← Chapters

ရေတံခွန်အောက်

Vol. 4 Ch. 57

ရေတံခွန်အောက်

Vol. 4 Ch. 57

" ဟူး....ကြည့်ရတာ လွတ်လမ်းမရှိတော့ဘူးထင်ပါရဲ့ ...."

သူတို့ကိုပိတ်ဆို့ဝန်းရံထားသည့် အဖိုးအိုချန်စန်နှင့်ကျန်လူများကိုဝေ့ကြည့်ရင်း ရှောင်ယောင်က သက်ပြင်းတစ်ချက်ချလိုက်သည် ။

သိုင်းဝိဇ္ဇာတစ်‌ယောက် ၊ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်‌ယောက်နှင့် အဆင့်လွန်ထိပ်သီးများစွာ၏ဝန်းရံထားမှုအောက်တွင် သူတို့နှစ်ယောက်အတောင်ပေါက်လျှင်ပင်လွတ်မြောက်မည်မဟုတ်ပေ။

နောက်ဘက်တွင်ချောက်ကမ်းပါးတစ်ခုရှိနေကာ ရှေ့ဘက်၌ သတ်မည်ဖြတ်မည်တကဲကဲပြင်နေသည့်ရန်သူတော်များ...။

ထိုလူများကိုရင်ဆိုင်တိုက်ခိုက်ရန်ကလည်း သူတို့၏လက်ရှိအခြေအနေဖြင့်မဖြစ်နိုင်တော့ဘဲ သူတို့အတွက် လမ်းဆုံးသို့ရောက်ရှိရုံသာမက ‌ခြေတစ်လှမ်းပင်ကျွံကျပြီးဖြစ်သည်ဟုဆိုရပေမည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ရှောင်ယောင်၏ပုံစံက လွန်စွာစိတ်အေးလက်အေးဖြစ်နေပြီး ဒေါသ၊ ကြောက်ရွံ့မှု၊ တုန်လှုပ်မှု စသည်တို့ကိုမတွေ့ရဘဲ ပန်းခြံထဲလမ်းလျှောက်လာသူတစ်ယောက်ပမာ အေးဆေးတည်ငြိမ်လျက်ရှိသည်။

ထိုအဖြစ်ကြောင့် ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများအံ့အားသင့်နေကြရုံသာမက ချောင်ဖေးဟုန်ပင်မနေနိုင်ဘဲမေးလိုက်မိသည်။

" မင်းကလွတ်မယ်လို့ထင်နေသေးတာလား....."

မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ထိုလူရွယ်ကို သူရင်းနှီးနေသည်ဟုချောင်ဖေးဟုန်၏စိတ်ထဲတွင်ခံစားမိနေသည်။

သိူ့သော် ရှောင်ယောင်နှင့်သူနှင့်ဆုံတွေ့ဖူးသည်က ရွှေဓားသခင်၏စံအိမ်တွင်တစ်ကြိမ်သာဖြစ်ခဲ့ပြီး ထို့ကြောင့်ပင် ရှောင်ယောင်၏အသံနှင့်ပုံပန်းသွင်ပြင်ကိုမြင်ရုံဖြင့်မမှတ်မိခြင်းဖြစ်၏။

ချောင်ဖေးဟုန်၏စကားကိုပြန်မဖြေဘဲ ရှောင်ယောင်က ဘေးနားတွင်ရှိနေသည့်မိန်းမပျိုလေး၏လက်ဖဝါးကလေးကိုအသာအယာဆုပ်ကိုင်လိုက်သည်။

ခြောက်ကပ်နေသည့်သွေးစများများစေးထန်းထန်းဖြစ်ကာ အေးစက်နေသည့်ထိုလက်ကလေးက ရှောင်ယောင်၏ဆုပ်ကိုင်မှုကြောင့်ဆက်ခနဲဖြစ်သွားပြီး သူမ၏အေးစက်စက်အကြည့်များက ရှောင်ယောင့်ဆီသို့ရောက်ရှိလာသည်။

သို့သော် ရှောင်ယောင်က သူမ၏ အေးစက်မှုကိုဂရုမစိုက်ဘဲ နွေးထွေးသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း ခပ်တိုးတိုးမေးလိုက်သည်။

" နတ်မိမယ်လေး ကျုပ်ကိုယုံလား...."

ရှောင်ယောင်၏စကားသံက တည်ကြည်လေးနက်လှသလို မိန်းမပျိုလေး၏ရင်ထဲတွင်လည်း အလိုလိုနေရင်းစိတ်ချယုံကြည်မှုကိုခံစားနေမိသည် ။

သူမ၏ရန်သူများကြောင့် ထိုလူငယ်ကိုပါရော၍မထိခိုက်စေရန် သူနှင့်ခပ်ခွာခွာနေရန်ကြိုးပမ်းခဲ့သော်လည်း ထိုလူငယ်က သူမအတွက် အန္တရာယ်ကြားသို့တိုးဝင်လာပေသည်။

ထိုအခြေအနေတွင် မိန်းမပျိုလေး၏စိတ်တွင်းရှိအေးစက်မှုနှင့်ခံစားချက်ကင်းမဲ့မှုများက နေရောင်ခြည်နှင့်ထိတွေ့ရသည့်နှင်းပွင့်များလိုအရည်ပျော်သွားရပြီးသူမပင်မသိလိုက်ဘဲ အလိုလိုနေရင်းခေါင်းညိမ့်လိုက်မိသည် ။

ထိုလူငယ်ကသူမအတွက်အသက်စွန့်ရန်တွန့်ဆုတ်ခြင်းမရှိသည်ကိုမြင်ပြီးနောက်တွင် သူမသည်လည်းမည်သည့်အတွက်ကြောင့် တွန့်ဆုတ်နေရမည်နည်း ။

သူမည်သို့ဆုံးဖြတ်ပါစေ သူမနာခံပေလိမ့်မည်။

ယနေ့တွင်သူတို့နှစ်ယောက်လွတ်မြောက်ခြင်းမရှိဘဲ သေဆုံးရလျှင်ပင် အတူလက်တွဲကာသေဆုံးရခြင်းကိုပို၍မျှော်လင့်ရပေမည်။

မိန်းမပျို၏‌ အေးစက်စက်မျက်ဝန်းများက နူးညံ့လာပြီး သူ၏မေးခွန်းကိုခေါင်းညိမ့်ပြလိုက်သည်ကိုမြင်သည့်အခါ ရှောင်ယောင်၏မျက်နှာထက်၌ တောက်ပသည့်အပြုံးတစ်ခုဖြစ်‌ပေါ်လာသည်။

ထို့နောက် မိန်းမပျိုလေး၏လက်တစ်ဖက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားရာမှ မလွှတ်ဘဲ သူ၏လက်တစ်ဖက်ကိုရုတ်ချည်းဝေ့ယမ်းလိုက်သည် ။

" နှုတ်ဆက်ပါတယ်...."

ရှောင်ယောင်တို့နှစ်ယောက်၏ထူးဆန်းသည့်အပြုအမူကိုသတိထားစောင့်ကြည့်နေခိုက်တွင် ရုတ်တရက် လက်နက်ပုန်းများစွာလွင့်ပျံ့လာ၍ အဖိုးအိုချန်စန်တို့လည်းမျက်နှာပျက်သွားမိသည်။

" သတိထား....သူတိူ့ထွက်ပြေးတော့မယ် ...."

အဖိုးအိုချန်စန်က ကျန်လူများကိုအော်ဟစ်သတိပေးရင်း ရှေ့သို့ရိပ်ခနဲခုန်ဝင်သွားသလို ချောင်ဖေးဟုန်ကလည်းသူ၏နောက်မှကပ်ပါလာသည် ။

သူတို့၏အဆင့်ဖြင့်ရှောင်ယောင်ပစ်လွှတ်လိုက်သည့်လက်နက်ပုန်းများကိုကြောက်စရာလိုမည်မဟုတ်ပေ။

သို့သော် ရှောင်ယောင်၏ဆုံးဖြတ်ချက်ကိုထင်မှတ်အထား၍အငိုက်မိသွားပြီးအနည်းငယ်နောက်ကျသွားလေသည်။

ကျန်သိုင်းထိပ်သီးများကား ရှောင်ယောင်အားကုန်ပစ်လွှတ်လိုက်သည့်ကျောက်စရစ်ခဲလေးများကိုသတိထားကာခုခံကာကွယ်ပြီးအလုပ်ရှုပ်နေကြသည်။

ထိုအချိန်တွင်ရှောင်ယောင်က မိန်းမပျိုလေး၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း နောက်ဘက်ရှိချောက်ကမ်းပါးထဲသို့ တုံ့ဆိုင်းခြင်းမရှိခုန်ချပြီးဖြစ်သည်။

" သေစမ်း....."

အပေါ်ဘက်ဆီမှ အဖိုးအိုချန်စန်၏ဒေါသတကြီးအော်ဟစ်သံကြီးကြောင့်ရှောင်ယောင်လည်းသဘောကျစွာပြုံးလိုက်မိသည် ။

ဘေးဘက်မှ တဟူးဟူးတိုက်ခတ်နေသည့်လေများကြားတွင် သူတို့နှစ်ယောက်၏ခန္တာကိုယ်ကွဲကွာမသွားဘဲ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားကြဆဲဖြစ်သ ်။။

ထို့နောက် ရှောင်ယောင်က အနည်းငယ်ထိတ်လန့် နေသည့်မျက်ဝန်းလေးများဖြင့် သူ့ကိုအံ့အားသင့်စွာကြည့်ရှု‌နေသည့် နတ်မိမယ်လေး၏ခန္တာကိုယ်ကိုအားထည့်၍ဆွဲယူလိုက်ပြီး သူ၏ရင်ဘက်ထဲတွင် တင်းကြပ်စွာထွေးပွေ့ထားလိုက်သည်။

မွှေးပျံ့ပြီး နူးညံ့ပျော့ပြောင်းလဲသည့်ခန္တာကိုယ်ကလေးက သူ၏ရင်ခွင်ထဲတွင်ရောက်ရှိနေသည့်တိုင်ရှောင်ယောင်၏စိတ်ထဲတွင်အခြားအတွေးများရှိမ‌နေဘဲ သူမကိုပွေ့ဖတ်ထားရင်းမှ သူ၏ခန္တာကိုယ်ကိုအောက်ဘက်သို့ရောက်ရှိစေရန်ကြိုးပမ်းလိုက်သည်။

ထိုအလုပ်များက လွယ်ကူသည်ဟုထင်ရသော်လည်း ရေတံခွန်ချောက်ကမ်းပါးအောက်ထဲသို့ပြုတ်ကျနေရင်း ပြင်းထန်သည့်လေစီးကြောင်းကိုအန်တုကာ ယခုလိုပြုလုပ်ရသည်မှာ လွန်စွာခက်ခဲလှသည် ။

ကံကောင်းထောက်မ၍ သူ၏အစီအစဉ်အတိုင်းဖြစ်ပျက်လာပြီးနောက် ရှောင်ယောင်၏နောက်ကျောက အေးစက်သည့်ရေပြင်ဖြင့် ပြင်းထန်စွာရိုက်ခတ်မိသွားတာ့သည် ။

" ဝုန်း....."

ခန္တာကိုယ်တစ်ခုလုံးစုတ်ပြတ်မတတ်နာကျင်မှုကိုခံစားလိုက်ရပြီးနောက် သူတို့၏ခန္တာကိုယ်များက ရေအောက်သို့နစ်မြုပ်သွားသည် ။

သို့သော် ပြင်းထန်သည့်နာကျင်မှုကိုဂရုမစိုက်အားသေးဘဲ သတိမလစ်နေရန်လျှာကိုပြန်ကိုက်ကာ အသိစိတ်ကိုထိမ်းချုပ်လိုက်ရသည်။

ထို့နောက် ရှောင်ယောင်လည်း ပါးစပ်နှင့်နှာခေါင်းအတွင်းသို့ အလုံးအရင်းဖြင့်ဝင်လာသည့်အေးစက်စက်ရေများကိုလျစ်လျူရှုကာ ရေမျက်နှာပြင်ပေါ်သို့ပြန်လည်ရောက်ရှိရန်ကြိုးပမ်းလိုက်သည်။

ရေမျက်နှာပြင်ပေါ်သို့ပြန်ရောက်မှ အသက်ကိုဝအောင်ရှူလိုက်ရသည် ။

နတ်မိမယ်လေးကိုသူ၏ရင်ဘက်ထဲတွင်တင်းကြပ်စွာထွေးပွေ့ထား၍ သူမက တစ်စုံတစ်ရာထိခိုက်မှုမရှိသော်လည်း ယခင်ရရှိထားသည့်ဒဏ်ရာများကြောင့် သတိလစ်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။

နားရမည်မှမကြံရသေးဘဲ အားကောင်းလှသည့်ရေလှိုင်းများက တစ်ခုပြီးတစ်ခုဝင်ဆောင့်လာရာ ရှောင်ယောင်လည်း နတ်မိမယ်လေးကိုလွတ်မထွက်သွားစေရန်တင်းတင်းဖတ်ကာ ရေအောက်သို့ပြန်လည်ရောက်ရှိခြင်းမရှိစေရန် ကြိုးပမ်းလိုက်ရသည်။

ရေစီးနှင့်အတူမျောပါရင်း သူတို့ကျသည့်နေရာနှင့်မနီးမဝေးရှိကျောက်တုံးများများကိုကြည့်ရင်း သူ၏ဦးခေါင်းတစ်ခုလုံးကျိန်းစပ်ထူပူသွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ရေတံခွန်အတွင်းပြုတ်ကျစဉ် အောက်ဘက်မှမာကျောသည့်အရာတစ်စုံတစ်ခုနှင့်မရိုက်မိခဲ့ခြင်းဖြစ်ပြီး သို့မဟုတ်ပါက သူတို့နှစ်ယောက်လုံးအသားပြားဖြစ်နေလောက်ချေပြီ။

လက်နက်ပုန်းများဖြင့်ရန်သူများကိုအာရုံလွှဲကာ ထွက်ပြေးသည့်အကြံက လွန်ခဲ့သည့်လအနည်းသယ်ကလောဘနတ်ဆိုး အန်းဒူ၏လက်အောက်ငယ်သားနှင့်တိုက်ခိုက်စဉ်က ရရှိခဲ့သည့်အတွေ့အကြုံဖြစ်ပေသည် ။

ထိုစဉ်က အန်းဒူ၏လက်အောက်ငယ်သားမှာ ရှောင်ယောင့်ကိုလုံးဝမယှဉ်နိုင်သည့်တိုင် လက်နက်ပုန်းများဖြင့်အာရုံလွှဲကာ ‌ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ယခုလည်း သူတို့နှစ်ယောက်ရေတံခွန်အတွင်းခုန်ဆင်းရန် ရန်သူများကိုကျောက်စရစ်ခဲများဖြင့်အပြင်းအထန်ပစ်လွှတ်ခဲ့ခြင်းဖြစ်၏ ။

လွတ်မြောက်ရန်မျှော်လင့်ချက်ဖြင့် ရေတံခွန်အတွင်းခုန်ချသည်က များစွာထူးဆန်းခြင်းမရှိပေ ။

ယခင်ကလည်း ထိုသို့ပြုလုပ်ခဲ့ဖူးပြီး ထူးခြားသည့်သိုင်းဝိဇ္ဇာတစ်ဝက်‌အဆင့်သိုင်းသမား၏လက်ထဲမှလွတ်မြောက်ခဲ့ပြီးဖြစ်သည်။

ရန်သူများကိုရင်ဆိုင်နိုင်ခြင်းမရှိဘဲချောင်ပိတ်မိနေသည့်အခြေအနေတွင် ပေနှစ်ရာနီးပါးရှိမည့်ရေတံခွန်ပေါ်မှခုန်ချခြင်းသည်လည်း နောက်ဆုံးရွေးချယ်စရာတစ်ခုဖြစ်ပေသည်။

သို့သော် သူတစ်ခုမေ့လျော့သွားသည်ကသူ၏အခြေအနေက အကောင်းအတိုင်းမဟုတ်သည့်အပြင် သတိလစ်မေ့မျောနေသည့်မိန်းမပျိုလေးကိုပါသယ်ဆောင်ထားရခြင်းဖြစ်သည်။

လက်ရှိ ရှောင်ယောင်တိူ့၏အခြေအနေက လုံးဝကောင်းမွန်ခြင်းမရှိပေ ‌ ။

ရေတံခွန်၏အောက်ဘက်ဖြစ်သည့်အပြင် အဆုံးမဲ့မြစ်၏ရေစီးအသန်ဆုံးနေရာလည်းဖြစ်၍ သူ၏လက်ရှိခွန်အားဖြင့် ကမ်းစပ်သို့ကူးခတ်နိူင်ခြင်းမရှိတော့ဘဲ အားကောင်းသည့် ရေစီးဖြင့်မျောပါသွားတော့သည်။

လက်ရှိရှောင်ယောင်၏အခြေအနေကများစွာ‌ကောင်းမွန်ခြင်းမရှိသည့်တိုင် သူတစ်ဦးထဲဆိုလျှင် ကမ်းစပ်သိူ့ရောက်အောင်ကူးခတ်နိုင်စွမ်းရှိပေမည်။

ပြဿနာက သူနှင့်အတူမိန်းမပျိုလေး၏ပျော့ခွေနေသည့်ခန္တာကိုယ်ကိုပါ သယ်ဆောင်ထားရခြင်းဖြစ်၏ ။

သတိလစ်နေသည့်မိန်းမပျိုလေးက သူ့အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည့်တိုင် စွန့်လွှတ်ရန်ကိုတော့‌ယောင်၍ပင်မတွေးမိပေ။

သူမအတွက် အသက်အန္တရာယ်ကြားကိုပင်ရဲဝင်စွာတိုးဝင်ခဲ့ပြီးနောက်ယခုလို ပြင်းထန်သည့်မြစ်ရေစီးက ရှောင်ယောင်၏စိတ်ကိုပြောင်းလဲစေရန်စွမ်းနိုင်မည်မဟုတ်သည်က သေချာလှသည်။

ထို့ကြောင့် ရှောင်ယောင်လည်းရွေးချယ်စရာမရှိတော့ဘဲ ရေစီးနှင့်အတူကိုယ်ကိုအသာဖော့ကာ မျောလိုက်သွားရတော့သသည်။

သူ၏လက်နှစ်ဖက်ကမူ မိန်းမပျိုလေးကိုကျစ်ကျစ်ပါအောင်ပွေ့ဖတ်ထားလျက်ရှိ၏။

&&&

" သေစမ်း....."

ရှောင်ယောင်နှင့်မိန်းမပျိုလေးတို့ရေတံခွန်အောက်သို့ခုန်ချသွားပြီးနောက် အဖိုးအိုချန်စန်က ဒေါသထွက်စွာဖြင့်ကျိန်ဆဲလိုက်မိ၏။

ချောင်ဖေးဟုန်နှင့် သိုင်းထိပ်သီးများလည်း ရေတံခွန်အောက်သို့ငုံ့ကြည့်လိုက်မိသည့်အခါ အောက်ဘက်တွင်ရေစီးများနှင့်မျောပါသွားသည့် ရှောင်ယောင်တို့နှစ်ယောက်ကိုမှုန်ပြပြမြင်လိုက်ရပြီး လရောင်အောက်တွင်မထင်မရှားဖြင့်ပျောက်ကွယ်သွားတော့သည်။

ထိုအချင်းအရာကြောင့်ချောင်ဖေးဟုန်လည်း မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ရှောင်ယောင်၏ပုလွေသံကြောင့်ထိခိုက်ခဲ့ရသည့်လူများက ပြန်လည်ကောင်းမွန်ခြင်းမရှိသေးသလို သူနှင့်ဦးစွာတိုက်ခိုက်ခဲ့သည့်သိုင်းမဟာမိတ်သိုင်းသမားဆယ်ယောက်ကျော်ကျော်က ဒဏ်ရာအပြင်းအထန်ဖြင့်ညဉ်းညူ‌နေဆဲဖြစ်သည်။

ဦးဆောင်သူများအနက်တစ်ယောက်ဖြစ်သည့် ထန်ချင်းရှန်သည်လည်း သေလုမျောပါးဖြင့်ထွက်ခွာသွားပြီးဖြစ်သည်။

သူတို့နှစ်ယောက်နှင့် အဆင့်လွန်ထိပ်သီးနှစ်ဆယ်ကျော်သာအကောင်းအတိုင်းကျန်ရှိနေသေးပြီး သူကိုယ်တိုင်က ယခင်ရက်များက မိန်းမပျိုလေး၏လက်ချက်ကြောင့်အတွင်းဒဏ်ရာရရှိထားသေးသည်။

ခြုံ၍ဆိုရလျှင် မိန်းမပျိုလေး၏နောက်သို့လိုက်လံသတ်ဖြတ်ခဲ့သည့်သူတို့လူစုမှာ များစွာထိခိုက်ခဲ့ရပြီး ယခုလည်းမိန်းမပျိုလေးက လွတ်မြောက်သွားနိုင်ချေရှိသည်။

ထိုအဖြစ်အပျက်များကြောင့် ချောင်ဖေးဟုန်လိုစိတ်ဓာတ်ခိုင်မာသူတစ်ဦးပင် ခြေကုန်လက်ပန်ကျသလိုခံစားမိလိုက်ပြီး အဖိုးအိုချန်စန်ကိုခပ်တိုးတိုးမေးလိုက်သည်

" ဆရာကြိးချန် ကျုပ်တို့ဘယ်လိုလုပ်ကြဦးမလဲ ....."

&&&

All Chapters