အစွမ်းကုန်
Vol. 4 Ch. 54
မိန်းမပျိုထုတ်သုံးနေသည့်သိုင်းပညာများက သိုင်းလောကတွင်ရှိမနေသည့် ထိပ်တန်းသိုင်းပညာများသာဖြစ်ပြီးသူမ၏အစွမ်းကိုတွေ့မြင်လေလေ ထန်ချင်းရှန်၏စိတ်ထဲတွင်သတ်ဖြတ်လိုစိတ်က ပို၍တိုးပွားလေလေဖြစ်သည်။
ထိုနည်းတူ သူ၏မကောင်းသည့်စိတ်ကိုရိပ်စားမိသည့်မိန်းမပျိုလေးကလည်း ထိုသုံးယောက်ထဲတွင် ထန်ချင်းရှန်ကိုအမုန်းတီးဆုံးဖြစ်ကာ လက်နက်ပုန်းများကိုရိုက်ထုတ်ပြီးသည့်တိုင် အနည်းငယ်ကလေးမှတုန့်ဆိုင်းခြင်းမရှိဘဲ သူမ၏လက်တစ်ဖက်လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ဆက်လက်တိုးဝင်လာသည်။
ဖြူနုသည့်လက်ချောင်းများက လက်ရာမြောက်သည့် ကျောက်စိမ်းများလို နူးညံ့လှသော်လည်း ထိုလက်သည်းကုတ်ချက်က ကျောက်တုံးကျောက်ခဲများကိုပင်အမှုန့်ဖြစ်သွားစေပေမည် ။
ထို့ကြောင့်လည်း ထန်ချင်းရှန်က ထိုတိုက်ကွက်ကိုရင်ဆိုင်ဝံ့ဘဲ နောက်ဆုတ်ရှောင်တိမ်းပြီး လက်နက်ပုန်းများဖြင့်ပစ်လွှတ်လိုက်ခြင်းဖြစ်ကာ ထိုလက်နက်ပုန်းများကမိန်းမပျိုလေးကိူရပ်တန့်စေရန်မစွမ်းနိုင်သည်ကိုမြင်ရသည့်အခါ သူ၏ပုံစံက ထိတ်လန့်တုန်လှုပ်သွားဟန်တူသည်။
" ချန်စန်း...ချောင်ဖေးဟုန် ဘာလုပ်နေကြတာလဲ...."
ထန်ချင်းရှန်က ယဉ်ကျေးမှုများကိုပင်ဂရုမစိုက်နိုင်တော့ဘဲ ကျန်နှစ်ယောက်ကို ဒေါသထွက်စွာအော်ဟစ်လိုက်သည်။
ထိုအခါမှ နေရာတွင် အံ့ဩတုန်လှုပ်နေကြသည့်လူနှစ်ယောက်က သတိဝင်လာပြီး မိန်းမပျိုလေးကိုလျှင်မြန်စွာတိုက်ခိုက်လိုက်ကြသည်။
" ဝှစ်...."
" ဝှမ်း...."
ကျယ်လောင်စူးရှသည့်လေခွင်းသံကြီးနှစ်ခုက မိန်းမပျိုလေး၏ဘေးနှစ်ဖက်မှထွက်ပေါ်လာပြီး ပြိုင်တူဝင်ရောက်လာသည့်ဓားရိပ်ကြီးနှစ်ခုက ထိတ်လန့်ဖွယ်ကောင်းလှသည်။
ချောင်ဖေးဟုန်နှင့် အဖိုးအိုချန်စန်တို့က ထန်ချင်းရှန်၏စိတ်ဓာတ်ကိုများစွာသဘောမကျဖြစ်လာသည့်တိုင် သူတို့ကတစ်လှေထဲစီးနေသည့် မိတ်ဆွေများဖြစ်ပြီး သူတိူ့၏အစစ်အမှန်ရန်သူက မိန်းမပျိုလေးသာဖြစ်၏။
ထို့ကြောင့် မိန်းမပျိုလေးကထန်ချင်းရှန်ကိုသတ်ဖြတ်မည့်အဖြစ်ကိုလက်ပိုက်ကြည့်မနေနိုင်ကြပေ။
အံ့ဩဖွယ်ကောင်းစွာဖြင့် ကြောက်စရာကောင်းလှသည့်တိုက်ကွက်နှစ်ခုကို နောက်ဆုတ်ခုခံရမည့်အစား မိန်းမပျိုလေးက ရှေ့သို့တိုးကာ ရှောင်တိမ်းရင်းဆက်လက်တိုးဝင်လာခြင်းဖြစ်သည်။
" ရွှပ်...."
သွေးများဖြာကျလာပြီး မိန်းမပျိုလေး၏ကိုယ်ပေါ်တွင်ကြီးမားသည့်ဓားရာကြီးနှစ်ခုထွက်ပေါ်လာသည်။
ဤသည်က သူမ၏အံ့မခန်းကိုယ်ဖော့ပညာနှင့် လှုပ်ရှားမှုသိုင်းပညာတို့ကြောင့်ဖြစ်ပြီး သူမ၏နေရာတွင်သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ဆိုလျှင်ပင် ချောင်ဖေးဟုန်နှင့်အဖိုးအိုချန်စန်တို့၏တိုက်ကွက်များကိုယခုလိုရှောင်တိမ်းရန်မလွယ်ကူလှပေ။
မိန်းမပျိုလေးကား ခန္တာကိုယ်ပေါ်တွင် ဒဏ်ရာကြီးနှစ်ခုရရှိလိုက်သည့်တိုင် သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့နေဆဲဖြစ်ပြီး အေးစက်စက်မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များကိန်းအောင်းလျက်ရှိ၏။
ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များက ထန်ချင်းရှန်ကိုရည်ရွယ်ခြင်းဖြစ်ကြောင်းအထူးပြောစရာလိုမည်မဟုတ်ပေ။
သူမ၏ရဲရင့်ပြက်သားသည့်လုပ်ရပ်ကြောင့် အဖိုးအိုချန်စန်နှင့်ချောင်ဖေးဟုန်တိူ့ပင်တုန်လှုပ်သွားကြသည်။
မိန်းမပျိုလေးကသူ့ကိုသတ်ဖြတ်ရန်စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်သည့်အခါ ထန်ချင်းရှန်၏စိတ်ထဲတွင်လွန်စွာထိတ်လန့်သွားရပြီး မည်သည့်အကြောင်းအရာကိုမှဂရုမစိုက်နိုင်တော့ဘဲ သူ၏ နောက်ဆုံးဝှက်ဖဲကိုထုတ်ဖော်လိုက်ရသည်။
ထန်ချင်းရှန်၏လက်နှစ်ဖက်က လျှပ်ပြက်သလိုဝေ့ယမ်းသွားပြီး များပြားလှသည့်သဲမှုန့်သဲပွင့်များက မိန်းမပျိုလေးနှင့်သူ၏ကြားတွင်ထွက်ပေါ်လာသည်။
အဆိပ်သဲမှုန့်
ထန်မိသားစု၏ထိပ်တန်းလက်နက်ပုန်းဆယ်မျိုးတွင်အပါအဝင်ဖြစ်ပြီး လွန်စွာရက်စက်လှ၍ အနက်ရောင်သိုင်းလောကသားများပင် ထိတ်လန့်ရသည့်လက်နက်ပုန်းတစ်ခုဖြစ်သည်။
မရေမတွက်နိုင်အောင်များပြားလှသည့်သဲမှုန့်များက လေးလံမာကျောလှသည့် အေးခဲသံနက်ကို သေးငယ်လှသည့်အမှုန့်ကလေးများဖြစ်စေရန်စီမံထားမီး လွန်စွာပြင်းထန်လှသည့်အဆိပ်များစွာဖြင့်စိမ်ထားခြင်းဖြစ်သည်။
အဆိပ်သဲမှုန့်ကိုထိမှန်ပါကအရိုးရောအသားပါ အရည်ပျော်သွားနိုင်သည့်အာနိသင်ရှိပြီး အတွင်းအားဖြင့်ကာရံထားလျှင်ပင်အသုံးဝင်မည်မဟုတ်ပေ။
ထန်ချင်းရှန်က အဆိပ်သဲမှုန်များကိုထုတ်သုံးသည်အားမြင်လိုက်ရသည့်အတွက် မိန်းမပျိုလေး၏အမူအယာကလည်းအလေးအနက်ဖြစ်သွားသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် သူမက နောက်မဆုတ်ဘဲ ရှေ့သို့ဆက်လက်တိုးဝင်ကာ လက်သည်းတိုက်ကွက်အစား သူမ၏လက်ဝါးနှစ်ဖက်ကိုဝေ့ယမ်းကာ ရိုက်ထုတ်လိုက်သည်။
" ဝုန်း..ဝုန်း...."
ကျယ်လောင်သည်အသံများပေါ်ထွက်လာပြီး အတွင်းအားများစွာပါဝင်သည့်လက်ဝါးရိပ်များက ထန်ချင်းရှန်ဆီသို့ တည့်မက်စွာဝင်ရောက်သွားသည်။
ထို့အပြင် သူမ၏လက်ဝါးရိုက်ချက်ကြောင့် အဆိပ်သဲမှုန့်များပင်လမ်းကြောင်းပြောင်း၍ ထန်ချင်းရှန်ဆီသို့ပြန်လည်တိုးဝင်လာလေသည်။
ကိုယ်ဖော်သည့်ဆေးကိုယ်ပြန်စားရသည့်အဖြစ်ကိုကြုံကြိုက်ရသည့်အတွက် ထန်ချင်းရှန်၏မျက်နှာကြီးက ကွက်ခနဲပျက်သွားပြီး အသဲအသန်ရှောင်တိမ်းလိုက်လေသည်။
" ဝုန်း..."
" အား..."
ဆိုးရွားသည့်အော်ဟစ်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီး ထန်ချင်းရှန်၏ခန္တာကိုယ်က ကြိုးပြတ်နေသည့်စွန်တစ်ကောင်ပမာ နောက်သို့လွင့်စင်သွားတော့၏။
သတ်ဖြတ်လိုစိတ်ပြင်းပြစွာဖြင့်တိုက်ခိုက်လိုက်သည့်မိန်းမပျို၏လက်ဝါးချက်က ထန်ချင်းရှန်ကိုအတွင်းဒဏ်ရာရရှိသွားစေခဲ့သည်။
အဆိုးရွားဆုံးက ပြန်၍လွင့်စင်လာသည့်အဆိပ်သဲမှုန့်များကြောင့်သူ၏ခန္တာကိုယ်တစ်ခြမ်းက စုတ်ပြတ်သွားပြီး အသွေးအသားများချက်ခြင်းပျောက်ကွယ်သွားကာ အရိုးငေါ့ငေါ့များပင် ပေါ်ထွက်လာသည်။
ထို့ကြောင့်ပင် အဆိပ်သဲမှုန့်များက အနက်ရောင်သိုင်းလောကသားများပင်ထိတ်လန့်ကြောက်ရွံ့ရသည့်လက်နက်ပုန်းတစ်ခုဖြစ်နေခြင်းဖြစ်၏။
" ဝေါ့...."
ထန်ချင်းရှန်ကိုစွန့်စား၍တိုက်ခိုက်လိုက်သည့်မိန်းမပျို၏အခြေအနေကလည်းထူးမခြားနားပင် ။
အတွင်းအားများစွာထုတ်သုံးကာတိုက်ခိုက်ရသည့်အတွက် သူမ၏ခန္တာကိုယ်ကလေတိုက်လျှင်ပင်လဲကျသွားတော့မတတ် ယိုင်နဲ့လျက်ရှိ၏။
အတွင်းအားများစွာအသုံးပြုလိုက်ရခြင်းကြောင့် ရင်ဝမှအောင့်တက်လာပြီးသွေးတစ်ပွတ်အန်ထုတ်လိုက်ရပြန်ကာ သူမ၏အနက်ရောင်ပဝါလေးကား နီရဲသည့်သွေးများဖြင့်စိုရွှဲလျက်ရှိသည်။
မိန်းမပျိုလေးကား ရန်သူများ၏လက်ချက်ဖြင့်သေဆုံးခြင်းမရှိလျှင်ပင် သူမ၏အတွင်းဒဏ်ရာကြောင့် အတော်လေးအခြေအနေဆိုးရွားလျက်ရှိသည်။
တစ်ဖက်တွင် ထန်ချင်းရှန်၏ အော်ဟစ်အမိန့်ပေးသံအဆုံး၌ သိုင်းမဟာမိတ်မှသိုင်းသမားနှစ်ဆယ်ဝန်းကျင်က ရှောင်ယောင့်ဆီသို့တစ်ပြိုင်နက်တိုးဝင်လာကြသည်။
ထိုလူများ၏သိုင်းပညာကနိမ့်ကျခြင်းမရှိဘဲ အဆင့်မြင့်သိုင်းသမားဆယ်ယောက် ၊ ထိပ်တန်းအဆင့်သိုင်းသမားခြောက်ယောက်နှင့်အဆင့်လွန်ထိပ်သီးသုံးဦးတို့ဖြစ်ကြသည်။
ထိုအင်အားဖြင့်ဆိုလျှင် ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးကိုပင်ယှဉ်တိုက်နိုင်မည်ဖြစ်ပြီး ထန်ချင်းရှန်ကသူ့လူများကိုယုံကြည်စိတ်ချခြင်းက အထူးအဆန်းတော့မဟုတ်ပေ။
သို့သော် သိုင်းမဟာမိတ်မှလူများရင်ဆိုင်ရမည်က အတွင်းအားကိုသာမက အပြင်အားလမ်းစဉ်ပါလျှောက်သည့်ရှောင်ယောင်ဖြစ်ပြီး အတွင်းအားလမ်းစဉ်တွင် အဆင့်လွန်သိုင်းအဆင့်သို့ရောက်စဖြစ်သည့်တိုင် အပြင်အားပါပေါင်း၍တိုက်ခိုက်လျှင် ချူးကုနန်တို့လိုနာမည်ကျော်ထိပ်သီးများကိုရင်ဆိုင်နိုင်စွမ်းရှိနေပေသည်။
တစ်ဖက်မှလူများ၏များပြားသည့်လူအင်အားနှင့် မိန်းမပျိုလေးအခြေအနေဆိုးရွားနေသည့်အတွက် ရှောင်ယောင်က အချိန်မဆိုင်းတော့ဘဲ သိုင်းမဟာမိတ်မှလူများကြားသို့ဦးစွာပင်တိုးဝင်သွားလိုက်သည်။
" ဝှစ်..."
" ဝှီး....ဝှီး...."
သိုင်းမဟာမိတ်မှလူများ၏လက်နက်များကလေထုကိုသာထိုးခွဲသွားကြသည်။
ရှေ့နောက်ယိမ်းထိုး၍ပြေးဝင်လာသာ့် ရှောင်ယောင်၏ခန္တာကိုယ်ကလွန်စွာလျှင်မြန်လှသည့်အပြင် ထူးဆန်းပြီးအစီအစဉ်မကျသည့်ခြေလှမ်းကွက်များကြောင့် သူ၏အင်္ကျီစကိုပင်ထိအောင်တိုက်ခိုက်နိုင်ရန်မလွယ်ကူပေ။
ထိုအခြေအနေတွင် ရှောင်ယောင်က ရေထဲမှငါးတစ်ကောင်လို တစ်ဖက်လူအုပ်ထဲတွင် လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး သူ၏လက်သီးနှစ်ဖက်က အဆင်မပြက်လှုပ်ရှားသွားတော့သည်။
" ဝုန်း... ဝုန်း...."
ကျယ်လောင်သည့်အသံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသလို သိုင်းမဟာမိတ်မှလူလေးယောက်၏ခန္တာကိုယ်ကဖွဲအိတ်များအလားလွင့်စင်သွားကြသည်။
အဆင့်မြင့်သိုင်းသမားသုံးယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးတို့မှာ ခုခံရှောင်တိမ်းရန်ပင်သတိမရဘဲ ရှောင်ယောင်၏လက်သီးချက်များထိမှန်ကာ နောက်ဘက်သို့လွင့်သွားကြခြင်းဖြစ်၏။
ထင်မှတ်မထားသည့်အဖြစ်ကြောင့် ကျန်လူများကြောင်အမ်းအမ်းဖြစ်နေစဉ်မှာပင် ရှောင်ယောင်၏ခန္တာကိုယ်ကလျှင်မြန်စွာရွေ့လျားလာပြီး ရှောင်လင်သံမဏိလက်သီးအစွမ်းကိုအပြည့်အဝထုတ်ဖော်ပြသလျက်ရှိပေသည်။
" ဝုန်း... ဝုန်း..."
" သတိထား...."
" အား...."
အချိန်အနည်းငယ်အတွင်း သူတို့၏တိုက်ပွဲနေရာက ဆူညံပွတ်လောရိုက်သွားပြီး အော်ဟစ်သတိပေးသံများ ၊ အတွင်းအားပေါက်ကွဲသံများနှင့် နာကျင်စွာအော်ဟစ်သံများက ဆူညံသွားတော့သည်။
သိုးအုပ်အတွင်းကျားဝင်ဆွဲသည့်ပမာ သိုင်းမဟာမိတ်မှသိုင်းသမားများကား အချိန်တိုအတွင်းဖရိုဖရဲဖြစ်သွားကြသည် ။
လျှင်မြန်သွက်လက်သည့်လှုပ်ရှားမှုနှင့် ရိုးစင်ပြီးအားအင်ပြည့်ဝသည့်လက်သီးချက်များကိုတွဲဖက်အသုံးပြုခိုက်ချိန်တွင်ရှောင်ယောင်၏တိုက်ပွဲစွမ်းရည်ကအမြင့်ဆုံးသို့ရောက်ရှိနေပြီး ယခုမှ အရက်မူးခြေလှမ်းနှင့်ရှောင်လင်သံမဏိလက်သီးတို့ကလိုက်ဖက်ညီလှသည်ကိုသတိပြုမိလိုက်သည်။
သိုင်းမဟာမိတ်မှအဖွဲ့ဝင်အများစုက သူ၏လက်သီးကိုသုံးချက်ပြည့်အောင်ပင်မခံနိုင်ကြဘဲ တစ်ကွက်နှစ်ကွက်ဖြင့်လွင့်စင်ကုန်သည်ကများသည်။
ဤသည်ကလည်း သူ၏လွန်စွာအစွမ်းထက်လှသည့်လှုပ်ရှားမှုနှင့်တစ်ဖက်လူများက ယုံကြည်မှုလွန်ကဲနေခြင်းကြောင့်လည်းဖြစ်ပြီး ပြိုင်ဘက်များ၏အရေမတွက်ကနှစ်ဆယ်နီးပါးရှိသည့်တိုင် သူ့ထက်အဆင့်နိမ့်သူများပြားနေ၍လည်းဖြစ်သည်။
ထို့ကြောင့် အသက်ရှူချိန်အနည်းငယ်အတွင်းသိုင်းမဟာမိတ်မှသိုင်းသမားဆယ့်နှစ်ယောက်အထိဒဏ်ရာအပြင်းအထန်ရရှိကုန်ကြပြီးကျန်ရှိနေသည့်လူများသည်လည်း ထိတ်လန့်တကြားနောက်ဆုတ်သွားရသည် ။
ဘေးမှရပ်ကြည့်နေကြသည့်ချန်ချင်းဂိုဏ်းသားများပင် ရှောင်ယောင်၏သိုင်းပညာကြောင့်မျက်လုံးပြူးသွားကြ၏ ။
မျက်နှာကိုဖုံးကွယ်ထားသည့်ထိုလူငယ်က လွန်စွာအစွမ်းထက်လိမ့်မည်ဟုသူတို့မျှော်လင့်မထားမိဘဲ သိုင်းမဟာမိတ်မှသိုင်းသမားနှစ်ဆယ်ဝန်းကျင်ပင် တခဏအတွင်းရှုံးနိမ့်သွားခဲ့ရသည်။
ထိုအချိန်တွင် ရှောင်ယောင်၏မျက်ဝန်းများက အတွင်းဒဏ်ရာကြောင့်သွေးများအန်ထုတ်နေသည့် မိန်းမပျိုလေးဆီသို့ရောက်ရှိသွားပြီး သူ၏စိတ်ထဲတွင် ဝမ်းနည်းကြေကွဲမှုနှင့်ဒေါသတရားများက ထိမ်းချုပ်မရဘဲထွက်ပေါ်လာတော့သည်။
" နတ်မိမယ်လေး....."
ရှောင်ယောင်၏ကျယ်လောင်သည့်ဟစ်အော်သံက သစ်သီးဝါရေတံခွန်မှရေစီးကျသံကိုပင်ကျော်လွန်သွားလေသည်။
&&&