ကောင်းကင်ဘုံတံခါးကို ပိတ်ခြင်း
Vol. 47 Ch. 648
" ရှုရနတ်ဆိုးသူတော်စင်.. ဟုတ်လား.. "
ထိုအမည်ကို ကြားသောအခါ ချင်းဝူချုံ၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
သူ ထိုနာမည်ကို အရင်ကလည်း ကြားဖူးထားပြီး..
သူတို့ ဝူလျန်နန်းတော်၏ မှတ်တမ်းများအရလည်း ထိုသူက အမှန်တကယ် ကြောက်စရာကောင်းသည့် ရန်သူပင် ။
ထိုသူမှာ အစွမ်းထက်ရုံမက အလွန်လည်း ရက်စက်ယုတ်မာပါ၏။
ယခင်တစ်ကြိမ် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ရောက်လာစဥ်ကလည်း သူက ဦးဆောင်သူပါပင် ။
ထိုစဥ်က သူ့လက်ချက်ကြောင့် ထျန်းယွမ်ကမ္ဘာဘက်မှ ကြီးစွာသော ဆုံးရှုံးမှူကြီး ဖြစ်ခဲ့ရ၏။
" ရှုရနတ်ဆိုးသူတော်စင် ... အဲ့နာမည်ကို ကြားဖူးသလိုပဲ "
ထိုစဥ် ဘေးတွင်ရပ်နေသော လောထျန်းက ရုတ်တရက် ပြောလာသည်။
" ဟင်... သခင်လေးလောထျန်းက ဟိုဘက်ကို ဝင်သွားတာ ခဏလေးတောင် အဲ့လူနာမည်ကို ကြားခဲ့ရတာလား "
ချင်းဝူချုံ တအံ့တသြ ပြန်မေးလိုက်၏။
တဖက်မှ ယွမ်လင်နတ်ဆိုးသခင်ကြီးက ထရယ်သည်။
" အိုး... ဒီကောင်လေးက တော်တော်ဗဟုသုတ ကြွယ်တာပဲ ။ မင်းက အဲ့လိုကြီးမြတ်တဲ့ လူကြီးရဲ့ နာမည်ကို ကြားဖူးနေတယ်ပေါ့ "
လောထျန်းမှာ သူ့ကို ကြည့်နေရင်း ရုတ်တရက် သတိရသွားဟန်ဖြင့် လက်ခုပ်တစ်ချက် တီးလိုက်သည်။
ထို့နောက်.. သူ လက်ဆန့်ထုတ်၍ အတွင်းကမ္ဘာငယ်ထဲမှ အလောင်းတစ်လောင်းကို ဆွဲထုတ်လိုက်၏။
" ကြည့်ပါဦး.. ဒါ ခင်ဗျားပြောတဲ့ ရှုရနတ်ဆိုးသူတော်စင် မဟုတ်လား "
လောထျန်း မေးလိုက်သည်။
ထိုတခဏ၌ ယွမ်လင်နတ်ဆိုးသခင်ကြီး၏ မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားကာ ကြက်သေသေသွားသည်။
သူ လောထျန်းလက်ထဲမှ အလောင်းကိုကြည့်ရင်း တစ်ကိုယ်လုံး တောင့်တင်းနေတော့၏။
တဖက်မှ ချင်းဝူချုံကလည်း လောထျန်းလက်ထဲမှ အလောင်းကိုကြည့်ရင်း တီးတိုးရေရွတ်သည်။
" သခင်လေး လောထျန်း ၊ အဲ့လူက ဘယ်သူလို့ ပြောလိုက်တာ... "
လောထျန်းက အလောင်းကို တစ်ချက်ငုံ့ကြည့်ပြီး ပြန်ပြော၏။
" ကျုပ် မှတ်မိတာ မှန်ပါတယ် ။ ဒါ ရှုရနတ်ဆိုးသူတော်စင်ပဲလေ ။ သူကိုယ်တိုင် အဲ့နာမည်ကို ပြောခဲ့တာ ကျုပ် မှတ်မိတယ် "
ဂလု...
ချင်းဝူချုံမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
" သခင်လေးက အဲ့ဘက်ကို သွားတာ ခဏလေးနဲ့တောင် နတ်ဆိုးသူတော်စင်တစ်ယောက်ကို သတ်နိုင်ခဲ့တာလား ။ ကြောက်စရာ ကောင်းလိုက်တာ... "
တဖက်မှ နတ်ဆိုးသူတော်စင်မှာ လောထျန်း၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သူသိထားသည်မှာ ကြာပြီဖြစ်သည့်တိုင်...
အချိန်တိုလေးအတွင်း ထိုရလဒ်မျိုး ရခဲ့သဖြင့် သူ အံ့အားသင့်သွားရဆဲပင် ။
သို့သော်.. ထိုစဥ် လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။
" မဟုတ်သေးဘူး "
" ဟင်.. ဘာဖြစ်လို့လဲ "
ချင်းဝူချုံ ပြန်မေးလိုက်သည်။
လောထျန်း : " ကျုပ် သတ်ခဲ့တာ ရှုရနတ်ဆိုးသူတော်စင် တစ်ယောက်တည်း မဟုတ်ဘူးဗျ "
သူ ပြောပြောဆိုဆိုပင် အတွင်းကမ္ဘာကို ဖွင့်၍ အလောင်းများ တစ်ခုပြီးတစ်ခု ဆက်ဆွဲထုတ်လိုက်သည်။
ထိုသို့ ဆွဲထုတ်နေရင်းလည်း ပြော၏။
" ဒီတစ်ယောက်က ရွှေကင်းခြေများ နတ်ဆိုးသူတော်စင် လို့ခေါ်တယ် ။ ဒီတစ်ယောက်က သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင် .... ဒီတစ်ယောက်က... ကျုပ် နာမည်တော့ မမှတ်မိတော့ဘူးဗျာ ။ ဒါပေမယ့် သူလဲ နတ်ဆိုးသူတော်စင် ပဲ.... "
လောထျန်းက အလောင်းတစ်လောင်းစီ ဆွဲထုတ်နေရင်း အမည်များနှင့် မိတ်ဆက်ပေးနေသည်။
သူက ဘာမှမထူးခြားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောနေသည့်တိုင် ထိုနေရာရှိ လူများအားလုံးမှာကား မှင်သက်ဆွံ့အနေကြတော့၏။
ထိုအလောင်းများ အားလုံးက နတ်ဆိုးသူတော်စင်တွေတဲ့လား...
ယခင်ကဆိုလျှင်.. နတ်ဆိုးသူတော်စင် တစ်ယောက်တည်းဖြင့်ပင် သူတို့ ထျန်းယွမ်ကမ္ဘာကြီးကို ပျက်စီးသွားအောင် လုပ်ပစ်နိုင်ကြပါသည်။
ယခုတွင်ကား.. လောထျန်းက ထိုသူများကို အမှိုက်များလို မြေပြင်သို့ ပစ်ချနေ၏။
သူတို့ရှေ့မှ မြင်ကွင်းက အမှန်ပင် ဟုတ်ပါသေးရဲ့လား...
သို့သော် လောထျန်းက လိမ်ပြောနေခြင်း မဟုတ်ကြောင်း မြေပြင်မှ အလောင်းများက သက်သေပါပင်...
အဘယ့်ကြောင့်ဆိုသော်.. အစွမ်းထက် ကျင့်ကြံသူတစ်ယောက်သည် သေသွားလျှင်ပင် အလောင်း၌ ကျန်ခဲ့သည့် ဖိအားက ကြောက်စရာကောင်းဆဲ ဖြစ်ပါသည်။
ထိုသို့သော အရာမျိုးကို အတုဖန်တီး၍ မရပါချေ ။
ထိုစဥ်တွင် တဖက်မှ လောထျန်းကမူ အလောင်းများကို ထုတ်၍ မပြီးသေးပါ ။
" ဒီတစ်ယောက်ကိုတော့ ပိုင်လင်နတ်ဆိုးသူတော်စင်လို့ ခေါ်တာထင်တယ် ။ ဒီတစ်ယောက်က.. ရွှေဖားနတ်ဆိုးသူတော်စင် ဆိုလားပဲ... ။ ဒီတစ်ယောက်.. အင်း ဒီကောင်ကြီးက နတ်ဆိုးသူတော်စင် မဟုတ်ဘူး ၊ နတ်ဆိုးနတ်ဘုရားကြီး ပဲ... "
လောထျန်းက နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်းကိုထုတ်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက် မြေပြင်ရှိ အခြားအလောင်းများဘေးသို့ ပစ်ချလိုက်သည်။
" ဘယ်လို... "
သခင်ကြီးထျန်းလုံနှင့် အခြားသူများဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာ၏။
" သခင်လေးလောထျန်း ၊ အဲ့ဒါ.. ဘယ်သူ "
လူများစွာပင် နတ်ဆိုးနတ်ဘုရားကြီး၏ အလောင်း
ကို လက်ညိုးထိုးကာ မေးလာကြသည်။
" နတ်ဆိုးနတ်ဘုရားကြီး လေ "
လောထျန်း ပြန်ဖြေ၏။
" နတ်ဆိုးနတ်ဘုရားကြီး .... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာသခင် ၊နတ်ဆိုးနတ်ဘုရားကြီး လား.. "
လူများစွာပင် တုန်လှုပ်ကုန်ကြသည်။
လောထျန်းက နတ်ဆိုးသူတော်စင် များစွာကို သတ်ခဲ့ရုံမက... နတ်ဆိုးနတ်ဘုရားကြီးကိုပင် သတ်ခဲ့သေတဲ့လား...
" မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး "
ထိုစဥ် တဖက်မှ ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ အရူးတစ်ယောက်လို ဖြစ်နေတော့၏။
" ဟား ဟား.. ကောင်လေး.. နောက်ဆုံးတော့ မင်းရဲ့စကားထဲမှာ အမှားကို တွေ့သွားပြီ ။ အဲ့လိုအကွက်မျိုးနဲ့ ငါ့ကို လှည့်စားလို့ရမယ် ထင်နေရင် မင်း ရူးနေ
လို့ပဲ ။ နတ်ဆိုးနတ်ဘုရားကြီးဆီမှာ အစောင့်အကြပ် မသေမျိုးလက်နက်ဖြစ်တဲ့ ၊ ဝိဥာဥ်ကိုးသွယ် နတ်ဆိုးဓား ရှိတာတောင် မင်း မသိလောက်ပါဘူးကွာ ။ အဲ့လိုလက်နက်မျိုး ကိုင်ထားတဲ့သူကို မင်း ဘယ်လိုမှ..... "
ချွှင်...
ယွမ်လင်နတ်ဆိုးသခင်ကြီး စကားဆုံးအောင် မပြောရသေးခင်မှာပင် လောထျန်းက ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
" ဒါ ခင်ဗျားကြီးပြောတဲ့ အစောင့်အကြပ် မသေမျိုးလက်နက်လား "
လောထျန်း မေး၏။
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ လောထျန်းလက်ထဲမှ ဓားအား အူကြောင်ကြောင်ဖြင့် စိုက်ကြည့်ရင်း မှင်သက်နေတော့သည်။
ထိုဓား၏ အသွင်အပြင် ၊ အရောင်အဝါ နှင့် ဖိအားကို ကြည့်ခြင်းအားဖြင့်...
၎င်းက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၏ အဖိုးတန်ဆုံး ရတနာတစ်ခုဖြစ်သော ဝိဥာဥ်ကိုးသွယ်နတ်ဆိုးဓား ဖြစ်သည်မှာ သံသယဝင်စရာ မလိုပါ ။
ထိုဓားက လောထျန်းလက်ထဲ အမှန်တကယ် ရောက်နေသတဲ့လား..
သို့ဆိုလျှင်.. လောထျန်း ပြောခဲ့သည့် စကားများက အမှန်ပေလား..
ထိုတခဏ၌ ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ သူ့ကမ္ဘာတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရတော့သည်။
ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၌ ဘာတွေ ဖြစ်သွားခဲ့ပါသနည်း...
ထိုစဥ်မှာပင်..
ဝုန်း...
အသံကျယ်တစ်သံ ထွက်လာကာ ကောင်းကင်ယံတခွင်လုံး လူသတ်အရိပ်အငွေ့တို့ ပြည့်သွားသည်။
" ယွမ်လင်နတ်ဆိုးသခင်ကြီး ... "
မလှမ်းမကမ်းမှ ဒေါသတကြီး အော်သံတစ်ခုလည်း ထွက်လာ၏။
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ နျိုထျဲ့ချူအား တွေ့လိုက်ရသည်။
သူမသည် အစောက ကိစ္စလေးတစ်ခုကြောင့် ခဏ ထွက်သွားခဲ့ပြီး..
ယခု ပြန်ရောက်ရောက်ချင်းမှာပင်.. သူမ၏ ရန်သူကြီးအား တွေ့လိုက်ရခြင်း ဖြစ်သည်။
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာလည်း သူမကို လှည့်ကြည့်ရင်း ရင်တစ်ခုလုံး ဗြောင်းဆန်သွား၏။
" ဒီ မိန်းကလေးက ဘယ်သူလဲ ။ သူ့အရောင်အဝါက ဘာလို့ အဲ့လောက် အစွမ်းထက်နေရတာလဲ ။ ငါ သူ့ကို မှတ်လဲ မမှတ်မိပါဘူး.. "
သူ နားမလည်နိုင် ဖြစ်သွားသည်။
" ယွမ်လင်နတ်ဆိုးသခင်ကြီး ၊ ဒီနေ့တော့ ငါးရောင်ခြယ်နတ်နွား မျိုးနွယ်စုအတွက် ရှင့်ကို လက်တုန့်ပြန်မယ် "
နျိုထျဲ့ချူက ဒေါသတကြီး အော်လိုက်သည်။ သူမကိုယ်ထဲမှ မသေမျိုးအစွမ်းများ တမဟုတ်ချင်း တိုးထွက်လာပြီး လေဆင်နှာမောင်းကြီး တစ်ခုအသွင် ပြောင်း၍ ကောင်းကင်ယံသို့ တက်သွား၏။
၎င်းကို မြင်သောအခါ ယွမ်လင်နတ်ဆိုးသခင်ကြီး တုန်လှုပ်သွားတော့သည်။
" ငါးရောင်ခြယ်နတ်နွား မျိုးနွယ်စု... ဟုတ်လား.. မဖြစ်နိုင်တာ.. ။ ငါးရောင်ခြယ်နတ်နွားမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းထက်နိုင်မှာလဲ "
သူ မယုံနိုင်လည်း ဖြစ်နေပါ၏။
သို့သော်... နျိုထျဲ့ချူ၏ ခေါင်းထက်မှ ဦးချိုများက ငါးရောင်ခြယ်နတ်နွားမျိုးနွယ်စု၏ ပြယုဒ်တစ်ခုပါပင်..
ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ သူမ၏ အရောင်အဝါ ဖြစ်ပါသည်။
ထိုအရောင်အဝါက သူ့ထက် များစွာပိုအစွမ်းထက်ပေရာ..
သူ သူမကို လုံးဝ မနိုင်နိုင်ပါချေ။
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်တော့သည်။
နျိုထျဲ့ချူသည်ပင် ဤမျှ ကြောက်စရာကောင်းနေရာ.. ဘေးမှ လောထျန်းဆိုလျှင် မည်သို့ နေမည်နည်း...
သူ ဤနေရာတွင် ဆက်နေပါက အသက်သေရမည် မလွဲပေ...
ယွမ်လင်နတ်ဆိုးသခင်ကြီး ထိုသို့တွေးကာ ချက်ချင်း လှုပ်ရှားလိုက်တော့၏။
ဘုန်း..
သူ ဘေးသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ..
ဝီ...
လေထုက ရုတ်ချည်း မငြိမ်မသက် ဖြစ်လာသည်။
၎င်းကိုကြည့်နေသော သခင်ကြီးထျန်းလုံထံမှ အသံထွက်လာ၏။
" သူ ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး အပေါ်ကမ္ဘာကို တက်တော့မယ် "
" ဟင်... "
ချင်းဝူချုံမှာလည်း ၎င်းကိုကြည့်ပြီး အံ့အားသင့်သွားသလို ဒေါသလည်း ထွက်သွားသည်။
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ထျန်းယွမ်ကမ္ဘာ၏ သစ္စာဖောက်တစ်ယောက် ဖြစ်ပြီး ပြီးခဲ့သော နှစ်များအတွင်း မရေမတွက်နိုင်သော ထျန်းယွမ်ကမ္ဘာသားများကို သတ်ဖြတ်ခဲ့ပါသည်။
ယခု သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်ပါက.. သူ့အတွက် အလွန်လွယ်ကူလွန်းရာ ကျမနေဘူးလား...
" ဟမ့်.. မင်းက အစွမ်းထက်တာ မှန်ပေမယ့် ငါ အပေါ်ကမ္ဘာကို တက်မှာတော့ မတားနိုင်ဘူး မဟုတ်လား ။ အပေါ်ကမ္ဘာမှာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အကြီးအကဲတွေလဲ ရှိတယ်ကွ ။ အပေါ်ကမ္ဘာနဲ့ ဆက်သွယ်တဲ့လမ်းကြောင်း ပွင့်လာမယ့်ရက်ကိုပဲ စောင့်နေလိုက်ပါကွာ ။ အဲ့ကျရင် အပေါ်ကမ္ဘာက လက်တုန့်ပြန်တာကို မင်းတို့အားလုံး ခံရလိမ့်မယ် "
ယွမ်လင်နတ်ဆိုးသခင်ကြီးက ထိုသို့ပြောပြီး ကောင်းကင်ဘုံတံခါးနား ကပ်ကာ အပေါ်ကမ္ဘာသို့ တက်ရန် အသင့်ပြင်လိုက်သည်။
သို့သော် ... ထိုစဥ်မှာပင်..
" အပေါ်ကမ္ဘာကို တက်ချင်တယ်ပေါ့လေ.. "
တဖက်မှ လောထျန်းက ရုတ်တရက် လှုပ်ရှားသွား၏။
ယွမ်လင်နတ်ဆိုးသခင်ကြီးက ၎င်းကိုကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
လောထျန်းနှင့် သူနှင့်ကြား၌ ကောင်းကင်ဘုံတံခါး ရှိနေသည်ဖြစ်ရာ..
အကယ်၍ လောထျန်းက သူ့အား တိုက်ခိုက်လာလျှင်ပင် ကောင်းကင်ဘုံတံခါး ခံနေသည့်အတွက် ဘာမှ တတ်နိုင်မည် မဟုတ်ပါချေ ။
သူ ကောင်းကင်ဘုံတံခါးကို ဖွင့်စဥ်ကတည်းက နေရာကို သေချာတွက်ချက်ပြီး ဖွင့်ခဲ့ခြင်း ဖြစ်ပါ၏။
ထို့နောက်တွင်ကား..
ဝုန်း...
လောထျန်းက ကောင်းကင်ဘုံတံခါးပေါ်သို့ လက်တင်လိုက်သည်။
" ငါ ထင်ထားသလိုပါပဲလား "
ယွမ်လင်နတ်ဆိုးသခင်ကြီး ပြုံးပြီး အေးဆေးပင်
အပေါ်တက်ရန် ပြင်လိုက်၏။
သို့သော်.. ထင်မထားစွာပင်..
ဘုန်း...
အသံကျယ်တစ်သံနှင့်အတူ ကောင်းကင်ဘုံတံခါးကြီးက လောထျန်းလက်ဝါးကြောင့် ပိတ်သွားတော့သည်။
" ဟင်... " ယွမ်လင်နတ်ဆိုးသခင်ကြီး အလွန်တုန်လှုပ်သွားရ၏။
ကောင်းကင်ဘုံတံခါးကို လက်ဗလာဖြင့် ပိတ်ခဲ့ပါသလား...
၎င်းက လူသားတစ်ယောက် လုပ်နိုင်သည့်အရာပင် ဟုတ်ပါရဲ့လား...