← Chapters

အင်အားဖြည့်တင်းခြင်း

Vol. 4 Ch. 59

အင်အားဖြည့်တင်းခြင်း

Vol. 4 Ch. 59

" ဒါပေမယ့်သူတို့လူတွေကိုဖိနှိပ်တာကို ဂိုဏ်းခေါင်းဆောင်တွေသိသွားရင်ဘယ်လိုလုပ်မလဲ....."

ဓားပျံနတ်ဆိုးလီစဲ့ဟိုင်က တွေးတွေးဆဆဖြင့်မေးလိုက်သည် ။

ထိုအခါ ဟူအို၏အမူအယာကဉာဏ်နီဉာဏ်နက်များသည့်ဟန်သို့ပြောင်းလဲသွားပြီး ပိုင်နိုင်သည့်လေသံဖြင့်ပြန်ပြောလိုက်သည်။။

" တကယ်လို့ သူတို့မကျေနပ်ရင်တောင် ဘာမှပြန်လုပ်လို့မရဘူး ။

သူတို့ဂိုဏ်းကြီးငါးခုက အနက်ရောင်သိုင်းလောကမှာအစွမ်းအထက်ဆုံးအင်အားစုတွေဆိုပေမယိ့ ငါတို့ကလည်းအားမနည်းပါဘူး။

ပြီးတော့ ငါတို့ကိုသူတို့ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ရင် ကျန်တဲ့အဖွဲ့သားတွေကသူတို့ကိူယုံကြည်ဖို့ဘယ်လိုဖြစ်နိုင်မှာလဲ ။

ဒါကြောင့် ငါတို့ရဲ့အကြံအစည်ကိုသိရင်တောင်သူတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...."

နှစ်ကြာသည့်ဂျင်းက ပိုစပ်သည်ဆိုသောစကားအတိုင်း သူတိူ့ထဲတွင်အသက်အကြီးဆုံးဖြစ်သည့်ဟူအိုက ဉာဏ်အများဆုံးလူတစ်ယောက်ဖြစ်သည်။

သူ၏အကြံအစည်များကိုကြားသိပြီးနောက်တွင် ကျန်လူများ၏မျက်လုံးများက တောက်ပလာကြသော်လည်း လီစဲ့ဟိုင်ကသတိကြီးသူပီပီ ရပ်မနေဘဲ ဆက်မေးလိုက်သည် ။

" တကယ်လို့ သူတို့က ခင်ဗျားထင်သလိုဖြစ်မလာဘဲ ဘာကိုမှဂရုမစိုက်ဘဲအင်အားသုံးလုပ်လာမယ်ဆိုရင်ရော ။

အ‌ဆိပ်ငါးမျိုးဂိုဏ်းချုပ်နဲ့ ပင့်ကူနက်အဖွဲ့ခေါင်းဆောင့်တို့ကစဉ်းစားချင့်ချိန်တတ်ပေမယ့် ဟို သံခေါင်း ထျန်ရှန်းက ဘာကိုမှဂရုမစိုက်တဲ့တယူသန်ကောင်။

ပြီးတော့ လပြည့်ညဂိုဏ်းချုပ်မိစ္ဆာဓားက သွေးဆာတဲ့လူသတ်ကောင်ဖြစ်ပြီးတော့ အရိုးဖြူဂိုဏ်းချုပ်ဆိုတဲ့လူကလည်း တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်ပဲ။

သူတို့သာ ဘာကိုမှဂရုမစိုက်ဘဲရူးရူးမိုက်မိုက်လုပ်လာရင် ကျုပ်တို့အကုန်အခက်တွေ့ကုန်မယ်....."

လီစဲ့ဟိုင်၏ သတိပေးစကားကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်ကျန်လူများလည်းသတိဝင်လာပြီးအမူအယာလေးနက်သွားကြသည်။

တစ်စုံတစ်ခု‌‌ဆောင်ရွက်လိုပါက သင့်လျော်သည့်အကြောင်းပြချက်လိုအပ်သည့် အဖြူရောင်သိုင်း‌လောကသားများနှင့်ခြားနားစွာ အနက်ရောင်လောကသားများက မည်သည့်အရာကိုမှဂရုမစိုက်ဘဲထင်သလိုလုပ်ဆောင်တတ်သူများဖြစ်၏။

ထို့ကြောင်လီစဲ့ဟိုင်၏သတိပေးမှုကအနည်းငယ်လွန်ကဲသော်လည်း ထိုအတိုင်းဖြစ်မလာနိုင်ဟုပြော၍မရပေ။

" ကွမ်ချင်းဟူက ဘယ်ကိုရောက်နေလဲမသိဘူး သူရှိရင် ငါတို့အတွက် ပိုပြီးအင်အားတောင့်တင်းတာပေါ့..."

လူမမာတစ်ယောက်၏သွင်ပြင်ရှိသည့် အဆိပ်နတ်ဆိုးကခပ်တိုးတိုးညဉ်းတွားလိုက်သည်။

သူ၏စကားကြောင့်ကျန်လူများလည်း ဓားနတ်ဆိုးကွမ်ချင်းဟူကိုသတိရသွားမိကြသည်။

ရက်စက်ကြမ်းကြုတ်သည့်တိုက်ခိုက်မှုများကြောင့် အနက်ရောင်သိုင်း‌လောကသားတစ်‌ယောက်ဟုသက်မှတ်ခံခဲ့ရသော်လည်း ကွမ်ချင်းဟူက သူတို့နှင့်ကွဲပြားမှုရှိပေသည်။

သူ၏ဘဝတစ်လျှောက် ဓားပညာကိုရူးသွပ်စွာလေ့လာခဲ့ပြီး နေရာအနှံ့အပြားသိူ့သွားကာ ကျော်ကြားသည့်ဓားသမားများနှင့်စိန်ခေါ်တိုက်ခိုက်လေ့ရှိသည်။

ရှောင်လွှဲမရသည့်အကြောင်းအရာများကြောင့်မိစ္ဆာဝိညာဉ်အဖွဲ့တွင်းသို့ရောက်ရှိလာသော်လည်း ကျန်လူများနှင့်ခြားနားစွာ ဩဇာအာဏာကိုတပ်မက်ခြင်းအလျင်းကင်းမဲ့ပြီး နောက်လိုက်နောက်ပါမရှိသည့်တစ်ဦးတည်းသောခေါင်းဆောင်လည်းဖြစ်သည်။

ထို့ကြောင့်ပင်သူတို့အားလုံးက ကွမ်ချင်းဟူကိုလေးစားကြောက်ရွံ့ကြပြီး ယခုလိုအရေးကြုံခိုက်တွင် သတိရမိကြခြင်းဖြစ်၏ ။

ကွမ်ချင်းဟူ၏သိုင်းအဆင့်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသော်လည်း အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်နှင့်ယှဉ်နိုင်သည်ဟုပင်သိုင်း‌လောကထဲတွင်ကောလဟာလများရှိသည် ။

မည်သို့ပင်ဖြစ်စေ ဓားနတ်ဆိုးကွမ်ချင်းဟူကခန့်မှန်းမရဘဲ လွန်စွာကြောက်စရာကောင်းသူတစ်ယောက်ဖြစ်သည်က အသေအချာပင်ဖြစ်သည် ။

သူတို့၏စိုးရိမ်မှုကိုကောင်းစွာရိပ်စားမိ၍ အရိုးနတ်ဆိုးဟူအိုက ပြုံး၍ပြောလိုက်သည်။

" ကွမ်ချင်းဟူ ဒီမှာမရှိပေမယ့် စိုးရိမ်စရာမရှိပါဘူး ဘာကြောင့်လဲဆိုတော့ ငါတို့ကိုကူညီမယ့်လူတွေရှိနေလို့ပေါ့....."

သူ၏ထူးခြားသည့်အမူအယာကိုအကဲခပ်မိ၍ ဘေးတွင်ထိုင်နေသည့်စုထန်ပင်မျက်မှောင်ကြုတ်လိုက်မိ၏ ။

ပုံမှန်ဆိုလျှင် ယခုလိုတွေ့ဆုံမှုများကိုသဘောမကျသော်လည်း အရေးကြီးလှသည့်ကိစ္စဖြစ်၍ သွေးလွှမ်းနတ်ဆိုးစုထန်ပါရှိနေခြင်းဖြစ်သည် ။

သို့တိုင် စာပေသမားပုံစံဝတ်ဆင်ထားသည့်စုထန်က ဆွေးနွေးသည့်အကြောင်းအရာများကိုဂရုမစိုက်သည့်အပြင်တစ်ခွန်းမှဝင်မပြောဘဲ စာအုပ်တစ်အုပ်ကိုသာအာရုံစိုက်ဖတ်ရှုနေခြင်းဖြစ်၏။

အရိုးနတ်ဆိုးဟူအို၏စကားကိုကျန်လူများနားမလည်နိုင်ဘဲဖြစ်သွားကြစဉ် ဟူအိုက ထိုင်ရာမှထရပ်၍ လက်ခုပ်သုံးချက်တီးလိုက်သည်။

ထိုအခါ စုထန်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး စာအုပ်ကိုပိတ်လိုက်မိသလို ကျန်လူများလည်း အခန်းပေါက်ဝသို့ရောက်ရှိနေသည့်လူရိပ်တစ်ရိပ်ကိုကြည့်လိုက်မိကြသည်။

သူတို့အားလုံး၏အကြည့်အောက်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူကြီးတစ်ယောက်အခန်းတွင်းသို့ဝင်ရောက်လာသည်ကိုတွေ့လိုက်ရသည်။

ထိုလူကြီးက အသက်ငါးဆယ်ကျော်ခန့်ရှိပြီး သာမန်ရုပ်ရည်သာရှိ‌သော်လည်း အတွင်းအားပြည့်ဝဟန်ဖြင့် အရောင်တဖျက်ဖျက်တောက်ပနေသည့်မျက်လုံးများကိုပိုင်ဆိုင်ထားသည် ။

ထို့နောက် အခန်းတွင်းရှိလူများကိုဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။

" အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ် .....ကျုပ်ကတော့ ကျိုးတိပါ မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်အသစ်တစ်ယောက်ပေါ့....."

စကားဆုံးသည်နှင့်သူ၏ခန္တာကိုယ်မှအားကောင်းသည့်အားလှိုင်းများထွက်ပေါ်လာပြီး ဟူအိုမှလွဲ၍အခန်းတွင်းရှိလူများကိုမျက်နှာပျက်သွားစေခဲ့သည်။

&&&

သစ်သီးဝါရေတံခွန်

ရေတံခွန်၏အောက်ဘက်တွင် အရှိန်ပြင်းစွာစီးဆင်းနေသည့်အဆုံးမဲ့မြစ်ကြီးနှင့် ကျယ်ပြန့်သည့်မြေနုလွင်ပြင်များကိုတွေ့ရပေသည်။

ယခုအခါ ထိုနေရာတစ်လျှောက်တွင်သိုင်းသမားများစွာရှိနေပြီး မြစ်ကြောင်းတစ်လျှောက်နှံ့နှံ့စပ်စပ်ရှာဖွေလျပ်ရှိသည် ။

အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့် ချန်ချင်းဂိုဏ်းသားများနှင့်အဖြူရောင်သိုင်းဝတ်စုံဝတ်သိုင်းမဟာမိတ်မှလူများမှာ အရေအတွက်တစ်ရာနီးပါးရှိသည်။

မြစ်၏ဘေးတစ်လျှောက်ဖြန့်ကျက်၍ရှာဖွေနေသူများကား သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းမှလူများပင်ဖြစ်သည် ။

ညဘက်က ထူးဆန်းသည့်ပုလွေသံကြောင့် ထိခိုက်ခဲ့ရသူများလည်းပြန်လည်ကောင်းမွန်နေကြပြီဖြစ်သည်။

သို့တိုင် သူတိူ့၏စိတ်က အတော်လေးထိခိုက်ခဲ့ရပြီး ယခုအထိ အမူအယာမကောင်းကြသေးပေ။

သို့သော် လက်ရှိလုပ်ဆောင်ရမည့်ကိစ္စကအရေးကြီးလှ၍ အနားမယူနိုင်သေးဘဲထွက်ပြေးလွတ်မြောက်သွားသည့်မိန်းမပျိုနှင့်လူငယ်တို့၏ခြေရာလက်ရာများကိုရှာဖွေနေကြခြင်းဖြစ်သည်။

" ဂိုဏ်းချုပ် ကျုပ်တို့ ဒီနေရာတွေကိုအထပ်ထပ်ရှာပြီးပါပြီ ကမ်းပေါ်ကိုဘယ်သူမှတတ်တာမတွေ့ရပါဘူး။

ညက ကျုပ်တို့မြင်လိုက်တာအမှန်ဖြစ်မှာပါ။ လိုဏ်ဂူတစ်ရာရဲ့ဝင်ပေါက်ကိုလည်းစစ်ဆေးပြီးပ်ပြီ။ အထဲကနေဘယ်သူမှထွက်လာတဲ့ပုံမရပါဘူး ....."

လက်နောက်ပစ်၍ ရေတံခွန်ကြီးကိုငေးကြည့်နေသည့်အဖိုးအိုချန်စန်၏အနီးသို့ ချန်ချင်းဂိုဏ်းမှသိုင်းသမားတစ်ယောက်ရောက်လာကာပြောလိုက်သည်။

ထိုလူ၏နဖူးတွင်ချွေးစအနည်းငယ်ရှိနေပြီး ညပိုင်းကတိုက်ပွဲအပြီးတွင်အနည်းငယ်သာအနားယူခဲ့ရပြီးနံနက်နေထွက်သည်နှင့်စတင်ရှာဖွေခဲ့ရသည့်အတွက် အတော်လေးပင်ပန်းနေဟန်တူသည်။

ထိုလူ၏စကားကြောင့် ချန်စန်လည်း ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးခပ်ဝေးဝေးတွင်မြင်နေရသည့် ဧရာမသားရဲကြီးတစ်ကောင်ပါးစပ်ဟထားသလို ကြီးမားလှသည့်လိုဏ်ဂူဝင်ပေါက်ကြီးကိုလှမ်းမျှော်ကြည့်လိုက်သည်။

ညက မိန်းမပျိုနှင့်လူငယ်တို့ရေတံခွန်အောက်ခုန်ချပြီးနောက်တွင် ရေစီးနှင့်မျောပါကာ ခပ်ဝေးဝေးရှိ လိုဏ်ဂူတစ်ရာအတွင်းသို့ဝင်ရောက်သွားသည်ကိုတွေ့မြင်လိုက်ရသည်။

ပြန်လမ်းမဲ့ဟုနာမည်ကြီးသည့် လိုဏ်ဂူတစ်ရာက သန့်စင်တောင်တန်းကြီးနှင့်ဆက်စပ်နေကာ အထဲတွင် ဂူပေါင်များမရေမတွက်နိုင်အောင်ရှိပြီး အဆုံးမဲ့မြစ်ပျောက်ကွယ်သွားရာနေရာလည်းဖြစ်၏။

ထို့ကြောင့် လိုဏ်ဂူတစ်ရာအတွင်းရေစီးဖြင့်မျောပါသွားသည့်လူငယ်နှစ်ယောက်၏ကံကြမ္မာကား.....။။

&&&

" အဟွတ်..အဟွတ်...."

‌ချောင်းတဟွတ်ဟွတ်ဆိုးသံနှင့်အတူ ရှောင်ယောင်၏မျက်လုံးများက ဖြေးညင်းစွာပွင့်လာသည်။

နိုးနိုးချင်းသူ၏စိတ်ထဲတွင်ဝင်ရောက်လာသည်က နတ်မိမယ်လေးပင်ဖြစ်ကာ ချက်ခြင်းဆိုသလို ထထိုင်လိုက်ပြီး ဘေးဘီဝဲယာသို့အလျှင်အမြန်လိုက်လံကြည့်ရှုလိုက်သည်။

ညက ပြင်းထန်သည့်ရေစီးအားကိုမလွန်ဆန်နိူင်ဘဲ သူတို့နှစ်ယောက် လိုဏ်ဂူတစ်ရာတွင်းသို့မျောပါသွားကာ ရှောင်ယောင်လည်းမည်သို့မှမတတ်နိုင်ဘဲ မိန်းမပျိုလေး၏သတိလစ်နေသည့်ခန္တာကိုယ်ကိုပွေ့ဖတ်ကာ ရေအောက်သို့မမြုပ်ဘစေရန်သတိထား၍ လိုက်ပါလာခဲ့ရသည်။

အရှေ့ပိုင်းဒေသ၏နာမည်ကျော်တစ်ခုဖြစ်သည့် လိုဏ်ဂူတစ်ရာအတွင်းဝင်ရောက်ပြီးချိန်မှစ၍သူတို့၏ကံကြမ္မာကိုများစွာမျှော်လင့်မထားခဲ့တော့ပေ။

ထိုစဉ်က ရှောင်ယောင်၏စိတ်တွင်းရှိတစ်ခုတည်းသောအကြောင်းအရာက နတ်မိမယ်လေးအသက်ရှင်စေရန်ပင်ဖြစ်ကာ မြောက်များလှစွာသောဂူပေါက်များကိုဖြတ်ကျော်ဝင်ရောက်လာပြီး မှန်းဆမရသည်အကွာအဝေးထိရောက်ရှိလာခဲ့သည်။

လိုဏ်ဂူထဲတွင် များပြားလှသည့်ဂူပေါက်ခွဲများက ပင့်ကူအိမ်များလိုရှုပ်ထွေးပွေလီလှပြီး ဝင်္ကပါတစ်ခုထက်ပင်ပို၍များပြားနေသေးသည်။

ကံကောင်းသည့်အချက်က အဆုံးမဲ့မြစ်က များပြားလှသည့်လိုဏ်ဂူပေါက်များကိုအသီးသီးခွဲဖြာစီးဝင်ပြီးနောက်၌ရေစီးအားနည်းလာခြင်းဖြစ်၏။

ထို့ကြောင့်ရှောင်ယောင်လည်း အချိန်ကြာရှည်စွာ ရေစီးနှင့်မျောပါပြီးနောက်တွင် မသဲမကွဲမြင်နေရသည့်ကုန်းမြေတစ်ုပေါ်သို့ရောက်ရှိရန် လက်ကျန်ခွန်အားများကိုအသုံးပြု၍ကူးခတ်နိုင်ခဲ့ကာ ထိုနေရာသို့ရောက်ရှိပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် အိပ်မောကျသွားခြင်းဖြစ်သည်။

ယခု ပြန်လည်နိုးထလာလာခြင်းသတိရမိသည်က သူ၏နတ်မိမယ်လေးသာဖြစ်သည်။

ညကတိုက်ပွဲတွင် မိန်းမပျိုလေး၏အခြေအနေကလွန်စွာဆိုးရွားလှပြီး အတွင်းဒဏ်ရာရရှိထားသည့်အပြင် များပြားလှသည့်ဓားဒဏ်ရာများလည်းရနေသေးသည်။

ထိုစဉ်က သူမ၏အခြေအနေမှာ ကြွေတော့မည့်သစ်ရွက်တစ်ရွက်လိုဖြစ်နေပြီး အဖိုးအိုချန်စန်တို့တိုက်ခိုက်ခြင်းမရှိတော့လျှင်ပင် အသက်ရှင်နိုင်ရန်မလွယ်ကူပေ။

ထို့ကြောင့်လည်း ရေတံခွန်အောက်သို့ပြုတ်ကျစဉ်က တင်းထားသည့်စိတ်ကိုလျော့ချလိုက်ဟန်တူကာ တန်း၍သတိလစ်သွားခြင်းဖြစ်၏

ရှောင်ယောင်၏စိတ်ထဲတွင်မိန်းမပျိုလေးအတွက်များစွာစိုးရိမ်ပူပန်နေမိကာ လှည့်ပတ်ကြည့်ရှုလိုက်ချိန်တွင် သူနှင့်မလှမ်းမကမ်းတွင် ခြေချိတ်ထိုင်ကာအတွင်းအားလေ့ကျင့်နေသည့်ပုံရိပ်ကလေးကိုမြင်တွေ့နေရသည်။

ဆံပင်များဖရိုဖရဲဖြစ်နေပြီး ကိုယ်ပေါ်တွင် ဒဏ်ရာများစွာရရှိထားသည့်တိုင်သူမ၏သွင်ပြင်က နတ်မိမယ်တစ်ပါးလိုကျော့ရှင်းလှပလျက်ရှိနေသေးသည်။

ပို၍အံ့ဩဖွယ်ကောင်းသည်က သူမ၏မျက်နှာကိုဖုံးကွယ်ထားသည့်အနက်ရောင်ဇာပဝါလေးပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်ပြီး သူ၏အိပ်မက်များထဲတွင်ပင်မရေမတွက်နိုင်အောင်မြင်မက်မိသည့်ပြိုင်ဘက်ကင်းသောမျက်နှာလေးကိုရှင်းလင်းစွာမြင်နေရသည်။

" လှလိုက်တာ...."

ရှောင်ယောင်မှာ မနေနိုင်ဘဲ နှုတ်မှဖွင့်ဟပြောဆိုလိုက်မိ၏။

&&&

All Chapters