ရှာဖွေကြခြင်း
Vol. 4 Ch. 60
" လှလိုက်တာ...."
ရှောင်ယောင်မှာ မနေနိုင်ဘဲ နှုတ်မှဖွင့်ဟပြောဆိုလိုက်မိ၏။
သူ၏ရင်ဘက်အနီးသို့အသာနားကပ်ကြည့်ပါက စည်ကြီးတစ်လုံးတီးခတ်နေသလို တဒုန်းဒုန်းမည်ဟီးနေသည့်နှလုံးနှုန်သံကိုကြားရမည်ဖြစ်ပြီး ထိုခဏတွင် ကမ္ဘာလောကကြီးခေတ္တရပ်တန့်သွားသကဲ့သို့ခံစားနေမိသည်။
သူ၏မျက်စေ့ထဲတွင် ပြိုင်ဘက်ကင်းသည့်နတ်မိမယ်လေး၏မျက်နှာလေးကိုသာ တစိုက်မက်မက်ငေးကြည့်နေမိပြီး ကျန်အကြောင်းအရာများကိုပင်မေ့လျော့သွားမိ၏။
မိုးမခကိုင်းလို မည်းနက်ဖြောင့်တန်းနေသည့်မျက်ခုံးကလေးနှစ်ခုအောက်တွင် ရှည်လျားကော့ညွှတ်သည့်မျက်တောင်များကိုရှင်းလင်းစွာမြင်တွေ့နိုင်ကာ မျက်လုံးမှိတ်ထား၍ ကြယ်ပွင့်များလိုတောက်ပသည့်မျက်ဝန်းအစုံကိုတော့မမြင်တွေ့ရပေ။
သို့သော် ထိုအနေအထားကပင်တစ်မျိုးတစ်ဖုံထူးခြားနေပြီး ဖြောင့်စင်းသည့်နှာတံချွန်ချွန်လေးနှင့် နီရဲရဲနှုတ်ခမ်းနှုတ်လွှာတို့ကအပြစ်ဆိုဖွယ်မရှိအောင်လှပလျက်ရှိသည် ။
ခြုံ၍ဆိုရလျှင် မိန်းမပျိုလေး၏အလှအပက အပြစ်ရှာမရသည့် ပြိုင်ဘက်ကင်းအလှအပမျိုးဖြစ်ပြီး ဒဏ္ဍာရီထဲမှပြည်ထောင်များပျက်သုဉ်းစေသော လူ့လောကနှင့်သက်ဆိုင်ခြင်းမရှိသည့်အလှပင်ဖြစ်သည်။
လက်ရှိသူတို့ရောက်နေသည့်နေရာက များစွာကျယ်ဝန်းခြင်းမရှိသည့် ကုန်းမြေကလေးတစ်ခုပေါ်တွင်ဖြစ်ကာ အဆုံးမဲ့မြစ်က နောက်ထပ်လိုဏ်ဂူပေါက်များကိုဆက်လက်စီးဝင်နေသည်။
သို့သော်ရေစီးကြောင်းက သာမန်ချောင်းငယ်တစ်ခုသာရှိပြီး များစွာနက်ရှိုင်းတော့မည့်ဟန်လည်းမတူပေ။
အပေါ်ဘက်မှ ကွက်တိကွက်ကျားမြင်နေရသည့်အလင်းရောင်ကြောင့် အနီးတစ်ဝိုက်ကိုကောင်းစွာမြင်တွေ့နေရသည်။
ရှောင်ယောင်ကားပတ်ဝန်းကျင်ကိုပင်စူးစမ်းနိုင်ခြင်းမရှိသေးဘဲ မိန်းမပျိုလေးကိုသာငေးကြည့်နေသည် ။
သူ၏စိတ်ထဲတွင် ထိုမိန်းကလေးကိုတွေ့စအချိန်ကိုပင်ပြန်သတိရသွားကာ ကြည်လင်သည့်ကျောက်စိမ်းခေါင်းတလားတွင်းမှ အိပ်မောကျနေသည့်နတ်ဘုရားမကို မြင်မြင်ချင်းစွဲလမ်းနှစ်သက်သွားသည့်သူ့ကိုယ်သူပြန်မြင်တွေ့နေရသည်။
ထိုစဉ်က သူမကိုအသက်ဝိညာဉ်ကင်းမဲ့နေသည့်အလောင်းတစ်ခုဟုထင်မှတ်ခဲ့သည့်တိုင် သူ၏ရင်တွင်းရှိမေတ္တာစိတ်က နည်းနည်းကလေးမှယုတ်လျော့မသွားခဲ့ပေ။
နတ်မိမယ်လေးဟုအမြတ်တနိုးညွှန်းဆိုအပ်သောထိုမိန်းကလေးမှာ သက်ရှိလူသားတစ်ဦးဖြစ်သည်ဟုသိလိုက်ရချိန်တွင်လည်း မယုံကြည်နိုင်စွာဖြင့် အံ့ဩဝမ်းမြောက်ဖြစ်ရသည်ကိုဖော်ပြ၍ပင်ရနိုင်မည်မဟုတ်ပေ။
နတ်မိမယ်လေးက သူ့ကိုစိမ်းကားအေးစက်စွာဆက်ဆံခဲ့သည့်တိုင် ဝမ်းနည်းခြင်းမှလွဲ၍ကျန်အရာများကိုမတွေးခဲ့မိဘဲ သူမအပေါ်ထားရှိသည့်အချစ်စိတ်က လျော့ပါးမသွားပေ။
ယခု ထိုမိန်းကလေးအတွက် အသက်အန္တရာယ်ကြားကိုပင်တိုးဝင်စွန့်စားပြီးသည့်နောက်တွင် သူမက သူနှင့်လက်တစ်ကမ်းအကွာ၌ရောက်ရှိနေပေသည်။
ရှောင်ယောင်တစ်ယောက် အတွေးဖြင့် နစ်မျောနေစဉ်မှာပင် မိန်းမပျိုလေး၏မျက်လုံးများက ဖျက်ခနဲပွင့်လာပြီး ကြည်လင်တောက်ပသည့်မျက်ဝန်းလှလှလေးများက သူ့ကိုစူးစိုက်ကြည့်လျက်ရှိသည်။
ထိုမိန်းမပျိုလေးမှာ ရှောင်ယောင်တွေ့ဖူးသမျှလူများထဲတွင်အထူးခြားဆုံးလူတစ်ယောက်ဖြစ်သည်။
မနာလိုခြင်း ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ၊ ဒေါသထွက်ခြင်းစသည့်အလိုဆန္ဒခုနစ်ပါးနှင့်ကင်းလွတ်သည့်သူမအကြည့်က စိတ်ခံစားချက်ကင်းမဲ့ခြင်းမျိုးလည်းမဟုတ်ဘဲအရာရာကိုအရှိအတိုင်းရှုမြင်သည့်ပကတိဖြူစင်ရိုးသားခြင်းမျိုးဖြစ်သည်။
သူမ၏သွင်ပြင်ကလည်း မြင့်မြတ်တင့်တယ်သည့်နတ်ဘုရားမတစ်ပါးလိုကျက်သရေနှင့်ပြိုင်ဘက်ကင်းအလှအပမျိုးရှိနေသည့်အတွက် သူမကိုမြင်တွေ့သူတိုင်းအံ့ဩဘနန်းဖြစ်ရသည်ကအထူးအဆန်းတော့မဟုတ်ပေ။
ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများကိုရင်ဆိုင်စဥ်က ဒေါသတရားနှင့် သူ့အတွက်စိုးရိမ်ပူပန်သည့်အကြည့်များကိုတွေ့ဖူးမြင်ဖူးထားခြင်းကြောင့်သာ ထိုမိန်းကလေးသည်လည်း ပုထုဇဉ်လူသားတစ်ဦးဖြစ်သည်ကို ပြန်သတိရမိခြင်းဖြစ်သည်။
" တုန်းဖန်းရှောင်ယောင် နင်အဆင်ပြေရဲ့လား....."
မိန်းမပျိုလေး၏နီရဲရဲနှုတ်ခမ်းလွှာမှထွက်ပေါ်လာသည့်နှုတ်ထွက်စကားကြောင့်ရှောင်ယောင်၏မျက်ဝန်းများပြူးကျယ်သွားကာအလွန်အမင်းအံ့အားသင့်သွားမိသည်။
ထို့နောက်မှယောင်နနပုံစံဖြင့်ခေါင်းညိမ့်ပြရင်း အံ့ဩသည့်ဟန်ဖြင့်မေးလိုက်သည် ။
" ဘယ်လိုလုပ် ကျုပ်နာမည်ကိုသိနေတာလဲ....."
ရှောင်ယောင်၏ပင်ကိုယ်ပုံစံက တည်ငြိမ်အေးဆေးပြီးတုန်လှူပ်ခြင်းကင်းမဲ့သူတစ်ယောက်ဖြစ်သည့်တိုင် ယခုအခါ မိန်းမပျိုလေးနှင့်စကားတစ်ခွန်းစနှစ်ခွန်းသပြောရသည်ကိုပင် လွန်စွာစိတ်လှုပ်ရှားနေပေသည်။
သူ၏ကြောင်အမ်းအမ်းပုံစံကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများက ရယ်မြူးရိပ်သမ်းလာပြီး ကျောက်စက်ကြားမှစိမ့်စမ်းရေလို သာယာနာပျော်ဖွယ်အသံကလေးဖြင့် ထပ်ပြောလိုက်သည် ။
" ငါ့ကိုတစ်ယောက်ယောက်က သူ့အကြောင်းတွေမမေးဘဲပြောပြဖူးတယ်လေ...."
သူမ၏အဖြေစကားကိုကြားမှ လျှို့ဝှက်နေရာတွင် မလှုပ်မယှက်ငြိမ်သက်နေသည့်မိန်းမပျိုကို သူ့ဘဝအကြောင်းတစ်ခုမကျန်ရင်ဖွင့်ခဲ့သည်ကိုပြန်သတိရသွားကာ ရှောင်ယောင်၏မျက်နှာကအနည်းငယ်နီမြန်းသွားသည်။
ရှောင်ယောင်၏ရှက်ရွံ့နေသည့် ရိုးသားသောဟန်ပန်က မိန်းမပျိုလေး၏မျက်နှာကို ပို၍ပျော့ပြောင်းသွားစေသည်။
လူသူကင်းမဲ့သည့်လျှိူ့ဝှက်နေရာကြီးတွင် သူမကိုတစ်ခုမကျန်ရင်ဖွင့်ပြောဆိုခဲ့သည့်လူငယ်လေး ၊ လမ်းလွဲသွားသည့် အတွင်းအားကျင့်စဉ်ကြောင့်မလှုပ်မယှက်ဖြင့်လူသေတစ်ယောက်လိုဖြစ်နေသည့်သူမကို သာမန်လူတစ်ဦးလိုဆက်ဆံကာသူ၏ခံစားချက်များကိုဖွင့်ဟပြောဆိုခဲ့ပုံ။
ယမန်နေ့ညက သူမကိုကူညီရန် များစွာသောရန်သူများကိုတစ်ချက်ကလေးမှတွန့်ဆုတ်ခြင်းမရှိရင်ဆိုင်ခဲ့ပုံစသည်တို့ကိုတစ်ခုပြီးတစ်ခုပြန်တွေးမိလိုက်သည့်အခါ မိန်းမပျိုလေး၏ အေးခဲနေသည့်မျက်နှာထက်တွင်အပြုံးတစ်ပွင့်ဖြစ်တည်လာရသည် ။
သူမ၏ ပင်ကိုယ်အေးစက်မှုကအပေါ်ယံသွင်ပြင်မဟုတ်ဘဲ နှစ်တစ်သောင်းကြာလျှင်ပင် အရည်ပျော်ခြင်းကင်းမဲ့သည့်ရေခဲတောင်တစ်ခုအလားပင်။
သို့သော် ယခုအခါ ထိုရေခဲတောင်ကြီးက နေရောင်နှင့်ထိတွေ့သည်ပမာအရည်ပျော် ကျလာပြီး နွေဦးတွင်ပွင့်ဖူးသည့်ပန်းဖူးလေးလို တုနှိုင်းမမှီနိုင်သည့်အလှတရားကိုပေးစွမ်းလျက်ရှိသည်။
ထိုမြင်ကွင်းကို မြင်တွေ့နေရသည့်ရှောင်ယောင်တစ်ယောက်ကား မဟူရာည၏နတ်ဆိုးတေးသံအောက်တွင်ရောက်ရှိသွားသူတစ်ယောက်လို မိန်းမောတွေဝေစွာဖြင့် ငေးမောကြည့်နေမိတော့၏။
&&&
" ဒီနေရာမဟုတ်လား သစ်သီးဝါရေတံခွန်ဆိုတာ....."
မြင့်မားမက်စောက်ပြီးရေအားသန်လှသည့်ရေတံခွန်ကြီးကိုကြည့်ရင်း အဖြူရောင်သိုင်းဝတ်စုံဝတ်လူငယ်တစ်ယောက်ကရေရွတ်လိုက်သည်။
ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်နှင့် ကြည့်ကောင်းသည့်ရုပ်ရည်မရှိသော်လည်း ဆံပင်တိုနံ့နံ့များရှိနေသည့်သူ၏ပုံစံကအနည်းငယ်ရယ်စရာလည်းကောင်းနေသည်။
ထိုလူငယ်၏ဘေးတွင်သူ့လိုပင် ခေါင်းတုံးဆံပင်ပေါက်ပုံစံဖြင့်လူငယ်တစ်ယောက် ၊ အပြာရောင်စာပေသမားဝတ်စုံဝတ် ဖြူဖြူနွဲ့နွဲ့လူငယ်တစ်ယောက်တို့လည်းရှိနေပြီး ရေတံခွန်အောက်ဘက်မှလူများကိုကြည့်ကာ မိန်းမချောချောသည့်ဝတ်စုံပြာဝတ်လူငယ်ကပြောလိုက်သည်။
" ဟိုအောက်က သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတွေထင်တယ် ။ ဘာလုပ်နေတာကြလဲမသိဘူ...."
သူ၏စကားကြောင့် ဝဝဖိုင့်ဖိုင့်လူငယ်က စပ်ဖြဲဖြဲပြုံး၍ပြောလိုက်သည်။
" အဖိုးတန်ရတနာတွေသိုင်းကျမ်းတွေကျပျောက်သွားလို့နေမှာပေါ့....ကြည့်ပါလား လူခွဲပြီးကုံးကုံးကွကွနဲ့ရှာနေကြတာ....."
ဝေးကွာလှသည့်အောက်ဘက်တွင် သေးငယ်သည့်လူရိပ်များစွာရှိနေပြီး သူတို့ပုံစံများကိုရှင်းလင်းစွာမမြင်ရသည့်တိုင်မည်သို့ပြုလုပ်နေကြသည်ကိုကောင်းစွာတွေ့နိုင်သေးသည်။
ဝဝဖိုင့်ဖိုင့်လူငယ်ပြောသလို အောက်ဘက်မှလူများမှ မြစ်ကြောင်းဘေးဘက်များတွင်နေရာအနှံ့ခွဲကာ တစ်စုံတစ်ခုကိုရှာဖွေနေကြဟန်တူသည်။
ပုံမှန်အချိန်များတွင်သူ၏စကားကိုရယ်မောကြမည်ဖြစ်သော်လည်း ယခုအခါဝတ်စုံပြာဝတ်လူငယ်က သက်ပြင်းတစ်ချက်ချ၍ခေါင်းယမ်းကာ ပြောလိုက်သည်။
" ကြွယ်ယန် ဟာသလုပ်မနေနဲ့တော့ အစ်ကိုရှောင်ယောင်က ဘယ်ဆီနေမှန်းမသိဘူး ။ ဒီမှာလည်းသူရှိချင်မှာရှိမှာ...."
သူ၏စကားကြောင့် ကျန်နှစ်ယောက်လည်း တိတ်ဆိတ်သွားကြပြီး ဝဝဖိုင့်ဖိုင့်လူငယ်က ပြုံး၍ပြောလိုက်သည်။
" သိပ်ပြီးအဆိုးမြင်မနေပါနဲ့ အစ်ကိုကြီးက ဒီပေါ်ကခုန်ကျပြီးသူ့ကိုယ်သူသတ်သေတာမှမဟုတ်တာ။
အကြောင်းတစ်ခုခုရှိလို့သူထွက်သွားတာနေမှာပေါ့။ အခုလည်း သွေးအေးသခင်မနဲ့ပတ်သတ်ပြီး အစ်ကိုကြိးရဲ့သတင်းတစ်ခုခုရလိုရငြားလို့လိုက်လာတာလေ...."
သူတို့လူစုကား ရှောင်ယောင်ပျောက်ဆုံးနေ၍လိုက်လံရှာဖွေနေသည့်ဟောင်ရန်တို့မှလွဲ၍အခြားမဟုတ်ပေ။
ရှောင်ယောင်က စာတစ်စောင်သာထားခဲ့ပြီးမပြောမဆိုထွက်ခွာသွား၍ ကျန်လူများကစိုးရိမ်ပူပန်ကာ လိုက်လံရှာဖွေနေခြင်းဖြစ်သည်။
ရှောင်ယောင်၏မိတ်ဆွေများဖြစ်သည့် အရူးသုံးယောက်ဆီသို့ရောက်ရှိခဲ့ရုံစာမက လျှိုစမ်းမြို့မှအရက်ချိုးထိချုံးတို့ဆီပင်ရောက်ခဲ့သည် ။
လျှိုစမ်းမြို့သို့ရောက်မှ ရှောင်ယောင်၏သတင်းအစအနကိုပြန်ရကာ အံ့ဩဖွယိကောင်းစွာဖြင့် ရှောင်ယောင်က ဒုက္ခရောက်နေသည့်ကလေးမလေးတစ်ယောက်ကိုပင်ကယ်တင်ခဲ့သေးသည်ကိုသိခဲ့ရသည်။
သို့သော် ရှောင်ယောင်က ထိုကလေးမလေးကို ထိချုံးထံသို့အပ်နှံကာ လျှိုစမ်းမှသွားခဲ့ပြီးဖြစ်၍ သူ၏နောက်သို့ခြေရာခံလိုက်ရင်း သစ်သီးဝါဒေသသို့ရောက်လာခဲ့ခြင်းဖြစ်၏ ။
ဤနေရာသို့ရောက်ရှိသည့်အခါမှ ချန်ချင်းဂိုဏ်း ၊ သိုင်းမဟာမိတ်နှင့် သွေးအေးသခင်မတို့အကြောင်းကိုကြားသိကာ သစ်သီးဝါရေတံခွန်သို့ရောက်ရှိလာခဲ့ကြသည် ။
သွေးအေးသခင်မ၏သတင်းကိုကြားပြီးနောက်တွင် ရှောင်ယောင်ထူးဆန်းစွာထွက်ခွာသွားခြင်းဖြစ်၍သူတို့၏စိတ်ထဲတွင် ထိုမိန်းမပျိုနှင့်ရှောင်ယောင်တို့တစ်စုံတစ်ခုပတ်သတ်မှူရှိရမည်ဟုသံသယဖြစ်မိကြသည်။
သို့သော် ဤနေရာသို့ရောက်ရှိချိန်တွင် ရှောင်ယောင့်ကိုမတွေ့ရဘဲ ရေတံခွန်၏အောက်ဘက်၌အလုပ်ရှုပ်နေကြသည့်သိုင်းသမားများစွာကိုသာမြင်တွေ့လိုက်ရသည်။
" ဒီနားမှာစစ်ကြည့်ပြီးပြီ မနေ့ညက တိုက်ပွဲတစ်ခုခုဖြစ်သွားတဲ့ပုံပဲ။ သေချာသိချင်ရင်တော့ သူတို့ကိုသွားမေးမှရမယ်...."
ချိုသာကြည်လင်သော်လည်း အေးစက်စက်ဖြစ်နေသည့်စကားသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်ပိန်ပိန်သွယ်သွယ်လူရိပ်လေးက ကြွယ်ယန်တို့အနားသို့ရောက်ရှိလာသည်။
ရှောင်ယောင်ပျောက်ဆုံးနေကြောင်းသိရှိပြီးနောက် လိုက်လံရှာဖွေသူများထဲတွင် သူတို့သုံးယောက်သာမကဘဲ နောက်ထပ်တစ်ယောက်လည်းပါဝင်နေသေးသည်။
လွန်စွာလှပသော်လည်း အေးစက်ပြီးချဉ်းကပ်ရခက်လှသည့် ထိုမိန်းမပျိုကရှောင်ယောင်နှင့်သူငယ်ချင်းဖြစ်သည်ဟုဆိုသည့်တိုင် ကြွယ်ယန်တို့အနေဖြင့်ယုံကြည်နိုင်ခြင်းမရှိကြပေ။
ဟောင်ရန်က ဘေးတစောင်းမြင်တွေ့နေရသည့်တိုင် ပြီးပြည့်စုံစွာလှပနေသည့်စီးတုယွမ်ချင်း၏မျက်နှာလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကိုမသိမသာချလိုက်မိသည်။
ထို့နောက် အောက်ဘက်ရှိလူများကိုဝေ့ကြည့်ရင်း အနည်းငယ်လေးလံသည့်လေသံဖြင့်ပြောလိုက်သည်။
" အင်း....တစ်ခုခုသိရမလား သူတို့ကိုသွားမေးတာပေါ့ သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်တွေထဲက လျှပ်တပြတ်ဓားသခင်ချောင်ဖေးဟုန်နဲ့ကျုပ်ရင်းနှီးတယ်....."
&&&