ကြမ်းကြမ်း သင်လို့ရလား
Vol. 47 Ch. 652
" ဒီနေရာက မြေတွေအားလုံးက မူလအရှုပ်အထွေးမြေတွေပဲ... "
" ဒီမှာလဲ အတူတူပဲ "
" ကြည့်ရတာ.. ဒီတောင် တစ်တောင်လုံးက မူလအရှုပ်အထွေးမြေတွေနဲ့ ပြည့်နေတာ ထင်တယ် "
" ဘုရားရေ.. ကမ္ဘာကြီးမှာ မူလအရှုပ်အထွေးမြေတွေ အဲ့လောက်အများကြီး ရှိတာလား "
ဆေးပင်စိတ်ဝိဥာဥ်များ တုန်လှုပ်စွာ ရေရွတ်လိုက်ကြသည်။
သူတို့လို ဆေးပင်စိတ်ဝိဥာဥ်များအတွက်.. မူလအရှုပ်အထွေးမြေမှာ ပထမတန်းစား အခွင့်ကောင်းကြီးပါပင် ...
အစောပိုင်းက.. လောထျန်းတစ်ယောက် မူလ
အရှုပ်အထွေးမြေ များစွာကို ထုတ်ပြီး သူတို့ကို လိုက်လာရန် ခေါ်ခဲ့စဥ်ကပင်... ကြောက်စရာကောင်းလွန်းနေခဲ့လေပြီ ။
ယခု... ရှေ့မှ မူလအရှုပ်အထွေးမြေ တောင်ကြီးကို မြင်လိုက်ရချိန်တွင်မူ ... လောထျန်း ပြောခဲ့သည့် စကားများက အမှန်ဖြစ်ကြောင်း သူတို့ သိလိုက်ရပါ၏။
တဖက်မှ အဝတ်ဖြူမသေမျိုးဆေးပင် မှာလည်း ကြောက်ရွံ့တုန်လှုပ်နေဟန် ပေါက်နေရှာသည်။
သို့သော်.. ထိုစဥ်မှာပင် သူ အခြားတစ်ခုကို တွေ့သွားပါ၏။
ဤနေရာတွင် မူလအရှုပ်အထွေးမြေများသာ ပြည့်နေသည်မက...
လေထဲတွင်လည်း ရွှယ်ဟွမ်အစွမ်းများ များစွာပင် ရှိနေပါသည်။
မိမိဘက်မှ အနည်းငယ်လေး အာရုံစိုက်လိုက်ရုံဖြင့်
ပင် ထိုအစွမ်းကို ရနိုင်ပါ၏။
ရွှယ်ဟွမ်အစွမ်းမှာလည်း ထိပ်တန်းအဆင့် အခွင့်ကောင်းကြီးပါပင်..
၎င်းကိုကြည့်ရင်း သူ့စိတ်ထဲမှ သက်ပြင်း ကြိတ်ချမိလိုက်တော့သည်။
" ဒီနေရာမှာ မသေမျိုးဗောဓိပင် ပေါ်လာတာ မဆန်းတော့ပါဘူး ။ ကမ္ဘာတွေအားလုံးနဲ့ ယှဥ်ကြည့်ရင်တောင် ဒီနေရာက ထိပ်တန်းအဆင့် အခွင့်ကောင်းနေရာကြီးပဲ "
သူ ထိုသို့တွေးရင်း လောထျန်းကိုလည်း ပိုပို၍ အံ့သြနေရပါတော့သည်။
ထိုစဥ်တွင် လောထျန်းက ချောင်းဟန့်ကာ ပြောလာ၏။
" ကျုပ် အားလုံးကို မေးချင်တာရှိတယ် ။ မင်းတို့တွေ.. အနာဂါတ်မှာ ဒီမှာပဲ နေချင်ကြလား "
သူ့စကားကြောင့် တဖက်မှ ဆေးပင်စိတ်ဝိဥာဥ်များအားလုံး မှင်သက်သွားကြသည်။
" ဒီမှာ နေလို့ရတယ်လား.. "
ဆေးပင်စိတ်ဝိဥာဥ် တစ်ယောက်က အသံတုန်တုန်ဖြင့် မေးလာ၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ရတာပေါ့ ။ ဒါပေမယ့်... ဒီမှာနေချင်ရင် လတိုင်းမှာ ကျုပ်ကို အစွမ်းထက်တဲ့ ဆေးရည်တစ်ခု ပေးရမယ် ။ အဲ့ဆေးရည်မှာပါရမယ့်အစွမ်းက ခင်ဗျားတို့ကိုယ်ပိုင်အစွမ်းရဲ့ 10% ထက် မနည်းရဘူး "
သူ နတ်ဆိုးသခင်ကြီးဆီမှ ယူလာခဲ့သည့် ဆေးပင်များအားလုံးမှာ သာမာန်ဆေးပင်များ မဟုတ်ကြရာ.. ၎င်းတို့၏အစွမ်းကို အလဟသ အဖြစ်ခံ၍ မရပါချေ ။
" လတိုင်း... ပေးရမှာလား.. "
ဆေးပင်စိတ်ဝိဥာဥ် တစ်ယောက်က အနည်းငယ် တွန့်ဆုတ်စွာ မေးလာ၏။
လောထျန်းက သူ့ဘက် တစ်ချက်ကြည့်ကာ ပြန်ပြော
လိုက်သည်။
" မပေးချင်ဘူးဆို.. ဒီကနေထွက်ပြီး တခြားနေရာ သွားနေလေ "
" ဒီကနေ ထွက်သွားရမယ်... "
အခြား ဆေးပင်စိတ်ဝိဥာဥ်များမှာ ခဏတာမျှ မှင်သက်သွားကြပြီးနောက် သူတို့ခြေဖဝါးအောက်ရှိ မူလအရှုပ်အထွေးမြေကို ငုံ့ကြည့်ရင်း နှလုံးခုန်သံ မြန်လာကြတော့၏။
" ကျုပ် သဘောတူပါတယ် "
ထိုစဥ် အဝတ်ဖြူမသေမျိုးဆေးပင်က ဦးစွာ စကားစလာသည်။
အခြား ဆေးပင်စိတ်ဝိဥာဥ်များအားလုံး သူ့ဘက် လှည့်ကြည့်လိုက်ကြ၏။
အဝတ်ဖြူမသေမျိုးဆေးပင်က တည်ငြိမ်စွာပင် ဆက်ပြောသည်။
" ကျုပ်ရဲ့ ဆေးအစွမ်း 10% နဲ့ တစ်လစာ မူလအရှုပ်အထွေးမြေကို လဲရမှာ တန်တာပေါ့ဗျာ ။ အဲ့
လောက်လေး ဆုံးရှုံးရတာတော့ ဆယ်ရက်လောက်နေရင်ကို အရင်တိုင်း ပြန်ကောင်းသွားမှာပဲ "
သူ့စကားကို ကြားမှသာ ကျန် ဆေးပင်စိတ်ဝိဥာဥ်များ အသိဝင်လာကြ၏။
လောထျန်းပြောသည့် အပေးအယူက မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အလွန်ကောင်းလှပေသည်။
သေချာတွေးကြည့်ပြန်လျှင်လည်း နတ်ဆိုးသခင်ကြီးက သူတို့၏ ဆေးအစွမ်းများအား စုပ်ယူသည်ကိုပင် သူတို့ ကာလကြာရှည် တောင့်ခံပြီး ရှင်သန်နိုင်ခဲ့ကြသည် မဟုတ်ပါလား..
ယခု လောထျန်းက သူတို့အား မူလအရှုပ်အထွေးမြေကိုပင် ထောက်ပံ့ပေးမည်ဖြစ်ရာ.. သူတို့အတွက် အမြတ်ဟုပင် ပြော၍ရပါသည်။
" ကောင်းပြီဗျာ ၊ ကျုပ် သဘောတူတယ် "
" ကျုပ်လဲ သဘောတူတယ် "
ဆေးပင်စိတ်ဝိဥာဥ်များအားလုံး ပြောလိုက်ကြ
တော့၏။
လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက် ဗောဓိပင်ဘက် လှည့်ကြည့်လိုက်သည်။
" ဒါဆို ဒီနေရာကို ခင်ဗျားဆီပဲ လွှဲပေးထားမယ်နော် ။ ခုချိန်ကစပြီးတော့ ခင်ဗျားပဲ ကောင်းမလို အုပ်ချုပ်ပါ "
" ဟုတ်ကဲ့ပါ သခင်လေး "
ဗောဓိစိတ်ဝိဥာဥ် ပြန်ပြောလိုက်သည်။
ထို့နောက်တွင်မူ လောထျန်းက ဗောဓိစိတ်ဝိဥာဥ်အား ဆေးပင်များကို နေရာချပေးရန် ပြောပြီး လျှို့ဝှက်ဒေသထဲရှိ အခြားတစ်နေရာသို့ ပျံသန်းသွား၏။
" အင်း.. ဒီနေရာက လွတ်နေတာဆိုတော့ ဒီမှာ ခဏနေလိုက်မယ် "
လောထျန်းပြောကာ မြေပြင်သို့ ဆင်းသက်လိုက်သည်။
ထို့နောက် သူ အတွင်းကမ္ဘာငယ်ကို ဖွင့်လိုက်၏။
ချက်ချင်းမှာပင်.. ထောင်ပေါင်းများစွာသော အလင်းလုံးများ ပျံသန်းထွက်လာကြသည်။
ထိုအရာများမှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာရှိ နတ်ဆိုးတစ်သောင်း သချ်ိုင်းဂူမှ ရခဲ့သော အမွေအနှစ်များပင်..
လောထျန်းက ၎င်းတို့ကို ရပြီးသည်နှင့် သူ့အတွင်းကမ္ဘာငယ်ထဲ ထည့်ထားခဲ့ပြီး..
ယခုမှ ပြန်ထုတ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် လောထျန်းက လက်တစ်ဖက်ဖြင့် အစီအမံတစ်ခုလုပ်၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်းလိုက်သည်။
ဝုန်း...
သူ့ ခြေဖဝါးအောက် မြေပြင်မှ မရေမတွက်နိုင်သော ကျောက်တုံးကြီးများ မြင့်တက်လာကြ၏။
လောထျန်းက ၎င်းကို တစ်ချက်ကြည့်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဓားကို အနည်းငယ်ယမ်း၍ ကျောက်တုံးများအား အရွယ်အစားစုံ ကျောက်ပြားများအဖြစ် ဖြတ်တောက်ကာ နေရာချထားလိုက်၏။
ပြီးနောက်မှ အမွေအနှစ်အလင်းလုံးများကို ကြည့်ပြီး.. သူ့စိတ်ဝိဥာဥ်အစွမ်းကို ထပ်ထုတ်၍ ၎င်းတို့အား ကျောက်ပြားများထဲ ထည့်လိုက်သည်။
" အင်း... စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့ ဒါတွေကို ကျောက်ပြားနဲ့ တစ်သားတည်းဖြစ်သွားအောင် ပေါင်းစပ်ရမယ် ။ အဲ့လိုဆိုရင် အမွေအနှစ်တွေကို ထပ်ခါတလဲလဲ သုံးလို့ရသွားပြီ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
အားလုံး ပြီးသွားသည့်နောက်တွင်ကား သူ အတွင်းကမ္ဘာငယ်ကို ထပ်ဖွင့်၍ နတ်ဆိုးဂူမှ ရခဲ့သည့် ကျောက်စိမ်းပြားများနှင့် ကောင်းကင်ဘုံနတ်ဆိုး ကျောက်ပြားများအား ထွက်လာရန် ပြောလိုက်သည်။
" ဟင်.. ဘာလို့ ထွက်လာခိုင်းတာလဲ "
ထိုစဥ်တွင် မိုယွိမှာ လက်ထဲ၌ တုတ်တစ်ချောင်းကို ကိုင်ထားပြီး စိတ်မရှည်သည့် မျက်နှာထား ဖြစ်နေ၏။
သူမရှေ့တွင်ကား.. နျိုထျဲ့ချူ ရှိနေသည်။
လောထျန်း ၎င်းကိုကြည့်ကာ အံ့အားသင့်သွားရ၏။
မကြာခင်လေးကပင် ယွမ်လင်နတ်ဆိုးသခင်ကြီး နှင့် ဟုန်မိသားစုဘိုးဘေးကို သတ်ခဲ့သော နျိုထျဲ့ချူမှာ လက်ရှိတွင် တစ်ကိုယ်လုံး ဒဏ်ရာအညိုအမဲများဖြင့် ပြည့်နေပြီး.. အခြေအနေ အလွန်ဆိုးပုံ ပေါ်ပါသည်။
" မင်း ဘာတွေလုပ်နေတာလဲ "
လောထျန်း မေးလိုက်သည်။
" ကျောက်စိမ်းတစ်တုံးဟာ သေချာပုံမသွင်းရင် အသုံးဝင်တဲ့အရာ မဟုတ်ဘူး ။ အဲ့ဒါကြောင့်မို့ သူ့ကို သင်ပေးနေတာ "
မိုယွိ ပြန်ပြောသည်။
" အကိုကြီး... "
နျိုထျဲ့ချူက သနားစဖွယ် အသနားခံသည့် မျက်နှာလေးဖြင့် လောထျန်းအား လှမ်းခေါ်ရှာသည်။
" ပါးစပ်ပိတ်ပြီး လေ့ကျင့်နေစမ်း ။ မင်းတို့ ထျန်းယွမ်ကမ္ဘာက အရင်ကဆို တကယ့်ထိပ်တန်းအဆင့် ကမ္ဘာတစ်ခုပဲ ။ အခု ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ အဖြစ်ဆိုးသွားရတာလဲ "
မိုယွိက လေသံမာမာဖြင့် ပြန်အော်၏။
နျိုထျဲ့ချူမှာ မည်သို့မှ မတတ်နိုင်ဘဲ အံကြိတ်၍သာ ဆက်လေ့ကျင့်နေရတော့သည် ။
လောထျန်းမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်သွားရတော့၏။
သို့သော်.. သူ အနည်းငယ်လည်း စိတ်သက်သာရာ ရသွားသလိုပါပင် ။
မိုယွိမှာ ကောင်းကင်ဘုံနတ်ဆိုးဂူကို စောင့်ကြပ်သည့် ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား ဖြစ်ပြီး လုံးဝ အသွင်ပြောင်းနိုင်သည့် တစ်ခုတည်းသော
ကျောက်ပြား ဖြစ်ပါသည် ။
အစွမ်းအရ ဆိုလျှင်လည်း သူမ၏ ခန္ဓာကိုယ်က နတ်ဆိုးအဆင့်သို့ ရောက်နေလေပြီ ။
ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ အရင်ကမ္ဘာသခင်ကြီးသည်ပင် သူမအတွက် ပြိုင်ဘက်မဟုတ်ပေရာ.. နျိုထျဲ့ချူတစ်ယောက် သူမ၏ ဖိနှိပ်ခြင်းကို ခံနေရသည်မှာ ကျိုးကြောင်းသင့်လျော်ပါ၏။
" ဒါနဲ့.. သခင်လေးက ဘာလို့ ကျွန်မကို ရှာနေတာလဲ "
ထိုစဥ် မိုယွိက လောထျန်းဘက်လှည့်ကာ မေးလာသည်။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်က မင်းကို ဒီနေရာကို စောင့်ကြပ်ခိုင်းပြီးတော့ ပျောင်ပိုင်မြို့က ကျုပ်လူတွေရဲ့ ကျင့်ကြံခြင်း တိုးတက်အောင် ကူပြီးလမ်းပြခိုင်းမလို့ "
မိုယွိ မျက်မှောင်ကြုံ့သွားသည်။
" ကျွန်မက ပါရမီရှင်တွေကိုပဲ လမ်းပြပေးတာ "
သူမသည် နတ်ဆိုးဂူကို စောင့်ကြပ်စဥ်ကတည်းက နတ်ဆိုးဂူ၏ အမွေအနှစ်များအတွက် စည်းကမ်းချက်များကို တင်းတင်းကြပ်ကြပ် ချမှတ်ခဲ့သူတစ်ယောက်ပင် ။
တစ်ခါတလေဆိုလျှင်... ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ တစ်ခေတ်လုံးမှ အစွမ်းအထက်ဆုံး သူများသည်ပင် ကောင်းကင်ဘုံကျောက်ပြားအား ကြည့်ပင်မကြည့်နိုင်ကြပါ ။
သို့သော် တဖက်မှ လောထျန်းမှာလည်း သူမ ထိုသို့ပြောလာနိုင်သည်ကို စိတ်ထဲ မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။
ဝီ..
ထိုစဥ် လောထျန်းက ရုတ်တရက် ထိုင်ချကာ ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းကွက်ကို စတင်ကျင့်ကြံလိုက်၏။
တဖက်မှ မိုယွိ မျက်မှောင်အနည်းငယ် ကြုံ့သွား
သော်လည်း ဤမျှ ဂရုစိုက်ပုံ မပေါ်ပါချေ။
သို့သော်.. လောထျန်း သိုင်းကွက်အနည်းငယ် ကျင့်ကြံသည်ကို မြင်ပြီးနောက်တွင်ကား သူမ ပါးစပ်အဟောင်းသား ဖြစ်သွားပါ၏။
" ဒါ... အင်မတန် မှော်ဆန်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ပဲ ။ ဒါ.. သခင်လေး မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ဖြစ်လာရတဲ့ လျှို့ဝှက်ချက်လား "
သူမ တုန်လှုပ်သွာ မေးလိုက်သည်။
ထိုစဥ်မှာပင် လောထျန်းက ကျင့်ကြံခြင်းကို ရပ်လိုက်ပါ၏။
" မရပ်နဲ့လေ... "
၎င်းကို မြင်သောအခါ မိုယွိ စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
လောထျန်းက သူမဘက်လှည့်ကြည့်ကာ ပြော၏။
" ဒါကို သင်ချင်လား "
" ဟုတ်ကဲ့ "
မိုယွိ ခေါင်းကို အသည်းအသန်ညိတ်ပြရှာသည်။
" ကောင်းပြီ ၊ ဒါဆို ပျောင်ပိုင်မြို့သားတွေကို မြေကမ္ဘာနတ်ဆိုးတစ်ယောက် ဖြစ်လာအောင် သင်ကြားပေးပါ ။ အဲ့ကျရင် မင်းကို သိုင်းကွက်တစ်ကွက် သင်ပေးမယ် "
လောထျန်း ပြောလိုက်သည်။
" အင်... "
မိုယွိတစ်ယောက် မှင်သက်သွားရ၏။
လောထျန်းက ထိုသို့သော တောင်းဆိုမှုမျိုး လုပ်လာမည်ဟု သူမ ထင်မထားခဲ့ပါချေ ။
" မသင်ပေးချင်ဘူးဆိုလဲ ရတယ်လေ ၊ ထားလိုက်.. "
ထိုစဥ် လောထျန်းက ပြောကာ နောက်လှည့်ထွက်ရန် ပြင်လိုက်သည်။
" ခဏနေပါဦး.. ကျွန်မ ခဏလေး စဥ်းစားပါရစေဦး "
မိုယွိ အသည်းအသန် အော်လိုက်သည်။
လောထျန်းက ထွက်သွားရန် ပြင်နေရာမှ ရပ်ပြီး သူမဘက် လှည့်ကြည့်၏။
တဖက်မှ မိုယွိမှာကား စိတ်ထဲ အတွေးများနေဟန်ပင်..
သူမသည် လောထျန်းထံမှ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းကို အမှန်တကယ် သင်ယူချင်သည့်တိုင်...
သာမာန်အဆင့်မျိုးသာ ရှိသည့် လူများနှင့်လည်း လုံးဝ မပတ်သက်ချင်ပါ ။
ဤသို့ဖြင့် ထပ်ခါတလဲလဲ စဥ်းစားနေပြီး နောက်တွင်ကား... လောထျန်း၏ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းက အနိုင်ရသွားခဲ့ပါသည်။
" ကောင်းပါပြီ ၊ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် ရအောင် ကျင့်ကြံတဲ့နေရာမှာ ကူညီပေးပါမယ် "
မိုယွိက လောထျန်းအား မော့ကြည့်ကာ ပြောလိုက်၏။ သို့သော်.. ချက်ချင်းမှာပင် သူမ၏ မျက်နှာထက်၌ ကောက်ကျစ်သည့် အပြုံးတစ်ခု
လည်း ပေါ်လာသည်။
" ဒါပေမယ့်.. ကျွန်မ မေးချင်တာတစ်ခု ရှိတယ် "
" မေးလေ "
" သူတို့တွေကို နည်းနည်း ကြမ်းကြမ်းသင်လို့ရလား "
မိုယွိ မေးလိုက်၏။