အကျပ်အတည်း
Vol. 194 Ch. 2907
ကောင်းကင်ဘုံကမ္ဘာ။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတွင်။
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ။
နန်းတော်ထဲရှိ ပင်မခန်းမထဲမှာ အဝါရောင်ဝတ်အမျိုးသားတစ်ဦးက အလယ်မှာထိုင်နေ၏။ သူ၏ အမူအရာက ပြတ်သားနေပြီး မမြင်ရသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ထားလေသည်။
ဤလူက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အုပ်ချုပ်သူအရှင်သခင် ဘုရင်ကျင်းဖြစ်သည်။
ဘုရင်ကျင်းရှေ့မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် နောက်ထပ်အမျိုးသားတစ်ဦးထိုင်နေ၏။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုရှိနေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ဤလူသည် လူတစ်ယောက်တည်း၏ အောက် တခြားလူတိုင်း၏ အထက်မှာရှိသည်ဟု ဆိုနိုင်သည်။
သူသည် သတ်ဖြတ်ခြင်းနှင့် အပြစ်ပေးခြင်းကို တာဝန်ယူထားသည့် ဘုရင်ထျန်ရှင်းဖြစ်သည်။
“သတင်းတစ်ခုခုရှိလို့လား”
ဘုရင်ထျန်ရှင်းက တည်ကြည်ခံ့ညားသောအသံဖြင့် မေးလိုက်၏။ ဘုရင်ကျင်းက သူ၏ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“နည်းနည်းလောက်ထပ်ပြီးစောင့်ရအောင်… အန်ရှစ်က သိပ်မကြာခင် ပြန်လာတော့မယ်”
သူတို့နှစ်ယောက်က နောက်ထပ်ခဏကြာအောင် အေးအေးဆေးဆေးစကားပြောဆိုနေကြ၏။ သိပ်မကြာခင် ခန်းမ၏ အပြင်ဘက်မှ လေဟာနယ်က ရုတ်တရက်ပြိုကျသွားပြီး နက်မှောင်နေသော ဝဲကတော့တစ်ခု ပေါ်ထွက်လာ၏။ တည်ငြိမ်နေသော အမူအရာနှင့် လူတစ်ယောက်က လျှောက်လှမ်းထွက်လာပြီး သူ၏ မျက်နှာသွင်ပြင်က ဘုရင်ကျင်းနှင့် အတော်လေးဆင်တူလေသည်။
ဘုရင်ကျင်း၏ အမွေဆက်ခံသူ ဘုရင်အန်ရှစ်။
ဘုရင်အန်ရှစ်က ခန်းမထဲသို့ ဝင်ရောက်လာသောအခါ သူက အရင်ဆုံး ဘုရင်ကျင်းကို ဦးညွှတ်ပြီးနောက် ဘုရင်ထျန်ရှင်းထံ သူ၏ လက်နှစ်ဖက်ကိုယှက်ပြကာ နှုတ်ဆက်လိုက်၏။
ဘုရင်ကျင်းနှင့် ဘုရင်ထျန်ရှင်း၏ မျှော်လင့်နေသော အကြည့်များအောက်မှာ ဘုရင်အန်ရှစ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဖေ… ခင်ဗျားထင်ထားတဲ့အတိုင်းပဲ… ထျန်ဟွမ်ဂိုဏ်းက ဧကရာဇ်ပိုရွှင်းနဲ့ ဘာပတ်သက်မှုမှမရှိလောက်ဘူး… သူတို့မှာ ဘာအခြေခံအုတ်မြစ်မှလည်းမရှိဘူး… သူတို့ရဲ့ အလုံးစုံခွန်အားကို ကောင်းကင်အဆင့်အဖွဲ့အစည်းတွေထဲမှာ အောက်ဆုံးမှာပဲရှိတယ်လို့ ဆိုနိုင်တယ်”
ဘုရင်ကျင်းက စိတ်သက်သာစွာသက်ပြင်းချပြီး ခေါင်းညိတ်လိုက်၏။
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က အခြားသူတွေကို ခြောက်လှန့်ဖို့အတွက် ဧကရာဇ်ပိုရွှင်းရဲ့နာမည်ကို အသုံးချနေရုံပဲဆိုတာ ငါသံသယဝင်မိနေတာကြာပြီ”
“ဧကရာဇ်ပိုရွှင်းက မဟာထျဲဝေတောင် အနီးနားမှာ ပေါ်ထွက်လာပြီးကတည်က သူက လုံးဝပျောက်ကွယ်သွားတာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး… သူက သေရင်သေ မဟုတ်ရင် အဝီစိမှာ မြှုပ်နှံခံထားရပြီလို့ ငါထင်တယ်”
“နောက်ပြီး ထျန်ဟွမ်ဂိုဏ်းကို ဧကရာဇ်ပိုရွှင်းက တကယ်ပဲ တည်ထောင်ထားတာဆိုရင် အဲဒါက ဒီလောက်ထိ အားနည်းနေမှာ မဟုတ်ဘူး”
ဘုရင်အန်ရှစ်က ခေါင်းညိတ်ပြလိုက်သည်။
“လက်ရှိမှာ မိစ္ဆာမဟာနယ်မြေကို မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သိမ်းပိုက်နိုင်သလောက်နီးပါးဖြစ်သွားပြီ… ထျန်ဟွမ်ဂိုဏ်းက အစွန်အဖျားမှာပဲ ကျန်နေခဲ့တာ… ဒါပေမဲ့ သူတို့ရဲ့ ပိုင်နက်နယ်မြေက အတော်လေး ကျဉ်းမြောင်းနေပြီ… သူတို့က သေမင်းတံခါးဝမှာ ခုခံနေရုံပဲ”
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အဲဒါကို မသိမ်းပိုက်သေးပေမဲ့ အစက ထျန်ဟွမ်ဂိုဏ်းကို ဝင်ရောက်ထားတဲ့ဘုရင်တချို့က ဒီနှစ်တွေထဲမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာပြီး မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့ လက်အောက်ငယ်သားတွေဖြစ်လာကြပြီ”
“အခု ထျန်ဟွမ်ဂိုဏ်းမှာ ဘုရင်အနည်းအကျဉ်းပဲကျန်တော့တယ်… နောက်ပြီး သူတို့တွေအားလုံးက သာမန် မိစ္ဆာဘုရင်တွေပဲ… သူတို့ထဲမှာ အထွတ်အထိပ်မိစ္ဆာဘုရင်တွေမပြောနဲ့ ကောင်းကင်လိုဏ်ဂူအကြီးနဲ့ အန္တိမမိစ္ဆာဘုရင်တွေတောင် မရှိကြဘူး”
ဘုရင်ထျန်ရှင်းသည် အစက စားပွဲခုံကို သူ၏ လက်သည်းဖြင့် ညင်သာစွာခေါက်နေ၏။ ရုတ်တရက်သူက ရပ်တန့်ပြီးမေးလိုက်သည်။
“အထီးကျန်သိုင်းသခင်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုခုရော ရလာသေးလား”
ဘုရင်အန်ရှစ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ကျုပ် ဒီနှစ်တွေထဲမှာ လေ့လာစောင့်ကြည့်ရသလောက် မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က ထျန်ဟွမ်ဂိုဏ်းမှာ မရှိလောက်ဘူး”
“အို…”
ဘုရင်ထျန်ရှင်းက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
ဘုရင်အန်ရှစ်က ရှင်းပြလိုက်သည်။
“ကျုပ်က လူတချို့ကိုသတ်ဖြတ်ပြီး ပြဿနာရှာဖို့ မိစ္ဆာမဟာနယ်မြေက မိတ်ဆွေတချို့ကို ထျန်ဟွမ်ဂိုဏ်းဆီ စေလွှတ်ခဲ့ဖူးတယ်… ဒါပေမဲ့ အထီးကျန်သိုင်းသခင်က ပေါ်ထွက်မလာခဲ့ဘူး”
“အထီးကျန်သိုင်းသခင်ရဲ့ ခွန်အားအရဆို ဒီလိုမျိုးကိစ္စတစ်ခုခုဖြစ်လာရင် သူကဘာလို့ ထွက်မလာဘဲ နေမှာလဲ”
ပကတိဧကနယ်ပယ်မှာ မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် တာအိုကလေးငယ်တစ်ယောက်အတွက်နှင့် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ရဲခဲ့ပြီး ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ထိပ်တမ်းပကတိအင်မော်တယ်များအားလုံးနီးပါးကိုပင် သတ်ဖြတ်ခဲ့လေသည်။
နောက်ပိုင်းမှာ တည်ဆောက်သူသစ်ပင်အောက်တွင် သူသည် အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အင်မော်တယ်ဘုရင်များ၊ ကောင်းကင်ဘုရင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဘုံကမ္ဘာမှ လူများအပေါ် အလွန်တရာနက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ကျန်ရစ်ခဲ့စေသည်။
ဤကဲ့သို့ သတ်ဖြတ်ရာမှာ ပြတ်သား၍ စီးပိုးခြယ်လှယ်မှုရှိသော သူ၏ ပုံစံအရ သူ့အနေဖြင့် တစ်ဘက်သူက သူ့ဂိုဏ်းသို့ ရောက်ရှိလာချိန်မှာ သူက ရုပ်လုံးထွက်မပြခြင်းက ယုတ္တိမတန်ပေ။
ဘုရင်ထျန်ရှင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူမရှိရင်အကောင်းဆုံးပဲ… မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က အတော်လေးအစွမ်းအစရှိတယ်”
ဘုရင်အန်ရှစ်က ပြုံးပြလိုက်၏။
“ဦးလေးထျန်ရှင်း… ခင်ဗျားက အတွေးလွန်နေတာပဲ… တည်ဆောက်သူသစ်ပင်အောက်က တိုက်ပွဲမှာ မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်လာခါစပဲ သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အလွန်ဆုံး အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးနဲ့ ယှဉ်နိုင်ရုံပဲရှိမယ်”
“ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ကျင့်ကြံရတာက အရမ်းကို ခက်ခဲတယ်… သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က နှစ်နှစ်ထောင်လောက်နဲ့ ထပ်ပြီးမြင့်တက်လာဖို့ မဖြစ်နိုင်ဘူး… သူက ထျန်ဟွမ်ဂိုဏ်းမှာရှိနေမယ်ဆိုရင်တောင် သူ့ကို ဘာမှကြောက်နေစရာမရှိဘူး”
ဘုရင်ကျင်းက ခဏမျှနားထောင်ပြီးနောက် ရုတ်တရက်မေးလိုက်၏။
“ဖုန့်စန်းထျန်ရဲ့ ကျင့်ကြံမှုက ဘယ်နယ်ပယ်မှာလဲ”
“အဖေ… သူက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာပဲရှိနေသေးတယ်”
ဘုရင်အန်ရှစ်က စိတ်လက်ပေါ့ပါးစွာဖြင့် ပြောလိုက်၏။
“သူ့ရဲ့ ကျင့်ကြံမှုအလျင်အဟုန်က အတော်လေးမြန်ဆန်ပြီး သူက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်ထိ ကျင့်ကြံနိုင်ခဲ့တယ်ဆိုပေမယ့် သူ့အနေနဲ့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုအဖြစ် အဲဒါကို ပြောင်းလဲပစ်ဖို့က မလွယ်ဘူး”
လက်ရှိလူသုံးယောက်သည် ဤအဆင့်ကနေ ကျင့်ကြံခဲ့ကြပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ကျင့်ကြံရသည်က ဘယ်လောက်ခက်ခဲသလဲ သိရှိထားကြသည်။
ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုသည်ဆိုလျှင် အဲဒါသည် အချိန်နှင့် ဓမ္မတာအိုများကို စုစည်းရရုံသာမက ပို၍အရေးကြီးသည်မှာ အခွင့်အလမ်းများကိုလည်း လိုအပ်လေသည်။
“သူက ငါ့စိတ်ထဲမှာ ဘာလို့အမြဲတမ်းရှိနေလဲ.. မင်းတို့သိလား”
ဘုရင်ကျင်းက မေးလိုက်၏။
သူတို့သုံးယောက်စလုံးသည် အရင်တုန်းက ရန်ငြိုးရန်စမှာ ပါဝင်ပတ်သက်ခဲ့ကြလေသည်။
ဖုန့်စန်းထျန်၏ တာအိုသစ်သီးက ကြေမွသွားပြီး သူက ပကတိမိုးကြိုးမြို့တော်၏ မြေအောက်မှာ အကျဉ်းချခံထားခဲ့ရသည်။ သူသည် ကွပ်မျက်ဆေဘာဖြင့် ကျောက်တိုင်တစ်တိုင်မှာ ထိုးစိုက်ခံထားရပြီး နှစ်ပေါင်းသိန်းချီကြာအောင် နေ့အလင်းရောင်ကို မတွေ့မြင်နိုင်ခဲ့ပေ။
ထိုအရာမျာအားလုံးသည် ဘုရင်ကျင်းနှင့် ဘုရင်ထျန်ရှင်းကြောင့်ဖြစ်သည်။
ထိုအချိန်အတေအတွင်း ဖုန့်စန်းထျန်၏ သား ဖုန့်ယွင်ကျောက်ကို ဘုရင်ကျင်း၏ အမွေဆက်ခံသူက အရှက်မဲ့စွာဖြင့် သတ်ဖြတ်ခဲ့လေသည်။
ဘုရင်ကျင်းက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“သူက ငါတို့နဲ့ သွေးကြွေးရန်စရှိထားတယ်… အဲဒါက ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူး… ငါသူ့အကြောင်းကို ကောင်းကောင်းသိတယ်… သူက ဒီကိစ္စကို သေချာပေါက် ဒီအတိုင်းထားမှာမဟုတ်ဘူး”
“တစ်နေ့ သူ့မှာ အသက်တစ်ရှိုက်စာပဲ ကျန်တယ်ဆိုရင်တောင် သူက ပြန်လာလိမ့်မယ်”
“အဲဒါထက် သူ့ရဲ့ ပါရမီအလားအလာကို ငါကောင်းကောင်းသိတယ်… သူ့ကို လုံလောက်တဲ့အချိန်ပေးထားမယ်ဆိုရင် သူက သေချာပေါက် ငါနဲ့ မင်းတို့ကို ကျော်တက်လာလိမ့်မယ်… အဲဒီအချိန်က ငါတို့နဲ့ မဟာကျင်းရဲ့ အဆုံးသတ်ဖြစ်လာလိမ့်မယ်”
ဘုရင်ထျန်ရှင်းက ငြင်းဆန်ခြင်းမရှိပေ။
သူက ဘုရင်ကျင်း၏ စကားကို သဘောတူထောက်ခံလေသည်။
ဖုန့်စန်းထျန်သည် သူ၏ ကြေမွနေသော တာအိုသစ်သီးနှင့်ပင် ကောင်းကင်လိုဏ်ဂူနယ်ပယ်ထိ ဘယ်လိုကျင့်ကြံနိုင်ခဲ့သလဲ သူစဉ်းစားမရပေ။
ဖုန့်စန်းထျန်သည် နှစ်ပေါင်းသိန်းချီကြာအောင် မြေအောက်မှာ အကျဉ်းချခံရပြီးနောက် နာကျင်မှုနှင့် ညည်းပန်းနှိပ်စက်မှုတို့ကို ဘယ်လိုတောင့်ခံနိုင်သလဲ သူစဉ်းစားမရပေ။
ဘုရင်ကျင်းက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်နှာပေါ်မှာ မချင့်မရဲအမူအရာတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“အရင်တုန်းက ငါက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲဝေရယူနိုင်ခဲ့မယ်ဆိုရင် ငါက ဧကရာဇ်တစ်ပိုင်းဖြစ်လာမယ့် အခွင့်အရေးတစ်ခုကို သေချာပေါက်ရရှိလာမှာ… အဲဒါဆိုရင် အခုချိန်မှာ ငါက ဖုန့်စန်းထျန်ကို ဒီလောက်ထိ စိုးရိမ်ပူပန်နေစရာလိုမှာ မဟုတ်ဘူး”
“ကံဆိုးစွာနဲ့ပဲ… အားလုံးက အချည်းနှီးဖြစ်ခဲ့ရတယ်”
ဘုရင်အန်ရှစ်က နှစ်သိမ့်ပေးလိုက်၏။
“အဖေ… ဘာမှမပူပါနဲ့…. ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်က အခြေအနေကို တွက်ချက်ပြီးသွားပြီ… ဒီတစ်ခေါက်မှာ ကျုပ်က ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပြီး ဖုန့်စန်းထျန်ရဲ့ ဦးခေါင်းကို ပြန်ယူလာဖို့ ကောင်းကောင်းအစီအစဉ်ချထားတယ်”
“ကျုပ်က အမွေဆက်ခံသူနဲ့ လိုက်သွားရမလား”
ဘုရင်ထျန်ရှင်းကမေးလိုက်သည်။
“ဦးလေးထျန်ရှင်း မပူပါနဲ့… ဒီတစ်ခေါက် ကျုပ်မှာ ကျုပ်အစီအစဉ်နဲ့ ကျုပ်ရှိတယ်… ကျုပ်က သေချာပေါက်ကျရှုံးမှာမဟုတ်ဘူ”
ဘုရင်အန်ရှစ်က ယုံကြည်မှုရှိနေပြီး ညင်သာစွာပြုံးပြလိုက်၏။
“ထျန်ဟွမ်ဂိုဏ်းကိုသွားမဲ့ ဒီခရီးစဉ်မှာ မဟာကျင်းရဲ့ အင်မော်တယ်ဘုရင်တွေကိုတောင် အသုံးချစရာမလိုဘူး”
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က တစ်ခါတုန်းက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပကတိအင်မော်တယ်တွေအများကြီးကို သတ်ဖြတ်ပြီး တည်ဆောက်သူသစ်ပင်အောက်မှာ အင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေက ဘုရင်တွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်… အင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေမှာ သူနဲ့ ရန်သူတွေဖြစ်လာတဲ့လူတချို့ရှိတယ်”
“ကျုပ်က အဲဒီလူတွေကို စည်းရုံးနိုင်တာနဲ့ ကျုပ်က အနည်းဆုံး ဘုရင်ဆယ်ပါးလောက်ကို စုစည်းနိုင်လိမ့်မယ်”
“ကျုပ်က မိစ္ဆာမဟာနယ်မြေက ဘုရင်တချို့နဲ့လည်း ဆက်သွယ်ထားတယ်… သူတို့ထဲမှာ အထွတ်အထိပ်မိစ္ဆာဘုရင်တွေ လစ်လပ်မနေဘူး… အဲဒီဘုရင်ဆယ်ပါးကျော်နဲ့ဆိုရင် ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးဖို့က လုံလောက်တာထက်ပိုနေပြီ”
ဘုရင်ကျင်းက ခဏမျှစဉ်းစားတွေးတောပြီးနောက် ပြောလိုက်၏။
“အဲလိုဆိုလည်း နောက်ထပ်ဘုရင်တချို့ကို ထပ်ပြီးခေါ်သွားဦး… မင်းက သူတို့ကို အဖိုးတန်တဲ့ ရတနာတချို့နဲ့ ကမ်းလှမ်းနိုင်တယ်… ဘုရင်သုံးဆယ်လောက် စုစည်းပြီးမှ တိုက်ခိုက်ကြ”
“အဲဒါက လွယ်ပါတယ်”
ဘုရင်အန်ရှစ်က ခေါင်းညိတ်ပြလိုက်သည်။
“လုံလောက်တဲ့ အကျိုးအမြတ်ပေးလိုက်တာနဲ့ သေချာပေါက်ငြင်းဆန်မှာမဟုတ်တဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ ဘုရင်တချို့ရှိတယ်”
“အဲဒါဆို သွားပြီးလုပ်တော့”
ဘုရင်ကျင်းက ပြုံးပြီးပြောလိုက်၏။
“မြန်လေပိုကောင်းလေပဲ… မင်းက အောင်ပွဲနဲ့အတူ ပြန်လာတာကို နန်းတော်ထဲကနေ ငါစောင့်နေမယ်”
ဘုရင်အန်ရှစ်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ဘုရင်ကျင်းသည် ဘုရင်အန်ရှစ်၏ နောက်ကျောကို ကြည့်ပြီး သူ၏ မျက်လုံးထဲရှိ ကျေနပ်သဘောကျမှုနှင့်အတူ ညင်သာစွာခေါင်းညိတ်လိုက်၏။
သူ၏ မျိုးဆက်များကြားမှာ အန်ရှစ်သည် အထူးချွန်ဆုံး အထက်မြက်ဆုံးဖြစ်လေသည်။
သူသည် နောက်ပိုင်းဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့သည့်အခါ အရည်အချင်းပြည့်မီပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆက်လက်အုပ်စိုးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူက အန်ရှစ်ဖြစ်လေသည်။