← Chapters

အခန်း (၁၅၆၄-၁၅၆၇)

Vol. 105 Ch. 1564-1566

အခန်း (၁၅၆၄-၁၅၆၇)

Vol. 105 Ch. 1564-1566

အခန်း(၁၅၆၄)

"မင်း မင်း"

ကျန်းချန်က သွေးအရိပ် ကိုယ်ရံတော်အား လုံးဝ သုတ်သင် ရှင်းလင်းလိုက်သည်ကို မြင်လျှင် လုံရွှယ်ယင်၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က လုံရွှယ်ယင်၏ ထိတ်လန့်နေသော အမူအရာကို လျစ်လျူရှုထားလိုက်ပြီး အချိန်ဥပဒေသဖြင့် လုံရွှယ်ယင်ကို လွှမ်းခြုံလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အသက်က အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို လုံရွှယ်ယင် ခံစားခဲ့ရသည်။

လုံရွှယ်ယင်က ထိတ်လန့်သွားခဲ့ပြီး အချိန်ဥပဒေသ၏ စွမ်းအားကနေ လွတ်မြောက်ရန် အကြောက်အကန် ရုန်းကန်နေခဲ့သည်။

သို့ရာတွင် သူ၏ သိုင်းစွမ်းအားကို ကျန်းချန်က ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်ရာ ကျန်းချန်၏ အချိန်ဥပဒေသ တတိယအဆင့်စွမ်းအားကနေ သူ့အနေဖြင့် မည်ကဲ့သို့ လွတ်မြောက်နိုင်ပါအံ့နည်း။

"အားကုန်ခံပြီး ရုန်းမနေနဲ့.. မင်းငါ့ရဲ့ အချိန်ဥပဒေသကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး.. မင်းရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် ငါ့ရဲ့ အချိန်ဥပဒေသအောက်မှာ အသက်ရှူကြိမ် ၁၀ရှိုက်စာပဲ အချိန်ရှိလိမ့်မယ်"

ကျန်းချန်က လုံရွှယ်ယင်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။

"အသက်၁၀ရှိုက်စာ အချိန်အတွင်းမှာ မင်းရဲ့နောက်ကွယ်ကလူကို အကူအညီမတောင်းဘူး ဆိုရင် မင်းသေမှာ သေချာတယ်"

သူ၏အသက်က လျင်မြန်စွာ ကုန်ဆုံးနေသည်ကိုခံစားလိုက်ရပြီးနောက် လုံရွှယ်ယင်သည် အဆုံးသတ်တွင် ထိတ်လန့်သွားခဲ့သည်။

သူက ချက်ချင်းပင် ရင်ဘတ်ကနေ သွေးရောင် ကျောက်စိမ်းပြား တစ်ခုကို အလျင်အမြန် ထုတ်ယူ၍ ခြေမွလိုက်ပြီး နှုတ်ကနေလည်း အော်ဟစ် အကူအညီ တောင်းလိုက်သည်။

"ဆရာဟန်ကြွယ်.. ကျွန်တော့်ကို ကယ်ပါဦး"

"ဝုန်း.."

လုံရွှယ်ယင်၏ စကားသံ အဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည့် ဆိုးယုတ်သော စွမ်းအင်သည် နန်းတော်၏ အတွင်းပိုင်းကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် နန်းတော်အထက်ရှိ လေထုထဲတွင် လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

သူ၏အကြည့်က နန်းတော်၏ အစိတ်အပိုင်းတစ်ခု ဆီသို့ စူးရှစွာ ကျရောက်သွားခဲ့၏။

နောက်ထပ် တစ်ခဏမှာပင် လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအားတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ကျန်းချန်၏ရှေ့တွင် သွေးများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ကောင်လေး မင်းဘယ်သူလဲ.. ငါ့ရဲ့အစီအစဥ်တွေကိုတောင် ဖျက်ဆီးရဲတယ်"

သွေးပုံရိပ်ထံကနေ စိတ်ဝိညာဥ်ကို တုန်လှုပ်စေသော အေးစက်စက် အသံသည် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။

သူက သူ၏ရှေ့ရှိ သွေးပုံရိပ်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာပြောလိုက်သည်။

"မင်းက နဂါးနက်အင်ပါယာမှ ပြဿနာတွေ ဖန်တီးခဲ့တဲ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူလား.. ငါက မင်းကို ဆုံးမဖို့ ရှေးဟောင်းနဂါး မျိုးနွယ်စုက စေလွှတ်လိုက်တဲ့ ဒသမမြောက်မာန နဂါးအဆင့် တပည့် ကျန်းချန်ပဲ"

"သြော်..လက်စသတ်တော့ မင်းက မာနနဂါးအဆင့် တပည့် ကျန်းချန်ကိုး"

သွေးပုံရိပ်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လှောင်ပြုံးပြုံးကာ ကြည့်လိုက်သည်။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက ငါ့ကို ကိုင်တွယ်ဖို့ မာနနဂါးအဆင့် တပည့်ကိုတောင် စေလွှတ်လိုက်တယ် ဆိုတော့ ငါဟန်ကြွယ်ကို အတော်လေး တန်ဖိုးထားသားပဲ"

"အပိုစကားတွေပြောမနေနဲ့.. ဒီနေ့ ငါမင်းရဲ့ခေါင်းကို ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ယူသွားမယ်.. မင်းဘာသာ သတ်သေမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို အဆုံးသတ်ပေးရမလား"

ကျန်းချန်က မဲ့ပြုံးပြုံးကာပြောလိုက်သည်။

"ဟားဟား ကောင်လေး.. မင်းက အလာကြီးပါလား.. မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်ဖြစ်တာနဲ့ပဲ ငါဟန်ကျွယ်က မင်းကို ကြောက်လိမ့်မယ်လို့ ထင်မနေနဲ့.. မင်းက ကိုယ့်ဘာသာကိုယ် သေမင်းခံတွင်းဝဆီ ရောက်လာတယ် ဆိုမှတော့ ငါဟန်ကြွယ်က မင်းကို အဆုံးသတ်ပေးရတော့မှာပေါ့"

ဟန်ကျွန်၏ စကားသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်၏ ကြောက်မက်ဖွယ် စွမ်းအင်သည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

မာနနဂါးအဆင့် တပည့်များသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်သော်လည်း သူ၏ ရှေ့မှ မာနနဂါးအဆင့် တပည့်သည် အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်သာလျှင် ရှိသေး၏။

မာနနဂါးအဆင့်ပါရမီရှင်၏ တိုက်ခိုက်ရေး စွမ်းအင်များသည် သာမန် မဟုတ်သော်လည်း နယ်ပယ်အဆင့် နှစ်ခုကို ဖြတ်ကျော်၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

သူ၏ အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် ခွန်အားဖြင့် ဆိုလျှင် ဤကောင်လေးသည် သူ့ကို မည်ကဲ့သို့ အနိုင်ရပါမည်နည်း။

ဟန်ကျွယ်က ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားများကို လှုံ့ဆော်ကာ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်သည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် ဟန်ကျွယ်၏ လက်ဖဝါးတွင် စုဝေးလာခဲ့ပြီး အဆုံးသတ်တွင် ဧရာမ သွေးလက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဝုန်း.."

ဟန်ကျွယ်က လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ဧရာမသွေးလက်ဝါးသည် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော သွေးစွမ်းအင်နှင့် အတူ နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ မျက်တောင်တစ်ခတ်အတွင်း ကျန်းချန်၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာခဲ့သည်။

"မိုးကြိုးဥပဒေသ"

ကျန်းချန်က သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာသော ဧရာမသွေးလက်ဝါးကို ကြည့်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဘုံကိုးပါးကနေ ဆင်းသက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားသည် ဧရာမသွေးလက်ဝါးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့၏။

"အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်နဲ့ မိုးကြိုးဥပဒေသ တတိယအဆင့်ကိုတောင် နားလည်ထားတယ် ဆိုတော့ မင်းက ရှေးဟောင်း နဂါးမျိုးနွယ်စုရဲ့မာနနဂါးအဆင့် တပည့် ဖြစ်ထိုက်တန်ပါပေတယ်.. ဒါပေမဲ့ မင်းက ဘယ်လောက်ပဲ ပါရမီရှိနေပါစေ.. ဒီနေ့ ငါဟန်ကျွယ်ရဲ့လက်ထဲမှာ ကျဆုံးဖို့ ကံကြမ္မာပါနေခဲ့ပြီ"

ဟန်ကျွယ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးလက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ဟန်ကြွယ်၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်လိုက်၏။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည့် ဖျက်ဆီးခြင်းမုန်တိုင်းသည် နဂါးနက်နန်းတော်၏ ပတ်ဝန်းကျင်တွင် တိုက်ခတ်နေခဲ့သည်။

ကျန်းချန်နှင့် ဟန်ကြွယ်တို့ တိုက်ခိုက်နေစဥ်မှာပင် လုံရှင်းနှင့်အခြားသူများသည် ခန်းမထဲကနေ ထွက်လာခဲ့ကြပြီး လေထုထဲရှိ တိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခဲ့ကြသည်။

"အဖေ.. တမန်တော်က သွေးလမင်းကုန်းမြေက နတ်ဆိုးကို အနိုင်ယူနိုင်ပါ့မလား"

လုံရှင်းက မျက်စိကျိန်းလောက်သော အလင်းရောင်များလွှမ်းခြုံနေသည့် တိုက်ပွဲကို ကြည့်နေခဲ့သည်။

သူ၏အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

ဤတိုက်ပွဲသည် သူတို့ နဂါးနက်အင်ပါယာ၏ အသက်ရှင် ရပ်တည်မှုနှင့်လည်း ဆက်စပ်နေခဲ့သည်။

တမန်တော်သာ အနိုင်ရခဲ့လျှင် နဂါးနက်အင်ပါယာ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး သွေးလမင်းကုန်းမြေမှ နတ်ဆိုးသာ အနိုင်ရရှိခဲ့လျှင် သူတို့ နဂါးနက်အင်ပါယာသည် အမှန်တကယ်ပင် အဆုံးသတ်သွားနိုင်ပေသည်။

"ငါလည်းမသိဘူး"

လုံယွမ်က ခေါင်းခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

"ဒါပေမဲ့ တမန်တော်က ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်တစ်ယောက်ပဲ.. ငါ့အထင်တော့ တမန်တော်က မနိုင်ရင်တောင် ရှုံးနိမ့်မှာတော့ မဟုတ်ဘူး"

လုံယွမ်၏ အမြင်တွင် ကျန်းချန်သည် သွေးလမင်း ကုန်းမြေမှနတ်ဆိုးကို မရှုံးနိမ့်သရွေ့ လုံလောက်နေပြီ ဖြစ်၏။

"ဝုန်း.. ဝုန်း.. ဝုန်း"

နှစ်ဦးသား စကားပြောဆိုနေစဥ်မှာပင် ကောင်းကင်ယံကို တုန်ခါစေသော ပေါက်ကွဲမှုများသည် လေထုထဲတွင် ဆက်လက်ပဲ့တင်ထပ်နေခဲ့သည်။

လေထုထဲတွင် တိုက်ခိုက်နေသည့် ဟန်ကြွယ်နှင့် ကျန်းချန်တို့သည် ၎င်းတို့၏ လက်ဝါးရိုက်ချက်ကနေ ဖြစ်ပေါ်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်း၏ သက်ရောက်မှုအောက်တွင် ပေရာဂဏန်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

ဟန်ကြွယ်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော ချီစွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။

ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ဤကောင်လေးသည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်း နည်းစနစ်များ၊နတ်ခန္ဓာပုံရိပ်နှင့် ကိုယ်ခံပညာ နည်းစနစ်များသည် သူ့ထက်အဆင့်တစ်ဆင့် ပိုမို မြင့်မားနေခဲ့သည်။

သူ၏ အဆင့်မြင့်ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်းစွမ်းအားဖြင့်ပင် ကျန်းချန်ကို ၁၀ကွက်ကျော် တိုက်ခိုက်ခဲ့သည့်တိုင် အားသာချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။

ဤသည်က ရှေးဟောင်းနဂါး မျိုးနွယ်စုမှ မာနနဂါးအဆင့်တပည့်၏ ခွန်အားပေလော။

"ကိုယ်ခံပညာ ဥပဒေသတွေကို မပေါင်းစပ်ဘဲ သွေးလမင်းကုန်းမြေက နတ်ဆိုးကို အနိုင်ယူဖို့ မလွယ်ဘူးထင်တယ်"

ကျန်းချန်က နောက်သို့ ပေရာဂဏန်းခန့် ဆုတ်လိုက်ရပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဟန်ကျွယ်နှင့် တိုက်ပွဲတွင် ကျန်းချန်သည် ကိုယ်ခံပညာဥပဒေ စွမ်းအားများကို မပေါင်းစပ်ဘဲ အခြားသော စွမ်းအင်အားလုံးကို အသုံးချခဲ့သည်။

ကိုယ်ခံပညာ ဥပဒေသစွမ်းအားများကို ပေါင်းစပ် အသုံးမပြုထားသော သူ၏ သာမန်တိုက်ခိုက်ရေး စွမ်းအင်သည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်နှင့် ယှဥ်နိုင်နေပြီဖြစ်၏။

သူသာ ကိုယ်ခံပညာ ဥပဒေသ၇မျိုးကို အသုံးပြု၍ စွမ်းအားများကို စုစည်းခဲ့လျှင် သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်ခဲ့လျှင် အဆင့်မြင့် ပကတိနတ်ဘုရားများကို ရင်ဆိုင်ရန်ပင် ပြဿနာရှိမည် မဟုတ်ပေ။

အကယ်၍ ကိုယ်ခံပညာ၏ မူလစွမ်းအားကိုသာ နားလည်ခဲ့မည် ဆိုလျှင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများကိုပင် ရင်ဆိုင်နိုင်မလား မသိနိုင်ပေ။

အခန်း(၁၅၆၄)ပြီး၏။

အခန်း(၁၅၆၅)

"ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်.. ဒီနေ့တိုက်ပွဲက တကယ်ပဲ ငါ့ကို အမြင်ကျယ်စေတယ်.. ငါဟန်ကျွယ် ဒီနေ့ မင်းနဲ့ မကစားတော့ဘူး နောက်မှပဲ ငါတို့ ပြန်တွေ့ကြတာပေါ့"

ဟန်ကြွယ်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ဤကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအင်က အလွန်ပင်ထက်မြက်လွန်းသဖြင့် သူ့အတွက် အနိုင်ယူရန် မဖြစ်နိုင်သလောက်ပင်။

ထိုကဲ့သို့သော အခြေအနေတွင် ဟန်ကြွယ်သည် ကျန်းချန်နှင့်အချိန်ဖြုန်းချင်စိတ် မရှိတော့ပေ။

သူ့ကို ရှေးဟောင်းနဂါးမျိုးနွယ်စုက ပစ်မှတ်ထားနေသောကြောင့် နဂါးနက်အင်ပါယာကနေ အလျင်မြန်ဆုံးထွက်ခွာခြင်းသည်သာလျှင် သူ့အတွက် ဘေးကင်းနိုင်မည်မဟုတ်ပါလော။

"ထွက်သွားချင်တယ်လား"

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဟန်ကျွယ်ရှိနေသာ လေထုဆီသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

တတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော နေရာလွတ်စွမ်းအားသည် ဟန်ကျွယ် ရှိနေသော နေရာလွတ်ကို ရုတ်တရက် ချုပ်နှောင်လိုက်၏။

ဟန်ကျွယ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ကျန်းချန်၏ နေရာလွတ် ဥပဒေသ တတိယအဆင့် စွမ်းအား၏ ချုပ်နှောင်မှုအောက်တွင် ရပ်တန့်သွားခဲ့သည်။

"နောက်ထပ် တတိယအဆင့်ကို ရောက်နေတဲ့ ကိုယ်ခံပညာဥပဒေသပါလား"

ဟန်ကျွယ်က ထိတ်လန့်သွားခဲ့ပြီး သူ၏ သွေးစွမ်းအားများကို လှုံ့ဆော်လိုက်ကာ နေရာလွတ်စွမ်းအား၏ ချုပ်နှောင်မှုကနေ ရုန်းထွက်လိုက်သည်။

ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲ လက်သွားခဲ့ပြီး ဟန်ကျွယ်၏ ဦးခေါင်းအထက်တွင် တိုက်ရိုက် ပေါ်ပေါက်လာခဲ့သည်။

"ဟန်ကျွယ် မင်းဘယ်လိုမှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး"

ဟန်ကျွယ်က ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

"ကောင်လေး မင်းတကယ်ပဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်နေတာလား"

"ဘာပြဿနာရှိလို့လဲ.. ဒီနေ့မင်းရဲ့ခေါင်းကို ရှေးဟောင်းနဂါးနွယ်စုဆီ သေချာပေါက် ပြန်ယူသွားမယ်"

ကျန်းချန်က အလေးအနက် ပြောလိုက်သည်။

"ဟားဟား ကျန်းချန်.. မင်းမှာ နတ်ဆိုးဆန်တဲ့ အရည်အချင်းနဲ့ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ရှိတယ် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ ဟန်ကြွယ် ထွက်သွားချင်တယ်ဆိုရင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ဟန်ကျွယ်က လှောင်ပြုံးပြုံးကာ ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးမုန်တိုင်းတစ်ခုနှယ် ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့သည်။

ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ဥပဒေသ ၇မျိုး၏ စွမ်းအားကို ထုတ်ဖော်လိုက်ရာ အဆုံးသတ်တွင် ၇ရောင်ခြယ် ရှေးဟောင်းဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ဖဝါးထဲသို့ ကျရောက်သွားခဲ့သည်။

"ဥပဒေသတွေကို လက်နက်အဖြစ် ပေါင်းစည်းလိုက်တာလား.. ဒါ့အပြင် ဥပဒေသတွေက ၇မျိုးတောင် ရှိနေတယ်လား"

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဟန်ကျွယ်သည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

အေးစက်သော ခံစားချက်သည် သူ၏ စိတ်နှလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့၏။

ကျန်းချန်၏ ကိုယ်ခံပညာဥပဒေသ ၇မျိုးက မည်သို့သောအဆင့်အထိ ရောက်ရှိနေသည်ကို သူ မသိသော်လည်း ၇ရောင်ခြယ်ဥပဒေသ စွမ်းအားအပေါ် အခြေခံ၍ သာမန် မဟုတ်ကြောင်း သူသိခဲ့သည်။

အနည်းဆုံးတော့ ထိုဥပဒေသများသည် ဒုတိယအဆင့်သို့ရောက်ရှိနေလောက်ပြီ ဖြစ်၏။

ထိုဥပဒေသ၇မျိုးထဲတွင် သူအစောပိုင်းက မြင်တွေ့ခဲ့ရသော ဥပဒေသများသည် တတိယအဆင့်သို့ပင် ရောက်ရှိနေချေပြီ။

ထိုကိုယ်ခံပညာ ဥပဒေသ၇မျိုး၏ စွမ်းအားက မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်ကို ဟန်ကြွယ် တစ်ယောက် တွေးပင် မတွေးရဲတော့ပေ။

ဟန်ကြွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်သွားခဲ့ပြီးနောက်တွင် ကျန်းချန်ဆီသို့ အလောတကြီး လှမ်းလာခဲ့သော သူ၏ ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နောက်သို့ လှည့်ကာ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က ထွက်ပြေးသွားသော ဟန်ကြွယ်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး သူ၏လက်ထဲမှ ၇ရောင်ခြယ်ဓားကို ဝှေ့ယမ်းလိုက်၏။

"ဝှစ်.."

ကောင်းကင်နှင့်နေမင်းကို လွှမ်းခြုံထားသော ၇ရောင်ခြယ်ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး ဟန်ကြွယ် ဆီသို့ တန်းတန်းမတ်မတ်ပင် ရောက်ရှိသွားခဲ့သည်။

၇ရောင်ခြယ်ဓားအလင်း၏ တိုက်ခိုက်မှုနှင့်အတူ ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံးသည် ရပ်တန့်သွားခဲ့ပြီး အချိန်နှင့် နေရာလွတ် တစ်ခုလုံးသည်ပင် ရပ်တန့်သွား၏။

ထိုအခိုက်အတန့်တွင် ဟန်ကျွယ်သည် သူ့ကိုယ်သူ မလွတ်မြောက်နိုင်တော့မှန်း ခံစားခဲ့ရသည်။

ဟန်ကြွယ်က ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်စွမ်းအားများကို အဆုံးစွန်ထိ လှုံ့ဆော်လိုက်ပြီး သွေးဥပဒေသ တတိယအဆင့် စွမ်းအားနှင့် ပေါင်းစပ်ကာ သွေးရောင်တောက်ပနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်လိုက်၏။

ပကတိနတ်ဘုရားကမ္ဘာငယ်လေးအဖြစ် ပေါင်းစပ်လိုက်သည့်အချိန်မှာပင် ကျန်းချန်၏ ၇ရောင်ခြယ်ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းလာခဲ့ပြီး ဟန်ကျွယ်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ရိုက်ခတ်သွားခဲ့သည်။

"ဝုန်း.."

ဟန်ကျွယ်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ၇ရောင်ခြယ် ဓားအလင်းနှင့် ရင်ဆိုင်ရပြီးနောက်တွင် လေထုထဲ၌ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့သည်။

"ဖူး.."

ဟန်ကျွယ်သည်လည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

"အတော်လေး အားကောင်းတဲ့ ဓားချက်ပါလား"

ဟန်ကျွယ်က ပါးစပ်ထောင့်မှ သွေးများကိုသုတ်လိုက်ပြီး အဝေးရှိ ကျန်းချန်ကို ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

သူက အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် စွမ်းအားဖြင့် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်လိုက်သည့်တိုင် ကျန်းချန်၏ ဓားချက်ဖြင့် ဖြိုခွဲခြင်းကို ခံခဲ့ရသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူခုခံနိုင်သောအရာ မဟုတ်ပေ။

အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူပင် ခုခံရန် ခက်ခဲလောက်မည် ဖြစ်သည်။

သို့ရာတွင် ဟန်ကြွယ်က ထိတ်လန့်မှုကနေ ပြန်လည် မသက်သာလာခင်မှာပင် ကျန်းချန်၏ လက်ထဲရှိ ၇ရောင်ခြယ်ဓားထံကနေ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ၇ရောင်ခြယ် ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ဟန်ကြွယ်သည် ရုတ်တရက် သူ၏ စိတ်ဝိညာဥ်ပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

ယခုအခါတွင် ဟန်ကြွယ်၏ စိတ်တွင် ထွက်ပြေးရန် အတွေးတစ်ခု သာလျှင် ရှိတော့၏။

သူက သူ၏ ရင်ဘတ်ကို သူ့ဘာသာသူ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ပါးစပ်ကနေ သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။

ထို့နောက်တွင် ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန်ပင် ပြုလုပ်လိုက်၏။

မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်စွမ်းအားများ ပါဝင်နေသည့် သွေးမြူများသည် ဟန်ကြွယ်၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် ဟန်ကြွယ်က အာကာပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက်သွားခဲ့၏။

ထိုသို့ ဟန်ကျွယ်က အာကာပြင် အက်ကွဲကြောင်းထဲ ဝင်ရောက်သွားသောအချိန်မှာပင် ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်နိုင်ပုံရသော ၇ရောင်ခြယ်ဓားအလင်းသည် အာကာပြင် အက်ကွဲကြောင်းထဲကို တိုက်ရိုက်ပင် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

"ဖူး.."

သွေးအန်သောအသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာပြီးနောက်တွင် အာကာပြင် အက်ကွဲကြောင်းသည် ပျောက်ကွယ်သွားခဲ့သည်။

လေထုထဲတွင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသာလျှင် အချိန်အတော်ကြာ ကျန်ရှိနေခဲ့၏။

"ကျန်းချန် မင်းငါ့ကို စောင့်နေပါ.. ဒီနေ့ကိစ္စအတွက် ငါဟန်ကြွယ် မင်းကို သေချာပေါက် လက်စားလာချေမယ်"

ကျန်းချန်က ဟန်​​ကြွယ် ထွက်ပြေးသွားသည့် နေရာကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင်ပင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဟန်ကြွယ်က သူ၏ဓားချက်မှ လွတ်မြောက်သွား၍ ကျန်းချန်က စိတ်ရှုပ်ထွေးနေခြင်း မဟုတ်ပေ။

သူ့ကို ပို၍ ထိတ်လန့်စေသည်မှာ ဟန်ကြွယ် ထွက်ပြေးရန် အသုံးပြုခဲ့သောနည်းလမ်းသည် သူနှင့်အလွန်ရင်းနှီးနေသောကြောင့်ဖြစ်သည်။

သွေးဝိညာဥ်လွတ်မြောက်ခြင်းနည်းစနစ်။

ဟန်ကြွယ် အစောပိုင်းက အသုံးပြုခဲ့သော နည်းစနစ်သည် သူယခင်က တွေ့ခဲ့ဖူးသည့် သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်နှင့် အလွန်တရာပင် တူညီနေခဲ့သည်။

ဟန်ကြွယ်၏ သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်သည် သူ တွေ့ခဲ့ဖူးသော သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်ထက် အဆင့်တစ်ဆင့် မြင့်မားနေခဲ့ပြီး သူ၏ ဥပဒေသ၇မျိုးဖြင့် စုစည်းထားသော စွမ်းအားများ အောက်မှာပင် ထွက်ပြေးနိုင်ခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။

သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်သည် ဟန်ကြွယ်၏ သွေးဝိညာဥ် လွတ်မြောက်ခြင်းနည်းစနစ်နှင့် အတူတူပင် ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပေ။

ဆိုရလျှင် သူယခင်က တွေ့ခဲ့ဖူးသော သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်သည် ဟန်ကြွယ် ထုတ်ဖော်လိုက်‌သော နည်းစနစ်၏ သာမန်ဗားရှင်းပင် ဖြစ်သည်။

သွေးဝိညာဥ်လွတ်မြောက်ခြင်း နည်းစနစ်သည် ရွှယ်လင်ကုန်းမြေတိုက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ နည်းစနစ် ဖြစ်ပြီး ဟန်ကြွယ်ကမူ သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သို့ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်မှ သွေးဝိညာဥ် မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေရှိ သွေးလမင်းကုန်းမြေနှင့် ဆက်စပ်မှုများ ရှိနေနိုင်ပါသလော။

"ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ တွေ့ရှိမှုပဲ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများလည်း ဖြစ်ပေါ်နေခဲ့၏။

ရွှယ်လင်ကုန်းမြေတိုက်မှ သွေးဝိညာဥ် မျိုးနွယ်စုသည် သွေးလမင်းကုန်းမြေနှင့် အမှန်တကယ် ဆက်စပ်နေသည်ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်ကနေ နတ်ဘုရားကုန်းမြေ ဆီသို့ တက်လာသော ရွှယ်ကျုံးထျန်းသည် သွေးလမင်းကုန်းမြေတွင် ရှိနေလောက်၏။

ဤအတိုင်းသာဆိုလျှင် ရွှယ်ကျုံးထျန်းနှင့် အတူ နတ်ဘုရားနယ်မြေသို့ တက်ရောက်လာခဲ့သော သူ၏ဖခင် ကျန်းဝူရသည်လည်း ရွှယ်ကျုံးထျန်းနှင့် အလွန်ကွာဝေးသည့် နေရာတွင် မရှိလောက်ဘဲ သွေးလမင်းကုန်းမြေမှာပင် ရှိနေလောက်သည်။

သူက ရွှယ်ကျုံးထျန်းကို ရှာတွေ့သရွေ့ သူ၏ဖခင် ကျန်းဝူရ မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကို သိနိုင်လိမ့်မည် မဟုတ်ပါလော။

အခန်း(၁၅၆၅)ပြီး၏။

အခန်း(၁၅၆၆)

"တမန်တော် အနိုင်ရသွားပြီ"

ဟန်ကြွယ်က ရှုံးနိမ့်၍ ထွက်ပြေးသွားသည်ကို မြင်လျှင် လုံရှင်းနှင့် အခြားသူများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအမူအရာများ ပြည့်နှက်လာခဲ့သည်။

လွန်ခဲ့သော ၁နှစ်အကြာက မတော်မဆဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံရွှယ်ယင်၏ ထိန်းချုပ်မှုအောက်၌ နဂါးနက်အင်ပါယာသည် ဆိုးရွားသော အခြေအနေသို့ ‌ရောက်ရှိခဲ့သည်။

သို့ရာတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တမန်တော် ရောက်ရှိလာမှုနှင့်အတူ နဂါးနက် အင်ပါယာသည် နေရောင်ခြည်ကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရပြီ ဖြစ်၏။

နံဘေးတွင် ရှိနေသော လုံရွှယ်ယင်သည် သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း စိတ်ပျက်အားငယ်သော ခံစားချက်ကြောင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့၏။

ယခု ဟန်ကြွယ်က ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သည်ဖြစ်ရာ သူ၏ဘဝသည် လုံးဝ ပြီးဆုံးသွားတော့မည်မဟုတ်ပါလော။

"ကျွန်တော်တို့ နဂါးနက်အင်ပါယာရဲ့ သစ္စာဖောက်ကို ရှင်းလင်းပေးလို့ တမန်တော်ကို ကျေးဇူးတင်ပါတယ်.. တမန်တော်အနေနဲ့ နဂါးနက်အင်ပါယာကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အရှင်မင်းကြီးကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လုံရှင်းနှင့်အခြားသူများက လေထုထဲကနေ ဆင်းသက်လာသောကျန်းချန်ကို ကြည့်ကာ တရိုတသေ ပြောလိုက်ကြသည်။

"လုံရွှယ်ယင်နဲ့ ဟန်ကြွယ် တို့က လျှို့ဝှက်ပူးပေါင်းခဲ့ကြတယ်.. သူတို့က နဂါးနက်ဧကရာဇ်ကို တိုက်ရိုက် မသတ်ဖြတ်ခဲ့ပေမဲ့ အပြင်းအထန် ဒဏ်ရာရရှိထားတဲ့ ဧကရာဇ်ကို သူတို့က အသက်ရှင်ခွင့်ပေးမယ်လို့ မင်းတို့ထင်လား"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လုံရွှယ်ယင်ကို လှမ်းကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လုံရှင်း၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

သူက ‌ဒေါသထွက်သောအမူအရာဖြင့် လုံရွှယ်ယင်ကို စူးစိုက်ကြည့်လိုက်သည်။

"လုံရွှယ်ယင်.. ဧကရာဇ်က မင်းရဲ့ အဖေအရင်းပဲ.. မင်းက ကိုယ့်အဖေအရင်းကိုတောင် သတ်ဖြတ်ရဲတယ်လား"

"ဟမ့်.. အဲဒီအဘိုးကြီးက ငါ့ကို အမြဲတမ်း အထင်သေးခဲ့တယ်.. ငါ့ရဲ့ မင်းသား ရာထူးကိုတောင် ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့တယ်.. ငါအနေနဲ့ ဘာမှ မသတ်ဖြတ်ရဲစရာ အကြောင်းမရှိဘူး"

လုံရွှယ်ယင်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက ကျန်းချန်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ အသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

"ရှေးဟောင်းနဂါးမျိုးနွယ်စုက တမန်တော်.. ဒီနေ့ ငါလုံရွှယ်ယင် ရှုံးနိမ့်တာကို လက်ခံတယ်.. မင်းတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုလည်း သိပ်မာန်တက်မနေနဲ့.. သိပ်မကြာခင် မင်းတို့တွေ ငါ့ထက် ပိုမိုဆိုးရွားတဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်ရလိမ့်မယ် ဆိုတာ ငါပြောရဲတယ်"

ထိုစကားကို ပြောဆိုပြီးနောက်တွင် လုံရွှယ်ယင်သည် ကျန်းချန်နှင့် အခြားသူများ၏ရှေ့မှောက်မှာပင် သေဆုံးသွားခဲ့သည်။

[ဒီစကားက ဘာကိုဆိုလိုတာလဲ.. သွေးလမင်းကုန်းမြေထံမှာ ရှေးဟောင်းနဂါး ကုန်းမြေကို ဆန့်ကျင်ဖို့ အစီအစဥ်များ ရှိနေတာလား]

လုံရွှယ်ယင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

သူ့အနေဖြင့် ဟန်ကြွယ်ဟု ခေါ်သောလူကို အမြန်ဆုံးဖမ်းဆီးရတော့မည်ဖြစ်သည်။

သို့မှသာလျှင် ထိုလူ၏ နှုတ်ကနေ အသုံးဝင်သော အချက်အလက်ကို ရရှိနိုင်ပေမည် မဟုတ်ပါလော။

ကျန်းချန်၏ မျက်လုံးက အနည်းငယ် လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လုံရှင်းကို ကြည့်ကာ ပြောလိုက်သည်။

"လုံရှင်း ငါမင်းကို နဂါးနက်အင်ပါယာရဲ့ ဧကရာဇ် နေရာကို ဆက်ခံစေဖို့ ရည်ရွယ်ထားတယ်.. မင်းဘယ်လိုသဘောရလဲ"

နဂါးနက်အင်ပါယာသည် ရှန်းဝူကုန်းမြေတိုက်ရှိ လုံမိသားစုမှ တည်ထောင်ခဲ့သောကြောင့် သူနှင့် ဆက်စပ်မှု ရှိနေခဲ့သည်။

လုံရှင်းသည် သတ္တိ၊ ဉာဏ်ပညာနှင့် ကျင့်ကြံခြင်းအရည်အချင်းတို့တွင် အလွန်ကောင်းမွန်သောသူ တစ်ဦး ဖြစ်၍ နဂါးနက်အင်ပါယာသည် လုံရှင်း၏ လက်ထဲတွင် နတ်ဘုရားနယ်မြေ၌ ခြေကုတ်ယူနိုင်မည်ဟု ကျန်းချန် စဥ်းစားမိခဲ့သည်။

ထို့ကြောင့် ကျန်းချန်က လုံရှင်းကို နဂါးနက်အင်ပါယာ၏ ဧကရာဇ်အသစ် အဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

"တမန်တော်.. ကျွန်တော်က အသက်ငယ်ပါသေးတယ်.. ဒီလိုအရေးကြီး တာဝန်တွေကို ထမ်းဆောင်ဖို့ ခက်ခဲမှာ စိုးရိမ်မိတယ်"

လုံရှင်းက ကပျာကယာပင် ပြန်ဖြေလိုက်သည်။

"ဒါ့အပြင် နဂါးနက် အင်ပါယာမှာ ဧကရာဇ်နေရာကို ဆက်ခံနိုင်တဲ့ မင်းသားတွေ အများကြီး ရှိပါသေးတယ်.. လုံရှင်းက အရည်အချင်း မပြည့်မီသေးပါဘူး"

"ငါက အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်ရင် မင်းက အရည်အချင်း ပြည့်မီသွားပြီ.. ဘာမှထပ်မပြောနဲ့တော့.. အခုက စပြီး နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်အသစ်က မင်းပဲဖြစ်လာရလိမ့်မယ်.. ငါ့ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ့သူ ရှိရင် ငါ့ဆီကို လွှတ်လိုက်.. ဟန်ကြွယ်က အခု ငါ့ရဲ့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တဲ့အတွက် သိပ်အဝေးကြီး ထွက်ပြေးနိုင်ဦးမှာ မဟုတ်ဘူး.. သူဘယ်နေရာမှာရှိနေလဲဆိုတာ ခြေရာခံဖို့အတွက် မင်းရဲ့လူတွေကို အမြန်စေလွှတ်လိုက်.. ငါတစ်ခဏလောက် နန်းတော်ထဲမှာ အနားယူလိုက်ဦးမယ်.. အရေးကြီးကိစ္စမရှိဘူးဆိုရင် ဘယ်သူမှ ငါ့ကို မနှောင့်ယှက်စေနဲ့"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲလက်သွားခဲ့ပြီး လုံရှင်း၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

"အဖေ ကျွန်‌တော် အခု ဘာဆက်လုပ်ရမလဲ"

ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း လုံရှင်း၏ မျက်နှာထက်တွင် တွေဝေသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"သခင် ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တမန်တော်ပဲ.. ဒါကြောင့် သူ့ရဲ့ စကားလုံးတွေက တော်ဝင်အမိန့်ပဲ.. အခုက စပြီး မင်းက နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်အသစ် ဖြစ်လာရလိမ့်မယ်"

လုံယွမ်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လေးနက်သော အမူအရာဖြင့် သားဖြစ်သူ လုံရှင်းကို အရိုအသေ ပေးလိုက်သည်။

"စစ်သူကြီးလုံယွမ်က အရှင်မင်းကြီးကို အရိုအသေပေးပါတယ်"

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

ပတ်ဝန်းကျင်မှ ပါရမီရှင် လူငယ်များစွာကလည်း လုံရှင်းကို ဦးညွှတ်လိုက်ကြ၏။

ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တမန်တော်က လုံရှင်းကို နဂါးနက်အင်ပါယာ၏ ဧကရာဇ်အသစ်အဖြစ် ခန့်အပ်ခဲ့ပြီးပြီ ဖြစ်ရာ နဂါးနက်အင်ပါယာ တစ်ခုလုံးတွင် မည်သူက ဆန့်ကျင်ဝံ့ပါမည်နည်း။

"တမန်တော်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် နဂါးနက်အင်ပါယာရဲ့ ဧကရာဇ်နေရာကို ယာယီအားဖြင့် ကျွန်တော်ဆက်ခံပါ့မယ်"

လုံရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းများက လင်းလက်လာခဲ့သည်။

"ဟန်ကြွယ် လို့ခေါ်တဲ့ သွေးလမင်းကုန်းမြေက နတ်ဆိုးကို ဖမ်းဆီးဖို့လုပ်ပါ.. သူဘယ်ရောက်နေသလဲဆိုတာ မရရအောင်ခြေရာခံရမယ်"

အမြစ်ကို မဖယ်ရှားဘဲ အပင်ကို ခုတ်ခြင်းသည် တစ်ချိန်ချိန်တွင် ပြန်လည် ပေါက်လာနိုင်၏။

ဟန်ကျွယ်ကို အပြီးတိုင် မဖြေရှင်းခဲ့လျှင် တမန်‌တော် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ နဂါးနက်အင်ပါယာသည် နောက်တစ်ကြိမ် ဖျက်ဆီးခံရလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က နဂါးနက်အင်ပါယာ၏ တော်ဝင်ပွဲတော်များ ကျင်းပရာ နန်းတော်ထဲရှိ ခန်းမတစ်ခုထဲတွင် နေထိုင်ခဲ့သည်။

လုံရှင်းက ထိုခန်းမ၏ ပေ၁၀၀၀ ပတ်လည်ကို ကန့်သတ်ဧရိယာ အဖြစ် သတ်မှတ်လိုက်ရာ မည်သူမှ အလွယ်တကူ ချဥ်းကပ်နိုင်ခြင်း မရှိတော့ပေ။

ဟန်ကျွယ် မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကို လုံရှင်းအား ရှာဖွေခိုင်းပြီးနောက်တွင် ကျန်းချန်သည် ခန်းမထဲ၌ ကျင့်ကြံနေခဲ့သည်။

သို့သော် ၃ရက်တာ ကုန်ဆုံးသွားသည့်တိုင် လုံရှင်းထံမှ သတင်းအစအနပင် မကြားခဲ့ရပေ။

"ဘာလို့ လုံရှင်းဆီကနေ သတင်းမကြားရသေးတာလဲ.. ဟန်ကြွယ်က တကယ်ပဲ သွေးလမင်း ကုန်းမြေကို ထွက်ပြေးသွားခဲ့ပြီလား"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

မျက်မှောင်ခပ်တင်းတင်း ကြုတ်နေ၍ သူ၏ မျက်ခုံးများက တစ်ဆက်တည်းပင် ဖြစ်နေခဲ့သည်။

ဟန်ကျွယ်က သူ၏ ဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဖြစ်ရာ သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့လျှင်ပင် အတော်ဝေးဝေးသို့ ထွက်ပြေးနိုင်မည်မဟုတ်ပေ။

သို့ဆိုလျှင် အဘယ်ကြောင့် လုံရှင်းဆီကနေ သတင်းမရရှိပါသနည်း။

ဤမစ်ရှင်ကို ကျန်းချန်သည် ကိုယ်တိုင်ရွေးချယ်၍ ယူခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကောင်းကင်နဂါးမြို့တော်၏ တပည့်များ ၁၀နှစ် ၁ကြိမ် မဖြစ်မနေ ဆောင်ရွက်ရသည့် မစ်ရှင်တာဝန်မျိုး မဟုတ်၍ ပြီးဆုံးခြင်း မရှိလျှင်ပင် သူ့အပေါ် များစွာသက်ရောက်မှုရှိမည် မဟုတ်ပေ။

သို့ရာတွင် ကျန်းချန်သည် သူ၏ ပထမဆုံး မစ်ရှင်ကို မကျရှုံးချင်ခဲ့ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ဤတာဝန်၏ ဆုလာဘ်တွင် ရှေးဟောင်းနဂါး သွေးတစ်စက် ပါဝင်နေသည် ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ ကျရှုံးခံနိုင်ပါမည်နည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အခြေအနေအကြောင်း မေးမြန်းရန် လုံရှင်းဆီသို့ သွားတော့မည့် အချိန်မှာပင် လုံရှင်း၏ အရှိန်အဝါက ခန်းမနားသို့ အလျင်အမြန် ချဥ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲလက်သွားခဲ့ပြီး ခန်းမ၏ အပြင်ဘက်တွင် တိုက်ရိုက် ပေါ်ပေါက်လာခဲ့သည်။

"ဟန်ကြွယ်နဲ့ ပတ်သက်တဲ့ သတင်းရရှိပါပြီ တမန်တော်"

"သူအခုဘယ်မှာလဲ"

ကျန်းချန်က လေးလေးနက်နက်ပင် မေးလိုက်သည်။

"အင်ပါယာ အစောင့်တွေက မြို့အနောက်ဘက်မှာ ဒဏ်ရာအပြင်းအထန် ရရှိနေတဲ့ ဟန်ကြွယ်ကို တွေ့ရှိခဲ့တယ်.. ဒါပေမဲ့အစောင့်တွေ သူ့ကို ဖမ်းမိတော့မဲ့ ဆဲဆဲမှာ ရုတ်တရက် အဆင့်မြင့် ပကတိနတ်ဘုရား တစ်ပါး ‌ရောက်ရှိလာခဲ့ပြီး သူ့ကိုကယ်တင်သွားခဲ့တယ်"

"အဆင့်မြင့် ပကတိနတ်ဘုရား တစ်ပါးက ကယ်တင်သွားတယ်လား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ဟန်ကြွယ်ကို ကယ်တင်သွားတဲ့သူက ဘယ်အဖွဲ့အစည်းကလဲဆိုတာ မင်းတို့ စုံစမ်းလို့ရပြီလား"

"နဂါးနက်အင်ပါယာရဲ့ ပတ်ဝန်းကျင်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိဘူး.. ဒါ့အပြင် အဆင့်မြင့်ပကတိနတ်ဘုရားတွေလည်း အရမ်း ရှားပါးတယ်.. ဒါကြောင့် ဒီလူရဲ့ အထောက်အထားကို ခန့်မှန်းဖို့က မခက်ခဲပါဘူး"

လုံရှင်းက လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့အဖေက အဆင့်မြင့် ပကတိနတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့တယ်.. သူ့ရဲ့ ခန့်မှန်းချက်အရတော့ ဒီလူက ရွှယ်ယွိဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်"

"ရွှယ်ယွိဂိုဏ်းလား"

ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်၏ လူသားဧကရာဇ် စမ်းသပ်မှုတွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ လာသော ရွှယ်ယွိဂိုဏ်းမှ တပည့်များနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့ဆိုလျှင် လုံရှင်း ပြောသည့် ရွှယ်ယွိဂိုဏ်းသည် သူသိထားသည့် ရွှယ်ယွိဂိုဏ်းများ ဖြစ်နိုင်ပါသလော။

တကယ်သာဆိုလျှင် ဤသည်က အလွန်ပင် တိုက်ဆိုင်သည်ဟု ဆိုရပေတော့မည်။

အခန်း(၁၅၆၆)ပြီး၏။

All Chapters