← Chapters

မဟာမိုးကောင်းကင်၏ အရှင်သခင် အပြောင်းအလဲ

Vol. 194 Ch. 2908

မဟာမိုးကောင်းကင်၏ အရှင်သခင် အပြောင်းအလဲ

Vol. 194 Ch. 2908

မိစ္ဆာမဟာနယ်မြေ၊ ထျန်ဟွမ်ဂိုဏ်းမှာ…

“အစ်ကိုဖုန့်… တောင်းပန်ပါတယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

“ကျုပ်တို့တွေ ဒုက္ခရောက်တုန်းက ကျုပ်တို့ကို ထျန်ဟွမ်ဂိုဏ်းက လက်ခံပေးထားခဲ့တယ်… အခု ကျုပ်တို့က ထွက်ခွာရတော့မယ်… ကျုပ် တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်”

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ နောက်ဘက်မှာ ကျင့်ကြံမှုအဆင့် မတူညီကြသော ကျင့်ကြံသူတစ်အုပ်စု ရှိနေ၏။ သူတို့က သူနှင့်အတူ ထျန်ဟွမ်ဂိုဏ်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။

ဖုန့်စန်းထျန်က ပြုံးရုံသာပြုံးပြီး မည်သည့်စကားမှ မဆိုပေ။

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ နောက်ဘက်မှာရှိသော ကျင့်ကြံသူများက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“ဒါပေမဲ့ အခု မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက မိစ္ဆာမဟာနယ်မြေကို သိမ်းပိုက်နိုင်လုနီးပါး ဖြစ်နေပြီ… ဒီအရှိန်အဟုန်ကို တားဆီးလို့ မရတော့ဘူး… ကျုပ်တို့က ပိုပြီးတော့ ကောင်းကောင်းရှင်သန်ဖို့ဆိုရင် အခြေအနေအရ အလိုက်သင့်မျှောပါပြီး မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးထံ အညံ့ခံနိုင်တယ်”

“ညီအစ်ကိုဖုန့်… ခင်ဗျား ဘာလို့ ဇွဲကောင်းနေသေးတာလဲ… ခင်ဗျား ဘာလို့….”

ဖုန့်စန်းထျန်က သူ၏ခေါင်းကို ညင်သာစွာ ခါပြပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“လူတိုင်းမှာ သူ့ရည်မှန်းချက်နဲ့သူ ရှိကြတာပဲ… တခြားဘာမှ ထပ်ပြောစရာ မလိုတော့ဘူး”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုစကားကိုကြားသောအခါ သူ၏ မျက်နှာက နီမြန်းသွားပြီး သူက ဆက်လက်၍ ဖျောင်းဖျမနေတော့ပေ။

“မကြာသေးခင်နှစ်တွေထဲ ထျန်ဟွမ်ဂိုဏ်းရဲ့ အနီးတဝိုက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံတွေနဲ့ ပညာရှင်တချို့ ရောက်လာတယ်… အစ်ကိုဖုန့်… သတိထားဦး”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ထပ်မံ၍ပြောဆိုပြီးနောက် လက်နှစ်ဖက်ယှက်ပြကာ သူ့နောက်ဘက်မှ လူတိုင်းနှင့်အတူ လှည့်ထွက်သွားလေသည်။

ဖုန့်စန်းထျန်က ထွက်ခွာသွားသော ကျင့်ကြံသူများကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေ၏။

ဤနှစ်များအားလုံးမှာ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် ထျန်ဟွမ်ဂိုဏ်းကို ထိမလာခဲ့သော်လည်း သူတို့ဂိုဏ်းသည် မိစ္ဆာမဟာနယ်မြေတစ်ခုလုံးနှင့် ယှဉ်လိုက်လျှင် အရမ်းကို အားနည်းလွန်းပြီး အရေးမပါ အရာမရောက်ပေ။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးချေမှုန်းလိုသည်ဆိုလျှင် သူလုပ်စရာရှိသည်မှာ အတွေးတစ်ချက်သာ ဖြစ်သည်။

အဲဒါက ဘယ်အချိန်မှာ ဖြစ်ပွားလာမည်ကို မည်သူကမှ မသိရပေ။ အဲဒါက အချိန်တစ်ခုမျှသာ ဖြစ်သည်။

ထိုကဲ့သို့သော ဖိအားအောက်မှာ ထျန်ဟွမ်ဂိုဏ်းကနေ ထွက်ခွာပြီး မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးထံ ဝင်ရောက်ဖို့ ရွေးချယ်သော ကျင့်ကြံသူများက ပို၍ပို၍ များပြားလာသည်။

ဒါ့အပြင် အထီးကျန်သိုင်းသခင်သည် ဤနှစ်များအားလုံးမှာ ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့ပေ။

တကယ်ဆို ထျန်ဟွမ်ဂိုဏ်းမှာ အထီးကျန်သိုင်းသခင်က သေဆုံးသွားပြီဟူသော ကောလာဟလများပင် ရှိလာခဲ့သည်။

ယခုအချိန်မှာ ထျန်ဟွမ်ဂိုဏ်းတွင် ဘုရင်ပညာရှင် အနည်းအကျဉ်းသာ ကျန်ရစ်ခဲ့လေသည်။

ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များကလည်း ထွက်ခွာကုန်ကြသည်။ ကျန်ရှိနေသော ကျင့်ကြံသူများအားလုံးနီးပါးက အောက်ဘုံလောကမှ တက်လှမ်းလာသူများ ဖြစ်ကြသည်။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး အုပ်စိုးသော မိစ္ဆာမဟာနယ်မြေက စွမ်းအားကြီးမားသော အင်အားစုကြီးတစ်ခုဖြစ်သော်လည်း အောက်ဘုံလောကမှ ကျင့်ကြံသူများသည် ထိုအဖွဲ့အစည်းသို့ ဝင်ရောက်မည်ဆိုလျှင် ကောင်းမွန်သောဘဝတစ်ခုကို ရရှိကြလိမ့်မည် မဟုတ်ပေ။

ထျန်ဟွမ်ဂိုဏ်းမှာသာ သူတို့သည် အဆင့်အတန်းခွဲခြားခံရခြင်းမရှိဘဲ မျှတစွာ ပြုမူဆက်ဆံခံရပြီး ကျင့်ကြံရေးအရင်းအမြစ်တချို့အတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စရာမလိုပေ။

ထျန်ဟွမ်ဂိုဏ်းမှာသာ သူတို့သည် လူသားများကဲ့သို့ ရှင်သန်နေထိုင်နိုင်လေသည်။

“သခင်က ဘယ်ရောက်နေတာပါလိမ့်… သူ့ဆီက ဘာသတင်းမှ မရောက်မလာတာ အတော်တောင်ကြာခဲ့ပြီ”

ကောင်းကင်ဘုံဝံပုလွေက လေးတွဲ့စွာ လျှောက်လှမ်းလာပြီး ညည်းတွားရေရွတ်လိုက်၏။

သူ၏ ဘေးမှာ ထျန်ဟွမ်ဂိုဏ်း၏ စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများဖြစ်သော မင်းကျန်၊ ယန်ပေးချန်၊ နတ်ဆိုးမကျိ၊ ချိုးစစ်လောနှင့် ကူထုံယိုတို့ ရှိနေသည်။

နတ်ဆိုးမကျိ၏ ကျင့်ကြံမှုနယ်ပယ်သည် အစကတည်းက တခြားသူများထက် ရှေ့ကိုရောက်နှင့်နေ၏။ သူမသည် မဟာဧကရီ တမလွန်ကိုးဘုံ၏ အမွေအနှစ်ကို ဆက်ခံရရှိထားခြင်းနှင့်အတူ သူမသည် နှစ်နှစ်ထောင်ကျော် ကျင့်ကြံပြီးနောက် ပကတိဧကနယ်ပယ်သို့ အရင်ဆုံး တက်လှမ်းလာနိုင်ခဲ့သည်။

ထို့နောက် မင်းကျန်နှင့် ယန်ပေးချန်ကလည်း ပကတိဧကနယ်ပယ်သို့ တက်လှမ်းခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးမှာ သူတို့ကိုယ်ပိုင်အခွင့်အလမ်းများ ရှိထားကြလေသည်။

မင်းကျန်သည် ဧကရာဇ်အာနန္ဒာနှင့် ကမ္ဘာ့ကွန်ချာဗောဒိသတ္တ၏ အမွေအနှစ်ကို ဆက်ခံရရှိထားသည်။ ယန်ပေးချန်က ဧကရာဇ်ပိုရွှင်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သည်။

ချိုးစစ်လောနှင့် ကူထုံယိုက အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အချိန်မရွေး အဆင့်ချိုးဖျက်တက်လှမ်းနိုင်ကြသည်။

“မပူပါနဲ့ စီနီယာဖုန့်… မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက ဒီနှစ်တွေအားလုံးထဲမှာ ထျန်ဟွမ်ဂိုဏ်းကို မထိခဲ့ဘူး… သူက နောက်လည်း တိုက်ခိုက်ချင်မှ တိုက်ခိုက်လိမ့်မယ်”

ဖုန့်စန်းထျန် စိုးရိမ်ပူပန်နေသည့်အရာကို လူတိုင်းက ပြောနိုင်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်၏။

ဖုန့်စန်းထျန်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး အဝေးတစ်နေရာကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“တကယ်တော့ ငါက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကို စိုးရိမ်နေတာ မဟုတ်ဘူး”

အင်မော်တယ်မိစ္ဆာချောက်နက်ဘက်တွင် ဘုရင်နှစ်ဆယ်ကျော်က စုဝေးရောက်ရှိနေကြသည်။ သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှဖြစ်ပြီး သူတို့ထဲမှာ သင်္ကန်းရုံထားသော ကိုယ်တော်တချို့လည်း ပါဝင်လေသည်။ သူတို့သည် သုခဘုံသန့်စင်ကုန်းမြေမှ လာခြင်းဖြစ်သည်မှာ သိသာနေသည်။

“ဘုရင်အန်ရှစ်… ကျုပ်တို့က ဘာကိုစောင့်နေရတာလဲ… ကျုပ်တို့ အခုပဲ လှုပ်ရှားကြရင် မကောင်းဘူးလား”

ဘုရင်တစ်ပါးက ပြောလိုက်၏။

“ကျုပ်တို့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ဆို ကျုပ်တို့က ထျန်ဟွမ်ဂိုဏ်းကို ချေမှုန်းဖျက်ဆီးလို့ရနေပြီ”

ဘုရင်အများစုက သာမန်ဘုရင်များဖြစ်ကြသည်။

အဲဒီမှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အထွတ်အထိပ် ကောင်းကင်ဘုရင်တစ်ပါး ရှိလေသည်။

“နည်းနည်းလောက် ထပ်စောင့်ကြဦးမယ်”

ဘုရင်အန်ရှစ်က ပြုံးပြလိုက်၏။

“မိစ္ဆာမဟာနယ်မြေက တာအိုရောင်းရင်းတချို့ ရောက်လာဖို့ ရှိသေးတယ်… သူတို့ထဲမှာ မိစ္ဆာဘုရင်ချုံး ပါတယ်… အားလုံးပဲ သူ့ကို ကြားဖူးမယ်လို့ထင်တယ်”

ဘုရင်များစွာက ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွားပြီး ခေါင်းညိတ်ပြလိုက်ကြ၏။

မိစ္ဆာဘုရင်ချုံး၏ အစစ်အမှန်ပုံစံက ရှေးဟောင်းကြမ်းကြုတ်တောကောင်တစ်ကောင် ချုံးချီဖြစ်သည်ဟု ဆိုလေသည်။ သူသည် အလွန်တရာသန်မာပြီး ခက်ထန်ကြမ်းတမ်းလေသည်။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ကျော်ကြားလာခဲ့သော အထွတ်အထိပ်မိစ္ဆာဘုရင်တစ်ပါး ဖြစ်လေသည်။

“ဘုရင်အန်ရှစ်… ခင်ဗျားက တိုက်ခိုက်ဖို့အတွက် မိစ္ဆာဘုရင်ချုံးကိုတောင် ဖိတ်ခေါ်နိုင်တယ်ဆိုတော့ တကယ့်ကို အထင်ကြီးစရာပါပဲ”

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ ဘုရင်တစ်ပါးက မြှောက်ပင့်ပြောဆိုလိုက်၏။

ယေဘုယျအားဖြင့် ဤအင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဘုရင်များကို အထက်လမ်းဂိုဏ်းသားများဟု ဆိုနိုင်ပြီး သူတို့သည် သားရဲများနှင့် မိစ္ဆာများကို နှိမ်နင်းသတ်ဖြတ်မည့်အကြောင်း ပြောဆိုလေ့ ရှိကြသည်။ သို့သော်လည်း သူတို့သည် မိစ္ဆာဘုရင်များနှင့် တကယ်တမ်းကြုံတွေ့မည်ဆိုလျှင် သူတို့က အလွယ်တကူ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

အကျိုးအမြတ်ရှိမည်ဆိုလျှင် သူတို့အနေဖြင့် တူညီသော ရည်မှန်းချက်တချို့အတွက် တစ်ဖက်အဖွဲ့နှင့်ပင် ပူးပေါင်းနိုင်ကြလေသည်။

“ညီအစ်ကိုခွမ်းဖုန်”

ဘုရင်အန်ရှစ်က လူအုပ်ကြားထဲမှ ဘုရင်တစ်ပါးကို ကြည့်ပြီး လက်နှစ်ဖက်ကို အနည်းငယ် ယှက်ပြလိုက်၏။

“ခင်ဗျားတို့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ပြီးခဲ့တဲ့နှစ်တွေအတွင်း နည်းနည်းဖရိုဖရဲဖြစ်နေတယ်လို့ ကျုပ်ကြားထားတယ်”

ဘုရင်ခွမ်းဖုန်က သွားဖြဲပြီး စုပ်သပ်ကာ ပြောလိုက်၏။

“ဖရိုဖရဲဖြစ်ရုံတင် ဘယ်ဟုတ်ပါ့မလဲ… မဟာမိုးကောင်းကင်နန်းတော်က အရှင်သခင်ပြောင်းလဲသွားပြီ”

အခြားသောဘုရင်များက ထိုစကားကို ကြားသောအခါ လှည့်ကြည့်လာကြ၏။

မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ တစ်ခုခုဖြစ်ပျက်နေသည်ကို သူတို့လည်း ကြားထားကြလေသည်။ ယခုအခါမှာသာ မဟာမိုးကောင်းကင်နန်းတော်က အရှင်သခင်ပြောင်းလဲသွားသည်ကို သူတို့သိရှိလိုက်ရသည်။

“အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်က ဘယ်ရောက်သွားတာလဲ”

ဘုရင်တစ်ပါးက မေးလိုက်သည်။

ဘုရင်ခွမ်းဖုန်က ပြောလိုက်၏။

“အရင်အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်က သေသွားပြီ… အခု အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်နေရာကို တခြားတစ်ယောက်က အစားထိုးဝင်ယူထားတယ်… မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးက သူ့ကိုလေးစားကြပြီး သူ့အမိန့်ကို နာခံကြတယ်”

“အရင်အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်ရဲ့မျိုးရိုးက အပြတ်ရှင်းခံလိုက်ရတယ်… သူ့ရဲ့မျိုးဆက်တွေအားလုံးကလည်း သတ်ဖြတ်ခံလိုက်ရပြီ”

ထိုစကားကို ကြားသောအခါ လူတိုင်းက ရင်တစ်ချက်ထိတ်သွား၏။

“ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းလိုက်လဲ”

“အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်အသစ်က ဘယ်သူလဲ… သူ့မှာ ဒီလိုမျိုးနည်းလမ်းတွေ တကယ်ပဲ ရှိနေတာလား”

“အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်က မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့တာ… သူတို့မှာ သန်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုရှိတယ်… သူက တခြားအင်မော်တယ်မဟာနယ်မြေက ဧကရာဇ်တွေနဲ့လည်း ဆက်ဆံရေးကောင်းရှိတယ်… တခြားဧကရာဇ်တွေက သူ့ကို ဝင်ကူမပေးကြဘူးလား”

ဘုရင်ခွမ်းဖုန်က ခေါင်းခါပြလိုက်၏။

“အင်မော်တယ်ဧကရာဇ် မဟာမိုးကောင်းကင်အသစ်က အရမ်းကို နာမည်ကြီးကျော်ကြားတယ်… သူက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ နှစ်ပေါင်းများစွာပိတ်မိနေပြီး မသေခဲ့ဘူးလို့ဆိုတယ်… အခုသူက စီးပိုးခြယ်လှယ်စွာနဲ့ ပြန်လာခဲ့ပြီ… တခြားအင်မော်တယ်မဟာနယ်မြေက ဧကရာဇ်တွေတောင်မှ သူနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”

“အဲဒီဧကရာဇ်ကို အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာလို့ ခေါ်တဲ့ပုံပဲ… သူက အစကတည်းက မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ မူလအုပ်ချုပ်သူဖြစ်ခဲ့ဖူးပဲ… အခု သူပြန်လာပြီဆိုတော့ သူက အရင်သူပိုင်ဆိုင်ခဲ့ဖူးတဲ့အရာကို ပြန်လုယူလိုက်ရုံပဲ”

ဘုရင်များက ထိုစကားကို ကြားသောအခါ ထပ်မံ၍ သက်ပြင်းချလိုက်ကြ၏။

မကြာသေးခင်နှစ်များမှာ စစ်ပွဲများသည် နေရာတိုင်းမှာ ပေါ်ထွက်လာပြီး ကောင်းကင်ဘုံကမ္ဘာကပင် တည်ငြိမ်အေးချမ်းမှု ရှိမနေတော့ပေ။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် မိစ္ဆာမဟာနယ်မြေမှာ ပေါ်ထွက်လာပြီး နေရာတိုင်းမှာ တိုက်ခိုက်နေခဲ့သည်။

ယခု မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဤကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာခဲ့ပြီး ဧကရာဇ်ပညာရှင်တစ်ဦးပင် သတ်ဖြတ်ခံခဲ့ရလေသည်။

“သုခဘုံသန့်စင်ကုန်းမြေကကော အခြေအနေဘယ်လိုရှိလဲ… ကိစ္စကြီးကြီးမားမား ဖြစ်သေးလား”

ဘုရင်အန်ရှစ်က ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုရင်များကို လှည့်ကြည့်ကာ မေးလိုက်၏။

“​အောမီတောဖော”

ဗုဒ္ဓကျောင်းတော်များမှ အထွတ်အထိပ်ကောင်းကင်ဘုံဘုရင်က သူ့၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဓမ္မအာလုတ်စကားတစ်ခုကို ရွတ်ဆိုလိုက်၏။ သူ၏ မျက်နှာပေါ်မှာ ကျေနပ်အားရမှု အကြည့်တစ်ခု ပေါ်ထွက်လာပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သုခဘုံသန့်စင်ကုန်းမြေက တည်ငြိမ်အေးချမ်းနေတယ်… ဗုဒ္ဓရဲ့ ကောင်းချီးပေးမှုနဲ့အတူ ကောင်းကင်အရှင် ဆဗြဟ္မလို ဉာဏ်ပညာကြီးမားတဲ့ အမျိုးသားတစ်ဦးက မွေးဖွားပေါ်ထွက်လာခဲ့တယ်”

“ကျုပ်က အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ ကောင်းကင်အရှင် ဆဗြဟ္မရဲ့ လမ်းညွှန်မှုကို ကျုပ်က လက်ခံရရှိခဲ့လို့ပဲ”

“ဂုဏ်ယူပါတယ်ဗျာ… ဂုဏ်ယူပါတယ်”

အခြားသောဘုရင်များက မနာလိုအားကျသော အမူအရာများနှင့်အတူ သူ့ကို ဂုဏ်ပြုပြောဆိုလိုက်ကြ၏။

ဗုဒ္ဓကျောင်းတော်များမှ ဘုရင်က ဆက်ပြောလိုက်၏။

“ဗုဒ္ဓကျောင်းတော်တွေက ဧကရာဇ်တချို့က ကောင်းကင်အရှင် ဆဗြဟ္မကို မနာလိုခဲ့ကြဘူး… သူတို့က ပူးပေါင်းပြီး သူနဲ့ တာအိုဆွေးနွေးငြင်းခုံမှုကိုတောင်မှ ပြုလုပ်ခဲ့ကြတယ်… ဒါပေမဲ့ သူတို့အားလုံး ရှုံးနိမ့်သွားတယ်”

“နောက်ဆုံးမှာတော့ သူတို့တွေက ကောင်းကင်အရှင် ဆဗြဟ္မကြောင့် ဉာဏ်အလင်းရပြီး သူ့ရဲ့တပည့်သာဝကတွေ ဖြစ်လာကြတယ်”

“အခု သုခဘုံသန့်စင်ကုန်းမြေကို ကောင်းကင်အရှင်ဆဗြဟ္မက ဦးဆောင်ထားတယ်… ကျုပ်တို့ ဗုဒ္ဓကျောင်းတော်တွေက ကိုယ်တော်တွေက မိစ္ဆာအရှင်ကမ္ဘာဖျက်ကပ်ဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ကြောက်နေမှာ မဟုတ်ဘူး”

“ကောင်းကင်အရှင်ဆဗြဟ္မက ဗုဒ္ဓပြန်ဝင်စားလာတာပဲ… သူက ဗုဒ္ဓကျောင်းတော်တွေရဲ့ ဒုတိယမြောက် မဟာဧကရာဇ်ဖြစ်လာပြီး ဗုဒ္ဓကျောင်းတော်တွေအတွက် ထွန်းတောက်တဲ့ခေတ်ကာလတစ်ခုကို ဖန်တီးပေးလိမ့်မယ်”

ဘုရင်အန်ရှစ်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဗုဒ္ဓကျောင်းတော်များမှ ဘုရင်၏ မျက်လုံးထဲမှာ ရိုသေလေးစားမှုနှင့် ကျေနပ်အားရမှုကိုသာမက အမြင်ကတ်စရာကောင်းသော အယူသန်မှုကိုပါ တွေ့မြင်နေရလေသည်။

All Chapters