ရဲရင့်မှု
Vol. 4 Ch. 56
" သူ့ကိုသတ်ကြ...."
အဖိုးအိုချန်စန်၏အမိန့်ကြောင့် အဆင့်လွန်ထိပ်သီးနှစ်ဆယ်ကျော်က ရှောင်ယောင့်ဆီသို့တစ်ပြိုင်နက်တိုးဝင်သွားကြသည်။
ထိုလူများမှလွဲ၍ ကျန်သိုင်းသမားများမှာ ပုလွေသံ၏လွှမ်းမိုးမှုကြောင့်စိတ်ရှုပ်ထွေးကာ ငေးငိုင်နေကြဆဲဖြစ်ပြီး နေရာတွင်ပင်ရပ်နေမိကြသည်။
အဆင့်လွန်ထိပ်သီးများက လက်နက်ကိုယ်စီဖြင့် လျှင်မြန်စွာပြေးဝင်လာကြသည်ကိုတွေ့မြင်သော်လည်း ရှောင်ယောင်၏အမူအယာကတည်ငြိမ်နေဆဲဖြစ်သည်။
အဖိုးအိုချန်စန်၏အမိန့်ကြောင့်ရှောင်ယောင့်ကိုသတ်ဖြတ်ရန်သိုင်းထိပ်သီးများစွာပြေးဝင်သွားသည့်အခါ မိန်းမပျိုလေး၏မျက်ဝန်းများက အေးစက်သွားပြီး အလျှင်မြန်လှုပ်ရှားရန်ပြင်လိုက်သည်။
သူမ၏လက်ရှိအခြေအနေကလွန်ခဲ့သည့်ဆယ်နှစ်ကထက်ပင်ပို၍ဆိုးရွားနေသေးကာ ဆိုးရွားသည့်အတွင်းဒဏ်ရာ ၊ ပြင်းထန်သည့်အပြင်ပိုင်းဒဏ်ရာများစွာဖြင့် သာမန်လူတစ်ယောက်၏အားအင်နီးပါးသာကျန်ရှိတော့သည်။
သို့တိုင် မိန်းမပျိုလေး၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များကရှိနေဆဲဖြစ်ပြီး စိုးရိမ်မှုအနည်းငယ်လည်းကပ်ညိပါဝင်လျက်ရှိသည်ကိုတွေ့ရပေမည် ။
သို့သော် ရှောင်ယောင့်ဆီသို့ရောက်ရှိရန်က သူမကိုပိတ်ဆို့ထားသည့်အဖိုးအိုချန်စန်နှင့်ချောင်ဖေးဟုန်တို့ကိုကျော်ဖြတ်ရန်လိုအပ်ပြီး ထိုနှစ်ယောက်ကလည်း သူမကိုသတိမပြက်စောင့်ကြည့်နေကြသည်။
ရှောင်ယောင်က မည်မျှအစွမ်းထက်ပါစေ အဆင့်လွန်ထိပ်သီးနှစ်ဆယ်ကျော်ကိုတစ်ကိုယ်ထဲယှဉ်နိုင်မည်ဟုမထင်မိ၍ သူတို့နှစ်ယောက်က မိန်းမပျိုလေးကိုသာ သတိထားနေခြင်းဖြစ်၏။
သူမ၏အခြေအနေကငြိမ်းတော့မည့်မီးစာတစ်ခုလိုဖြစ်နေသော်လည်း ထန်ချင်းရှန်ကိုတိုက်ခိုက်စဉ်ကလို ကြောက်စရာကောင်းသည့်တိုက်ကွက်များထွက်ပေါ်လာနိုင်သေး၍ သူတို့၏ဘက်မှစတင်တိုက်ခိုက်ခြင်းမရှိသေးခြင်းဖြစ်သည်။
သိုင်းဝိဇ္ဇာတစ်ယောက်၏နောက်ဆုံးသူသေကိုယ်သေတိုက်ကွက်မျိုးကလွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး ထိုအချက်ကြောင့်ပင် အဖိုးအိုချန်စန်တို့မှာ အချိန်ဆွဲကာ မိန်းမပျိုလေးပို၍အားနည်းလာပြီးစိတ်ရှည်ဖြစ်လာစေရန် အကွက်ဆင်နေကြခြင်းဖြစ်၏။
ရုတ်တရက် ရှောင်ယောင်၏ခန္တာကိုယ်က စတင်ရွေ့လျားသွားပြီး သူ့ဆီသို့ပြေးဝင်လာသည့်အဆင့်လွန်ထိပ်သီးနှစ်ဆယ်ကျော်ရှိရာသို့ လှစ်ခနဲဝင်ရောက်သွားသည်။
" ဝှစ်... ဝှစ်..."
ရှေ့ဆုံးမှဝင်ရောက်လာသည့် ချန်ချင်းဂိုဏ်းမှဓားသမားနှစ်ယောက် အားကုန်ခုတ်ပိုင်းလိုက်သော်လည်း လေထုကိုသာထိုးခွဲမိသွားပြီး ရှောင်ယောင်က သူတို့ကိုကျော်ဖြတ်သွားသည် ။
ထို့နောက် နောက်ဘက်မှကပ်ပါလာသည့် သိုင်းမဟာမိတ်မှလူနှစ်ယောက်နှင့် ဓားသမားတစ်ယောင်က ရှောင်ယောင့်ကိုဆီးကြိုတိုက်ခိုက်လိုက်ကြပြန်သည်။
" ဝှစ်... "
" ဝုန်း... ဝုန်း...."
လေခွင်းသံ၊ အတွင်းအားပေါက်ကွဲသံများကဆူညံသွားပြီး အဆင့်လွန်ထိပ်သီးသူံးယောက်၏တိုက်ကွက်များက အံ့အားသင့်ဖွယ်ကောင်းလောက်အောင်လွဲချော်သွားကြပြန်သည် ။
ရှောင်ယောင်၏ခန္တာကိုယ်ကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားနေသလို ထူးဆန်းပြီးအစီအစဉ်မကျသည့်ဟန်ဖြင့်သး၏ခန္တာကိုယ်ကိုလည်းယိမ်းထိုးကာလှုပ်ရှားနေသေးသည်။
ထို့ကြောင့် ရှောင်ယောင်က ဖမ်းရခက်သည့်ငါးရှဉ့်တစ်ကောင်လိုဖြစ်နေကာ အဆင့်လွန်ထိပ်သီးတစ်အုပ်ကြားထဲတွင် လွတ်လပ်စွာရွေ့လျားနေခြင်းဖြစ်သည်။
" မဖြစ်နိုင်တာ...."
ဓားလှံများကြားတွင် လေယူရာယိမ်းနွဲ့နေသည့် ငှက်မွှေးကလေးတစ်ကောင်လို ပေါ့ပါးစွာရှောင်တိမ်းနေသည့်ရှောင်ယောင့်ကိုကြည့်ရင်း ချောင်ဖေးဟုန်ပင် အာမေဍိတ်သံထွက်ပေါ်လာသည် ။
ရှေ့ဘက်မှ အဆက်မပြက်တိုးဝင်လာသည့်တိုက်ခိုက်မှုများကိုကွတ်ကာသီကာရှောင်တိမ်းတိမ်းနေသည့်ရှောင်ယောင်၏သွင်ပြင်က အဖိုးအိုချန်စန်နှင့် ချောင်ဖေးဟုန်တို့ကိုပင် အံ့ဩဘနန်းဖြစ်စေ၏။။
သူတို့နှင့်တိုက်ခိုက်နေသည့်မိန်းမပျိုလေးသည်လည်း ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်ပြီး လှုပ်ရှားမှူသိုင်းကိုတတ်မြောက်သော်လည်း လက်ရှိရှောင်ယောင်၏လုပ်ရပ်က ပို၍ပင်အံ့ဩဖွယ်ကောင်းနေသေးသည်။
အသက်ရှူချိန်အနည်းငယ်အတွင်း သိုင်းထိပ်သီးများစွာ၏တိုက်ခိုက်မှုများကို အောင်မြင်စွာဖြတ်ကျော်လာပြီးနောက်တွင် ရှောင်ယောင်က ရပ်တန့်ခြင်းမရှိသေးဘဲ ရှေ့သို့ဆက်လက်တိုးဝင်လာဆဲဖြစ်သည်။
သူ၏ဦးတည်ရာကား မိန်းမပျိုလေးနှင့်အဖိုးအိုချန်စန်တို့ရပ်နေသည့်နေရာသို့ဖြစ်ပေသည်။
မိန်းမပျိုလေးကိုသာ အဓိကအာရုံစိုက်နေသည့်အပြင် ရှောင်ယောင်၏လုပ်ရပ်ကို ထင်မှတ်မထား၍ အဖိုးအိုချန်စန်တို့နှစ်ယောက်မှာ ကြောင်အမ်းအမ်းဖြစ်နေကြသော်လည်း သူတိူ့၏အနီးသို့ရောက်ရှိလာသည့်ရှောင်ယောင့်ကို လျှင်မြန်စွာတိုက်ခိုက်လိုက်ကြသည်။
" ဝှစ်...."
" ဝှီး...."
ကြောက်စရာကောင်းသည့်ဓားလှိုင်းနှစ်ခုကရှေ့ဆင့်နောက်ဆင့်ဝင်ရောက်လာပြီး ရှောင်ယောင်၏အမူအယာကလည်း လွန်စွာလေးနက်တည်ကြည်သွားသည်။
ထိုတိုက်ခိုက်မှုနှစ်ခုက အစောပိုင်းကသူဖြတ်ကျော်ခဲ့သည့်တိုက်ခိုက်မှုအားလုံးထက်ပို၍အန္တရာယ်များလှပြီး သူ၏စိတ်ထဲတွင်အန္တရာယ်အငွေ့အသက်ကိုခံစားမိနေသည်။
သို့သော် ထိုသို့မပြုလုပ်မီကပင် တစ်ဖက်လူများ၏တုန့်ပြန်မှုကို ကြိုတင်တွက်ဆထားသည့်အတွက် များစွာတုန်လှုပ်ခြင်းတော့မဖြစ်မိပေ။
" ဝုန်း....."
မြေပြင်ကိုခြေတစ်ချက်ဆောင့်၍ လေထဲသို့ခုန်တက်လိုက်ရာ ရှောင်ယောင်၏ခန္တာကိုယ်က ပေါ့ပါးစွာမြောက်တက်သွားသည် ။
အဖိုးအိုချန်စန်၏ဓားလှိုင်းက သူ၏ခြေထောက်အောက် တစ်လက်မအကွာမှဖြတ်ကျော်သွားပြီး မာကျောသည့်မြေပြင်တွင်နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုကိုကျန်နေစေသည်။
သို့သော် ကျန်ရှိနေသည့်ချောင်ဖေးဟုန်၏လျှက်တပြတ်ဓားကွက်က လေထဲသို့ရောက်နေသည့်ရှောင်ယောင့်ဆီသို့လှစ်ခနဲတိုးဝင်လာပြီး ထိုမြင်ကွင်းကြောင့် မိန်းမပျိုလေး၏မျက်နှာက ကွက်ခနဲပျက်သွားသည်။
အစောပိုင်းက အဖိုးအိုချန်စန်နှင့် ချောင်ဖေးဟုန်တို့ပိတ်ဆို့ထား၍ ရှောင်ယောင့်ကိုသွားရောက်ကူညီ၍မရသော်လည်း ယခုအခါ သူ၏အနီးတွင် ရှောင်ယောင်အသက်အန္တရာယ်ကျရောက်နေ၍ မည်သို့မှရပ်ကြည့်မနေနိုင်တော့ပေ။
သူမ၏အခြေအနေက ဖော်ပြမရနိုင်အောင်ဆိုးရွားနေသော်လည်း ရှေ့သို့ရိပ်ခနဲတိုးဝင်သွားကာ ရှောင်ယောင့်အစား ချောင်ဖေးဟုန်၏ဓားကွက်ကိုရင်ဆိုင်ရန်ပြင်လိုက်သည် ။
သို့သော် လေထဲသို့ရောက်နေသည့်ရှောင်ယောင်၏မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခုရှိနေပြီး သူမကိုခေါင်းယမ်းပြလိုက်သည်ကိုတွေ့မြင်ရသည်။
" ထန်း...."
ကျယ်လောင်သည့်မည်သံတစ်ခုနှင့်အတူ မီးပွင့်ကလေးများထွက်ပေါ်လာသည်။
ရှောင်ယောင်၏လက်ထဲတွင် သူံးပေခန့်ရှည်သည့်သံမဏိတုတ်ချောင်းတစ်ချောင်းရှိနေပြီး ထိုတုတ်ချောင်းကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ချောင်ဖေးဟုန်၏တိုက်ကွက်ကိုခုခံလိုက်ခြင်းဖြစ်သည်။
သို့သော် အတွင်းအားကွာခြားမှုကြီးမားလှ၍ လေထဲသို့ရောက်နေသည့်ရှောင်ယောင်၏ခန္တာကိုယ်ကနောက်ဘက်သို့လွင့်စင်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ယောင့်ကိုကူညီရန်ရှေ့သို့ပြေးဝင်လာသည့်မိန်းမပျိုက သူမရှိရာဘက်သို့လွင့်ထွက်လာသည့်ရှောင်ယောင့်ကို ဆီးကြိုဖမ်းယူထားလိုက်သည်။
" နင်အဆင်ပြေရဲ့လား...."
အနက်ရောင်ပဝါအောက်မှလွန်စွာလှပသည့်မျက်နှာကလေးထက်တွင်စိုးရိမ်မှုများစွာဖြစ်တည်လျက်ရှိကာ သူမ၏လက်တွင်းရှိရှောင်ယောင့်ကိုပူပန်စွာမေးမြန်းလိုက်သည်။
အေးစက်ပြီးခံစားချက်ကင်းမဲ့နေသည့်မျက်ဝန်းကလေးများထဲတွင် သူ့အတွက် ဝမ်းနည်းမှု ၊ ဒေါသနှင့်စိုးရိမ်ပူပန်မှုတို့ကိုခံစားလိုက်မိ၍ ရှောင်ယောင်၏စိတ်ထဲတွင်ဖော်ပြမရအောင်ပျော်ရွှင်ဝမ်းမြောက်သွားကာ မိန်းမပျိုလေး၏နူးညံ့ပျော့ပြောင်းသည့်ရင်ခွင်အတွင်းမှ အားတင်း၍ထရပ်လိုက်သည်။
" စိတ်မပူပါနဲ့ ...."
ရှောင်ယောင်က သံမဏိတုတ်ချောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ကာ သူမ၏ရှေ့တွင်ကာကွယ်ပေးလိုက်ရင်းပြန်ပြောလိုက်သည်။
သို့သော် ကြည်နူးဝမ်းမြောက်စွာဖြင့် ပြုံးနေသည့်သူ၏မျက်နှာကသွေးဆုပ်ဖြူလျော်လျက်ရှိပြီး မဟန်နိုင်ဘဲ သွေးတစ်ပွတ်အန်ထုတ်လိုက်ရသည်။
" ဝေါ့ ...."
သံမဏိတုတ်ချောင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည့်ရှောင်ယောင်၏လက်ချောင်းများကလည်း တဆက်ဆက်တုန်ယင်နေပေသည်။
အစောပိုင်းက ချောင်ဖေးဟုန်နှင့်ထိတ်တိုက်ရင်ဆိုင်မှုတွင် သူအတွင်းဒဏ်ရာနောက်တစ်ခုရရှိခဲ့ပြီး အဖိုးအိုချန်စန်၏အော်ဟစ်သံကြောင့်ရခဲ့သည့်အတွင်းဒဏ်ရာကိုပို၍ဆိုးရွားသွားစေသည် ။
အကယ်၍ သူ၏လက်ချောင်းများကသာ သံမဏိလိုမာကျောမနေပါက တုတ်ချောင်းကိုပင်မြဲအောင်ကိုင်ဆောင်ထားနိုင်မည်မဟုတ်ပေ။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကို သိုင်းထိပ်သီးအဆင့်ရောက်စလူတစ်ယောက်က တိုက်ကွက်ချင်းထိတ်တိုက်ရင်ဆိုင်ခြင်းက လွန်စွာရူးမိုက်လှပြီး ရှောင်ယောင်တစ်ဦးသာ ထိုသို့ပြုလုပ်ဝံ့ပေမည်။
အကျိုးဆက်အနေဖြင့် သူ၏ခန္တာကိုယ်ထဲတွင် ပြင်းထန်သည့်အတွင်းဒဏ်ရာတစ်ခုဖြစ်ပေါ်ခဲ့သလို တဆက်ဆက်တုန်ယင်နေသည့်လက်ချောင်းများက ထိမ်းချုပ်မှုကင်းမဲ့ကာ ထုံကျင်နေပေသည်။
ရှောင်လင်၏နာမည်ကျော်သံမဏိလက်ချောင်းသိုင်းကိုသာလေကျင့်မထားပါက ရှောင်ယောင်၏လက်ညိုးနှင့်လက်မကြားမှာ စုတ်ပြတ်သွားပြီး လက်နက်ကိုင်တိုက်ခိုက်ရန်ပင်ဖြစ်နိုင်မည်မဟုတ်ပေ။
ရှောင်ယောင်၏မျက်နှာကိုမမြင်ရသော်လည်း သူ၏အားနည်းနေသည့်ပုံစံနှင့် အတွင်းဒဏ်ရာရရှိထားခြင်းကိုသတိပြုလိုက်မိ၍ မိန်းမပျိုလေး၏ရင်ထဲရှိစိုးရိမ်ပူပန်မှုများက ပို၍ပင်တိုးပွားလာရသည်။
ထို့ကြောင့်ပင် သူ၏ရှေ့တွင်မားမားမက်မက်ရပ်တည်ပေးနေသည့်ရှောင်ယောင့်ကိုနောက်သို့ဆွဲလိုက်ပြီး အဖိုးအိုချန်စန်နှင့်ချောင်ဖေးဟုန်တိူ့ကို အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
" ရှင်တို့သတ်ချင်တာ ကျမကိုမလား ....လာခဲ့ပါ..မဆိုင်တဲ့လူတွေကိုမထိနဲ့ ..."
သူမ၏ပုံစံက အေးစက်ကာခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း ရှောင်ယောင့်အတွက် စိုးရိမ်နေသည်ကို သူတို့အားလုံးကောင်းစွာခံစားမိကြသည်။
ထိုအဖြစ်ကြောင့် ရှောင်ယောင်မှာ အတွင်းဒဏ်ရာရရှိထားသည်ကိုပင်ဂရုမစိုက်နိုင်ဘဲ လွန်စွာဝမ်းမြောက်နေမိ၏။
အခြားလူများအမြင်တွင် မိန်းကလေးတစ်ယောက်လိုကယ်တင်ရန် အန္တရာယ်ကြားတွင်ဝင်ပါခြင်းက ရူးမိုက်ရာကျမည်ဖြစါသော်လည်း ရှောင်ယောင့်အတွက်မူသူမ၏စိတ်ရင်းကိုသိရှိရုံဖြင့် ယခုလိုစွန့်စားရခြင်းကိုလွန်စွာထိုက်တန်သည်ဟုသက်မှတ်ထားပေသည်။
" တော်လောက်ပြီ....မင်းတို့နှစ်ယောက်လုံး လွတ်ဖို့မဖြစ်နိုင်ဘူး....."
အဖိုးအိုချန်စန်က သူတို့ကိုကြည့်ရင်း တင်းမာစွာပြောလိုက်သည်။
သူ၏စကားအဆုံး၌ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး သတ်ဖြတ်လိုစိတ်များက ပြင်းထန်စွာထွက်ပေါ်လာသည်။
ချောင်ဖေးဟုန်က သူ၏လက်ထဲရှိဓားကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး စူးရှသည့်မျက်လုံးများဖြင့် ရှောင်ယောင်တို့နှစ်ယောက်ကိုစူးစိုက်ကြည့်နေသည် ။
သူ့အနေဖြင့် မိန်းမပျိုလေးနှင့်လူငယ်တို့၏ရဲရင့်မှုကို အသိအမှတ်ပြုသည့်တိုင် ထန်ချင်းရှန်နည်းတူ ထိုနှစ်ယောက်က သူတို့အတွက်မရှင်းလင်း၍မရနိုင်တော့မှန်းသဘောပေါက်ထား၍ အလွတ်ပေးမည်မဟုတ်ပေ။
ရှောင်ယောင့်ကြောင့် အံ့ဩတုန်လှုပ်စွာကျန်နေခဲ့သည့်အဆင့်လွန်ထိပ်သီးနှစ်ဆယ်ကျော်က ချောင်ဖေးဟုန်နှင့်အဖိုးအိုချန်စန်တို့၏နောက်တွင်ရောက်ရှိနေပြီဖြစ်သည်။
&&&