ပါရမီရှင် လက်နက်သန့်စင်သူ
Vol. 47 Ch. 657
သူ့စကားကြောင့် တဖက်မှ သက်လတ်ပိုင်းအရွယ်လူကြီး ပိုပို၍ စိတ်ဓာတ်ကျသွားတော့သည်။
ထိုစဥ်မှာပင်.. အဘိုးအိုက အကြည့်လွှဲလာပြီး လောထျန်းအား သတိထားမိသွား၏။
" ဟင်.. လူငယ်လေး ၊ မင်းက ဘယ်မိသားစုကလဲ ။ အဲ့လောက်ငယ်ငယ်လေးနဲ့ ဘာလို့ ကြယ်စင်သန့်စင်ကမ္ဘာကို လာခဲ့တာလဲကွ ။ မင်းရဲ့ လက်နက်သန့်စင်ခြင်းကရော ဘယ်အဆင့်လဲ "
သူ မေးလိုက်သည်။
လောထျန်းက ခေတ္တမျှ မှင်သက်နေပြီးမှ ပြန်ဖြေ၏။
" ကျုပ်က အပေါ်ကမ္ဘာက မဟုတ်ဘူးဗျ ။ လက်နက်သန့်စင်အဆင့် သတ်မှတ်တဲ့ ပြိုင်ပွဲမျိုးလဲ ဝင်မပြိုင်ဖူးဘူး "
အဘိုးအိုက သူ့စကားကို နားထောင်ပြီး အပြုံးဖြင့် ပြန်ပြောသည်။
" ဒီ ကြယ်စင်သန့်စင်ကမ္ဘာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မင်း ခုနက ကြားလိုက်ရတယ် မဟုတ်လား ။ အစွမ်းထက်တဲ့ လက်နက်သန့်စင်သူတစ်ယောက်ရဲ့ အကာအကွယ်သာ မပါရင် မင်း ဒီမှာသေရမှာ သေချာသလောက်ပဲကွ ။ ဒါပေမယ့်.. ငါ ဒီနေ့ စိတ်ကောင်းဝင်နေတာမို့... ငါ့ကို ပိုက်ဆံပေးမယ်ဆိုရင် မင်းကို ကာကွယ်ပေးပြီးတော့ အသက်ရှင်ရက် ပြန်ထွက်နိုင်အောင် လုပ်ပေးမယ် ။ ဘယ်လိုလဲ "
ထိုစကားကို ကြားသောအခါ တဖက်မှ သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်လုံးများ အရောင်လက်သွားကာ ပြောလာ၏။
" သခင်ကြီး.. တကယ်ပြောနေတာလားဗျ "
အဘိုးအိုက တည်ငြိမ်စွာပြုံး၍ ပြောလိုက်သည်။
" ဒါပေါ့... ငါက အဆင့်ရှစ် လက်နက်သန့်စင်သူ တစ်ယောက်လေကွာ ။ မင်းတို့ နှစ်ယောက်လောက်ကိုတော့ အေးဆေး ကာကွယ်ပေးနိုင်တယ် "
သက်လတ်ပိုင်းအရွယ် လူကြီးမှာ သေရတော့မည်ဟု တွေးနေရာမှ အဘိုးအိုစကားကြောင့် ချက်ချင်း
ဝမ်းသာသွားရတော့သည်။
" ကောင်းပါပြီ ၊ ဒါဆို သခင်ကြီး ဘယ်လောက်လိုချင်လဲဗျ "
သက်လတ်ပိုင်းအရွယ် လူကြီး မေးလိုက်၏။
အဘိုးအိုက အပြုံးဖြင့် ပြန်ဖြေသည်။
" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ဆယ်သန်း "
" ဘယ်လို... စျေးကြီးလိုက်တာ "
တဖက်မှ သက်လတ်ပိုင်းအရွယ် လူကြီး တုန်လှုပ်သွားရှာ၏။
အဘိုးအိုက အေးဆေးပင် ပြန်ပြောသည်။
" စျေးကြီးတယ် မတွေးနဲ့လေကွာ ။ အဲ့ ဆယ်သန်းနဲ့ မင်းအသက်ကို ဝယ်ရမှာလေ ။ မင်းအသက်က အဲ့လောက်မတန်ဘူးလား "
တဖက်လူ အံကြိတ်လိုက်သည်။
" ဒါပေမယ့်.. ကျုပ်မှာ စိတ်စွမ်းအင်ကျောက်တုံးတွေ အဲ့လောက်အများကြီး မရှိဘူး.... "
" ဒါဆို တခြား အဖိုးတန်ပစ္စည်းတွေနဲ့ အစားထိုးလို့ ရတယ်လေ "
အဘိုးအို ပြော၏။
သက်လတ်ပိုင်းအရွယ် လူကြီးမှာ စိုးရိမ်မှုကြောင့် ချွေးစေးများပင် ပြန်သွားတော့သည်။ နောက်ဆုံးတွင်မူ.. သူ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ပေးရင်း ပြော၏။
" သခင်ကြီး ၊ ကျုပ် ပိုင်ဆိုင်သမျှ အဲ့ဒါ အကုန်ပါပဲဗျာ ။ ဒါနဲ့ဆို လုံလောက်နိုင်လား "
အဘိုးအို မျက်မှောင်အနည်းငယ်ကြုံ့ပြီး လက်စွပ်ကိုယူကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင်... သူ မပျော်မရွှင် ဖြစ်သွားသည့် မျက်နှာကြီးဖြင့် ပြောလာ၏။
" ထားလိုက်ပါလေ... ဘာမှ သိပ်မတန်ဘူးဆိုပေမယ့်.. ငါက စိတ်နှလုံးကောင်း ရှိတဲ့သူမို့ မင်းအသက်ကို ကယ်ပေးလိုက်မယ် "
ပြီးနောက်.. သူ လောထျန်းဘက်လှည့်ကာ ဆက်ပြောသည်။
" လူငယ်လေး.. မင်းရဲ့ ပိုင်ဆိုင်မှုရော ဘယ်မှာလဲ "
သူ့မျက်လုံးများမှာလည်း လောထျန်း၏ ဟင်းလင်းပြင်လက်စွပ် ပေါ်ကျလျက်...
အပြင်မှ ကြည့်ရုံဖြင့်ပင် လောထျန်း၏ ဟင်းလင်းပြင်လက်စွပ်က ထူးခြားသည်ကို သူ မြင်နေရသည် မဟုတ်ပါလား ။
သို့သော်.. လောထျန်းက ခေါင်းယမ်း၍ အေးဆေးပြန်ပြော၏။
" ကျုပ်အတွက်က မလိုဘူး "
" ဟင်.... လူငယ်လေး ၊ ငါ မင်းကို တမင်ခြောက်နေတာ မဟုတ်ဘူးနော် ။ မင်းဘေးမှာ လက်နက်သန့်စင်သူတစ်ယောက်ရဲ့ အကာအကွယ် မပါဘဲနဲ့ ဒီက ထွက်နိုင်မှာမဟုတ်ဘူးကွ "
အဘိုးအို မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
လောထျန်းက မထူးခြားသည့် အပြုံးမျိုးသာပြုံး၍ သူ့အား လျစ်လျူရှုထားပါ၏။
တဖက်မှ အဘိုးအိုမှာ ၎င်းကိုကြည့်ပြီး မျက်မှောင်
အနည်းငယ် ကြုံ့သွားသော်လည်း ဘာမှ ဆက်မပြောချေ။
ထိုစဥ်တွင် သက်လတ်ပိုင်းအရွယ် လူကြီးက မေးလာသည်။
" သခင်ကြီး ၊ ကျုပ်တို့တွေ ဘယ်တော့ထွက်လို့ရမှာလဲ "
အဘိုးအိုက မုတ်ဆိတ်မွေးကို ကိုင်ရင်း ပြန်ပြော၏။
" စိတ်မပူပါနဲ့ ၊ ဒီမှာ လူတွေစုံသွားရင် တံခါးပေါက် ပွင့်လာလိမ့်မယ် ။ အဲ့ကျမှ သွားလို့ရမှာ ။ ဒီတစ်ခေါက် အစွမ်းထက်တဲ့ လက်နက်သန့်စင်သူတွေ လာမလား ၊ မလာဘူးလား ဆိုတာတော့ မပြောတတ်ဘူး "
" အဲ့လိုလာရင် အပြောင်းအလဲ ရှိလို့လား "
သက်လတ်ပိုင်းအရွယ်လူကြီး မေးလိုက်သည်။
အဘိုးအိုက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဒါပေါ့ကွ ။ အရင် အတွေ့အကြုံတွေအရ ပြောရမယ်ဆို.. အစွမ်းထက်တဲ့ လက်နက်သန့်စင်သူတွေ များများရောက်လာလေလေ ၊ သဘာဝ မူလမသေမျိုးလက်နက်တွေကို ဆွဲဆောင်နိုင်လေမို့ ပိုအန္တရာယ်
များတယ် "
ထိုစကားကို ကြားသည်နှင့် သက်လတ်ပိုင်းအရွယ် လူကြီးက လက်ဝါးနှစ်ဖက်ကိုစု၍ ဆုတောင်းသည့်ပုံ လုပ်လိုက်သည်။
" ဒါဆို... အစွမ်းထက်တဲ့ လက်နက်သန့်စင်သူတွေ တစ်ယောက်မှ မလာပါစေနဲ့.... "
သူ့စကား ဆုံးချိန်မှာပင်...
ဝီ...
ခပ်လှမ်းလှမ်း၌ အလင်းတန်းတစ်ခု လက်လာသည်။
ထို့နောက်တွင် ... မီးခိုးရောင်ဝတ်ရုံနှင့် လူကြီးတစ်ယောက် အားလုံးရှေ့ ပေါ်လာ၏။
ထိုသူကို မြင်သည်နှင့် အဘိုးအို ချက်ချင်း မျက်လုံးပြူးသွားကာ တအံ့တသြ ဆိုလိုက်သည်။
" ဒါ... မသေမျိုး လက်နက်သန့်စင်သူ ၊ သခင်ကြီး ကျင့်ဖုန်းလား... "
" မသေမျိုး လက်နက်သန့်စင်သူ... အဲ့ဒါ ဘာလဲဗျ "
သက်လတ်ပိုင်းအရွယ် လူကြီး မေးလိုက်၏။
အဘိုးအိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြောသည်။
" သူက မသေမျိုးလက်နက်တွေကို သန့်စင်နိုင်တဲ့ သူတစ်ယောက်ပေါ့ "
" မသေမျိုးလက်နက်တွေကို သန့်စင်တာ.... "
သက်လတ်ပိုင်းအရွယ် လူကြီးမှာ ခပ်လှမ်းလှမ်းမှ ကျင့်ဖုန်းအား လေးစားအားကျသည့် မျက်လုံးအစုံဖြင့် လှမ်းကြည့်လိုက်သည်။
ထိုစဥ် အဘိုးအိုက နှာခေါင်းရှုံ့၍ ဆို၏။
" သခင်ကြီး ကျင့်ဖုန်းက အပေါ်ကမ္ဘာမှာ အင်မတန် နာမည်ကျော်တဲ့ လက်နက်သန့်စင်သူ တစ်ယောက်ပဲ ။ သူ့ရဲ့ အောင်မြင်တဲ့နှုန်းကလဲ အနည်းဆုံး 20% ရှိတယ် ။ သူ့ကို အချိိန်သာ ပေးလိုက်လို့ကတော့ အနာဂါတ်မှာ ထိပ်တန်းအဆင့် လက်နက်သန့်စင်သူ တစ်ယောက်တောင် ဖြစ်လာနိုင်တယ် "
" 20% တောင် ... လွန်လိုက်တာဗျာ.. "
သက်လတ်ပိုင်းအရွယ်လူကြီး ပိုပို၍ အထင်ကြီးစိတ် ဖြစ်သွားရတော့သည်။
ထိုစဥ် သူတို့ဘေးနားတွင် ရပ်နေသော လောထျန်း တစ်ယောက်တည်းကသာ အံ့အားသင့်နေဟန် ပေါက်နေရှာ၏။
" 20% တဲ့... လက်နက်သန့်စင်တာလေးတောင် မအောင်မြင်ဘူးလား... "
သူ ခေါင်းယမ်းလိုက်သည်။
ထိုစဥ်မှာပင်..
ဝီ...
စိတ်စွမ်းအင်အလင်းတန်း နောက်တစ်ခု ထပ်လင်းလာကာ လူတစ်ယောက် ထပ်ရောက်လာသဖြင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်သည်။
" ဒါ.... တာယိနိုင်ငံရဲ့ မင်းသား ၇ ၊ ယွိဝမ်ချန်း မဟုတ်လား "
" ယွိဝမ်ချန်း.... ဟို လွန်ခဲ့တဲ့သုံးနှစ်က ကောင်းကင်ဘုံသခင်ကြီး ဖြစ်လာတဲ့ ပါရမီရှင်လား ။ သူရော ဒီရောက်နေတာလား "
" သူက ဟိုကောလဟာလကြောင့် ရောက်လာတာဖြစ်မယ် "
အားလုံး ထင်ရာ ပြောလိုက်ကြသည်။
လောထျန်းကလည်း ထိုသူဘက် လှည့်ကြည့်လိုက်ရာ.. ယွိဝမ်ချန်း ဆိုသူ၏ စိတ်ဝိဥာဥ်အစွမ်းက အလွန်သိပ်သည်းပြီး အခြားသူများနှင့် အမှန်တကယ် ကွဲပြားကြောင်း မြင်လိုက်ရ၏။
ထိုစဥ်တွင်...
ဝီ.... ဝီ...
အလင်းတန်း နောက်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လင်းသွားပြန်သည်။
ထို့နောက်တွင်.. အားလုံး၏ မြင်ကွင်းထဲသို့ မိန်းမပျို
နှစ်ဦး ပေါ်လာ၏။
" ဝိုး... မမ ၊ ဒါ ကြယ်စင်သန့်စင်ကမ္ဘာ လား... "
အစိမ်းရောင်ဝတ်စုံနှင့် မိန်းမချောလေးတစ်ယောက်က ဘေးဘီသို့ လှည့်ကြည့်ရင်း တအံ့တသြ ဆိုသည်။
သူမဘေးတွင်ကား အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် ရေပြင်လို တည်ငြိမ်လှသော မိန်းမပျိုတစ်ဦး ရှိ၏။
" မလာခင် ဘာပြောခဲ့သေးလဲ "
သူမ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
အစိမ်းရောင်ဝတ် မိန်းမပျို ချက်ချင်း လျှာလေးတစ်လစ်ဖြစ်သွားကာ ပြောသည်။
" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ ၊ အရူးလို မပြုမူနဲ့ "
" မှတ်မိရင် ပြီးတာပါပဲ "
အဖြူရောင်ဝတ် မိန်းမပျိုက ခံစားချက်မဲ့ မျက်နှာဖြင့် ပြန်ပြော၏။
အစိမ်းရောင်ဝတ် မိန်းမပျို ချက်ချင်း ခေါင်းလေးငုံ့
သွားရှာသည်။
ထိုစဥ် တစ်နေရာလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတော့၏။
" ဒါ.... လင်းရွှမ်ယီလား... အပေါ်ကမ္ဘာရဲ့.. နှစ်တစ်ထောင်အတွင်း အသက်အငယ်ဆုံး မသေမျိုးလက်နက်သန့်စင်သူ ၊ လင်းရွှမ်ယီလေ... "
" ဟုတ်တယ်နဲ့တူတယ် ။ ငါ ကြားတာတော့ မိန်းကလေးရဲ့ ပါရမီက ယွိဝမ်ချန်းထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်တဲ့ ။ အမှန်ဟုတ်လား မဟုတ်လား ဆိုတာတော့ မပြောတတ်ဘူး "
" ဘယ်လိုမှ မမှားနိုင်ဘူးကွ ။ ယွိဝမ်ချန်းက သုံးကြိမ်တိတိ ကြိုးစားပြီးမှ မသေမျိုး လက်နက်သန့်စင်သူအဆင့်ကို ခက်ခက်ခဲခဲ ရောက်သွားခဲ့တာ ။ ဒါပေမယ့် လင်းရွှမ်ယီက တစ်ကြိမ်တည်းနဲ့ အောင်သွားခဲ့တာ "
" ငါ သတင်းကြားထားတာတော့ ကြယ်စင်သန့်စင်
ကမ္ဘာက အခြေအနေ ကျလာပြီဆို ။ အခု ဘယ်လိုကြောင့် ပါရမီရှင်တွေအားလုံး ဒီရောက်နေကြတာလဲ "
အားလုံး၏ တစ်ယောက်တစ်ပေါက် ပြောစကားများကို နားထောင်နေသော လောထျန်းမှာလည်း မနေနိုင်ဘဲ လင်းရွှမ်ယီ ဆိုသူအား လှည့်ကြည့်လိုက်သည်။ တဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းက အမှန်တကယ်လည်း ယွိဝမ်ချန်းထက် များစွာ ပိုသိပ်သည်းပါ၏။
စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းဖြင့် လူတစ်ယောက်၏ လက်နက်သန့်စင်ခြင်းအဆင့်ကို မပြောနိုင်သည့်တိုင်...
ထိုသူ၏ လက်နက်သန့်စင်ခြင်း ပါရမီကိုမူ အနည်းငယ် ထင်ဟပ်ပြပေးနိုင်ပါသည်။
ထိုစဥ်တွင် ယွိဝမ်ချန်းက ရုတ်တရက် လှုပ်ရှားလာပြီး လင်းရွှမ်ယီဆီသို့ လျှောက်သွား၏။
" ညီမလေးလင်းလဲ ရောက်နေတာပဲ "
သူ ဦးညွှတ်၍ ဆိုလိုက်သည်။
လင်းရွှမ်ယီက သူ အနားကပ်လာသည်ကို မြင်သည်နှင့် မျက်နှာသေဖြင့် ဦးပြန်ညွှတ်၏။
" အကိုကြီး ယွိဝမ်ပါလား... ခုလို တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်မ အစကတော့ ကြယ်စင်သန့်စင်ကမ္ဘာ မဖွင့်ခင်မှာ ဆရာနဲ့အတူ ဦးလေးဆရာနဲ့ အကိုယွိဝမ်ဆီ လာလည်ဖို့ စီစဥ်ထားသေးတာ ။ ဒါပေမယ့် ကြယ်စင်သန့်စင်ကမ္ဘာက အစောကြီး ဖွင့်သွားတော့ ဘာမှ မတတ်နိုင်ဘဲ ဒီကို အရင်လာခဲ့လိုက်ရတယ် "
ထိုစကားကို ကြားသောအခါ ယွိဝမ်ချန်းကလည်း ခေါင်းယမ်း၍ သက်ပြင်းချသည်။
" ဟူး... ဒီတစ်ခေါက် ကြယ်စင်သန့်စင်ကမ္ဘာ စောစော ပွင့်သွားရတာ ကျုပ် အပြစ်တွေပါ "
" ဟင်... ဘယ်လို အဓိပ္ပါယ်လဲ "
လင်းရွှမ်ယီ မေးလိုက်သော်လည်း သူမ၏ မျက်နှာကမူ မျက်နှာသေဖြင့်ပင် ။
အားလုံးကလည်း ယွိဝမ်ချန်းအား စိတ်ဝင်တစား လှည့်ကြည့်လာကြ၏။
ကြယ်စင်သန့်စင်ကမ္ဘာက အဘယ့်ကြောင့် ရုတ်တရက်ကြီး ပွင့်သွားခဲ့သည်ကို သူတို့လည်း သိချင်သည် မဟုတ်ပါလား ...
ယွိဝမ်ချန်းက သက်ပြင်းချ၍ ဆိုသည်။
" ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံကို ပိုင်ဆိုင်ထားတဲ့သူတွေက မသေမျိုးလက်နက်တစ်ခုကို သန့်စင်တဲ့အခါမှာ ကံကောင်းခြင်းတွေ စုမိသလိုဖြစ်ပြီး အဲ့ကံကောင်းခြင်းတွေက မြေပုံထဲ စီးဝင်သွားတတ်တာကို ညီမလေးလင်း သိပြီးသား ဖြစ်မှာပါ ။ အဲ့လို စုဆောင်းတဲ့ ကံကောင်းခြင်းတွေ များသွားရင် ကြယ်စင်သန့်စင်ကမ္ဘာက စောပြီး ပွင့်တတ်တယ် "
" ကျုပ်က မနေ့ကမှ ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခုကို သန့်စင်ပြီးခဲ့တာ ။ ဒါပေမယ့် အဲ့ မသေမျိုးလက်နက်က အစွမ်းထက်လွန်းတော့ အဲ့ကရတဲ့ ကံကောင်းခြင်းတွေကလဲ အများကြီး ဖြစ်သွားခဲ့တယ် ။ ဒါ့ကြောင့်မို့ ကြယ်စင်သန့်စင်ကမ္ဘာ အစောကြီး ပွင့်သွားခဲ့တာပဲ "