စောင့်ကြည့်ခြင်း
Vol. 4 Ch. 52
ပုံမှန်ဆိုလျှင် အနက်ရောင်ဝတ်စုံဝတ်လူ၏လက်အောက်ရှိအရိပ်ဟုခေါ်တွင်သည့်လူများက အရေအတွက်နည်းပါးသော်လည်း အထူးလေ့ကျင့်မှုများကိုဖြတ်ကျော်အောင်မြင်ထားသူများဖြစ်ကာ ကိုယ်ဖော့ပညာနှင့်ပုန်းအောင်းကိုယ်ယောင်ဖျောက်နိုင်စွမ်းတွင်လွန်စွာထူးချွန်သူများဖြစ်ကြသည် ။
သူတို့၏သိုင်းပညာက များစွာမြင့်မားခြင်းမရှိသည့်တိုင် ထိပ်တန်းအင်အားစုများကိုပင်ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိကြပြီး သိုင်းဝိဇ္ဇာများကိုပင် အဝေးမှထောက်လှမ်းနိုင်စွမ်းရှိကြသည်။
ယခု မိစ္ဆာဓားသမားကိုစောင့်ကြည့်သည့်အချိန်ရောက်မှ အရိပ်ခုနစ်ယောက်အထိဆုံးရှုံးရခြင်းက အနှစ်နှစ်ဆယ်အတွင်းပထမဆုံး ဆုံးရှုံးမှုလည်းဖြစ်သညမ။
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကို အနက်ရောင်ဝတ်စုံဝတ်လူက ဖြေးညင်းစွာခေါင်းညိမ့်၍ဆက်ပြောလိုက်သည်။
" ဟုတ်ပါတယ်ခေါင်းဆောင် ကျန်တဲ့သုံးယောက်ရဲ့စကားအရဆိုရင် သူက အချိန်ကုန်ခံပြီးမလိုက်ချင်လို့ သူတို့လွတ်မြောက်လာတာလို့သိရပါတယ်။
ကြောက်စရာအကောင်းဆုံးက သူကသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဆိုပေမယ်ါ အတွင်းအားကိုကြောက်စရာကောင်းလောက်အောင်တိူးပွားလာစေတဲ့လျှို့ဝှက်ပညာရပ်တစ်ခုခုရှိတဲ့ပုံပါ။
ကောင်းယွဲ့ဂိုဏ်းကိုတိုက်ခိုက်တုန်းကကျုပ်တို့ရဲ့စောင့်ကြည့်မှုအောက်မှာမရှိပေမယ့်ချူမိသားစုကိုတိုက်ခိုက်တုန်းက အရိပ်တွေက သူ့ကိုစောင့်ကြည့်နေပါပြီ။
အဲဒီတုန်းက လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီးတော့ အတွင်းအားတွေတဟုန်ထိုးတိုးတက်လာပြီး ချူမိသားစုခေါင်းဆောင်ကိုတောင်ခေါင်းဖြတ်သတ်နိုင်ခဲ့တယ်လို့သိရပါတယ်။။
လျှို့ဝှက်ပညာရပ်ကိုအသုံးပြုနေတဲ့အချိန်ဆိုရင် သူ့ရဲ့မျက်လုံးတွေက နီရဲနေပြီးသတ်ဖြတ်လိုစိတ်က တဟုန်ထိုးတိုးလာတဲ့ပုံပါ..."
ထိုစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမူအယာက ကွက်ခနဲပျက်သွားပြီး သူ၏လက်ထဲတွင်ကိုင်ထားသည့်ကြွေခွက်ထဲမှ ရေနွေးကြမ်းများပင်လှုပ်ခတ်သွားရသည်။
အနက်ရောင်ဝတ်စုံဝတ်လူကား နောက်ကျောဘက်ခပ်လှမ်းလှမ်းတွင်ရပ်နေခြင်းဖြစ်၍ သူ့ခေါင်းဆောင်၏အမူအယာပျက်ယွင်းမှုကို ရိပ်မိခြင်းမရှိပါချေ။
အကယ်၍ သူသာ အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမူအယာကိုမြင်တွေ့ပါက ကျိန်းသေပေါက်အံ့ဩတုန်လှုပ်ရပေမည် ။
အကြောင်းကား သူ၏ခေါင်းဆောင်က မည်သည့်အချိန်တွင်မှ တုန်လှုပ်ခြင်းမရှိသူတစ်ယောက်ဟု သူသိထား၍ပင်။
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်လုံးများက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလာပြီး ရှုပ်ထွေးသည့်အရိပ်များစွာဖြတ်ပြေးသွားသည် ။
သို့သော် အသက်ရှူချိန်အနည်းငယ်အတွင်းမူလအတိုင်းပြန်၍တည်ငြိမ်သွားပြီး ရေနွေးကြမ်းခွက်ကို ဘေးရှိစားပွဲပေါ်တွင် အသာချလိုက်ရင်း လေးနက်သည့်လေသံဖြင့်ပြန်ပြောလိုက်သည်။
" သူ့နောက်ကိုနောက်ထပ်အရိပ်တွေထပ်ပြီးစေလွှတ်ထားပါ။ ဘယ်လောက်ပဲဆုံးရှုံးရပါစေကိစ္စမရှိဘူး။ သူ့ရဲ့လှုပ်ရှားမှုကို မျက်ချေမပြတ်စေဖို့ဘဲအရေးကြီးတယ်။
ပြီးတော့ သိုင်းလောကထဲမှာ ထူးခြားတဲ့အစွမ်းထက်သိုင်းပညာရှင်တွေပေါ်ထွက်လာရင်ချက်ခြင်းအကြောင်းကြားဖို့ဖန်းလွေကိုအကြောင်းကြားလိုက်......"
သူ့ခေါင်းဆောင်၏လေသံက မကြုံစဖူးတည်ကြည်လေးနက်လှသည်ကိုသတိပြုမိလိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူက ပြန်၍မေးခွန်းထုတ်ခြင်းမရှိဘဲ အရိုအသေပေးလိုက်သည်။
ထို့နောက် အောက်ဘက်မှကန်ရေပြင်ကိုငေးကြည့်ကာ တစ်ကိုယ်ထဲအတွေးနက်နေဟနိတူသည့်အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုကြည့်ကာ မေးလိုက်သည်။
" ခေါင်းဆောင် ...ခေါင်းဆောင်စောင့်ကြည့်ခိုင်းထားတဲ့ မိန်းကလေးရဲ့သတင်းကရော..."
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကိုကြားမှ အဖြူရောင်ဝတ်စုံဝတ်လူကြီးလည်း သူစေခိုင်းထားသည့် ကိစ္စကိုပြန်သတိရသွားကာ ခေါင်းညိမ့်၍ပြောလိုက်သည်။
" ဟုတ်သားပဲ....အဲဒီမိန်းကလေးကို ချန်ချင်းဂိုဏ်းချုပ်နဲ့သူ့လူတွေမရှင်းနိုင်သေးဘူးလား....."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက လွန်စွာစေ့စပ်သေချာပြီးမည်သည့်ကိစ္စကိုမဆိုမမေ့မလျော့ရှိနေသော်လည်း ယခု အရေးကြီးသည့်ကိစ္စကြီးတစ်ခုကိုပင် မေ့လျော့သွားဟန်တူ၍ အနက်ရောင်ဝတ်စုံဝတ်လူ၏အမူအယာက အတော်ပင်ရှုပ်ထွေးသွားဟန်တူသည်။
ထိုနည်းတူ နှစ်ပေါင်းများစွာအတူရှိလာသူများပီပဣ မိစ္ဆာဓားသမား၏အကြောင်းကိုသိရှိပြီးနောက် သူ့ခေါင်းဆောင်က ယခင်နှင့်မတူဘဲစိတ်မတည်မငြိမ်ဖြစ်နေသည်ဟုပင် ခံစားမိနေသည်။
သို့သော် သူ၏ခေါင်းဆောင်ကိုပြန်လှန်မေးခွန်းမထုတ်ဝံ့ဘဲ သူ၏ထူးဆန်းမှုကိုစိတ်ထဲတွင်သာသိမ်းဆည်းထားလျက်တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
" လောလောဆယ်မှာ ချန်ချင်းဂိုဏ်းချုပ်ချန်စန်နဲ့ သိုင်းမဟာမိတ်က ချောင်ဖေးဟုန် ၊ ထန်ချင်းရှန်တို့သုံးယောက်ပေါင်းပြီး အဲဒီမိန်းကလေးကိုလိုက်လံသတ်ဖြတ်နေပါတယ် ။
သူတို့နဲ့အတူ အင်အားတစ်ရာ့ငါးဆယ်ပါပေမယ့် မိန်းကလေးရဲ့လက်ချက်ကြောင့် လေးငါးဆယ်လောက် သေကြေဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။
အခုနောက်ဆုံးရရှိထားတဲ့သတင်းအရဆိုရင် မိန်းကလေးကိုဖမ်းမိဖို့အများကြီးမလိုတော့ဘဲ သူမကလည်း ဒဏ်ရာအပြင်းအထန်ရထားလို့ အတော်လေးအခြေအနေဆိုးနေပါတယ်...."
အနက်ရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူကြီးက သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည် ။
" နှမျောစရာပဲ မျိုးစေ့ကောင်းလေးတစ်ခုပျက်စီးရတော့မယ်။ သူ့သာငါ့လက်အောက်ကိုဝင်လာရင် နောက်ဆယ်နှစ်အတွင်း ပထမဓားသခင်တို့လိုအဆင့်မျိုးရောက်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး ...."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက နှမျောဟန်ဖြင့်ညဉ်းတွားလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူက ဆက်ပြောလိုက်သည်။
" ဒါပေမယ့် သူရဲ့သတင်းတွေကို အရှေ့ပိုင်းက တေလေဂိုဏ်းခွဲတစ်ခုကလည်း လိုက်ပြီးစူံစမ်းနေတယ်လို့သိရပါတယ် ။။
သူတို့က ခေါင်းဆောင်ရဲ့အစီအစဉ်တွေကိုအနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် တိတ်တဆိတ်ရှင်းပစ်လိုက်ရမလား ...."
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးကအနည်းငယ်စဉ်းစားလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။
" မလိုဘူး....တေလေဂိုဏ်းက ချန်ချင်းဂိုဏ်း၊ သိုင်းမဟာမိတ်တို့နဲ့အရမ်းကြီးမရင်းနှီးပေမယ့် သူတို့ကြားကဆက်ဆံရေးက မဆိုးဘူး။
ဒါကြောင့် တခြားလူတွေရဲ့အလုပ်ကိုဝင်ရှုပ်မှာမဟုတ်တဲ့အပြင် သိုင်းလောကမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့မိန်းကလေးတစ်ယောက်ကိုကူညီမှာလည်းမဟုတ်ဘူး ....။
သူတို့ကိုလွှတ်ထားလိုက်ပါ။ လောလောဆယ် မိစ္ဆာဓားသမားဆိုတဲ့လူငယ်ကိုအဓိကထားပြီးစောင့်ကြည့်ထား....."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်ဝန်းထဲတွင်အရောင်ဖျက်ခနဲလက်သွားပြီး တစ်စုံတစ်ခုကိုကြံစည်နေဟန်တူသည်။
" ကျုပ် ဘာလုပ်ရမယ်ဆိုတာ သိပါပြီခေါင်းဆောင် ...."
အနက်ရောင်ဝတ်စုံဝတ်လူက သူ၏ခေါင်းဆောင်ကိုမနှောင့်ယှက်တော့ဘဲ အရိုအသေပေးကာ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကြီးကငြိမ်သက်နေသည့်ကန်ရေပြင်ကိုငေးကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
" သိုင်းလောကရဲ့ပြောင်းလဲမှုတွေက ငါထင်ထားတာထက်ပိုပြီးများပြားနေတာပဲ။
ပြီးတော့ ကစားပွဲထဲမှာပါမယ်မထင်တဲ့လူတွေပါဝင်ရောက်လာနိုင်တယ် ။ အကောင်းဘက်ကိုဦးတည်တာလား အဆိုးဘက်ကိုဦးတည်တာလားဆိုတော့ ပြောရခက်တယ်....."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက တည်ငြိမ်စွာရေရွတ်လိုက်ခြင်းဖြစ်သော်လည်းသူ၏မျက်နှာထက်တွင် စိတ်ပါဝင်စားသည့်အမူအယာတစ်ခုကိုတွေ့ရပေမည်။
&&&
သစ်သီးဝါရေတံခွန်၏အထက်ပိုင်းတစ်နေရာရှိ မြေကွက်လပ်တွင် ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများစွာက မိန်းမပျိုတစ်ယောက်ကိုအထပ်ထပ်ဝန်းရံထားကြသည်။
သူတို့၏ခေါင်းဆောင်များဖြစ်သည့် အဖိုးအိုချန်စန် ၊ လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်နှင့် လက်နက်ပုန်းသခင်ထန်ချင်းစန်းတို့က မိန်းမပျိုလေးကိုကြောက်စရာကောင်းသည့်တိုက်ကွက်ကိုယ်စီဖြင့်တစ်ပြိုင်နက်တိုက်ခိုက်နေကြသည်။
ထိုအချိန်တွင်အနီးရှိတောအုပ်ထဲမှထွက်ပေါ်လာသည့် ကျယ်လောင်စူးရှသည့်လေချွန်သံကြီးကြောင့် လူအားလုံးအံ့အားသင့်သွားကြစဉ် တောအုပ်တွင်းမှ လျှင်မြန်စွာပြေးထွက်လာသည့်ကျောက်စရစ်ခဲများက ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှသိုင်းသမားများကို ပြင်းထန်စွာထိမှန်သွားကြသည်။
" ဝှီး....."
" ဝုန်း...ဝုန်း..."
" သတိထားကြ...."
ဝှီခေါ်အောင် အရှိန်ပြင်းစွာဝင်ရောင်လာသည့် ကျောက်စရစ်ခဲများကြောင့် ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများဖရိုဖရဲဖြစ်သွားကာ လဲပြိုသံများ၊ အော်ဟစ်သတိပေးသံများဆူညံသွားလေသည်။
ထိုနည်းတူ အတွင်းအားပြည့်ဝသည့်လေချွန်သံကြီးကြောင့် အဖိုးအိုချန်စန်နှင့်ကျန်နှစ်ယောက်မှာ စိတ်ထွေပြားသွားကြပြီး သူတိူ့၏တိုက်ကွင်များအနည်းငယ်တုံ့နှေးသွားကြသည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူကာ မိန်းမပျိုလေးက နောက်သို့လျှင်မြန်စွာဆုတ်ခွာရင်း သူ၏အင်္ကျီလက်ကိုဝေ့ယမ်းကာ ထန်ချင်းရှန်၏လက်နက်ပုန်းများကိုရိုက်ထုတ်လိုက်သည်။
" နဂါးအမှီးယမ်းရိုက်ချက်...."
လွန်စွာလျှင်မြန်ပြင်းထန်လှပြီး အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများကိုပင်ဇကာပေါက်ဖြစ်သွားစေမည့် ထန်ချင်းရှန်၏လက်နက်ပုန်းများက မိန်းမပျိုလေး၏နူးညံ့ပျော့ပြောင်းသည့်ဝတ်ရုံလက်စကိုဖောက်ထွင်းနိုင်ခြင်းမရှိပါချေ။
သူမ၏လက်ကိုဝေ့ယမ်းလိုက်သည်နှင့် ပျော့ပြောင်းနူးညံ့သည့်အားအင်တစ်မျိုးကထွက်ပေါ်လာပြီး မမြင်ရသည့်တံတိုင်းတစ်ခုသဖွယ်ရှေ့တွင်ကာရံထားခြင်းကြောင့် ထန်ချင်းရှန်အားအထားရဆုံးလက်နက်ပုန်းများမှာ အလိုလိုနှေးကွေးကာ အောက်သို့ပြုတ်ကျကုန်ခြင်းဖြစ်သည်။
မျှော်လင့်မထားသည့်အဖြစ်ကိုတွေ့မြင်လိုက်ရ၍ ထန်ချင်းရှန်၏မျက်လုံးများက လက်ဖက်ရည်ပန်းကန်များအလားပြူးကျယ်ဝိုင်းစက်သွားသလို အဖိုးအိုချန်စန်တို့နှစ်ယောက်စိတ်ရှုပ်ထွေးသွား၍ သူတိုဘ၏တိုက်ကွက်များမှ မိန်းမပျိုလေးက ပွတ်ကာသီကာရှောင်တိမ်းနိုင်လိုက်ပေသည်။
" ဝုန်း....ဝုန်း...."
ကျယ်လောင်သည့်မြည်သံနှစ်ခုကဆက်တိုက်ဆိူသလိုထွက်ပေါ်လာပြီး မိန်းမပျိုလေးရပ်နေခဲ့သည့်နေရာတွင် နက်ရှိုင်းသည့်ဓားရာကြီးနှစ်ခုထွက်ပေါ်လာသည်။
အစောပိုင်းက တစ်စုံတစ်ယောက်၏နှောင့်ယှက်မှုသာမရှိပါက မိန်းမပျိုလေးမှာ ထိုဓားကွက်နှစ်ခုကိုလွတ်မြောက်အောင်ရှောင်တိမ်းနိုင်မည်မဟုတ်ဘဲ အသက်မသေလျှင်ပင် သေလုမျောပါးဒဏ်ရာရရှိသွားနိုင်သည်။
သူတို့သုံးယောက်၏အပိုင်တိုက်ကွက်များက အချည်းနှီးဖြစ်သွား၍ အဖိုးအိုချန်စန်တို့သုံးယောက်စိတ်ရှုပ်ဒေါသထွက်သွားကြသော်လည်း တောအုပ်အတွင်းမှ နောက်ထပ်လူတစ်ယောက်ရှိနေသေးသည်ကိူသတိပြုမိလိုက်ကြသည် ။
ထို့ကြောင့် အဖိုးအိုချန်စန်လည်း မိနိးမပျိုကိုစူးစိုက်ကြည့်ပြီးတစ်ဖက်သို့လှည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
" တောအုပ်ထဲက မိတ်ဆွေ ထွက်ခဲ့ပါ...."
အဖိုးအိုချန်စန်၏စကားသံက အတွင်းအားပြည့်ဝလှပြီး ပေငါးဆယ်ကျော်ကွာဝေးသည့်နေရာမှသစ်ပင်ကြီးများကိုပင်တဝုန်းဝုန်းလှုပ်ခတ်သွားစေသည်။
အစောပိုင်းက တောအုပ်ထဲမှထွက်ပေါ်လာသည့်ကျောက်စရစ်ခဲများက ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူနှစ်ဆယ်နီးပါးကို အတုံးအရုံးလဲကျစေခဲ့ပြီး သူတို့၏ပုံစံက အကြောပိတ်ခံထားရခြင်းဖြစ်ဟန်တူသည့်တိုင် ကျန်လူများမှာ ထိတ်လန့်နေကြသည်။
သို့သော် တောအုပ်ထဲမှ နောက်ထပ်လက်နက်ပုန်းများထွက်ပေါ်မလာတော့ဘဲ အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်သာထွက်ပေါ်လာပေသည် ။
&&&