← Chapters

အခန်း (၆၄၉)

Vol. 47 Ch. 649

အခန်း (၆၄၉)

Vol. 47 Ch. 649

ဝုန်း..

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ကောင်းကင်ဘုံတံခါးသို့ ပြေးဝင်သွားသော်လည်း အပေါ်သို့ မတက်လိုက်နိုင်ဘဲ .. ယိုင်သွားကာ လဲကျမလို ဖြစ်သွားသည်။

" မဖြစ်နိုင်ဘူး... ဒါ ဘယ်လို ဖြစ်သွားတာလဲ "

ယွမ်လင်နတ်ဆိုးသခင်ကြီး တုန်လှုပ်သွား၏။

ကောင်းကင်ဘုံတံခါးသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းမှ ပွင့်လာခြင်း ဖြစ်ပါသည်။

ယခု ထိုကောင်လေးက ကောင်းကင်ဘုံတံခါးကို လက်ဗလာဖြင့် ပိတ်ခဲ့သတဲ့လား ။

ထိုသူမှာ လူသားပင် ဟုတ်ပါသေးရဲ့လား...

ထိုစဉ် တဖက်မှ လောထျန်းမှာ နျိုထျဲ့ချူ ဘေးသို့ပင် ရောက်သွားလေပြီ ။

" အကိုကြီး.. ကျေးဇူးပြုပြီးတော့ အဲ့ကောင်ကို ကျွန်မလက်နဲ့ သတ်ခွင့်ပေးပါ "

နျိုထျဲ့ချူက ယွမ်လင်နတ်ဆိုးသခင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

လောထျန်း ခေါင်းညိတ်၏။

" ကောင်းပြီ ၊ ဒါပေမယ့်.. စိတ်မပူနဲ့ ။ ငါ မင်းကို တစ်ခုပေးမယ် "

လောထျန်းက ထိုသို့ပြောပြီး သူမအား အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် တစ်ခွက်ကို လှမ်းပေးလိုက်သည်။

" အင်.... "

နျိုထျဲ့ချူ အံ့အားသင့်သွားကာ ပြော၏။

" အကိုကြီး.. ကျွန်မရဲ့ နတ်ဆိုးခန္ဓာကိုယ်က နောက်ဆုံးအကန့်အသတ်ကို ရောက်သွားပြီရှင့် "

လောထျန်း ခေါင်းယမ်းလိုက်သည်။

" ဒါ မူလနတ်ဆိုးဆေးရည် မဟုတ်ဘူး "

" မူလနတ်ဆိုးဆေးရည် မဟုတ်ဘူးလား.. "

နျိုထျဲ့ချူ ခေတ္တမျှ မှင်သက်နေပြီးမှ လောထျန်းပေးလာသည့် ဆေးရည်ခွက်ကို ယူ၍ သောက်လိုက်သည်။

ဝုန်း...

အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် သူမကိုယ်ထဲ ဝင်သွားသည်နှင့် နျိုထျဲ့ချူ တစ်ကိုယ်လုံးမှ သွေးများ ဆူပွက်လာတော့သည်။

" အင်... ဘာတွေ ဖြစ်နေတာလဲ "

သူမကိုယ်သူမ ငုံ့ကြည့်လိုက်ရာ.. သူမ၏ အသွင်ပြင်က အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။

ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးမှ ဆူပွက်နေသော သွေးများ ပြန်ငြိမ်သွားကြသည်။

" အင်း.. ကောင်းတယ် ၊ အခု မင်းရဲ့ အသွင်အမှန်

ကို ပြောင်းကြည့်ပါဦး "

လောထျန်း ပြောလိုက်၏။

နျိုထျဲ့ချူ က နားမလည်ဟန်ဖြင့် ခေါင်းကုတ်လိုက်သော်လည်း သူ ပြောသည့်အတိုင်း လိုက်လုပ်ရှာပါသည်။

သူမ အသက်ပြင်းပြင်းရှိုက်လိုက်၏။

ဝုန်း...

ထို့နောက်တွင်မူ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်လာကာ သူမ၏ ရုပ်သွင် ပြောင်းသွားတော့သည်။

သို့သော်... ခါတိုင်းကဲ့သို့ ငါးရောင်ခြယ်နတ်နွား အသွင် ပြောင်းမသွားခဲ့ပါချေ ။

သူမအသွင်မှာ လူသားတစ်ယောက်ပုံပင် ဆက်ရှိနေကာ... ခေါင်းထက်မှ ဦးချိုနှစ်ချောင်းသာ ချွန်ထက်လှသော ဓားသွားများအဖြစ် ပြောင်းသွားကြသည်။ သူမ၏ ခန္ဓာကိုယ်လည်း ယခင်ထက် နှစ်ဆပို

ကြီးသွား၏။

သူမ တစ်ကိုယ်လုံးတွင်လည်း မရေမတွက်နိုင်သော အစွမ်းထက်ထွင်းစာများ ပေါ်လာသည်။

နျိုထျဲ့ချူမှာ ထိုထွင်းစာများကို တစ်ခုမှမသိသည့်တိုင် ၎င်းတို့၏ အစွမ်းကို ခံစားမိနေပါ၏။

" ဒါ... ကျွန်မရဲ့ သွေးအစွမ်းက... "

သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။

သူမ၏ သွေးအစွမ်းမှာ များစွာပင် တိုးတက်ပြီး ယခင်ထက် များစွာပိုအစွမ်းထက်နေပါတော့၏။

" ယွမ်လင်နတ်ဆိုးသခင်ကြီး "

ထို့နောက် နျိုထျဲ့ချူက ယွမ်လင်နတ်ဆိုးသခင်ကြီးအား ထပ်ကြည့်လိုက်သည်။

" မင်း... မင်းတို့... "

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွား၏။

သူ့ရှေ့မှ နျိုထျဲ့ချူက အလွန်ကြောက်စရာကောင်းသည်ဟုလည်း သူ ခံစားနေရသည်။

" သေစမ်း "

နျိုထျဲ့ချူက ဒေါသတကြီး အော်ကာ တင်းပုတ်ကို ကောက်ကိုင်၍ တဖက်လူအား လွှဲရိုက်လာ၏။

" ရော့ကွာ "

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာလည်း သတိလက်လွတ် မနေဝံ့ဘဲ ချက်ချင်း ဓားကိုဆွဲထုတ်၍ ခုတ်လိုက်သည်။

သို့သော်...

ဂျွတ် ..

ကျွတ်ဆတ်ဆတ် အသံနှင့်အတူ ယွမ်လင်နတ်ဆိုးသခင်ကြီး၏ လက်ကောက်ဝတ်တစ်ခုလုံး ထုံကျင်သွားပြီး သူ့လက်ထဲမှ ဓားက နှစ်ပိုင်းကျိုးသွားတော့၏။

" ဟင်.... "

ယွမ်လင်နတ်ဆိုးသခင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူ့လက်ထဲမှ မသေမျိုးဓားက ဤမျှ အလွယ်တကူ ကျိုးသွားသတဲ့လား...

" သေလိုက်တော့.. "

ထိုအချိန်မှာပင် နျိုထျဲ့ချူက ဒုတိယအကြိမ် ထပ်တိုက်ခိုက်လာပြန်၏။

" ချုပ်နှောင်စေ "

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် နည်းလမ်း မရှိတော့သဖြင့် လက်မြှောက်၍သာ ခုခံလိုက်ရတော့သည်။

ဖြောင်း...

အသံတစ်သံနှင့်အတူ သူ့လက်တစ်ဖက် ကျိုးသွားရပြန်၏။

" မျိုးမစစ်ကောင်မ... "

ယွမ်လင်နတ်ဆိုးသခင်ကြီး နောက်သို့ အသည်းအသန် ဆုတ်သွားရပြီး... လူသတ်စက်ကြီးလို ဖြစ်နေသော နျိုထျဲ့ချူအား ကြည့်ရင်း သူ့မျက်လုံးထဲတွင် ရူးသွပ်နေသည့် အရိပ်ယောင်အချို့ ပေါ်လာသည်။

" မင်းက ငါးရောင်ခြယ်နတ်နွားမျိုးနွယ်ရဲ့ ဘာမဟုတ်တဲ့ အကြွင်းအကျန်လေးပဲ ။ အဲ့လိုကောင်ကများ ငါ့ရှေ့မှာ မောက်မာပြရဲနေတယ်ပေါ့ "

သူ ဒေါသတကြီး အော်လိုက်၏။

ထို့နောက်တွင်...

ဝုန်း..

သူ့ အသွင်အမှန် ပေါ်လာသည်။

၎င်းမှာ ဧရာမ မျောက်ကြီးတစ်ကောင်ဖြစ်ကာ.. မျက်နှာစိမ်းစိမ်း ၊ သွားစွယ်များရှိပြီး ဝိဉာဉ်တစ်ကောင်နှင့်ပင် တူနေသေးတော့၏။

" သူ့ အသွင်အမှန်ကို ထုတ်လိုက်ရပြီလား... အဲ့အထိ ရောက်အောင်တောင် ဖိအားပေးခံလိုက်ရတာပဲ "

ခပ်လှမ်းလှမ်းရှိ လူများထံမှ တီးတိုးစကားသံများ ထွက်လာကြသည်။

အသွင်အမှန် ပြောင်းလိုက်ပြီးနောက် ယွမ်လင်နတ်ဆိုးသခင်ကြီး၏ အစွမ်းမှာလည်း သိသိသာသာ တိုးသွားပါ၏။

သို့သော် နျိုထျဲ့ချူက ၎င်းကို ဂရုစိုက်ဟန် မရှိပါ ။

" ကောင်ကင်ဘုံနဂါး အသွင်ပြောင်းစေ "

သူမ အော်လိုက်ရာ.. တစ်ကိုယ်လုံး နဂါးကြေးခွံများ ပြွတ်သိပ်စွာ ပေါ်လာသည်။

သူမ၏ အရောင်အဝါလည်း များစွာပင် တိုးသွား၏။

" ဟင်... "

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ ၎င်းကိုကြည့်ပြီး မှင်သက်သွားရပြန်တော့သည်။

နျိုထျဲ့ချူထံတွင် ထိုသို့သော ဝှက်ဖဲကြီးတစ်ခု ရှိထားမည်ဟု သူ မထင်ခဲ့ပါချေ။

သို့သော်.. ဤမျှနှင့် မပြီးသေးဘဲ.. သူ ထပ်ပြီး တုန်လှုပ်သွားရပြန်ပါသည်။

" နတ်ဆိုး ခန္ဓာကိုယ် "

နျိုထျဲ့ချူ ထပ်အော်လိုက်ရာ သူမ နောက်၌ နတ်ဆိုးအရိပ် ဆယ်ခုကျော် ရုတ်ချည်း ပေါ်လာပြန်၏။

သူမ၏ အရောင်အဝါလည်း ထပ်တိုးသွားပြန်သည်။

" ဒါ... "

ယွမ်လင်နတ်ဆိုးသခင်ကြီးမှာ လုံးဝ ဆွံ့အသွားရ

တော့သည်။

ငါးရောင်ခြယ်နတ်နွားတစ်ကောင်က ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပါ ။

" သေစမ်း... "

ထိုစဉ် နျိုထျဲ့ချူက သူ့အား အပေါ်စီးမှ ငုံ့ကြည့်ကာ တင်းပုတ်ဖြင့် ထပ်တိုက်ခိုက်လာပြန်၏။

" ချီး.. ငါ့ကို အထင်မသေးနဲ့ "

ယွမ်လင်နတ်ဆိုးသခင်ကြီး အသံကျယ်ဖြင့် အော်ကာ ထိပ်တိုက်ပင် ရင်ဆိုင်လိုက်သည်။

သူသည် တောင်ပိုင်းဒေသတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး..

ထျန်းယွမ်ကမ္ဘာမှ နတ်ဆိုးမျိုးနွယ်စုအား နှစ်သောင်းပေါင်းများစွာကြာ အုပ်ချုပ်လာသူ ဖြစ်ပါ၏။

သို့ဖြစ်ရာ သူ ဤမျှနှင့် လက်မလျှော့လိုခြင်းက မဆန်းပါချေ။

ထို့နောက်တွင်ကား ..

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ ယွမ်လင်နတ်ဆိုးသခင်ကြီး.. သွေးအိုင်အဖြစ် ပြောင်းသွားရတော့သည်။

" ဒုတိယတစ်ယောက်ကို ရှင်းပြီးသွားပြီ ။ နောက်ဆုံး တစ်ယောက်ပဲ ကျန်တော့တယ် "

နျိုထျဲ့ချူက ပြန့်ကျဲသွားသော သွေးမှုန်များကြား ရပ်ရင်း တစ်လုံးချင်း ပြောလိုက်၏။

နောက်ဆုံး ကျန်သော သူမ၏ ရန်သူ ၊ ငါးရောင်ခြယ်နတ်နွားမျိုးနွယ်စု၏ ရန်သူမှာ...

မဟာအလင်းတန်းဂိုဏ်းမှ တစ်ယောက်တည်း ရှိပါတော့သည်။

" ယွမ်လင်နတ်ဆိုးသခင်ကြီး... သေသွားပြီလား... "

ချင်းဝူချုံနှင့် အခြားသူများမှာကား ရှေ့မှ မြင်ကွင်းကိုကြည့်ကာ တုန်လှုပ်နေကြပြီး အချိန်အတန်ကြာမှ ပြန်တည်ငြိမ်အောင် ထိန်းလိုက်နိုင်ကြ၏။

ထိုစဉ်မှာပင်...

ဝုန်း...

သူတို့ ဘေးမှ ဝိဉာဉ်ကိုးသွယ်နတ်ဆိုးကမ္ဘာနှင့် ဆက်သွယ်ထားသော ကမ္ဘာနှစ်ခုကြား တံခါးပေါက်က မြည်သံပေးပြီး တဖြည်းဖြည်း ပိတ်သွားသည်။

အားလုံးမှာလည်း အသံလာရာဘက် လှည့်ကြည့်လိုက်ကြ၏။

သွမ့်ချန်ချိုးက လက်ထဲတွင် ဓားကိုင်ကာ တံခါးပေါက်အား အူကြောင်ကြောင်ကြည့်ရင်း ရေရွတ်လိုက်သည်။

" ကောင်းကင်ဘုံပျက်စီးခြင်း ထိပ်ဆုံးသုံးခုထဲက နှစ်ခုနဲ့ တွေ့ပြီးသွားပြီပေါ့... "

သခင်ကြီးထျန်းလုံကလည်း မုတ်ဆိတ်မွေးကို ပွတ်

ရင်း ဝင်ပြောသည်။

" အခု ထျန်းမင်ကမ္ဘာ တစ်ခုပဲ ကျန်တော့တယ် ။ ဒါပေမယ့်.. သခင်လေးလောထျန်းရဲ့ အစွမ်းနဲ့ဆိုရင် ထျန်းမင်ကမ္ဘာကိုလဲ အေးဆေး ကျော်ဖြတ်နိုင်မှာပါ.. ဟုတ်တယ်မလား သခင်လေး "

သူ ထိုသို့ပြောပြီး လောထျန်းအား လှည့်ကြည့်လိုက်သည်။

ထိုစဉ်တွင် လောထျန်းမှာကား မျက်နှာကြီး အလွန်တည်နေ၏။

" ဟင်... ဘာဖြစ်လို့လဲ သခင်လေး "

သခင်ကြီးထျန်းလုံ မေးလိုက်သည်။

လောထျန်းက အသက်ပြင်းပြင်း ရှိုက်၍ ပြန်ပြော၏။

" ထျန်းမင်ကမ္ဘာက ကျုပ်တို့တွေ တွေးထားတာထက် ပိုအစွမ်းထက်နိုင်တယ်ဗျ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

လောထျန်းကပင် ထိုသို့ပြောနေသည် ဆိုလျှင်... ထျန်းမင်ကမ္ဘာက မည်မျှ အစွမ်းထက်ပါသနည်း..

၎င်းမှာ သူတို့ လောထျန်းစကားကို မယုံ၍ မဟုတ်ပါ ။

ပထမအချက်မှာ.. ထျန်းမင်ကမ္ဘာက မည်မျှအစွမ်းထက်သည်ကို သူတို့ သေချာ မသိသောကြောင့် ဖြစ်ပါသည်။

ဒုတိယအချက်မှာကား လောထျန်း ပြခဲ့သည့်အစွမ်းက သူတို့အတွက် တုန်လှုပ်စရာ ကောင်းလွန်းနေသောကြောင့်ပင် ။

ထို့ကြောင့်လည်း သူတို့ လောထျန်းကို အပြည့်အဝ ယုံထားကြပါ၏။

သို့ဖြစ်ရာ.. ထိုတခဏ၌ ထျန်းမင်ကမ္ဘာ ဆိုသော အမည်က သူတို့ခေါင်းထဲ သံမှိုရိုက်ထည့်လိုက်သလို

စွဲသွားတော့သည်။

" သခင်လေး လောထျန်း ၊ ဒါဆို ကျုပ်တို့တွေ ဘာလုပ်သင့်လဲ "

သခင်ကြီးထျန်းလုံက အချိန်အတန်ကြာ တွန့်ဆုတ်နေပြီးမှ မေးလာ၏။

" အားလုံး.. အစွမ်းပိုတိုးလာဖို့ အစွမ်းကုန်သာ ကြိုးစားကြပါဗျာ ။ အနည်းဆုံးတော့ စစ်ပွဲကြီး ရောက်လာရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ လိုတယ် "

လောထျန်းကလည်း ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်ပြော၏။

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

သွမ့်ချန်ချိုးက ရုတ်တရက် ပြောလာ၏။

" ကျုပ် အကြံပြုချင်တာ တစ်ခုတော့ရှိတယ် ။ အခု ထျန်းကူဟုန်မိသားစုရဲ့ ဘိုးဘေးကိုရော ၊ ယွမ်လင်နတ်ဆိုးသခင်ကြီးကိုရော ရှင်းပြီးသွားပြီဆိုတော့.. မဟာအလင်းတန်းဂိုဏ်းကိုရော တစ်ခါတည်း ရှင်းလိုက်ကြတာ မကောင်းဘူးလား "

ချင်းဝူချုံကလည်း အရောင်လက်နေသော မျက်လုံးများဖြင့် ဝင်ပြောသည်။

" အမှန်ပဲ ။ အဲ့သုံးယောက်က ဟိုးအရင်တည်းက ပူးပေါင်းပြီး မဟာမိတ် ဖွဲ့ထားကြတဲ့ တကြိတ်တည်း တစ်ဉာဏ်တည်းတွေ ။ အဲ့တုန်းကတော့ သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ပေမယ့်.. အခုက သူတို့အားလုံးကို ရှင်းပစ်လိုက်ဖို့ အခွင့်ကောငးပဲ "

သခင်ကြီးထျန်းလုံကလည်း ပြော၏။

" အမှန်ပဲဗျာ ။ အပြင်ရန်သူတွေကို တိုက်ထုတ်ဖို့ဆိုရင် တိုင်းပြည်ကို တည်ငြိမ်အောင် အရင်လုပ်မှရမှာ ။ အဲ့တော့ ခုတည်းက ကြိုရှင်းထားလိုက်တာ အကောင်းဆုံးပဲ "

" ပြီးတော့.. ဟုန်မိသားစုက လက်ကျန်နောက်ဆွဲတွေနဲ့ ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ လက်အောက်က သူတွေကိုလဲ ဒီတိုင်းထားလို့မရဘူး ။ မိစ္ဆာတွေကို အမြစ်ကနေ ဖြတ်ပစ်ရမှာ "

ချင်းဝူချုံက ထပ်ဖြည့်ပြောသည်။

ဘေးတွင် နားထောင်နေသည့် နျိုထျဲ့ချူကလည်း တင်းပုတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်၏။

သို့သော်.. ထိုစဥ်တွင်..

" ခဏနေကြပါဦး "

လောထျန်းက ရုတ်တရက် ပြောလာသည်။

" ဟင်.... "

အားလုံးကယ သူ့အား ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။

လောထျန်းက စိတ်ပြောင်းပြီး ထိုသူများကို မသတ်ချင်ကြောင်း ပြောလာမည်လားဟု တွေးကာ သူတို့ အံ့လည်းအံ့သြသွားကြသည်။

လောထျန်းက နျိုထျဲ့ချူဘက် လှည့်ကြည့်ကာ ပြောလိုက်၏။

" ပျောင်ပိုင်မြို့ကို သတင်းပို့ပြီးတော့ လူတွေ ခေါ်လိုက်ဦး ။ ဟိုကောင်တွေကို ဘာမှ ချန်ထားလို့မဖြစ်ဘူး "

All Chapters