မသေမျိုးလက်နက်ကို သန့်စင်ခြင်း
Vol. 47 Ch. 654
ဆုမီတောင်မှ ထွက်လာပြီးနောက်တွင်မူ.. လောထျန်းက ပျောင်ပိုင်မြို့ထဲမှ သူ့နေအိမ်သို့ ပြန်သွားသည်။
" အဖေ... "
ထို့နောက်တွင် သူ့အဖေလောဖုန်းနှင့် တွေ့ပြီး ကျန်နေသေးသော ဗောဓိသီးအားလုံးကို ထုတ်ပေးလိုက်၏။
" ဒါတွေက မသေမျိုးဗောဓိသီးတွေပဲ။ ကောင်းကင်ဘုံတံခါးဝအဆင့် ထိပ်ဆုံးကို ရောက်တဲ့အချိန်မှာ ဒါကို သန့်စင်လိုက်ရင်.. ချက်ချင်း ဉာဏ်အလင်းပွင့်ပြီးတော့ ကမ္ဘာပေါ်ကမသေမျိုးအဆင့်ကို တန်းရောက်သွားနိုင်တယ် "
သူ ထိုသို့ပြောပြီးနောက် မူလနတ်ဆိုးဆေးရည် တစ်ပုလင်းကိုပါ ထပ်ထုတ်လိုက်သည်။
" ဒါကတော့ မူလနတ်ဆိုးဆေးရည်ပဲ ။ ဒါကို သောက်
လိုက်ရင် ခန္ဓာကိုယ်အစွမ်းကို တိုးစေနိုင်တယ် ။ ပြီးရင်.. ပျောင်ပိုင်မြို့ထဲက ဘယ်သူ့ရဲ့ ပါရမီ ၊ ကျင့်ကြံခြင်းနဲ့ သစ္စာရှိမှုတွေက ယုံကြည်လို့ရလဲဆိုတာ အဖေကိုယ်တိုင်ပဲ ရွေးချယ်ပြီးတော့ လျှို့ဝှက်ဒေသဆီ ကျင့်ကြံဖို့ သွားလိုက်ပါ "
" ခန္ဓာကိုယ်ကို ကျင့်ကြံချင်တဲ့သူတွေကိုက.. ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားကို သွားရှာခိုင်းပြီးတော့.. အဲ့သခင်မကြီး လမ်းညွှန်တဲ့အတိုင်း မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံဖို့ ပြောလိုက်ပါ။ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံချင်တဲ့သူတွေကတော့ ရှောက်ကျို့ဆီကနေ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်နည်းတောင်းပြီး ကိုယ့်ရဲ့ စိတ်ဝိဥာဥ်အစွမ်း မြန်မြန်တိုးလာအောင် လုပ်ခိုင်းလို့ရတယ် "
" ပြီးရင်တော့ အချိန်နဲ့နေရာဗိမာန်ထဲကို သွားပြီး ကျင့်ကြံကြဖို့ ပြောလိုက်ဗျာ ။ ကျုပ်မှာချင်တာ တစ်ခုကတော့ အားလုံး တစ်လအတွင်း ကမ္ဘာပေါ်ကမသေမျိုးအဆင့်ကို ရောက်ကြရမယ် "
လောထျန်းက မျက်နှာတည်ဖြင့် အလေးနက် ပြောလိုက်သည်။
တဖက်မှ လောဖုန်းမှာလည်း သူ့သား၏ လေးနက်လွန်းလှသော မျက်နှာထားကိုကြည့်ရင်း အနည််းငယ် စိုးရိမ်စိတ် ဖြစ်သွားသည်။
" ထျန်းလေး.. ရန်သူက အဲ့လောက်အစွမ်းထက်တာလား "
သူ ပြန်မေးလိုက်၏။
လောထျန်းက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ နတ်ဆိုးနတ်ဘုရားကြီး မသေခင် ပြောသွားခဲ့သည့် နောက်ဆုံးစကားများအား ပြန်ပြောပြလိုက်သည်။
" အရမ်းကို အစွမ်းထက်တယ်ဗျ ။ ဒါ့ကြောင့်မို့လဲ ကျုပ်အပါအဝင် အားလုံး မြန်နိုင်သမျှမြန်မြန် အစွမ်းထက်လာမှ ဖြစ်မှာ "
လောထျန်း ပြော၏။
လောဖုန်းက စကားဆုံးအောင် နားထောင်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" စိတ်မပူနဲ့ ထျန်းလေး ၊ ဒီကိစ္စကို ငါ့တာဝန်သာ ထားလိုက်ကွာ ။ မင်းက ကိုယ့်အတွက် လုပ်စရာရှိတာကို
ပဲ သွားလုပ် "
လောထျန်းက ထိုစဥ်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချပြီး သူအဖေ၏ အဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။
သို့သော်. ... သူ မျက်မှောင်ကြုံ့နေဆဲပါပင် ။
" အဲ့လောက်နဲ့ မလုံလောက်သေးဘူး ။ သူတို့အားလုံး ကျင့်ကြံခြင်း အဆင့်တက်ပြီးတော့.. သူတို့ရဲ့ ခန္ဓာကိုယ်အစွမ်းရော ၊ စိတ်ဝိဥာဥ်အစွမ်းပါ တိုးသွားရင်တောင် နတ်ဆိုးနတ်ဘုရားကြီးကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်ဦးမှာ မဟုတ်ဘူး... "
" ဒီတော့.. ငါ့ဘက်က ဝှက်ဖဲချပ်ကြီးတွေ စုထားမှ ဖြစ်မယ် ။ အိုး.. ဟိုတစ်ခု ရှိသေးတာပဲ... "
လောထျန်း ရုတ်တရက် တစ်ခုကို တွေးမိသွားကာ တည်နေရာရွှေ့ပြောင်း၍ လျှို့ဝှက်ဒေသထဲ ပြန်ဝင်လိုက်သည်။
ထိုစဥ်တွင်... ထျန်းမင်ကမ္ဘာ၌..
အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်.. ရုတ်တရက် တစ်ကိုယ်လုံး တုန်သွား၏။
" ဟင်... ဘာဖြစ်လို့လဲ သခင်ကြီး "
သူ့ဘေးမှ အခိုင်းအစေ ဖြစ်ဟန်တူသော အဘိုးအိုတစ်ယောက်က မေးလိုက်သည်။
သူ ခစားနေသည့် သခင်ကြီးမှာ သူတို့ ထျန်းမင်ကမ္ဘာ၌ အစွမ်းအထက်ဆုံးနှင့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ပင်..
ထို့ကြောင့်လည်း ပုံမှန်ဆိုလျှင် ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်များက ရောဂါများအားလုံးနီးပါးကို မမှုပါချေ ။
သို့သော်.. မည်သို့သော အကြောင်းကြောင့်မှန်း မသိရဘဲ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် သခင်ကြီးက ရုတ်တရက် တုန်တုန်နေပါ၏။
" ကြည့်ရတာ.. သူ အလုပ်တွေများပြီး ပင်ပန်းနေလို့နဲ့ တူပါတယ် "
အဘိုးအို စိတ်ထဲမှ တွေးလိုက်သည်။
တဖက်မှသခင်ကြီးက ရုတ်တရက် မေးလာ၏။
" ထျန်းယွမ်ကမ္ဘာဆီသွားဖို့ ပြင်ဆင်နေတာ အခြေအနေ ဘယ်လိုရှိလဲ "
အဘိုးအို ချက်ချင်း အသိပြန်ဝင်လာကာ တီးတိုးပြန်ဖြေသည်။
" တစ်ခုခုတော့ လွဲနေတယ် သခင်ကြီး.. "
" ဟင်.. ဘာပြဿနာ ရှိလို့လဲ "
သခင်ကြီး မျက်မှောင်ကြုံ့သွား၏။
" တစ်ယောက်ယောက်က ထျန်းမင်ကမ္ဘာရဲ့ ကမ္ဘာပတ်လမ်းကို နှောင့်နှေးအောင် လုပ်နေတယ်ဗျ ။ တွက်ချက်ထားတဲ့အတိုင်း ဆိုရင်တော့ နောက်တစ်လလောက်နေမှ ထျန်းယွမ်ကမ္ဘာကို ကောင်းကောင်းကြီး ဆင်းသက်နိုင်မှာ "
တဖက်မှ အဘိုးအို တီးတိုးပြန်ဖြေလိုက်သည်။
" တစ်လတောင်.. အဲ့လိုဖြစ်အောင် ဘယ်သူလုပ်နေတာလဲ "
သခင်ကြီး၏ မျက်နှာထား ချက်ချင်း အေးစက်သွား
တော့သည်။
အဘိုးအိုက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြန်ဖြေရှာ၏။
" ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့်... အမှောင်သခင်ကြီး ပြောတာတော့.. အဲ့ဒါ ရှေးဟောင်းနတ်ဆိုးကမ္ဘာ.. ဒါမှမဟုတ် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ လက်ချက် ဖြစ်နိုင်တယ်တဲ့ "
သလင်ကြီးက အေးစက်စက် နှာခေါင်းရှုံ့၍ ဆိုသည်။
" အဓိပ္ပါယ်မရှိတာ... ထျန်းယွမ်ကမ္ဘာက တစ်ယောက်ယောက် လုပ်တာရော မဖြစ်နိုင်ဘူးလား "
တဖက်မှ အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" အဲ့ကောင်တွေက ကျုပ်တို့ကို မသာနိုင်တော့ လုပ်လို့ရတဲ့ ရွံစရာနည်းလမ်းမျိုး သုံးပြီး လုပ်တာပဲ ဖြစ်မယ်ဗျ "
သခင်ကြီးက အဘိုးအိုအား လှည့်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
" ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး မောက်မာတာမျိုးက အဆိုးရွားဆုံး လုပ်ရပ်ပဲလို့ မင်းကိုငါပြောထားသေးတယ်လေ ။ မေ့သွားပြီလား "
တဖက်မှ အဘိုးအို ချက်ချင်း ခေါင်းငုံ့သွားကယ နဖူးတပြင်လုံးလည်း ချွေးပြန်သွား၏။
သခင်ကြီးက သူ့ကို စိုက်ကြည့်ရင်း အေးစက်စက်အသံဖြင့် ဆက်ပြောသည်။
" ငါတို့ ထျန်းမင်ကမ္ဘာက အစွမ်းထက်တာ မှန်ပေမယ့်.. ပြိုင်ဘက်ကင်းဖြစ်ဖို့ အဝေးကြီး လိုသေးတယ် ။ ဥပမာ.. ရှေးဟောင်းနတ်ဆိုးကမ္ဘာက ရှေးဟောင်းနတ်ဆိုးကြီးသာ ခုချိန် အသက်ရှိနေဦးမယ်ဆိုရင်.. ငါ သူ့ကို နိုင်နိုင်ချေက 50% လောက်ပဲ ရှိမှာ "
" သူ့ကို ခဏထားပြီး ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကိုပဲ ကြည့်လိုက်ဦး ။ မင်းကိုငါ မေးပါဦးမယ်.. သူတို့ရဲ့ နတ်ဆိုးနတ်ဘုရားကြီးကို အနိုင်ယူနိုင်တဲ့သူဆိုလို့.. ငါတို့ ထျန်းမင်တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်ကလွဲပြီး တခြားဘယ်သူရှိလို့လဲ "
" ကမ္ဘာနှစ်ခုကြား တိုက်ပွဲမှာတုန်းကဆို.. သူက ငါတို့
ဆီက နတ်ဘုရား ၇ ယောက်ထဲက ၅ ယောက်ကိုတောင် အနိုင်ယူခဲ့တာလေ ။ တကယ်လို့ အဲ့တုန်းကသာ ငါ ဝင်မပါခဲ့ဘူးဆိုရင် ငါတို့ထျန်းမင်ကမ္ဘာ အရှက်ကွဲရတာ ကြာလှပြီ "
တဖက်မှ အဘိုးအိုမှာ သခင်ကြီး၏ ဆူပူစကားများကို နားထောင်ရင်း နှလုံးခုန် ရပ်သွားတော့မလိုပါပင်..
သူ့ရှေ့မှ သခင်ကြီးက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သေချာသိထားသည် မဟုတ်ပါလား...
လက်ရှိတွင် သခင်ကြီးက ဖိအားကို တမင်မထုတ်လွှတ်ထားသည့်တိုင် သာမာန်လူများအနေဖြင့် အနားပင် ကပ်နိုင်ကြမည် မဟုတ်ပါချေ ။
နောက်ဆုံးတွင်မူ.. တဖက်မှ အဘိုးအို ခံနိုင်သည့် အကန့်အသတ်သို့ ရောက်ခါနီးနေပြီကို သတိထားမိသွားဟန်ဖြင့် သခင်ကြီး မျက်နှာလွဲသွား၏။
သို့သော် သူ အေးစက်စက် ဆက်ပြောလိုက်သည်။
" အခု အောက်ဆင်းပြီးတော့ နတ်ဘုရားသခင်ကြီး
တွေနဲ့ အကြီးအကဲတွေဆီ သတင်းသွားပို့လိုက် ။ နောက်တစ်လနေရင် ထျန်းယွမ်ကမ္ဘာကို ကျူးကျော်မယ်.. အားလုံး သွားရမယ်လို့ ။ ပြီးတော့ အစီအမံတွေ ၊ မှော်လက်နက်တွေ ၊ တခြားဟာတွေ အကုန်ယူလာခဲ့ဖို့ပါ ပြောလိုက် ။ ပြီးရင် အပေါ်ကမ္ဘာကနေ အစွမ်းထက်တဲ့ နတ်ဘုရားတချို့ လာကူညီပေးနိုင်မလား ဆိုတာကိုပါ ကြည့်လိုက် "
သူ့စကားကြောင့် တဖက်မှအဘိုးအို တုန်လှုပ်သွားဟန်တူသည်။
" အပေါ်ကမ္ဘာက နတ်ဘုရားတွေလား... အဲ့လောက်ကြီး လုပ်ဖို့ လိုလို့လားဗျာ "
သခင်ကြီးက သူ့အား အေးစက်စက် ထပ်ကြည့်လာရာ.. အဘိုးအိုမှာ လဲကျတော့မလိုပင် ဖြစ်သွားသည်။
" ခြသေ့်တစ်ကောင်တောင် ယုန်တစ်ကောင်နဲ့ တိုက်ခိုက်တဲ့အခါ အစွမ်းကုန် ထုတ်သုံးတယ်ကွ ။ အခု ဒီတစ်ခေါက်ခရီးက အပေါ်ကမ္ဘာအတွက် ရတနာရှာပေးဖို့လေ ။ ထျန်းယွမ်ကမ္ဘာက အသုံးမဝင်တဲ့ ကောင်တွေနဲ့ ဖြုန်းနေစရာ အချိန်မရှိဘူး ။ ငါတို့
ဘက်က မြန်မြန်ဆုံးဖြတ်ချက်ချမှ ဖြစ်မှာ ။ ငါ ထပ်ပြောပြနေစရာ လိုသေးလား "
သခင်ကြီးက အေးစက်စက် ဆို၏။
" ဟုတ်... ဟုတ်ကဲ့ ၊ သဘောပေါက်ပါပြီ သခင်ကြီး "
အဘိုးအို နောက်သို့ တစ်ချက်ယိုင်သွားကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
ထို့နောက်တွင် သူ.. အဝေးသို့ ဆုတ်သွားပြီးမှ ချက်ချင်းနောက်လှည့်၍ ပျောက်ကွယ်သွားတော့၏။ သူ့အသွင်မှာ အသက်ဘေးမှ လွတ်အောင် ပြေးနေသလိုပါပင်..
သခင်ကြီးက အေးစက်စက် နှာခေါင်းရှုံ့၍ တစ်ခုခုပြောရန် ပြင်လိုက်သည်။
သို့သော်. .. ထိုစဥ်မှာပင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တုန်သွားပြန်၏။
" ဟင်.. ဘာတွေဖြစ်နေတာလဲ ။ ဒီတလော ဘာလို့အဲ့လိုတွေ ဖြစ်နေတာလဲ မသိဘူး "
သူ နားမလည်နိုင်ဖြစ်ကာ ခေါင်းရှုပ်သွားရပါသည်။
သူ မသိသည်မှာ... သူ နောက်ဆုံးအကြိမ် တုန်သွားစဥ်က...
ထျန်းယွမ်ကမ္ဘာ ၊ လျှို့ဝှက်ဒေသ တစ်ခုအတွင်းရှိ...
လောထျန်းက တုတ်ကောက်တစ်ချောင်းကို ကိုင်ပြီး ရှေ့သို့ စိုက်ကြည့်နေခြင်းပင် ...
အချိန်အတန်ကြာသွားပြီးမှ လောထျန်း ခေါင်းကုတ်၍ ပြောလိုက်သည်။
" ကြည့်ရတာ နည်းနည်းတော့ ရုပ်ဆိုးပေမယ့်... တာအိုသံစဥ်နဲ့ တာအိုထွင်းစာတွေကို ကြည့်ရတာတော့ မူလမသေမျိုးလက်နက်တစ်ခုနဲ့ တူပါတယ်... "
သူ ထိုသို့ပြောပြီး မည်သည့်အစွမ်းမှ မသုံးဘဲ လက်ကို အသာယမ်းလိုက်သည်။
ဝုန်း...
ကမ္ဘာတစ်ခုလုံး ရုတ်တရက် နှစ်ခြမ်းကွဲသွား၏။
" အင်း.. တော်တော်လေးတေတာ့ အစွမ်းထက်သားပဲ ။ မျှော်လင့်ထားတဲ့အတိုင်း.. ငါ့ရဲ့ လက်နက်သန့်စင်တဲ့ပါရမီက သိပ်မနိမ့်ဘူးပဲ ။ ပထမဆုံးအကြိမ်မှာတောင် မူလမသေမျိုးလက်နက် တစ်ခုကို သန့်စင်လိုက်နိုင်တာ ဆိုတော့ "
လောထျန်း စိတ်လှုပ်ရှားစွာ ဆိုသည်။
" ဘာတွေ ဖြစ်နေတာလဲ "
ထိုစဥ်မှာပင် အသံကျယ်ကြီးကြောင့် လန့်သွားသော ပန်းလင်တစ်ယောက် ရောက်ချလာ၏။
သူမသည် အသံကျယ်ကို ကြားကြားချင်း လန့်သွားသောကြောင့် အသည်းအသန် ပြေးလာခြင်းဖြစ်ကာ.. လောထျန်းအား တွေ့သွားခြင်းဖြစ်သည်။
လောထျန်းက ပန်းလင်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ဆို၏။
" ကြည့်ပါဦး.. ကျုပ် လက်နက်ကို ဘယ်လိုသန့်စင်ရမလဲ သင်ထားတာ "
လောထျန်းက ထိုစကားအား လက်ထဲမှ တုတ်ကို
မြှောက်ရင်း အော်ပြောလိုက်ပါသည်။
ပန်းလင်မှာ သူ့ကို ကြည့်ရင်း မှင်သက်နေပြီးမှ အပြစိတင်စကားဆိုရန် ပြင်လိုက်၏။ သို့သော်.. ထိုစဥ်မှာပင် သူမတစ်ကိုယ်လုံး တုန်သွားရသည်။
" မူလ မသေမျိုးလက်နက်လား.... "
သူမ တစ်ချက်ကြည့်ရုံဖြင့်ပင် လောထျန်းလက်ထဲမှ အရာက မူလမသေမျိုးအဆင့် လက်နက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။
ထိုအရာက ကြည့်မကောင်းသည့်တိုင်... တာအိုထွင်းစာများက သိသာလှပေသည်။
ထိုအရာမှာ... လောထျန်း ယွဲ့ယန်ကမ္ဘာမှ ယူလာခဲ့သည့် နတ်ဘုရားသွေးနီပုလဲထက်ပင် ပို အစွမ်းထက်သလို သူမ ခံစားလိုက်ရပါ၏။
" ခင်ဗျားလဲ သိနေတာပဲ ။ ဒါဆို.. ကြည့်ရတာ ကျုပ်ရဲ့ လက်နက်သန့်စင်နည်းက ဘာပြဿနာမှ မရှိဘူးနဲ့တူတယ် "
လောထျန်းက ပန်းလင်၏စကားကို ကြားပြီးနောက်
စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချသည်။
ပန်းလင် ခေါင်းညိတ်၍ ပြန်ပြော၏။
" သခင်လေးက မူလမသေမျိုးအဆင့် တုတ်ချောင်းတစ်ချောင်းကိုတောင် သန့်စင်နိုင်တာ တကယ်အံ့သြစရာပဲ "
သို့သော်.. လောထျန်းမှာ ထိုစကားကိုကြားပြီး အံ့အားသင့်သွားဟန် တူသည်။
" ဘာဖြစ်လို့လဲ "
ပန်းလင်မှာလည်း ၎င်းကို သတိထားမိကာ မေးလိုက်၏။
လောထျန်းက အူကြောင်ကြောင်ဟန်ဖြင့် ခေါင်းကုတ်၍ ပြန်ပြောသည်။
" တကယ်တော့... ဒါ ဓားတစ်လက်ဗျ.. "