အခန်း (၁၅၆၁-၁၅၆၃)
Vol. 105 Ch. 1561-1563
အခန်း(၁၅၆၁)
ကျန်းချန်က ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး လုံရွှယ်ယင်ကို စူးစိုက်၍ ကြည့်လိုက်သည်။
"မင်းက နဂါးနက်အင်ပါယာရဲ့ မင်းသားလုံရွှယ်ယင်လား"
"ဟုတ်တယ် ဒီမင်းသားက လုံရွှယ်ယင်ပဲ"
လုံရွှယ်ယင်က ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြန်ဖြေလိုက်သည်။
သူ၏မျက်လုံးထဲတွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
"ကောင်လေး မင်းနာမည် ဘယ်လိုခေါ်လဲ"
"ဟမ့်"
ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး တူတစ်လက်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက် သကဲ့သို့ လုံရွှယ်ယင်၏ ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်။
"ဖူး"
လုံရွှယ်ယင်၏ လည်ချောင်းက ချိုမြိန်သွားခဲ့ပြီး သူ၏ ပါးစပ်ထဲကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရ၏။
"နဂါးနက်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်ပြီး လိင်တူချင်း နှစ်သက်နေတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား"
ကျန်းချန်က လုံရွှယ်ယင်ကို ခနဲ့လိုက်သည်။
"လုံရွှယ်ယင် ငါမင်းကို မေးစရာရှိတယ်.. မင်းအသက်ရှင်ချင်ရင် အမှန်အတိုင်းပဲ ဖြေတာကောင်းလိမ့်မယ်"
ထိုမြင်ကွင်းကိုမြင်လျှင် ခန်းမထဲရှိ လူငယ် ပါရမီရှင်များစွာသည် မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သိထားရမည့်အချက်မှာ ဤသည်က နဂါးနက်အင်ပါယာ၏ မင်းသား ဖြစ်သည်။
ယနေ့ နဂါးနက်အင်ပါယာ၏ အာဏာသည် လုံရွှယ်ယင်၏ လက်ထဲတွင်သာ ရှိ၏။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်ပင် မဆင်မခြင် တိုက်ခိုက်ခဲ့သည်။
ထိုအရာထက်ပင် လူတိုင်းကို ပို၍ အံ့သြထိတ်လန့်စေသည်မှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားပင် ဖြစ်၏။
လုံရွှယ်ယင်သည် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လုံရွှယ်ယင်ကို ဒဏ်ရာ အပြင်းအထန်ရအောင် အလွယ်တကူပင် တိုက်ခိုက်နိုင်ခဲ့၏။
ဤကဲ့သို့သောခွန်အားသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဆိုရမည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူငယ်ပါရမီရှင် တစ်ဦးသည် နဂါးနက်အင်ပါယာတွင် မည်ကဲ့သို့ ထွက်ပေါ်လာခဲ့သလဲဆိုသည်ကို သူတို့ လုံးဝ မစဥ်းစားနိုင်ခဲ့ပေ။
ကျန်းချန်က လုံရွှယ်ယင်အား တိုက်ခိုက်လိုက်သည်ကိုမြင်လျှင် ပိုင်ကျွင်း၏ ခြေထောက်များသည် ပျော့ခွေသွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။
သူက မယုံကြည်နိုင်သော အကြည့်ဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
ယနေ့တွင် သူက ကျန်းချန်ကို နန်းတော်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ကျန်းချန်သာ လုံရွှယ်ယင်ကို မဖြေရှင်းနိုင်ခဲ့လျှင် သူနှင့်ငှက်တော်ဖြူ အိမ်တော်သည် ပျက်စီးသွားနိုင်ဖွယ် ရှိသည်မဟုတ်ပါလော။
"အတင့်ရဲလိုက်တာ အရှင်မင်းသားကိုတောင် လုပ်ကြံရဲတယ် မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ထိုအချိန်မှာပင် လုံရွှယ်ယင်၏ သက်တော်စောင့် ဖြစ်သည့် အနက်ရောင်သံချပ်ဝတ်စုံဝတ် အစောင့်သည် ကျယ်လောင်စွာကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို ဓားရှည်ကို ထုတ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ကျန်းချန်၏ မျက်ဝန်းတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အကြောင်းအရင်းမှာ အနက်ရောင် သံချပ်ဝတ်စုံဝတ် အစောင့်၏ သံချပ်ကာ ဝတ်စုံပေါ်တွင် ရင်းနှီးသော သင်္ကေတတစ်ခုကို မြင်ခဲ့ရသောကြောင့်ပင်။
ထိုသင်္ကေတမှာ နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ အမှတ်အသားနှင့် အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ဆင်တူနေခဲ့သည်။
"ဒီနဂါးနက်အင်ပါယာက နဂါးနက် ကုန်သွယ်ရေးအဖွဲ့နဲ့ ဘယ်လိုလုပ်ပြီး အမှတ်အသားချင်း တူညီနေရတာလဲ"
ကျန်းချန်က တအံ့တသြ ဖြစ်နေခဲ့သည်။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် ရှန်းဝူတိုက်ကြီး၏ အထွတ်အထိပ် အင်အားစုတစ်စု ဖြစ်ပြီး ရှန်းဝူတိုက်ကနေ တစ်ညအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်သည် လုံလီ၏ လုံမိသားစု ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းကို ခြေရာခံရန် အတွက် မူလက ကူညီပေးခဲ့ဖူးသည်။
ဤသို့ဖြင့် သူက ရွှေနဂါးမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး အဆုံးသတ်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စုသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ရွှေနဂါးမြို့တော်တွင်ဖြစ်စေ၊ ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ဖြစ်စေ ကျန်းချန်သည် လုံမိသားစု၏ သဲလွန်စကို မတွေ့ရှိခဲ့ပေ။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ သင်္ကေတသည် နဂါးနက်အင်ပါယာတွင် အဘယ်ကြောင့် ထွက်ပေါ်လာရပါသနည်း။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။
သူက ပိုင်ကျွင်း၏ ပြောစကား တချို့ကို အမှတ်ရလိုက်၏။
နဂါးနက် အင်ပါယာ၏ သမိုင်းသည် မရှည်လျားဘဲ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဤနေရာသို့ ရောက်ရှိလာသော လူတချို့က တည်ထောင်ခဲ့သည်ဟု သူသိခဲ့ရသည်။
အချိန်ကုန် ပြန်တွက်ကြည့်မည်ဆိုလျှင် ရှန်းဝူတိုက်ကြီးကနေ လုံမိသားစု ပျောက်ကွယ်သွားခဲ့သည်မှာလည်း နှစ်ပေါင်း ရာဂဏန်းမျှသာ ရှိသေး၏။
သို့ဆိုလျှင် လုံမိသားစုသည် ရှန်းဝူတိုက်ကြီးမှ ပျောက်ကွယ်သွားပြီးနောက်တွင် ဤနေရာသို့ ရောက်ရှိလာပြီး နဂါးနက်အင်ပါယာကို တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ကျန်းချန် တွေးတောနေစဥ်မှာပင် အနက်ရောင်သံချပ်ဝတ်စုံဝတ် အစောင့်၏ ဓားစွမ်းရည်သည် သူ့ဆီသို့ သက်ရောက်လာခဲ့သည်။
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ညှိုးထိပ်ကနေ နတ်စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။
သူ၏ နတ်စွမ်းအားက အနက်ရောင် သံချပ်ဝတ်စုံဝတ် အစောင့်၏ ဓားစွမ်းအင်ကို ချိုးဖျက်ပစ်လိုက်သည့် အပြင် အနက်ရောင် သံချပ်ဝတ်စုံဝတ် အစောင့်ကိုပါ ထိမှန်သွားခဲ့သည်။
ထို့နောက်တွင် အနက်ရောင် သံချပ်ဝတ်စုံဝတ် အစောင့်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ခန်းမတစ်ဖက်ရှိ နံရံပေါ်သို့ ကျရောက်သွားခဲ့ပြီး အချင်းမီတာအနည်းငယ်ရှိ ကြီးမားသော အပေါက်တစ်ပေါက်ကို ခန်းမ၏ နံရံတွင် တိုက်ရိုက် ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် အစောပိုင်းက ဒဏ်ရာ ရရှိထားသော လုံရွှယ်ယင်သည် သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့၏။
"မင်း မင်း ဘယ်သူလဲ"
"ငါ ဘယ်သူလဲ ဆိုတာသိဖို့ မင်းက အရည်အချင်း မပြည့်မီဘူး"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏လက်ကို တိုက်ရိုက်ပင် ဆန့်ထုတ်လိုက်သည်။
သူ၏လက်ကနေ ရွှေရောင်စွမ်းအင် တစ်ခုက ချက်ချင်းဆိုသလိုပင် ဧရာမ ရွှေရောင်လက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လုံရွှယ်ယင်ကို ဖမ်းချုပ်လိုက်သည်။
"ငါ့ကို မှန်မှန်ပြောစမ်း.. လွန်ခဲ့တဲ့၁နှစ်လောက်က နဂါးနက်အင်ပါယာမှာ ပြဿနာတွေ ဖန်တီးခဲ့တဲ့ နတ်ဆိုးက ဘယ်နေရာမှာလဲ.. မင်းအမှန်အတိုင်းပြောရင် မင်းအသက်ကို ချမ်းသာပေးမယ်"
လုံရွှယ်ယင်က လည်ပင်း အညှစ်ခံထားရသဖြင့် အသက်ရှူရခက်ကာ မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။
သူက ကျန်းချန်ကို ခါးသီးသော အမူအရာဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်၏။
"ငါ့ကို မြန်မြန်လွှတ်လိုက်စမ်း.. မင်းက ငါ့လို မင်းသားကိုတောင် ရိုင်းပြရဲတယ်.. မင်းကို သင်္ဂြိုဟ်စရာ နေရာမရှိအောင် လုပ်ပစ်မယ်"
"ရပ်လိုက်စမ်း.. အခုချက်ချင်း အရှင်မင်းသားကို လွှတ်လိုက်"
ကျယ်လောင်သော အော်ဟစ်သံတစ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ခန်းမ၏ အပြင်ဘက်ကနေ ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်တစ်ဦးသည် ရွှေရောင်သံချပ်ဝတ်စုံဝတ် အစောင့် ၁၂ဦးကျော်ကို ဦးဆောင်ကာ ခန်းမထဲသို့ ဝင်ရောက်လာခဲ့ပြီး ကျန်းချန်ကို ချက်ချင်းဆိုသလိုပင် ဝိုင်းရံထားလိုက်သည်။
"လုံရွှယ်ယင်က ရက်စက်တယ်.. ကာမဂုဏ်လိုက်စားတယ်.. နဂါးနက်အင်ပါယာရဲ့ မင်းသားဖြစ်ဖို့ မထိုက်တန်ဘူး.. ဒီနေ့ ဒီကောင့်ကို မင်းသားအဖြစ်ကနေ ရုတ်သိမ်းမယ်"
ထိုစကားကိုပြောလိုက်ပြီးနောက် ကျန်းချန်က ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
"ငါမင်းတို့ကို အခက်တွေ့အောင် မလုပ်ချင်ဘူး.. ဘေးဖယ်နေကြစမ်း"
".............."
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ခန်းမထဲရှိ လူငယ်ပါရမီရှင်များစွာသည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကြရသည်။
သူတို့က ကျန်းချန်ကို ထိတ်လန့်သော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုပင် ပေါ်ပေါက်လာကြသည်။
[ဒီလူက ဘာလို့ ဒီလောက်တောင် ရမ်းကားနေရတာလဲ]
လုံရွှယ်ယင်သည် နဂါးနက်အင်ပါယာ၏ မင်းသား ဖြစ်ပြီး ယနေ့ နဂါးနက်အင်ပါယာ၏ အာဏာကို ထိန်းချုပ်ထားသူဖြစ်သည်။
နဂါးနက် အင်ပါယာတစ်ခုလုံးတွင် လုံရွှယ်ယင်နှင့် ယှဥ်ပြိုင်ရန် မည်သူမှ မဝံ့ရဲကြပေ။
သူ၏ရှေ့ရှိ ကောင်လေးသည် အလွန်တရာ အားကောင်းသော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် လုံရွှယ်ယင်၏ အင်အားစုများကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
"မင်းက အင်ပါယာနန်းတော်အထိ ဝင်လာပြီး ပြဿနာ ရှာရဲတယ်.. ဒါက ငါတို့ နဂါးနက်အင်ပါယာကို မျက်စိထဲ မထည့်တာပဲ.. မင်းသာ အရှင်မင်းသားကို လွှတ်ပေးမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ အရှင်မင်းသားကို တောင်းဆိုပေးမယ်"
ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်က ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ပြီး အလေးအနက်ပင် ပြောလိုက်သည်။
လွန်ခဲ့သော ၁နှစ်ခန့်က နဂါးနက် အင်ပါယာ၏ ဧကရာဇ် မတော်တဆမှု ဖြစ်ပွားပြီးနောက်တွင် နဂါးနက်အင်ပါယာ၏ စွမ်းအားအလုံးစုံကို လုံရွှယ်ယင်က ထိန်းချုပ်ထားခဲ့သည်။
ဆိုရလျှင် နဂါးနက်အင်ပါယာရှိ အားကောင်းသော လူအများအပြားကို လုံရွှယ်ယင်က ထိန်းချုပ်ထားခြင်း ဖြစ်၏။
ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်သည် သူ၏ စိတ်နှလုံးထဲတွင် လုံရွှယ်ယင်ကို မုန်းတီးနေသော်လည်း ဤအချိန်တွင်မူ လုံရွှယ်ယင်၏ ဘေးကင်းရေး အတွက် ဆောင်ရွက်နေခဲ့ရသည်။
အကြောင်းအရင်းမှာ လုံရွှယ်ယင်သာ မတော်တဆ တစ်စုံတစ်ရာ ဖြစ်သွားလျှင် နဂါးနက်အင်ပါယာ တစ်ခုလုံးသည် ပြီးဆုံးသွားလိမ့်မည် ဖြစ်သောကြောင့်ပင်။
"ဟားဟား.. ငါက သူ့ကို ဘာလို့ လွှတ်ပေးရမှာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လက်ဖဝါးတစ်ချက်ဖြင့် လုံရွှယ်ယင်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်ကာ လုံရွှယ်ယင်၏ သိုင်းစွမ်းအားကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင် သူက လုံရွှယ်ယင်ကို ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်၏ အရှေ့သို့ ပစ်ချပေးလိုက်သည်။
ကျန်းချန်က လုံရွှယ်ယင်ကို စိတ်ရှည်လက်ရှည် စစ်မေးရန် ပျင်းရိနေခဲ့သည်။
ထို့ကြောင့် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူနှင့် ဆက်ဆံရေးရှိသော လုံရွှယ်ယင်ကို စိတ်ပျက်အားငယ်လောက်သော အခြေအနေထိ အတင်းအကျပ်ပင် ဖိအားပေးလိုက်ခြင်းပင်။
သို့မှသာ လုံရွှယ်ယင်သည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူကို အကူအညီတောင်းလိမ့်မည် မဟုတ်ပါလား။
အခန်း(၁၅၆၁)ပြီး၏။
အခန်း(၁၅၆၂)
"မင်း.. မင်းက ငါ့ရဲ့သိုင်းစွမ်းအားကို ဖျက်ဆီးရဲတယ်.. ငါမင်းကို သတ်ပစ်မယ်"
လုံရွှယ်ယင်က နှုတ်ကနေ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ရက်စက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
လုံရွှယ်ယင်သည် မူလက သာမန် အရည်အချင်းလောက်သာ ရှိပြီး နဂါးနက်အင်ပါယာ၏ မင်းသားများထဲတွင် ထူးခြားခြင်း မရှိပေ။
သူ့တွင် အားကောင်းသော မိခင်တစ်ဦး ရှိသောကြောင့်သာ အင်ပါယာမင်းသားတစ်ဦးဖြစ်လာနိုင်ခဲ့ခြင်းပင်။
သူ၏ မိခင်သည် လွန်ခဲ့သော ၁၀နှစ်ခန့်က မတော်တဆသေဆုံးသွားခဲ့သောကြောင့် နဂါးနက်အင်ပါယာတွင် လုံရွှယ်ယင်၏ အဆင့်အတန်းသည် အလွန်တရာပင် ကျဆင်းသွားခဲ့ပြီး မင်းသားများစွာကပင် သူ့ကို သိပ်အရေးမစိုက်ကြတော့ပေ။
အထူးသဖြင့် လွန်ခဲ့သော ၂နှစ်ခန့်က နဂါးနက်အင်ပါယာ၏ ဧကရာဇ်သည် လုံရွှယ်ယင်ကို မကျေမနပ်ဖြစ်ကာ မင်းသားရာထူးအား ဖျက်သိမ်းရန်ပင် စီစဥ်ခဲ့သည်။
လုံရွှယ်ယင်တစ်ယောက် အလွန်တရာ စိတ်ပျက်အားငယ်နေချိန်တွင် ဟန်ကျွယ်ဟု ခေါ်သော အားကောင်းသည့် ကျင့်ကြံသူတစ်ဦးသည် သူ့ဆီသို့ ရုတ်တရက် ချဥ်းကပ်လာခဲ့သည်။
သူ့စကားကို နာခံသရွေ့ ခွန်အားတိုးတက်အောင် ကူညီပေးမည် ဖြစ်ကာ နဂါးနက်အင်ပါယာ၏ ဧကရာဇ် ဖြစ်လာစေရမည်ဟု ပြောဆိုခဲ့သည်။
လုံရွှယ်ယင်ကလည်း တွေဝေမှုမရှိဘဲ သဘောတူခဲ့သည်။
ဤသို့ဖြင့် ဟန်ကြွယ်၏ အကူအညီဖြင့် လုံရွှယ်ယင်သည် သွေးနည်းစနစ်ကို ကျင့်ကြံခဲ့ပြီး ပကတိနတ်ဘုရား အဆင့်ကို အလျင်အမြန်ပင် ထိုးဖောက်လာနိုင်ခဲ့၏။
ထို့နောက်တွင် သူသည် နဂါးနက်အင်ပါယာ၏ ဧကရာဇ်နှင့်အဆင့်မြင့် ပကတိနတ်ဘုရား၂ပါးကို ဟန်ကျွယ်နှင့်အတူ ပူးပေါင်းကြံစည်ကာ ကြိုတင်စီစဥ်ထားသော ထောင်ချောက်ထဲသို့ သွတ်သွင်းခဲ့သည်။
ထိုထောင်ချောက်ဆင် လုပ်ကြံမှုကနေ အဆင့်မြင့် ပကတိနတ်ဘုရား၂ပါး သေဆုံးသွားခဲ့ပြီး နဂါးနက်အင်ပါယာ၏ ဧကရာဇ်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
ဤနောက်ပိုင်းတွင် လုံရွှယ်ယင်သည် ဟန်ကျွယ်၏ အကူအညီဖြင့် နဂါးနက်အင်ပါယာကို ထိန်းချုပ်လိုက်တော့၏။
ယခု လုံရွှယ်ယင်က နဂါးနက်အင်ပါယာတွင် အလွန်တရာ အားကောင်းနေပြီ ဖြစ်ရာ အင်ပါယာ တစ်ခုလုံးတွင် မည်သူမှ သူ့ကို ဆန့်ကျင်ရဲခြင်း မရှိတော့ချေ။
သို့ရာတွင် သူ၏ ရှေ့မှ လူကမူ နဂါးနက်အင်ပါယာ၏ နန်းတော်ထဲသို့ ပေါ်ပေါ်ထင်ထင်ပင် ဝင်ရောက်လာခဲ့ပြီး အများသူငှာ ရှေ့တွင် သူ၏ သိုင်းစွမ်းအားကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
လုံရွှယ်ယင်က အေးစက်သော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
"လုံယွမ် မင်းဘာလုပ်နေတာလဲ.. ဒီလူကို မြန်မြန် သတ်လိုက်စမ်း"
ကျန်းချန်က သူ၏ရှေ့မှာပင် လုံရွှယ်ယင်၏ သိုင်းစွမ်းအားကို ဖျက်ဆီးပစ်လိုက်သည်အား မြင်လျှင် ရွှေရောင်သံချပ်ဝတ်စုံဝတ် ခေါင်းဆောင်၏ မျက်နှာသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
လုံရွှယ်ယင်က ရက်စက်ယုတ်မာသော လုပ်ရပ်များစွာကို ပြုလုပ်ခဲ့ပြီး သေသင့်သေထိုက်သောသူ တစ်ဦး ဖြစ်သော်လည်း ထိုကောင်လေးသည် နဂါးနက်အင်ပါယာ၏ နန်းတော်တွင် ထိုမျှအထိ ရမ်းကားနေခဲ့ရာ နဂါးနက်အင်ပါယာ၏ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ထားရပါမည်နည်း။
"ဖမ်းလိုက်ကြစမ်း"
လုံရွှယ်ယင်က ရွှေရောင်သံချပ်ဝတ်စုံဝတ် အစောင့်များကို အမိန့်ပေးလိုက်သည်။
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့်ပင် လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ရွှေရောင်သံချပ်ဝတ်စုံဝတ် အစောင့်၁၀ဦးကျော်သည် မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် လဲကျသွားခဲ့သည်။
ဤရွှေရောင်သံချပ်ဝတ်စုံဝတ် အစောင့်၁၀ဦးကျော်သည် အားမနည်းဘဲ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့ရာတွင် ထိုအဆင့်သည် ကျန်းချန်အတွက် ယခုအခါတွင် ပုရွတ်ဆိတ်မျှသာ ဖြစ်၏။
ထို့ကြောင့် ရွှေရောင်ဝတ်စုံဝတ် အစောင့်များသည် ကျန်းချန်ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
ကျန်းချန်က ရွှေရောင်သံချပ်ဝတ် အစောင့်၁၀ဦးကျော်ကို အလွယ်တကူ လှဲသိပ်လိုက်ပြီးနောက်တွင် သူ၏ လက်ညှိုးမှနတ်စွမ်းအားဖြင့် လုံယွမ်ကို ပစ်ခတ်လိုက်သည်။
လုံယွမ်၏ ခန္ဓာကိုယ်က ဓားစွမ်းအား ထိမှန်ကာ တုန်ယင်သွားခဲ့ပြီး ခြေ၁၀လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရသည်။
ဤအချိန်တွင် ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။
ဤကောင်လေးသည် အမှန်တကယ်ပင် ပကတိနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။
ထို့အပြင် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား နယ်ပယ်အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်လောက်အောင် အားကောင်းသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ့လို အလယ်အလတ် ပကတိနတ်ဘုရားတစ်ပါးပင် ထိုကောင်လေး၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
"မင်းဘယ်သူလဲ"
လုံယွမ်က ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။
လွန်ခဲ့သော ၁နှစ်အကြာက နဂါးနက်အင်ပါယာ၏ ဧကရာဇ်သည် နဂါးနက်အင်ပါယာ၏ အဆင့်မြင့် ပကတိနတ်ဘုရားကို ခေါ်ဆောင်သွားကာ နဂါးနက်အင်ပါယာတွင် မငြိမ်မသက်မှုများ ဖန်တီးနေသော နတ်ဆိုးအား သွားရောက် တိုက်ခိုက်ခဲ့သည်။
ရလဒ်အနေဖြင့် အဆင့်မြင့် ပကတိနတ်ဘုရား၂ပါး သေဆုံးသွားခဲ့ပြီး နဂါးနက်အင်ပါယာ၏ ဧကရာဇ်သည်လည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။
ယနေ့အချိန်တွင် နဂါးနက်အင်ပါယာ၌ ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ယှဥ်ပြိုင်နိုင်သည့်သူ တစ်ဦးမျှ မရှိတော့ပေ။
"ငါဒီကို ရောက်လာတာက မင်းတို့ နဂါးနက်အင်ပါယာမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက်ပဲ"
ကျန်းချန်က လုံယွမ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ မေးခွန်းတစ်ခုမေးမယ်.. မင်းတို့ လုံမိသားစုက လွန်ခဲ့တဲ့နှစ် ရာပေါင်းများစွာက ရှန်းဝူတိုက်ကြီးလို့ ခေါ်တဲ့ အောက်နယ်မြေကနေ ဒီနေရာကို ရောက်လာခဲ့ကြတာ မဟုတ်လား"
ထိုစကားကိုကြားလျှင် လုံယွမ်က တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း.. မင်း ဘယ်လိုသိတာလဲ"
သူတို့က အမှန်တကယ်ပင် ရှန်းဝူတိုက်ကြီး ဆီကနေ ပြောင်းရွှေ့လာကြသော လုံမိသားစု ဖြစ်သည်။
လုံယွမ်၏ အမူအရာကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
"လုံယွမ်.. မင်း ဒီကောင့်ကို မသတ်ဘဲ ဘာလုပ်နေတာလဲ.. မင်းက ငါ့ရဲ့အမိန့်ကို ဖီဆန်ချင်နေတာလား"
ထိုအချိန်တွင် မြေပြင်ပေါ်တွင် လဲကျနေသော လုံရွှယ်ယင်သည် လုံယွမ်ကို အော်ငေါက်လိုက်သည်။
လုံယွမ်က တုန်လှုပ်သွားခဲ့ပြီး မျက်နှာထက်တွင် တွေဝေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"အဖေ ကျွန်တော်ကြောင့်နဲ့တော့ လုံရွှယ်ယင်ရဲ့ အမိန့်တွေကို နာခံမနေပါနဲ့တော့.. လုံရွှယ်ယင်က ရက်စက်ကြမ်းကြုတ်တယ်.. သူသာ နဂါးနက်အင်ပါယာကို ဆက်လက် ထိန်းချုပ်နေမယ်ဆိုရင် နဂါးနက်အင်ပါယာက မကြာခင် အချိန်အတွင်းမှာ ပျက်စီးသွားမှာပဲ.. အဖေက ဒီလူနဲ့ ပူးပေါင်းပြီး လုံရွှယ်ယင်ကို ရှင်းလင်းပေးပါ.. နဂါးနက်အင်ပါယာရဲ့ ငြိမ်းချမ်းမှုကို ပြန်လည် ယူဆောင်လာပေးပါ"
ထိုအချိန်မှာပင် ပိုးသားဝတ်စုံဝတ် လူငယ်တစ်ဦးသည် လူအုပ်ထဲကနေ ထွက်လာခဲ့ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
လုံရွှယ်ယင်သည် ပိုးသားဝတ်စုံဝတ် လူငယ်က သူ့ကိုဆန့်ကျင်ရန် အတင့်ရဲသည်ကို မြင်လျှင် ပိုးသားဝတ်စုံဝတ်လူငယ်ကို ရက်စက်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"လုံရှင်း မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
"ဟမ့်.. မင်းလိုကောင်ကိုသာ ရှင်းပစ်နိုင်မယ်ဆိုရင် သေခြင်းတရားကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ"
လုံရှင်းဟု ခေါ်သော လူငယ်က သေခြင်းတရားကို အရေးမစိုက်ဟန်ဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ငါတို့ လုံမိသားစုက အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ပြီးမှ ဒီနေရာမှာအခြေချ နိုင်ခဲ့ပြီး နဂါးနက် အင်ပါယာကို တည်ထောင်ခဲ့တယ်.. ဘိုးဘေးတွေ ပင်ပင်ပန်းပန်း ထူထောင်ခဲ့တဲ့ နဂါးနက်အင်ပါယာကို မင်းရဲ့လက်ထဲမှာတော့ အပျက်စီး မခံနိုင်ဘူး"
လက်ရှိအချိန်တွင် လုံရွှယ်ယင်သည် နဂါးနက်အင်ပါယာကို အုပ်ချုပ်နေသောသူ ဖြစ်သည်။
လုံရှင်းသည် သူ၏ သေခြင်းတရား အတွက်ဖြင့် သူ့မိဘနှင့် မိသားစုဝင်များကို လုံရွှယ်ယင်အား မကူညီစေချင်ခဲ့ပေ။
ထို့အပြင် လုံရှင်းသည် သူ၏ရှေ့ရှိ အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ အထောက်အထားကို ခပ်ရေးရေး ခန့်မှန်းမိသောကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ဘက်ကနေ ရပ်တည်ရန် ရဲဝံ့ခဲ့သည်။
သိထားရမည့် အချက်မှာ သူတို့ နဂါးနက်အင်ပါယာက အဆင့်နိမ့် နယ်မြေကနေ ပြောင်းရွှေ့လာသည် ဟူသော အချက်အလက်ကို သူတို့အပြင် ဤနေရာတွင် နေထိုင်ရန် စီစဥ်ပေးခဲ့သော ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ခေါင်းဆောင်များမှလွဲ၍ အခြားမည်သူမှ မသိပေ။
လွန်ခဲ့သည့် ၁နှစ်အကြာက နဂါးနက်အင်ပါယာ၏ အရှုပ်အထွေးများကြောင့် နဂါးနက်အင်ပါယာ၏ ဧကရာဇ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုထံ အကူအညီ တောင်းခံခဲ့သည်။
ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်အမင်း သန်မာရုံသာမက သူတို့ နဂါးနက်အင်ပါယာ၏ မူလဇစ်မြစ်ကိုပါ ပြောဆိုနိုင်သည် ဖြစ်ရာ ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ပို့လိုက်သော တမန်တော် ဖြစ်နိုင်ခြေရှိသည် မဟုတ်ပါလော။
ရှေးဟောင်းနဂါးမျိုးနွယ်စုကသာ အရေးယူ ဆောင်ရွက်မည်ဆိုလျှင် လုံရွှယ်ယင်၏ စွမ်းအားသည် စကားထဲ ထည့်ပြောစရာပင် မလိုတော့ပေ။
"ကောင်းတယ် သိပ်ကောင်းတယ်...လုံရှင်း မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
လုံရွှယ်ယင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
စကားဆုံးသည်နှင့် သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးကြားတွင် ဆန်းကြယ်သော သွေးစီးကြောင်းတစ်ခုသည် စီးဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လုံရှင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် စိမ်းပြာရောင် သွေးကြောများ ထင်ရှားစွာ ထွက်ပေါ်လာခဲ့၏။
သူ၏အရေပြားတွင်လည်း သွေးကွက်များစွာ ဖြစ်ပေါ်လာခဲ့သည်။
လုံရွှယ်ယင်၏ လက်ချက်ဖြင့် လုံရှင်း၏ ခန္ဓာကိုယ်အတွင်းမှ သွေးများက ခန္ဓာကိုယ်ထဲကနေ ထွက်လာတော့မည့် အလား ဖြစ်နေခဲ့၏။
"မသတ်ပါနဲ့ အရှင်မင်းသား.. ကျေးဇူးပြုပြီး ကျွန်တော့်သားရဲ့အသက်ကို ချမ်းသာပေးပါ"
ထိုမြင်ကွင်းကိုမြင်လျှင် လုံယွမ်သည် သူ၏ မာနများကို ခဝါချလိုက်ပြီး မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်ချကာလုံရွှယ်ယင်ကို တောင်းပန်လိုက်သည်။
လုံရွှယ်ယင်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"လုံယွမ် မင်းရဲ့သားကို အသက်ရှင်ချင်တယ်ဆိုရင် ဒီကောင်လေးကို ချက်ချင်းသတ်လိုက်.. မဟုတ်ရင်တော့ မင်းရဲ့သားကို အလောင်းအဖြစ် ပြောင်းလဲလိုက်ပြီး မင်းရဲ့မျိုးနွယ်စုကိုလည်း အပြစ်ပေးမယ်"
"ဟမ့် မင်းက အသုံးမကျတဲ့သူ တစ်ယောက် ဖြစ်သွားတာတောင် ဒီမှာ စကားပြောရဲသေးတယ်.. အခုအချိန်ကစပြီး ဒီနေရာမှာ ရှိတဲ့လူအားလုံး ငါ့စကားကိုပဲ လိုက်နာရမယ်.. မင်းတို့တစ်ခုခု လုပ်မယ်ဆိုရင် ငါသဘောတူမတူ အရင်ဆုံးမေးမြန်းရမယ်"
စကားဆုံးသည်နှင့် ကျန်းချန်က သူ၏လက်ကို အသာအယာမြှောက်လိုက်ရာ အသက်ဥပဒေသ စွမ်းအားသည် လုံရှင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
အခန်း(၁၅၆၂)ပြီး၏။
အခန်း(၁၅၆၃)
ကျန်းချန်၏ အသက်စွမ်းအားဖြင့် ထိတွေ့မိသည်နှင့် လုံရှင်း၏ ခန္ဓာကိုယ်မှ အဆိပ်များသည် သန့်စင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
အစောပိုင်းက ပေါက်ထွက်တော့မည့် အလား ဖြစ်နေသည့် သွေးကြောများသည် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့၏။
အခြားတစ်ဖက်တွင်မူ လုံရွှယ်ယင်သည် လုံရှင်း၏ အသက်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း သိလိုက်ရလျှင် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။
သူက ရုတ်တရက် ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"မင်း မင်းက တကယ်ပဲ လုံရှင်းရဲ့ ကိုယ်ပေါ်က အသက်သွေးမျိုးစေ့ကို ဖျက်ဆီးနိုင်ခဲ့တယ်လား"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒီလောက်က အသေးအဖွဲလေးပါပဲ.. ဖျက်ဆီးဖို့ ဘယ်လောက်များ ခက်ခဲနေလို့လဲ"
သွေးမျိုးစေ့ဟုခေါ်သော အရာသည် တကယ်တမ်းတွင် သွေးဥပဒေသဖြင့် အခြားသူ၏ ခန္ဓာကိုယ်တွင် စိုက်ပျိုးထားသော မျိုးစေ့တစ်ခု ဖြစ်သည်။
သွေးမျိုးစေ့ကို အသက်သွင်းလိုက်သည်နှင့် သွေးမျိုးစေ့ စိုက်ပျိုးခံထားရသောသူ၏ အဆီအနှစ်နှင့် ချီစွမ်းအားများကို သွေးမျိုးစေ့က စုပ်ယူလိမ့်မည် ဖြစ်၏။
ထို့ကြောင့် သွေးမျိုးစေ့သည် လူအများကို ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ရုံသာမက လူ့ခန္ဓာကိုယ်ကို မီးဖိုအဖြစ် အသုံးပြုကာ.လူသားအဆီအနှစ် ချီစွမ်းအားနှင့် သွေးများကို ပေါင်းစပ်ထားသော သွေးအဆီအနှစ်တစ်ခုလည်း ဖြစ်၍ သွေးလမ်းစဥ်ကို ကျင့်ကြံသူများအား အလွန်တရာပင် တိုးတက်စေနိုင်သော အစွမ်းရှိသည်။
သို့ရာတွင် သွေးမျို့စေ့၏ အကြီးမားဆုံး ရန်ဘက်မှာ အသက်စွမ်းအား ဖြစ်၏။
လုံရှင်း၏ ခန္ဓာကိုယ်ထဲရှိ သွေးမျိုးစေ့သည် အဆင့် သိပ်မမြင့်မားပေ။
ယင်းအတွက်ကြောင့် ကျန်းချန်၏ အသက်ဥပဒေသ ဒုတိယအဆင့် စွမအားသည် ၎င်းကို ဖြိုခွဲရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။
သူ၏ကိုယ်ပေါ်ရှိ သွေးမျိုးစေ့ကို ကျန်းချန်က အလွယ်တကူဖြိုခွင်းခဲ့သည်အား မြင်လျှင် လုံရှင်း၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
"လုံရှင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တမန်တော်ကို ဂါဝရပြုပါတယ်.. အသက်ကယ် ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"
[သူက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တမန်တော်လား]
လုံရှင်း၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် စိတ်ကူးပင် မယဥ်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ရှေးဟောင်းကုန်းမြေ တစ်ခုလုံးတွင် တစ်ခုတည်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ သံတမန်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် လုံရှင်းကို လှမ်းကြည့်လိုက်သည်။
"ငါဘယ်သူလဲဆိုတာ မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ"
လုံရှင်းက တရိုတသေပင် ပြန်ဖြေလိုက်သည်။
"တမန်တော်က အရမ်းကို အစွမ်းထက်တယ်.. ဒါ့အပြင် နဂါးနက်အင်ပါယာ အကြောင်းကိုလည်း အသေးစိတ် သိနေတယ်.. ဒါကြောင့် ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တမန်တော် ဖြစ်ရမယ်လို့ ခန့်မှန်းမိလိုက်တာပါ"
"မဆိုးဘူး.. မင်းရဲ့ခန့်မှန်းချက်က မှန်ကန်ပါတယ်"
ကျန်းချန်ကို လုံရှင်းကို ချီးကျူးလိုက်ပြီး ချက်ချင်းဆိုသလို ပြုံး၍ ပြောလိုက်သည်။
"ငါ ဒီတစ်ခေါက် နဂါးနက်အင်ပါယာကို ရောက်လာတာ မစ်ရှင်တစ်ခုကို ဆောင်ရွက်ဖို့အတွက်ပဲ.. ဒါပေမဲ့ နဂါးနက်အင်ပါယာမှာ ဒီလိုမျိုး အခြေအနေတွေ ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ထိုစကားကိုကြားလျှင် လုံရှင်းက အလျင်အမြန်ပင် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး တမန်တော်က နဂါးနက် အင်ပါယာကို ငြိမ်းချမ်းမှုရအောင် စွမ်းဆောင်ပေးပါ"
"တမန်တော် ကျေးဇူးပြုပြီး နဂါးနက်အင်ပါယာကို ငြိမ်းချမ်းမှု ယူဆောင်ပေးပါ"
ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တမန်တော် ဖြစ်နေသည်ကိုမြင်လျှင် လုံယွမ် အပါအဝင် လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ကျန်းချန်ကို ဒူးထောက်ကာ တရိုတသေ ဦးညွှတ်လိုက်ကြသည်။
ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တမန်တော် ရောက်ရှိလာခြင်းနှင့်အတူ သူတို့၏ နဂါးနက် အင်ပါယာသည် ကယ်တင်ခံရမည် မဟုတ်ပါလော။
"အားလုံးပဲ ထကြပါ"
ကျန်းချန်က လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ကာ နတ်စွမ်းအားကို ထုတ်ဖော်၍ ဒူးထောက်နေသည့်သူများကို တိုက်ရိုက်ပင် မတ်တတ်ရပ်စေခဲ့သည်။
ထို့နောက် သူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
"ငါနဲ့ မင်းတို့ နဂါးနက်အင်ပါယာကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်.. ဒါကြောင့် နဂါးနက်အင်ပါယာပျက်စီးမှာကို ငါလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး.. ငါ နဂါးနက် အင်ပါယာကို ရောက်လာတာက မစ်ရှင်တစ်ခုကို ဆောင်ရွက်မလို့ပဲ.. ဒါ့အပြင် ဒီမစ်ရှင်က လုံရွှယ်ယင်နဲ့ပတ်သက်နေတယ်"
"တမန်တော်ရဲ့ မစ်ရှင်က လွန်ခဲ့တဲ့ ၁နှစ်လောက်က နဂါးနက်အင်ပါယာမှာ ပြဿနာတွေ ဖန်တီးခဲ့တဲ့ သွေးလမင်းကုန်းမြေက နတ်ဆိုးပဲ ဖြစ်ရမယ်"
ထိုစကားကို ပြောပြီးနောက်တွင် လုံရှင်းသည် လုံရွှယ်ယင်ကို ချက်ချင်းဆိုသလို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် လုံရှင်း၏ အေးစက်စက်အသံသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။
"တမန်တော်.. လွန်ခဲ့တဲ့၁နှစ်လောက်က နဂါးနက် အင်ပါယာမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်.. လုံရွှယ်ယင်က နဂါးနက်အင်ပါယာကို ထိန်းချုပ်ခဲ့ပြီး သူ့ရဲ့နောက်ကွယ်မှာ သူ့ကိုအကူအညီပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက် ရှိနေခဲ့တယ်.. ဒါ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက သွေးမျိုးစေ့ကို အဲဒီ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက ထည့်သွင်းခဲ့တာပဲ.. ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားရင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက သွေးလမင်း ကုန်းမြေက နတ်ဆိုးပဲ ဖြစ်ရမယ်.. လွန်ခဲ့တဲ့၁နှစ်က နဂါးနက်အင်ပါယာမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေက လုံရွှယ်ယင်နဲ့ သွေးလမင်းကုန်းမြေက နတ်ဆိုးတို့ လျှို့ဝှက်ပူးပေါင်းပြီး စီစဥ်ခဲ့တာ ဖြစ်လောက်တယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်ခုံးကို ပင့်လိုက်သည်။
နဂါးနက်အင်ပါယာမှ လူများသည် သဲလွန်စများကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်သော်လည်း သွေးလမင်းကုန်းမြေမှ နတ်ဆိုး၏ အားကောင်းသော ခွန်အားကြောင့် မလွန်ဆန်ရဲကြခြင်း ဖြစ်ပုံရ၏။
"လုံရွှယ်ယင် မင်း ဘာပြောစရာရှိသေးလဲ"
ကျန်းချန်က လုံရွှယ်ယင်ကို စူးစိုက်၍ လှမ်းကြည့်ကာ ပြောလိုက်သည်။
"သွေးလမင်းကုန်းမြေက နတ်ဆိုး ဘယ်နေရာမှာရှိနေသလဲ ဆိုတာ ပြောပြရင် ငါမင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်"
"ဟမ့်.. ငါက နဂါးနက်အင်ပါယာရဲ့ မင်းသားပဲ.. သွေးလမင်းကုန်းမြေက နတ်ဆိုးနဲ့ ဘာလို့ပူးပေါင်းရမှာလဲ"
လုံရွှယ်ယင်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလို သူက ဒေါသထွက်သော အမူအရာဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
"မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တမန်တော်ဆိုတော့ အဲဒီအတွက် မင်းမှာ ဘာသက်သေ အထောက်အထားရှိလဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"မင်းလိုကောင်ကို ဘာမှသက်သေပြနေဖို့ မလိုဘူး.. ငါနောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. မင်းရဲ့နောက်ကွယ်ကကောင်ကို ငါ့ကို ချက်ချင်း လာတွေ့ခိုင်းလိုက်"
"သက်သေမပြနိုင်ဘူး ဆိုတော့ မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တမန်တော်အဖြစ် ဟန်ဆောင်နေတာပဲ.. ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ကိုယ်စား တမန်တော်အတု ဖြစ်တဲ့မင်းကို ရှင်းလင်းပစ်မယ်.. သွေးအရိပ်ကိုယ်ရံတော် သူ့ကိုသတ်လိုက်"
လုံရွှယ်ယင်က အော်ဟစ်၍ အမိန့်ပေးလိုက်သည်။
သူ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
ဤလူငယ်က ရှေးဟောင်းနဂါးမျိုးနွယ်စု၏ သံတမန် ဖြစ်နေလျှင်ပင် သူက ဤကောင်လေးကို အသက်ရှင်စေမည်မဟုတ်ပေ။
လုံရွှယ်ယင်၏ စကားသံ အဆုံးသတ်သည်နှင့် လျှို့ဝှက်ဆန်းကြယ် သွေးပုံရိပ်တစ်ခုသည် လုံရွှယ်ယင်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး မင်းက အရှင်မင်းသားရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးရဲတယ်.. သွားသေလိုက်တော့"
လျှို့ဝှက်ဆန်းကြယ်သော သွေးပုံရိပ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူက သွေးစွမ်းအားကို ထုတ်ဖော်ကာ သွေးဓားထောင်ပေါင်းများစွာ အဖြစ် ပြောင်းလဲလိုက်ပြီး ကျန်းချန် ဆီသို့ ပစ်လွှတ်လိုက်သည်။
"တမန်တော် သတိထားပါ.. ဒီသွေးအရိပ် ကိုယ်ရံတော်က သွေးလမင်းကုန်းမြေက နတ်ဆိုးရဲ့ လူယုံပဲ.. သူက အဆင့်မြင့်ပကတိနတ်ဘုရားနဲ့ ယှဥ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်"
လုံယွမ်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် သတိပေးလိုက်သည်။
ကျန်းချန်၏ မျက်နှာထက်တွင် မထီမဲ့မြင် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဤသွေးအရိပ် ကိုယ်ရံတော်၏ ခွန်အားသည် ကောင်းကင်နဂါးနန်းတော်၏ အသက်ရှူကြိမ် ၃၀ကြိမ်မြောက်တွင် ကြုံတွေ့ရသော ပြိုင်ဘက်နှင့် အတူတူလောက်ပင် ဖြစ်၏။
သူ၏ ကိုယ်ခံပညာဥပဒေသ စွမ်းအား ဒုတိယအဆင့်တွင် ရှိနေစဥ်ကပင် ထိုအဆင့်မှ ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ယခုအခါ သူ၏ ဥပဒေသ ၆မျိုးသည် တတိယအဆင့်သို့ပင် ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ သူ၏ ခွန်အားသည် ၁၀ဆကျော် တိုးတက်လာခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ သွေးအရိပ် ကိုယ်ရံတော်လောက်ကို သူ၏မျက်လုံးထဲတွင် ထည့်နေစရာပင် မလိုတော့ပေ။
သူက လက်ညှိုးထိပ်ကနေ မှော်ဆန်သော အလင်းရောင်များကို ထုတ်လွှတ်နေသည့် ၇ရောင်ခြယ်မီးတောက်ကို တောက်ထုတ်လိုက်သည်။
၇ရောင်ခြယ် မီးတောက်သည် လေထဲတွင် အလျင်အမြန်ပင် ကြီးမားလာခဲ့၏။
သူ့ထံသို့ ဦးတည်လာသော သွေးဓားများသည် ၇ရောင်ခြယ်မီးတောက်ဖြင့် ထိမိသည်နှင့် လောင်ကျွမ်းကာ ပြာဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ၇ရောင်ခြယ် မီးတောက်သည် သွေးအရိပ် ကိုယ်ရံတော်ကို လွှမ်းခြုံသွားခဲ့ပြီး တစ်ကိုယ်လုံးကို ဝါးမျိုပစ်လိုက်သည်။
ထိုအချိန်တွင် ခန်းမတစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းသည် မှင်တက်ကာ ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။
၎င်းတို့အားလုံးက အံ့သြထိတ်လန့်မှုကနေ အချိန်အတော်ကြာ ပြန်လည် မသက်သာလာခဲ့ကြပေ။
အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်နှင့် နှိုင်းယှဥ်နိုင်သော သွေးအရိပ် ကိုယ်ရံတော်ကို ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တမန်တော်သည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်သည် မဟုတ်ပါလော။
"ဒါကရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ စွမ်းအားလား"
အခန်း(၁၅၆၃)ပြီး၏။
အခန်း(၁၅၆၄)
"မင်း မင်း"
ကျန်းချန်က သွေးအရိပ် ကိုယ်ရံတော်အား လုံးဝ သုတ်သင် ရှင်းလင်းလိုက်သည်ကို မြင်လျှင် လုံရွှယ်ယင်၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က လုံရွှယ်ယင်၏ ထိတ်လန့်နေသော အမူအရာကို လျစ်လျူရှုထားလိုက်ပြီး အချိန်ဥပဒေသဖြင့် လုံရွှယ်ယင်ကို လွှမ်းခြုံလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏အသက်က အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို လုံရွှယ်ယင် ခံစားခဲ့ရသည်။
လုံရွှယ်ယင်က ထိတ်လန့်သွားခဲ့ပြီး အချိန်ဥပဒေသ၏ စွမ်းအားကနေ လွတ်မြောက်ရန် အကြောက်အကန် ရုန်းကန်နေခဲ့သည်။
သို့ရာတွင် သူ၏ သိုင်းစွမ်းအားကို ကျန်းချန်က ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်ရာ ကျန်းချန်၏ အချိန်ဥပဒေသ တတိယအဆင့်စွမ်းအားကနေ သူ့အနေဖြင့် မည်ကဲ့သို့ လွတ်မြောက်နိုင်ပါအံ့နည်း။
"အားကုန်ခံပြီး ရုန်းမနေနဲ့.. မင်းငါ့ရဲ့ အချိန်ဥပဒေသကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး.. မင်းရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် ငါ့ရဲ့ အချိန်ဥပဒေသအောက်မှာ အသက်ရှူကြိမ် ၁၀ရှိုက်စာပဲ အချိန်ရှိလိမ့်မယ်"
ကျန်းချန်က လုံရွှယ်ယင်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
"အသက်၁၀ရှိုက်စာ အချိန်အတွင်းမှာ မင်းရဲ့နောက်ကွယ်ကလူကို အကူအညီမတောင်းဘူး ဆိုရင် မင်းသေမှာ သေချာတယ်"
သူ၏အသက်က လျင်မြန်စွာ ကုန်ဆုံးနေသည်ကိုခံစားလိုက်ရပြီးနောက် လုံရွှယ်ယင်သည် အဆုံးသတ်တွင် ထိတ်လန့်သွားခဲ့သည်။
သူက ချက်ချင်းပင် ရင်ဘတ်ကနေ သွေးရောင် ကျောက်စိမ်းပြား တစ်ခုကို အလျင်အမြန် ထုတ်ယူ၍ ခြေမွလိုက်ပြီး နှုတ်ကနေလည်း အော်ဟစ် အကူအညီ တောင်းလိုက်သည်။
"ဆရာဟန်ကြွယ်.. ကျွန်တော့်ကို ကယ်ပါဦး"
"ဝုန်း.."
လုံရွှယ်ယင်၏ စကားသံ အဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည့် ဆိုးယုတ်သော စွမ်းအင်သည် နန်းတော်၏ အတွင်းပိုင်းကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် နန်းတော်အထက်ရှိ လေထုထဲတွင် လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။
သူ၏အကြည့်က နန်းတော်၏ အစိတ်အပိုင်းတစ်ခု ဆီသို့ စူးရှစွာ ကျရောက်သွားခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအားတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ကျန်းချန်၏ရှေ့တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး မင်းဘယ်သူလဲ.. ငါ့ရဲ့အစီအစဥ်တွေကိုတောင် ဖျက်ဆီးရဲတယ်"
သွေးပုံရိပ်ထံကနေ စိတ်ဝိညာဥ်ကို တုန်လှုပ်စေသော အေးစက်စက် အသံသည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
သူက သူ၏ရှေ့ရှိ သွေးပုံရိပ်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာပြောလိုက်သည်။
"မင်းက နဂါးနက်အင်ပါယာမှ ပြဿနာတွေ ဖန်တီးခဲ့တဲ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူလား.. ငါက မင်းကို ဆုံးမဖို့ ရှေးဟောင်းနဂါး မျိုးနွယ်စုက စေလွှတ်လိုက်တဲ့ ဒသမမြောက်မာန နဂါးအဆင့် တပည့် ကျန်းချန်ပဲ"
"သြော်..လက်စသတ်တော့ မင်းက မာနနဂါးအဆင့် တပည့် ကျန်းချန်ကိုး"
သွေးပုံရိပ်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လှောင်ပြုံးပြုံးကာ ကြည့်လိုက်သည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုက ငါ့ကို ကိုင်တွယ်ဖို့ မာနနဂါးအဆင့် တပည့်ကိုတောင် စေလွှတ်လိုက်တယ် ဆိုတော့ ငါဟန်ကြွယ်ကို အတော်လေး တန်ဖိုးထားသားပဲ"
"အပိုစကားတွေပြောမနေနဲ့.. ဒီနေ့ ငါမင်းရဲ့ခေါင်းကို ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ယူသွားမယ်.. မင်းဘာသာ သတ်သေမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို အဆုံးသတ်ပေးရမလား"
ကျန်းချန်က မဲ့ပြုံးပြုံးကာပြောလိုက်သည်။
"ဟားဟား ကောင်လေး.. မင်းက အလာကြီးပါလား.. မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်ဖြစ်တာနဲ့ပဲ ငါဟန်ကျွယ်က မင်းကို ကြောက်လိမ့်မယ်လို့ ထင်မနေနဲ့.. မင်းက ကိုယ့်ဘာသာကိုယ် သေမင်းခံတွင်းဝဆီ ရောက်လာတယ် ဆိုမှတော့ ငါဟန်ကြွယ်က မင်းကို အဆုံးသတ်ပေးရတော့မှာပေါ့"
ဟန်ကျွန်၏ စကားသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်၏ ကြောက်မက်ဖွယ် စွမ်းအင်သည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
မာနနဂါးအဆင့် တပည့်များသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်သော်လည်း သူ၏ ရှေ့မှ မာနနဂါးအဆင့် တပည့်သည် အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်သာလျှင် ရှိသေး၏။
မာနနဂါးအဆင့်ပါရမီရှင်၏ တိုက်ခိုက်ရေး စွမ်းအင်များသည် သာမန် မဟုတ်သော်လည်း နယ်ပယ်အဆင့် နှစ်ခုကို ဖြတ်ကျော်၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
သူ၏ အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် ခွန်အားဖြင့် ဆိုလျှင် ဤကောင်လေးသည် သူ့ကို မည်ကဲ့သို့ အနိုင်ရပါမည်နည်း။
ဟန်ကျွယ်က ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားများကို လှုံ့ဆော်ကာ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် ဟန်ကျွယ်၏ လက်ဖဝါးတွင် စုဝေးလာခဲ့ပြီး အဆုံးသတ်တွင် ဧရာမ သွေးလက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဝုန်း.."
ဟန်ကျွယ်က လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဧရာမသွေးလက်ဝါးသည် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော သွေးစွမ်းအင်နှင့် အတူ နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ မျက်တောင်တစ်ခတ်အတွင်း ကျန်းချန်၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာခဲ့သည်။
"မိုးကြိုးဥပဒေသ"
ကျန်းချန်က သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာသော ဧရာမသွေးလက်ဝါးကို ကြည့်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဘုံကိုးပါးကနေ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားသည် ဧရာမသွေးလက်ဝါးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့၏။
"အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်နဲ့ မိုးကြိုးဥပဒေသ တတိယအဆင့်ကိုတောင် နားလည်ထားတယ် ဆိုတော့ မင်းက ရှေးဟောင်း နဂါးမျိုးနွယ်စုရဲ့မာနနဂါးအဆင့် တပည့် ဖြစ်ထိုက်တန်ပါပေတယ်.. ဒါပေမဲ့ မင်းက ဘယ်လောက်ပဲ ပါရမီရှိနေပါစေ.. ဒီနေ့ ငါဟန်ကျွယ်ရဲ့လက်ထဲမှာ ကျဆုံးဖို့ ကံကြမ္မာပါနေခဲ့ပြီ"
ဟန်ကျွယ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးလက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။
ကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ဟန်ကြွယ်၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်လိုက်၏။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည့် ဖျက်ဆီးခြင်းမုန်တိုင်းသည် နဂါးနက်နန်းတော်၏ ပတ်ဝန်းကျင်တွင် တိုက်ခတ်နေခဲ့သည်။
ကျန်းချန်နှင့် ဟန်ကြွယ်တို့ တိုက်ခိုက်နေစဥ်မှာပင် လုံရှင်းနှင့်အခြားသူများသည် ခန်းမထဲကနေ ထွက်လာခဲ့ကြပြီး လေထုထဲရှိ တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခဲ့ကြသည်။
"အဖေ.. တမန်တော်က သွေးလမင်းကုန်းမြေက နတ်ဆိုးကို အနိုင်ယူနိုင်ပါ့မလား"
လုံရှင်းက မျက်စိကျိန်းလောက်သော အလင်းရောင်များလွှမ်းခြုံနေသည့် တိုက်ပွဲကို ကြည့်နေခဲ့သည်။
သူ၏အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။
ဤတိုက်ပွဲသည် သူတို့ နဂါးနက်အင်ပါယာ၏ အသက်ရှင် ရပ်တည်မှုနှင့်လည်း ဆက်စပ်နေခဲ့သည်။
တမန်တော်သာ အနိုင်ရခဲ့လျှင် နဂါးနက်အင်ပါယာ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး သွေးလမင်းကုန်းမြေမှ နတ်ဆိုးသာ အနိုင်ရရှိခဲ့လျှင် သူတို့ နဂါးနက်အင်ပါယာသည် အမှန်တကယ်ပင် အဆုံးသတ်သွားနိုင်ပေသည်။
"ငါလည်းမသိဘူး"
လုံယွမ်က ခေါင်းခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
"ဒါပေမဲ့ တမန်တော်က ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်တစ်ယောက်ပဲ.. ငါ့အထင်တော့ တမန်တော်က မနိုင်ရင်တောင် ရှုံးနိမ့်မှာတော့ မဟုတ်ဘူး"
လုံယွမ်၏ အမြင်တွင် ကျန်းချန်သည် သွေးလမင်း ကုန်းမြေမှနတ်ဆိုးကို မရှုံးနိမ့်သရွေ့ လုံလောက်နေပြီ ဖြစ်၏။
"ဝုန်း.. ဝုန်း.. ဝုန်း"
နှစ်ဦးသား စကားပြောဆိုနေစဥ်မှာပင် ကောင်းကင်ယံကို တုန်ခါစေသော ပေါက်ကွဲမှုများသည် လေထုထဲတွင် ဆက်လက်ပဲ့တင်ထပ်နေခဲ့သည်။
လေထုထဲတွင် တိုက်ခိုက်နေသည့် ဟန်ကြွယ်နှင့် ကျန်းချန်တို့သည် ၎င်းတို့၏ လက်ဝါးရိုက်ချက်ကနေ ဖြစ်ပေါ်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်း၏ သက်ရောက်မှုအောက်တွင် ပေရာဂဏန်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
ဟန်ကြွယ်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော ချီစွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ဤကောင်လေးသည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်း နည်းစနစ်များ၊နတ်ခန္ဓာပုံရိပ်နှင့် ကိုယ်ခံပညာ နည်းစနစ်များသည် သူ့ထက်အဆင့်တစ်ဆင့် ပိုမို မြင့်မားနေခဲ့သည်။
သူ၏ အဆင့်မြင့်ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်းစွမ်းအားဖြင့်ပင် ကျန်းချန်ကို ၁၀ကွက်ကျော် တိုက်ခိုက်ခဲ့သည့်တိုင် အားသာချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ဤသည်က ရှေးဟောင်းနဂါး မျိုးနွယ်စုမှ မာနနဂါးအဆင့်တပည့်၏ ခွန်အားပေလော။
"ကိုယ်ခံပညာ ဥပဒေသတွေကို မပေါင်းစပ်ဘဲ သွေးလမင်းကုန်းမြေက နတ်ဆိုးကို အနိုင်ယူဖို့ မလွယ်ဘူးထင်တယ်"
ကျန်းချန်က နောက်သို့ ပေရာဂဏန်းခန့် ဆုတ်လိုက်ရပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဟန်ကျွယ်နှင့် တိုက်ပွဲတွင် ကျန်းချန်သည် ကိုယ်ခံပညာဥပဒေ စွမ်းအားများကို မပေါင်းစပ်ဘဲ အခြားသော စွမ်းအင်အားလုံးကို အသုံးချခဲ့သည်။
ကိုယ်ခံပညာ ဥပဒေသစွမ်းအားများကို ပေါင်းစပ် အသုံးမပြုထားသော သူ၏ သာမန်တိုက်ခိုက်ရေး စွမ်းအင်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်နှင့် ယှဥ်နိုင်နေပြီဖြစ်၏။
သူသာ ကိုယ်ခံပညာ ဥပဒေသ၇မျိုးကို အသုံးပြု၍ စွမ်းအားများကို စုစည်းခဲ့လျှင် သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်ခဲ့လျှင် အဆင့်မြင့် ပကတိနတ်ဘုရားများကို ရင်ဆိုင်ရန်ပင် ပြဿနာရှိမည် မဟုတ်ပေ။
အကယ်၍ ကိုယ်ခံပညာ၏ မူလစွမ်းအားကိုသာ နားလည်ခဲ့မည် ဆိုလျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများကိုပင် ရင်ဆိုင်နိုင်မလား မသိနိုင်ပေ။
အခန်း(၁၅၆၄)ပြီး၏။
အခန်း(၁၅၆၅)
"ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်.. ဒီနေ့တိုက်ပွဲက တကယ်ပဲ ငါ့ကို အမြင်ကျယ်စေတယ်.. ငါဟန်ကျွယ် ဒီနေ့ မင်းနဲ့ မကစားတော့ဘူး နောက်မှပဲ ငါတို့ ပြန်တွေ့ကြတာပေါ့"
ဟန်ကြွယ်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
ဤကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအင်က အလွန်ပင်ထက်မြက်လွန်းသဖြင့် သူ့အတွက် အနိုင်ယူရန် မဖြစ်နိုင်သလောက်ပင်။
ထိုကဲ့သို့သော အခြေအနေတွင် ဟန်ကြွယ်သည် ကျန်းချန်နှင့်အချိန်ဖြုန်းချင်စိတ် မရှိတော့ပေ။
သူ့ကို ရှေးဟောင်းနဂါးမျိုးနွယ်စုက ပစ်မှတ်ထားနေသောကြောင့် နဂါးနက်အင်ပါယာကနေ အလျင်မြန်ဆုံးထွက်ခွာခြင်းသည်သာလျှင် သူ့အတွက် ဘေးကင်းနိုင်မည်မဟုတ်ပါလော။
"ထွက်သွားချင်တယ်လား"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဟန်ကျွယ်ရှိနေသာ လေထုဆီသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
တတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော နေရာလွတ်စွမ်းအားသည် ဟန်ကျွယ် ရှိနေသော နေရာလွတ်ကို ရုတ်တရက် ချုပ်နှောင်လိုက်၏။
ဟန်ကျွယ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ကျန်းချန်၏ နေရာလွတ် ဥပဒေသ တတိယအဆင့် စွမ်းအား၏ ချုပ်နှောင်မှုအောက်တွင် ရပ်တန့်သွားခဲ့သည်။
"နောက်ထပ် တတိယအဆင့်ကို ရောက်နေတဲ့ ကိုယ်ခံပညာဥပဒေသပါလား"
ဟန်ကျွယ်က ထိတ်လန့်သွားခဲ့ပြီး သူ၏ သွေးစွမ်းအားများကို လှုံ့ဆော်လိုက်ကာ နေရာလွတ်စွမ်းအား၏ ချုပ်နှောင်မှုကနေ ရုန်းထွက်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ဟန်ကျွယ်၏ ဦးခေါင်းအထက်တွင် တိုက်ရိုက် ပေါ်ပေါက်လာခဲ့သည်။
"ဟန်ကျွယ် မင်းဘယ်လိုမှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး"
ဟန်ကျွယ်က ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ကောင်လေး မင်းတကယ်ပဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်နေတာလား"
"ဘာပြဿနာရှိလို့လဲ.. ဒီနေ့မင်းရဲ့ခေါင်းကို ရှေးဟောင်းနဂါးနွယ်စုဆီ သေချာပေါက် ပြန်ယူသွားမယ်"
ကျန်းချန်က အလေးအနက် ပြောလိုက်သည်။
"ဟားဟား ကျန်းချန်.. မင်းမှာ နတ်ဆိုးဆန်တဲ့ အရည်အချင်းနဲ့ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ရှိတယ် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ ဟန်ကြွယ် ထွက်သွားချင်တယ်ဆိုရင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
ဟန်ကျွယ်က လှောင်ပြုံးပြုံးကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးမုန်တိုင်းတစ်ခုနှယ် ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့သည်။
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ဥပဒေသ ၇မျိုး၏ စွမ်းအားကို ထုတ်ဖော်လိုက်ရာ အဆုံးသတ်တွင် ၇ရောင်ခြယ် ရှေးဟောင်းဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ဖဝါးထဲသို့ ကျရောက်သွားခဲ့သည်။
"ဥပဒေသတွေကို လက်နက်အဖြစ် ပေါင်းစည်းလိုက်တာလား.. ဒါ့အပြင် ဥပဒေသတွေက ၇မျိုးတောင် ရှိနေတယ်လား"
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဟန်ကျွယ်သည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။
အေးစက်သော ခံစားချက်သည် သူ၏ စိတ်နှလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့၏။
ကျန်းချန်၏ ကိုယ်ခံပညာဥပဒေသ ၇မျိုးက မည်သို့သောအဆင့်အထိ ရောက်ရှိနေသည်ကို သူ မသိသော်လည်း ၇ရောင်ခြယ်ဥပဒေသ စွမ်းအားအပေါ် အခြေခံ၍ သာမန် မဟုတ်ကြောင်း သူသိခဲ့သည်။
အနည်းဆုံးတော့ ထိုဥပဒေသများသည် ဒုတိယအဆင့်သို့ရောက်ရှိနေလောက်ပြီ ဖြစ်၏။
ထိုဥပဒေသ၇မျိုးထဲတွင် သူအစောပိုင်းက မြင်တွေ့ခဲ့ရသော ဥပဒေသများသည် တတိယအဆင့်သို့ပင် ရောက်ရှိနေချေပြီ။
ထိုကိုယ်ခံပညာ ဥပဒေသ၇မျိုး၏ စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်ကို ဟန်ကြွယ် တစ်ယောက် တွေးပင် မတွေးရဲတော့ပေ။
ဟန်ကြွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်သွားခဲ့ပြီးနောက်တွင် ကျန်းချန်ဆီသို့ အလောတကြီး လှမ်းလာခဲ့သော သူ၏ ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နောက်သို့ လှည့်ကာ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
ကျန်းချန်က ထွက်ပြေးသွားသော ဟန်ကြွယ်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး သူ၏လက်ထဲမှ ၇ရောင်ခြယ်ဓားကို ဝှေ့ယမ်းလိုက်၏။
"ဝှစ်.."
ကောင်းကင်နှင့်နေမင်းကို လွှမ်းခြုံထားသော ၇ရောင်ခြယ်ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ဟန်ကြွယ် ဆီသို့ တန်းတန်းမတ်မတ်ပင် ရောက်ရှိသွားခဲ့သည်။
၇ရောင်ခြယ်ဓားအလင်း၏ တိုက်ခိုက်မှုနှင့်အတူ ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံးသည် ရပ်တန့်သွားခဲ့ပြီး အချိန်နှင့် နေရာလွတ် တစ်ခုလုံးသည်ပင် ရပ်တန့်သွား၏။
ထိုအခိုက်အတန့်တွင် ဟန်ကျွယ်သည် သူ့ကိုယ်သူ မလွတ်မြောက်နိုင်တော့မှန်း ခံစားခဲ့ရသည်။
ဟန်ကြွယ်က ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်စွမ်းအားများကို အဆုံးစွန်ထိ လှုံ့ဆော်လိုက်ပြီး သွေးဥပဒေသ တတိယအဆင့် စွမ်းအားနှင့် ပေါင်းစပ်ကာ သွေးရောင်တောက်ပနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်လိုက်၏။
ပကတိနတ်ဘုရားကမ္ဘာငယ်လေးအဖြစ် ပေါင်းစပ်လိုက်သည့်အချိန်မှာပင် ကျန်းချန်၏ ၇ရောင်ခြယ်ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းလာခဲ့ပြီး ဟန်ကျွယ်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ရိုက်ခတ်သွားခဲ့သည်။
"ဝုန်း.."
ဟန်ကျွယ်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ၇ရောင်ခြယ် ဓားအလင်းနှင့် ရင်ဆိုင်ရပြီးနောက်တွင် လေထုထဲ၌ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့သည်။
"ဖူး.."
ဟန်ကျွယ်သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
"အတော်လေး အားကောင်းတဲ့ ဓားချက်ပါလား"
ဟန်ကျွယ်က ပါးစပ်ထောင့်မှ သွေးများကိုသုတ်လိုက်ပြီး အဝေးရှိ ကျန်းချန်ကို ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
သူက အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် စွမ်းအားဖြင့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်လိုက်သည့်တိုင် ကျန်းချန်၏ ဓားချက်ဖြင့် ဖြိုခွဲခြင်းကို ခံခဲ့ရသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူခုခံနိုင်သောအရာ မဟုတ်ပေ။
အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူပင် ခုခံရန် ခက်ခဲလောက်မည် ဖြစ်သည်။
သို့ရာတွင် ဟန်ကြွယ်က ထိတ်လန့်မှုကနေ ပြန်လည် မသက်သာလာခင်မှာပင် ကျန်းချန်၏ လက်ထဲရှိ ၇ရောင်ခြယ်ဓားထံကနေ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ၇ရောင်ခြယ် ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ဟန်ကြွယ်သည် ရုတ်တရက် သူ၏ စိတ်ဝိညာဥ်ပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ယခုအခါတွင် ဟန်ကြွယ်၏ စိတ်တွင် ထွက်ပြေးရန် အတွေးတစ်ခု သာလျှင် ရှိတော့၏။
သူက သူ၏ ရင်ဘတ်ကို သူ့ဘာသာသူ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ပါးစပ်ကနေ သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။
ထို့နောက်တွင် ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန်ပင် ပြုလုပ်လိုက်၏။
မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်စွမ်းအားများ ပါဝင်နေသည့် သွေးမြူများသည် ဟန်ကြွယ်၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက်တွင် ဟန်ကြွယ်က အာကာပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက်သွားခဲ့၏။
ထိုသို့ ဟန်ကျွယ်က အာကာပြင် အက်ကွဲကြောင်းထဲ ဝင်ရောက်သွားသောအချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်နိုင်ပုံရသော ၇ရောင်ခြယ်ဓားအလင်းသည် အာကာပြင် အက်ကွဲကြောင်းထဲကို တိုက်ရိုက်ပင် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
"ဖူး.."
သွေးအန်သောအသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာပြီးနောက်တွင် အာကာပြင် အက်ကွဲကြောင်းသည် ပျောက်ကွယ်သွားခဲ့သည်။
လေထုထဲတွင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသာလျှင် အချိန်အတော်ကြာ ကျန်ရှိနေခဲ့၏။
"ကျန်းချန် မင်းငါ့ကို စောင့်နေပါ.. ဒီနေ့ကိစ္စအတွက် ငါဟန်ကြွယ် မင်းကို သေချာပေါက် လက်စားလာချေမယ်"
ကျန်းချန်က ဟန်ကြွယ် ထွက်ပြေးသွားသည့် နေရာကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင်ပင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဟန်ကြွယ်က သူ၏ဓားချက်မှ လွတ်မြောက်သွား၍ ကျန်းချန်က စိတ်ရှုပ်ထွေးနေခြင်း မဟုတ်ပေ။
သူ့ကို ပို၍ ထိတ်လန့်စေသည်မှာ ဟန်ကြွယ် ထွက်ပြေးရန် အသုံးပြုခဲ့သောနည်းလမ်းသည် သူနှင့်အလွန်ရင်းနှီးနေသောကြောင့်ဖြစ်သည်။
သွေးဝိညာဥ်လွတ်မြောက်ခြင်းနည်းစနစ်။
ဟန်ကြွယ် အစောပိုင်းက အသုံးပြုခဲ့သော နည်းစနစ်သည် သူယခင်က တွေ့ခဲ့ဖူးသည့် သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်နှင့် အလွန်တရာပင် တူညီနေခဲ့သည်။
ဟန်ကြွယ်၏ သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်သည် သူ တွေ့ခဲ့ဖူးသော သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်ထက် အဆင့်တစ်ဆင့် မြင့်မားနေခဲ့ပြီး သူ၏ ဥပဒေသ၇မျိုးဖြင့် စုစည်းထားသော စွမ်းအားများ အောက်မှာပင် ထွက်ပြေးနိုင်ခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။
သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်သည် ဟန်ကြွယ်၏ သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်နှင့် အတူတူပင် ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပေ။
ဆိုရလျှင် သူယခင်က တွေ့ခဲ့ဖူးသော သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်သည် ဟန်ကြွယ် ထုတ်ဖော်လိုက်သော နည်းစနစ်၏ သာမန်ဗားရှင်းပင် ဖြစ်သည်။
သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်သည် ရွှယ်လင်ကုန်းမြေတိုက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ နည်းစနစ် ဖြစ်ပြီး ဟန်ကြွယ်ကမူ သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
သို့ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်မှ သွေးဝိညာဥ် မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေရှိ သွေးလမင်းကုန်းမြေနှင့် ဆက်စပ်မှုများ ရှိနေနိုင်ပါသလော။
"ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ တွေ့ရှိမှုပဲ"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများလည်း ဖြစ်ပေါ်နေခဲ့၏။
ရွှယ်လင်ကုန်းမြေတိုက်မှ သွေးဝိညာဥ် မျိုးနွယ်စုသည် သွေးလမင်းကုန်းမြေနှင့် အမှန်တကယ် ဆက်စပ်နေသည်ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်ကနေ နတ်ဘုရားကုန်းမြေ ဆီသို့ တက်လာသော ရွှယ်ကျုံးထျန်းသည် သွေးလမင်းကုန်းမြေတွင် ရှိနေလောက်၏။
ဤအတိုင်းသာဆိုလျှင် ရွှယ်ကျုံးထျန်းနှင့် အတူ နတ်ဘုရားနယ်မြေသို့ တက်ရောက်လာခဲ့သော သူ၏ဖခင် ကျန်းဝူရသည်လည်း ရွှယ်ကျုံးထျန်းနှင့် အလွန်ကွာဝေးသည့် နေရာတွင် မရှိလောက်ဘဲ သွေးလမင်းကုန်းမြေမှာပင် ရှိနေလောက်သည်။
သူက ရွှယ်ကျုံးထျန်းကို ရှာတွေ့သရွေ့ သူ၏ဖခင် ကျန်းဝူရ မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကို သိနိုင်လိမ့်မည် မဟုတ်ပါလော။
အခန်း(၁၅၆၅)ပြီး၏။
အခန်း(၁၅၆၆)
"တမန်တော် အနိုင်ရသွားပြီ"
ဟန်ကြွယ်က ရှုံးနိမ့်၍ ထွက်ပြေးသွားသည်ကို မြင်လျှင် လုံရှင်းနှင့် အခြားသူများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအမူအရာများ ပြည့်နှက်လာခဲ့သည်။
လွန်ခဲ့သော ၁နှစ်အကြာက မတော်မဆဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံရွှယ်ယင်၏ ထိန်းချုပ်မှုအောက်၌ နဂါးနက်အင်ပါယာသည် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
သို့ရာတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တမန်တော် ရောက်ရှိလာမှုနှင့်အတူ နဂါးနက် အင်ပါယာသည် နေရောင်ခြည်ကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရပြီ ဖြစ်၏။
နံဘေးတွင် ရှိနေသော လုံရွှယ်ယင်သည် သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း စိတ်ပျက်အားငယ်သော ခံစားချက်ကြောင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့၏။
ယခု ဟန်ကြွယ်က ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သည်ဖြစ်ရာ သူ၏ဘဝသည် လုံးဝ ပြီးဆုံးသွားတော့မည်မဟုတ်ပါလော။
"ကျွန်တော်တို့ နဂါးနက်အင်ပါယာရဲ့ သစ္စာဖောက်ကို ရှင်းလင်းပေးလို့ တမန်တော်ကို ကျေးဇူးတင်ပါတယ်.. တမန်တော်အနေနဲ့ နဂါးနက်အင်ပါယာကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အရှင်မင်းကြီးကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
လုံရှင်းနှင့်အခြားသူများက လေထုထဲကနေ ဆင်းသက်လာသောကျန်းချန်ကို ကြည့်ကာ တရိုတသေ ပြောလိုက်ကြသည်။
"လုံရွှယ်ယင်နဲ့ ဟန်ကြွယ် တို့က လျှို့ဝှက်ပူးပေါင်းခဲ့ကြတယ်.. သူတို့က နဂါးနက်ဧကရာဇ်ကို တိုက်ရိုက် မသတ်ဖြတ်ခဲ့ပေမဲ့ အပြင်းအထန် ဒဏ်ရာရရှိထားတဲ့ ဧကရာဇ်ကို သူတို့က အသက်ရှင်ခွင့်ပေးမယ်လို့ မင်းတို့ထင်လား"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လုံရွှယ်ယင်ကို လှမ်းကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လုံရှင်း၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူက ဒေါသထွက်သောအမူအရာဖြင့် လုံရွှယ်ယင်ကို စူးစိုက်ကြည့်လိုက်သည်။
"လုံရွှယ်ယင်.. ဧကရာဇ်က မင်းရဲ့ အဖေအရင်းပဲ.. မင်းက ကိုယ့်အဖေအရင်းကိုတောင် သတ်ဖြတ်ရဲတယ်လား"
"ဟမ့်.. အဲဒီအဘိုးကြီးက ငါ့ကို အမြဲတမ်း အထင်သေးခဲ့တယ်.. ငါ့ရဲ့ မင်းသား ရာထူးကိုတောင် ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့တယ်.. ငါအနေနဲ့ ဘာမှ မသတ်ဖြတ်ရဲစရာ အကြောင်းမရှိဘူး"
လုံရွှယ်ယင်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
သူ၏ အသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"ရှေးဟောင်းနဂါးမျိုးနွယ်စုက တမန်တော်.. ဒီနေ့ ငါလုံရွှယ်ယင် ရှုံးနိမ့်တာကို လက်ခံတယ်.. မင်းတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုလည်း သိပ်မာန်တက်မနေနဲ့.. သိပ်မကြာခင် မင်းတို့တွေ ငါ့ထက် ပိုမိုဆိုးရွားတဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်ရလိမ့်မယ် ဆိုတာ ငါပြောရဲတယ်"
ထိုစကားကို ပြောဆိုပြီးနောက်တွင် လုံရွှယ်ယင်သည် ကျန်းချန်နှင့် အခြားသူများ၏ရှေ့မှောက်မှာပင် သေဆုံးသွားခဲ့သည်။
[ဒီစကားက ဘာကိုဆိုလိုတာလဲ.. သွေးလမင်းကုန်းမြေထံမှာ ရှေးဟောင်းနဂါး ကုန်းမြေကို ဆန့်ကျင်ဖို့ အစီအစဥ်များ ရှိနေတာလား]
လုံရွှယ်ယင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
သူ့အနေဖြင့် ဟန်ကြွယ်ဟု ခေါ်သောလူကို အမြန်ဆုံးဖမ်းဆီးရတော့မည်ဖြစ်သည်။
သို့မှသာလျှင် ထိုလူ၏ နှုတ်ကနေ အသုံးဝင်သော အချက်အလက်ကို ရရှိနိုင်ပေမည် မဟုတ်ပါလော။
ကျန်းချန်၏ မျက်လုံးက အနည်းငယ် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လုံရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"လုံရှင်း ငါမင်းကို နဂါးနက်အင်ပါယာရဲ့ ဧကရာဇ် နေရာကို ဆက်ခံစေဖို့ ရည်ရွယ်ထားတယ်.. မင်းဘယ်လိုသဘောရလဲ"
နဂါးနက်အင်ပါယာသည် ရှန်းဝူကုန်းမြေတိုက်ရှိ လုံမိသားစုမှ တည်ထောင်ခဲ့သောကြောင့် သူနှင့် ဆက်စပ်မှု ရှိနေခဲ့သည်။
လုံရှင်းသည် သတ္တိ၊ ဉာဏ်ပညာနှင့် ကျင့်ကြံခြင်းအရည်အချင်းတို့တွင် အလွန်ကောင်းမွန်သောသူ တစ်ဦး ဖြစ်၍ နဂါးနက်အင်ပါယာသည် လုံရှင်း၏ လက်ထဲတွင် နတ်ဘုရားနယ်မြေ၌ ခြေကုတ်ယူနိုင်မည်ဟု ကျန်းချန် စဥ်းစားမိခဲ့သည်။
ထို့ကြောင့် ကျန်းချန်က လုံရှင်းကို နဂါးနက်အင်ပါယာ၏ ဧကရာဇ်အသစ် အဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
"တမန်တော်.. ကျွန်တော်က အသက်ငယ်ပါသေးတယ်.. ဒီလိုအရေးကြီး တာဝန်တွေကို ထမ်းဆောင်ဖို့ ခက်ခဲမှာ စိုးရိမ်မိတယ်"
လုံရှင်းက ကပျာကယာပင် ပြန်ဖြေလိုက်သည်။
"ဒါ့အပြင် နဂါးနက် အင်ပါယာမှာ ဧကရာဇ်နေရာကို ဆက်ခံနိုင်တဲ့ မင်းသားတွေ အများကြီး ရှိပါသေးတယ်.. လုံရှင်းက အရည်အချင်း မပြည့်မီသေးပါဘူး"
"ငါက အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်ရင် မင်းက အရည်အချင်း ပြည့်မီသွားပြီ.. ဘာမှထပ်မပြောနဲ့တော့.. အခုက စပြီး နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်အသစ်က မင်းပဲဖြစ်လာရလိမ့်မယ်.. ငါ့ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ့သူ ရှိရင် ငါ့ဆီကို လွှတ်လိုက်.. ဟန်ကြွယ်က အခု ငါ့ရဲ့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တဲ့အတွက် သိပ်အဝေးကြီး ထွက်ပြေးနိုင်ဦးမှာ မဟုတ်ဘူး.. သူဘယ်နေရာမှာရှိနေလဲဆိုတာ ခြေရာခံဖို့အတွက် မင်းရဲ့လူတွေကို အမြန်စေလွှတ်လိုက်.. ငါတစ်ခဏလောက် နန်းတော်ထဲမှာ အနားယူလိုက်ဦးမယ်.. အရေးကြီးကိစ္စမရှိဘူးဆိုရင် ဘယ်သူမှ ငါ့ကို မနှောင့်ယှက်စေနဲ့"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲလက်သွားခဲ့ပြီး လုံရှင်း၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
"အဖေ ကျွန်တော် အခု ဘာဆက်လုပ်ရမလဲ"
ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း လုံရှင်း၏ မျက်နှာထက်တွင် တွေဝေသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"သခင် ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တမန်တော်ပဲ.. ဒါကြောင့် သူ့ရဲ့ စကားလုံးတွေက တော်ဝင်အမိန့်ပဲ.. အခုက စပြီး မင်းက နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်အသစ် ဖြစ်လာရလိမ့်မယ်"
လုံယွမ်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လေးနက်သော အမူအရာဖြင့် သားဖြစ်သူ လုံရှင်းကို အရိုအသေ ပေးလိုက်သည်။
"စစ်သူကြီးလုံယွမ်က အရှင်မင်းကြီးကို အရိုအသေပေးပါတယ်"
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
ပတ်ဝန်းကျင်မှ ပါရမီရှင် လူငယ်များစွာကလည်း လုံရှင်းကို ဦးညွှတ်လိုက်ကြ၏။
ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တမန်တော်က လုံရှင်းကို နဂါးနက်အင်ပါယာ၏ ဧကရာဇ်အသစ်အဖြစ် ခန့်အပ်ခဲ့ပြီးပြီ ဖြစ်ရာ နဂါးနက်အင်ပါယာ တစ်ခုလုံးတွင် မည်သူက ဆန့်ကျင်ဝံ့ပါမည်နည်း။
"တမန်တော်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်နေရာကို ယာယီအားဖြင့် ကျွန်တော်ဆက်ခံပါ့မယ်"
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းများက လင်းလက်လာခဲ့သည်။
"ဟန်ကြွယ် လို့ခေါ်တဲ့ သွေးလမင်းကုန်းမြေက နတ်ဆိုးကို ဖမ်းဆီးဖို့လုပ်ပါ.. သူဘယ်ရောက်နေသလဲဆိုတာ မရရအောင်ခြေရာခံရမယ်"
အမြစ်ကို မဖယ်ရှားဘဲ အပင်ကို ခုတ်ခြင်းသည် တစ်ချိန်ချိန်တွင် ပြန်လည် ပေါက်လာနိုင်၏။
ဟန်ကျွယ်ကို အပြီးတိုင် မဖြေရှင်းခဲ့လျှင် တမန်တော် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ နဂါးနက်အင်ပါယာသည် နောက်တစ်ကြိမ် ဖျက်ဆီးခံရလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က နဂါးနက်အင်ပါယာ၏ တော်ဝင်ပွဲတော်များ ကျင်းပရာ နန်းတော်ထဲရှိ ခန်းမတစ်ခုထဲတွင် နေထိုင်ခဲ့သည်။
လုံရှင်းက ထိုခန်းမ၏ ပေ၁၀၀၀ ပတ်လည်ကို ကန့်သတ်ဧရိယာ အဖြစ် သတ်မှတ်လိုက်ရာ မည်သူမှ အလွယ်တကူ ချဥ်းကပ်နိုင်ခြင်း မရှိတော့ပေ။
ဟန်ကျွယ် မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကို လုံရှင်းအား ရှာဖွေခိုင်းပြီးနောက်တွင် ကျန်းချန်သည် ခန်းမထဲ၌ ကျင့်ကြံနေခဲ့သည်။
သို့သော် ၃ရက်တာ ကုန်ဆုံးသွားသည့်တိုင် လုံရှင်းထံမှ သတင်းအစအနပင် မကြားခဲ့ရပေ။
"ဘာလို့ လုံရှင်းဆီကနေ သတင်းမကြားရသေးတာလဲ.. ဟန်ကြွယ်က တကယ်ပဲ သွေးလမင်း ကုန်းမြေကို ထွက်ပြေးသွားခဲ့ပြီလား"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
မျက်မှောင်ခပ်တင်းတင်း ကြုတ်နေ၍ သူ၏ မျက်ခုံးများက တစ်ဆက်တည်းပင် ဖြစ်နေခဲ့သည်။
ဟန်ကျွယ်က သူ၏ ဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဖြစ်ရာ သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့လျှင်ပင် အတော်ဝေးဝေးသို့ ထွက်ပြေးနိုင်မည်မဟုတ်ပေ။
သို့ဆိုလျှင် အဘယ်ကြောင့် လုံရှင်းဆီကနေ သတင်းမရရှိပါသနည်း။
ဤမစ်ရှင်ကို ကျန်းချန်သည် ကိုယ်တိုင်ရွေးချယ်၍ ယူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကောင်းကင်နဂါးမြို့တော်၏ တပည့်များ ၁၀နှစ် ၁ကြိမ် မဖြစ်မနေ ဆောင်ရွက်ရသည့် မစ်ရှင်တာဝန်မျိုး မဟုတ်၍ ပြီးဆုံးခြင်း မရှိလျှင်ပင် သူ့အပေါ် များစွာသက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့ရာတွင် ကျန်းချန်သည် သူ၏ ပထမဆုံး မစ်ရှင်ကို မကျရှုံးချင်ခဲ့ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ဤတာဝန်၏ ဆုလာဘ်တွင် ရှေးဟောင်းနဂါး သွေးတစ်စက် ပါဝင်နေသည် ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ ကျရှုံးခံနိုင်ပါမည်နည်း။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အခြေအနေအကြောင်း မေးမြန်းရန် လုံရှင်းဆီသို့ သွားတော့မည့် အချိန်မှာပင် လုံရှင်း၏ အရှိန်အဝါက ခန်းမနားသို့ အလျင်အမြန် ချဥ်းကပ်လာသည်ကို ခံစားလိုက်ရသည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲလက်သွားခဲ့ပြီး ခန်းမ၏ အပြင်ဘက်တွင် တိုက်ရိုက် ပေါ်ပေါက်လာခဲ့သည်။
"ဟန်ကြွယ်နဲ့ ပတ်သက်တဲ့ သတင်းရရှိပါပြီ တမန်တော်"
"သူအခုဘယ်မှာလဲ"
ကျန်းချန်က လေးလေးနက်နက်ပင် မေးလိုက်သည်။
"အင်ပါယာ အစောင့်တွေက မြို့အနောက်ဘက်မှာ ဒဏ်ရာအပြင်းအထန် ရရှိနေတဲ့ ဟန်ကြွယ်ကို တွေ့ရှိခဲ့တယ်.. ဒါပေမဲ့အစောင့်တွေ သူ့ကို ဖမ်းမိတော့မဲ့ ဆဲဆဲမှာ ရုတ်တရက် အဆင့်မြင့် ပကတိနတ်ဘုရား တစ်ပါး ရောက်ရှိလာခဲ့ပြီး သူ့ကိုကယ်တင်သွားခဲ့တယ်"
"အဆင့်မြင့် ပကတိနတ်ဘုရား တစ်ပါးက ကယ်တင်သွားတယ်လား"
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ဟန်ကြွယ်ကို ကယ်တင်သွားတဲ့သူက ဘယ်အဖွဲ့အစည်းကလဲဆိုတာ မင်းတို့ စုံစမ်းလို့ရပြီလား"
"နဂါးနက်အင်ပါယာရဲ့ ပတ်ဝန်းကျင်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိဘူး.. ဒါ့အပြင် အဆင့်မြင့်ပကတိနတ်ဘုရားတွေလည်း အရမ်း ရှားပါးတယ်.. ဒါကြောင့် ဒီလူရဲ့ အထောက်အထားကို ခန့်မှန်းဖို့က မခက်ခဲပါဘူး"
လုံရှင်းက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့အဖေက အဆင့်မြင့် ပကတိနတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့တယ်.. သူ့ရဲ့ ခန့်မှန်းချက်အရတော့ ဒီလူက ရွှယ်ယွိဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်"
"ရွှယ်ယွိဂိုဏ်းလား"
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ် စမ်းသပ်မှုတွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ လာသော ရွှယ်ယွိဂိုဏ်းမှ တပည့်များနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့ဆိုလျှင် လုံရှင်း ပြောသည့် ရွှယ်ယွိဂိုဏ်းသည် သူသိထားသည့် ရွှယ်ယွိဂိုဏ်းများ ဖြစ်နိုင်ပါသလော။
တကယ်သာဆိုလျှင် ဤသည်က အလွန်ပင် တိုက်ဆိုင်သည်ဟု ဆိုရပေတော့မည်။
အခန်း(၁၅၆၆)ပြီး၏။
အခန်း(၁၅၆၇)
"တမန်တော်.. ရွှယ်ယွိဂိုဏ်းက နဂါးနက်အင်ပါယာရဲ့ မြောက်ဘက်က ပကတိနတ်ဘုရားအဆင့် အင်အားစုတစ်စုပဲ.. မြောက်ဘက်ဒေသမှာတော့ အားအကောင်းဆုံး အင်အားစုတစ်ခုလည်း ဖြစ်တယ်"
လုံရှင်းက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေ တို့သည် ရန်ဘက်များ ဖြစ်ကြသည်။
ထို့ကြောင့် သွေးလမင်းကုန်းမြေမှ အဖွဲ့ဝင်တစ်ဦးက ရှေးဟောင်းနဂါးကုန်းမြေသို့ ရောက်လာခြင်းမှာ သိပ်မထူးဆန်းပေ။
သို့သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် ရွှယ်ယွိဂိုဏ်းသည် အဆင့်မြင့်နတ်ဘုရား တစ်ပါးကို စေလွှတ်ကာ ဟန်ကြွယ်ကို ကယ်တင်သွားခဲ့၏။
ဤလုပ်ရပ်က လုံးဝ ရိုးရှင်းမနေဟု ကျန်းချန် ထင်မိခဲ့၏။
ဟန်ကြွယ်ကို ကယ်တင်ခဲ့သည်မှာ ရွှယ်ယွိဂိုဏ်းဖြစ်၍ သူ့အနေဖြင့် ရွှယ်ယွိဂိုဏ်းသို့ ခရီးထွက်ရပေလိမ့်မည်။
ရွှယ်ယွိဂိုဏ်းက မည်ကဲ့သို့သော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်အား သူ စူးစမ်းချင်မိ၏။
"တမန်တော်.. ရွှယ်ယွိဂိုဏ်းက နဂါးနက်အင်ပါယာရဲ့ မြောက်ပိုင်းမှာ အင်အားအကောင်းဆုံးပဲ.. ကျွန်တော့်ရဲ့ အမြင်အရတော့ ရှေးဟောင်းနဂါး မျိုးနွယ်စုကို အရင်ဆုံး အစီအရင်ခံသင့်တယ် ထင်တယ်"
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို သတိပေးလိုက်သည်။
"ဒီလောက်ထိ မလိုပါဘူး"
ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ရွှယ်ယွိဂိုဏ်းက ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး"
ရွှယ်ယွိဂိုဏ်းသည် မည်မျှပင် အားကောင်းစေကာမူ ပကတိနတ်ဘုရားအဆင့် အင်အားစုသာ ဖြစ်သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ရွှယ်ယွိဂိုဏ်းကို အနည်းငယ်မျှပင် ကြောက်ရွံ့စရာ မလိုအပ်ပေ။
ထို့အပြင် သူ၏ လက်ထဲတွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲ ပေးအပ်ထားသော ကောင်းကင်နတ်ဘုရား ပထမအဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ဝှက်ဖဲလည်း ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ရွှယ်ယွိဂိုဏ်းတွင် ကောင်းကင်နတ်ဘုရား ပထမ အဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေလျှင်ပင် သူ့အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်၏။
"လုံရှင်း.. မင်းအတွက် ခန်းမထဲမှာ အရင်းအမြစ်တချို့ ငါချန်ထားပေးတယ်.. အဲဒီအရင်းအမြစ်တွေကို အသုံးချပြီးတော့ ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်အောင် ကြိုးစားပါ.. နောက်တစ်ကြိမ် ငါပြန်ရောက်လာတဲ့အခါ လုံးဝအသစ် ဖြစ်နေတဲ့ နဂါးနက်အင်ပါယာကို မြင်ရမယ်လို့ မျှော်လင့်တယ်"
စကားသံဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်က အလင်းအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ တက်ကာ ပျောက်ကွယ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် တမန်တော်ကျန်းချန်.. လုံရှင်းက တမန်တော်ကို စိတ်မပျက်စေရပါဘူး"
လုံရှင်းက ကျန်းချန် ပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်ကာ ဦးညွှတ်လိုက်သည်။
သူ၏မျက်ဝန်းတွင် အလွန်တရာ ပြတ်သားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
--------------
နဂါးနက်နန်းတော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် မြောက်ဘက်အရပ်ဆီသို့ ခရီးဆက်ခဲ့သည်။
သိပ်မကြာခင်မှာပင် သူသည် ရွှယ်ယွိဂိုဏ်း၏ သြဇာလွှမ်းမိုးသောနယ်မြေ ဆီသို့ ဝင်ရောက်လာခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် နဂါးနက်အင်ပါယာ၏ မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်ဒေသကို အလွန်တရာ လွှမ်းမိုးနိုင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ရွှယ်ယွိဂိုဏ်းက နာမည်ကျော် ပကတိနတ်ဘုရားအဆင့် အင်အားစုဖြစ်၍ သိပ်မကြာခင်မှာပင် ကျန်းချန်သည် ရွှယ်ယွိဂိုဏ်း၏ တည်နေရာက မည်သည့်နေရာတွင် ရှိကြောင်း စုံစမ်းသိရှိသွားခဲ့သည်။
ကျန်းချန်က ကောင်းကင်ထက်ကနေ ပျံသန်း၍ နောက်ထပ်၂နာရီ သို့မဟုတ် ၃နာရီကြာ ရှိပြီးနောက်တွင် အဆုံးသတ်၌ တောင်တစ်လုံး ဆီသို့ ရောက်ရှိလာခဲ့၏။
ထိုတောင်၏ ပုံသဏ္ဌာန်က အလွန်တရာပင် ထူးဆန်းသည်။
အဝေးကနေကြည့်လျှင် အထက်သို့ ပျံသန်းနေသော လျှို့ဝှက်ဆန်းကြယ် ငှက်တစ်ကောင်နှင့် ဆင်တူ၏။
တောင်ထွတ် တစ်ခုလုံးတွင်လည်း သန့်ရှင်းစင်ကြယ်သော လေးနက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"
သူ၏ရှေ့တွင် ရှိနေသော တောင်ထွတ်ကို ကြည့်ကာ ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါး ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
"ဂိတ်တံခါးဖွင့်စမ်း"
"ဘယ်က မလောက်လေး မလောက်စားကောင်လေးလဲ.. အတင့်ရဲလှချည်လား.. မင်းကိုကြည့်ရတာ သေခြင်းတရားကိုရှာဖွေနေတဲ့ပုံပဲ"
ဂိတ်တံခါးဝကို စောင့်ကြပ်နေသော တပည့်နှစ်ဦးက ကျန်းချန်ကို အော်ငေါက်လိုက်သည်။
ရွှယ်ယွိဂိုဏ်းသည် မြောက်ဘက်အရပ်ရှိ မိုင်သန်းပေါင်းများစွာ ဧရိယာတွင် အင်အားအကောင်းဆုံး ပကတိနတ်ဘုရားအဆင့် အင်အားစုများထဲမှတစ်စု ဖြစ်သည်။
အဆင့်မြင့် ပကတိနတ်ဘုရားများပင်လျှင် ရွှယ်ယွိဂိုဏ်းကို မရိုင်းစိုင်းဝံ့ပေ။
သူတို့၏ရှေ့တွင် ရှိသော မလောက်လေး မလောက်စားကောင်လေးသည် ရွှယ်ယွိဂိုဏ်း၏ ကြီးမြတ်မှုကို စော်ကားရန် မည်သည့်နေရာကနေ သတ္တိရလာခဲ့သလဲ ဆိုသည်ကို သူတို့ အမှန်တကယ် မသိတော့ပေ။
"ငါက သေခြင်းတရားကိုရှာဖို့ ရောက်လာတာ မဟုတ်ဘူး.. လူတစ်ယောက်ကို ရှာဖို့ ရောက်လာတာပဲ"
ကျန်းချန်က ထိုနှစ်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ မသေချင်ဘူးဆိုရင် မင်းတို့ ဂိုဏ်းခေါင်းဆောင်ကို ထွက်လာပြီး ငါနဲ့ချက်ချင်း လာတွေ့ခိုင်းလိုက်"
"မောက်မာလှချည်လား.. ငါတို့ရွှယ်ယွိဂိုဏ်းက မင်းရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့နေရာ မဟုတ်ဘူး သေဖို့သာ ပြင်ထားလိုက်တော့"
ရွှယ်ယွိဂိုဏ်း၏ တပည့်နှစ်ဦးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"အဆင်အခြင်မဲ့တဲ့ လုပ်ရပ်ပဲ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ညှိုးထိပ်ကနေ ဓားစွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရွှယ်ယွိဂိုဏ်းမှ တပည့်နှစ်ဦးသည် ရုတ်တရက် ရေခဲကန်ထဲသို့ ပြုတ်ကျသွားသလို အေးစိမ့်သောခံစားချက်ကို ခံစားလိုက်ရသည်။
သူတို့ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ဓားစွမ်းအင်သည် သူတို့နှစ်ဦး၏ လည်ချောင်းကို ဖြတ်သန်းသွားခဲ့ပြီး ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှယ်ယွိဂိုဏ်းမှ တပည့်နှစ်ဦး၏ လည်ချောင်းများတွင် သွေးများ ပန်းထွက်လာခဲ့၏။
နှစ်ယောက်စလုံးက မျက်လုံးများ ပြူးကျယ်စွာဖြင့် ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။
ဓားစွမ်းအင် အရှိန်အဝါကို ခံစားမိလျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် ဂိတ်တံခါးဆီသို့ အလျင်အမြန်ပင် ပြေးလာခဲ့ကြသည်။
မြေပြင်ပေါ်သို့ လဲကျသွးသော တပည့်နှစ်ဦးကို မြင်လျှင် သူတို့၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ရွှယ်ယွိဂိုဏ်းကိုတောင် ရမ်းကားရဲတယ်"
ရွှယ်ယွိဂိုဏ်းက တပည့်သုံးဦးက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူတို့ ရွှယ်ယွိဂိုဏ်းသည် နာမည်ကျော် ပကတိနတ်ဘုရားအင်အားစုတစ်စု ဖြစ်ပြီး မည်သူကမျှ ပြဿနာ မရှာဝံ့ကြပေ။
သူတို့ရှေ့မှ ကောင်လေးကမူ ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါး ဆီသို့ ရောက်ရှိလာခဲ့ပြီး ဂိတ်တံခါးစောင့် တပည့်များကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။
ဤသည်က အလွန်ပင် ရိုင်းပြသော လုပ်ရပ်ပင် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ငါဘယ်သူလဲဆိုတာ သိဖို့ မင်းတို့က ထိုက်တန်မှုမရှိဘူး.. ငါနောက်ဆုံးတစ်ခွန်း ထပ်ပြောမယ် မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ထွက်လာပြီး ငါ့ကိုချက်ချင်း လာတွေ့ခိုင်းလိုက်"
"ဟမ့် မင်းက သိပ်ကို လေလုံးထွားနေတာပဲ.. ငါတို့ ဂိုဏ်းခေါင်းဆောင်က မင်းတွေ့ချင်တိုင်း တွေ့နိုင်တဲ့သူ မဟုတ်ဘူး မင်းဘယ်သူပဲ ဖြစ်နေပါစေ.. ငါတို့ ရွှယ်ယွိဂိုဏ်းမှာ ရမ်းကားဝံ့ရင်တော့ ဒီနေ့ အသက်ရှင်လျက် ပြန်သွားဖို့ စိတ်မကူးနဲ့တော့"
ထိုအချိန်မှာပင် အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လေထဲကနေ ပျံသန်းလာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ရွှယ်ယွိဂိုဏ်း၏ တပည့်များရှေ့သို့ ဆင်းသက်လာခဲ့သည်။
"အစ်ကိုပိုင် ရောက်လာပြီ"
ရွှယ်ယွိဂိုဏ်းမှ တပည့်များသည် သူတို့ရှေ့ကို ရောက်လာသော ပုံရိပ်ကိုမြင်လျှင် အလွန်တရာ ရိုသေသော အမူအရာများ မျက်နှာထက်တွင် ဖြစ်ပေါ်လာကြသည်။
ပိုင်ချိုးဟန်သည် ရွှယ်ယွိဂိုဏ်း၏ နံပါတ်(၁)တပည့် ဖြစ်ပြီး ရွှယ်ယွိဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် တစ်ဦးတည်းသော အနှိုင်းမဲ့ ပါရမီရှင်လည်း ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ပိုင်ချိုးဟန်.. ငါတို့မတွေ့တာကြာပြီ.. နေကောင်းတယ်မဟုတ်လား"
အနည်းငယ် ရင်းနှီးနေသော လေသံကိုကြားလျှင် အဖြူရောင် ဝတ်စုံဝတ်လူငယ်သည် ကျန်းချန်ကို စူးစမ်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
သိပ်မကြာခင်မှာပင် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
"ကျန်းချန် ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ.. နတ်ဘုရားနယ်မြေမှာ မင်းကို ဒီလောက်အထိ မြန်မြန်တွေ့ရလိမ့်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ပိုင်ချိုးဟန်.. ဒီနေ့ ငါမင်းတို့ ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ချင်တယ်.. သူ့ကို မြန်မြန်ငါနဲ့ လာတွေ့ခိုင်းလိုက်"
"ကျန်းချန်.. ငါတို့ ဂိုဏ်းခေါင်းဆောင်က မင်းနဲ့ လာတွေ့ရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ.. မင်းက ငါတို့ ရွှယ်ယွိဂိုဏ်းရဲ့ နယ်မြေမှာ ရွှယ်ယွိဂိုဏ်းရဲ့ တပည့်ကို သတ်ပစ်လိုက်တယ်.. ဒီနေ့ ငါမင်းကိုသတ်ပြီး ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ရမယ်"
ပိုင်ချိုးဟန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ မျက်ဝန်းတွင် ထက်ရှသော အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် သူသည် ကျန်းချန်ကြောင့် အရှက်တကွဲ ထွက်ပြေးခဲ့ရရုံသာမက လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရသည်။
ရွှယ်ယွိဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ပြန်လည်ရရှိရန်အတွက် အဖိုးအခများစွာ သုံးစွဲခဲ့ရ၏။
ထို့ကြောင့် ယခုကျန်းချန်ကို ထပ်မံ တွေ့ဆုံရသောအခါ ပိုင်ချိုးဟန်သည် အနာဟောင်းကို သတိရကာ ဒေါသထွက်လာခဲ့သည်။
ယနေ့တွင် ကျန်းချန်ထံ၌ အရှက်ကွဲခဲ့ရမှုကို ၁၀ဆပြန်လည်ရယူမည်ဟု သူ ဆုံးဖြတ်လိုက်၏။
အခန်း(၁၅၆၇)ပြီး၏။
အခန်း(၁၅၆၈)
ပိုင်ချိုးဟန်က အလွန်ပင်အေးစက်သော ရေခဲစွမ်းအားကို ထုတ်ဖော်လိုက်ကာ ဧရာမရေခဲလက်သည်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းထိပ်မှ စွမ်းရည်ဖြင့် ပစ်ခတ်လိုက်ရာ ဧရာမရေခဲလက်သည်းသည် ဝုန်းဟူသော အသံနှင့်အတူ လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
"ပိုင်ချိုးဟန်.. ငါတို့မတွေ့တာ နှစ်အနည်းငယ်ကြာပြီ.. မင်းက ဒီလောက်ပဲ တိုးတက်လာတာလား.. မင်းက အရင်ကတည်းက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး.. အခုဆိုရင် ပိုလို့တောင် ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့ဘူး"
ပိုင်ချိုးဟန်၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မထီမဲ့မြင် လှောင်ပြောင်သံသည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လှောင်ပြောင်သံကိုကြားလျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်ကြတော့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရွှယ်ယွိဂိုဏ်း၏ ပါရမီရှင် ၁၀ဦးကျော်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြပြီး အဆုံးသတ်တွင် ပိုင်ချိုးဟန်ပင်လျှင် လက်တစ်ဖက် ဆုံးရှုံးကာ ပြန်ရောက်လာခဲ့သည်။
ထိုဖြစ်ရပ်သည် ရွှယ်ယွိဂိုဏ်း တစ်ဂိုဏ်းလုံးကို အတော်လေးစိတ်ဝင်စားစေခဲ့၏။
သူတို့၏ ရှေ့တွင် ရှိသော ကောင်လေးသည် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေတွင် ပိုင်ချိုးဟန်ကို အနိုင်ယူခဲ့သောသူ ဖြစ်နိုင်ပါသလော။
"ကျန်းချန် မင်းသိပ်ပြီးမောက်မာမနေနဲ့.. ဒီနေ့ ငါမင်းကို ကျိန်းသေ သတ်ပစ်မယ်"
ပိုင်ချိုးဟန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ရေခဲဥပဒေသ စွမ်းအားကို ထုတ်ဖော်ကာ နတ်လေးတစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် ပိုင်ချိုးဟန်က လေးကြိုးကို ဆွဲ၍ ကျန်းချန်ဆီသို့ မြားတစ်စင်းကို ပစ်ခွင်းလိုက်၏။
ချက်ချင်းဆိုသလိုပင် ရေခဲမြားသည် ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး လေထုထဲတွင် ဧရာမရေခဲမြားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒီတိုက်ကွက်ပဲလား.. နှစ်အနည်းငယ်ကြာသွားတာတောင် မင်းမှာ တိုက်ကွက်အသစ်တွေ မရှိတော့ဘူးလား"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်း၍ မီးတောက်တစ်ခုကို ထုတ်ဖော်လိုက်ကာ ရေခဲမြားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကျန်းချန်၏ မီးတောက်များအောက်တွင် ဧရာမ ရေခဲများသည် အစအနပင် မကျန်ရှိတော့သည် အထိ ပြိုပျက်သွားခဲ့သည်။
ပိုင်ချိုးဟန်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲကနေ အောက်သို့ပြုတ်ကျသွားခဲ့၏။
အဆုံးသတ်တွင် အောက်ဘက်ရှိ သစ်တောထဲ၌ မီတာ ရာဂဏန်းအကျယ်အဝန်းရှိ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပိုင်ချိုးဟန်၏ ခန္ဓာကိုယ်က ထိုတွင်းနက်ကြီးထဲတွင် ရှိနေခဲ့ပြီး သေသလားရှင်သလား အတိအကျ မသိရပေ။
"အစ်ကိုပိုင်က ဒီလိုပဲ ရှုံးနိမ့်သွားတယ်လား"
ထိုမြင်ကွင်းကိုမြင်လျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ နံပါတ်(၁) တပည့်ဖြစ်သူ ပိုင်ချိုးဟန်သည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူ၏ တိုက်ကွက်ကို မည်သို့မှ မတားဆီးနိုင်ခဲ့ပေ။
"ဒီကောင်ရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ"
"ရွှယ်ယွိဂိုဏ်းခေါင်းဆောင်.. ခင်ဗျား မထွက်လာသေးဘူးဆိုရင် ငါဒီနေ့ ရွှယ်ယွိဂိုဏ်း တစ်ဂိုဏ်းလုံးကို အမှုန့်ခြေပစ်မယ်"
ပိုင်ချိုးဟန်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ယွိဂိုဏ်း၏ နက်နဲသောနေရာဆီသို့ လှမ်းကြည့်လိုက်သည်။
သူ၏ မောက်မာသောလေသံသည် ရွှယ်ယွိဂိုဏ်း တစ်ခုလုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်လေး.. ငါတို့ရွှယ်ယွိဂိုဏ်းကို မင်းစိတ်တိုင်းကျ ရမ်းကားနိုင်တဲ့ နေရာများမှတ်နေလား.. ကောင်လေး မင်းက ငါ့ရဲ့တပည့်ကို သတ်လိုက်တဲ့အတွက် မင်းရဲ့ အသက်ကို ရွှယ်ယွိဂိုဏ်းမှာပဲ ထားခဲ့ရလိမ့်မယ်"
"..............."
ဒေါသတကြီး ကြုံးဝါးသံသည် ရွှယ်ယွိဂိုဏ်း၏ အတွင်းဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေသော ပုံရိပ်လေးခုသည် အဆင့်မြင့် ပကတိနတ်ဘုရား၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ရွှယ်ယွိဂိုဏ်းနဲ့မင်းက ဘာရန်ငြိုးရန်စမှလဲ မရှိဘူး.. ဘာအတွက်နဲ့ ရွှယ်ယွိဂိုဏ်းမှာ သောင်းကြမ်းနေရတာလဲ"
ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို အကဲဖြတ်လိုက်ပြီးနောက်တွင် အေးစက်စက် ရေရွတ်လိုက်သည်။
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
"မင်းက ရွှယ်ယွိဂိုဏ်းရဲ့ ခေါင်းဆောင်လား"
"ဟုတ်တယ်.. ငါက ရွှယ်ယွိဂိုဏ်းရဲ့ခေါင်းဆောင် ယွီချင်းဖန်ပဲ"
ယွီချင်းဖန်က အေးစက်စက် ပြန်ဖြေလိုက်သည်။
"ကောင်လေး ဒီနေ့ ကိစ္စကို ကျေနပ်လောက်တဲ့ အထိ ဖြေရှင်းချက် မပေးနိုင်ရင် အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့"
"ငါ ဒီနေ့ရွှယ်ယွိဂိုဏ်းကို လာခဲ့တာက လူတစ်ယောက် အတွက်ပဲ"
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ယွီ.. ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်ကျန်းချန်ပဲ.. မကြာသေးခင်က ငါ့ရဲ့ လက်ချက်နဲ့ ဒဏ်ရာရရှိသွားတဲ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူတစ်ဦးကို မင်းတို့ ရွှယ်ယွိဂိုဏ်းက အဆင့်မြင့်ပကတိနတ်ဘုရား တစ်ပါးက ကယ်တင်သွားခဲ့တယ်.. ငါရှည်ရှည်ဝေးဝေး မပြောချင်ဘူး.. သွေးလမင်းကုန်းမြေက ကျင့်ကြံသူကို ငါ့ဆီ လွှဲပေးပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ယွီချင်းဖန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"လက်စသတ်တော့ ရှေးဟောင်းနဂါး မျိုးနွယ်စုက မာနနဂါးအဆင့်ပါရမီရှင် ကျန်းချန် ဖြစ်နေတာကိုး"
ယွီချင်းဖန်က အလျင်အမြန်ပင် ကျန်းချန်ကို အရိုအသေပြုကာ ပြုံး၍ ပြောလိုက်သည်။
"ဆရာကျန်းချန်.. မင်းနဲ့ငါတို့ဂိုဏ်းရဲ့ ကြားမှာ နားလည်မှု လွဲနေပြီထင်တယ်.. ငါတို့ရွှယ်ယွိဂိုဏ်းက ဆရာကျန်းချန် ရှာနေတဲ့သူကို ဘယ်လိုလုပ်ပြီး ကယ်တင်ရဲမှာလဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က သူ၏မျက်ခုံးများကို ပင့်တင်လိုက်သည်။
"သေချာရဲ့လား"
ယွီချင်းဖန်က လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
"သေချာပါတယ်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်အနေနဲ့ ငါတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေက လူတွေနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းရမှာလဲ"
"မင်းက ငြင်းနေပေမဲ့လည်း ငါရထားတဲ့ သတင်းက အခြေအမြစ် မရှိတာတော့ မဟုတ်ပါဘူး"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့်ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုလည်း ငါ့ကို ရွှယ်ယွိဂိုဏ်းထဲ ဝင်ပြီး ရှာဖွေခွင့်ပေးပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ယွီချင်းဖန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဆရာကျန်းချန်.. ကျွန်တော်က ဆရာကျန်းချန်ကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦးအနေနဲ့ ရိုသေလေးစားမှု ရှိပါတယ်.. ဒါပေမဲ့ ရွှယ်ယွိဂိုဏ်းရဲ့ဂုဏ်သိက္ခာအရ ဂိုဏ်းထဲကို တစ်လက်မတောင် ဝင်ရောက်ရှာဖွေခွင့် မပြုနိုင်တာ ခွင့်လွှတ်ပေးပါ"
"ဘာလို့ ငါ့ကို ရှာဖွေခွင့် မပြုနိုင်တာလဲ.. ကြည့်ရတာ ငါရထားတဲ့သတင်းက မှန်ကန်နေပြီ ထင်တယ်"
"ဆရာကျန်းချန် ငါတို့ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေကလူကို မကယ်တင်ခဲ့ပါဘူး.. ဒါ့အပြင် သွေးလမင်းကုန်းမြေနဲ့လည်း ဘယ်တော့မှ ဆက်ဆံရေးမရှိခဲ့ဘူး.. ဆရာကျန်းချန်က ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦး ဖြစ်ပေမဲ့ ငါတို့ရွှယ်ယွိဂိုဏ်းမှာလည်း လျှို့ဝှက်နက်နဲတဲ့ စည်းမျဥ်းတွေ ရှိတယ်.. ဒါ့အပြင် ဆရာကျန်းချန်က ငါတို့ဂိုဏ်းက တပည့်ကိုလည်း သတ်ဖြတ်ခဲ့သေးတယ်.. ဒီကိစ္စကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မျက်နှာနဲ့ ကျော်သွားပေးနိုင်ပေမဲ့ ဂိုဏ်းထဲကို အတင်းအကျပ်ဝင်ပြီး ရှာဖွေဖို့ လုပ်မယ် ဆိုရင်တော့ ငါ့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့"
ယွီချင်းဖန်က ဒေါသတကြီး အမူအရာဖြင့် အော်ဟစ်လိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ ရွှယ်ယွိဂိုဏ်းသည် သွေးလမင်းကုန်းမြေထံတွင် လျှို့ဝှက် ခိုလှုံခဲ့သည်။
ထို့ကြောင့် နဂါးနက်အင်ပါယာ၏ နန်းတော်တွင် ကျန်းချန်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော ဟန်ကျွယ်ကို သူတို့ရွှယ်ယွိဂိုဏ်းက ကယ်တင်ခဲ့ခြင်းပင်။
မူလက ဟန်ကျွယ်ကို မနက်ဖြန်တွင် သွေးလမင်းကုန်းမြေသို့ ပို့ရန် စီစဥ်ခဲ့သော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုမှ မာနနဂါးအဆင့်တပည့်သည် ဤမျှအထိ အလျင်အမြန် ရောက်ရှိလာမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။
အကယ်၍ ကျန်းချန်သာ ရွှယ်ယွိဂိုဏ်းထဲတွင် ဟန်ကျွယ်ကို ရှာဖွေတွေ့ရှိသွားလျှင် သူတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေထံတွင် ခိုလှုံခဲ့ခြင်းသည် ဖော်ထုတ်ခံရလိမ့်မည် မဟုတ်ပါလား။
ယင်းက ရွှယ်ယွိဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ထို့ကြောင့် ယွီချင်းဖန်သည် ကျန်းချန်ကို ရွှယ်ယွိဂိုဏ်း ထဲသို့ ဝင်ရောက်ခွင့် မည်ကဲ့သို့ အလွယ်တကူ ပြုနိုင်ပါမည်နည်း။
ကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲတွင် ဝင်ရောက်ရှာဖွေရန် အတင်းအကျပ် ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် ကျန်းချန်ကို သတ်ပစ်ရလျှင်ပင် သူက တုံ့ဆိုင်းနေမည် မဟုတ်ပေ။
လူသတ်အရှိန်အဝါများ ထုတ်လွှတ်နေသော ယွီချင်းဖန်ကို ကြည့်ကာ ကျန်းချန်၏ အမူအရာသည် တည်ငြိမ်မှု ရှိနေခဲ့သည်။
"ယွီချင်းဖန်.. ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦး ဖြစ်တဲ့အတွက် ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်.. မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုကို ဆန့်ကျင်ချင်နေတာလား"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် အထက်စီးဆန်စွာ ပြောလိုက်သည်။
"မင်းသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ.. ဒီနေ့ ငါကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲကို ဝင်ရောက်ရှာဖွေမှာပဲ"
ယွီချင်းဖန်သာ သူ့ကို ရွှယ်ယွိဂိုဏ်းထဲသို့ ဝင်ရောက် ရှာဖွေခွင့်ပေးခဲ့လျှင် ရွှယ်ယွိဂိုဏ်းသည် သွေးလမင်း ကုန်းမြေနှင့် မည်သို့မှ မပတ်သက်ဟု ယုံကြည်မိမည် ဖြစ်သည်။
သို့ရာတွင် ယခုအခါ ယွီချင်းဖန်က သူ့ကို တားဆီးနေသည်ဖြစ်ရာ မရိုးသားသည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။
ကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲသို့ ဝင်ရောက်ရှာဖွေမည်ဟု ပြောပြီးနောက်တွင် ယွီချင်းဖန်နှင့် အခြားသူများကို လျစ်လျူရှုကာ ရွှယ်ယွိဂိုဏ်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
"ကျန်းချန် မင်းဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့"
ကျန်းချန်က သူ့ကို လျစ်လျူရှုခဲ့သည်အား မြင်လျှင် ယွီချင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"သတ်ကြ"
အခန်း(၁၅၆၈)ပြီး၏။
အခန်း(၁၅၆၉)
"ဝုန်း..ဝုန်း..ဝုန်း.."
ယွီချင်းဖန်၏အမိန့်ပေးသံ အဆုံးသတ်သည်နှင့် ပကတိနတ်ဘုရားအဆင့် အကြီးအကဲ၄ဦးသည် ကြောက်မက်ဖွယ်ဥပဒေသ စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
ပကတိနတ်ဘုရား ၄ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် မျက်နှာတစ်ချက် မပျက်ခဲ့ပေ။
သူက ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ သက်သောင့်သက်သာပင် ဆက်လက် လျှောက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲကနေ ဓားဥပဒေသသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ဓားဥပဒေသကို အသုံးပြုကာ သူ၏ လက်ညှိုးကို လေထဲတွင် ၄ကြိမ် လှုပ်ရှားလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါလေးခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ပကတိနတ်ဘုရား ၄ဦးကို ထိမှန်သွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ကောင်းကင်ပြိုလဲမတတ် ပေါက်ကွဲသံသည် ရွှယ်ယွိဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူ ၄ဦးသည် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သတ်ဖြတ်ခံလိုက်ရသည်။
ပကတိနတ်ဘုရား ၄ပါးကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများ၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ကြသည်။
ဤအချိန်တွင် ယွီချင်းဖန်၏ မျက်လုံးများသည် အလွန်တရာပင် မှောင်မိုက်နေခဲ့၏။
ကျန်းချန်၏ လက်ထဲတွင် ဟန်ကျွယ်က အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် အမှန်တကယ်ပင် နက်နဲလှသည် မဟုတ်ပါလော။
"ကောင်လေး သေဖို့သာ ပြင်ထားလိုက်တော့"
ယွီချင်းဖန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏နတ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ကြောက်မက်ဖွယ်ရာ အစွမ်းထက်သော နတ်စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သော ငှက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
"ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်"
ကျန်းချန်က နတ်ဘုရင်အဆင့် နည်းစနစ်၏ သိုင်းစွမ်းအားအရှိန်အဝါဖြင့် လျှို့ဝှက်ဆန်းကြယ်သောငှက်ကို ဖိနှိပ်လိုက်သည်။
ထိုအခါ လျှို့ဝှက်ဆန်းကြယ်သောငှက်သည် ရုတ်တရက်နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
"သိုင်းစွမ်းအားပုံရိပ်ပါလား"
ယွီချင်းဖန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ရှေ့မှကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့်တပည့် ဖြစ်ရန် ထိုက်တန်မှုရှိပြီး နယ်မြေ နတ်ဘုရားအဆင့်ထက် မနိမ့်သည့် နည်းစနစ်ကိုပါ ကျင့်ကြံထား၏။
"ယွီချင်းဖန်.. ဒီနေ့ ငါမင်းရဲ့ရွှယ်ယွိဂိုဏ်းကို ရှာဖွေမယ်...ငါ့ကို တားဆီးတဲ့သူ မှန်သမျှကို သတ်ဖြတ်ပစ်မယ်"
ယွီချင်းဖန်၏ တိုက်ခိုက်မှုကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။
"ကျန်းချန် ငါတို့ ရွှယ်ယွိဂိုဏ်းထဲကို လွယ်လွယ်ကူကူနဲ့ ရှာဖွေလို့ ရမယ်လို့များ ထင်နေလား"
ယွီချင်းဖန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ယွီချင်းဖန်သည် လေဥပဒေသ တတိယအဆင့်စွမ်းအားနှင့် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ပေါင်းစပ်ကာ ပေထောင်ချီရှိသော အပြာရောင် ကမ္ဘာငယ်လေးကို ဖန်တီးလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ဤကောင်လေးသည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အဆင့်မြင့် ပကတိနတ်ဘုရားများထက် မနိမ့်ပေ။
ထို့ကြောင့် ယွီချင်းဖန်က သူ၏ အားအကောင်းဆုံး တိုက်ကွက်ကိုသာ တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး ကျန်းချန်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
"မိုးကြိုးဥပဒေသ"
ကျန်းချန်က ယွီချင်းဖန်၏ အပြာရောင် ကမ္ဘာငယ်လေးကို ရင်ဆိုင်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် သူ၏ ကိုယ်ခံပညာ ဥပဒေသ ၇မျိုးသည် လေထဲတွင် ပျံ့နှံ့သွားခဲ့ပြီး မိုးကြိုးဥပဒေသကို အခြေခံကာ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နိုင်သော ၇ရောင်ခြယ် မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို၇ရောင်ခြယ်မိုးကြိုး ထွက်ပေါ်လာသည်နှင့် လေထုတစ်ခုလုံးသည် တုန်ယင်နေခဲ့၏။
ကောင်းကင်ယံ အထက်တွင် မည်းမှောင်သော တိမ်တိုက်များဖြင့် ထူထပ်နေခဲ့ပြီး မိုးကြိုးလျှပ်စီးများ တဂျိန်းဂျိန်း ဖြစ်ပေါ်နေခဲ့သည်။
ဤအချိန်တွင် ၇ရောင်ခြယ်မိုးကြိုးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ကပ်ဘေးမိုးကြိုးကဲ့သို့ ဖြစ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကိုသယ်ဆောင်ကာ အပြာရောင်ကမ္ဘာငယ်လေး ဆီသို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံသည် ၁၀မိုင်ပတ်ပတ်လည်ရှိ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေခဲ့၏။
၇ရောင်ခြယ်မိုးကြိုးက အပြာရောင်ကမ္ဘာငယ်လေးကို ထိုးဖောက်သွားခဲ့ပြီး အဆုံးသတ်တွင် ရွှယ်ယွိဂိုဏ်း၏ မြေပြင်ထက်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ပြင်းထန်သော ပေါက်ကွဲမှုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ရွှယ်ယွိဂိုဏ်း တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
အပြာရောင် ကမ္ဘာငယ်လေးသည် ၇ရောင်ခြယ်မိုးကြိုး ထိမှန်ခံရပြီးနောက်တွင် အဆုံးသတ်၌ ခံနိုင်ရည် မရှိတော့ဘဲ ပေါက်ကွဲထွက်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ထိုပေါက်ကွဲသောနေရာကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားခဲ့သည်။
အနီးအနားတွင် ရှိနေသော ရွှယ်ယွိဂိုဏ်းမှ တပည့်အချို့သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်း၏ အောက်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။
လေထုထဲမှ ယွီချင်းဖန်သည်လည်း ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ပြီး ပါးစပ်ထောင့်ကနေ သွေးများစီးကျလာခဲ့၏။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ အဖွဲ့ဝင်များ အားလုံးသည် လေထုထဲတွင် ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
သူတို့အားလုံးက သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
အထူးသဖြင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်နှင့်ရင်ဆိုင်ခဲ့ရသော ရွှယ်ယွိဂိုဏ်းမှ တပည့်များ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းသော်လည်း သူတို့နှင့် သိပ်အကွာကြီး မဟုတ်ပေ။
သို့သော်လည်း နှစ်အနည်းငယ် မတွေ့ရသောအချိန်မှာပင် ကျန်းချန်သည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရုံသာမက သူတို့၏ ဂိုဏ်းခေါင်းဆောင်ကိုပင် အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ယွီချင်းဖန်.. ရွှယ်ယွိဂိုဏ်းနဲ့ သွေးလမင်းကုန်းမြေက ဘာမှမသက်ဆိုင်ဘူးဆိုရင် ငါဝင်ရှာမှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ"
ကျန်းချန်က ယွီချင်းဖန်ကို အထင်အမြင်သေးစွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
"မင်းငါ့ကို ထပ်ပြီး တားဆီးနေမယ်ဆိုရင် ဒီနေ့ကစပြီး ရှေးဟောင်းနဂါးကုန်းမြေမှာ ရွှယ်ယွိဂိုဏ်းဆိုတာ ရှိတော့မှာမဟုတ်ဘူး"
"အားလုံးပဲ ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဆိုးဆန်လွန်းတယ်.. အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြ"
ယွီချင်းဖန်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသောအရှိန်အဝါကို ဖိနှိပ်လိုက်ပြီး တိုက်ရိုက်ပင် အမိန့်ပေးလိုက်ကာ ပကတိနတ်ဘုရား အပြာရောင်ကမ္ဘာငယ်လေးကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။
ယွီချင်းဖန် အနေဖြင့် သူ၏ရှေ့မှ ကောင်လေးကို သတ်ဖြတ်ရန်မှ တပါး အခြား ရွေးချယ်စရာမရှိပေ။
ယခုအခါတွင် သူတို့သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့် ကျန်းချန်ကို ရင်ဆိုင်နေရခြင်း ဖြစ်၏။
ကျန်းချန်ကို ရှာဖွေခွင့် ပေးလိုက်ပြီး ကျန်းချန်သာ ဟန်ကျွယ်ကို ရှာတွေ့သွားခဲ့လျှင် သူတို့ရွှယ်ယွိဂိုဏ်းနှင့် သွေးလမင်းကုန်းမြေ တို့၏ ပူးပေါင်းမှုသည် လုံးဝ ပေါ်ပေါက်သွားလိမ့်မည် မဟုတ်ပါလော။
ထိုအချိန်သို့ ရောက်လျှင် သူတို့ ရွှယ်ယွိဂိုဏ်းသည် ရှေးဟောင်းနဂါး မျိုးနွယ်စုထံမှ ဒေါသကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ကို သတ်ဖြတ်ခြင်းသည်သာလျှင် ရွှယ်ယွိဂိုဏ်းအတွက် အသက်ရှူရန် အခွင့်အရေး အနည်းငယ် ရရှိနိုင်ပေလိမ့်မည်။
"သတ်ကြ"
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် ၎င်းတို့၏ အင်အားကို အကုန်အစင် ထုတ်သုံးကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း.."
ကောင်းကင်ယံတွင် စွမ်းအားများ ပေါက်ကွဲသံသည် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
မိုးကြိုးလျှပ်စီးများနှင့် မီးတောက်များက လေထုထဲတွင် ပြည့်နှက်နေခဲ့၏။
ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုအောက်တွင် လေထုပင် ကွဲအက်မလို ဖြစ်နေခဲ့သည်။
ဥပဒေသ အမျိုးမျိုး၏ စွမ်းအားများကြောင့် ကောင်းကင်ယံက ရှုပ်ထွေးနေခဲ့၏။
"ငါပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးကတည်းက ဘယ်သူကမှ ငါ့ကို ပကတိနတ်ဘုရား ကမ္ဘာငယ်လေး ထုတ်ဖော်ဖို့အတွက် ဖိအားမပေးနိုင်ခဲ့ဘူး.. ဒီနေ့တော့ ငါ့ရဲ့ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို မင်းတို့ အမြင်ကျယ်အောင် ပြရသေးတာပေါ့"
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား ၁၀ဦးကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်လိုက်သည်။
သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အပြည့်အဝ လှုံ့ဆော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကိုလည်း အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် နတ်စွမ်းအားနှင့် သူ၏ ကိုယ်ခံပညာဥပဒေသ၇မျိုး စွမ်းအားကို ပေါင်းစပ်လိုက်ရာ ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
ထိုကမ္ဘာငယ်လေး၏ အတွင်းပိုင်း အခြေအနေကို မမြင်ရသော်လည်း ထိုကမ္ဘာငယ်လေးသည် ကြောက်မက်ဖွယ် ကောင်းလွန်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"သတ်"
ကျန်းချန်က သူ၏ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေးကို လှုံ့ဆော်လိုက်ပြီး ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား ၁၀ဦးကျော်ကို ရင်ဆိုင်လိုက်သည်။
အခန်း(၁၅၆၉)ပြီး၏။
အခန်း(၁၅၇၀)
ကျန်းချန်၏ ရောင်စုံတောက်ပနေသော ပကတိနတ်ဘုရားကမ္ဘာငယ်လေးနှင့် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်တို့၏ စွမ်းအားများ ထိပ်တိုက် ဆုံတွေ့မိလျှင် ချက်ချင်းဆိုသလို နေနှင့်လသည် ဗြောင်းဆန်သွားခဲ့ပြီး လေထုတစ်ခုလုံးပင် ကွဲကြေသွားခဲ့သည်။
ရွှယ်ယွိဂိုဏ်း၏ အထက် ကောင်းကင်ယံက ကွဲကြေသွားသကဲ့သို့ဖြစ်နေခဲ့ပြီး ရေတွက်၍မရနိုင်သော ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်းများသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားခဲ့သည်။
ထိုအားကောင်းသော ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းသည် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာကိုပင် သက်ရောက်မှု ရှိခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ အားနည်းသော ကျင့်ကြံသူအချို့သည် သွေးများအန်ကာ သေဆုံးသွားခဲ့ကြသည်။
လေထုထဲရှိ ရွှယ်ယွိဂိုဏ်း၏ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ယင်သွားခဲ့သည်။
ကျန်းချန်၏ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး၏ ဖိနှိပ်မှုအောက်တွင် သူတို့အားလုံးသည် ဖြူဖပ်ဖြူရော်အမူအရာဖြင့် ရုန်းကန်နေကြရသည်။
သို့သော် အဆုံးသတ်တွင် သူတို့သည် အချိန်ကြာကြာ တောင့်မခံနိုင်ခဲ့ကြပေ။
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရားများ ထဲတွင် အားအနည်းဆုံးဖြစ်သော ကျင့်ကြံသူ၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေးတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းသည် ပကတိနတ်ဘုရားကမ္ဘာငယ်လေးပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဝုန်းဟူသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့ပြီး လေထဲတွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ပကတိနတ်ဘုရားတစ်ပါး သေဆုံးပြီးသည်နှင့် သိပ်မကြာမီမှာပင် ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။
ပေါက်ကွဲသံများက ကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့ပြီး ပကတိ နတ်ဘုရားများ၏ သွေးစက်များသည် မိုးရေစက်များကဲ့သို့ လေထုထဲကနေ ကျဆင်းလာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် ကျဆုံးသွားခဲ့သည်။
ယွီချင်းဖန်နှင့် ပကတိနတ်ဘုရားအဆင့် ၃ပါးသာလျှင် ကျန်ရှိတော့ပြီး ၎င်းတို့သည်လည်း ရုန်းကန်နေကြရသည်။
သူတို့ ၄ဦးစလုံး၏ အဝတ်အစားများသည် သွေးရောင်များပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။
သူတို့က စွမ်းအားများကို အကန့်အသတ်အထိ ထုတ်ဖော်ကာ သူတို့၏ ဦးခေါင်းထက်မှ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေးကို ဖြိုခွဲရန် အရူးအမူး ကြိုးစားနေခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ထိုက်စန်းတောင်ကဲ့သို့ပင် တည်ငြိမ်စွာ ရှိနေခဲ့သည်။
သိပ်မကြာခင်မှာပင် ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး၏ ဖိအားအောက်တွင် ထို၄ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပူပေါင်းကဲ့သို့ တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။
ဤအခိုက်အတန့်တွင် ယွီချင်းဖန်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဘိုးဘေး.. ကျွန်တော့်ကို ကယ်ပါဦး"
ယွီချင်းဖန်၏ အကူအညီတောင်းသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှယ်ယွိဂိုဏ်း တစ်ခုလုံးသည် ရုတ်တရက် ငလျင်လှုပ်သလို တုန်ယင်သွားခဲ့သည်။
မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသောအင်အားတစ်ရပ်သည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး မိုင်ရာချီဧရိယာကို လွှမ်းခြုံသွားခဲ့သည်။
အဆင့်မြင့်ပကတိနတ်ဘုရား ပင်လျှင် ထိုကဲ့သို့ စွမ်းအားကို ရင်ဆိုင်ရသောအခါဝယ် ဦးညွှတ်ချင်စိတ်ကို ထိန်းချုပ်နိုင်မည် မဟုတ်လောက်ပေ။
ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက်ကျဥ်းမြောင်းသွားခဲ့သည်။
"ဒါက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါပဲ"
"ဝုန်း.."
ကျန်းချန်က စိတ်နှလုံးထဲတွင် တုန်လှုပ်နေသော အချိန်မှာပင် ရွှယ်ယွိဂိုဏ်း၏ အတွင်းကနေ သွေးရောင်နတ်ဓားအလင်းတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုသွေးရောင် နတ်ဓားအလင်းသည် ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုသွေးရောင်နတ်ဓားသည် လေထုကို ဖြတ်သန်းလာခဲ့ပြီး ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
အရာအားလုံးကို နှိမ်နင်းနိုင်ခဲ့သော ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် သွေးရောင် နတ်ဓားအလင်းကို မခုခံနိုင်ဘဲ ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။
ကျန်းချန်သည်လည်း သွေးရောင် နတ်ဓားအလင်း၏ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် တုန်ယင်သွားခဲ့ပြီး မီတာထောင်ချီ အကွာအဝေးသို့ နောက်ပြန်လွင့်စင်သွားခဲ့သည်။
ကျန်းချန်က ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ရွှယ်ယွိဂိုဏ်း၏ နက်ရှိုင်းသော နေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
ရွှယ်ယွိဂိုဏ်းထဲကနေ ထွက်ပေါ်လာသော သွေးရောင်ဓားအလင်းသည် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကိုပင် ဖျက်ဆီးနိုင်ခဲ့သည်။
ဤသို့သော စွမ်းအားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်တွင် ရှိသော ကျင့်ကြံသူများသာ ဖော်ထုတ်နိုင်သောစွမ်းအား ဖြစ်၏။
"ရွှယ်ယွိဂိုဏ်းမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရှိနေမယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီးနောက်တွင် ရွှယ်ယွိဂိုဏ်း၏ နက်ရှိုင်းသောနေရာဆီသို့ စူးစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဒီအခြေအနေအထိ ရောက်မှတော့ ခင်ဗျားလည်း ထွက်လာသင့်ပြီ ထင်တယ်"
ကျန်းချန်၏ စကားဆုံးသည်နှင့် သွေးအလင်းတစ်ခုသည် ရွှယ်ယွိဂိုဏ်း၏ အတွင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ် ပိန်ပါးပါး အဘိုးအို တစ်ဦးသည် ထိုသွေးအလင်းထဲကနေ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်၏ ကြီးမြတ်မှုများ ပါဝင်သော အသံတစ်သံသည် ရွှယ်ယွိဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ငါ့ရဲ့ ရွှယ်ယွိဂိုဏ်းကိုတောင် ဒီအခြေအနေထိ ဖိအားပေးနိုင်တယ် ဆိုတော့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့်တပည့်က ဘယ်ဆိုးလို့လဲ"
အောက်ဘက်ရှိ ရွှယ်ယွိဂိုဏ်းမှ စိတ်ပျက်အားငယ်နေသော တပည့်များသည် ပိန်ပါးပါး အဘိုးအိုကိုမြင်လျှင် ၎င်းတို့၏ မျက်ဝန်းထက်၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။
"ဒါက ငါတို့ရဲ့ ဘိုးဘေး ယွီချီကြွယ်ပဲ.. ဘိုးဘေးက အသက်ရှင်နေသေးတယ်လား"
ယွီချီကြွယ်သည် ရွှယ်ယွိဂိုဏ်း၏ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူက လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းခန့်ကပင် အဆင့်မြင့်ပကတိနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။
သူက ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သော်လည်း အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် မအောင်မြင်ခဲ့ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ယွီချီကြွယ်သည် သူ၏ နောက်ဆုံးရက် သတ်မှတ်ချက်က နီးကပ်လာသည်ကို မြင်သောကြောင့် တံခါးပိတ်ကာ အရူးအမူး ကျင့်ကြံခဲ့သည်။
ထိုအချိန်မှစ၍ ရွှယ်ယွိဂိုဏ်းတွင် ယွီချီကြွယ်၏ သတင်းကို မကြားရတော့ပေ။
ယွီချီကြွယ်က သေဆုံးသွားလောက်ပြီဟု အားလုံးက ထင်မှတ်ခဲ့ကြသော်လည်း ရွှယ်ယွိဂိုဏ်း အခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့ရသော အခိုက်အတန့်တွင် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ယနေ့တွင် သူတို့၏ ဘိုးဘေး ယွီချီကြွယ်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှား၏။
ယွီချီကြွယ် ထွက်ပေါ်လာမှုသည် သူတို့ ရွှယ်ယွိဂိုဏ်းကို အဆုံးသတ်တွင် ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါလော။
"ဘိုးဘေး အောင်မြင်ခဲ့ပြီလား"
ယွီချီကြွယ်ကြောင့် ကယ်တင်ခံခဲ့ရသော အဆင့်မြင့်ပကတိနတ်ဘုရားသည် ယွီချီကြွယ်ကို လှမ်းကြည့်ကာ ဝမ်းသာသောလေသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ် ငါကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ"
ထိုစကားကိုကြားလျှင် ယွီချင်းဖန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူတို့သည် သွေးလမင်းကုန်းမြေနှင့် လျှို့ဝှက် ပူးပေါင်းခဲ့ကြသည်။
သွေးလမင်းကုန်းမြေသည် သူတို့၏ဘိုးဘေး ဖြစ်သည့် ယွီချီကြွယ်ကို ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ ထိုးဖောက်နိုင်ရန် ပံ့ပိုးပေးခဲ့ပြီး အဆုံးသတ်တွင် အောင်မြင်ခဲ့ပြီဖြစ်၏။
"ခင်ဗျားတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေနဲ့ လျှို့ဝှက်ပူးပေါင်းနေတာ တကယ်ပဲ ဖြစ်ပုံရတယ်.. ခင်ဗျားက သွေးလမ်းစဥ်ကို မကျင့်ကြံပေမဲ့ သွေးဥပဒေသရဲ့ မူလစွမ်းအားနဲ့ ကမ္ဘာ့စွမ်းအားကို ပြောင်းလဲခဲ့တယ်.. ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ခင်ဗျားက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ဖို့ သွေးလမင်းကုန်းမြေကနေ သွေးဥပဒေသ မူလစွမ်းအားအချို့ကို ရရှိခဲ့တာပဲ ဖြစ်ရမယ်.. ခင်ဗျားက ဖြတ်လမ်းနည်းနဲ့ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့တဲ့ အတွက် ခင်ဗျားရဲ့စွမ်းရည်က တကယ့် ကောင်းကင်နတ်ဘုရားလောက်တော့ အစွမ်းထက်မှာ မဟုတ်ဘူး"
ကျန်းချန်က ယွီချီကြွယ်ကို အကဲခတ်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။
"ကောင်လေး မင်းရဲ့အမြင်က မဆိုးဘူးပဲ.. ငါက တကယ့်ကောင်းကင်နတ်ဘုရားထက် ၃ပုံ ၁ပုံလောက် အားနည်းတယ်ဆိုပေမဲ့ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူပဲ.. မင်းလို ပကတိနတ်ဘုရား နယ်ပယ်အဆင့်က ပုရွက်ဆိတ်ကို သတ်ဖြတ်ဖို့ကတော့ လုံလောက်တာထက်တောင် ပိုပါသေးတယ်"
ယွီချီကြွယ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
တစ်ခဏ အတွင်းမှာပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့်တစ်ယောက် ဖြစ်သည်။
ထိုကောင်လေးသည် သူတို့ ရွှယ်ယွိဂိုဏ်းနှင့် သွေးလမင်းကုန်းမြေ ပူးပေါင်းမှုကို သိရှိသွားခဲ့ပြီ ဖြစ်၏။
ထိုကောင်လေးသာ ရှေးဟောင်းနဂါး မျိုးနွယ်စုကို သတင်းပို့လိုက်လျှင် သူတို့ရွှယ်ယွိဂိုဏ်းသည် အန္တရာယ် ကျရောက်မည်မှာ ဧကန်မလွဲပင်။
ထို့ကြောင့် ယွီချီကြွယ်က လုံးဝ တုံ့ဆိုင်းမနေခဲ့ဘဲ သူ၏လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ကာ လက်ချောင်းထိပ်ကနေ သွေးဓားအလင်း တစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုသွေးဓားအလင်းသည် ၃ပေခန့် ရှည်လျားပြီး အနှိုင်းမဲ့စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။
၎င်းက လေထုကို ထိုးခွဲကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
အခန်း(၁၅၇၀)ပြီး၏။
အခန်း(၁၅၇၁)
ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဥပဒေသ ၇မျိုးကို ပေါင်းစပ်ကာ ဟန်ယွမ်ဓားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ဟန်ယွမ်ဓားဖြင့် ၇ရောင်ခြယ် တောက်ပနေသော ဓားအလင်း တစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဝုန်း.."
၇ရောင်ခြယ် ဓားအလင်းသည် ကမ္ဘာကိုပင် ထိုးဖောက်သွားခဲ့ပြီး သွေးရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့မိသွားခဲ့သည်။
ပြိုင်ဘက်ကို အမြဲတစေ ဖြိုခွင်းနိုင်ခဲ့သော ကျန်းချန်၏ ၇ရောင်ခြယ်ဓားအလင်းသည် သွေးရောင်ဓားအလင်းနှင့် ရင်ဆိုင်မိလျှင် ချက်ချင်းပင် ပြိုပျက်သွားခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ဟန်ယွမ်ဓားကို အလျင်အမြန် ဝှေ့ယမ်းကာ ဓားကွက်နှစ်ကွက်ကို ဆက်တိုက်ဆိုသလို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ဝုန်း.. ဝုန်း.."
၇ရောင်ခြယ်ဓားအလင်း၂ခုက သွေးရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့မိသွားပြီးနောက်တွင် လေထုထဲ၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော လေထုအက်ကွဲကြောင်းများပင် ဖြစ်ပေါ်သွားခဲ့သည်။
ဓားကွက်သုံးကွက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ပြီးနောက်တွင် ယွီချီကြွယ်၏ သွေးရောင်ဓားအလင်းသည် အဆုံးသတ်တွင် လေထုထဲ၌ ပြိုကွဲကာ ပျံ့နှံ့သွားခဲ့သည်။
"ဒါက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို အားကောင်းလွန်းတာပဲ"
ကျန်းချန်က ပေ၁၀၀၀ အကွာရှိ ယွီချီကြွယ်ကို စူးစိုက်ကြည့်ကာ စိတ်နှလုံးထဲကနေ ရေရွတ်လိုက်သည်။
အစောပိုင်းက သွေးရောင်ဓားအလင်းသည် ယွီချီကြွယ် ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်သော ဓားအလင်း တစ်ခုမျှသာဖြစ်သည်။
သို့သော်လည်း ထိုဓားအလင်းကို သူက ဓားကွက်၃ကွက် ဆက်တိုက် ထုတ်ဖော်မှသာလျှင် ခုခံနိုင်ခဲ့သည်။
"အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်နဲ့ ကိုယ်ခံပညာဥပဒေသ၆မျိုးကို တတိယအဆင့်အထိတောင် နားလည်ထားပါလား.. ရှေးဟောင်းနဂါးကုန်းမြေမှာ ဒီလို ပါရမီရှင်တစ်ယောက် ဘယ်အချိန်ကတည်းက ထွက်ပေါ်ခဲ့တာလဲ"
ကျန်းချန်က သူ၏ဓားအလင်းကို တားဆီးနိုင်သည်အား မြင်လျှင် ယွီချီကြွယ်၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
"မင်းရဲ့ပါရမီက မဆိုးတဲ့အတွက် အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်.. မင်းအနေနဲ့ ငါ့ကို အညံ့ခံမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"မင်းက ဖြတ်လမ်းနည်းနဲ့ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ.. ငါ့ကို အညံ့ခံခိုင်းဖို့ မင်းက ထိုက်တန်မှု ရှိတယ်လို့များ ထင်နေလား"
"မင်းလို ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ရမှာ နှမြောစရာပဲ"
ကျန်းချန်က သူ၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့သည်ကိုမြင်လျှင် ယွီချီကြွယ်သည် ခေါင်းခါရမ်းလိုက်သည်။
ထို့နောက် သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
"ဝုန်း.."
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက လေထုထဲတွင် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်ကိုပင် ဆွဲဖြဲနိုင်သော ဧရာမလက်ဝါးအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ထိုလက်ဝါး ထွက်ပေါ်လာသည်နှင့် လေထုထဲတွင် လေဟာနယ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက နတ်ခန္ဓာပုံရိပ်၊ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၊ ရောင်စုံတောက်ပနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေး စသည့် စွမ်းအားများ အားလုံးကို ထုတ်ဖော်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
သို့သော် သူက အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင် ယွီချီကြွယ်၏ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် စွမ်းအားအောက်တွင် အရာအားလုံးသည် အဟောသိကံ ဖြစ်သွားခဲ့ရသည်။
ကျန်းချန်၏ တစ်ကိုယ်လုံးက ယွီချီကြွယ်၏ လက်ဝါးရိုက်ချက်ဖြင့် ပေထောင်ချီ အကွာအဝေးသို့ပင် လွင့်စင်သွားခဲ့သည်။
သူ၏ ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက လေထုထဲကနေ ပြုတ်ကျတော့မတတ် တုန်ယင်နေခဲ့၏။
"ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်က ငါ့ရဲ့ လက်ရှိအဆင့်နဲ့ ကိုင်တွယ်နိုင်တဲ့အဆင့် မဟုတ်ဘူးပဲ"
ကျန်းချန်က စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ မငြိမ်မသက် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
အဆုံးသတ်တွင် သူသည် ကောင်းကင်နတ်ဘုရား နယ်ပယ် အဆင့်ကို လျှော့တွက်မိခဲ့၏။
ယွီချီကြွယ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ဖြတ်လမ်းနည်းဖြင့် ထိုးဖောက်ခဲ့သည့်တိုင် ယွီချီကြွယ်၏ စွမ်းအားသည် ပကတိနတ်ဘုရား နယ်ပယ်၏ အထက်တွင် လုံးဝ ရှိနေခဲ့သည်။
"ကောင်လေး အဆင့်နိမ့်ပကတိနတ်ဘုရားအဆင့်လောက်နဲ့ ငါ့ကို ဒီလောက်အထိ ရင်ဆိုင်နိုင်တာ ဘယ်ဆိုးလို့လဲ"
ယွီချီကြွယ်က ဝင့်ကြွားသောအမူအရာဖြင့် နတ်ဆိုးတစ်ပါးကဲ့သို့ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"စိတ်မကောင်းပါဘူး တိုက်ပွဲက ဒီမှာပဲ ပြီးဆုံးသင့်ပြီ"
အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ယွီချီကြွယ်က ကျန်းချန်ကို အဆုံးသတ်ရန်အတွက် သူ၏စွမ်းအားများကို စုစည်းလိုက်သည်။
"ယွီချီကြွယ် ခင်ဗျားပြောတာမှန်တယ်.. တိုက်ပွဲက တကယ်ပဲအဆုံးသတ်သင့်ပြီ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဦးခေါင်းထိပ်မှ အနက်ရောင် ဆံပင်တစ်ချောင်းကို ဆွဲယူလိုက်ကာ ယွီချီကြွယ် ဆီသို့ ပစ်ခတ်လိုက်သည်။
ကျန်းချန်၏ လှုပ်ရှားမှုအောက်တွင် အနက်ရောင် ဆံချည်မျှင်သည် ဓားရှည်တစ်လက် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
ထိုဓားရှည် ထွက်ပေါ်လာသည်နှင့် ပေ၁၀၀ အကွာရှိ လေထုတစ်ခုလုံးသည် ချက်ချင်းပင် အေးခဲသွားခဲ့ပြီး ယွီချီကြွယ်၏ ပုံရိပ်ပင် လေထဲတွင် တောင့်တင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် အချိန်သည်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေခဲ့၏။
"ယွီချီကြွယ်.. ခင်ဗျားက ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်တော့ကော ဘာဖြစ်လဲ.. ငါ့မှာ အစွမ်းထက် ဓားတစ်စင်းရှိတယ် အဲဒီဓားက ကောင်းကင်နတ်ဘုရားကိုတောင် သတ်ဖြတ်နိုင်တယ်"
ကျန်းချန်၏ ဝင့်ကြွားသော ရယ်မောသံက ကမ္ဘာတစ်ခုလုံးပင် ပဲ့တင်ထပ်နေခဲ့သည်။
သူ၏ဓားရှည်က အချိန်နှင့် နေရာလွတ်ကို သဲလွန်စပင် မကျန်အောင် ဖြတ်ကျော်သွားခဲ့ပြီး ယွီချီကြွယ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့သည်။
ယွီချီကြွယ်က မည်သည့် ဒဏ်ရာမှ မရှိသကဲ့သို့ ဖြစ်နေခဲ့၏။
သို့သော်လည်း သူ၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့သည်။
ယွီချီကြွယ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် စွမ်းအားများကို လှုံ့ဆော်ကာ ဓားစွမ်းအားကို ခုခံလိုက်သည်။
သို့သော် မည်မျှပင် ရုန်းကန်နေပါစေ သက်ရောက်မှုမရှိခဲ့ပေ။
ဤအချိန်တွင် သူ၏ ပတ်ဝန်းကျင်မှ အချိန်သည် ချက်ချင်းဆိုသလို အဆထောင်ပေါင်းများစွာ အရှိန်မြင့်သွားခဲ့သည်။
သူ၏အနည်းငယ် ဇရာထင်နေသော မျက်နှာထက်တွင် အရေးအကြောင်းများ လျင်မြန်စွာ ပြည့်နှက်သွားခဲ့ပြီး သူ၏ဆံပင်များသည်ပင် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ဖြူလာခဲ့သည်။
အဆုံးသတ်တွင် ယွီချီကြွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ဖြည်းဖြည်းချင်း ပျက်စီးသွားခဲ့ကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာပေါ်တွင် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး ကြားတွင် ချက်ချင်းဆိုသလို တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ယွီချင်းဖန် အပါအဝင် ရွှယ်ယွိဂိုဏ်းမှ တပည့်အားလုံး၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
သူတို့၏ မျက်လုံးများက မှုန်မိုင်းနေကြပြီး သူတို့၏မျက်ဝန်းများကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော သူတို့၏ ဘိုးဘေးသည် ဤကဲ့သို့ပင် ရှုံးနိမ့်သွားပါသလော။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူကို ဓားတစ်စင်းက ဖျက်ဆီးပစ်လိုက်သည်မှာ မယုံကြည်နိုင်စရာကောင်းလွန်းနေခဲ့၏။
"သိပ်ကိုကြောက်ဖို့ ဓားစွမ်းအားပါလား"
အနက်ရောင် ဆံပင်တစ်ချောင်းက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကို မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်းချန်သည်ပင် မှင်တက်သွားခဲ့သည်။
ဆံပင် တစ်ချောင်းထဲတွင် ပါဝင်နေသော စွမ်းအားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်သည် နယ်မြေနတ်ဘုရားများသာ ထုတ်ဖော်နိုင်လောက်၏။
သို့ဆိုလျှင် ဤဓားကို သူ့အား ပေးအပ်ခဲ့သော ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲသည် နယ်မြေနတ်ဘုရား တစ်ပါးများ ဖြစ်နေပါသလော။
"ပြီးသွားပြီ.. ရွှယ်ယွိဂိုဏ်းက လုံးဝကို အဆုံးသတ်သွားပြီ.. အားလုံးပဲ ထွက်ပြေးကြတော့"
ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် စိတ်ပျက်အားငယ်ကာ ထိတ်လန့်နေခဲ့ကြသည်။
ဂိုဏ်းခေါင်းဆောင် ဖြစ်သည့် ယွီချင်းဖန်ပင်လျှင် အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ ခွေးတစ်ကောင်ကဲ့သို့ အထိတ်တလန့်ထွက်ပြေးသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
သွေးလမင်းကုန်းမြေနှင့် ပူးပေါင်းခဲ့သော ယွီချင်းဖန်သည် ရှေးဟောင်းနဂါး ကုန်းမြေအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ယွီချင်းဖန်ကို အသက်ရှင်လျက်ထွက်သွားစေမည် မဟုတ်ပေ။
သို့သော် သူက ယွီချင်းဖန်ကို တိုက်ခိုက်တော့မည့် အချိန်မှာပင် ရွှယ်ယွိဂိုဏ်း၏ အတွင်းပိုင်းထဲကနေ ကျန်းချန်နှင့် အလွန်ရင်းနှီးသော အရှိန်အဝါတစ်ခုသည် သွေးအလင်း အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲကာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။
အထိတ်တလန့် ထွက်ပြေးသွားသော ပုံရိပ်မှာ မကြာသေးမီက သူ၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဟန်ကြွယ် ဖြစ်၏။
"ထားလိုက်ပါတော့.. ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ယွီချင်းဖန်ကို သတ်ဖြတ်ဖို့က လွယ်ကူမှာမဟုတ်ဘူး.. ဟန်ကြွယ်ကိုပဲ အရင်ဖမ်းရမယ်"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ယွီချင်းဖန်နှင့် အခြားသူများကို လျစ်လျူရှုထားလိုက်သည်။
ထို့နောက်တွင် သူ၏ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး သွေးအလင်းဆီသို့ အလျင်အမြန်ပင် လိုက်သွားခဲ့၏။
အခန်း(၁၅၇၁)ပြီး၏။
အခန်း(၁၅၇၂)
ရွှယ်ယွိဂိုဏ်းမှ မိုင်ဆယ်ဂဏန်းအကွာတွင် ဟန်ကျွယ်သည် လေထုထဲကနေ ထွက်ပြေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"ဒီကောင်လေးမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုက အင်အားကြီး ပုဂ္ဂိုလ်တစ်ပါး ပေးထားတဲ့ ဝှက်ဖဲ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီဓားတစ်စင်းက ကောင်းကင် နတ်ဘုရားကိုတောင် သတ်နိုင်တယ်"
ဟန်ကျွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်နေခဲ့သည်။
ထိုနေ့က နဂါးနက်အင်ပါယာ နန်းတော်တွင် သူက ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည်။
သူက ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးခဲ့ရပြီး သေလုနီးနီး ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် သူက ရွှယ်ယွိဂိုဏ်းကို ကယ်တင်ပေးရန် အကြောင်းကြားခဲ့ပြီး ရွှယ်ယွိဂိုဏ်းသို့ ချောမွေ့စွာ ရောက်ရှိခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် မြောက်ဘက်ဒေသ၏ မိုင်တစ်သန်းပတ်လည်ရှိ ထိပ်တန်း အင်အားစုတစ်ခု ဖြစ်ပြီး ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သော ယွီချီကြွယ်လည်း ရှိနေသောကြောင့် ရွှယ်ယွိဂိုဏ်းတွင် ယာယီ နားခိုလျှင် ဘေးကင်းလောက်သည်ဟု ဟန်ကြွယ် ထင်ခဲ့၏။
သို့ရာတွင် ကျန်းချန်က ရွှယ်ယွိဂိုဏ်းကို ကိုယ်ပိုင် စွမ်းအားဖြင့် နှိမ်နင်းလိမ့်မည်ဟု သူဘယ်လိုမှ မထင်ခဲ့မိပေ။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော ယွီချီကြွယ် ပင်လျှင် ဓားတစ်စင်းတည်းဖြင့် သတ်ခံခဲ့ရသည်။
"ဟန်ကြွယ်.. မင်းဘယ်လိုမှ ပြေးမလွတ်တော့ဘူး"
ဟန်ကျွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်နေစဉ်မှာပင် သူ၏ နောက်ကွယ်မှ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဟန်ကျွယ်၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့၏။
သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ သူနှင့် ဆယ်မိုင်အကွာတွင် ရှိနေသော ကျန်းချန်ကို တွေ့လိုက်ရသည်။
"ချီးထဲမှပဲ"
ဟန်ကျွယ်က သွားများကို အံကြိတ်လိုက်ပြီး နောက်တစ်ကြိမ် ထွက်ပြေးရန် သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ပြင်လိုက်၏။
"ဒီလှည့်ကွက်ပဲ သုံးဦးမလို့လား.. ကံမကောင်းတာက မင်းမှာ အဲဒီ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်သည် အေးစက်စက် ပြုံးလိုက်ပြီး လေထုကို ဆုပ်ကိုင်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး နေရာလွတ်ဥပဒေသနှင့် အချိန်ဥပဒေသ တို့ကို အသုံးပြုကာ ဟန်ကျွယ်ပတ်ပတ်လည်ရှိ လေထုကို တိုက်ရိုက်ပင် ထိန်းချုပ်လိုက်သည်။
"မသတ်ပါနဲ့"
ဟန်ကျွယ်သည် စိတ်ပျက်အားလျော့စွာဖြင့် ထိတ်လန့်နေခဲ့သည်။
သူက ကျန်းချန်၏ ဓားချက်ကြောင့် ခွန်အား တစ်ဝက်မျှသာ ကျန်ရှိတော့ပြီး အဆုံးသတ်တွင် သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို သုံး၍ ထွက်ပြေးခဲ့သည်။
ယခု သူ၏ ခွန်အားက ဆယ်ပုံ တစ်ပုံအောက်သို့ ရောက်နေပြီ ဖြစ်ရာ သူက ကျန်းချန်၏ အချိန်ဥပဒေသနှင့် နေရာလွတ်ဥပဒေသ စွမ်းအားများကို မည်ကဲ့သို့ ချိုးဖောက်နိုင်ပါမည်နည်း။
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
ဟန်ကျွယ်၏ ခန္ဓာကိုယ်က လေထုထဲတွင် ပုံပျက်သွားခဲ့ပြီး တခဏအတွင်း ပေါက်ကွဲသွားခဲ့၏။
ချက်ချင်းဆိုသလိုပင် သွေးပုံရိပ် တစ်ခုသည် ပေါက်ကွဲသွားသော ဟန်ကြွယ်၏ ခန္ဓာကိုယ်ထဲကနေ အထိတ်တလန့် ထွက်ပြေးခဲ့သည်။
သို့ရာတွင် ကျန်းချန်က မျက်တောင်တစ်ခတ် အတွင်း သွေးပုံရိပ်၏ ခေါင်းအထက်တွင် ပေါ်လာခဲ့ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ သွေးပုံရိပ်ကို လက်ထဲတွင် ဖမ်းချုပ်လိုက်၏။
"မစ်ရှင် ပြီးသွားပြီ"
ကျန်းချန်သည် ဟန်ကျွယ်၏ စိတ်ပျက်အားငယ်နေသော ဝိညာဥ်ကို ကြည့်ကာ ပြုံးလိုက်၏။
သူ၏ ပုံရိပ်က ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
...............
နဂါးနက်အင်ပါယာ နန်းတော်။
လုံရှင်းသည် စိုးရိမ်ပူပန်နေပြီး ခမ်းနားထည်ဝါသော ခန်းမထဲတွင် ရှေ့တိုးနောက်ဆုတ် လှမ်းလျှောက်နေခဲ့သည်။
"ရှင်းအာ.. မင်းက သခင် ကျန်းချန် ခန့်အပ်ထားတဲ့ နဂါးနက်ဧကရာဇ်အသစ်ပဲ.. ဘယ်လောက် ဆိုးဝါးတဲ့ ကိစ္စမျိုး ဖြစ်နေပါစေ.. စိတ်တည်ငြိမ်နေရမယ်"
ဤအခိုက်အတန့်တွင် ဘေးတွင် ရပ်နေသော လုံယွမ်က ရုတ်တရက် ပြောလိုက်ရာ လုံရှင်းက ခြေလှမ်း ရပ်တန့်သွားခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာ ရှိနေခဲ့၏။
"အဖေ.. သခင်ကျန်းချန်က ရွှယ်ယွိဂိုဏ်းကို တစ်ယောက်တည်း သွားတာ.. ကျွန်တော် စိုးရိမ်နေမိတယ်"
"သခင်ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာန နဂါးအဆင့် တပည့်ပဲ.. သူက ရွှယ်ယွိဂိုဏ်းကို တစ်ယောက်တည်း သွားရဲတယ် ဆိုမှတော့ သူ့မှာ ကိုယ်ပိုင် အစီအစဥ် သေချာပေါက် ရှိနေမှာပဲ.. မင်းစိတ်ပူနေရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး"
လုံယွမ်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"အခု နဂါးနက်အင်ပါယာက အားနည်းနေတယ်.. မင်းအနေနဲ့ နဂါးနက်အင်ပါယာကို ပိုပြီး ဂရုစိုက်သင့်တယ်"
"သား နားလည်ပါပြီ"
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်အကြောင်း တွေးနေခြင်းကို ရပ်တန့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ရွှေရောင် သံချပ်ဝတ် စစ်သည်တော် တစ်ဦးသည် ပင်မခန်းမ၏ အပြင်ဘက်ကနေ အလျင်အမြန် ဝင်ရောက်လာပြီး လုံရှင်းကို လျောက်တင်လိုက်သည်။
"အရှင်မင်းကြီး.. တမန်တော်ရဲ့ သတင်းကို ရရှိပါတယ်"
လုံရှင်း၏ မျက်လုံးများက လင်းလက်လာခဲ့သည်။
"ပြောပါ"
"သူလျှိုတွေရဲ့ သတင်းအရဆိုရင် တမန်တော်က သူ၏ ကိုယ်ပိုင်စွမ်းအားနဲ့ ရွှယ်ယွိဂိုဏ်းကို နှိမ်နင်းခဲ့တယ်.. ဒီတိုက်ပွဲမှာ ရွှယ်ယွိဂိုဏ်းရဲ့ ကောင်းကင်နတ်ဘုရား ယွီချီကြွယ်လည်း ထွက်ပေါ်လာခဲ့တယ်.. နောက်ဆုံးတော့ တမန်တော်ရဲ့ ဓားတစ်စင်းနဲ့ အသတ်ခံခဲ့ရတယ်"
ရွှေရောင် သံချပ်ဝတ် စစ်သည်တော်က အံ့သြစရာကောင်းသော သတင်းကို တိုက်ရိုက် တင်ပြလိုကိသည်။
ရွှေရောင် သံချပ်ဝတ် စစ်သည်တော်၏ စကားကို ကြားလျှင် လုံရှင်းနှင့် လုံယွမ်တို့သည် အံ့အားသင့်သွားပြီး အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့သည်။
ကျန်းချန် အလွန်တရာ အစွမ်းထက်သည်ကို သိသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ပကတိနတ်ဘုရား အင်အားစု ဖြစ်သည့် ရွှယ်ယွိဂိုဏ်းကို သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် နှိမ်နင်းပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် ဓားတစ်စင်းတည်းဖြင့် သတ်နိုင်ခဲ့သည်။
လုံရှင်းက အံ့သြ တုန်လှုပ်သွားခဲ့သော်လည်း အလွန်ပင် ဝမ်းသာနေခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် နဂါးနက်အင်ပါယာနှင့် ကပ်လျက်ရှိ၏။
နဂါးနက်အင်ပါယာ၏ ခွန်အားသည် ယခုအခါတွင် ပြင်းထန်စွာ ထိခိုက်ပျက်စီးနေ၍ ရွှယ်ယွိဂိုဏ်းနှင့် ယှဥ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။
တမန်တော်က ရွှယ်ယွိဂိုဏ်းကို နှိမ်နင်းခဲ့ခြင်းသည် နဂါးနက်အင်ပါယာ အတွက် ကြီးမားသော စိုးရိမ်ပူပန်မှုကို ထည့်သွင်း စဉ်းစားခဲ့ခြင်းပင် မဟုတ်ပါလော။
"သခင်ကျန်းချန်ရဲ့ ကြီးမားတဲ့ ကျေးဇူးကို လုံရှင်း မမေ့ပါဘူး.. စိတ်ချပါ.. သခင်ကျန်းချန် နဂါးနက်အင်ပါယာကို နောက်တစ်ကြိမ် လာတဲ့အခါ ကျွန်တော် သခင်ကျန်းချန်ကို တောင့်တင်းတဲ့ နဂါးနက်အင်ပါယာကို ပြသပါမယ်"
လုံရှင်းက ပြတ်သားသော အကြည့်ဖြင့် အနောက်ဘက် ကောင်းကင်ကို ကြည့်လိုက်သည်။
.....................
ကောင်းကင်နဂါးမြို့တော်.. မစ်ရှင်ခန်းမ။
ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် ထုံးစံအတိုင်း မစ်ရှင်များကို ခန်းမတွင် ယူနေကြသည်။
ရုတ်တရက် အနက်ရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လူတစ်ဦးသည် ရုန့်ရင်းသော အရှိန်အဝါနှင့်အတူ အပြင်ဘက်ကနေ ဝင်လာခဲ့သည်။
ထိုလူကို မြင်သည်နှင့် ခန်းမထဲတွင် တန်းစီ စောင့်ဆိုင်းနေသော ကောင်းကင်နဂါးမြို့တော်မှ တပည့်အားလုံး၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့အားလုံးသည် တိတ်တဆိတ် ဘေးသို့ ရွှေ့လိုက်ကြပြီး ထိုလူအတွက် လမ်းဖယ်ပေးလိုက်၏။
ထိုလူက ယဥ်ကျေးခြင်း မရှိဘဲ ခန်းမ၏ အလယ်ဗဟိုသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
ခန်းမ အလယ်ရှိ အနက်ရောင် ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးသည် ထိုလူကို မြင်လျှင် ယဥ်ကျေးစွာ ပြောလိုက်သည်။
"လုံကျီ.. မင်းလည်း မစ်ရှင် ယူမလို့လား"
ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လူသည် ကောင်းကင်နဂါး မြို့တော်၏ မာန နဂါးအဆင့် တပည့်တွင် တတိယနေရာကို ရရှိထားသော လုံကျီ ဖြစ်သည်။
လုံကျီက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ သွေး ပါဝင်သော ပါရမီရှင် ဖြစ်သည်။
သူ၏ စရိုက်က အေးစက် မောက်မာပြီး အလွန်တရာ ရက်စက်၏။
သူ့ကို ခံပြောရဲသူများကိုပင် သတ်ဖြတ်ရဲသူ ဆိုလည်းမမှားပေ။
တစ်ချိန်က ပါရမီရှင်တစ်ဦးသည် လုံကျီနှင့် ပတ်သက်ပြီး မကောင်း ပြောဆိုမိသောကြောင့် ဆယ်စုနှစ်များစွာ လုံကျီ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။
အဆုံးသတ်တွင် ထိုပါရမီရှင်သည် ကောင်းကင်နဂါး မြို့တော်ကနေ ဝမ်းနည်းစွာ ထွက်သွားခဲ့ရ၏။
ထိုအကြောင်းကြောင့်ပင် ကောင်းကင်နဂါးမြို့တော်၏ တပည့်အများစုသည် လုံကျီနှင့် တွေ့လျှင် နတ်ဆိုးတစ်ပါးနှင့် တွေ့ရသကဲ့သို့ ရှောင်ရှားလေ့ ရှိကြသည်။
သူတို့က ထိုနတ်ဆိုး အမြင်မကြည်မည်ကို ကြောက်ရွံ့ကြ၏။
"ဆယ်နှစ် ထပ်ပြီး ကုန်ဆုံးသွားပြန်ပြီ.. ငါဒီကိုလာတာ မစ်ရှင် ဆောင်ရွက်ချင်လို့ပဲ
လုံကျီက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး ရှေ့တွင်ရှိသော မစ်ရှင်စာအုပ်ကို ချက်ချင်း ကောက်ယူကာ စတင်ဖတ်ရှုခဲ့သည်။
ခဏအကြာတွင် လုံကျီ၏ အကြည့်သည် မစ်ရှင် အချက်အလက် တစ်ခုပေါ်တွင် တိုက်ရိုက် ရပ်တန့်သွား၏။
"ဒါပဲ"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက လုံကျီ ရွေးချယ်ထားသော မစ်ရှင်ကို ကြည့်လိုက်ရာ မျက်လုံး အနည်းငယ် ပြူးသွားခဲ့သည်။
အကြောင်းရင်းမှာ လုံကျီ ရွေးချယ်ထားသော မစ်ရှင်သည် ရက်အနည်းငယ် အကြာက ဒသမမြောက် မာနနဂါးအဆင့်တပည့် ကျန်းချန် ယူထားသော မစ်ရှင် ဖြစ်သောကြောင့်ပင်။
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြုံးကာ ရှင်းပြလိုက်သည်။
"လုံကျီ.. ဒီမစ်ရှင်ကို လက်ခံထားတဲ့သူ.. "
"ငါ သိတယ်"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး၏ စကားမဆုံးမီမှာပင် လုံကျီက ဖြတ်ပြောလိုက်သည်။
"ကောင်းကင်နဂါးမြို့တော်မှာ တခြားသူ လက်ခံထားတဲ့ မစ်ရှင်ကို လက်ခံလို့မရတဲ့ စည်းမျဥ်း မရှိဘူး မဟုတ်လား"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
"ဒါက.."
လုံကျီ၏ မျက်ဝန်းများက အေးစက်သွားခဲ့၏။
"အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့.. မှတ်တမ်းတင်ပြီး စာရင်းသွင်းလိုက်.. ငါ ဒီမစ်ရှင်ကို ယူမယ်"
အခန်း(၁၅၇၂) ပြီး၏
အခန်း(၁၅၇၃)
လုံကျီ၏ မောက်မာသော စကားများကို ကြားလျှင် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်နဂါးမြို့တွင် တပည့် နှစ်ဦးသည် မစ်ရှင်တစ်ခုတည်းကို လက်ခံ၍ မရဟု ရှင်းလင်းသော ပြဌာန်းချက် မရှိသော်လည်း ၎င်းသည် လူတိုင်းအတွက် ပုံသေ စည်းကမ်းတစ်ခု ဖြစ်လာခဲ့သည်။
ကောင်းကင်နဂါးမြို့တော်၏ တပည့်အများစုသည် ဆယ်နှစ်တစ်ကြိမ် မစ်ရှင် တစ်ခုကို မဖြစ်မနေ ပြီးမြောက်ရလိမ့်မည် ဖြစ်၏။
မစ်ရှင်က ကောင်းကင်နဂါးမြို့တော်၏ တပည့်များအတွက် အရေးကြီးသည်။
အကြောင်းမှာ မစ်ရှင် သုံးခု ဆက်တိုက် ကျရှုံးလျှင် ကောင်းကင်နဂါးမြို့တော်တွင် ဆက်လက် ကျင့်ကြံရန် သူ၏ အရည်အချင်းများကို ဆုံးရှုံးသွားနိုင်ပေသည်။
လူနှစ်ဦးသည် တစ်ချိန်တည်းတွင် မစ်ရှင်တစ်ခုကို လက်ခံသောအခါ ကျရှုံးနိုင်ခြေကို များစွာ တိုးတက်လာစေသည်။
ဤအကြောင်းကြောင့်ပင် ပုံမှန် အခြေအနေအောက်တွင် ကောင်းကင်နဂါးမြို့တော်၏ တပည့်နှစ်ဦးသည် မစ်ရှင် တစ်ခုတည်းကို မယူတော့ပေ။
သို့သော် ယခု လုံကျီသည် သူတပါး လက်ခံပြီးသား မစ်ရှင်ကို စိတ်ဝင်စားနေသည်။
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးသည် သူ၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လုံကျီ အတွက် စာရင်းသွင်းရန် ပြင်လိုက်သည်။
ဤနတ်ဆိုးကို သူ့လို ကြီးကြပ်ရေးမှူးက လွန်ဆန်၍ မရနိုင်ချေ။
သို့သော် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး စာရင်းသွင်းတော့မည့်အချိန်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ခန်းမထဲသို့ ဝင်လာခဲ့သည်။
ခန်းမထဲသို့ ဝင်ရောက်လာသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကြီးကြပ်ရေးမှူး၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်ကို အဘယ်ကြောင့် ပြန်ရောက်လာသနည်း။
သူက မစ်ရှင်ကို ပြီးမြောက်ခဲ့ပါသလော သို့မဟုတ် ကျရှုံးခဲ့ပါသလော။
ကျန်းချန်သည် ခန်းမထဲသို့ ဝင်လာခဲ့ပြီးနောက် ခန်းမထဲရှိ ပုံမှန်မဟုတ်သော လေထုကို လျစ်လျူရှုကာ ကြီးကြပ်ရေးမှူး ဆီသို့ လျှောက်လာခဲ့သည်။
သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေသော ကျန်းချန်ကို မြင်လျှင် လုံကျီ၏ အမူအရာသည် ရုတ်တရက် အေးစက်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါနဲ့ ဝေးဝေးမှာနေစမ်း.. ငါ ဒီမှာ မစ်ရှင် ယူနေတာ မင်း မမြင်ဘူးလား"
ကျန်းချန်က လုံကျီ၏ ရုတ်တရက် ပြင်းထန်စွာ အော်ငေါက်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။
"မင်းက ငါ့ကို ဒီကနေ ထွက်သွားရမယ်လို့ ပြောလိုက်တာလား"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒီ မစ်ရှင်ခန်းမက မင်းပိုင်တာ မဟုတ်ဘူး.. မင်း မစ်ရှင် ယူတဲ့အချိန် ခပ်ဝေးဝေးမှာ နေရမယ်ဆိုတဲ့ စည်းမျဥ်းကို ပြဌာန်းထားတာ ရှိလား"
ကျန်းချန်၏ စကားများကို ကြားလျှင် ခန်းမထဲတွင် ရှိသော ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
[လခွမ်း.. လုံကျီကိုတောင် ဆန့်ကျင်ရဲတယ် ဆိုတော့ ဒီကောင် ရူးနေတာပဲ ဖြစ်ရမယ်]
ကျန်းချန်၏ မထီမဲ့မြင် တုံ့ပြန်မှုကို ကြားလျှင် လုံကျီသည် အေးစက်စက် ရေရွတ်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ.. နောက်တစ်ကြိမ် ထပ်ပြောရဲလား"
"လုံကျီ.. ဒါက ဒသမမြောက် မာန နဂါးအဆင့်တပည့် ကျန်းချန်ပဲ.. သူက မင်းထက် ခြေတစ်လှမ်း စောပြီး ဒီမစ်ရှင်ကို ယူခဲ့တဲ့သူလည်း ဖြစ်တယ်"
ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက ပြုံးကာ ပြောလိုက်သည်။
"မင်းအနေနဲ့ ကျန်းချန်ကို အရင်ဆုံး မစ်ရှင် အပ်ခိုင်းတာ ပိုကောင်းလိမ့်မယ်.. အကယ်၍ ကျန်းချန်က မစ်ရှင်ကို ပြီးမြောက်ခဲ့ရင် ဒီမစ်ရှင်ကို မင်း လက်ခံစရာ မလိုတော့ဘူးပေါ့"
ထိုလူငယ်က ကောင်းကင်နဂါးမြို့တော်၏ ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်မှန်း သိရလျှင် ကြီးကြပ်ရေးမှူးက လုံကျီကို မျက်နှာသာ မပေးရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
လူတိုင်းသည် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး၏ စကားကို ကြားလျှင် ကျန်းချန်ကို စူးစမ်းစွာ ကြည့်လိုက်ကြ၏။
ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာနနဂါးအဆင့် တပည့်သည် ဒသမမြောက် မာနနဂါးအဆင့် တပည့်နှင့်ဆန့်ကျင် တိုက်ခိုက်နေသည်။
ဤတစ်ကြိမ် ပွဲကြီးပွဲကောင်းကို ကြည့်လို့ရတော့မည် ဖြစ်၏။
လုံကျီ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"မင်းက ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန် ဖြစ်နေတာကိုး"
"လုံကျီ.. တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီ"
ကျန်းချန်က လုံကျီကို စေ့စေ့ တစ်ချက် ကြည့်လိုက်သည်။
ကျန်းချန်က ထိုနာမည်ကို ကြားဖူးခဲ့သည်။
သို့သော် ကျန်းချန်က လုံကျီကို ကြည့်လိုက်ရုံမျှသာ ဖြစ်ပြီး လျစ်လျူရှုထားလိုက်သည်။
သူက ကျောက်စိမ်းပုလင်း တစ်လုံးကို တိုက်ရိုက် ထုတ်ယူပြီး အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး ရှေ့တွင် ထားလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ကြီးကြပ်ရေးမှူး.. ကျွန်တော် မစ်ရှင် ဆောင်ရွက်ပြီးပါပြီ"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ပုံမှန်အခြေအနေတွင် ဤသို့သော မစ်ရှင်မျိုးကို လက်ခံ ရရှိသောအခါ ပစ်မှတ်၏ အလောင်းကို ကောင်းကင်နဂါးမြို့တော်သို့ ပြန်ယူလာရလိမ့်မည် ဖြစ်၏။
သို့သော် ကျန်းချန်က သူ့ကို ကျောက်စိမ်းပုလင်းတစ်လုံး ပေးနေခဲ့သည်။
ယင်းက မည်ကဲ့သို့သော အခြေအနေ ဖြစ်ပါသနည်း။
အနည်းငယ် သံသယရှိသော ကြီးကြပ်ရေးမှူးက ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး စစ်ဆေးလိုက်သည်။
အလွန် လျင်မြန်စွာပင် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးသည် ကျောက်စိမ်းပုလင်းထဲတွင် အဆင့်မြင့် ပကတိနတ်ဘုရား၏ ဝိညာဥ်အား စည်းတံဆိပ်ခတ်ထားသည်ကို သတိပြုမိခဲ့၏။
ထို့အပြင် ဤ ပကတိနတ်ဘုရား ဝိညာဥ်သည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ တစ်ဦး၏ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက တုန်လှုပ်သွားခဲ့သည်။
ကျန်းချန်က မစ်ရှင်ကို အမှန်တကယ် ပြီးမြောက်ခဲ့ပြီး သွေးလမင်းကုန်းမြေ၏ အဆင့်မြင့် ပကတိနတ်ဘုရား ဝိညာဥ်ကို အသက်ရှင်လျက် ဖမ်းလာခဲ့သည်။
သိထားရမည်မှာ ကောင်းကင်နဂါးမြို့တော်မှ အဆင့်မြင့်မစ်ရှင်များသည် အနည်းဆုံး အဆင့်မြင့် ပကတိ နတ်ဘုရားများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့် အတွက် အဆင့်မြင့် ပကတိ နတ်ဘုရားကို သတ်ရန် မခက်ခဲသော်လည်း ကျန်းချန် ကဲ့သို့ အဆင့်မြင့် ပကတိ နတ်ဘုရား၏ ဝိညာဥ်ကို အရှင်ဖမ်းဆီးရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
"ကျန်းချန်.. မစ်ရှင် ပြီးမြောက်တာ ဂုဏ်ယူပါတယ်.. ဒါက မစ်ရှင်အတွက် ဆုလာဘ်ပါ"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်နဂါးအမှတ် တစ်သိန်းနှင့် ရှေးဟောင်းနဂါး အဆီအနှစ် တစ်စက်ကို ကျန်းချန်အား ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်.. ကျွန်တော် သိသလောက် ဒီသွေးလမင်းကုန်းမြေရဲ့ ကျင့်ကြံသူက ရှေးဟောင်းနဂါးကုန်းမြေကို ထိခိုက်နိုင်မဲ့ အကြံအစည် တချို့ကို စီစဥ်နေပုံပဲ.. ကြီးကြပ်ရေးမှူး သေချာ စစ်ဆေးလိုက်ပါဦး"
စကားဆုံးသည်နှင့် ကျန်းချန်က ဘေးတွင် ရှိနေသော လုံကျီကို လျစ်လျူရှုကာ ထွက်သွားခဲ့သည်။
"နေဦး"
ဤအခိုက်အတန့်တွင် ကျန်းချန်၏ ကျောဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေတ္တရပ်လိုက်ပြီး လုံကျီကို လှညကြည့်ကာ မေးလိုက်သည်။
"မင်း ငါ့ကို ခေါ်လိုက်တာလား"
"ကျန်းချန်.. ငါ ဒီ ရှေးဟောင်းနဂါး အဆီအနှစ် တစ်စက်ကို စိတ်ဝင်စားတယ်.. မင်း ငါ့ကို ပြန်ရောင်းပေးဖို့ စိတ်ဝင်စားလား"
လုံကျီက ကျန်းချန်ကို မေးနေသော်လည်း သူ၏ အေးစက်စက် အသံတွင် တစ်ဖက်သားကို ခြိမ်းခြောက်သော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
သူ ခုနက ဤမစ်ရှင်ကို မြင်ရသည့် အကြောင်းရင်းမှာ မစ်ရှင်က ပေးသော ရှေးဟောင်းနဂါး သွေးတစ်စက်ကြောင့် ဖြစ်သည်။
သို့သော် မစ်ရှင်ကို လက်မခံမီ ကျန်းချန်က မစ်ရှင်ကို ပြီးမြောက်ကာ လာအပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"စိတ်မဝင်စားဘူး"
ကျန်းချန်က စကားဆုံးသည်နှင့် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ကျန်းချန်က သူ့ကို မျက်နှာသာမပေးသည်အား မြင်လျှင် လုံကျီ၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။
သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပိတ်ရပ်လိုက်သည်။
သူ၏ မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"ကျန်းချန်.. ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်.. ဒီ ရှေးဟောင်းနဂါး အဆီအနှစ်ကို ရောင်းဖို့ စိတ်ဝင်စားလား"
ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ခွေးကောင်းက လမ်းပိတ်ပြီး ရပ်မနေဘူး.. ငါ့လမ်းကို ပိတ်ရပ်မနေနဲ့.. ဖယ်စမ်း"
"ကျန်းချန်.. မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
လုံကျီက ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ရုတ်တရက် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကနေ ပေါက်ကွဲထွက်လာခဲ့သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး အနေဖြင့် သူသည် ကောင်းကင်နဂါးမြို့တော်တွင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။
သူက အမြဲတစေ ဗိုလ်ကျလေ့ရှိပြီး မည်သူမှသူ့ကို အာမခံရဲပေ။
ထို့ကြောင့် ယခု ကျန်းချန်က သူ့ကို ခွေးနှင့် နှိုင်းလိုက်သောအခါ လုံကျီက ဒေါသမထွက်ဘဲ အဘယ်ကဲ့သို့ နေနိုင်ပါမည်နည်း။
လုံကျီက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
ပြင်းထန်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပျံ့နှံ့သွားခဲ့ရာ ပတ်ဝန်းကျင်ရှိ လေထုပင် အနည်းငယ် ပုံပျက်သွားခဲ့သည်။
မကြာမီမှာပင် ဖျက်ဆီးခြင်း အရှိန်အဝါ ရှိသော အနက်ရောင် နတ်ဆိုး ပုံရိပ် တစ်ခုသည် လုံကျီ၏ ကျောဘက်တွင် ပေါ်လာခဲ့သည်။
ခန်းမထဲမှ ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် ဤမြင်ကွင်းကို မြင်လျှင် ထိတ်လန့်ကာ ခပ်ဝေးဝေးသို့ သွားလိုက်ကြ၏။
ကောင်းကင်နဂါးမြို့တော်သည် သေခြင်းရှင်ခြင်း တိုက်ပွဲများကို တားမြစ်ထားသော်လည်း မာနနဂါးအဆင့် တပည့် အဆင့်အတန်းသည် အကြီးအကဲနှင့် ညီမျှ၍ စည်းမျဥ်းများ၏ အထက်တွင် ရှိနှင့်နေပြီ ဖြစ်သည်။
မာနနဂါးအဆင့် တပည့် နှစ်ဦးကြား အငြင်းပွားမှုသည် သူတို့ ပါဝင်နိုင်သော အရာ မဟုတ်ပေ။
ခပ်ဝေးဝေးတွင်သာ မနေလျှင် ထိုနှစ်ယောက် စတင် တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲမှ စွမ်းအင် ရိုက်ခတ်မှုသည် သူတို့ဆီသို့ပါ သက်ရောက်လာလိမ့်မည် ဖြစ်၏။
အခန်း(၁၅၇၃) ပြီး၏
အခန်း(၁၅၇၄)
လုံကျီက တိုက်ခိုက်တော့မည်ကို မြင်လျှင် ကျန်းချန်၏ အမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခဲ့ပြီး ရွှေဓားပုံရိပ်တစ်ခု အဖြစ် သူ၏ကျောဘက်တွင် ပေါင်းစပ်သွားခဲ့သည်။
သို့သော် သူတို့နှစ်ဦးသည် နတ်ခန္ဓာကိုယ်ပုံရိပ်များကို ထုတ်ဖော်ပြီး တိုက်ပွဲ စတင်တော့မည့်အချိန်တွင် အေးစက်စက် အသံတစ်သံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်နဂါးမြို့တော်မှာ ကိုယ်ရေးကိုယ်တာ အတွက် တိုက်ခိုက်တာကို တားမြစ်ထားတယ်.. မင်းတို့ နှစ်ယောက်မှာ မကျေနပ်ချက်တွေ ရှိရင် တိုက်ခိုက်ဖို့ လျှောက်ထားနိုင်ပြီး တိုက်ခိုက်ရေး စင်မြင့်ပေါ်မှာ ဖြေရှင်းနိုင်တယ်"
ရုတ်တရက် ထွက်ပေါ်လာသော အသံသည် လုံကျီ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
မာနနဂါးအဆင့် တပည့်၏ အဆင့်အတန်းသည် အကြီးအကဲနှင့် ညီမျှ၏။
ထို့ကြောင့် သာမန် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲ ဆိုလျှင် လုံကျီက သိပ်ဂရုစိုက်မည် မဟုတ်ပေ။
သို့သော် ဤစကားကို ပြောလိုက်သူမှာ ကောင်းကင်နဂါးမြို့တော်၏ ပထမအကြီးအကဲ ရွှေလင်းလုံဖြစ်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု တစ်ခုလုံးတွင် အလွန် မြင့်မားသော အဆင့်အတန်းလည်း ရှိ၏။
အမြဲတစေ မောက်မာနေသော လုံကျီပင်လျှင် ရွှေလင်းလုံ၏ စကားကို အလွယ်တကူ ချိုးဖောက်ရဲခြင်း မရှိပေ။
သူက နတ်ခန္ဓာပုံရိပ်ကို တိုက်ရိုက်ပင် ရုတ်သိမ်းလိုက်ပြီး ကျန်းချန်ကို စိန်ခေါ်လိုက်သည်။
"ကျန်းချန်.. မင်း ငါနဲ့ စင်မြင့်ထက်မှာ တိုက်ခိုက်ဖို့ စိတ်ဝင်စားလား"
"စိတ်မဝင်စားဘူး"
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က ရွှေဓားပုံရိပ်ကို ချက်ချင်း ရုတ်သိမ်းကာ ခန်းမထဲကနေ ထွက်သွားရန် ပြင်လိုက်သည်။
"ကျန်းချန်.. မင်းရဲ့ ဆယ်နှစ်တာ ကာကွယ်ရေးကာလ ပြီးဆုံးတဲ့အခါ ငါလုံကျီကို စော်ကားခြင်းရဲ့ အဖိုးအခကို မင်းပေးဆပ်ရလိမ့်မယ်"
လုံကျီ၏ မျက်ဝန်းတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"တကယ်လား.. ငါ စောင့်နေမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခန်းမထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
....................
မစ်ရှင်ခန်းမမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အရင်းအမြစ်များကို လဲလှယ်ရန် အရင်းအမြစ်ခန်းမသို့ သွားခဲ့သည်။
သူက ကောင်းကင်နဂါးအမှတ် နှစ်သိန်း သို့မဟုတ် သုံးသိန်းကို အရင်းအမြစ်နှင့် လဲလှယ်ခဲ့ပြီး သူ၏ ဒသမမြောက် တောင်ထွတ်သို့ ပြန်လာခဲ့ပြီး တံခါးပိတ် ကျင့်ကြံရန် အသင့်ပြင်လိုက်သည်။
ယွီချီကြွယ်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် သူ၏ ခွန်အားက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် လုံးဝ မယှဥ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ယခုအခါတွင် အားနည်းခြင်း မရှိသော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကမူ အဆင့်နိမ့် ပကတိ နတ်ဘုရား နှောင်းပိုင်း အဆင့်တွင်သာ ရှိနေသေး၏။
ယင်းမှာ အများဆုံးအားဖြင့် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်နှင့်သာ ညီမျှသည်။
အကယ်၍ သူသာ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့် ပါရမီရှင်များနှင့် တွေ့ဆုံလျှင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီသည် အလွန်တရာ အားကောင်းသည်။
သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားဖြင့် လုံကျီကို အနိုင်ရမည်ဟု မသေချာပေ။
ထို့ကြောင့် ဤတစ်ကြိမ် ကျင့်ကြံရာတွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန် မြှင့်တင်ရန် ရည်ရွယ်ခဲ့ပြီး အလယ်အလတ် ပကတိ နတ်ဘုရား နယ်ပယ်အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။
---------------
ဒသမ တောင်ထွတ် အလယ်တွင်ရှိသော တောင်တစ်လုံးတွင် ကျန်းချန်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။
သူက အနီရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။
ထိုကျောက်စိမ်းပုလင်းထဲတွင် ရှိနေသောအရာမှာ ကျန်းချန် မစ်ရှင် ဆောင်ရွက်ရင်း ရရှိခဲ့သည့် ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက် ဖြစ်သည်။
ရှေးဟောင်းနဂါး၏ အဆီအနှစ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရတနာ ဖြစ်သည်။
ဒဏ္ဍာရီအရ ရှေးဟောင်းနဂါးမျိုးနွယ်စုသည် နဂါး၏ ဆွေတော်မျိုးတော်များ ဖြစ်သည်။
နဂါးသွေး ပါဝင်သော ရှေးဟောင်းနဂါးမျိုးနွယ်စုတိုင်းသည် အရွယ်ရောက်သည်နှင့် အဆင့်မြင့် ပကတိ နတ်ဘုရားများနှင့် နှိုင်းယှဥ်နိုင်သော ခွန်အားများ ရှိကြ၏။
ကျန်းချန် သိသလောက် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ရှေးဟောင်းနဂါးမျိုးနွယ်စုဟု ခေါ်ဆိုရခြင်းမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုကို နဂါးတစ်ကောင် သေဆုံးခဲ့သော နေရာတွင် တည်ထောင်ထားသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ရှေးဟောင်းနဂါး အဆီအနှစ် သွေးအချို့ ရှိနေခဲ့၏။
သို့သော် ရှေးဟောင်းနဂါး၏ သွေးသည် အလွန်တရာ ရှားပါး၍ ၎င်းကို ရရှိရန်မှာ မလွယ်ကူပေ။
ရှေးဟောင်းနဂါး၏ အဆီအနှစ်ကို ရရှိရန် အလွန် ခက်ခဲသောကြောင့် တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီသည် သူ၏ လက်ထဲတွင်ရှိသော ရှေးဟောင်းနဂါး အဆီအနှစ်ကို လိုချင်နေခဲ့ခြင်းပင်။
"ဒီ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ မသိဘူး"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလို အဆုံးမဲ့ နဂါးစွမ်းအားများ ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအင်နှင့် သွေးအရှိန်အဝါသည် လေထုထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းပုလင်းထဲတွင်ရှိသော ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်သည်။
"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချပြီး နတ်စွမ်းအားများစွာကို ရရှိခဲ့ပါတယ်"
"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်း အဆင့်က အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်ကို ထိုးဖောက်သွားခဲ့ပါပြီ"
"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး အဆီအနှစ်သွေးတစ်စက်ကို မျိုချပြီး သင်၏ နတ်ခန္ဓာပုံရိပ်က အလယ်အလတ်အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
ကျန်းချန်က ရှေးဟောင်းနဂါး၏ အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်သည်နှင့် စနစ်ထံမှ သတိပေးချက်များစွာသည် သူ၏ စိတ်ထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
"ဒီ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်က ရေရောထားတယ်လား"
စနစ်၏ သတိပေးချက်ကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရေရောထားသော ရှေးဟောင်းနဂါး သွေးတစ်စက်သည် သူ့ကို အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ကို ချွေတာပေးခဲ့ပြီး အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက် ထိုးဖောက်စေခဲ့သည်။
နတ်ခန္ဓာပုံရိပ်ကိုလည်း အလယ်အလတ်အဆင့်ထိ ရောက်စေခဲ့၏။
ဤ သွေးတစ်စက်သာ ရေမရောထားသည့် ရှေးဟောင်းနဂါး သွေးတစ်စက် ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ရှိနိုင်မည်ကို ကျန်းချန် တွေးပင် မတွေးရဲတော့ပေ။
"အခွင့်အရေး ရရင် ရှေးဟောင်းနဂါး သွေးစက် အစစ်ကို ရယူဖို့ ကြိုးစားရမယ်"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးများတွင် အလွန် တောင့်တသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ဤရှေးဟောင်းနဂါး အဆီအနှစ်သွေးတစ်စက်သည် ကျင့်ကြံခြင်း အဆင့်ကို များစွာ တိုးတက်စေရုံသာမက နတ်ခန္ဓာပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်၍ အနှိုင်းမဲ့ရတနာဟုပင် တင်စားနိုင်သည်။
ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးကတည်းကပင်
ကျန်းချန်သည် သူ၏ နတ်ခန္ဓာပုံရိပ်က အဆင့်မြှင့်တင်၍ရသည်ဟု ခပ်ရေးရေး ခံစားမိခဲ့သည်။
သို့သော် နတ်ခန္ဓာပုံရိပ်ကို မည်ကဲ့သို့ မြှင့်တင်ရမလဲ ဆိုသည်ကို သူ မသိခဲ့ပေ။
ယခုအခါ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်သည် နောက်ဆုံးတွင် ကျန်းချန်အတွက် နတ်ခန္ဓာပုံရိပ်ကို အဆင့်မြင့်ပေးခဲ့သည်။
"နတ်ခန္ဓာပုံရိပ် ထွက်ပေါ်စမ်း"
ကျန်းချန်က နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ရွှေဓားပုံရိပ်သည် သူ၏ နောက်ကျောတွင် ဖြစ်ပေါ်လာခဲ့သည်။
သူ၏ နတ်ခန္ဓာပုံရိပ်က အရွယ်အစား နှစ်ဆ တိုးလာရုံသာမက ပို၍လည်း အစွမ်းထက်လာသည်ဟု ကျန်းချန် ချက်ချင်း ခံစားမိခဲ့သည်။
"ဒီ နတ်ခန္ဓာပုံရိပ်က နောက်ဆုံး အဆင့်အထိ ကြီးထွားလာရင် ရှေးဟောင်း နတ်ဓား တစ်လက်အဖြစ် တကယ်ပဲ ပြောင်းလဲသွားမလား မသိဘူး"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး နတ်ခန္ဓာပုံရိပ်ကို ချက်ချင်း ရုတ်သိမ်းကာ ကျင့်ကြံမှုကို စတင်ခဲ့သည်။
"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိခဲ့တယ်"
"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိခဲ့တယ်"
"................"
ကျန်းချန်က ကျင့်ကြံရန် အတွက် ကောင်းကင်နဂါး အမှတ်များဖြင့် အရင်းအမြစ်များ လဲလှယ်ခဲ့သော်လည်း မှော်ဆေးလုံး၊ မှော်ရတနာများနှင့် လဲလှယ်ခြင်း မရှိဘဲ နတ်ခရစ်စတယ် အရေအတွက် များစွာကို လဲလှယ်ခဲ့သည်။
ကောင်းကင်နဂါးမြို့တော်တွင် သာမန် ပကတိ နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို လဲလှယ်ရန် ကောင်းကင်နဂါးအမှတ် ထောင်ပေါင်းများစွာ လိုအပ်သည်။
သို့သော် ကောင်းကင်နဂါးအမှတ် ထောင်ပေါင်းများစွာသည် သာမန် နတ်ခရစ်စတယ် ထောင်ပေါင်းများစွာကို လဲလှယ်နိုင်၏။
သာမန် ပကတိ နတ်ဘုရားအဆင့် ဆေးလုံးသည် ကျန်းချန်ကို ချက်ချင်းဆိုသလို အတွေ့အကြုံရမှတ် များစွာ ပေးနိုင်သော်လည်း နတ်ခရစ်စတယ် ထောင်ပေါင်းများစွာက ပေးသော အတွေ့အကြုံနှင့်မူ လုံးဝ နှိုင်းယှဥ်၍ မရပေ။
သူ၏ ခန္ဓာကိုယ်ထဲတွင် စနစ်ပါရှိသောကြောင့် ကျန်းချန်သည် သာမန်လူများထက် နတ်ခရစ်စတယ်ကို ပို၍ လျင်မြန်စွာ စုပ်ယူနိုင်သည်။
သူက နတ်ခရစ်စတယ် ထောင်ပေါင်းများစွာ၏ စွမ်းအင်ကို စုပ်ယူရန် ရက်အနည်းငယ်သာ အချိန်ယူရသည်။
ကျန်းချန်အတွက် ဆေးလုံးတစ်လုံးကို မျိုချခြင်းထက် နတ်ခရစ်စတယ်များမှ စွမ်းအားကို စုပ်ယူသည်က ပို၍ အကျိုးရှိသည်မှာ ထင်ရှား၏။
ကျန်းချန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် နတ်ခရစ်စတယ်များကို ရူးသွပ်စွာ စုပ်ယူခဲ့သည်။
သို့သော် ပကတိနတ်ဘုရားနယ်ပယ် အဆင့်၏ ကျင့်ကြံမှုသည် အောက်ခြေမည်မျှရှိသည်ကို မသိရသော ချောက်နက်တစ်ခုနှင့် ဆင်တူ၏။
လပေါင်းများစွာကြာအောင် ကျန်းချန်သည် သူ လဲလှယ်ခဲ့သော ခရစ်စတယ်များကို သုံးစွဲခဲ့သည့်တိုင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့်နိမ့် ပကတိ နတ်ဘုရား အထွတ်အထိပ် အဆင့်ကို မရောက်ရှိသေးပေ။
"ပကတိ နတ်ဘုရားနယ်ပယ်အဆင့်က အတော်ကို အကုန်အကျ များတာပဲ"
ကျန်းချန်က အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။
မူလက သူသည် အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို တစ်ခါတည်း ထိုးဖောက်ရန် စီစဥ်ထားခဲ့သည်။
သို့သော် နတ်ခရစ်စတယ်များ လဲလှယ်ရန် ကောင်းကင်နဂါးအမှတ် မရရှိလျှင် နောက်ထပ် တစ်နှစ် ကျင့်ကြံခဲ့သည့်တိုင် အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
အခန်း(၁၅၇၄) ပြီး၏
အခန်း(၁၅၇၅)
နောက်နှစ်လအကြာတွင် ကျန်းချန်သည် မစ်ရှင်များကို အရူးအမူး လုပ်ဆောင်ခဲ့သည်။
သူက အဆင့်မြင့်မစ်ရှင် ခုနစ်ခုကို ဆက်တိုက် ပြီးမြောက်အောင် လုပ်ပြီး ကောင်းကင်နဂါး အမှတ် ငါးသိန်း အပြည့် ရရှိပြီးနောက်တွင် ရပ်တန့်လိုက်သည်။
ထို့နောက် ကျန်းချန်က မစ်ရှင်မှ ရရှိသော ကောင်းကင်နဂါးအမှတ်အားလုံးကို နတ်ခရစ်စတယ်များနှင့် လဲလှယ်လိုက်ပြီး ဒသမမြောက် တောင်ထွတ်သို့ ပြန်သွားကာ သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
ကျန်းချန်၏ ထူးဆန်းသော အပြုအမူသည် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
-------------------
ကောင်းကင်နဂါးမြို့တော် အလယ်ဗဟိုရှိ ခန်းမတစ်ခုထဲတွင် ပထမအကြီးအကဲ ရွှေလင်းလုံသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လင်းလက်နေပြီး ခန်းမတစ်ခုလုံးသည် ကျယ်ပြောလှသော သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
"ကျန်းချန်.. ဘာတွေ လုပ်နေတာလဲ"
ရွှေလင်းလုံ၏ အကြည့်က အတားအဆီး အားလုံးကို ထိုးဖောက်သွားခဲ့ပြီး နတ်ခရစ်စတယ်များကို လဲလှယ်ကာ ဒသမမြောက် တောင်ထွတ် ဆီသို့ ပြန်သွားသော ကျန်းချန် ဆီသို့ ရောက်ရှိသွား၏။
သူမက အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
ရွှေလင်းလုံသည် လုံကျန့်ရှင်း၏ အာရုံစိုက်မှုကို ရရှိထားသော ဒသမမြောက် မာနနဂါးအဆင့် တပည့်ကျန်းချန်ကို အထူးပင် ဂရုစိုက်ခဲ့သည်။
ထို့ကြောင့် ဤနှစ်လအတွင်း ရွှေလင်လုံးသည် ကျန်းချန်က အဆင့်မြင့် မစ်ရှင် ခုနစ်ခုအား ပြီးမြောက်ခဲ့သည်ကို သိရှိခဲ့သည်။
အကယ်၍ ကျန်းချန်သာ ကောင်းကင်နဂါး အမှတ်များ ရရှိရန်အတွက် မစ်ရှင်ကို ဆောင်ရွက်ခဲ့လျှင် နတ်ဆေးလုံး လဲလှယ်ရန်အတွက် ဖြစ်နိုင်၏။
သို့သော်လည်း ကျန်းချန်သည် သူ ရရှိသော ကောင်းကင်နဂါး အမှတ်အားလုံးကို နတ်ခရစ်စတယ်များဖြင့်သာ လဲလှယ်ခဲ့သည်။
ကျင့်ကြံသူများသည် နတ်ခရစ်စတယ်၏ စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံနိုင်၏။
အဆင့်နိမ့် ပကတိနတ်ဘုရား တစ်ပါးအနေဖြင့် နတ်ခရစ်စတယ် တစ်ထောင်ကို တစ်လအတွင်း စုပ်ယူနိုင်လျှင်ပင် အလွန်တရာ ကောင်းမွန်သော အရှိန်အဟုန်ဟု သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
ယခု ကျန်းချန်က နတ်ခရစ်စတယ် တစ်သိန်းမက လဲလှယ်ခဲ့ရာ ဆယ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ကျင့်ကြံရလိမ့်မည်ဟု ရွှေလင်းလုံ မှန်းဆခဲ့သည်။
"ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း အဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာပါလား.. သူက အလယ်အလတ် ပကတိ နတ်ဘုရား အဆင့်နဲ့ သိပ် မဝေးတော့ဘူး ဆိုတော့ သူ့ကို လွှတ်ထားလိုက်တော့မယ်"
ရွှေလင်းလုံက ခေါင်းခါယမ်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဆက်လက် ကျင့်ကြံလိုက်သည်။
......................
ရှန်လုံမြို့၏ ခြံဝင်းတစ်ခုအတွင်း။
အနီရောင် အရည်နှစ်မျိုးသည် လေထဲသို့ တက်သွားပြီးနောက် လေးထောင့်ပုံ လက်ဖက်ရည်ခွက် နှစ်ခွက် ထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားခဲ့သည်။
လုံကျန့်ရှင်းက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံ သောက်လိုက်ကာ ဖန်းချင်းယွမ်ကို ပြောလိုက်သည်။
"အဘိုးကြီးဖန်း.. မင်း ခေါ်လာခဲ့တဲ့ ကောင်လေးက သာမန်မဟုတ်တဲ့ ပါရမီရှင်ပဲ"
"ပထမဆုံးအကြိမ် မစ်ရှင် ဆောင်ရွက်ဖို့ ထွက်သွားစဥ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ပြီး ငါ သူ့ကို ပေးခဲ့တဲ့ ဓားစွမ်းအင်ကို အသုံးပြုခဲ့တယ်"
"လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ သူက မစ်ရှင် အများအပြား ပြီးမြောက်ခဲ့ပြီး သူ ရရှိခဲ့တဲ့ ကောင်းကင်နဂါး အမှတ်အားလုံးကို နတ်ခရစ်စတယ်တွေနဲ့ လဲလှယ်ခဲ့တယ်.. သူ ဘာလို့ နတ်ခရစ်စတယ်နဲ့ လဲလှယ်ခဲ့တယ်ဆိုတာ မင်း ငါ့ကို ရှင်းပြလို့မလား"
ဖန်ချင်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒီကမ္ဘာမှာ ပုံမှန် အသိနဲ့ တိုင်းတာလို့ မရတဲ့ ပါရမီရှင်တွေ အများအပြား ရှိတယ်.. သူတို့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က အရမ်းကို လျင်မြန်တယ်"
"မင်းပြောတာအမှန်ပဲ"
လုံကျင့်ရှင်းသည် ခေါင်းငြိမ့်လိုက်သည်။
ကျန်းချန်သည် ကောင်းကင်နဂါးမြို့သို့ ဝင်လာခဲ့ပြီးနောက် သုံးနှစ်သာ ကျင့်ကြံခဲ့ရသေး၏။
လွန်ခဲ့သည့် သုံးနှစ်ကျော် အတွင်း ကျန်းချန်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အဆင့်နိမ့် ပကတ်နတ်ဘုရား အထွတ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရင် ခြေတစ်လှမ်းသာ လိုတော့၏။
သိထားရမည့်အချက်မှာ ကောင်းကင်နဂါးမြို့မှ ပါရမီရှင်များသည် သုံးနှစ်အတွင်း အဆင့်ငယ်တစ်ဆင့်ကိုပင် ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်းသည် ဟူသော စကားလုံးကို ဖော်ပြရန် လုံလောက်နေပြီးသား ဖြစ်၏။
"ဒီကမ္ဘာမှာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ ခန္ဓာကိုယ်ရှိတဲ့ လူတွေ ရှိကြတယ်"
ဖန်ချင်းယွမ်၏ မျက်လုံးများက တဖျတ်ဖျတ် လက်လာခဲ့၏။
"ဥပမာ ဒဏ္ဍာရီလာ အင်မော်တယ် နတ်ခန္ဓာကိုယ်က နတ်ခရစ်စတယ်တွေကို ပဲကြီးလှော်လို ဝါးစားပြီး ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန် တိုးတက်အောင် လုပ်ဆောင်နိုင်တယ်"
"မင်းက ကျန်းချန်ကို အင်မော်တယ် နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား"
လုံကျန့်ရှင်းက အံ့အားသင့်သွားခဲ့သည်။
"နည်းနည်းတော့ ဆင်တူတယ်.. ဒါပေမဲ့ ဟုတ်မဟုတ်တော့ မသေချာဘူး"
ဖန်ချင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး လုံကျန့်ရှင်းကို ကြည့်ကာ ပြောလိုက်သည်။
"အဲဒီ ကောင်လေးကိစ္စကို ခဏထားလိုက်ပါ.. မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့တာလဲ.. ရှေးဟောင်း နဂါးအမွေအနှစ်နယ်မြေမှာ ဘာလို့ ထူးဆန်းတဲ့ အရှိန်အဝါ အတက်အကျတွေ ရှိနေရတာလဲ"
"ငါလည်း မသိဘူး"
"ရှေးဟောင်း နဂါး အမွေအနှစ် နယ်မြေကို နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ဖွင့်တာဆိုတော့ နောက်တစ်ကြိမ် ဖွင့်ဖို့ အနည်းဆုံး နှစ်တစ်ရာ ကျန်သေးတယ်"
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အပြောင်းအလဲ ဖြစ်လာခဲ့ပြီ"
လုံကျန့်ရှင်းက ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ့ရဲ့ ခန့်မှန်းချက်အရ သုံးနှစ်အတွင်း ရှေးဟောင်းနဂါး အမွေအနှစ်က စောစောစီးစီး ဖွင့်လှစ်လိမ့်မယ်"
"သုံးနှစ်လား.. ကောင်းကင်ဘုံက ငါ့အပေါ်မှာ တကယ်ကို ရက်စက်လွန်းတာပဲ"
ဖန်ချင်းယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
သူ၏ ဇရာထင်သော မျက်လုံးများတွင် ချက်ချင်းဆိုသလို လင်းလက်သွားခဲ့သည်။
"ကျန့်ရှင်း.. ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းချန်ကို တစ်နေရာ ပေးလိုက်ပါ"
"မင်းက ကျန်းချန်ကို ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲ ဝင်စေချင်တာလား"
လုံကျန့်ရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့်အတွက် နေရာ ဆယ်နေရာ ရှိတယ်.. ကောင်းကင်နဂါးမြို့က အများဆုံး သုံးနေရာပဲ ရနိုင်တယ်.. ငါ သူ့ကို တစ်နေရာ ပေးခဲ့ရင်တောင် သူ ထိန်းသိမ်းနိုင်လောက်မှာ မဟုတ်ဘူး"
"နောက်ထပ်တစ်ကြိမ် ပကတိနတ်ဘုရား အလှည့်ကို ရောက်ဖို့ဆိုရင် နှစ်ပေါင်း သုံးထောင် ထပ်စောင့်ရလိမ့်မယ်.. ငါ့မှာ အဲဒီလောက် အချိန်မရှိတော့ဘူး"
"သုံးနှစ်အတွင်း ကျန်းချန်ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်နဲ့ဆိုရင် အဲဒီအချိန်မှာ တခြားသူတွေကို ရှုံးနိမ့်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
"မင်း သူ့ကို နေရာ တစ်နေရာသာ ပေးလိုက်ပါ.. ရလဒ်အတွက်ကတော့ ဘုရားသခင်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်"
ဖန်ချင်းယွမ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်၏။
မူလက ပုံမှန် ဖွင့်လှစ်သော အချိန်အရ ရှေးဟောင်း နဂါး အမွေအနှစ် နယ်မြေသည် နှစ်တစ်ရာကြာပြီးမှသာ ဖွင့်လှစ်မည် ဖြစ်သည်။
ကျန်းချန်၏ ပါရမီဖြင့်သာ ဆိုလျှင် ဤနှစ်တစ်ရာ အတွင်း အဆင့်မြင့် ပကတိနတ်ဘုရား အဖြစ်သို့ ရောက်ရှိနိုင်ပြီး အဆင့်တူအတွင်း မည်သူမှ ယှဥ်နိုင်မည် မဟုတ်တော့ပေ။
သို့သော်လည်း ယခုအခါတွင် ရှေးဟောင်း နဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်မည့်အချိန်က ပြောင်းလဲသွားခဲ့ပြီး သူ၏ အစီအစဥ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။
"ကောင်းပြီ.. မင်းအတွက် သူ့ကို နေရာ တစ်နေရာ ပေးလိုက်မယ်.. ကျန်တာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"
လုံကျန့်ရှင်းက ခေါင်းငြိမ့်လိုက်သည်။
သို့သော် သူ၏ နှလုံးသားထဲတွင် ကျန်းချန်က ဝင်ခွင့်နေရာကို ထိန်းသိမ်းနိုင်လမ့်မည်ဟု သိပ်မယုံကြည်ခဲ့ပေ။
ကျန်းချန်က ပါရမီ အလွန်တရာ ကောင်းသော်လည်း ကျင့်ကြံသည့် ကာလက အလွန်ပင် တိုတောင်း၏။
ကောင်းကင်နဂါးမြို့တော်ရှိ အခြားသော မာနနဂါးအဆင့် တပည့် ကိုးဦးကမူ ကောင်းကင်နဂါးမြို့တော်တွင် အနည်းဆုံး နှစ်တစ်ထောင်ခန့် ကျင့်ကြံပြီးသား ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့်မြင့် ပကတိ နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အထူးသဖြင့် အားအကောင်းဆုံး သုံးဦးသည် အဆင့်မြင့် ပကတိနတ်ဘုရားများ ဖြစ်သည့်အပြင် ကိုယ်ခံပညာဥပဒေသကို တစ်ခုထက်မက နားလည်ထားကြသည်။
ကျန်းချန်ကို နှစ်တစ်ရာ အချိန်ပေးခဲ့လျှင် ၎င်းတို့ကို အနိုင်ရရန် အခွင့်အရေး ရှိနိုင်သေးသည်။
သို့သော် နောက်ထပ် သုံးနှစ်အတွင်း ကောင်းကင်နဂါး မြို့တော်မှ မာန နဂါးအဆင့် တပည့်များကို ရင်ဆိုင်ရန်မှာမူ တကယ်ကို ခက်ခဲလိမ့်မည် မဟုတ်ပါလား။
..............
ကောင်းကင်နဂါးမြို့တော်ရှိ ဒသမ တောင်ထွတ်။
ကျန်းချန်သည် လုံကျင့်ရှင်းတို့ စကားဝိုင်းအကြောင်း ဘာမှ မသိပေ။
သူက ဒသမ တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် နတ်ခရစ်စတယ်များကို အရူးအမူး စုပ်ယူကာ ကျင့်ကြံခဲ့သည်။
"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"............."
"ဒင်.. သင်က အလယ်အလတ် ပကတိ နတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
ခြောက်လကြာပြီးနောက်တွင် ကျန်းချန်သည် နတ်ခရစ်စတယ်များအတွက် ကောင်းကင်နဂါး အမှတ် ငါးသိန်း ကုန်ကျခဲ့ပြီး အဆုံးသတ်တွင် အဆင့်နိမ့် ပကတိ နတ်ဘုရား၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ အလယ်အလတ် ပကတိ နတ်ဘုရား ဖြစ်လာခဲ့သည်။
"နောက်ဆုံးတော့ ငါ အလယ်အလတ် ပကတိ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီ"
ကျန်းချန်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
အလယ်အလတ် ပကတိ နတ်ဘုရား၏ ရုန့်ရင်းသော အရှိန်အဝါသည်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။
အလယ်အလတ် ပကတိ နတ်ဘုရားအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်၏ နတ်စွမ်းအားသည် ဆယ်ဆကျော် ပို၍ အားကောင်းလာခဲ့ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည်လည်း သံသယဝင်စရာ မလိုလောက်အောင်ပင် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ သူသာ ဟန်ကြွယ် ကဲ့သို့ အဆင့်မြင့် ပကတိ နတ်ဘုရားတစ်ပါးနှင့် ထပ်မံ ရင်ဆိုင်ရလျှင် တစ်ကွက်ထဲဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်၏။
ယခုအခါ ကျန်းချန်သည် သူ့ကိုယ်သူ လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။
ကျန်းချန်က အလယ်အလတ် ပကတ်နတ်ဘုရား၏ စွမ်းအားကို သုံးသပ်နေသောအချိန်မှာပင် ရယ်သံတစ်သံသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟားဟား.. ကောင်လေး.. မင်းရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က ငါ ထင်ထားတာထက် အများကြီး ပိုမြန်နေပါလားဟေ့.. ဒီအတိုင်းဆို မင်းကို နောက်ထပ် နှစ်နှစ်လောက် အချိန်ပေးလိုက်ရင် မျှော်လင့်ချက် မရှိဘူးလို့ ပြောလို့မရတော့ဘူး"
အခန်း(၁၅၇၅) ပြီး၏