စားစရာ
Vol. 194 Ch. 2910
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန့်စန်းထျန်၏ ကောင်းကင်လိုဏ်ဂူက ကြေမွသွားပြီး သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်လဲကျသွား၏။ သူ၏ နတ်ဆိုးနှိမ်နင်းလှံက ခပ်လှမ်းလှမ်းလို့ လွင့်ထွက်သွားပြီး ၎င်း၏ ရောင်ဝါက မှေးမှိန်သွားလေသည်။
“ဖုန့်စန်းထျန်… မင်းက ငါ့ရဲ့ အဝတ်စကိုတောင် မထိနိုင်ဘဲ ငါ့ကို သတ်ချင်သေးတယ်ပေါ့”
ဘုရင်အန်ရှစ်က ဒဏ်ရာများပရပွဖြင့်ပြည့်နှက်ပြီး ပြန်ထဖို့ ရုန်းကန်နေသည့် ဖုန့်စန်းထျန်ကို သရော်နေသော အမူအရာဖြင့် ကြည့်လိုက်၏။
တကယ်ဆိုသူသည် ကိုယ်တိုင်တိုက်ခိုက်စရာပင် မလိုပေ။ မိစ္ဆာဘုရင်ချုံးတစ်ဦးထဲကပင် ဖုန့်စန်းထျန်ကို အလွယ်တကူ ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။
ဖုန့်စန်းထျန်က မတ်တတ်ထမရပ်နိုင်ခင် အရိပ်တစ်ခုက သူ့အပေါ်ကို လွှမ်းခြုံလာခဲ့သည်။ မိစ္ဆာဘုရင်ချုံးက ချဉ်းကပ်လာခဲ့ပြီး သူ၏ ရင်ဘတ်ကို တက်နင်းကာ ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“မင်းရဲ့ ကလေးကလားတိုက်ခိုက်ရည်ခွန်အားနဲ့ မင်းကိုယ်မင်း ကောင်းကင်ဘုံအမျက်ဒေါသလို့ ဘယ်လိုတောင် ခေါ်ဆိုရဲတာလဲ”
မိစ္ဆာဘုရင်ချုံးက လှောင်ရယ်လိုက်သည်။
အစက ဖုန့်စန်းထျန်၏ ဦးဆောင်မှုနှင့်အတူ မင်းကျန်၊ ယန်ပေးချန်နှင့် အခြားသူများက တောင့်ခံထားနိုင်ဆဲဖြစ်သည်။
သို့သော်ယခု ဖုန့်စန်းထျန်က ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူတို့သည် မိစ္ဆာဘုရင်ချုံး၏ စိတ်ဝိညာဉ်အသိစိတ်ဖိနှိမ်မှုအောက်မှာ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
တကယ်ဆို ထိုကြောက်စရာကောင်းသော စွမ်းအားအောက်မှာ သူတို့၏ ခန္ဓာကိုယ်များက ပြိုလဲတော့မည့်ဆဲဆဲဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲကနေ တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာ၏။
ကွာဟချက်က အရမ်းကိုကြီးမားနေ၏။
မိစ္ဆာဘုရင်ချုံးသည် သူတို့အားလုံးကို သတ်ဖြတ်လိုသည်ဆိုလျှင် သူကအဲဒါကို ကိုယ်တိုင်လုပ်စရာပင် မလိုအပ်ပေ။ စိတ်ဝိညာဉ်အသိစိတ်တစ်ခုကပင် သူတို့အားလုံးကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
ဘုရင်အန်ရှစ်က မင်းကျန်၊ ယန်ပေးချန်နှင့် အခြားသူများကို လက်ညှိုထိုးပြီး ထုတ်ဖော်ကြေညာလိုက်၏။
“အဲဒီသူတွေက ထျန်ဟွမ်ဂိုဏ်းက စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးတွေပဲ… သူတို့တွေက မကြာသေးခင်နှစ်တွေမှာ ကျော်ကြားလာပြီး သူတို့ရဲ့ နာမည်ဂုဏ်သတင်းက အရမ်းကို ကြီးမားနေပြီ”
“ဟားဟားဟားဟား”
မိစ္ဆာဘုရင်ချုံးက မင်းကျန်၊ ယန်ပေးချန်နှင့် သူ၏ စွမ်းပကားအောက်မှာ ရုန်းကန်နေရသော အခြားသူများကို ကြည့်ပြီး သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။
“စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေတဲ့… တကယ့်ပေါက်တတ်ကရပဲ… ဘယ်လိုစံနှုန်းစံထားနဲ့ သတ်မှတ်ထားတာလဲ… ငါ့မျက်လုံးထဲမှာတော့ သူတို့တွေက ပုရွက်ဆိတ်တွေပဲ”
ဘုရင်အန်ရှစ်က စကားပြောတော့မည့်ဆဲဆဲမှာပင် သူ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွား၏။
သူ၏ မြင်ကွင်းထဲမှာ မြင့်မား၍ တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုက ဘုရင်ချုံး၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။ သူက အနက်ရောင်ဝတ်ရုံကိုခြုံထားပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
ဤလူက သူတို့ဘက်ကလူ မဟုတ်ပေ။
“အစ်ကိုချုံး…..”
ဘုရင်အန်ရှစ်က မိစ္ဆာဘုရင်ချုံးကို သတိပေးတော့မည့်ဆဲဆဲမှာပင် သူက ကြောက်စရာကောင်းသောမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။
မိစ္ဆာဘုရင်ချုံးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဆတ်ခနဲလှည့်လိုက်၏။
သို့သော်လည်း သူ၏ ခေါင်းကို လှည့်လိုက်သည့်ခဏမှာပင် ၎င်းသည် အနက်ရောင်ဝတ်အမျိုးသား၏ ဝါးမျိုခြင်းခံရပြီး သူ၏ လည်ပင်းက ကိုက်ဖြတ်ခံရကာ သွေးများက ပန်းထွက်လာ၏။
“စိတ်ခံစားချက်မိစ္ဆာတပ်မှူးတွေက မင်းရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေလား… ငါ့မျက်လုံးထဲမှာတော့ မင်းတို့တွေက စားစရာတွေပဲ”
“အင်း… အတော်တော့ ဝါးရသားပဲ.. ဒီအသားက နည်းနည်းမာပေမဲ့ အရသာကတော့ မဆိုးပါဘူး”
ဖျောက်… ဖျောက်…
အနက်ရောင်ဝတ်အမျိုးသားက ပါးလုတ်ပါးလောင်းဝါးနေပြီး မသဲမကွဲရေရွတ်ရင်း အရိုးများကျိုးကြေသံက ထွက်ပေါ်နေ၏။
မိစ္ဆာဘုရင်ချုံး၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်ဖို့အချိန်မရဘဲ ကိုက်ဝါးခံရကာ နေရာမှာပင် သေဆုံးသွားသည်။
အထွတ်အထိပ်ဘုရင်တစ်ပါး၏ ဦးခေါင်းက အရှင်လတ်လတ်ကိုက်ဖြတ်စားသောက်ခံလိုက်ရလေသည်။
ဒါ့အပြင် လက်ရှိဘုရင်များစွာကြားမှာ အနက်ရောင်ဝတ်အမျိုးသားသည် ဘယ်အချိန်မှာ ပေါ်ထွက်လာခဲ့သလဲ သို့မဟုတ် သူက မိစ္ဆာဘုရင်ချုံး၏ နောက်ဘက်မှာ မည်သို့မည်ပုံရောက်ရှိလာသလဲ မည်သူကမှ သတိမထားမိပေ။
“ခင်ဗျား..ခင်ဗျားက…”
ဘုရင်အန်ရှစ်၏ သူငယ်အိမ်က တင်းကျပ်သွားပြီး သူက တုန်ယင်နေသောအသံဖြင့် အနက်ရောင်ဝတ်အမျိုးသားကို လက်ညှိုးထိုးနေ၏။
သူသည် လူများသေဆုံးခြင်းကို အရင်က မတွေ့မြင်ဖူးခြင်းမဟုတ်ပေ။
သို့သော်လည်း တစ်စုံတစ်ယောက်က ဤကဲ့သို့သောပုံစံဖြင့် သတ်ဖြတ်ခံရသည်ကို သူက ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
မိစ္ဆာဘုရင်ချုံးသည် လုံလောက်အောင် ကြမ်းကြုတ်ခက်ထန်နေခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားနှင့်ယှဉ်လျှင် သူက ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
ထိုစဉ်မှာပင် အနက်ရောင်ဝတ်အမျိုးသားက သူ၏ ခေါင်းခြုံကို ဖယ်ရှားလိုက်ပြီး ဆိုးယုတ်၍ ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။ သူ၏ သွားကြားမှာ ရောထွေးနေသော အသားစများ၊ ဦးနှောက်ရည်များနှင့်အတူ သူက သွားဖြီးပြလိုက်၏။
အနက်ရောင်ဝတ်အမျိုးသားသည် ယက္ခိုသ်ယုနှင့် အခြားသူများနှင့်အတူ တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေ ထွက်ပြေးလာသော ယက္ခဘုရင်အကြောက်တရားဖြစ်လေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အင်မော်တယ်ယာဉ်ပျံကို သူထိန်းချုပ်ထားသော အလျင်အဟုန်အရ သူသည် ထျန်ဟွမ်ဂိုဏ်းကို ရောက်သင့်နေသည်မှာ ကြာခဲ့လေပြီ။ သို့သော်လည်း ထျန်ဟွမ်ဂိုဏ်းသို့လာရာလမ်းမှာ ကောင်းကင်ဘုံကမ္ဘာက ပညာရှင်များက မကြာခဏပေါ်ထွက်လာတတ်ပြီး နေရာတိုင်းမှာ စုံစမ်းထောက်လှမ်းနေ၏။
ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ယက္ခဘုရင်အကြောက်တရားသည် မကြာမကြာ ပုန်းလျှိုးပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ကင်းထောက်များ ထွက်ခွာသွားသည့်အခါမှသာ ဆက်လက်၍ ခရီးထွက်လာခဲ့သည်။ ထို့ကြောင့်ပင် သူက လမ်းခရီးမှာ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။
ထျန်ဟွမ်ဂိုဏ်းမှာ အစက နေရာတကာ လိုက်လံသတ်ဖြတ်နေသော ဘုရင်များသည် ဘာ့ကြောင့်ရယ်မသိ ကြက်သီးမွေးညင်းထလာပြီး အလိုလိုရပ်တန့်ကာ လှည့်ကြည့်လိုက်ကြသည်။
ဟာ…
ထို့နောက် ဘုရင်များသည် ယက္ခဘုရင်အကြောက်တရား၏ ရုပ်ရည်သွင်ပြင်ကို တွေ့မြင်သောအခါ သူတို့က အလိုလိုပင့်သက်ရှိုက်လိုက်ကြ၏။
တစ္ဆေယက္ခတစ်ကောင်။
မိစ္ဆာဘုရင်ချုံးသည် ဤတစ္ဆေယက္ခ၏ အရှင်လတ်လတ်ဝါးမျိုစားသောက်ခြင်းခံလိုက်ရ၏။
ယက္ခမျိုးနွယ်အများစုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ အကျဉ်းချခံထားရလေသည်။
တကယ်တော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ပြန့်ကျဲနေသော တစ္ဆေယက္ခများနှင့် အခြားသော ဆိုးယုတ်မိစ္ဆာတချို့ ရှိကြလေသည်။ သူတို့က အနည်းအကျဉ်းသာဖြစ်ပြီး အရေးမပါ အရာမရောက်သောကြောင့် မွန််မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့ကို အရေးလုပ်မနေပေ။
ဥပမာအားဖြင့် မဟာထျဲဝေတောင်၏ အဆူရာကျောင်းတော်အောက်မှာ အဆူရာတစ်ကောင်ကို ဖိနှိမ်ထားလေသည်။
သို့သော်လည်း ဤနယ်ပယ်ထိ ကျင့်ကြံထားသည့် တစ္ဆေယက္ခများက အရမ်းကို ရှားပါးသည်။
“မိုက်သားပဲ”
မိစ္ဆာဘုရင်ချုံး၏ ဦးခေါင်းကို ကိုက်ဝါးနေသော ယက္ခဘုရင်အကြောက်တရားက စိတ်လှုပ်ရှားတက်ကြွသော အမူအရာနှင့် သူ၏ မျက်လုံးထဲရှိသွေးဆာရက်စက်မှုနှင့်အတူ သွားဖြီးပြလိုက်သည်။
ဘုရင်အန်ရှစ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ စိတ်ကိုတည်ငြိမ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်၏။
“ယက္ခမျိုးနွယ်က တာအိုရောင်းရင်း… ဒါက ကျုပ်တို့နဲ့ ထျန်ဟွမ်ဂိုဏ်းကြားက ရန်ငြိုးရန်စပဲ… ကျေးဇူးပြုပြီး ဝင်မပါစမ်းပါနဲ့ဗျာ”
မိစ္ဆာဘုရင်ချုံးသည် သူတို့ဘက်မှာရှိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ ထိုသူက သေဆုံသွားခဲ့ပြီဖြစ်သည်။
ဘုရင်အန်ရှစ်သည် မိစ္ဆာဘုရင်ချုံး၏ သေဆုံးမှုကြောင့် ဤမွန်းစတားကို ရန်မစချင်ပေ။ ထို့ကြောင့် သူ၏ လေသံက အနည်းငယ်အားပျော့နေ၏။
ဘုရင်အန်ရှစ်က ပြောလိုက်၏။
“ကျုပ်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက အမွေဆက်ခံသူပဲ… တာအိုရောင်းရင်း ခင်ဗျားကျုပ်ကို မျက်နှာသာပေးလိုစိတ်ရှိမယ်ဆိုရင် ကျုပ်က ခင်ဗျားကို ရက်ရက်ရောရောဆုလာဘ်တွေ သေချာပေါက်ချီးမြှင့်ပေးမယ်”
ယက္ခဘုရင်အကြောက်တရားက ထူးဆန်းစွာပြုံးလိုက်၏။
“ရက်ရက်ရောရောဆုလာဘ်တွေမလိုပါဘူး”
“မင်းအသက်က အကောင်းဆုံးဆုလာဘ်ပဲ”
ဘုရင်အန်ရှစ်သည် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ ရင်ထဲရှိ အမျက်ဒေါသကို ဖိနှိမ်လိုက်၏။ သူက ကြိုးစား၍ ပြုံးပြီးပြောလိုက်၏။
“တာအိုရောင်းရင်း ခင်းဗျားနောက်နေတာပဲဖြစ်ရမယ်”
“ဟီးဟီးဟီး...”
ယက္ခဘုရင်အကြောက်တရားက သွားဖြီးပြီး သူ၏ နှုတ်ခမ်းကို နီရဲနေသော လျှာဖြင့် သပ်လိုက်၏။ သူက ဘုရင်အန်ရှစ်ကို မကောင်းဆိုးဝါးဆန်ဆန်စိုက်ကြည့်ပြီး ပြောလိုက်၏။
“ငါဘယ်သူလဲ မင်းသိလား”
“ကျုပ်မသိဘူး”
ဘုရင်အန်ရှစ်က တွေဝေသွားလေသည်။
ယက္ခဘုရင်အကြောက်တရားက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါက စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေထဲက ဘုရင်အကြောက်တရားပဲ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဘုရင်အန်ရှစ်နှင့် အခြားသော ဘုရင်သုံးဆယ်ကျော်ကျော်၏ အမူအရာများက သိသိသာသာပြောင်းလဲသွားလေသည်။
သူတို့က အိုးတိုးအမ်းတမ်းအမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ဘုရင်အကြောက်တရားလား။
ထျန်ဟွမ်ဂိုဏ်းမှာ ဘုရင်အကြောက်တရားဆိုတာရှိလို့လား။
ဘုရင်အန်ရှစ်၏ စိတ်ကလည်း ရှုပ်ထွေးနောက်ကျိနေ၏။
ယက္ခမျိုးနွယ်၏ ပေါ်ထွက်လာမှုသည် သူ၏ အစီအစဉ်ကို လုံးလုံးလျားလျားဖျက်ဆီးနှောက်ယှက်လိုက်ပြီး အဲဒါက သူရရှိထားသည့် သတင်းအချက်အလက်နှင့် ကွဲပြားနေသည်။
ထျန်ဟွမ်ဂိုဏ်းမှာ ဘုရင်အကြောက်တရားက ဘယ်တုန်းက ပေါ်ထွက်လာခဲ့တာလဲ။
သို့သော်လည်း သူကအဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားကြည့်သည့်အခါ စိတ်ခံစားချက်ခုနှစ်မျိုးဆိုသော်လည်း သူသိရှိထားသည့် မိစ္ဆာတပ်မှူးများက တကယ်ပင် ခြောက်ဦးသာရှိလေသည်။
သဘောတရားအရဆိုရင် နောက်ထပ်ဘုရင်အကြောက်တရားဆိုတာ ရှိသင့်လေသည်။
သို့သော်လည်း ဤဘုရင်အကြောက်တရားသည် အရင်က ဘာ့ကြောင့် ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့တာလဲ။
ဘုရင်အန်ရှစ်မပြောနှင့် ဖုန်စန်းထျန်၊ မင်းကျန်၊ ယန်ပေးချန်၊ နတ်ဆိုးမကျိနှင့် ထျန်ဟွမ်ဂိုဏ်းမှ အခြားသူများပင် နေရာမှာပင် မှင်တက်ပြီး တွေဝေနေကြ၏။
ဖောက်…
ထိုစဉ်မှာပင် လေထဲကနေ ထိုးဖောက်ခံလိုက်ရသောအသံတစ်သံထွက်ပေါ်လာပြီး သွေးများက ပန်းထွက်လာ၏။
ရုတ်တရက် ယက္ခဘုရင်အကြောက်တရားက နေရာကနေ ပျောက်ကွယ်သွားပြီး သာမန်အင်မော်တယ်ဘုရင်တစ်ပါး၏ ရှေ့မှာ ပေါ်ထွက်လာ၏။ သူက လက်လှမ်းပြီး အင်မော်တယ်ဘုရင်၏ ဦးခေါင်းကို ခြေမွှကာ အသား၊ ဦးနှောက်ရည်နှင့် အမြုတေစိတ်ဝိညာဉ်တို့ကို သူ၏ ပါးစပ်ထဲသို့ လုံးထွေးကာ ပစ်ထည့်လိုက်၏။
ဒုတိယမြောက်ဘုရင်တစ်ပါး သေဆုံးသွားသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ယက္ခဘုရင်အကြောက်တရားက နောက်တစ်ဖန်ပျောက်ကွယ်သွားသည်။
သူ၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်လေသည်။
တစ္ဆေသရဲတစ်ကောင်ကဲ့သို့ သူ၏ လှုပ်ရှားရာလမ်းကြောင်းကို သာမန်မျက်လုံးဖြင့် မတွေ့မြင်နိုင်ပေ။
“သတိထားကြ”
“ဟိုမှာပဲ”
“မဟုတ်ဘူး.. သူငါ့ဘက်မှာ.. အား”
ခပ်စူးစူးအော်သံက ယတိပြတ်ရပ်တန့်သွားသည်။
ဗုဒ္ဓကျောင်းတော်များမှ နောက်ထပ်ကောင်းကင်ဘုံဘုရင်တစ်ဦးက သေဆုံးသွားပြီး သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းဆုတ်ဖြဲခံရကာ လေထဲကနေ ပြုတ်ကျလာ၏။
ဘုန်း…
ဘုရင်တစ်ပါးက သူ၏ ကောင်းကင်လိုဏ်ဂူကို အလောတကြီးထုတ်ဖော်လိုက်သော်လည်း ၎င်းသည် သူ၏ အသွေးအသားခန္ဓာနှင့်အတူ ယက္ခဘုရင်အကြောက်တရား၏ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရ၏။
ထို့နောက် ထိုဘုရင်သည် အသားပုံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ထျန်ဟွမ်ဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များကိုမပြောနှင့် လက်ရှိဘုရင်များပင်လျှင် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော သတ်ဖြတ်ခြင်းနည်းလမ်းများကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
တစ္ဆေယက္ခသည် သူတို့ကို စွမ်းအားကြီးမားသော ဘုရင်များအဖြစ် လုံးဝပြုမူဆက်ဆံနေခြင်းမရှိပေ။ ထိုအစား သူက သူတို့ကို စားစရာအဖြစ် သဘောထားနေ၏။
ဘုရင်အန်ရှစ်သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ရုတ်တရက်နားလည်သဘောပေါက်လိုက်သည်။
အစကတော့ သူတို့သည် မုဆိုးများဖြစ်နေခဲ့ကြသည်။ သို့သော်ယခု သူတို့က သားကောင်များဖြစ်လာခဲ့လေပြီ။