ကြောက်လန့်သွားကြခြင်း
Vol. 194 Ch. 2905
“ဒါက…”
ဓားကမ္ဘာမှဆူကျူး…။
သူက မသေပေ။
သူ့နောက်ကို လိုက်သွားခဲ့သော ဘုရင်များစွာက သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုမျှသာမက ထိုပကတိအင်မော်တယ်သည် ဘုရင်များ၏ အလောင်းများကြားမှာ လှည့်ပတ်သွားလာပြီး သိုလှောင်အိတ်များကို ကောက်ယူကာ တိုက်ပွဲနယ်မြေကိုပင် ရှင်းလင်းနေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။
ဤကဲ့သို့ သွေးသံရဲရဲနှင့် ချောက်ချားစရာကောင်းသော တိုက်ပွဲမြေပြင်မှာ ဘုရင်များ၏ ပြတ်တောက်သွားသော ခြေလက်များ၊ သွေးများနှင့် နတ်ဘုရားလက်နက်များက နေရာတိုင်းမှာ လွင့်မျောနေ၏။ အဲဒါက တကယ့်ကို တုန်လှုပ်ချောက်ချားစရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သို့သော်လည်း သေဆုံးသွားသင့်သော ပကတိအင်မော်တယ်က တိုက်ပွဲမြေနှင့် အတော်လေး ကွဲလွဲဆန့်ကျင်နေပုံရလေသည်။ သူက ဖြစ်စဉ်တစ်ခုလုံးကို ပို၍ပင် ဖော်မပြတတ်စွာ ထူးဆန်းသည့်ပုံပေါ်လာစေ၏။
ဘုရင်အေးစက်မျက်လုံးနှင့် အခြားသောဘုရင်များစွာသည် ဓားကမ္ဘာမှ ဆူကျူး၏ လက်ထဲမှာ သေဆုံးခဲ့ရသည်ဟု ထင်ရလောက်အောင် သက်ရှိများစွာက မနုံအကြပေ။
အဲဒါက မဖြစ်နိုင်ပေ။
ဓားကမ္ဘာမှ ဆူကျူးသည် အန္တိမပကတိစိတ်ဝိညာဉ်အဖြစ်ကျော်ကြားပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများစွာကို နားလည်ဆင်ခြင်ထားသော်လည်း သူနှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေသည်။ ကောင်းကင်လိုဏ်ဂူအကြီးများ ပကတိကောင်းကင်လိုဏ်ဂူများနှင့် ဘုရင်များစွာကို သာမန်အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ဓားကမ္ဘာမှ ဆူကျူးကို အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများကို ဘယ်သူက သတ်ဖြတ်ခဲ့တာလဲ။
လူတိုင်းက အနီးကပ်တစ်ချက်ကြည့်ပြီးနောက် မကြာသေးခင်က ပြေးလိုက်သွားခဲ့သော ဘုရင်များအားလုံးက ခြွင်းချက်မရှိ ဤနေရာမှာ သေဆုံးနေကြပြီဖြစ်သည်။
ဤကဲ့သို့သော အချိန်တိုအတွင်းမှာ ဘုရင်များစွာကို လက်စပြတ်ရှင်းလင်းပစ်ဖို့ဆိုသည်မှာ။
ထိုသူက ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်လား။
သို့မဟုတ် ဧကရာဇ်ပညာရှင်တစ်ဦးလား။
“ဓားကမ္ဘာမှာ ဒီလိုမျိုးနောက်ချန်အစီအစဉ်တစ်ခု ရှိနေသေးတာပဲ”
နဂါးဘုရင်မဦးချိုမဲ့က ဓားကမ္ဘာမှ လူတိုင်းကို လေးနက်စွာကြည့်ပြီး ရေရွတ်ပြောဆိုလိုက်၏။ သို့သော်လည်း သိပ်မကြာခင် နဂါးဘုရင်မဦးချိုမဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
ဓားကမ္ဘာဘက်ခြမ်းမှာ လုယွင်နှင့် အခြားသောတောင်ထွတ်သခင်များသည် သူတို့ရှေ့မှမြင်ကွင်းကို တွေ့မြင်သောအခါ နေရာမှာပင် မှင်တက်နေကြ၏။ သူတို့၏ မျက်နှာများက တုန်လှုပ်မှုဖြင့်ပြည့်နှက်နေပြီး သူတို့က လုံးဝကို အံ့အားသင့်နေသည့်အလားပင်။
ဤလူများ၏ သေဆုံးပုံအရ အဲဒါသည် ဓားကျင့်ကြံသူတစ်ယောက်၏ လက်ချက် ဟုတ်ပုံမရပေ။
နဂါးဘုရင်မဦးချိုမဲ့က သွေးကန်ထဲမှ ပုံရိပ်ကို အတွေးနက်စွာဖြင့်ကြည့်နေ၏။
“ဒါပေမဲ့… အဲဒါကို ဓားကမ္ဘာက လုပ်ခဲ့တာမဟုတ်ဘူးဆိုရင် ဘယ်သူလုပ်ခဲ့တာဖြစ်နိုင်မလဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများကို မပြောနှင့် ဓားကမ္ဘာမှလူများပင်လျှင် သူတို့ရှေ့မှ မြင်ကွင်းမှာ တုန်လှုပ်နေကြသည်။
ဘုရင်တစ်ပါးကို အနိုင်ယူဖို့က လွယ်ကူသော်လည်း ဘုရင်တစ်ပါးကို သတ်ဖြတ်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။
မကြာသေးခင်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်မှ အမျိုးမျိုးသော ကမ္ဘာများ၏ ဘုရင်များကြား တိုက်ပွဲတစ်ပွဲဖြစ်ပွားခဲ့လေသည်။ ဘုရင်သုံးရာနီးပါး ပါဝင်ပတ်သက်ခဲ့ပြီး ထိုတိုက်ပွဲက ဘယ်လောက်တောင်ပြင်းထန်ကြမ်းတမ်းခဲ့သလဲ။
ထိုသို့ဆိုလျှင်တောင် ထိုတိုက်ပွဲအပြီးမှာ သာမန်ဘုရင်ဆယ်ပါးကျော်ကျော်သာ သေဆုံးခဲ့ရသည်။
စောစောက ဆူဇီမိုနောက်သို့ လိုက်ခဲ့ကြသော ဘုရင်များက အရေအတွက်ဆယ်ချီရှိနေ၏။ သူတို့ကြားမှာ ဘုရင်အေးစက်မျက်လုံးနှင့် ဘုရင်ရှစ်ရှောကဲ့သို့ အထွတ်အထိပ်ဘုရင်များပင်ရှိနေသည်။
လုယွင်နှင့် အခြားသော တောင်ထွတ်သခင်များက နဂါးဘုရင်မဦးချိုမဲ့နှင့် ပူးပေါင်းထားမည်ဆိုလျှင်တောင် သူတို့သည် သူတို့အားလုံးကို သတ်ဖြတ်ဖို့နေနေသာ အနိုင်ပင်ရရှိလိ့မ်မည် မဟုတ်ပေ။
တိုက်ခိုက်ခဲ့သောသူက ဓားကမ္ဘာကမှ တစ်စုံတစ်ယောက် မဟုတ်လောက်ပေ။ ထိုသူက ဓားကမ္ဘာမှ ဧကရာဇ်တစ်ပါးဆိုလျှင် သူ့အနေဖြင့် သူ၏ ခြေရာလက်ရာကို ဖျောက်ဖျက်ပြီး ထွက်ခွာသွားစရာမလိုအပ်ပေ။ သူက တိုက်ရိုက်ပေါ်ထွက်လာရုံသာဖြစ်လေသည်။
သို့သော်လည်း ထိုသူက ဓားကမ္ဘာက မဟုတ်ရင် ဆူကျူးကို ဘယ်သူက ကယ်တင်နိုင်မှာလဲ။ ဒါ့အပြင် ဤလူက ဘယ်လိုလုပ်ပြီး အချိန်ကိုက်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပေါ်ထွက်လာနိုင်ရတာလဲ။ လူတိုင်းက တွေဝေရှုပ်ထွေးစွာ တုန်လှုပ်နေစဉ် သွေးကန်ထဲမှ ပုံရိပ်က တိုက်ပွဲမြေကို ရှင်းလင်းပြီးသွားပုံရကာ ဘုရင်များစွာ၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။
ကြော့ရှင်းသန့်ပြန့်သောမျက်နှာနှင့် စာပေသမားလိုကျင့်ကြံသူက မတ်တတ်ထရပ်ပြီး လူတိုင်းရှိရာဘက်သို့ ကြည့်လိုက်၏။ သူက ညင်သာစွာပြုံးပြီး နှုတ်ဆက်လိုက်၏။
“ဟားဟား.. တာအိုရောင်းရင်းတို့ မင်းတို့နောက်ကျနေကြတာပဲ”
ဘာ့ကြောင့်ရယ်မသိ သူတို့ရှေ့မှ ချောက်ချားစရာကောင်းသော သွေးသံရဲရဲမြင်ကွင်း၊ ထိုကျင့်ကြံသူ၏ တောက်ပသော အပြုံးနှင့် သရော်တော်တော်လေသံနှင့်အတူ အဲဒါသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများစွာကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာစေသည်။
“ဆူကျူး… ဘုရင်အေးစက်မျက်လုံး.. ဘုရင်ရှစ်ရှောနဲ့ တခြားသူတွေကို ဘယ်သူသတ်လိုက်တာလဲ”
အဆိပ်ကမ္ဘာကို ဦးဆောင်လာသော ဘုရင်၏ အမူအရာက သုန်မှုန်နေပြီး သူကအရင်ဆုံးတုံ့ပြန်ကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“ငါမသိဘူးလေ”
ဆူဇီမိုက သူ၏ ပခုံးကို ညင်သာစွာတွန့်ပြီး သာမန်ကာလျှံကာပြောလိုက်၏။
“တစ်ယောက်ယောက်က ဒီနားကနေဖြတ်သွားတာပဲ… အဲဒီဘုရင်တွေက အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေတာကို သူက ကြည့်မရတာဖြစ်ချင်ဖြစ်မယ်.. အဲဒါကြောင့် သူက ထိုးချက်အနည်းငယ်နဲ့ သူတို့ကို သတ်ပစ်လိုက်တာပဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများစွာက မျက်လုံးစွေကြည့်လိုက်ကြ၏။
ဤကဲ့သို့သော အဓိပ္ပါယ်မရှိစကားများကို ဘယ်သူက ယုံကြည်မှာလဲ။
ဒါ့အပြင် ဆူကျူးက အဲဒါကို ဤမျှအထိအေးဆေးတည်ငြိမ်စွာပြောဆိုနေ၏။ သူက သူတို့ကို ဟာသလုပ်နေသည်မှာ သိသာလေသည်။
ထိုသူများက ဘုရင်များစွာဖြစ်ပြီး သုံးနှစ်အရွယ်ကလေးများ မဟုတ်ပေ။ သူတို့ကို ထိုးချက်အနည်းငယ်နဲ့ ဘယ်လိုလုပ်သတ်ဖြတ်နိုင်မှာလဲ။
ဂူသင်္ချိုင်းကမ္ဘာကို ဦးဆောင်လာသော ဘုရင်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဆူကျူး… ပေါက်တတ်ကရလျှောက်ပြောပြီး ဟိတ်ကြီးဟန်ကြီးလုပ်မနေနဲ့ မင်းက…”
“ဒါနဲ့..”
သူ့စကားမဆုံးသေးခင် ဆူဇီမိုက လက်ကာပြီး ဖြတ်ပြောလိုက်၏။
ဆူဇီမိုက အဆိပ်ကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာနှင့် ပိုးမွှားကမ္ဘာတို့မှ ဘုရင်များကို တစ်ချက်ဝေ့ကြည့်လိုက်၏။ ထိုသူများသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်မှာတုန်းက သူ့ကို ဝိုင်းပတ်ပိတ်ဆို့ခဲ့ကြလေသည်။ သူက ပြုံးပြီး တည်တံ့စွာပြောလိုက်၏။
“မင်းတို့တွေ ငါနဲ့ စကားပြောတဲ့အခါ မင်းတို့ရဲ့လေသံကို ဂရုစိုက်ဖို့ ငါသတိပေးလိုက်မယ်”
“မင်း…”
ဂူသင်္ချိုင်းကမ္ဘာမှ ဘုရင်က ဒေါသချောင်းချောင်းထွက်သွား၏။
ပကတိအင်မော်တယ်တစ်ဦးက သူ့စကားကိုဖြတ်ပြောလိုက်သည့် အချက်က သူ့ကို ဒေါသထွက်စေဖို့ လုံလောက်လေသည်။
ယခု ထိုပကတိအင်မော်တယ်က သူ့ကို ဤကဲ့သို့သောပုံစံဖြင့် ပြောဆိုရဲနေသည်။
အဆိပ်ကမ္ဘာ၊ ပိုးမွှားကမ္ဘာနှင့် အခြားသောကမ္ဘာဆယ်ခုကျော်မှ ဘုရင်များကလည်း မျက်မှောင်ကြုတ်ပြီး သူတို့၏ အမူအရာများက သုန်မှုန်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဆူကျူးသည် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်လေသည်။ ယခု သူတို့သည် လူတိုင်း၏ ရှေ့မှာ ပကတိစိတ်ဝိညာဉ်တစ်ဦး၏ ခြိမ်းခြောက်ခြင်းကို ခံနေရပြီး သူတို့က ရှက်ရွံ့လာခဲ့လေသည်။
ထိုစဉ်မှာပင် ဆူဇီမို၏ အသံက တည်ငြိမ်သောလေသံနှင့်အတူ နောက်တစ်ဖန်ထွက်ပေါ်လာ၏။
“ဒီနားမှာ နောက်ထပ်လူတစ်ယောက်ဖြတ်သွားပြီး သူက မင်းတို့ရဲ့ အပြုအမူတွေကို သဘောမကျဘူးဆိုရင် ဘာဖြစ်သွားမလဲ… ဘယ်ပြောရမလဲ သူက ထိုးချက်အနည်းငယ်နဲ့ မင်းတို့တွေကိုလည်း သေအောင်ရိုက်သတ်ချင်ရိုက်သတ်သွားမှာ”
အဆိပ်ကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဘုရင်များစွာက ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားသည်။
ဘုရင်များသည် သူတို့၏ ဘေးပတ်ဝန်းကျင်ကို အလောတကြီးလှည့်ပတ်ကြည့်ရှုပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် သတိအနေအထားပြင်ထားပြီး သူတို့၏ မျက်လုံးထဲမှာ ထိတ်လန့်ကြောက်ရွံ့မှုတို့ ပေါ်ထွက်လာ၏။
လူတိုင်းသည် ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောတို့၏ သေဆုံးမှု၏ သွေးသံရဲရဲမြင်ကွင်းကနေ ယခုအချိန်ထိ ရုန်းထွက်မလာနိုင်သေးပေ။ ယခု သူတို့သည် ဤကဲ့သို့သောစကားကို ကြားရသောအခါ ဘယ်သူက မကြောက်ဘဲနေမှာလဲ။
အခြေအနေက အရမ်းကို ချောက်ချားစရာကောင်းနေသည်။
ဆူဇီမိုသည် တိုက်ခိုက်သူက ဘယ်သူ၊ သူတို့က ဘယ်နေရာကလာသည်ကို ရှင်းရှင်းလင်းလင်းပြောဆိုမည်ဆိုလျှင် လူတိုင်းက ဤမျှအထိ ကြောက်လန့်နေမည်မဟုတ်ပေ။ သို့သော်လည်း ဘာမှန်းမသိရသောအရာကို ရည်ညွှန်းနေသည့် သူ၏ မရေရာမသေချာသော စကားလုံးများက တုန်လှုပ်စရာအကောင်းဆုံးဖြစ်နေသည်။
ဆူဇီမိုက ညင်သာစွာသက်ပြင်းချလိုက်၏။
“မင်းတို့တွေက ဘုရင်အေးစက်မျက်လုံးနဲ့ အခြားသူတွေနဲ့ အတူလိုက်မလာခဲ့မိတာ ဝမ်းသာသင့်တယ်.. မဟုတ်ရင်တော့…”
ဆူဇီမိုက ဆက်လက်၍ မပြောဆိုပေ။ သို့သော်လည်း လူတိုင်းသည် သူပြောချင်သည့်အဓိပ္ပါယ်ကို သဘောပေါက်ကြသည်။ မဟုတ်ပါက သွေးကန်ထဲမှာ သေဆုံးနေသည့်ဘုရင်များက ယခုထက်ပိုမိုများပြားနေပေလိမ့်မည်။ သူတို့သည် ထိုစကားကိုကြားသောအခါ အဆိပ်ကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာနှင့် အခြားသောကမ္ဘာဆယ်ခုကျော်မှ ဘုရင်များက တကယ်ပင်ကြောက်ရွံ့ထိတ်လန့်လာကြသည်။
သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူတို့က တံတွေးကို အလျင်စလိုမျိုချလိုက်၏။
ရုတ်တရက် ကြယ်တာရာကောင်းကင်က ထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လူတိုင်းသည် မမြင်ရသောစွမ်းအားတစ်ခုမှာ တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုကို ခံစားလာရသည့်အလားပင်။
“ခင်ဗျားကို နှောက်ယှက်မိတာ တောင်းပန်ပါတယ်”
“နှုတ်ဆက်ပါတယ်”
ခဏမျှကြာပြီးနောက် မထင်မရှားကမ္ဘာတစ်ခုမှ ဘုရင်တစ်ပါးက ဆူဇီမိုထံ လက်နှစ်ဖက်ကိုယှက်ပြပြီး အလောတကြီး လှည့်ထွက်ပြေးသွား၏။
ကျန်ရှိနေသော ကမ္ဘာဆယ်ခုကျော်မှ ဘုရင်များကလည်း ဤနေရာမှာ ဆက်လက်၍ မနေရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက်လှည့်ထွက်ပြေးသွားကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့သည် ငိုရမလား ရယ်ရမလားမသိတော့ပေ။
ဘုရင်များစွာသည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ဆူဇီမိုကြည့်ပြီး နက်ရှိုင်းစွာသက်ပြင်းချလိုက်၏။ သူတို့သည် အဲဒါကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်လျှင် ထိပ်တန်းကမ္ဘာကြီးခြောက်ခု ဦးဆောင်လာသည့် ဘုရင်နှစ်ရာကျော်က ဤကဲ့သို့သောပုံစံဖြင့် ပြိုကွဲသွားလိမ့်မည်ဟု ဘယ်သူက စဉ်းစားကြည့်မိမှာလဲ။
စောစောက အဆိပ်ကမ္ဘာနှင့် ဂူသင်္ချိုင်းကမ္ဘာမှ ဘုရင်ဆယ်ပါးကျော်သည် ဓားကမ္ဘာမှ တောင်ထွတ်သခင်ရှစ်ဦးနှင့် နဂါးဘုရင်မဦးချိုမဲ့တို့နှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်ယခု သူတို့သည် ပကတိစိတ်ဝိညာဉ်တစ်ဦးထံမှ စကားလုံးတချို့ဖြင့် ကြောက်လန့်သွားခဲ့လေသည်။
ယနေ့သတင်းစကားက ပျံ့နှံ့သွားမည်ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ယနေ့တိုက်ပွဲသည် ဘယ်လောက်တောင်အုန်းအုန်းကျက်ကျက်ဖြစ်စေမလဲ မည်သူကမှ စဉ်းစားမကြည့်နိုင်ပေ။ သို့သော်လည်း လူတိုင်းသေချာပြောနိုင်သည့် အချက်တစ်ချက်ရှိလေသည်။
မလှမ်မကမ်းမှ ဓားကမ္ဘာ၏ နဝမမြောက်တောင်ထွတ်သခင်၏ အမည်သည် ဤတိုက်ပွဲအပြီးမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝန်း သေချာပေါက် ပျံ့နှံ့သွားပေလိမ့်မည်။