မိတ်ဆွေဖွဲ့ကြခြင်း
Vol. 194 Ch. 2906
“တာအိုရောင်းရင်း… ခင်ဗျားက အသက်ငယ်ရွယ်သေးပေမဲ့ ဒီတိုက်ပွဲအပြီးမှာ ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းက အခိုင်အမာဖြစ်သွားပြီ… ခင်ဗျားက သိပ်မကြာခင် လောကမှာ သေချာပေါက်ကျော်ကြားလာတော့မှာပဲ… ခင်ဗျားအားတဲ့အခါ ကျုပ်တို့ခွန်ကမ္ဘာကို လာခဲ့ပါလား.. ကျုပ်တို့က ခင်ဗျားကို သေချာပေါက်ကြိုဆိုနေမှာ”
ခွန်ကမ္ဘာမှ ဘုရင်တစ်ဦးက ဆူဇီမိုထံ လက်နှစ်ဖက်ကိုယှက်ပြပြီး သူ၏ စိတ်ကောင်းစေတနာကို ဖော်ပြလိုက်၏။
ဆူဇီမိုသည် နဝမမြောက်တောင်ထွတ်သခင်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူ၏ ကျင့်ကြံမှုက ပကတိဧကနယ်ပယ်မှာသာရှိလေသည်။
သို့သော်ယခု ခွန်ကမ္ဘာမှ ဆူဇီမိုကို တာအိုရောင်းရင်းဟု ခေါ်ဆိုလိုက်လေသည်။ သူသည် ဆူဇီမိုကို သူနှင့်တစ်တန်းတည်း တည်ရှိမှုအဖြစ် သတ်မှတ်ပြီး သူနှင့် မိတ်ဆွေဖွဲ့လိုသည်ဟု ဆိုလိုသည်။
“ခွန်ကမ္ဘာက နေရာတိုင်းမှာ ရေတွေနဲ့.. တော်တော်ပျင်းဖို့ကောင်းတယ်… တာအိုရောင်းရင်းဆူကျူး ခင်ဗျားက ကျုပ်တို့ဖန်းကမ္ဘာကို တစ်ချက်လိုက်ကြည့်ပါလား”
ဖန်းကမ္ဘာကို ဦးဆောင်လာသည့်ဘုရင်က ချက်ချင်းပင် ဝင်ရောက်ပြောဆိုလိုက်၏။
“တာအိုရောင်းရင်းဆူကျူး.. ကျုပ်က ဘုရင်ချီမန်ပါ”
လူရိုင်းမျိုးနွယ်မှ တုတ်ခိုင်သန်မာသော ဗလတောင့်တောင့် အမျိုးသားတစ်ဦးက ရှေ့သို့ထွက်လာပြီး လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
တစ်ခဏချင်းမှာပင် ကမ္ဘာများစွာမှ ဘုရင်များက ရှေ့သို့ထွက်လာပြီး ဆူဇီမိုကို နှုတ်ဆက်လိုက်ကြ၏။ သူတို့သည် မိတ်ဆွေဖွဲ့လိုခြင်းနှင့် စိတ်ကောင်းစေတနာကို ပြသခြင်းအပြင် ဤကမ္ဘာများသည် ဓားကမ္ဘာနှင့်လည်း ပို၍ ထိတွေ့ဆက်ဆံချင်လေသည်။
ဓားကမ္ဘာသည် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာပင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားခုနှစ်ခုကို နားလည်ဆင်ခြင်ထားသည့် ဤကဲ့သို့ကြောက်စရာကောင်းသော ပြန်ဝင်စားမွန်းစတားတစ်ဦးကို မွေးထုတ်ပေးလိုက်၏။ အဲဒါက တကယ့်ကို မကြုံစဖူး ထူးခြားအံ့မခန်းဖြစ်ပြီး အနာဂတ်မှာ မည်သူကမှ ဤကဲ့သို့သောစွမ်းဆောင်ရည်ကို ထပ်မံပြသနိုင်တော့မည် မဟုတ်ပေ။
ဤလူနှင့်အတူ ဓားကမ္ဘာက သေချာပေါက် ထွန်းတောက်လာပေလိမ့်မည်။
ဘုရင်များစွာ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကနေပင် အသတ်မခံခဲ့ရသည့်အတွက် ဤလူကို ပညာရှင်တစ်ဦးက သေချာပေါက် ကာကွယ်ပေးနေသည်ကို သူတို့က ပြောနိုင်ကြသည်။
ဆူဇီမိုသည် ဤကမ္ဘာများ၏ စေတနာကို ကန့်ကွက်စရာအကြောင်းမရှိဘဲ ပြုံး၍ ပြန်လည်တုံ့ပြန်လိုက်၏။
သိပ်မကြာခင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများက တစ်ယောက်ပြီးတစ်ယောက် လူစုခွဲပြီး သူတို့၏ သက်ဆိုင်ရာကမ္ဘာများသို့ ပြန်သွားကြလေသည်။
ဘုရင်တစ်ပါးက ပြောလိုက်၏။
“ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဘုရင်တွေက ဓားကမ္ဘာက ဆူကျူးကြောင့် သေဆုံးခဲ့ရတာပဲ… ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဒီကိစ္စကို သေချာပေါက် ဒီတိုင်းထားမှာမဟုတ်လောက်ဘူး… သူတို့က ကမ္ဘာတွေကြား စစ်ပွဲတစ်ခုကို စတင်ဖို့ဒီကိစ္စကို အသုံးချမယ်ဆိုရင်…”
“သူတို့လုပ်မှာမဟုတ်ဘူး”
နောက်ထပ်လူတစ်ယောက်က ခေါင်းခါပြလိုက်၏။
“ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဘုရင်တွေက ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းခဲ့ကြတယ်… သူတို့တွေက မျှခြေကို အရင်ဆုံး ချိုးဖျက်ခဲ့တဲ့သူတွေပဲ… သူတို့က လက်စပြတ်ရှင်းလင်းခံလိုက်ရတယ်ဆိုရင်တောင် သူတို့က တခြားဘယ်သူ့ကိုမှ အပြစ်သွားတင်လို့မရဘူး”
“သူတို့က ဒီကိစ္စကြောင့် ဓားကမ္ဘာနဲ့ စစ်ပွဲတစ်ခု စတင်မယ်ဆိုရင် သူတို့က ဝေဖန်ပြစ်တင်ပြောဆိုမှုတွေကိုပဲ ရရှိလိမ့်မယ်”
“နောက်ပြီး ဓားကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခုပဲ… ဒီနေ့ကစပြီး သူတို့ကလည်း ကောင်းကောင်းပြင်ဆင်လာမှာပဲ… ဓားကမ္ဘာကို ဖျက်ဆီးဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး”
“ကမ္ဘာတွေကြား စစ်ပွဲတစ်ခု စတင်တာနဲ့ အဲဒါကို ရပ်တန့်ဖို့က မလွယ်ဘူး… ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဒီတစ်ခေါက် အတော်လေးထိခိုက်နစ်နာဆုံးရှုံးခဲ့ရတယ်… သူတို့က အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားချင့်ချိန်လာရလိမ့်မယ်”
ပထမဆုံးစကားပြောလိုက်သည့်သူက ထပ်မံစဉ်းစားတွေးတောပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး ဓားကမ္ဘာနဲ့ ထိပ်တန်းကမ္ဘာကြီးခြောက်ခုကြားမှာ ရန်ငြိုးရန်စတစ်ခုတော့ ရှိလာခဲ့ပြီ”
“အင်း”
နောက်ထပ်လူတစ်ယောက်က ခေါင်ညိတ်ပြလိုက်သည်။
“နောက်ပိုင်း သူတို့ကြားမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်… အဲဒါက သင့်လျော်တဲ့ အခွင့်အလမ်းတစ်ခုကို လိုအပ်နေရုံပဲ”
“သင့်လျော်တဲ့ အခွင့်အလမ်းတစ်ခုလား”
ပထမဆုံးလူက တွေဝေရှုပ်ထွေးသွား၏။
အခြားသူက ဝင်ရောက်ရှင်းပြလိုက်၏။
“ဒီလိုမျိုး ထိပ်တန်းကမ္ဘာကြီးတွေကြားက စစ်ပွဲတစ်ခုမှာ အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်တာက ဧကရာဇ်ပညာရှင်တွေပဲ… ဓားကမ္ဘာက အထွတ်အထိပ်ဧကရာဇ်တချို့က ဘဝသက်တမ်းများများစားစားမကျန်တော့ဘူးလို့ ငါကြားထားတယ်… ဓားကမ္ဘာက အရိုက်အရာဆက်ခံသူတစ်ယောက်ကို မရွေးချယ်နိုင်ဘူးဆိုရင်..”
“ဓားကမ္ဘာမှာ ဆူကျူးလို ပြန်ဝင်စားမွန်းစတားတစ်ယောက်ရှိနေတယ်မလား”
“ငါသာ ထိပ်တန်းကမ္ဘာကြီခြောက်ခုကဆိုရင် ငါက ဆူကျူးကို ကောင်းကောင်းကြီးပြင်းလာခွင့်ပေးမှာ မဟုတ်ဘူး”
“အာ… ပြောရမယ်ဆိုရင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သေဆုံးခဲ့တဲ့ အန္တိမပကတိစိတ်ဝိညာဉ်တွေပဲဖြစ်ဖြစ်.. ကြယ်တာရာကောင်းကင်ထဲမှာ သေဆုံးခဲ့တဲ့ ဘုရင်ပညာရှင်တွေပဲဖြစ်ဖြစ် သူတို့တွေက အတော်လေး ကံဆိုးခဲ့ကြတာပဲ”
“မင်းဘာလို့ ဒီလိုပြောရတာလဲ”
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှယင်က သူ့ကိုယ်သူဉာဏ်ကောင်းတယ်ထင်ပြီး သူမသေခင် ဆူကျူးရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖျောက်ဖျက်ခဲ့တာကြောင့်မဟုတ်ရင် အဲဒီဆက်တိုက်သေဆုံးမှုတွေက ဖြစ်ပွားလာမှာမဟုတ်ဘူး”
“အဲဒီရှယင်ကတော့ တကယ့် အဖျက်သမားပဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများက လူစု ခွဲသွားစဉ် ဓားကမ္ဘာမှ လူတိုင်းက အင်မော်တယ်ယာဉ်ပျံပေါ်သို့ တက်လှမ်းလိုက်ကြသည်။ သူတို့သည် လေဟာနယ်ကိုဆုတ်ဖြဲပြီး အာကာသဥမင်တစ်ခုထဲသို့ ဝင်ရောက်ကာ ဓားကမ္ဘာသို့ ဦးတည်လိုက်ကြလေသည်။
အင်မော်တယ်ယာဉ်ပျံပေါ်မှာ…။
တောင်ထွတ်သခင်ရှစ်ဦးသည် ဆူဇီမို၏ အခန်းသို့ တစ်ချိန်တည်းမှာရောက်ရှိလာပြီး သူ့အမူအရာကနေ တစ်စုံတစ်ရာကို ဖော်ထုတ်ချင်နေသည့်အလား သူကို မမှိတ်မသုန်စိုက်ကြည့်နေကြသည်။
“ခင်ဗျားတို့ ဘာကိုကြည့်နေကြတာလဲ”
ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
လုယွင်က လေးနက်စွာပြောလိုက်သည်။
“ငါထင်တာမမှားဘူးဆိုရင် ဘုရင်အေးစက်မျက်လုံးနဲ့ တခြားသူတွေကို သတ်ခဲ့တဲ့ ပညာရှင်က ဓားကမ္ဘာက မဟုတ်ဘူး… တိုက်ပွဲနယ်မြေမှာ ဘယ်ဓားချီမှ မကျန်ခဲ့ဘူး”
“ရောင်းရင်းဆူ… အဲဒီပညာရှင်က ဧကရာဇ်တစ်ပါးလား”
ယုလန်ကလည်း သိချင်နေပြီး မနေနိုင်ဘဲ မေးလိုက်၏။
တကယ်တော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများကို ဆူဇီမို ယခင်ပြောခဲ့သည့်စကားကို သူတို့က မယုံကြည်ကြပေ။ တစ်ယောက်ယောက်က ဘေးနားကနေဖြတ်သွားပြီး တရားမမျှတမှုအတွက် ဝင်ရောက်တိုက်ခိုက်ကာ ထိုးချက်အနည်းငယ်နှင့် ဘုရင်များစွာကို သတ်ဖြတ်ခဲ့သည်ဟု သူက ဆိုခဲ့လေသည်။
လောကမှာ ဤကဲ့သို့သော တိုက်ဆိုင်မှုတစ်ခု ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
ဒါ့အပြင် ထိုပညာရှင်က ဆူဇီမိုနှင့် သိကျွမ်းမထားဘူးဆိုလျှင် သူသည် သူစိမ်းတစ်ယောက်အတွက်နှင့် ထိပ်တန်းကမ္ဘာကြီးခြောက်ခုကို ဆန့်ကျင်မှာလား။
“အဲဒါက ငါ့ကို ရူးအောင်လုပ်နေတာပဲ”
အာဏာရှင်ဓားတောင်ထွတ်မှ တောင်ထွတ်သခင် ပီထျန်ရှင်းက ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ပြောလိုက်လေသည်။
“မင်းတို့တွေက စကားတွေအများကြီးပြောပေမဲ့ လိုရင်းကိုမရောက်ကြဘူး… ညီကိုဆူ… အဲဒီပညာရှင်က ဘယ်သူလဲ… မင်းငါတို့ကို ပြောပြဖို့ အဆင်မပြေဘူးလား”
“အဲဒါက အဆင်မပြေဘူးဆိုရင်လည်း ငါတို့နားလည်ပါတယ်”
အခြားသော တောင်ထွတ်သခင်များကလည်း ခေါင်းညိတ်ပြလိုက်ကြ၏။
ဆူဇီမိုက ခဏမျှစဉ်းစားတွေးတောကြည့်လိုက်၏။ သူသည် ထိုအချက်ကို တောင်ထွတ်သခင်များထံကနေ ဖုံးကွယ်ထားစရာ တကယ်ပင်မလိုအပ်ပေ။ သူက ပြောလိုက်၏။
“ဘုရင်အေးစက်မျက်လုံးနဲ့ အခြားသူတွေကို သတ်ဖြတ်ခဲ့တဲ့သူက ကျုပ်ပဲ”
တောင်ထွတ်သခင်ရှစ်ဦးက ထိုစကားကိုကြားသောအခါ သူတို့က မကျေနပ်မှုကို ဖိနှိမ်ကာ သူတို့၏ လက်သီများကို အလိုလိုဆုပ်လိုက်၏။
“မင်း ငါတို့ကို ပြောမပြချင်ဘူးဆိုလည်း ရတယ်လေ… ဘယ်သူက ဂရုစိုက်နေမှာလဲ”
ပီထျန်ရှင်းက နှာတစ်ချက်မှုတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
“နင်ကတော့ အရိုက်ခံချင်နေတာပဲ”
ယုလန်က ဆူဇီမိုလက်သီးထောင်ပြပြီး သူ့ကိုထိုးတော့မည့်ပုံ လုပ်ပြလိုက်၏။ သူမက ဟာသနှောကာ အော်ငေါက်လိုက်၏။
“နင့်ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေက တကယ့်ကို စည်းလွတ်ဝါးလွတ်ဖြစ်လာတာပဲ”
လုယွင်ကလည်း ရယ်မောကာ ပြောလိုက်၏။
“ညီကိုဆူ… မင်းငါတို့ကို ပြောမပြချင်ဘူးဆိုရင်တောင်မှ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး အလေးအနက်ထားလို့မရဘူးလား”
“အဲဒါက အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်ပဲ… တစ်ယောက်ယောက်က ဘေးကနေဖြတ်သွားပြီး ထိုးချက်အနည်းငယ်နဲ့ ဘုရင်တွေကို သတ်ဖြတ်ခဲ့တယ်လို့ မင်းပြောဦးမှာလား”
“အမ်”
ဆူဇီမိုက ကူကယ်ရာမဲ့သွားပြီး တည်တံ့စွာဖြင့် ရှင်းပြလိုက်၏။
“အဲဒီဘုရင်တွေကို သတ်ဖြတ်ခဲ့တဲသူက တကယ်ကျုပ်ပါ”
“ငါတော့ ဆက်ပြီးနားမထောင်နိုင်တော့ဘူး”
သူ့စကားမဆုံသေးခင် လုယွင်က ခေါင်းခါပြီးဖြတ်ပြောလိုက်၏။
သူက သက်ပြင်းချကာ ဟာသနှောပြီးပြောလိုက်၏။
“ညီကိုဆူ… မင်းက ငါတို့ရဲ့ ဉာဏ်ရည်ကို စော်ကားနေတာပဲ”
“ထားလိုက်ပါ”
ယုလန်က ဆူဇီမို၏ ပခုံကိုပုတ်ပြီး ညင်သာစွာပြောလိုက်၏။
“ဒီကိစ္စက အတော်လေးအရေးကြီးတဲ့ ကိစ္စပဲ… ရှင့်မှာ ရှင့်ရဲ့အခက်အခဲရှိတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်… ကျွန်မတို့က စောစောတုန်းက ဒီတိုင်းသာမန်ကာလျှံကာမေးကြည့်ရုံပဲ”
“ဘာပဲဖြစ်ဖြစ် မင်းကိုကာကွယ်ပေးနေတဲ့ ဒီလိုမျိုးပညာရှင်တစ်ဦးရှိနေတဲ့အတွက် ငါတို့ ရင်ထဲအသဲထဲကနေ တကယ်ပဲ ဝမ်းသာပျော်ရွှင်မိပါတယ်”
ဆူဇီမိုက ခါးသက်စွာပြုံးလိုက်၏။
သူသည် အမှန်တရားကို ပြောပြနေခြင်းဖြစ်သည်။ သို့သော်လည်း မည်သူကမှ သူ့စကားကို မယုံကြည်ကြပေ။
တောင်ထွတ်သခင်ရှစ်ဦးသည် ထပ်မံ၍ မမေးမြန်းတော့သလို သူကလည်း ရှင်းပြမနေတော့ပေ။ ထိုစဉ်မှာပင် ဆူဇီမိုက ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“ညီကိုလု… ခင်ဗျားတို့တွေက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက အဲဒီဓားကျင့်ကြံသူတွေ့ရဲ့ နောက်ခံကို သိကြလား”
“ဓားကျင့်ကြံသူတွေလား”
လုယွင်က ခဏမျှမှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဓားကျင့်ကြံသူတချို့ တကယ်ပဲရှိတယ်… ဒါပေမဲ့ သူတို့ရဲ့နောက်ခံကိုတော့ ငါမသိဘူး”
အခြားသော တောင်ထွတ်သခင်များကလည်း ငေးငိုင်သွားကြလေသည်။
“ဘာပြဿနာရှိလို့လဲ”
ယုလန်က ဆူဇီမို တစ်စုံတစ်ရာ သွယ်ဝိုက်ပြောဆိုချင်နေသည်ကို သတိထားမိပြီး အလိုလိုမေးလိုက်၏။
ဆူဇီမိုက ခဏမျှစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကျုပ်က မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို မေးခဲ့တယ်… သူ့ရဲ့ မျိုးရိုးနာမည်က လော ဖြစ်တယ်လို့ ကျုပ်ကိုပြောတယ်”
“လော”
တောင်ထွတ်သခင်ရှစ်ဦးက တုန်လှုပ်သွားပြီး အိုးတိုးအမ်းတမ်းအမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က ဖြစ်နိုင်ခြေတစ်ခုကို ခန့်မှန်းမိသွားသည်မှာ သိသာလေသည်။
သို့သော်လည်း ထိုဖြစ်နိုင်ခြေက အရမ်းကိုကြောက်စရာကောင်းလေသည်။
သူတို့သည် အဲဒါကို မယုံကြည်ရဲပေ။
ရှန်းယွဲ့က တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“အဲဒါက တိုက်ဆိုင်မှုတစ်ခုများလား”
လုယွင်နှင့် အခြားသူများက နှုတ်ဆိတ်နေ၏။
ခဏနေပြီးနောက် လုယွင်က အသံနှိမ့်ကာ ပြောလိုက်သည်။
“ငါတို့ ဓားကမ္ဘာကို ပြန်ရောက်သွားပြီးရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတချို့ကို မေးမြန်းကြည့်ရလိမ့်မယ်။”