← Chapters

နှိမ်နင်းမရသူ

Vol. 4 Ch. 51

နှိမ်နင်းမရသူ

Vol. 4 Ch. 51

သက်လက်ပိုင်းလူကြီးက သူ့ဆီသို့လာရောက်အကူအညီတောင်းသူ၏နောက်တွင် တေလေဂိုဏ်း၏ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ဦးဦးရှိမည်ဟုခန့်မှန်းရမိသည့်တိုင် ထိုပုဂ္ဂိုလ်က သူတို့၏ဂိုဏ်းချုပ်ကြီးကိုယ်နိုင်ဖြစ်နေမည်ဟုယောင်၍ပင်မတွေးမိပေ။

ဤသည်ကလည်းများစွာထူးဆန်းခြင်းမရှိဘဲ ခြေ‌ထောက်တွင်ဗွေပါပြီး ရောက်ချင်ရာရောက်နေတတ်သည့် ဂိုဏ်းချုပ်ကြီးကို သူတို့လိုအဆင့်မြင့်အဖွဲ့ဝင်များမဆိုထားနှင် ဂိုဏ်းထိမ်းကြီးများပင်နှစ်အနည်းငယ်နေမှတစ်ကြိမ်သာတွေ့ရ၍ဖြစ်သည်။

သူ၏ရှင်းပြမှုကြောင့် တေလေဂိုဏ်းသားလူရွယ်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားသော်လည်း တစ်စုံတစ်ရာစောဒကတတ်ခြင်းမရှိတော့ပေ။

သို့သော် အချိန်အနည်းငယ်ကြာပြီး‌နောက် သူ၏မျက်ဝန်းများကတောက်ပသွားပြီး သူ့ဆရာကိုထပ်မေးလိုက်ပြန်သည် ။

" ဆရာ ဒါနဲ့ ချန်ချင်းဂိုဏ်းကလူတွေနဲ့ သိုင်းမဟာမိတ်ကလူတွေက သွေးအေးသခင်မကိုသတ်ဖြတ်နိုင်ပါ့မလား။

ကောလဟာလတွေအရဆိုရင် သွေးအေးသခင်မက လက်ရှိသိုင်းလောကထဲက မိန်းမလှတွေထက်တောင်ပိုလှပြီး သူ့ရဲ့သိုင်းပညာကလည်း ကြောက်စရာကာင်းလှတယ်ဆိုပဲ ။

အခုတောင် ချန်ချင်းဂိုဏ်းချုပ်ကြီးကိုယ်တိုင်လှုပိရှားရုံတင်မဟုတ်ဘဲသိုင်းမဟာမိတ်ကသခင်နှစ်ပါးကိုတောင်အကူအညီခေါ်ထားသေးတယ်....."

လူရွယ်က အလယ်ပိုင်းမှမိစ္ဆာဓားသမား၏အကြောင်းကိုစိတ်ဝင်စားသည့်နည်းတူ သွေးအေးသခင်မနှင့်ချန်ချင်းဂိုဏ်း ၊သိုင်းမဟာမိတ်တို့၏အကြောင်းကိုလည်းအတော်လေးသိလိုစိတ်ပြင်းပြနေသည်။

သို့သော် သက်လက်ပိုင်းလူကြီးက သူ၏မေးခွန်းကိုပြန်မဖြေဘဲ လူရွယ်၏ဦးခေါင်းကို တစ်ချက်ထုကာပြောလိုက်သည်။

" မဆိုင်တာတွေစိတ်ဝင်စားမနေနဲ့ လောလောဆယ်ကိုယ့်ကိစ္စကိုယ်ပဲအာရုံစိုက်ထား ..ပြီးတော့ အလယ်ပိုင်းကိုရောက်ရင်လည်စထင်ရာစွက်မလုပ်နဲ့ဦး ။

မိစ္ဆာဓားသမားဆိုတာက ထိပ်တန်းအင်အားစုနှစ်ခုကိုတောင်အမြစ်ပြတ်သုတ်သင်ခဲ့တာ မင်းတို့ငါတိူ့ရဲ့သိုင်းပညာလောက်နဲ့ဆို သူ့အနားကိုတောင်ကပ်နိုင်မှာမဟုတ်ဘူး...."

သက်လက်ပိုင်းလူကြီး၏ ဆူပူမှုကြောင့် လူရွယ်၏ဦးခေါင်းက အနည်းငယ်ငုံ့သွားသော်လည်း သူ၏မျက်ဝန်းထဲတွင်ထက်သန်သည့်ဆန္ဒတို့ဖြင့် တလက်လက်တောက်ပလျက်ရှိပေသည်။

&&&

" စွပ်....."

တောက်ပသည့်ဓားသွားကို သိုင်းသမားတစ်ယောက်၏ခန္တာကိုယ်ထဲမှဆွဲနုတ်လိုက်ပြီးသည့်နောက်တွင် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏အမူအာယာကအနည်းငယ်ပြောင်းလဲသွားသည် ။

ပုံမှန်ဆိုလျှင်ခံစားချက်ကင်းမဲ့သည့်အမူအယာကစိတ်အားထက်သန်သည့်သွင်ပြင်သို့ပြောင်းလဲနေပြီး အေးစက်စက်မျက်ဝန်းများက အရောင်တလက်လက်တောက်ပလျက်ရှိသည်။

ဟောင်းနွမ်းနေသည့်ဝတ်စုံကိုဝတ်ဆငိထားသည့်လူငယ်၏ရုပ်သွင်မှာ သာမန်သာဖြစ်သော်လည်း ယခုအခါသူ၏ပုံစံက လွှမ်းမိုးနိုင်စွမ်းရှိပြီး သွေးဆာရက်စက်သည့်သွင်ပြင်သို့ပြောင်းလဲနေသည်။

လူငယ့်ကိုကြည့်လိုက်မိသည့်မည်သူမဆို အဆုံးမဲ့သည့်သွေးဆာမှုကိုခံစားရမည်ဖြစ်ကာ သာမန်လူများအနေဖြင့်သူ၏ရှေ့တွင် တည်ငြိမ်စွာရပ်နိုင်ရန်မဖြစ်နိုင်ပါချေ။

" ဒါက ပဉ္စမအသုတ်ပဲ ...."

လူငယ်၏ သူ၏ဘေးပတ်လည်တွင်ပြန့်ကျဲနေသည့်လူသေအလောင်းများကိုကြည့်ရင်းခပ်တိုးတိုးရေရွတ်လိုက်သည်။

သိုင်းမဟာမိတ်၏အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားများ ၊ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများနှင့် တစ်ကိုယ်တော်သိုင်းသမားများစသည့် ဂိုဏ်းအဖွဲ့မတူညီသည့်လူများ၏အ‌လောင်းများက နှစ်ဆယ်ဝန်းကျင်ရှိသည် ။

ထိုလူများက သိုင်းမဟာမိတ်နှင့်မိစ္ဆာနှိမ်နင်းရေးမဟာမိတ်မှအဖွဲ့ဝင်များဖြစ်ကြပြီး သူတို့ထဲတွင်အဆင့်လွန်ထိပ်သီးများပင်ပါဝင်သည့်တိုင် သူတို့အားလုံးအချိန်တိုအတွင်းသတ်ဖြတ်ခံလိုက်ရသည်။

နှစ်ရက်အတွင်း လူငယ်၏နောက်သို့လိုက်နေကြသူများစွာရှိသည့်အထဲတွင်အင်အားနည်းသည့်အုပ်စုများက အားလုံးသတ်ဖြတ်ခံရပြီးလူငယ်က ပျောက်ကျားနည်းကိုသုံးကာ ပျောက်ကွယ်လိုက်ထွက်ပေါ်လိုက်ဖြင့်သတ်ဖြတ်နေခြင်းဖြစ်၏။

သိုင်းဝိဇ္ဇာများဦးဆောင်သည့်အုပ်စုများကိုမူထိတ်တိုက်မတွေ့သေးဘဲရှောင်တိမ်းကာ ကျန်လူများကိုအမှည့်ချွေ ချွေနေခြက်းသာဖြစ်သည်။

ထို့ကြောင့် ယခုနှစ်ရက်သုံးရက်အတွင်းသူ၏လက်ထဲ၌ သေဆုံးသူတစ်ရာကျော်ရှိပြီဖြစ်ကာ ထိုအဖြစ်ကြောင့် မိစ္ဆာနှိမ်နင်းရေးအဖွဲ့မှသိုင်းဝိဇ္ဇာများပင်ဒေါသပေါက်ကွဲကုန်ကြပြီဖြစ်သည် ။

ရုတ်တရက် လူငယ်၏နားက ဆက်ခနဲလှုပ်ခတ်သွားပြီးအဝေးမှထွက်ပေါ်လာသည့်အသံများကိုကြားလိုက်ရသည် ။

ထိုခဏတွင် လူငယ်၏အေးစက်စက်မျက်ဝန်းများထဲတွင် သွေးဆာရက်စက်သည့်အရိပ်အယောင်များပေါ်ထွက်လာပြီး သူ၏စိတ်ထဲတွင်လွန်ဆွဲနေမိသည့်တိုင် အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်မိသည်။

" အချိန်မကျသေးဘူး ...."

လူငယ်က တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်ပြီး တောအုပ်အတွင်းသို့ တစ္ဆေသရဲတစ်ကောင်လို လျှင်မြန်စွာရွေ့လျားပျောက်ကွယ်သွားတော့သည်။

လူငယ်ထွက်ခွာသွားပြီးများမကြာမီ လူသေအလောင်းများပြည့်နှက်နေသည့်နေရာသို့ လူတစ်ရာနီးပါးရှိမည့်အဖွဲ့တစ်ခုရောက်ရှိလာသည်။

ထိုလူများကိုဦးဆောင်လာသူက သိုင်းမဟာမိတ်မှခေါင်းဆောင်ခုနစ်ယောက်ဖြစ်ပြီး သူတို့၏နောက်မှ အဖြူရောင်သိုင်းဝတ်စုံဝတ်သိုင်းမဟာမိတ်အဖွဲ့ဝင်များလိုက်ပါလာခြင်းဖြစ်၏။

ပြန့်ကျဲနေသည့်အလောင်းများကိုတွေ့မြင်လိုက်ချိန်တွင် သူတို့၏အမူအယာကကွက်ခနဲပျက်ယွင်းသွားတော့သည်။

" သူတို့ကိုယ်က နွေးနေတုန်းပဲ အခုလောလောဆယ်မှာပဲသတ်ဖြတ်ခံလိုက်ရတာ ပြီးတော့ အများစုကဓားတစ်ချက်စီနဲ့ပဲအသတ်ခံထားရတယ်....."

သိုင်းမဟာမိတ်မှခေါင်းဆောင် စီးတုရှန်းက အလောင်းများကိုစစ်ဆေး၍ပြောလိုက်သည်။

ထိုအထဲတွင် သူတို့သိုင်းမဟာမိတ်မှသိုင်းသမား ခုနစ်ယောက်ရှစ်ယောက်ခန့်ပါဝင်ပြီး သူတို့အားလုံးက ဆိုးရွားစွာသေဆုံးနေကြခြင်းဖြစ်သည် ။

အများစုက ဓားတစ်ချက်စီဖြင့်သတ်ဖြတ်ခြင်းခံထားရသည့်အပြင် ဦးခေါင်းပြတ်များ၊ ခြေပြတ်လက်ပြတ်များနှင့် အပုံလိုက်ထွက်နေသည့်အူအခွေလိုက်များက ယောင်္ကျားရင့်မာများကိုပင်အော့အန်စေနိုင်မည့်မြင်ကွင်းဖြစ်၏။

" တောက်... ဒီတစ်ခါလည်း လွတ်သွားပြန်ပြီ ...."

ဟဲလောင်ချန်းက တင်းမာသည့်အမူအယာဖြင့်ဒေါသထွက်စွာရေရွတ်လိုက်ပြီး ဘေးဘက်ရှိသစ်ပင်ကြီးကို လက်သီးဖြင့်တစ်ချက်ထိုးချလိုက်သည်။

ထိုအခါ လူကြီးတစ်ယောက်၏လက်တစ်ဖက်ခန့်ရှိမည့်သစ်ပင်ကြီးက အစိတ်စိတ်အမွှာမွှာကျိုးပြတ်သွားပြီး ပြင်းထန်သည့်အားအရှိန်က ‌နောက်လက်ရှိသစ်ပင်များကိုပင်ကျိုးပြတ်သွားစေသည်။

ဟဲလောင်ချန်ကား ထိုသို့ပြုလုပ်ပြီးသည့်တိုင် ဒေါသပြေသေးဟန်မတူ၍ ဘေးဘက်ရှိ ‌‌နန်ကုန်းယန်က ဟဲလောင်ချန်း၏ပခုံးကိုလက်ဖြင့်ပုတ်ကာ သတိပေးလိုက်သည်။

" ခေါင်းဆောင်ဟဲလောင် စိတ်ထိမ်းပါဦး ...."

ထိုအခါမှ ဟဲလောင်ချန်းလည်း သူတို့နှင့်အတူလိုက်ပါလာပြီး လူသေအလောင်းများကိုကြည့်ကာ တုန်လှုပိနေကြသည့်အဖွဲ့ဝင်များကိုသတိပြုလိုက်မိပြီး သူ၏စိတ်ကိုပြန်၍ထိမ်းချုပ်လိုက်သည်။

သူတို့သိုင်းမဟာမိတ်နှင့်မိစ္ဆာနှိမ်နင်းရေးမဟာမိတ်မှသိုင်းဝိဇ္ဇာများက အဓိကအုပ်စုကြီးလေးခုခွဲကာ မိစ္ဆာဓားသမားကိုရှာဖွေနေခြင်းဖြစ်သည် ။

သို့သော် မိစ္ဆာဓားသမားဝင်ရောက်ရှောင်တိမ်းသွားသည့် သားရဲတစ်ရာတောအုပ်ကလွန်စွာကြီးမားလှပြီး သူတို့၏စုစုပေါင်းအင်အားဖြင့်ပင် နေရာအနှံ့ရှာဖွေနိုင်ခြင်းမရှိ၍အုပ်စုငယ်လေးများခွဲကာ ရှာဖွေရန်ခိုင်းစေခြင်းဖြစ်သည်။

ထိုအုပ်စုငယ်မှလူများတွင်မိစ္ဆာဓားသမားကိုတွေ့တွေ့ချင်းအချက်ပေးရန် ပစ္စည်းများပါဝင်သွားကြသော်လည်း အချက်ပေးနိုင်ခြင်းမရှိမီ မိစ္ဆာဓားသမား၏လက်ချက်ဖြင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်၏။

ထိုသို့ဖြစ်ပွားခဲ့သည်က ငါးကြိမ်မြောက်ဖြစ်ပြီး မိစ္ဆာဓားသမားကိုရှာမတွေ့မီ လူတစ်ရာကျော်သတ်ဖြတ်ခံရပြီးဖြစ်ချေသည်။

ထို့ကြောင့်လည်း ဟဲလောင်ချန်းတို့လိုသိုင်းမဟာမိတ်မှခေါင်းဆောင်များသာမက ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများပင် ဒေါသပုန်ထနေကြပြီဖြစ်ကာ ‌ဂိုဏ်းဝင်များစွာသတ်ဖြတ်ခံရ၍ တေလေဂိုဏ်းမှ ဂိုဏ်းထိမ်းကြီးနောက်ထပ်တစ်ဦးပင်လှုပ်ရှားလာပြီဖြစ်သည် ။

သို့သော် နှစ်ရက်ခန့်ရှာဖွေပြီးသည့်တိုင် မိစ္ဆာဓားသမား၏အရိပ်အယောင်ကိုမတွေ့ရသေးဘဲ သူ၏ချုံခိုတိုက်ခိုက်မှုများကြောင့်သူတို့၏လူများကျဆုံးသွားခြင်းကသာ အဖက်တင်ပေသည်။

နန်ကုန်းယန်လည်း မှိုင်တွေသည့်မျက်နှာဖြင့်ခေါင်းယမ်းလိုက်မိကာ သူ၏ရင်ဘက်ကြားတွင်ထည့်ထားသည့်အချက်ပေးမီးကျည်ကိုကောင်းကင်ပေါ်သို့ပစ်လွှတ်လိုက်လေသည်။

&&&

အေးချမ်းသည့်လရောင်က ခြံဝန်းတစ်ခုလုံးပေါ်သို့ဖြာကျနေပြီး လရောင်အောက်တွင်ကျယ်ဝန်းသည့်ကန်ရေပြင်ကြီးသည်လည်း ပကတိငြိမ်သက်လှပလျက်ရှိပေသည်။

လရောင်‌ကျရောက်နေသည့် လေသာဆောင်တွင်ထိုင်ကာ ငြိမ်သက်နေသည့်ကန်ရေပြင်ကိုငေးကြည့်နေသူက အသက်ငါးဆယ်ကျော်ခြောက်ဆယ်ဝန်းကျင်ခန့်ရှိမည့်လူကြီးတစ်ယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကာ တည်ငြိမ်အေးဆေးလှသည့်သူ၏သွင်ပြင်က လွန်စွာခန့်ညားလျက်ရှိသည်။

သူ၏လက်ထဲတွင် အဖြူရောင်ကြွေခွက်ကလေးတစ်ခွက်ကိုအသာကိုင်ထားပြီး အတွေးနက်နေဟန်တူသည်။

ငြိမ်သက်နေသည့်ကန်ရေပြင်ထက်ပင်ပို၍တည်ငြိမ်ပြီး နက်ရှိုင်းသည့်ရေကန်တစ်ခုလိုခန့်မှန်းမရသည့်မျက်ဝန်းများက တစ်စုံတစ်ခုကိုတွေး‌တောလျက်ရှိပြီးသူ၏မျက်နှာထက်၌ လေးနက်သည့်အရိပ်အယောင်များကိုတွေ့မြင်နိုင်သည်။

အတန်ကြာအောင်စဉ်းစားနေပြီးမှ အဖြူရောင်ဝတ်စုံဝတ်လူကြီးက မသိမသာသက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

" ဒီတော့ မိစ္ဆာဓားသမားဆိုတဲ့လူငယ်က သားရဲတစ်ရာတောအုပ်ထဲကိုဝင်ပြီး သိုင်းမဟာမိတ်နဲ့မိစ္ဆာနှိမ်နင်းရေးအဖွဲ့ကလူတွေကိုအမဲလိုက်နေတာပါ့....."

လူကြီး၏စကားအဆုံးတွင် နောက်ဘက်အမှောင်ရိပ်ထဲမှ လူတစ်ယောက်ကထွက်လာသည်။

အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ပိန်ပါးကျစ်လျစ်သည့်ခန္တာကိုယ်ရှိသည့်ထိုလူက အသက်လေးဆယ်ကျော်ငါးဆယ်ဝန်းကျင်ရှိပေမည်။

သူ၏မျက်နှာကတည်ငြိမ်ကာခံစားချက်ကင်းမဲ့နေပြီး သူ၏ခန္တာကိုယ်မှအတွင်းအားအငွေ့အသက်လုံးဝမရှိဘဲ အမှောင်ထုနှင့်လုံးဝတစ်သားထဲရောယှက်နေဟန်တူသည်။

ထိုလူကား အဖြူရောင်ဝတ်စုံဝတ်လူကြီး၏လက်အောက်ရှိအစွမ်းအထက်ဆုံးလူသုံးယောက်ထဲတွင်အပါအဝင်လည်းဖြစ်သညါ။

အနက်ရောင်ဝတ်စုံဝတ်လူက လူကြီး၏မေးခွန်းကိုတည်ကြည်သည့်အမူအယာဖြင့် ပြန်ဖြေလိုက်သည်။

" ဟုတ်ပါတယ်ခေါင်းဆောင် သူက အသက်သုံးဆယ်တောင်မပြည့်သေးပေမယ့် ထိပ်တန်းအင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်နိုင်ခဲ့ပြီးအလွန်ကြောက်စရာကောင်းပါတယ်။

သူ့ရဲ့နောက်ကိုလိုက်နေတဲ့ အရိပ်တွေရဲ့ပြောစကားအရဆိုရင် ဒီလူငယ်က ရက်စက်ကြမ်းကြုတ်ပြီးအစွမ်းထက်လှတဲ့ဓားသိုင်းတစ်ခုကိုအဓိကအသုံးပြုတာပါ။

ပြီးတော့ သူ့ရဲ့ကိုယ်ဖော့ပညာကလည်း ထိပ်တန်းအဆင့်ထက်တောင်ကျော်လွန်နေပါသေးတယ် ။ သူ့နောက်ကိုလိုက်ဖို့စေလွှတ်ခဲ့တဲ့အရိပ်ဆယ်ယောက်ထဲက ခုနစ်ယောက်က သူ့လက်ချက်ကြောင့်သေဆုံးခဲ့ပြီးပါပြီ....."

ထိုစကားကြောင့်အဖြူရောင်ဝတ်စုံဝတ်လူကြီး၏တည်ငြိမ်သည့်မျက်နှာပင်အနည်းငယ်ပြောင်းလဲသွားရပြီးအံ့ဩရိပ်စွက်သည်ြလေသံဖြင့်မေးလိုက်သည်။

" သူ့နောက်ကိုစေလွှတ်ထားတဲ့အရိပ်တွေကိုတောင် သူက သတိပြုမိတယ်ပေါ့ဟုတ်လား....."

&&&

All Chapters