပေါ်ထွက်လာသည့်သူ၏သတ္တိကအံ့ဩစရာကောင်းလှ၏ ။

သို့သော် သူ၏သတ္တိရှိမှုက သံသယဖြစ်ဖွယ်မရှိဘဲ ချူမင်းမြို့နှင့်မလှမ်းမကမ်းတွင် သူ၏နောက်သို့တိတ်တဆိတ်လိုက်ပါစောင့်ကြည့်နေသူများကို ရက်စက်ပြက်သားစွာ သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအထဲတွင် တေလေဂိုဏ်းသားဆယ်ယောက်ကျော်ပါဝင်ခဲ့ပြီး နောက်ရက်များတွင်လည်း တေလေဂိုဏ်းသားများနှင့်အခြားအင်အားစုများမှအ‌ထောက်တော်များဆက်တိုက်သတ်ဖြတ်ခံခဲ့ရသည်။

အထူးသဖြင့် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်၏တာဝန်ပေးမှုကြောင့် မိစ္ဆာဓားသမားကိုအဆက်မပြက်စုံစမ်းနေသူအများစုက တေလေဂိုဏ်းသားများဖြစ်ရာ ထိုလူငယ်၏လက်ချက်ကြောင့် တေလေဂိုဏ်းမှလူများစွာအထိနာခဲ့ရသည် ။

ထိုအချက်ကိုကြည့်၍ မိစ္ဆာဓားသမား၏လုပ်ရပ်က တစ်လောကလုံးနှင့်တစ်ယောက်စိန်ခေါ်နေခြင်းဖြစ်ကာ သူ၏လုပ်ရပ်ကြောင့် သိုင်းလောကအရေးများကိုတော်ရုံတန်ရုံဝင်မပါသည့် တေလေဂိုဏ်း၏ ဂိုဏ်းထိမ်းကြီးများပင် လှုပိရှားလာပြီဖြစ်သည်။

ထို့ကြောင့် သိုင်းလောကတစ်ခုလုံးရှိတေလေဂိုဏ်းသားများကိုစုစည်းခဲ့ကြပြီး ဤလူစုက အရှေ့ပိုင်းမှနောက်ဆုံးကျန်ရှိနေသည့်လူများသာဖြစ်သည် ။

လူစု၏နောက်ဆုံးတွင် အသက်နှစ်ဆယ်ကျော်သုံးဆယ်ခန့်ရှိမည့်လူငယ်လူရွယ်တစ်ယောက်နှင့် အသက်ငါးဆယ်ဝန်းကျင်သက်လက်ပိုင်းလူတစ်ယောက်တို့လိုက်ပါလာသည်။

သက်လက်ပိုင်းလူကြီးက ဤ‌ဂိုဏ်းခွဲ၏ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်ပြီးအရှေ့ပိုင်းသိုင်းလောကတွင်ကျော်ကြားသည့်သိုင်းထိပ်သီးတစ်ယောက်လည်းဖြစ်သည်။

သူ၏စုတ်ပြဲနေသည့်ဝတ်စုံ၏ပခုံးအနီးတွင်အဖာရာသဖွယ်သေးငယ်သည့်အိတ်ကပ်များကိုခုနစ်ခုအထိကပ်ချုပ်ထားပြီး သိုင်းလောကသားများသာ သက်လက်ပိုင်းလူကြီးကိုတွေ့မြင်ပါက ထိုလူက တေလေဂိုဏ်း၏အဆင့်မြင့်ဂိုဏ်းသားတစ်ဦးဖြစ်ကြောင်းတန်းသိပေမည်။

တေလေဂိုဏ်း၏ဖွဲ့စည်းတည်ဆောက်ပုံက ဂိုဏ်းချုပ်ပြီးလျှင် ဂိုဏ်းထိမ်း‌ကြီးလေးယောက်ဖြစ်ကာ သူ၏အောက်တွင်အဆင့်မြင့်အဖွဲ့ဝင်များနှင့်ကျန်လူများရှိသည်။

တေလေဂိုဏ်း၏ရာထူးအဆင့်ကို အိတ်ကပ်များဖြင့်ခွဲခြားထားပြီး သူတို့၏ပခုံးအနီးရှိ ဖာရာသဖွယ်အိတ်ကပ်များက ဂိုဏ်းတွင်းအဆင့်အတန်းကိုကိုယ်စားပြုလေသည်။

ဂိုဏ်းဝင်တိုင်းက အနည်းဆုံးအိတ်ကပ်တစ်ခုစီရှိကြပြီး အိတ်ကပ်များလေလေ ရာထူးမြင့်လေလေဖြစ်ကာ အိတ်ကပ်တစ်ခုမှသုံးခုအထိက အဆင့်နိမ့်ဂိုဏ်းသား၊ အိတ်ကပ်လေးခုမှခြောက်ခုအထိက အလယ်အလက်အဆင့်ဂိုဏ်းသားနှင့် အိတ်ကပ်ခုနစ်လုံးက အဆင့်မြင့်ဂိုဏ်းသားဟူ၍ခွဲခြားထားသည်။

ထိုအိတ်ကပ်များကိုရရှိရန်က ဂိုဏ်းအတွက်အကျိုးဆောင်ပေးခြင်းသို့မဟုတ် သိုင်းပညာမြင့်မားခြင်းစသည်တိူ့ဖြင့်ယေဘုယျသက်မှတ်နိုင်ပြီး အိတ်ကပ်များလေလေ ပို၍အစွမ်းထက်လေလေဖြစ်သည်။

တေလေဂိုဏ်း၏လူအင်အားက လွန်စွာများပြားလှသည့်တိုင် အိတ်ခုနစ်လုံးအဆင့်ရှိသည့်အဆင့်မြင့်ဂိုဏ်းဝင်က တစ်ရာပင်မပြည့်ဘဲ အိတ်ရှစ်လုံးအဆင့်ရှိသည့်ဝါစဉ်ကြီးဂိုဏ်းဝင်ဆိုလျှင် နှစ်ဆယ်ဝန်းကျင်သာရှိပေသည်။

ထိုနည်းတူ အိတ်ခုနစ်လုံးနှင့်အထက်ရှိသူများက ဂိုဏ်းထဲတွင်အဆင့်အတန်းမြင့်မားလေလေဖြစ်ပြီး အိတ်ကပ်ရှစ်လုံးပိုင်ရှင်များက ဝါစဉ်ကြီးဂိုဏ်းဝင်များဖြစ်ကာ အိတ်ကပ်ကိုးလုံးက ဂိုဏ်းထိမ်းအဆင့်ဖြစ်သည်။

တေလေဂိုဏ်း၏အမြင့်ဆုံးပုဂ္ဂိုလ်က သံသယဖြစ်ဖွယ်မရှိအောင် ဂိုဏ်းချုပ်ဖြစ်သော်လည်း လက်ရှိဂိုဏ်းချုပ်ကြီးကား လေလွင့်တေလေဆိုသည့်နာမည်နှင့်လိုက်အောင်ရောက်ရာပေါက်ရာသွားလာနေပြီး ဆယ်နှစ်နေ၍ ဂိုဏ်းသို့တစ်ကြိမ်ပြန်မလာ၍ ဂိုဏ်း၏ကိစ္စများကို ဂိုဏ်းထိမ်းတစ်ဦးဖြစ်သည့် ကျောက်စိမ်းတုတ်အဖိုးအိုကျန်းက စီမံနေရခြင်းဖြစ်သည်။

ယခု သက်လက်ပိုင်းလူကြီးကအရှေ့ပိုင်းဒေသ၏ဂိုဏ်းခွဲသုံးခုမှတစ်ခုကိုအုပ်ချုပ်ရသူဖြစ်ရုံသာမက အိတ်ရှစ်လုံးအဆင့်သို့ရောက်ရှိရန် များစွာမလိုတော့သည့်သိုင်းသမားတစ်ဦးလည်းဖြစ်သည်။

သူ၏ဘေးရှိလူရွယ်သည်လည်း အသက်သုံးဆယ်ပင်မပြည့်သေးသော်လည်း အိတ်ခြောက်လုံးအဆင့်ရှိဂိုဏ်းသားတစ်ဦးဖြစ်နေပြီး ဆရာထက်ပည့်လက်စောင်းထက်ဆိုသလို သူ၏အရည်အချင်းက သက်လက်ပိုင်းလူကြီးထင်ပင်များစွာပိုသာနေသေးသည်။

ယခုအခါ လူငယ်က မိစ္ဆာဓားသမားနှင့်ပတ်သတ်သည့်အကြောင်းအရာများကိုသူ၏ဆရာအားမေးမြန်းရင်းမှ စိတ်အားထက်သန်သည့်အမူအယာဖြစ်နေသည်။

တက်ကြွထက်သန်သောစိတ်ဆန္ဒရှိသည့်လူငယ်သိုင်းသမားတစ်ဦးပီပီ သိုင်းလောကတစ်ခုလုံးက ထိတ်လန့်ကြောက်ရွံ့ရသည့်မိစ္ဆာဓားသမားဆိုသူကို တွေ့မြင်လိုစိတ်လွန်စွာပြင်းပြ‌နေပြီး သူ၏စိတ်ထဲတွင် ကြောက်စရာကောင်းလှပါသည်ဆိုသည့်ထိုလူငယ့်ကိုရင်ဆိုင်တိုက်ခိုက်လိုစိတ်များဖြစ်ပေါ်လျက်ရှိသည်။

သူ့တပည့်၏အခြေအနေကိုရိပ်စားမိ၍ သက်လက်ပိုင်းလူက မိစ္ဆာဓားသမား၏ကြောက်စရာကောင်းသည့်အချက်များကိုပြောပြနေရင်း ထိုလူငယ့်ကိုသတိထားရန်မှာကြားနေခြင်းလည်းဖြစ်သည်။

ထိုအခိုက် လူငယ်ကတစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် သူ့ဆရာကိုမေးလိုက်သည်။

" ဆရာ...ဒါနဲ့ အရင်ရက်က ကျုပ်တို့ဂိုဏ်းကိုလာပြီးအကူအညီတောင်းတဲ့လူငယ်က ဘယ်သူလဲ ။ သူက အရှေ့ပိုင်းကတော့ ဟုတ်မယ်မထင်ဘူး ...."

လူရွယ်၏မေးခွန်းကို သက်လက်ပိုင်းလူကြီးက ခေါင်းယမ်း၍ပြန်ဖြေလိုက်သည်။

" ငါလည်းသူ့ကိုမသိဘူး ဒါပေမယ့် သူက ငယ်ငယ်ရွယ်ရွယ်နဲ့သိုင်းထိပ်သီးအဆင့်ကိုရောက်နေတာဆိုတော့ လူငယ်မျိုးဆက်ထဲမှာ ကျော်ကြားတဲ့တစ်ယောက်ယောက်နေမှာပေါ့...."

သက်လက်ပိုင်းလူကြီး၏အဖြေကြောင့် တေလေဂိုဏ်းသားလူရွယ်က မျက်မှောင်ကြုတ်လိုက်ပြီးအနည်းငယ်မကျေမနပ်ဖြစ်ဟန်ဖြင့်ထပ်ပြောလိုက်သည်။

" ဒါဆိုဘာလို့ ဆရာက သူ့ကိုဒုက္ခခံပြီးကူညီနေရသေးတာလဲ သူ့ကြောင့် ကျုပ်တို့ဂိုဏ်းခွဲတစ်ခုလုံးနောက်ကျသွားရတဲ့ဟာကို....."

ပြီးခဲ့သည့်ရက်ပိုင်းကတေလေဂိုဏ်း၏ ဂိုဏ်းထိမ်းကြီးတစ်ဦးဖြစ်သည့် သံမဏိလက်သီး၏ဆင့်ခေါ်မှုကြောင့် သိုင်း‌ လောကတစ်ခုလုံးရှိတေလေဂိုဏ်းခွဲများစုရုံးရခြင်းဖြစ်ကာ အရှေ့ပိုင်းရှိဂိုဏ်းခွဲသုံးခုတွင်သူတိူ့တစ်ဂိုဏ်းသာနောက်ကျနေခြင်းဖြစ်သည် ။

ဤသည်ကလည်း အမည်မသိလူငယ်ကိုကူညီစုံစမ်းပေးရခြင်းကြောင့်ဖြစ်ပြီး တေလေဂိုဏ်းသားလူရွယ်က ထိုလူငယ်ကြောင့်သူတို့နောက်ကျနေရခြင်းကို အစာမကျေဖြစ်နေဟန်တူသည်။

သိုင်းပညာပါရမီကောင်းမွန်လှသော်လည်း စိတ်ဓာတ်အနည်းငယ်သေးသိမ်သည့်သူ့တပည့်၏အကြောင်းကို ကောင်းစွာသိရှိသူပီပီ သက်လက်ပိုင်းလူကြီးက သက်ပြင်းတစ်ချက်ချ၍ဆက်ပြောလိုက်သည်။

" သူက ဘယ်သူပဲဖြစ်ဖြစ် တေလေဂိုဏ်းရဲ့အဆင့်မြင့်ဂိုဏ်းသားအချင်းချင်းဆက်သွယ်ရမယ့် အချက်အလက်တွေကိုသိရှိနေတယ်။

ပြီးတော့ သူက တေလေဂိုဏ်းဝင်မဟုတ်တာရှင်းလင်းနေတော့ သူ့ရဲ့နောက်ကလူက ဂိုဏ်းက ဝါစဉ်ကြီးဂိုဏ်းဝင်တွေ ဒါမှမဟုတ် ဂိုဏ်းထိမ်းလေးယောက်ထဲကတစ်အယောက်ယောက်တောင်ဖြစ်နိုင်သေးတယ်။

ဒီလိုမျိုးဝါစဉ်ကြီးပုဂ္ဂိုလ်တွေနဲ့ပတ်သတ်နေတဲ့လူတစ်ယောက်တောင်းဆိုတာကို ငါက သေချာပေါက်ဖြည့်ဆည်းပေးရမှာပေါ့ ။

ပြီးတော့ သူတောင်းဆိုတာက ငါတို့အတွက်အပန်းကြီးတာမှမဟုတ်တာ...."

&&&

All Chapters