ကြောက်မက်ဖွယ် လက်နက်သန့်စင်နည်း
Vol. 47 Ch. 655
" ဓား... ဟုတ်လား.. "
ပန်းလင် မှင်သက်သွားရတော့သည်။
သူမ ခေါင်းလှည့်ပြီး လောထျန်းလက်ထဲမှ 'ဓား ' ဆိုသည့်အရာအား သေချာစိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာသွားပြီးမှ သူမ ခေါင်းကုတ်၍ ပြော၏။
" သခင်လေးက ဓား ဆိုတော့လဲ... ဓား ပေါ့... ။ နည်းနည်းတော့.. တူပါတယ် "
လောထျန်းက ရှက်သွားပုံဖြင့် ချက်ချင်းပြန်ပြောသည်။
" ဘာပဲဖြစ်ဖြစ် တူတယ်လေ "
သူသည် သီအိုရီပိုင်းဆိုင်ရာကို အစွမ်းကုန်အထိ ကျွမ်းကျင်တတ်မြောက်သည့်တိုင်..
လက်တွေ့အသုံးချနိုင်စွမ်းမှာမူ ညံ့နေသေးကြောင်း လောထျန်း မသိပဲမနေပါ ။
ယခင်ကတည်းကလည်း လက်မှုပစ္စည်းများမှာ သူ့ရန်သူပါပင်..
လောထျန်း ဖြစ်သွားပုံကိုကြည့်ရင်း ပန်းလင်က ချက်ချင်း နှစ်သိမ့်ရှာ၏။
" တကယ်တော့ အဲ့ဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး ။ မူလမသေမျိုးလက်နက်ဆိုတာ လုံလောက်အောင် အစွမ်းထက်နေရင် ရပြီ ။ ကြည့်ကောင်းဖို့ မကောင်းဖို့က အရေးမကြီးဘူး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ခုလို နှစ်သိမ့်ပေးတာ ကျေးဇူးပါဗျာ "
ပန်းလင်မှာ ခဏတာမျှ ဘာပြောရမှန်းမသိ ဖြစ်နေပြီးမှ... လောထျန်းဘေးတွင် ပုံနေသော မသေမျိုးလက်နက် အကျိုးအပဲ့များကို ကြည့်၍ စကားလမ်းကြောင်းပြောင်းလိုက်၏။
" သခင်လေးက ဒါတွေအားလုံးကို အရည်ပြန်ကျိုပြီးတော့ လက်နက်အသစ် လုပ်မလို့လား "
လောထျန်း သက်ပြင်းချလိုက်သည်။
" ဟုတ်တယ်ဗျ ၊ ဒီတစ်ခေါက် ကြုံရမယ့်ရန်သူက အစွမ်းထက်လွန်းတယ် ။ ကျုပ် အားလုံးကို ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာ မသေချာဘူး ။ ဒါ့ကြောင့်မို့ အဲ့အတွက်ကို မူလမသေမျိုးလက်နက်တွေ အများကြီး လုပ်ထားဖို့ စဥ်းစားနေတာ "
ပန်းလင် မျက်မှောင်ကြုံ့သွား၏။
" ဒါပေမယ့်... မူလမသေမျိုးလက်နက် တစ်ခုလောက်နဲ့ တိုက်ပွဲရဲ့ အခြေအနေကိုတော့ ပြောင်းမပစ်နိုင်ဘူးလေ... "
လောထျန်း ခေါင်းညိတ်၍ ပြန်ပြောသည်။
" ခင်ဗျားပြောတာ မှန်တယ် ။ ကျုပ် စဥ်းစားထားတာက.. အားလုံးကို မူလမသေမျိုးလက်နက် တစ်ခု ၊ နှစ်ခုစီ ပေးထားမလားလို့.... "
ကြားလိုက်ရသည့် စကားကြောင့် ပန်းလင်တစ်ယောက် အံ့သြမှင်သက်သွားရတော့သည်။
အချိန်အတန်ကြာ တိတ်နေပြီးမှ သူမ တအံ့တသြ ဆိုလိုက်၏။
" ဘယ်လို ပြောလိုက်တယ်... အားလုံးကို တစ်ခု ၊
နှစ်ခုစီ ပေးမှာ.. ဟုတ်လား ။ သခင်လေးက မူလမသေမျိုးလက်နက်ကို ဘာထင်နေတာလဲ "
လောထျန်း သက်ပြင်းချလိုက်သည်။
" ဟုတ်တယ်ဗျ ။ ကျုပ်လဲ လက်နက်ကို သန့်စင်နေရင်းနဲ့မှ ပြဿနာကို သတိထားမိသွားတာ "
သူ့စကားကြောင့် ပန်းလင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
မူလမသေမျိုးလက်နက် ဆိုသည်မှာ ရှားပါးစာရင်းဝင် ရတနာဖြစ်ပြီး...
သူတို့ ထျန်းယွမ်ကမ္ဘာ သမိုင်းတလျှောက်လုံးတွင်ပင် ထိုသို့သောအရာကို သန့်စင်နိုင်သူ အလွန်ရှားပါသည်။
လောထျန်းက လက်နက်တစ်ခုကို သန့်စင်နိုင်ခဲ့သည့်တိုင်... အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့်.. ကံကောင်းထောက်မပြီး အောင်မြင်သွားခဲ့သည်ဟုသာ ပန်းလင် ခံစားနေရသည်။
သို့ဖြစ်ရာ.. အကယ်၍ လောထျန်းသာ နောက်တစ်ကြိမ် ထပ်ပြီးသန့်စင်ပါက.. အောင်မြင်မည်ဟု တပ်အပ်မပြောနိုင်ပါချေ ။
အကယ်၍ လောထျန်းက ကြိမ်ဖန်များစွာ မအောင်မြင်ပါလျှင် .. သူ့ တာအိုနှလုံးသားအတွက် အနှောင့်ယှက်ကြီး ဖြစ်သွားနိုင်ပါသည်။
သို့သော်. .. ထိုစဥ် တဖက်မှ လောထျန်းက ပြောလာ၏။
" အခု ဖြစ်နေတဲ့ပြဿနာက.. မူလမသေမျိုးလက်နက် ဖြစ်အောင်လုပ်ဖို့ ပစ္စည်းတွေ နည်းလွန်းနေတာပဲ ။ ဒါတွေနဲ့ဆို မူလမသေမျိုးလက်နက် ဆယ်ခုကျော်လောက်ပဲ သန့်စင်လို့ရမှာ ။ အဲ့ဒါတောင် လုံးဝ အာဏာကုန်ပဲ... "
ပန်းလင် : " ............ "
သူမ အော်၍သာ ဆဲလိုက်ချင်ပါတော့သည်။
လောထျန်းအတွက် ပြဿနာက အဲ့ဒါတဲ့လား...
ထို့အပြင်... ' ဆယ်ခုကျော်လောက်ပဲ သန့်စင်နိုင်မှာ ' ဆိုသည့်စကားက ဘာပါနည်း..
မူလမသေမျိုးလက်နက် ဆယ်ခုကျော်ကို နည်းသည်ဟု သူ ထင်နေပါသလား...
သူမ ဘာပြောရမည်ပင် မသိတော့ပါချေ...
ပန်းလင်က လောထျန်းအား နားချရန်အတွက် စကားစရန် ပြင်လိုက်စဥ်မှာပင်...
တဖက်မှ လောထျန်းက မသေမျိုးလက်နက် အကျိုးအပဲ့တစ်ခုကို ထပ်ထုတ်၍ ပြောလာပါ၏။
" ဒီတစ်ခေါက်တော့... အကာအကွယ် မူလမသေမျိုးလက်နက်ကို လုပ်ကြည့်မယ် "
ပန်းလင် ဆွံ့အသွားရပြန်တော့သည်။
သူမ လောထျန်းအား တားလိုက်ချင်သော်လည်း.. စကားလုံးများ ပါးစပ်ဖျားသို့ ရောက်ခါနီးမှာပင် နှုတ်ခမ်းကို ခပ်တင်းတင်း ပြန်စေ့လိုက်ပါ၏။
" သူက တစ်ကြိမ် အောင်မြင်ထားတာဆိုတော့... ငါ နားချလဲ နားဝင်မှာမဟုတ်ဘူး ။ ထားပါလေ.. သူ့ကို နောက်တစ်ကြိမ် ထပ်လုပ်ခိုင်းလိုက်မယ် ။ သူ မအောင်မြင်မှပဲ ထပ်ပြီး နားချတာပေါ့ ။ အဲ့လိုဆိုရင် အလုပ်ဖြစ်မှာပါ ။ သူ့ရဲ့ တာအိုနှလုံးသားကို မထိခိုက်သရွေ့ ဘာမှ ပြဿနာမရှိနိုင်ဘူး "
သူမ ထိုသို့တွေးကာ ဘေး၌ တိတ်တဆိတ်ရပ်လျက် လောထျန်း ကျရှုံးမည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။
ထိုစဥ်တွင် လောထျန်းမှာကား မသေမျိုးလက်နက်ကို တစစီလုပ်ပြီးနေလေပြီ ။
ထို့နောက် သူ ဘယ်ဘက်လက်ကို ယမ်း၍ မီးတောက်များ ဖန်တီးပြီး လက်နက်ကို အရည်ကျိုလိုက်၏။
ဤသို့ဖြင့် တခဏအကြာမှာပင် တစစီဖြစ်နေသော လက်နက်အပိုင်းအစများ အရည်ပျော်သွားသည်။ ထို့နောက်တွင် လောထျန်းက ၎င်းကို တူဖြင့်ထု၍ လက်နက်ပုံ စသွင်းလိုက်၏။
ခပ်လှမ်းလှမ်းမှနေ၍ မြင်ကွင်းအစအဆုံးကို ကြည့်
နေသော ပန်းလင်က ခေါင်းအသာယမ်းကာ လောထျန်းအား နားချရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်..
ဒုံး..
လောထျန်းက တူဖြင့် နောက်ဆုံးတစ်ချက်ထုပြီး ရပ်လိုက်ပါ၏။
ပန်းလင် အံ့အားသင့်သွားကာ မော့ကြည့်လိုက်သည်။
လောထျန်း၏ လက်ထဲတွင်ကား အဖုအပိန့်များဖြင့် မညီမညာဖြစ်နေသည့် သံပြားတစ်ခုကို ကိုင်လျက်....
ထိုသံပြား၏ နောက်တွင်မူ လက်ကိုင်ကွင်းတစ်ခု ရှိနေကာ... ဒိုင်းကာတစ်ခုနှင့် တူပါသည်။
သို့သော်... ထိုဒိုင်းကာ၏ ပုံပန်းသွင်ပြင်မှာ အမှန်တကယ်ပင် ရုပ်ဆိုးလှပါ၏။
ပန်းလင်မှာ ၎င်းကိုကြည့်ရင်း သက်ပြင်းချလိုက်ပြီးနောက်... လောထျန်းကို နှစ်သိမ့်ပေးရန်အတွက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သို့သော်.... ထင်မထားစွာပင်..
ဝီ...
ဒိုင်းကာပေါ်၌ များစွာသော တာအိုထွင်းစာများ ရုတ်တရက် ပေါ်လာ၏။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" ဟင်.. ဒီအရောင်အဝါက... မူလမသေမျိုးလက်နက်လား... ။ နောက်ထပ် မူလမသေမျိုးလက်နက်ကို လုပ်လိုက်နိုင်တာလား... ။ ဒီလောက် ရုပ်ဆိုးနေတာတောင် မူလမသေမျိုးလက်နက် ဖြစ်သေးတယ်ပေါ့ "
ပန်းလင်မှာ ကမ္ဘာကြီးအပေါ် မြင်သည့် သူမ၏အမြင် ပြောင်းပြန်ဖြစ်သွားတော့မည်ကဲ့သို့
ခံစားလိုက်ရ၏။
တဖက်မှ လောထျန်းမှာကား ဒိုင်းကို ကိုင်ထားပြီး ၎င်းအထဲသို့ စိတ်စွမ်းအင်များ ထည့်နေရှာသည်။
ဝုန်း...
တမဟုတ်ချင်းမှာပင် ဒိုင်းရှေ့မှ တာအိုထွင်းစာများက အရိပ်ကြီးတစ်ခုအဖြစ် စုစည်းသွားကာ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထုတ်လွှတ်လာ၏။
၎င်းကိုကြည့်နေသော ပန်းလင်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပြန်တော့သည်။
လောထျန်းလက်ထဲမှ ဒိုင်းက ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို ဆန့်ကျင်နိုင်နေသကဲ့သို့လည်း သူမ ခံစားနေရပါသည်။
၎င်းမှ လာသည့် ဖိနှိပ်အစွမ်းမှာလည်း အလွန်ပင် ကြောက်စရာကောင်းလှပါ၏။
" သာမာန် မူလမသေမျိုးလက်နက်တောင် မဟုတ်
ဘူး.. အင်မတန်အစွမ်းထက်တဲ့ မူလမသေမျိုးလက်နက် တစ်ခုပဲ "
ပန်းလင် စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
" ကဲ.. ဒီတစ်ခုလဲ အောင်မြင်သွားပြီ ။ နောက်ထပ်... တာဝေးအထိ တိုက်ခိုက်လို့ရတဲ့လက်နက် လုပ်ရမယ် "
လောထျန်း ပြောလာ၏။
သူ ပြောပြောဆိုဆိုပင် မသေမျိုးလက်နက် အကျိုးတစ်ခုကို ထပ်ထုတ်ကာ ယခင်နည်းအတိုင်း သန့်စင်ရန် ပြင်လိုက်ပြန်သည် ။
ဤတစ်ကြိမ်တွင်ကား.. ပန်းလင်မှာ ခေါင်းထဲမှ အတွေးများကို ရှင်းထုတ်ပြီး မျက်လုံးပြုး၍ လောထျန်းကိုသာ အသည်းအသန် ကြည့်နေလိုက်၏။
ဘာတွေ ဘယ်လိုဖြစ်သွားသည်ကို သူမ သိချင်သည် မဟုတ်ပါလား...
ယခုတစ်ကြိမ် သေချာကြည့်ပြီးနောက်တွင််မူ... သူမ သဲလွန်စနည်းနည်း ရှာတွေ့သွားပါသည်။
လောထျန်း၏ပုံမှာ ကစဥ့်ကလျားဖြင့် စနစ်မကျပုံ ပေါ်နေသည့်တိုင်... သူ့လှုပ်ရှားမှု တစ်ခုစီတိုင်းက သံစဥ်နှင့်အညီ ဖြစ်နေပါ၏။
ထို့ထက် ပိုအရေးကြီးသည်မှာ... လက်နက်ကို အရည်ကျိုသည့် အချိန်တွင်ရော... တူဖြင့် ထုနေသည့် အချိန်တွင်ပါ... သာမာန်ဟုသာ ထင်ရသော သူ့လှုပ်ရှားမှုများက ထင်ထားသလောက် မရိုးရှင်းခြင်းပင်...
လှုပ်ရှားမှု တစ်ခုစီတိုင်းတွင် တာအိုထွင်းစာများ ပါဝင်နေပြီး ၎င်းတို့က လက်နက်နှင့် ပျော်ဝင်ပေါင်းစပ်သွား၏။
လောထျန်းက ဘာမှမထူးခြားဟန်ဖြင့် သာမာန်အရာတစ်ခုလို ဖန်တီးခဲ့သော ထွင်းစာတစ်လုံးလေးကိုပင်... သူမသာ ဆိုပါက နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပန်းလင်စိတ်ထဲမှ တွေးမိလိုက်သည် ။
လောထျန်းမှာကား.. ထိုအဆင့်မျိုးရှိသည့် တာအိုထွင်းစာ ရာကျော်ကို သူ့လက်နက်ထဲသို့
တစ်ပြိုင်နက်တည်း ပေါင်းထည့်နေပါ၏။
" သဘောပေါက်ပြီ.... တာအိုထွင်းစာတွေ ဒီလောက်များပြီး ထိပ်တန်းအဆင့် ပစ္စည်းကို သုံးမှတော့ မူလမသေမျိုးလက်နက် ဖြစ်လာတာ မဆန်းတော့ပါဘူး "
ပန်းလင် ထပ်တွေးလိုက်သည်။
ဝီ...
ထိုစဥ်မှာပင် မသေမျိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
လောထျန်း၏ လက်နက်သန့်စင်ခြင်း ပြီးသွားလေပြီ ။
ဤတစ်ကြိမ်တွင်ကား.. သူ့လက်ထဲ၌ ကောက်ကွေးနေသည့် တုတ်ချောင်းတစ်ခု ရှိနေသည်။
၎င်းကို ကြည့်ကာ ပန်းလင် ချက်ချင်း သဘောပေါက်သွားသည်။
" အဲ့ဒါ... လေး လား... "
လောထျန်းက သူမဘက် လှည့်ကြည့်ပြီး အပြုံးဖြင့် ပြန်ပြော၏။
" ခင်ဗျားက ကျုပ်ကို တကယ်နားလည်တာပဲဗျာ "
လောထျန်းက ထိုသို့ပြောပြီး လေးတံကို ဘယ်လက်ထဲကိုင်၍ ညာလက်ဖြင့် ဆွဲလိုက်သည်။
ဝီ....
တာအိုထွင်းစာများက လေးကြိုးအဖြစ် ရုတ်ချည်း စုစည်းသွားကာ လောထျန်းလက်ထဲ ပါသွား၏။
ထို့နောက်တွင် လောထျန်းက လေးကြိုးအား လွှတ်လိုက်သည်။
ဝုန်း...
လေးကြိုးမှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု ချက်ချင်းတိုးထွက်လာ၏။
၎င်းက ကမ္ဘာ၏ အကန့်အသတ်ဘောင်ကို ကျော်၍ ချက်ချင်း တိုးထွက်သွားတော့သည်။
လျှို့ဝှက်ဒေသ တစ်ခုလုံး ရုတ်ချည်း စတင်တုန်ခါလာ၏။
ပန်းလင်၏ မျက်နှာထား ချက်ချင်းပြောင်းသွားတော့သည်။
" သခင်လေး ၊ ဒီနေရာ တစ်ခုလုံးကို ဖျက်ဆီးမလို့လား... "
လောထျန်း ခေတ္တမျှ ကြောင်သွားပြီးမှ အိုးတို့အမ်းတမ်း ပြန်ပြောရှာ၏။
" စိတ်မရှိပါနဲ့ဗျာ... ကျုပ် တမင်လုပ်တာ မဟုတ်ပါဘူး။ အခုပဲ ပြန်ပြင်လိုက်ပါ့မယ် "
သူ ထိုသို့ပြောပြီး လက်ဖြင့်အစီအမံများ လုပ်၍ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများဖြင့် လေထုအကာအရံကို ပြင်လိုက်ပါသည်။
ဤသို့ဖြင့် တခဏအကြာတွင်မူ.. အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားတော့သည်။
ပန်းလင် ထိုအချိန်မှ သက်ပြင်းချနိုင်သွားသည်။ တစ်ချိန်တည်းမှာပင် လောထျန်းလက်ထဲမှ ရုပ်ဆိုးလှသော လေးကိုကြည့်ရင်းလည်း သူမ တုန်လှုပ်သွားရပါ၏။