ဒေါသထွက်စရာ ပါရမီ
Vol. 47 Ch. 646
ထို နတ်ဆိုးဘုရင်များမှာ အရူးများ မဟုတ်ကြပါချေ။
လောထျန်းက နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်အား အလွယ်တကူ ဖွင်ခဲ့သည်ကို သူတို့ မြင်ခဲ့ရပြီး... ယခုလည်း နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်းကို သယ်ပြီး ပြန်ထွက်လာရာ...
သူတို့သည်သာ အဓိပ္ပါယ်မဲ့စကားများ ပြောလိုက်ပါက... မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ဘာမှ မခြားတော့ပါချေ။
ဤသို့ဖြင့် နတ်ဆိုးဘုရင်များ၏ လမ်းပြဦးဆောင်မှုနှင့်အတူ လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်း အစီအမံရှေ့ ရောက်သွားသည်။
" ကျုပ်ကို ကုချန်ကျောင်းတော်ဆီ ပို့ပေးပါ "
လောထျန်းက အေးဆေးပြော၏။
" ဟုတ်ကဲ့ပါ သခင်လေး "
နတ်ဆိုးဘုရင်မှာ အခြားစကားများ ပြန်မပြောရဲဘဲ တည်နေရာရွှေ့ပြောင်းအစီအမံအား ချက်ချင်း အသက်သွင်းလိုက်သည်။
ဝီ...
ထို့နောက်.. အလင်းတန်းတစ်ချက် လက်ကာ လောထျန်း နေရာမှ ပျောက်ကွယ်သွားသည်။
နတ်ဆိုးဘုရင် များစွာပင် မြေပြင်သို့ လဲကျသွားကြပြန်တော့၏။
တဖက်ရှိ.. ကုချန်ကျောင်းတော်၌...
" သခင်လေး လောထျန်း ခရီးမှာ အဆင်ရောပြေရဲ့လား မသိဘူး.. "
သခင်ကြီးကုချန်က လက်ထဲမှ ပုတီးကိုစိတ်နေရင်း ရေရွတ်သည်။
ထိုစဥ်မှာပင်..
ဝီ...
တည်နေရာရွှေ့ပြောင်း အစီအမံရှေ့တွင် အလင်းတန်းတစ်ခု လင်းလာကာ လောထျန်း ပြန်ရောက်လာ၏။
" ဟင်.. သခင်လေးလောထျန်း ၊ ပြန်ရောက်လာတာ မြန်လိုက်တာ..... "
သခင်ကြီးကုချန်မှာ ပြောနေရင်းပင် လောထျန်းလက်ထဲမှ နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်းကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထို့နောက်တွင်.. သူ ရုတ်တရက် နောက်သို့ ခြေလှမ်းများစွာ ဆုတ်မိသွား၏။
" ဒါ.. မြန်လိုက်တာ.. "
သူ အလွန်လည်း တုန်လှုပ်နေတော့သည်။
လောထျန်းက နတ်ဆိုးနတ်ဘုရားကြီးအား ကိုင်တွယ်နိုင်မည်ကို သူ့စိတ်ထဲ မျှော်လင့်ပြီးသားပါပင် ...
သို့သော် ဤမျှ မြန်လိမ့်မည်ဟုမူ ထင်မထားခဲ့ပါ ။
" ဟုတ်တယ် ၊ ဖြစ်ချင်တော့.. သူက တာအိုကမ္ဘာသစ်သီးကို စောင့်နေတာနဲ့ သွားတိုးတယ်လေ ။ အဲ့ဒါနဲ့ ကျုပ်လဲ သူ့ကို တစ်ခါတည်း ရှင်းပစ်ခဲ့တာပဲ "
လောထျန်း ပြန်ပြောလိုက်သည်။
" တာအိုကမ္ဘာသစ်သီး.... အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်လား... ။ သခင်လေး ရခဲ့ပြီလား "
သခင်ကြီးကုချန် ပြန်မေးလိုက်၏။
လောထျန်း ခေါင်းညိတ်ပြသည်။
" ရခဲ့ပြီ "
သခင်ကြီးကုချန်က စိတ်ဝင်တစား ဆက်မေးလာ၏။
" ဘယ်နှစက် ရခဲ့လဲ သခင်လေး.. သုံးစက်လား "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
" သုံးစက် မဟုတ်ဘူး.. ။ ဒါဆို.. အနည်းဆုံး နှစ်စက်တော့ ရခဲ့မှာပေါ့ "
သခင်ကြီးကုချန် ဆက်မေးသည်။
လောထျန်းက ခေါင်းယမ်းပြပြန်၏။
သခင်ကြီးကုချန် မျက်မှောင်ကြုံ့ပြီး သက်ပြင်းချလိုက်သည်။
" အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်လို ရတနာမျိုးက တကယ်လဲ ရဖို့မလွယ်ဘူးဗျ ။ တစ်စက်တည်း ရခဲ့တယ်ဆိုရင်တောင်.. မနည်းလှဘူး "
ထိုစကားကို ကြားသော လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံးပြီးနောက် လက်ယမ်း၍ သူရခဲ့သော နတ်ဆိုးဆေးရည်များကို ထုတ်လိုက်သည်။
" ဒါ.... "
သခင်ကြီးကုချန် လုံးဝ မှင်သက်သွားရတော့၏။
သူ အစောက နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်းကို တွေ့ခဲ့စဥ်ထက်ပင် ပိုတုန်လှုပ်စရာ ကောင်းနေပါတကား...
" ဘယ်လို.. ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ သခင်လေး
"
သူ လောထျန်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူတို့ကမ္ဘာတွင် ဟိုးရှေးခေတ်မှစ၍ ယနေ့ထိတိုင် ဤမျှ များပြားလှသော အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်အား မြင်ဖူးသူ တစ်ယောက်မှ မရှိခဲ့ပါ ။
လောထျန်းက သူ့အမေးကို ပြန်ဖြေ၏။
" ဘာမှ မခက်ဘူးဗျ ။ ကျုပ် အဲ့နေရာမှာ ကျင့်ကြံရုံပဲ ကျင့်ကြံခဲ့တာ "
တဖက်မှ သခင်ကြီးကုချန်မှာကား မှင်တံနှင့် စာရွက်တစ်ခုကို အသင့်ထုတ်၍ ဂရုတစိုက် မှတ်သားရန် ပြင်နေရှာပါသည်။
" အိုး. ကျင့်ကြံတာလား ၊ အရင်က အဲ့လိုလုပ်ဖူးတဲ့သူ နည်းနည်းတော့ ရှိဖူးတယ်ဗျ ။ အသေးစိတ်လေး ပြောပြပါဦးဗျာ "
သူ လောထျန်းအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
လောထျန်းက ဆက်ပြော၏။
" အသေးစိတ်လား... ကျုပ်က အရင်ဆုံး စိတ်စွမ်းအင်ကို စုပ်ယူလိုက်တော့ အဲ့နေရာက စိတ်စွမ်းအင်တွေ တစ်ဝက်ကျော်လောက် ကုန်သွားတယ်ဗျ ။ ပြီးတော့ ဓားတစ်ချက်တည်းနဲ့ အဲ့က လေထုကို နှစ်ပိုင်းဖြတ်လိုက်ရော ။ နောက်တော့ အဲ့က စိတ်ဝိဥာဥ်က သူ့မှာ ရှိတဲ့ နတ်ဆိုးဆေးရည်တွေ အကုန်လုံး ထုတ်ပေးလာတာပဲ "
သခင်ကြီးကုချန်မှာ လောထျန်းကို ကြည့်နေရင်း သူ့လက်ထဲမှ စာရွက်နှင့် မှင်တံအား မြေကြီးပေါ် ပစ်ချလိုက်တော့သည်။
ထိုနည်းကို သူမည်သို့ မှတ်သားရပါမည်နည်း...
" ကောင်းပါပြီဗျာ ။ ဒါဆို... မိန်းကလေး လုံကို သွားတွေ့ရအောင် သခင်လေး "
သခင်ကြီးကုချန်မှာ ထိုအကြောင်းကို ဆက်ပြောချင်စိတ် မရှိတော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။
လောထျန်းက ခေါင်းညိတ်ပြီး သခင်ကြီးကုချန်နှင့်အတူ ကုချန်ကျောင်းတော်ထဲ ပြန်သွားလိုက်ကြသည်။
ဝုန်း...
သူတို့နှစ်ဦးသား ထိုနေရာသို့ ခြေချလိုက်သည်နှင့် ကြောက်မက်ဖွယ် မီးအရောင်အဝါတစ်ခုကို ရုတ်ချည်း ခံစားလိုက်ရ၏။
" အစွမ်းထက်လိုက်တာ... "
သခင်ကြီးကုချန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူ သေချာကြည့်လိုက်ရာ လုံယီရွှယ်က ထွင်းစာတစ်ခုအား သူမကိုယ်ထဲသို့ စုပ်ယူ သန့်စင်နေသည်ကို မြင်လိုက်ရသည်။
ထိုထွင်းစာမှာ မီးအစွမ်း ဖြစ်ကြောင်း အသိသာပါပင်..
၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် အကယ်၍ ၎င်း
ထွင်းစာသာ သူ့ကိုယ်ပေါ် ကျလာပါက သူ့အသက် ဆုံးသွားနိုင်ကြောင်း... သခင်ကြီးကုချန် ချက်ချင်း နားလည်လိုက်သည်။
ဝီ..
ထိုစဥ်မှာပင် လုံယီရွှယ်က ထွင်းစာအား သူမကိုယ်ထဲသို့ စုပ်ယူ၍ပြီးသွားကာ လောထျန်းတို့နှစ်ယောက်အား လှည့်ကြည့်လာသည်။
" ဟင်... ပြန်ရောက်တာ မြန်လိုက်တာ "
သူမ လောထျန်းကိုကြည့်ရင်း တအံ့တသြ ရေရွတ်ပြီး တံတွေးမြိုချလိုက်၏။
လောထျန်းကလည်း ချက်ချင်း သဘောပေါက်ကာ နတ်ဆိုးနတ်ဘုရားကြီး၏ အတွင်းအမြုတေအား ထုတ်လိုက်သည်။
ဝုန်း...
တခဏအတွင်းမှာပင် ထိုနေရာတစ်ခုလုံး အားပြင်းသော အစွမ်းတစ်ခုဖြင့် ပြည့်သွား၏။
" အရောင်အဝါက.. အစွမ်းထက်လိုက်တာ.. "
လုံယီရွှယ်မှာ အတွင်းအမြုတေကို မြင်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
ထိုအမြုတေကိုသာ သန့်စင်လိုက်ပါက သူမ ကျင့်ကြံခြင်း အဆင့်တက်သွားမည်ဟုလည်း ယုံကြည်ချက် အပြည့်ရှိပါ၏။
" ဒါကို အလောတကြီး မသန်စင်လိုက်နဲ့ဦးနော် ။ ဒါနဲ့.. မင်း ဒီမှာ ဘာတွေရခဲ့လဲ "
လောထျန်း မေးလိုက်သည်။
လုံယီရွှယ်က သူ့စကားကြောင့် သူမ၏ အတွေးကို အတင်းချုပ်တည်းလိုက်ရပုံပေါ်ကာ ပြန်ပြောသည်။
" ဒီ ထွင်းစာတွေက အပေါ်ကမ္ဘာက နဂါးမျိုးနွယ်စု ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေပဲ ။ အင်မတန်ကို အစွမ်းထက်တယ် "
" အပေါ်ကမ္ဘာမှာရော နဂါးတွေ ရှိတာလား "
လောထျန်း အံ့သြတကြီး ပြန်မေးလိုက်၏။
ဤတစ်ကြိမ်တွင်မူ လုံယီရွှယ် ပြန်မပြောနိုင်ခင် သခင်ကြီးကုချန်က ဝင်ရှင်းပြသည်။
" ဒါပေါ့ဗျ ၊ နဂါးမျိုးနွယ်စုက ထျန်းယွမ်ကမ္ဘာမှာပဲ ရှိတာမဟုတ်ဘူး သခင်လေးရဲ့ ။ အပေါ်ကမ္ဘာမှာ ရှိသလို.. တခြားကမ္ဘာတွေမှာလဲ ရှိတယ်.. ထျန်းမင်ကမ္ဘာမှာတောင် ရှိသေးတယ် ။ ဒါပေမယ့် ထျန်းမင်ကမ္ဘာက နဂါးတွေကတော့ မင်မျိုးဆက်တွေဗျ ။ ကောင်းကင်ဘုံနဂါး မျိုးဆက်ကတော့ အပေါ်ကမ္ဘာမှာ မရှိတော့တာ ကြာလှပြီ ။ သခင်လေးတို့ ထျန်းယွမ်ကမ္ဘာက နောက်ဆုံးကျန်တဲ့နေရာ ဖြစ်မှာပဲ "
" ထျန်းမင်ကမ္ဘာ .... "
ထိုအမည်ကို ကြားသည်နှင့် လောထျန်းတစ်ယောက် ချက်ချင်း မျက်နှာတည်သွားသည်။
နတ်ဆိုးနတ်ဘုရားကြီး ပြောခဲ့သည့် စကားများကိုလည်း ပြန်အမှတ်ရကာ သူ့စိတ်ထဲ ဖိအားကြီးတစ်ခု ရှိနေသလို ခံစားလိုက်ရ၏။
" လောထျန်း ၊ ဘာဖြစ်လို့လဲ... "
လုံယီရွှယ်က သူ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားကာ စိုးရိမ်တကြီး မေးလာသည်။
လောထျန်း ချက်ချင်းပြုံး၍ ပြန်ပြောလိုက်၏။
" ဘာမှ မဟုတ်ပါဘူးကွာ ။ မင်း ရခဲ့တဲ့ ထွင်းစာတွေအကြောင်း ဆက်ပြောပြပါဦး "
လုံယီရွှယ်၏ မျက်နှာလေး အရောင်လက်သွားပြီး ပြန်ပြောသည်။
" ဒီ နဂါးထွင်းစာတွေအားလုံးက အရမ်း အစွမ်းထက်ကြပေမယ့်.. ကျွန်မ အကြိုက်ဆုံးက ဒီ သုံးခုပဲ "
သူမ ပြောပြီး လက်ယမ်းလိုက်ရာ သူမလက်ဝါးထဲမှ ထွင်းစာသုံးလုံး ထွက်လာသည်။
" ပထမတစ်ခုက ရေခဲနဂါးထွင်းစာပဲ ။ အဲ့ထဲမှာ အစွမ်းအထက်ဆုံးနဲ့ အားအပြင်းဆုံး ရေခဲနဂါးမျိုးနွယ်ရဲ့ သိုင်းကျင့်စဥ်တွေပါတယ် ။ ကျွန်မ အမွေဆက်ခံရခဲ့တာတွေထက်တောင် ပိုအစွမ်းထက်တယ်ရှင့် ။ ဒါပေမယ့်.. အချိန်သိပ်မရတော့ ကျွန်မရဲ့ ကိုယ်ထဲကိုပဲ စုပ်ယူထားခဲ့ရတာ ။ အစွမ်းကို သေချာမကြည့်ရသေးဘူး "
ထို့နောက် သူမ ဒုတိယထွင်းစာကို ညွှန်ပြကာ
စကားဆက်၏။
" ဒါကတော့ မိုးကြိုးနဂါး ထွင်းစာပဲ ။ အဲ့ထဲမှာပါတဲ့ အမွေအနှစ်ရဲ့ အစွမ်းက အစွမ်းအထက်ဆုံး ကောင်းကင်ဘုံပျက်စီးခြင်းနဲ့တောင် ယှဥ်လို့ရတယ် ။ အဲ့ထဲမှာပါတဲ့ အမွေအနှစ်တွေ အားလုံးကိုသာ ကျွန်မ ကျင့်ကြံပြီးသွားရင် ကောင်းကင်ဘုံပျက်စီးခြင်းကို ဘာမှ ကြောက်စရာမလိုတော့ဘူး "
ပြီးနောက်... နောက်ဆုံးထွင်းစာကို ညွှန်ပြကာ သူမ ဆက်ပြောသည်။
" ဒါပေမယ့်.. ထွင်းစာအားလုံးထဲမှာတော့ ဒီ မီးနဂါးထွင်းစာက အစွမ်းအထက်ဆုံးပဲ "
" ဒီထဲမှာ မီးနဂါးမျိုးနွယ်စုရဲ့ အမွေအနှစ်တွေအားလုံး ပါရုံတင်မကဘူး ၊ ကောင်းကင်ဘုံ မီးတောက်တစ်ခုလဲ ပါတယ် "
" ကောင်းကင်ဘုံမီးတောက်.. ဟုတ်လား "
လောထျန်း နားမလည်ဖြစ်သွား၏။.
လုံယီရွှယ်က ပြန်ပြောသည်။
" အမှန်ပဲ... မှတ်တမ်းထဲမှာ ပါတာတော့ ဒီကောင်းကင်ဘုံမီးတောက်ရဲ့အစွမ်းက သာမာန် မ
သေမျိုးတစ်ယောက်ကို သတ်ပစ်နိုင်အောင် လုံလောက်တယ်တဲ့ ။ သေချာသာ သုံးရင် အစွမ်းက အဲ့ထက် အများကြီး ပိုကြောက်စရာကောင်းမှာ "
လောထျန်း ခေါင်းညိတ်လိုက်သော်လည်း.. စိုးရိမ်မကင်းဟန်ဖြင့် ပြောသည်။
" မင်းအနေနဲ့ အဲ့လိုမတူတဲ့ အစွမ်းတွေပါတဲ့ အမွေအနှစ်တွေအားလုံးကို ကျင့်ကြံလို့ အဆင်ပြေပါ့မလား "
လုံယီရွှယ်က အပြုံးဖြင့် ပြန်ပြော၏။
" ဘာပြဿနာ မရှိနိုင်ဘူးရှင့် ။ ကျွန်မက ကောင်းကင်ဘုံနဂါး မျိုးဆက်တစ်ယောက်ဆိုတော့.. နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်တွေကို ကျင့်ကြံရာမှာ ဘာအခက်ခဲမှ မရှိနိုင်ဘူး ။ ရလာမယ့် အကျိုးဆက်ကလဲ သူတို့မျိုးနွယ်ကသူ ကျင့်ကြံတာထက်တောင် ပိုကောင်းမှာ "
ဘေးတွင်ရပ်ပြီး သူတို့စကားများကို နားထောင်နေသည့် သခင်ကြီးကုချန်မှာ မနေနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်လိုက်တော့သည်။
ဘီလူးကြီးဘေးတွင် နောက်ဘီလူးတစ်ကောင် ရှိနေခြင်းက မထူးဆန်းဟုပဲ ပြောရလေမလား..
သူတို့၏ ပါရမီမှာ ဒေါသထွက်ချင်စရာကြီးပင်..
သို့သော် တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" ငါ့စိတ်ထဲမှာတော့ နည်းနည်း ဘေးမကင်းဘူးလို့ပဲ ထင်နေတယ်။ ရော... ဒါကို အရင်သောက်ကြည့်လိုက်ပါလား "
လောထျန်းက ပြောပြောဆိုဆိုပင် ဟင်းလင်းပြင်လက်စွပ်ထဲမှ ခွက်တစ်ခုကို ထုတ်ပြီး အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်များ လောင်းထည့်လိုက်သည်။
သခင်ကြီးကုချန်မှာ ၎င်းကိုကြည့်ရင်း စိတ်ထဲ သံသယမကင်း ဖြစ်သွား၏။
ထိုခွက်ထဲမှ ရေ ကို သူ မြင်ဖူးနေသလိုပင်..
ထို့နောက်တွင်မူ.. သူ အသိပြန်ဝင်လာသည်။
၎င်းမှာ ရေ မဟုတ်ပါချေ...
အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ပါပင်...
ထိုခွက်ထဲမှ ဆေးရည် အစက်တစ်ရာပင် ကျော်မည်ထင်ပါ၏။
ဤမျှ များလှသော ဆေးရည်များကို ဒီတိုင်းကြီး သောက်မလို့တဲ့လား...
သူ အချိန်မှီတားရန်အတွက် စကားဟလု ဆဲဆဲမှာပင်...
လုံယီရွှယ်က ခွက်ကို ယူကာ ဆေးရည်များအားလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်ပါ၏။
ဝုန်း...
ခွက်ထဲမှ ဆေးရည်များအားလုံး ကုန်သွားချိန်မှာပင်.. သူမကိုယ်ထဲ၌ မိုးထစ်ချုန်းသံများ ထွက်လာသည်ကို လုံယီရွှယ် ခံစားလိုက်ရသည်။