← Chapters

တန်ပြန်အစီအစဉ်

Vol. 4 Ch. 58

တန်ပြန်အစီအစဉ်

Vol. 4 Ch. 58

" ဆရာကြီးချန် ကျုပ်တို့ဘယ်လိုလုပ်ကြဦးမလဲ....."

ချောင်ဖေးဟုန်၏မေးခွန်းကြောင့် ဖရိုဖရဲဖြစ်နေသည့်ချန်ချင်းဂိုဏ်းသားများကိုငေးကြည့်နေသည့်ချန်စန်လည်း သတိဝင်လာသည်။

ပြီးခဲ့သည့်ရက်များက မိန်းမပျိုလေးကိုလိုက်လံသတ်ဖြတ်ရန်ချန်ချင်းဂိုဏ်းမှလက်ရွေးစင်လူတစ်ရာခေါ်ဆောင်လာသော်လည်း ယခုအခါ အကောင်းအတိုင်းကျန်ရှိသူက ငါးပုံတစ်ပုံဝန်းကျင်သာရှိပေမည်။

စိတ်ပင်ပန်းနေသည့်ချောင်ဖေးဟုန်နည်းတူ ချန်စန်၏ရင်ထဲတွင်လည်း စိတ်ဓာတ်ကျမှုကိုခံစားနေမိပြီး သူ၏လုပ်ရပ်များကထိုက်တန်မည်လောဟု ပြန်၍မေးခွန်းထုတ်နေမိ၏။

သို့‌သော် သူ၏ဂိုဏ်းသို့ကျူးကျော်ဝင်ရောက်ကာ ဂိုဏ်းသားများကိုထိခိုက်စေသည့်အကြင်သူအားအထားရဆုံးတပည့်ဖြစ်သည့် ချန်လုကိုသတ်ဖြတ်သွားမည့်မိန်းမပျိုလေး၏အကြောင်းကိုပြန်တွေးလိုက်မိချိန်၌ အဖိုးအို၏မျက်နှာက တင်းမာခတ်ထန်သွားတော့၏။

ယခုဖြစ်ရပ်များ၏မူလအစက လွန်ခဲ့သည့်ဆယ်နှစ်က သူ၏ဂိုဏ်းသားများနှင့်ချန်လုတို့စတင်ခဲ့ခြင်းဖြစ်သည်ကိုတော့ အဖိုးအိုချန်စန်တစ်ယောက်မေ့လျော့နေပေသည်။

" မင်းတို့ငါးယောက်က ဒဏ်ရာရနေတဲ့လူတွေကို သေချာဂရုစိုက်ထားလိုက်....ပြီးတော့ တစ်ယောက်က ခေါင်းဆောင်ထန်ရဲ့နောက်ကိုလိုက်သွားပြီး သူအဆင်ပြေရဲ့လားသွားကြည့် ။

ခေါင်းဆောင်ချောင်နဲ့ကျန်တဲ့လူတွေက ငါနဲ့အတူ သူတို့နောက်ကိုလိုက်မယ်။

နှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန်ရထားတော့ ရေစီးကြောင်းထဲကလွတ်မြောက်ဖို့မလွယ်ဘူး ..."

ချန်စန်က အနားတွင်ရှိနေသည့်လူများကို တာဝန်အသီးသီးခွဲဝေပေးလိုက်ပြီး ချောင်ဖေးဟုန်ကိုကြည့်လိုက်သည် ။

ထိုအခါ ချန်ဖေးဟုန်လည်း စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေသည့်တိုင် သက်ပြင်းတစ်လျက်ချ၍ ခေါင်းညိမ့်ပြလိုက်သည်။

&&&

လက်ငါးချောင်းတောင်

မိစ္ဆာဝိညာဉ်အဖွဲ့အခြေစိုက်ရာ လက်ငါးချောင်းတောင်က ညအမှောင်အောက်တွင် ကြောက်စရာကောင်းလောက်အောင်ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည် ။

အဖွဲ့၏ဌာနချုပ်အဖြစ်ပြုလုပ်ထားသည့်ခြံဝနိးကြီးထဲတွင် သိုင်းသမားသူံးရာနီးပါးရှိနေသည့်တိုင် စည်းမျဉ်းစည်းကမ်းမရှိဘဲ စည်းလွတ်ဝါးလွတ်နေကြသူများပီပီ အများစုက သောက်စားမူးရူး၍အိပ်မောကျနေကြပြီဖြစ်၏။

စည်းမျဉ်းစည်းကမ်းများစွာရှိသည့်အဖြူရောင်အင်အားစုများနှင့်ခြားနားစွာ အနက်ရောင်ဂိုဏ်းအဖွဲ့အစည်းများကစည်းမျဉ်းများစွာမရှိဘဲ များစွာသောသိုင်းသမားများကိုစုစည်းထားသည့်မိစ္ဆာဝိညာဉ်ဆိုလျှင် ပို၍ပင်စည်းလွတ်ဝါးလွတ်ဖြစ်ကြသေးသည် ။

အဖွဲ့ဝင်အများစုကသိုင်းမဟာမိတ်၏ဖိနှိပ်မှုကိုမခံမရပ်နိုင်ဖြစ်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး အဖွဲ့၏တစ်ခုတည်းသောစည်းမျဉ်းကလည်း အဖွဲ့ဝင်အချင်းချင်းအ‌ရေးကြုံလျှင်အကူအညီပေးရန်သာဖြစ်သည်။

ထို့ကြောင့်သိုင်းမဟာမိတ်၏အဖွဲ့သားအရေအတွက်က တစ်ထောင်ကျော်သော်လည်း သိုင်းမဟာမိတ်နှင့်ယှဉ်လျှင်သာလွန်မှုမရှိခြင်းဖြစ်၏။

ခြံဝန်းထဲတွင်ကင်းလှည့်နေသည့်အစောင့်များပင် ချောင်တစ်ချောင်ချောင်တွင် ခွေအိပ်နေလောက်ချေပြီ။

သို့သော် ခြံဝန်း၏ပင်မအဆောက်အဦးတွင်းရှိအခန်းတစ်ခန်းထဲတွင် လူတစ်စုက အိပ်စက်အနားယူခြင်းမပြုနိုင်ဘဲ တစ်စုံတစ်ခုကိုအပြင်းအထန်ဆွေးနွေးလျက်ရှိသည်။

စုစုပေါင်းအရေအတွက် ‌ငါးယောက်ခန့်ရှိမည့်ထိုလူများက မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်ငါးယောက်ဖြစ်ပြီး ဌာနချုပ်တွင်ရှိနေကြဖြစ်သည့်သွေးလွှမ်းနတ်ဆိုးစုထန် ၊ အရိုးနတ်ဆိုးဟုအိုတို့အပြင် သရဲနတ်ဆိုး ကုန်းယို့ဟန် ၊ ဓားပျံနတ်ဆိုး လီစဲ့ဟိုင်နှင့်အဆိပ်နတ်ဆိုး ချောင်တင်းတို့ပါစုံလင်စွာရှိနေကြသည်။

ခေါင်းဆောင်ရှစ်‌ယောက်အနက်အစွမ်းအထက်ဆုံးဖြစ်သည့်ဓားနတ်ဆိုးကွမ်ချင်းဟူက သိုင်းလောကအနှံလေလွင့်သွားလာနေတတ်၍ ဌာနချုပ်ကိုတစ်နှစ်တစ်ခေါက်ပင်ပြန်မရောက်ဖြစ်ပေ။

လောဘနတ်ဆိုးအန်းဒူနှင့်လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုန်တို့သည်လည်း လူငယ်သိုင်းသမားတစ်ယောက်၏လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၍ သိုင်းမဟာမိတ်၏ခေါင်း‌ဆောင်ရှစ်ယောက်တွင် ခြောက်ယောက်သာကျန်ရှိတော့ပေသည်။

ယခု အဝေးသို့ရောက်နေသည့် ဓားနတ်ဆိုးမှလွဲ၍ ကျန်လူများ တွေ့ဆုံနေသည်ကအရေးတကြီးဆွေးနွေးစရာကိစ္စရှိ၍ဖြစ်ကြောင်း ဗေဒင်မေးစရာမလိုဘဲသိနိုင်ပေသည်။

" ဒုန်း...."

" ဒါကြီးက ဘယ်လိုမှလက်မခံနိုင်စရာပဲ။ သူတို့က ကျုပ်တို့အဖွဲ့ကိုအင်အားဖြည့်ပေးသလိုလိုနဲ့ ကျုပ်တို့နေရာယူချင်တာအသိသာကြီးကို....."

အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ထွားကြိုင်းသန်မာသည့်ခန္တာကိုယ်ပိုငိရှင်သက်လက်ပိုင်းလူကြီးက စားပွဲကိုထုကာ ဒေါသတကြီးပြောလိုက်သည်။

ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်နှင့်မလိုက်အောင် ကိုယ်ဖော့ပညာကောင်းမွန်လှပြီး ခတ်ထန်သည့်မျက်နှာထားရှိသည့်ထိုလူက နတ်ဆိုးရှစ်ယောက်မှ သရဲနတ်တိုးကုန်းယို့ဟန်ဆိုသူဖြစ်သည်။

နတ်ဆိုးများအရေးတကြီးတိုင်ပင်ဆွေးနွေးနေသည်က ယမန်နေ့ကသိလိုက်ရသည့် ဂိုဏ်းကြီးငါးဂိုဏ်း၏ဖြည့်တင်းရေးအစီအစဉ်ကြောင့်သာဖြစ်သည်။

မိစ္ဆာဝိညာဉ်အဖွဲ့၏အင်အားကိုဖြည့်တင်းရန်ဆိုသည့်အကြောင်းပြချက်ဖြင့် အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းက အစွမ်းထက်သိုင်းသမားများစွာပို့လွှတ်မည်ဟုသိရပြီးနောက်တွင် မိစ္ဆာဝိညာဥ်၏ခေါင်းဆောင်များမှာ အရေးတကြီးတိုင်ပင်ဆွေးနွေးကြရတော့သည်။

အပေါ်ယံကြည့်လျှင်အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်း၏လုပ်ရပ်ကသူတို့ကိုအကူအညီပေးသည်ဟုထင်ရသော်လည်း ပါးနပ်ကောက်ကျစ်သည့်မြေခွေးအိုကြီးများပီပီ ယခုအစီအစဉ်က မည်သည့်ရည်ရွယ်ချက်ရှိသည်ကို သူတို့အားလုံးကောင်းစွာသဘောပေါက်ကြသည်။

မိစ္ဆာဓားသမား၏ကိစ္စကြောင့် အဖြူရောင်အင်အားစုများအလုပ်ရှုပ်နေသည်ကိုအခွင့်ကောင်းယူကာ အနက်ရောင်ဂိုဏ်းကြီးငါးခုက မိစ္ဆာဝိညာဉ်၏အင်အားကိုဖြည့်တင်းလိုခြင်းဖြစ်သည်။

သို့သော် ဂိုဏ်းကြီးငါးဂိုဏ်းမှအစွမ်းထက်သိုင်းသမားများရောက်ရှိလာပါက အဖွဲ့တွင်းဩဇာအာဏာကိုထိခိုက်စေမည့်အပြင် သူတို့၏လက်ရှိနေရာကိုပင်ချိန်းခြောက်မှုများဖြစ်လာပေမည်။

ထို့ကြောင့် အရိုးနတ်ဆိုးဟူအိုနှင့်သွေးလွှမ်းနတ်ဆိုးစုထန်တို့က ကျန်လူများကိုအရေးတကြီးဆင့်ခေါ်ကာတိုင်ပင်ဆွေးနွေးရခြင်းပင်ဖြစ်၏။

" ကွမ်ချင်းဟူပြောတာမှန်တယ် ကျုပ်တို့ဒီအခြေအနေရောက်အောင်အများကြီးကြိုးစားလာခဲ့ရတာ ။

ဒါကြောင့် သူတို့လွယ်လွယ်နဲ့နေရာဝင်ယူမှာကို လက်မခံနိုင်ဘူး။ သူတို့မကျေနပ်ရင် တိုက်ခိုက်ကြတာပေါ့...."

ရှည်လျားသည့်အရပ်အမောင်းနှင့်ကျဉ်းမြောင်းသည့်မျက်လုံးများကိုပိုင်ဆိုင်ထားသည့်ဓားပျံနတ်ဆိုးက ဝင်ပြောလိုက်သည်။

မိစ္ဆာဝိညာဉ်အဖွဲ့ကိုတည်ထောင်ခဲ့သည်က ဆယ်နှစ်နီးပါးရှိမည်ဖြစ်သလို သူတို့လည်း ဩဇာအာဏာ၏အရသာကိုသိရှိသွားပြီးနောက် ဤနေရာကိုကာကွယ်ရန်အပြင်းအထန်ဆန္ဒရှိနေကြပေသည်။

မိစ္ဆာဝိညာဥ်ကိုမတည်ထောင်မီက အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့်သူတို့ရှစ်ယောက်ဆွေးနွေးခဲ့ကြပြီးဖြစ်သော်လည်းနှစ်များစွာကြာပြီးနောက်တွင် သူတို့၏သဘောတူညီချက်များကရေပေါ်အရုပ်ရေးသလိုလွင့်ပြယ်သွားကြသည်။

မိစ္ဆာဝိညာဉ်၏မူလအစမှာ အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းက သိုင်းမဟာမိတ်ကိုယှဉ်နိုင်မည့်အင်အားစုတစ်ခုတည်‌‌ထောင်ရန်ဆုံးဖြတ်ခဲ့ခြင်းမှစတင်ခဲ့သည်။

သို့သော် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် အခြားအဖြူရောင်အင်အားစုများ၏စောင့်ကြည့်မှုကြောင့် သူတို့ကိုယ်တိုင်လှုပ်ရှားနိုင်ခြင်းမရှိဘဲ အနက်ရောင်သိုင်း‌‌လောကတွင်မသိသူမရှိသည့်သူတို့ရဗစ်ယောက်ကိုအသုံးချကာ မိစ္ဆာဝိညာဉ်ကိုတည်ထောင်ခဲ့ခြင်းပင်ဖြစ်သည်။

သူတို့ရှစ်ယောက်၏ကျော်ကြားမှုအပြင် အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်း၏ဩဇာကြောင့် အနက်ရောင်သိုင်း‌သမားများကိုအလျှင်အမြန်စုစည်းနိုင်ခဲ့ကာ သိုင်းမဟာမိတ်ကိုယှဉ်နိုင်သည့်ထိပ်တန်းအင်အားစုတစ်ခုဖြစ်လာခဲ့ခြင်းပင်ဖြစ်၏ ။

သိူ့သော် နှစ်များစွာကြာပြီးနောက်တွင် သူတို့ရှစ်ယောက်က အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်း၏အမိန့်များကို အပေါ်ယံသာလိုက်နာပြီးလုပ်ချင်လုပ်ဆောင်‌လာကြသလို အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းကလည်း မိစ္ဆာဝိညာဉ်ကိုလုယူရန်ကြိူးပမ်းလာကြပြီဖြစ်သညမ်။

ဓားပျံနတ်ဆိုး၏စကားကိုလူမမာတစ်ဦး၏သွင်ပြင်ရှိနေသည့် အဆိပ်နတ်ဆိုးက ငြင်းပယ်လိုက်သည်။

" ‌ဒီလိုလည်းမဟုတ်သေးဘူး။ အခုလက်ရှိ ကျုပ်တို့က မိစ္ဆာဝိညာဉ်ကိုထိမ်းချုပ်ထားနိုင်တယ်ဆိုပေမယိ့ ကျုပ်တို့ထဲမှာ သိုင်းဝိဇ္ဇာအဆင့်ရှိလို့လား ။

တကယ်လို့ သူတို့ကိုပေါ်ပေါ်တင်တင်ဆန့်ကျင်လိုက်ရင် ဂိုဏ်းကြိးငါးဂိုဏိးရဲ့ခေါင်းဆောင်တစ်ယောက်ယောက်လာတိုက်ရင်ဘယ်သူကရှေ့ထွက်ပြီးတားမလဲ ..."

ချောင်တင်း၏ကျိုးကြောင်းသင့်လျော်သည့်စကားကြောင့် ‌ဒေါသထွက်နေသည့်လီစဲ့ဟိုင်လည်းငြိမ်သက်သွားတော့သည်။

သူတို့အားလုံးက အနက်ရောင်သိုင်းလောကတွင်နာမည်တစ်လုံးနှင့်ကျော်ကြားသူများဖြစ်သည့်တိုင် သူတို့ထဲမှအစွမ်းအထက်ဆုံးလူပင်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသေးသည် ။

ထို့ကြောင့် အကယ်၍ အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းကိုသာပေါ်ပေါ်ထင်ထင်ဆန့်ကျင်ပါက ဂိုဏ်းခေါင်းဆောင်တစ်ယောက်ယောက်၏လက်ချက်ဖြင့်သူတို့အသက်ထွက်သွားနိုင်ချေရှိသည် ။

" ဒါဆိုရင် ငါတို့က သူတို့ပြုသမျှနုနေရမှာလား....."

သရဲနတ်ဆိုးကုန်းယိူ့ဟန်က အလျော့မပေးသေးဘဲထပ်ပြောလိုက်သည်။

သိုင်းမဟာမိတ်၏သခင်ဆယ်ပါးတွင်ပါဝင်သည့် မိုးကြိုးနတ်ဓားဂိုဏ်းမှဝေ့မင်းကို သေလုမျောပါးဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့သည့်ကုန်းယို့ဟန်က မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်ရှစ်ယောက်တွင် နံပါတ်လေးနေရာ၌‌ရှိပေသည် ။

ထို့အပြင် သူ၏စရိုက်က သွေးဆာရက်စက်ပြီးကြမ်းတမ်းသူတစ်ယောက်ဖြစ်ရာ အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်း၏ လူပါးဝခြင်းကိုလုံးဝလက်သင့်မခံနိုင်ဘဲဖြစ်နေသည် ။

အခြေအနေက အချင်းချင်းအငြင်းပွားတော့မည့်အဖြစ်သို့ဆိုက်ရောက်နေ၍အရိုးနတ်ဆိုးဟူအိုက ချောင်းတစ်ချက်ဟန့်ကာဝင်ပြောလိုက်သည်။

" ငါတို့အခုလက်ရှိလုပ်ဖို့လိုအပ်နေတာက သူတို့ကိုပေါ်တင်ဆန့်ကျင်ဖို့မဟုတ်သလို သူတို့လုပ်သမျှငြိမ်ခံနေဖို့လည်းမဟုတ်ဘူး။

အပေါ်ယံမှာ သူတို့ရဲ့အစီအစဉ်ကိုလိုက်နာတဲ့ပုံနဲ့အသာတကြည်လက်ခံရတယ်ဆိုပေမယ့် သူတို့ပိူ့လိုက်တဲ့လူတွေ အဖွဲ့ထဲမှာနေရာမရအောင်အစွမ်းကုန်လုပ်ဆောင်ရမယ်။

သူတို့စေလွှတ်မယ့်လူတွေက သိုင်းပညာအဆင့်မြင့်တဲ့လူတွေပဲဆိုပေမယ့် အမြင့်ဆုံးလူကမှ အစွမ်းထက်အဆင့်လွန်ထိပ်သီးအဆင့်လောက်ပဲရှိမယ်။

ဒါကြောင့်သူတို့ကိုငါတို့ကောင်းကောင်းဖိနှိပ်နိုင်ပါတယ် ။

တစ်ချိန်ထဲမှာပဲ သိုင်းမဟာမိတ်ရဲ့လှုပ်ရှားမှုတွေကို အမြဲမပြတ်စောင့်ကြည့်နေပြီး သူတို့အင်အားနည်းတဲ့အချိန်မှာ ထိုးစစ်ဆင်ကြမယ် ။

မိစ္ဆာသမားကိုသူတို့အသဲအသန်လိုက်သတ်နေကြပေမယ့် ဟိုကောင်ရဲ့လက်ချက်ကြောင့်သူတို့လူတွေအများကြီးဆုံးရှုံးနေတယ်လိူ့သတင်းရထားတယ်။

နောက်ဆုံးပိတ် မိစ္ဆာဓားသမားကိုသူတို့သတ်နိုင်ရင်တောင်သူတို့ဘက်ကအများကြီးဆုံးရှုံးရမှာပဲ ။

အဲဒီအခါကျရငိ ငါတို့ကသူတို့ကိုတိုက်ခိုက်ပြီး သိုင်းလောကကိုဘယ်သူတွေလွှမ်းမိုးနိုင်တယ်ဆိုတာပြကြသေးတာပေါ့...."

အရိုးနတ်ဆိုးဟူအို၏မျက်လုံးများက တဖျက်ဖျပ်တောက်ပနေပြီး သူ၏ချောင်ကျနေသည့်မျက်နှာထက်တွင် ရုပ်ဆိုးသည့်အပြုံးတစ်ခုရှိနေသည်။

ဟူအို၏အကြံအစည်ကလက်ရှိအခြေအနေနှင့်အသင့်လျော်ဆုံးဖြစ်၍ သူနှင့်မတည့်သည့် ချောင်တင်းတို့နှစ်ယောက်ပင်စောဒကတတ်ခြင်းမရှိပေ။

သူတို့ကြားတွင်မကျေနပ်ချက်များ ၊ ရန်ငြိုးများရှိကြသော်လည်း ရန်သူတော်ကြီးဖြစ်သည့် သိုင်းမဟာမိတ်ကိုနှိမ်နင်းနိုင်လျှင် ထိုမကျေနပ်မှုများကို ခေတ္တဘေးဖယ်ထားနိုင်ပေသည်။

&&&

All Chapters