ကန့်သတ်ချက်ကို ကျော်လွန်၍
Vol. 47 Ch. 647
ဝီ..
ထို့နောက်တွင် လုံယီရွှယ်၏ ကိုယ်မှ နတ်ဘုရားအလင်းတန်းတစ်ခု တိုးထွက်လာသည်။
သူမတစ်ကိုယ်လုံးလည်း နေတစ်စင်းပမာ တလက်လက်တောက်လာ၏။
" အင်.. အဲ့ဒါ ဘာဖြစ်နေတာလဲ "
လောထျန်းက သခင်ကြီးကုချန်ဘက် လှည့်ကာ မေးလိုက်သည်။
သခင်ကြီးကုချန်မှာလည်း မှင်သက်နေပြီး ခေါင်းကုတ်၍ ပြန်ဖြေသည်။
" ကျုပ်လဲ မသိဘူးဗျ ။ တစ်ယောက်ယောက်က အဲ့လောက်များတဲ့ နတ်ဆိုးဆေးရည်တွေကို တစ်ကျိုက်တည်း သောက်ပစ်တာမျိုးကို အရင်က တစ်ခါမှ မမြင်ခဲ့ဖူးဘူး "
လောထျန်းမှာလည်း ထိုစကားကို ကြားမှသာ သူပေးသည့် နတ်ဆိုးဆေးရည် များသွားပြီလားဟု တွေးမိလိုက်တော့သည်။
သို့သော်.. သေချာကြည့်လိုက်ချိန်တွင် လုံယီရွှယ်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ပြဿနာတစ်စုံတရာ ရှိဟန်မပေါ်သဖြင့် သူ စိတ်ပြန်အေးသွားပါ၏။
ဤသို့ဖြင့် မကြာခင်မှာပင် လံုယီရွှယ်၏ ကိုယ်မှ မိုးကြိုးလျှပ်စီးများနှင့် နတ်ဘုရားအလင်းတန်းက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
သူမ မျက်လုံးများ ပြန်ဖွင့်လာ၏။
လောထျန်း သူမကိုကြည့်ကာ စိုးရိမ်မကင်းစွာ မေးလိုက်သည်။
" ဘယ်လိုနေလဲ "
လုံယီရွှယ်က လက်များကို ဆန့်ထုတ်၍ ခြေထောက်ကိုလည်း ဟိုဟိုဒီဒီ ကန်ရင်း ပြန်ပြော၏။
" အစွမ်း.. နည်းနည်းလေး တိုးတက်လာတယ်လို့တော့ ခံစားရတယ်.. "
" အဲ့လောက်ပဲလား "
လောထျန်း မျက်မှောင်ကြီး ကြုံ့သွားသည်။
သူ အနည်းငယ်လည်း စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။
ဤမျှ အများကြီး သောက်ထားသည့်တိုင် အစွမ်းကို နည်းနည်းလေးသာ တိုးစေခဲ့သည့် အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်က မည်သို့သော တာအိုကမ္ဘာသစ်သီးပါနည်း ။
သို့သော် ထိုစဥ်တွင် သခင်ကြီးကုချန်က ချောင်းအနည်းငယ်ဟန့်၍ ပြောလာသည်။
" အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်က သားရဲတွေရဲ့ သွေးအစွမ်းကို တိုးတက်စေတာဗျ ။ သူ့ရဲ့ တိုးတက်မှုကို သေချာကြည့်ဖို့ဆိုရင် ကိုယ့်ပုံစံအမှန်ကို ပြောင်းမှရမှာ "
ထိုစကားကိုကြားမှ လောထျန်း အသိဝင်သွားသည်။
" အဲ့လိုကိုး... ဒါဆို မင်းရဲ့ ပုံစံအမှန်ကို ပြောင်းလိုက်
ဦး "
သူ လုံယီရွှယ်အား မျှော်လင့်တကြီး ကြည့်၍ ပြောလိုက်၏။
လုံယီရွှယ် မျက်လုံးများ မှိတ်လိုက်သည်။
ဝုန်း...
သူမ၏ ခန္ဓာကိုယ်က အသွင်အမှန်သို့ စပြောင်းလာ၏။
တမဟုတ်ချင်းမှာပင် ကြောက်မက်ဖွယ် လေပြင်းတစ်ခု အရပ်မျက်နှာစုံသို့ တိုက်ခတ်သွားသည်။
" ဒါ... အခြေအနေ မကောင်းဘူး "
သခင်ကြီးကုချန်မှာ ၎င်းကိုတွေ့ပြီး လန့်သွားကာ ချက်ချင်း နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်.. သူ နောက်ကျသွားခဲ့လေပြီ ။
ဝုန်း..
လေပြင်းက သူ့ထံ ရောက်လာပြီး သူ အနောက်ဘက် ခပ်ဝေးဝေးသို့ လွင့်ထွက်သွားတော့၏။
၎င်းက သူ့ဒဏ်ရာကိုလည်း ပိုဆိုးသွားစေခဲ့သည်။
သို့သော်.. လက်ရှိတွင် သခင်ကြီးကုချန်မှာ သူ့ ဒဏ်ရာများအား ဂရုမစိုက်အားပါချေ။
သူ့မျက်လုံးများက ရှေ့မှ လုံယီရွှယ်ကိုသာ စူးစိုက်ကြည့်နေပါ၏။
ထိုစဥ်တွင် လုံယီရွှယ်မှာ ပေသုံးဆယ်ခန့် ရှည်လျားသော ကောင်းကင်ဘုံ နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့လေပြီ ။
သို့သော်.. သူမအသွင်က ယခင်ကနှင့် လုံးဝ မတူတော့ပါ ။
လက်ရှိတွင် လုံယီရွှယ်မှာ တစ်ကိုယ်လုံး နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံနေပြီး..
မည်သို့သော လှုပ်ရှားမှုမျိုးမှ မလုပ်ရပါဘဲ.. များစွာ
သော နဂါးထွင်းစာများက သူမကိုယ်အား ရစ်ပတ်နေကြသည်။
ထို့ထက်ပို အရေးကြီးသည်မှာ... သူ့အား အားတစ်ခုက ဖိနှိပ်နေသည်ကို သခင်ကြီးကုချန် ခံစားနေရခြင်းပင် ။
၎င်းမှာ ကျင့်ကြံခြင်းကြောင့် ဖြစ်လာသော ဖိနှိပ်အားမဟုတ်ဘဲ...
သွေးအစွမ်းကြောင့် ဖြစ်လာသော ဖိနှိပ်အား ဖြစ်၏။
တစ်ခုရှိသည်မှာ... သခင်ကြီးကုချန်သည် ထိပ်တန်းအဆင့် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်ပြီး..
သွေးအစွမ်းအရ ဆိုလျှင်လည်း ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၏ ထိပ်တန်းအဆင့်ထဲ ပါပါသည်။
နတ်ဆိုးနတ်ဘုရားကြီး၏ သွေးအစွမ်းသည်ပင် သူ့ထက် ပိုအစွမ်းထက်သည့်တိုင်.. အနည်းငယ်လေးသာ ပိုခြင်းဖြစ်သဖြင့် သူ့အား လုံးဝ မဖိနှိပ်နိုင်ပါ ။
သို့သော်.. ယခု လုံယီရွှယ်ကမူ သူ့အား သွေးအစွမ်း တစ်ခုတည်းဖြင့် ဖိနှိပ်နေနိုင်ပါ၏။
၎င်းမှာ.. လုံယီရွှယ်၏ သွေးအစွမ်းက ထိပ်တန်းအဆင့် နတ်ဘုရားသားရဲကို ကျော်လွန်သွားပြီဆိုသည့် အဓိပ္ပါယ်ပင် ။
သို့သော်.. ဟိုး ရှေးခေတ်မှစ၍ ယနေ့ထိတိုင် ထိုအဆင့်အကြောင်း သူ ကြားပင် မကြားဖူးခဲ့ပါချေ ။
ထိုတခဏ၌ သခင်ကြီးကုချန်၏ ခေါင်းထဲ မေးခွန်းပေါင်းစုံ ပြည့်သွားတော့သည်။
ထိုစဥ် လောထျန်းက လုံယီရွှယ်၏ အသွင်အမှန်ကို ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလာ၏။
" အရင်ကထက် အများကြီး ပိုအစွမ်းထက်လာတာတော့ အမှန်ပဲ ။ ဒါပေမယ့်... နတ်ဆိုးနတ်ဘုရားကြီးကို တစ်ချက်တည်း သတ်နိုင်လောက်တဲ့အထိတော့ မဖြစ်သေးဘူး "
တဖက်မှ လုံယီရွှယ်က မိန်းမငယ်လေး တစ်ယောက်အသွင် ပြန်ပြောင်းသွားကာ လောထျန်းဆီသို့ လျှောက်လာသည်။
" လောထျန်း ၊ အခု ကျွန်မရဲ့ အမွေအနှစ်မှတ်ဉာဏ်တွေ အများကြီး နိုးထသွားပြီ ။ ကျွန်မကို အချိန်နည်းနည်းသာ ထပ်ပေးရင် ဒီ့ထက်ပိုအစွမ်းထက်လာမှာ သေချာပေါက်ပဲ "
သူမ စိတ်လှုပ်ရှားစွာ ဆို၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါပြီ ။ ငါတို့ ပြန်ရောက်တဲ့အခါကျရင် မင်းကို ပိုအစွမ်းထက်အောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခု ငါ့ဆီမှာရှိတယ် "
လောထျန်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်၏။
အနည်းဆုံးဆိုလျှင်ပင်.. လုံယီရွှယ်အား နတ်ဆိုးနတ်ဘုရားကြီးကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်သည့် အဆင့်ထိရောက်အောင် လေ့ကျင့်ပေးရပေမည် ။
နတ်ဆိုးနတ်ဘုရားကြီး၏ စကားအရ.. ထိုအဆင့်သို့ ရောက်မှသာလည်း ထျန်းမင်ကမ္ဘာနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပါလား ။
" ကဲ.. သခင်ကြီးကုချန် ၊ ကျုပ်တို့ လိုတာတွေလဲ ရ
သွားပြီဆိုတော့ ပြန်တော့မယ်ဗျာ ။ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့ "
လောထျန်း ပြောလိုက်သည်။
" သခင်လေးတို့ ပြန်ကြတော့မှာလား "
သခင်ကြီးကုချန် တအံ့တသြ ပြန်မေးလိုက်၏။
လောထျန်းက ခေါင်းညိတ်ပြသည်။
" အစကတော့ ကျုပ်က ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု ပြဿနာကို ဖြေရှင်းဖို့ပဲ ဒီကိုလာခဲ့တာ ။ အခု လာရင်းကိစ္စလဲ ပြီးသွားပြီဆိုတော့ ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူးလေ "
သခင်ကြီးကုချန် သက်ပြင်းချလိုက်သည်။
" ကောင်းပါပြီ ။ ဒါဆိုလဲ သခင်လေးတို့ကို အတင်းနေဖို့ မတိုက်တွန်းတော့ပါဘူးဗျာ "
လောထျန်း ပြုံးလိုက်ပြီး ရုတ်တရက် ပြော၏။
" ပြီးတော့.. သခင်ကြီးကုချန် ၊ နောင်အနာဂါတ် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ လူသားတွေကို သတ်ဖြတ်တာမျိုး မရှိတော့ဘူးလို့ ကျုပ် မျှော်လင့်ပါတယ် "
ထိုစကားကို ကြားသောအခါ သခင်ကြီးကုချန်က အလေးနက် ပြန်ပြောသည်။
" စိတ်မပူပါနဲ့ သခင်လေး ။ ကျုပ် ဒီမှာ သက်ရှိထင်ရှား ရှိနေသရွေ့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အဲ့လမ်းဟောင်းကို ဘယ်တော့မှ ပြန်မလျှောက်စေရဘူး "
သူ့စကားအား လောထျန်း ယုံပါသည်။
သခင်ကြီးကုချန်သည် ယခင် နတ်ဆိုးနတ်ဘုရားကြီး ရှိစဥ်ကပင် သူ့ပိုင်နက်ထဲမှ လူသားများအား ကာကွယ်ပေးနိုင်ခဲ့သည် မဟုတ်ပါလား ။
ယခု နတ်ဆိုးနတ်ဘုရားကြီး မရှိတော့သလို ၊ အခြား နတ်ဆိုးသူတော်စင် ရှစ်ယောက်လည်း အသတ်ခံလိုက်ရပြီဖြစ်ရာ... ဤကမ္ဘာကို အုပ်စိုးမည့်သူက သခင်ကြီးကုချန် တစ်ယောက်တည်းသာ ရှိပါတော့သည်။
သခင်ကြီးကုချန်သည် နတ်ဆိုးသူတော်စင်တစ်ယောက် ဖြစ်သည့်တိုင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
တစ်ယောက် ဖြစ်သည့်အတွက်...
သူ့အစွမ်းဖြင့်သာ ဆိုပါက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ပြောင်းလဲလာတော့မည်မှာ သေချာပါ၏။
ထို့နောက်တွင်မူ.. လောထျန်းတို့နှစ်ယောက်သား သခင်ကြီးကုချန်အား နှုတ်ဆက်ပြီး ယခင်လာရာလမ်းအတိုင်း ပြန်ခဲ့ကြတော့သည်။
ဤသို့ဖြင့် မကြာမီမှာပင် သူတို့နှစ်ဦးသား ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ဖြတ်၍ ထျန်းယွမ်ကမ္ဘာသို့ ပြန်ရောက်သွားကြ၏။
" ဟင်.. သခင်လေး လောထျန်း ၊ မြန်မြန်ကြီး ပြန်ရောက်လာတာလား ။ တဖက်က ရန်သူတွေရဲ့ အခြေအနေကိုရော သိခဲ့ရပြီလားဗျ "
လောထျန်း ပြန်လာသည်ကို မြင်သည်နှင့် ချင်းဝူချုံက ဦးစွာဆီးကြို၍ မေးလိုက်သည်။
အခြားသူများလည်း သူ့အား အလားတူမေးခွန်းမျိုး မေးလာကြ၏။
လောထျန်းက ပြန်ဖြေရန် ပြင်လိုက်စဥ်မှာပင်..
ဝုန်း...
ခပ်လှမ်းလှမ်းရှိ လေထုက ရုတ်တရက် အက်ကွဲလာသည်။
ထိုလေထုလမ်းကြောင်းထဲမှ လူတစ်ယောက် ထွက်လာ၏။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပါလား.. ၊ ထင်ထားသလို ဒီမှာ ဖြစ်နေတာပဲ ။ ဟား ဟား.. နောက်ဆုံးတော့ ရှာတွေ့သွားပြီပေါ့ကွာ "
ထိုလူက လေထုလမ်းကြောင်းထဲမှ ထွက်လာသည်နှင့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို တွေ့သွားကာ ဝမ်းသာအားရ ဆိုလိုက်သည်။
တဖက်မှ သခင်ကြီးထျန်းလုံ မျက်မှောင်ကြုံ့သွား၏။
" ယွမ်လင်နတ်ဆိုးသခင်ကြီး.. "
လောထျန်းမှာလည်း ထိုနာမည်ကို ကြားသည်နှင့် အံ့
အားသင့်သွားရသည်။
ယွမ်လင်နတ်ဆိုးသခင်ကြီး....
တောင်ပိုင်းဒေသရှိ ကမ္ဘာပေါ်မှမသေမျိုး သုံးယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သော သူက အမှန်တကယ် ရောက်လာသတဲ့လား..
ဝုန်း...
ထိုစဥ်တွင် ယွမ်လင်နတ်ဆိုးသခင်ကြီးက လောထျန်းနှင့် အခြားသူများအနီး ရပ်လိုက်ပြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ကြည့်၍ အသက်ပြင်းပြင်း ရှိုက်လိုက်၏။ သူ့မျက်နှာပေါ်တွင်လည်း ဝမ်းသာနေသည့် အရိပ်ယောင်ကို ဖုံးဖိ၍ပင် မရပါ ။
" ဒီအရောင်အဝါက... တကယ်ကြီး ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာပဲ... ။ နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ "
ထို့နောက် သူ လောထျန်းနှင့် အခြားသူများဘက် လှည့်လာကာ ရယ်ရင်း ပြောလိုက်သည်။
" ဒီမှာ သေဖို့မကြောက်တဲ့သူတွေ အဲ့လောက်အများကြီး ရှိနေမယ်လို့ ငါ ထင်မထားခဲ့ဘူးကွာ ။ မင်းတို့လူအုပ်လေးလောက်နဲ့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို တားနိုင်မယ်လို့ ထင်တယ်ပေါ့ "
အားလုံး : " ....... "
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာမူ ဘာမှပြန်မပြောကြသည့် သူများကိုကြည့်ရင်း သူတို့အားလုံး ကြောက်နေသည်ဟု အထင်မှားသွားပါ၏။
ထို့ကြောင့် သူ ချင်းဝူချုံအား လှောင်ပြုံးဖြင့်ကြည့်ကာ ဆက်ပြောလိုက်သည်။
" ချင်းဝူချုံ ၊ မင်းနဲ့ငါ နှစ်တွေအများကြီး တိုက်ခိုက်ခဲ့ကြပေမယ့် နောက်ဆုံးတော့ ဘာဖြစ်သွားခဲ့လဲ ။ နောက်ဆုံးမှာ မင်း ငါ့ကို မသတ်နိုင်ခဲ့ဘူး မဟုတ်လား ။ အဲ့ချိန်တည်းက ငါ မင်းကို ပြောခဲ့တယ်လေ.. ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာသာ ရောက်လာရင် မင်း ဘာမှ ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာ "
ချင်းဝူချုံမှာ စကားစရန် တွန့်ဆုတ်နေပြီးမှ နောက်ဆုံး ပြောလိုက်၏။
" ယွမ်လင်နတ်ဆိုးသခင်ကြီး ... စကားကို အဲ့လိုအကုန်မပြောထားတာ ကောင်းမယ်နော် "
ယွမ်လင်နတ်ဆိုးသခင်ကြီးက ရုတ်တရက် ထရယ်သည်။
" ကိုယ့်ကိုကိုယ် အဲ့လောက် ယုံကြည်ချက် ရှိတယ်ပေါ့လေ ။ ချင်းဝူချုံ .. မင်းက တော်တော်အမြင်ကျဥ်းတာပဲကွ ။ မင်းက ထျန်းယွမ်ကမ္ဘာမှာ ထိပ်တန်းအဆင့်ထဲ ဝင်ရုံလောက်နဲ့ ကိုယ့်ကိုကိုယ် သိပ်ကောင်းနေပြီ ထင်တယ်ပေါ့ ။ ငါ ပြောလိုက်မယ်... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာတော့ မင်းက ဘာမှမဟုတ်ဘူးကွ "
" ဥပမာ ပြောရရင်.. ငါ အမှုထမ်းနေတဲ့ ရှုရနတ်ဆိုးသူတော်စင်ကြီးဆို မင်းထက် အများကြီးပိုပြီး အစွမ်းထက်တယ် ။ မင်းတို့ ကြွက်စုတ်တွေ သူ့ကိုတွေ့မှ ကိုယ်ဘယ်လောက် အရူးဖြစ်နေလဲ သိကြမှာ "