အခန်း (၁၅၆၇-၁၅၆၉)
Vol. 105 Ch. 1567-1569
အခန်း(၁၅၆၇)
"တမန်တော်.. ရွှယ်ယွိဂိုဏ်းက နဂါးနက်အင်ပါယာရဲ့ မြောက်ဘက်က ပကတိနတ်ဘုရားအဆင့် အင်အားစုတစ်စုပဲ.. မြောက်ဘက်ဒေသမှာတော့ အားအကောင်းဆုံး အင်အားစုတစ်ခုလည်း ဖြစ်တယ်"
လုံရှင်းက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေ တို့သည် ရန်ဘက်များ ဖြစ်ကြသည်။
ထို့ကြောင့် သွေးလမင်းကုန်းမြေမှ အဖွဲ့ဝင်တစ်ဦးက ရှေးဟောင်းနဂါးကုန်းမြေသို့ ရောက်လာခြင်းမှာ သိပ်မထူးဆန်းပေ။
သို့သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် ရွှယ်ယွိဂိုဏ်းသည် အဆင့်မြင့်နတ်ဘုရား တစ်ပါးကို စေလွှတ်ကာ ဟန်ကြွယ်ကို ကယ်တင်သွားခဲ့၏။
ဤလုပ်ရပ်က လုံးဝ ရိုးရှင်းမနေဟု ကျန်းချန် ထင်မိခဲ့၏။
ဟန်ကြွယ်ကို ကယ်တင်ခဲ့သည်မှာ ရွှယ်ယွိဂိုဏ်းဖြစ်၍ သူ့အနေဖြင့် ရွှယ်ယွိဂိုဏ်းသို့ ခရီးထွက်ရပေလိမ့်မည်။
ရွှယ်ယွိဂိုဏ်းက မည်ကဲ့သို့သော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်အား သူ စူးစမ်းချင်မိ၏။
"တမန်တော်.. ရွှယ်ယွိဂိုဏ်းက နဂါးနက်အင်ပါယာရဲ့ မြောက်ပိုင်းမှာ အင်အားအကောင်းဆုံးပဲ.. ကျွန်တော့်ရဲ့ အမြင်အရတော့ ရှေးဟောင်းနဂါး မျိုးနွယ်စုကို အရင်ဆုံး အစီအရင်ခံသင့်တယ် ထင်တယ်"
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို သတိပေးလိုက်သည်။
"ဒီလောက်ထိ မလိုပါဘူး"
ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ရွှယ်ယွိဂိုဏ်းက ငါ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး"
ရွှယ်ယွိဂိုဏ်းသည် မည်မျှပင် အားကောင်းစေကာမူ ပကတိနတ်ဘုရားအဆင့် အင်အားစုသာ ဖြစ်သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ရွှယ်ယွိဂိုဏ်းကို အနည်းငယ်မျှပင် ကြောက်ရွံ့စရာ မလိုအပ်ပေ။
ထို့အပြင် သူ၏ လက်ထဲတွင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲ ပေးအပ်ထားသော ကောင်းကင်နတ်ဘုရား ပထမအဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ဝှက်ဖဲလည်း ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ရွှယ်ယွိဂိုဏ်းတွင် ကောင်းကင်နတ်ဘုရား ပထမ အဆင့် ကျင့်ကြံသူ တစ်ဦး ရှိနေလျှင်ပင် သူ့အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်၏။
"လုံရှင်း.. မင်းအတွက် ခန်းမထဲမှာ အရင်းအမြစ်တချို့ ငါချန်ထားပေးတယ်.. အဲဒီအရင်းအမြစ်တွေကို အသုံးချပြီးတော့ ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်အောင် ကြိုးစားပါ.. နောက်တစ်ကြိမ် ငါပြန်ရောက်လာတဲ့အခါ လုံးဝအသစ် ဖြစ်နေတဲ့ နဂါးနက်အင်ပါယာကို မြင်ရမယ်လို့ မျှော်လင့်တယ်"
စကားသံဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်က အလင်းအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ တက်ကာ ပျောက်ကွယ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် တမန်တော်ကျန်းချန်.. လုံရှင်းက တမန်တော်ကို စိတ်မပျက်စေရပါဘူး"
လုံရှင်းက ကျန်းချန် ပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်ကာ ဦးညွှတ်လိုက်သည်။
သူ၏မျက်ဝန်းတွင် အလွန်တရာ ပြတ်သားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
--------------
နဂါးနက်နန်းတော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် မြောက်ဘက်အရပ်ဆီသို့ ခရီးဆက်ခဲ့သည်။
သိပ်မကြာခင်မှာပင် သူသည် ရွှယ်ယွိဂိုဏ်း၏ သြဇာလွှမ်းမိုးသောနယ်မြေ ဆီသို့ ဝင်ရောက်လာခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် နဂါးနက်အင်ပါယာ၏ မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်ဒေသကို အလွန်တရာ လွှမ်းမိုးနိုင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ရွှယ်ယွိဂိုဏ်းက နာမည်ကျော် ပကတိနတ်ဘုရားအဆင့် အင်အားစုဖြစ်၍ သိပ်မကြာခင်မှာပင် ကျန်းချန်သည် ရွှယ်ယွိဂိုဏ်း၏ တည်နေရာက မည်သည့်နေရာတွင် ရှိကြောင်း စုံစမ်းသိရှိသွားခဲ့သည်။
ကျန်းချန်က ကောင်းကင်ထက်ကနေ ပျံသန်း၍ နောက်ထပ်၂နာရီ သို့မဟုတ် ၃နာရီကြာ ရှိပြီးနောက်တွင် အဆုံးသတ်၌ တောင်တစ်လုံး ဆီသို့ ရောက်ရှိလာခဲ့၏။
ထိုတောင်၏ ပုံသဏ္ဌာန်က အလွန်တရာပင် ထူးဆန်းသည်။
အဝေးကနေကြည့်လျှင် အထက်သို့ ပျံသန်းနေသော လျှို့ဝှက်ဆန်းကြယ် ငှက်တစ်ကောင်နှင့် ဆင်တူ၏။
တောင်ထွတ် တစ်ခုလုံးတွင်လည်း သန့်ရှင်းစင်ကြယ်သော လေးနက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"
သူ၏ရှေ့တွင် ရှိနေသော တောင်ထွတ်ကို ကြည့်ကာ ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါး ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။
"ဂိတ်တံခါးဖွင့်စမ်း"
"ဘယ်က မလောက်လေး မလောက်စားကောင်လေးလဲ.. အတင့်ရဲလှချည်လား.. မင်းကိုကြည့်ရတာ သေခြင်းတရားကိုရှာဖွေနေတဲ့ပုံပဲ"
ဂိတ်တံခါးဝကို စောင့်ကြပ်နေသော တပည့်နှစ်ဦးက ကျန်းချန်ကို အော်ငေါက်လိုက်သည်။
ရွှယ်ယွိဂိုဏ်းသည် မြောက်ဘက်အရပ်ရှိ မိုင်သန်းပေါင်းများစွာ ဧရိယာတွင် အင်အားအကောင်းဆုံး ပကတိနတ်ဘုရားအဆင့် အင်အားစုများထဲမှတစ်စု ဖြစ်သည်။
အဆင့်မြင့် ပကတိနတ်ဘုရားများပင်လျှင် ရွှယ်ယွိဂိုဏ်းကို မရိုင်းစိုင်းဝံ့ပေ။
သူတို့၏ရှေ့တွင် ရှိသော မလောက်လေး မလောက်စားကောင်လေးသည် ရွှယ်ယွိဂိုဏ်း၏ ကြီးမြတ်မှုကို စော်ကားရန် မည်သည့်နေရာကနေ သတ္တိရလာခဲ့သလဲ ဆိုသည်ကို သူတို့ အမှန်တကယ် မသိတော့ပေ။
"ငါက သေခြင်းတရားကိုရှာဖို့ ရောက်လာတာ မဟုတ်ဘူး.. လူတစ်ယောက်ကို ရှာဖို့ ရောက်လာတာပဲ"
ကျန်းချန်က ထိုနှစ်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ မသေချင်ဘူးဆိုရင် မင်းတို့ ဂိုဏ်းခေါင်းဆောင်ကို ထွက်လာပြီး ငါနဲ့ချက်ချင်း လာတွေ့ခိုင်းလိုက်"
"မောက်မာလှချည်လား.. ငါတို့ရွှယ်ယွိဂိုဏ်းက မင်းရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့နေရာ မဟုတ်ဘူး သေဖို့သာ ပြင်ထားလိုက်တော့"
ရွှယ်ယွိဂိုဏ်း၏ တပည့်နှစ်ဦးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"အဆင်အခြင်မဲ့တဲ့ လုပ်ရပ်ပဲ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ညှိုးထိပ်ကနေ ဓားစွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ရွှယ်ယွိဂိုဏ်းမှ တပည့်နှစ်ဦးသည် ရုတ်တရက် ရေခဲကန်ထဲသို့ ပြုတ်ကျသွားသလို အေးစိမ့်သောခံစားချက်ကို ခံစားလိုက်ရသည်။
သူတို့ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ဓားစွမ်းအင်သည် သူတို့နှစ်ဦး၏ လည်ချောင်းကို ဖြတ်သန်းသွားခဲ့ပြီး ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှယ်ယွိဂိုဏ်းမှ တပည့်နှစ်ဦး၏ လည်ချောင်းများတွင် သွေးများ ပန်းထွက်လာခဲ့၏။
နှစ်ယောက်စလုံးက မျက်လုံးများ ပြူးကျယ်စွာဖြင့် ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြသည်။
ဓားစွမ်းအင် အရှိန်အဝါကို ခံစားမိလျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် ဂိတ်တံခါးဆီသို့ အလျင်အမြန်ပင် ပြေးလာခဲ့ကြသည်။
မြေပြင်ပေါ်သို့ လဲကျသွးသော တပည့်နှစ်ဦးကို မြင်လျှင် သူတို့၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ရွှယ်ယွိဂိုဏ်းကိုတောင် ရမ်းကားရဲတယ်"
ရွှယ်ယွိဂိုဏ်းက တပည့်သုံးဦးက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူတို့ ရွှယ်ယွိဂိုဏ်းသည် နာမည်ကျော် ပကတိနတ်ဘုရားအင်အားစုတစ်စု ဖြစ်ပြီး မည်သူကမျှ ပြဿနာ မရှာဝံ့ကြပေ။
သူတို့ရှေ့မှ ကောင်လေးကမူ ရွှယ်ယွိဂိုဏ်း၏ ဂိတ်တံခါး ဆီသို့ ရောက်ရှိလာခဲ့ပြီး ဂိတ်တံခါးစောင့် တပည့်များကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။
ဤသည်က အလွန်ပင် ရိုင်းပြသော လုပ်ရပ်ပင် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ငါဘယ်သူလဲဆိုတာ သိဖို့ မင်းတို့က ထိုက်တန်မှုမရှိဘူး.. ငါနောက်ဆုံးတစ်ခွန်း ထပ်ပြောမယ် မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ထွက်လာပြီး ငါ့ကိုချက်ချင်း လာတွေ့ခိုင်းလိုက်"
"ဟမ့် မင်းက သိပ်ကို လေလုံးထွားနေတာပဲ.. ငါတို့ ဂိုဏ်းခေါင်းဆောင်က မင်းတွေ့ချင်တိုင်း တွေ့နိုင်တဲ့သူ မဟုတ်ဘူး မင်းဘယ်သူပဲ ဖြစ်နေပါစေ.. ငါတို့ ရွှယ်ယွိဂိုဏ်းမှာ ရမ်းကားဝံ့ရင်တော့ ဒီနေ့ အသက်ရှင်လျက် ပြန်သွားဖို့ စိတ်မကူးနဲ့တော့"
ထိုအချိန်မှာပင် အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် လေထဲကနေ ပျံသန်းလာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ရွှယ်ယွိဂိုဏ်း၏ တပည့်များရှေ့သို့ ဆင်းသက်လာခဲ့သည်။
"အစ်ကိုပိုင် ရောက်လာပြီ"
ရွှယ်ယွိဂိုဏ်းမှ တပည့်များသည် သူတို့ရှေ့ကို ရောက်လာသော ပုံရိပ်ကိုမြင်လျှင် အလွန်တရာ ရိုသေသော အမူအရာများ မျက်နှာထက်တွင် ဖြစ်ပေါ်လာကြသည်။
ပိုင်ချိုးဟန်သည် ရွှယ်ယွိဂိုဏ်း၏ နံပါတ်(၁)တပည့် ဖြစ်ပြီး ရွှယ်ယွိဂိုဏ်း၏ လူငယ်မျိုးဆက်တွင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့် တစ်ဦးတည်းသော အနှိုင်းမဲ့ ပါရမီရှင်လည်း ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ပိုင်ချိုးဟန်.. ငါတို့မတွေ့တာကြာပြီ.. နေကောင်းတယ်မဟုတ်လား"
အနည်းငယ် ရင်းနှီးနေသော လေသံကိုကြားလျှင် အဖြူရောင် ဝတ်စုံဝတ်လူငယ်သည် ကျန်းချန်ကို စူးစမ်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
သိပ်မကြာခင်မှာပင် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
"ကျန်းချန် ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ.. နတ်ဘုရားနယ်မြေမှာ မင်းကို ဒီလောက်အထိ မြန်မြန်တွေ့ရလိမ့်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ပိုင်ချိုးဟန်.. ဒီနေ့ ငါမင်းတို့ ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ချင်တယ်.. သူ့ကို မြန်မြန်ငါနဲ့ လာတွေ့ခိုင်းလိုက်"
"ကျန်းချန်.. ငါတို့ ဂိုဏ်းခေါင်းဆောင်က မင်းနဲ့ လာတွေ့ရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ.. မင်းက ငါတို့ ရွှယ်ယွိဂိုဏ်းရဲ့ နယ်မြေမှာ ရွှယ်ယွိဂိုဏ်းရဲ့ တပည့်ကို သတ်ပစ်လိုက်တယ်.. ဒီနေ့ ငါမင်းကိုသတ်ပြီး ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ရမယ်"
ပိုင်ချိုးဟန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ မျက်ဝန်းတွင် ထက်ရှသော အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် သူသည် ကျန်းချန်ကြောင့် အရှက်တကွဲ ထွက်ပြေးခဲ့ရရုံသာမက လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရသည်။
ရွှယ်ယွိဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်တွင် သူ၏ လက်တစ်ဖက်ကို ပြန်လည်ရရှိရန်အတွက် အဖိုးအခများစွာ သုံးစွဲခဲ့ရ၏။
ထို့ကြောင့် ယခုကျန်းချန်ကို ထပ်မံ တွေ့ဆုံရသောအခါ ပိုင်ချိုးဟန်သည် အနာဟောင်းကို သတိရကာ ဒေါသထွက်လာခဲ့သည်။
ယနေ့တွင် ကျန်းချန်ထံ၌ အရှက်ကွဲခဲ့ရမှုကို ၁၀ဆပြန်လည်ရယူမည်ဟု သူ ဆုံးဖြတ်လိုက်၏။
အခန်း(၁၅၆၇)ပြီး၏။
အခန်း(၁၅၆၈)
ပိုင်ချိုးဟန်က အလွန်ပင်အေးစက်သော ရေခဲစွမ်းအားကို ထုတ်ဖော်လိုက်ကာ ဧရာမရေခဲလက်သည်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းထိပ်မှ စွမ်းရည်ဖြင့် ပစ်ခတ်လိုက်ရာ ဧရာမရေခဲလက်သည်းသည် ဝုန်းဟူသော အသံနှင့်အတူ လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
"ပိုင်ချိုးဟန်.. ငါတို့မတွေ့တာ နှစ်အနည်းငယ်ကြာပြီ.. မင်းက ဒီလောက်ပဲ တိုးတက်လာတာလား.. မင်းက အရင်ကတည်းက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ ငါ့ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး.. အခုဆိုရင် ပိုလို့တောင် ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့ဘူး"
ပိုင်ချိုးဟန်၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မထီမဲ့မြင် လှောင်ပြောင်သံသည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ လှောင်ပြောင်သံကိုကြားလျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် အသက်ကို ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်ကြတော့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရွှယ်ယွိဂိုဏ်း၏ ပါရမီရှင် ၁၀ဦးကျော်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြပြီး အဆုံးသတ်တွင် ပိုင်ချိုးဟန်ပင်လျှင် လက်တစ်ဖက် ဆုံးရှုံးကာ ပြန်ရောက်လာခဲ့သည်။
ထိုဖြစ်ရပ်သည် ရွှယ်ယွိဂိုဏ်း တစ်ဂိုဏ်းလုံးကို အတော်လေးစိတ်ဝင်စားစေခဲ့၏။
သူတို့၏ ရှေ့တွင် ရှိသော ကောင်လေးသည် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေတွင် ပိုင်ချိုးဟန်ကို အနိုင်ယူခဲ့သောသူ ဖြစ်နိုင်ပါသလော။
"ကျန်းချန် မင်းသိပ်ပြီးမောက်မာမနေနဲ့.. ဒီနေ့ ငါမင်းကို ကျိန်းသေ သတ်ပစ်မယ်"
ပိုင်ချိုးဟန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ရေခဲဥပဒေသ စွမ်းအားကို ထုတ်ဖော်ကာ နတ်လေးတစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်သည်။
ထို့နောက်တွင် ပိုင်ချိုးဟန်က လေးကြိုးကို ဆွဲ၍ ကျန်းချန်ဆီသို့ မြားတစ်စင်းကို ပစ်ခွင်းလိုက်၏။
ချက်ချင်းဆိုသလိုပင် ရေခဲမြားသည် ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး လေထုထဲတွင် ဧရာမရေခဲမြားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒီတိုက်ကွက်ပဲလား.. နှစ်အနည်းငယ်ကြာသွားတာတောင် မင်းမှာ တိုက်ကွက်အသစ်တွေ မရှိတော့ဘူးလား"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်း၍ မီးတောက်တစ်ခုကို ထုတ်ဖော်လိုက်ကာ ရေခဲမြားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကျန်းချန်၏ မီးတောက်များအောက်တွင် ဧရာမ ရေခဲများသည် အစအနပင် မကျန်ရှိတော့သည် အထိ ပြိုပျက်သွားခဲ့သည်။
ပိုင်ချိုးဟန်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲကနေ အောက်သို့ပြုတ်ကျသွားခဲ့၏။
အဆုံးသတ်တွင် အောက်ဘက်ရှိ သစ်တောထဲ၌ မီတာ ရာဂဏန်းအကျယ်အဝန်းရှိ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပိုင်ချိုးဟန်၏ ခန္ဓာကိုယ်က ထိုတွင်းနက်ကြီးထဲတွင် ရှိနေခဲ့ပြီး သေသလားရှင်သလား အတိအကျ မသိရပေ။
"အစ်ကိုပိုင်က ဒီလိုပဲ ရှုံးနိမ့်သွားတယ်လား"
ထိုမြင်ကွင်းကိုမြင်လျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ နံပါတ်(၁) တပည့်ဖြစ်သူ ပိုင်ချိုးဟန်သည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူ၏ တိုက်ကွက်ကို မည်သို့မှ မတားဆီးနိုင်ခဲ့ပေ။
"ဒီကောင်ရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ"
"ရွှယ်ယွိဂိုဏ်းခေါင်းဆောင်.. ခင်ဗျား မထွက်လာသေးဘူးဆိုရင် ငါဒီနေ့ ရွှယ်ယွိဂိုဏ်း တစ်ဂိုဏ်းလုံးကို အမှုန့်ခြေပစ်မယ်"
ပိုင်ချိုးဟန်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ယွိဂိုဏ်း၏ နက်နဲသောနေရာဆီသို့ လှမ်းကြည့်လိုက်သည်။
သူ၏ မောက်မာသောလေသံသည် ရွှယ်ယွိဂိုဏ်း တစ်ခုလုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်လေး.. ငါတို့ရွှယ်ယွိဂိုဏ်းကို မင်းစိတ်တိုင်းကျ ရမ်းကားနိုင်တဲ့ နေရာများမှတ်နေလား.. ကောင်လေး မင်းက ငါ့ရဲ့တပည့်ကို သတ်လိုက်တဲ့အတွက် မင်းရဲ့ အသက်ကို ရွှယ်ယွိဂိုဏ်းမှာပဲ ထားခဲ့ရလိမ့်မယ်"
"..............."
ဒေါသတကြီး ကြုံးဝါးသံသည် ရွှယ်ယွိဂိုဏ်း၏ အတွင်းဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် သတ်ဖြတ်လိုသော အရှိန်အဝါများနှင့်အတူ ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေသော ပုံရိပ်လေးခုသည် အဆင့်မြင့် ပကတိနတ်ဘုရား၏ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ရွှယ်ယွိဂိုဏ်းနဲ့မင်းက ဘာရန်ငြိုးရန်စမှလဲ မရှိဘူး.. ဘာအတွက်နဲ့ ရွှယ်ယွိဂိုဏ်းမှာ သောင်းကြမ်းနေရတာလဲ"
ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို အကဲဖြတ်လိုက်ပြီးနောက်တွင် အေးစက်စက် ရေရွတ်လိုက်သည်။
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
"မင်းက ရွှယ်ယွိဂိုဏ်းရဲ့ ခေါင်းဆောင်လား"
"ဟုတ်တယ်.. ငါက ရွှယ်ယွိဂိုဏ်းရဲ့ခေါင်းဆောင် ယွီချင်းဖန်ပဲ"
ယွီချင်းဖန်က အေးစက်စက် ပြန်ဖြေလိုက်သည်။
"ကောင်လေး ဒီနေ့ ကိစ္စကို ကျေနပ်လောက်တဲ့ အထိ ဖြေရှင်းချက် မပေးနိုင်ရင် အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့"
"ငါ ဒီနေ့ရွှယ်ယွိဂိုဏ်းကို လာခဲ့တာက လူတစ်ယောက် အတွက်ပဲ"
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ယွီ.. ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့် တပည့်ကျန်းချန်ပဲ.. မကြာသေးခင်က ငါ့ရဲ့ လက်ချက်နဲ့ ဒဏ်ရာရရှိသွားတဲ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူတစ်ဦးကို မင်းတို့ ရွှယ်ယွိဂိုဏ်းက အဆင့်မြင့်ပကတိနတ်ဘုရား တစ်ပါးက ကယ်တင်သွားခဲ့တယ်.. ငါရှည်ရှည်ဝေးဝေး မပြောချင်ဘူး.. သွေးလမင်းကုန်းမြေက ကျင့်ကြံသူကို ငါ့ဆီ လွှဲပေးပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ယွီချင်းဖန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"လက်စသတ်တော့ ရှေးဟောင်းနဂါး မျိုးနွယ်စုက မာနနဂါးအဆင့်ပါရမီရှင် ကျန်းချန် ဖြစ်နေတာကိုး"
ယွီချင်းဖန်က အလျင်အမြန်ပင် ကျန်းချန်ကို အရိုအသေပြုကာ ပြုံး၍ ပြောလိုက်သည်။
"ဆရာကျန်းချန်.. မင်းနဲ့ငါတို့ဂိုဏ်းရဲ့ ကြားမှာ နားလည်မှု လွဲနေပြီထင်တယ်.. ငါတို့ရွှယ်ယွိဂိုဏ်းက ဆရာကျန်းချန် ရှာနေတဲ့သူကို ဘယ်လိုလုပ်ပြီး ကယ်တင်ရဲမှာလဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က သူ၏မျက်ခုံးများကို ပင့်တင်လိုက်သည်။
"သေချာရဲ့လား"
ယွီချင်းဖန်က လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
"သေချာပါတယ်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်အနေနဲ့ ငါတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေက လူတွေနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းရမှာလဲ"
"မင်းက ငြင်းနေပေမဲ့လည်း ငါရထားတဲ့ သတင်းက အခြေအမြစ် မရှိတာတော့ မဟုတ်ပါဘူး"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့်ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုလည်း ငါ့ကို ရွှယ်ယွိဂိုဏ်းထဲ ဝင်ပြီး ရှာဖွေခွင့်ပေးပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ယွီချင်းဖန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဆရာကျန်းချန်.. ကျွန်တော်က ဆရာကျန်းချန်ကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦးအနေနဲ့ ရိုသေလေးစားမှု ရှိပါတယ်.. ဒါပေမဲ့ ရွှယ်ယွိဂိုဏ်းရဲ့ဂုဏ်သိက္ခာအရ ဂိုဏ်းထဲကို တစ်လက်မတောင် ဝင်ရောက်ရှာဖွေခွင့် မပြုနိုင်တာ ခွင့်လွှတ်ပေးပါ"
"ဘာလို့ ငါ့ကို ရှာဖွေခွင့် မပြုနိုင်တာလဲ.. ကြည့်ရတာ ငါရထားတဲ့သတင်းက မှန်ကန်နေပြီ ထင်တယ်"
"ဆရာကျန်းချန် ငါတို့ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေကလူကို မကယ်တင်ခဲ့ပါဘူး.. ဒါ့အပြင် သွေးလမင်းကုန်းမြေနဲ့လည်း ဘယ်တော့မှ ဆက်ဆံရေးမရှိခဲ့ဘူး.. ဆရာကျန်းချန်က ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦး ဖြစ်ပေမဲ့ ငါတို့ရွှယ်ယွိဂိုဏ်းမှာလည်း လျှို့ဝှက်နက်နဲတဲ့ စည်းမျဥ်းတွေ ရှိတယ်.. ဒါ့အပြင် ဆရာကျန်းချန်က ငါတို့ဂိုဏ်းက တပည့်ကိုလည်း သတ်ဖြတ်ခဲ့သေးတယ်.. ဒီကိစ္စကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မျက်နှာနဲ့ ကျော်သွားပေးနိုင်ပေမဲ့ ဂိုဏ်းထဲကို အတင်းအကျပ်ဝင်ပြီး ရှာဖွေဖို့ လုပ်မယ် ဆိုရင်တော့ ငါ့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့"
ယွီချင်းဖန်က ဒေါသတကြီး အမူအရာဖြင့် အော်ဟစ်လိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့ ရွှယ်ယွိဂိုဏ်းသည် သွေးလမင်းကုန်းမြေထံတွင် လျှို့ဝှက် ခိုလှုံခဲ့သည်။
ထို့ကြောင့် နဂါးနက်အင်ပါယာ၏ နန်းတော်တွင် ကျန်းချန်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော ဟန်ကျွယ်ကို သူတို့ရွှယ်ယွိဂိုဏ်းက ကယ်တင်ခဲ့ခြင်းပင်။
မူလက ဟန်ကျွယ်ကို မနက်ဖြန်တွင် သွေးလမင်းကုန်းမြေသို့ ပို့ရန် စီစဥ်ခဲ့သော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုမှ မာနနဂါးအဆင့်တပည့်သည် ဤမျှအထိ အလျင်အမြန် ရောက်ရှိလာမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။
အကယ်၍ ကျန်းချန်သာ ရွှယ်ယွိဂိုဏ်းထဲတွင် ဟန်ကျွယ်ကို ရှာဖွေတွေ့ရှိသွားလျှင် သူတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေထံတွင် ခိုလှုံခဲ့ခြင်းသည် ဖော်ထုတ်ခံရလိမ့်မည် မဟုတ်ပါလား။
ယင်းက ရွှယ်ယွိဂိုဏ်းကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ထို့ကြောင့် ယွီချင်းဖန်သည် ကျန်းချန်ကို ရွှယ်ယွိဂိုဏ်း ထဲသို့ ဝင်ရောက်ခွင့် မည်ကဲ့သို့ အလွယ်တကူ ပြုနိုင်ပါမည်နည်း။
ကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲတွင် ဝင်ရောက်ရှာဖွေရန် အတင်းအကျပ် ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် ကျန်းချန်ကို သတ်ပစ်ရလျှင်ပင် သူက တုံ့ဆိုင်းနေမည် မဟုတ်ပေ။
လူသတ်အရှိန်အဝါများ ထုတ်လွှတ်နေသော ယွီချင်းဖန်ကို ကြည့်ကာ ကျန်းချန်၏ အမူအရာသည် တည်ငြိမ်မှု ရှိနေခဲ့သည်။
"ယွီချင်းဖန်.. ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တပည့်တစ်ဦး ဖြစ်တဲ့အတွက် ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်.. မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုကို ဆန့်ကျင်ချင်နေတာလား"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် အထက်စီးဆန်စွာ ပြောလိုက်သည်။
"မင်းသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ.. ဒီနေ့ ငါကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲကို ဝင်ရောက်ရှာဖွေမှာပဲ"
ယွီချင်းဖန်သာ သူ့ကို ရွှယ်ယွိဂိုဏ်းထဲသို့ ဝင်ရောက် ရှာဖွေခွင့်ပေးခဲ့လျှင် ရွှယ်ယွိဂိုဏ်းသည် သွေးလမင်း ကုန်းမြေနှင့် မည်သို့မှ မပတ်သက်ဟု ယုံကြည်မိမည် ဖြစ်သည်။
သို့ရာတွင် ယခုအခါ ယွီချင်းဖန်က သူ့ကို တားဆီးနေသည်ဖြစ်ရာ မရိုးသားသည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။
ကျန်းချန်က ရွှယ်ယွိဂိုဏ်းထဲသို့ ဝင်ရောက်ရှာဖွေမည်ဟု ပြောပြီးနောက်တွင် ယွီချင်းဖန်နှင့် အခြားသူများကို လျစ်လျူရှုကာ ရွှယ်ယွိဂိုဏ်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
"ကျန်းချန် မင်းဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့"
ကျန်းချန်က သူ့ကို လျစ်လျူရှုခဲ့သည်အား မြင်လျှင် ယွီချင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"သတ်ကြ"
အခန်း(၁၅၆၈)ပြီး၏။
အခန်း(၁၅၆၉)
"ဝုန်း..ဝုန်း..ဝုန်း.."
ယွီချင်းဖန်၏အမိန့်ပေးသံ အဆုံးသတ်သည်နှင့် ပကတိနတ်ဘုရားအဆင့် အကြီးအကဲ၄ဦးသည် ကြောက်မက်ဖွယ်ဥပဒေသ စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
ပကတိနတ်ဘုရား ၄ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် မျက်နှာတစ်ချက် မပျက်ခဲ့ပေ။
သူက ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ သက်သောင့်သက်သာပင် ဆက်လက် လျှောက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲကနေ ဓားဥပဒေသသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ဓားဥပဒေသကို အသုံးပြုကာ သူ၏ လက်ညှိုးကို လေထဲတွင် ၄ကြိမ် လှုပ်ရှားလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါလေးခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ပကတိနတ်ဘုရား ၄ဦးကို ထိမှန်သွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ကောင်းကင်ပြိုလဲမတတ် ပေါက်ကွဲသံသည် ရွှယ်ယွိဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူ ၄ဦးသည် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သတ်ဖြတ်ခံလိုက်ရသည်။
ပကတိနတ်ဘုရား ၄ပါးကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရွှယ်ယွိဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများ၏ အမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ကြသည်။
ဤအချိန်တွင် ယွီချင်းဖန်၏ မျက်လုံးများသည် အလွန်တရာပင် မှောင်မိုက်နေခဲ့၏။
ကျန်းချန်၏ လက်ထဲတွင် ဟန်ကျွယ်က အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် အမှန်တကယ်ပင် နက်နဲလှသည် မဟုတ်ပါလော။
"ကောင်လေး သေဖို့သာ ပြင်ထားလိုက်တော့"
ယွီချင်းဖန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏နတ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ကြောက်မက်ဖွယ်ရာ အစွမ်းထက်သော နတ်စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သော ငှက်တစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
"ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်"
ကျန်းချန်က နတ်ဘုရင်အဆင့် နည်းစနစ်၏ သိုင်းစွမ်းအားအရှိန်အဝါဖြင့် လျှို့ဝှက်ဆန်းကြယ်သောငှက်ကို ဖိနှိပ်လိုက်သည်။
ထိုအခါ လျှို့ဝှက်ဆန်းကြယ်သောငှက်သည် ရုတ်တရက်နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
"သိုင်းစွမ်းအားပုံရိပ်ပါလား"
ယွီချင်းဖန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ ရှေ့မှကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့်တပည့် ဖြစ်ရန် ထိုက်တန်မှုရှိပြီး နယ်မြေ နတ်ဘုရားအဆင့်ထက် မနိမ့်သည့် နည်းစနစ်ကိုပါ ကျင့်ကြံထား၏။
"ယွီချင်းဖန်.. ဒီနေ့ ငါမင်းရဲ့ရွှယ်ယွိဂိုဏ်းကို ရှာဖွေမယ်...ငါ့ကို တားဆီးတဲ့သူ မှန်သမျှကို သတ်ဖြတ်ပစ်မယ်"
ယွီချင်းဖန်၏ တိုက်ခိုက်မှုကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။
"ကျန်းချန် ငါတို့ ရွှယ်ယွိဂိုဏ်းထဲကို လွယ်လွယ်ကူကူနဲ့ ရှာဖွေလို့ ရမယ်လို့များ ထင်နေလား"
ယွီချင်းဖန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ယွီချင်းဖန်သည် လေဥပဒေသ တတိယအဆင့်စွမ်းအားနှင့် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ပေါင်းစပ်ကာ ပေထောင်ချီရှိသော အပြာရောင် ကမ္ဘာငယ်လေးကို ဖန်တီးလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ဤကောင်လေးသည် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အဆင့်မြင့် ပကတိနတ်ဘုရားများထက် မနိမ့်ပေ။
ထို့ကြောင့် ယွီချင်းဖန်က သူ၏ အားအကောင်းဆုံး တိုက်ကွက်ကိုသာ တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး ကျန်းချန်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
"မိုးကြိုးဥပဒေသ"
ကျန်းချန်က ယွီချင်းဖန်၏ အပြာရောင် ကမ္ဘာငယ်လေးကို ရင်ဆိုင်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် သူ၏ ကိုယ်ခံပညာ ဥပဒေသ ၇မျိုးသည် လေထဲတွင် ပျံ့နှံ့သွားခဲ့ပြီး မိုးကြိုးဥပဒေသကို အခြေခံကာ ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နိုင်သော ၇ရောင်ခြယ် မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို၇ရောင်ခြယ်မိုးကြိုး ထွက်ပေါ်လာသည်နှင့် လေထုတစ်ခုလုံးသည် တုန်ယင်နေခဲ့၏။
ကောင်းကင်ယံ အထက်တွင် မည်းမှောင်သော တိမ်တိုက်များဖြင့် ထူထပ်နေခဲ့ပြီး မိုးကြိုးလျှပ်စီးများ တဂျိန်းဂျိန်း ဖြစ်ပေါ်နေခဲ့သည်။
ဤအချိန်တွင် ၇ရောင်ခြယ်မိုးကြိုးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ကပ်ဘေးမိုးကြိုးကဲ့သို့ ဖြစ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကိုသယ်ဆောင်ကာ အပြာရောင်ကမ္ဘာငယ်လေး ဆီသို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံသည် ၁၀မိုင်ပတ်ပတ်လည်ရှိ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေခဲ့၏။
၇ရောင်ခြယ်မိုးကြိုးက အပြာရောင်ကမ္ဘာငယ်လေးကို ထိုးဖောက်သွားခဲ့ပြီး အဆုံးသတ်တွင် ရွှယ်ယွိဂိုဏ်း၏ မြေပြင်ထက်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
ပြင်းထန်သော ပေါက်ကွဲမှုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ရွှယ်ယွိဂိုဏ်း တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
အပြာရောင် ကမ္ဘာငယ်လေးသည် ၇ရောင်ခြယ်မိုးကြိုး ထိမှန်ခံရပြီးနောက်တွင် အဆုံးသတ်၌ ခံနိုင်ရည် မရှိတော့ဘဲ ပေါက်ကွဲထွက်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ထိုပေါက်ကွဲသောနေရာကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားခဲ့သည်။
အနီးအနားတွင် ရှိနေသော ရွှယ်ယွိဂိုဏ်းမှ တပည့်အချို့သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်း၏ အောက်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။
လေထုထဲမှ ယွီချင်းဖန်သည်လည်း ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ပြီး ပါးစပ်ထောင့်ကနေ သွေးများစီးကျလာခဲ့၏။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ အဖွဲ့ဝင်များ အားလုံးသည် လေထုထဲတွင် ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
သူတို့အားလုံးက သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
အထူးသဖြင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်နှင့်ရင်ဆိုင်ခဲ့ရသော ရွှယ်ယွိဂိုဏ်းမှ တပည့်များ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းသော်လည်း သူတို့နှင့် သိပ်အကွာကြီး မဟုတ်ပေ။
သို့သော်လည်း နှစ်အနည်းငယ် မတွေ့ရသောအချိန်မှာပင် ကျန်းချန်သည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရုံသာမက သူတို့၏ ဂိုဏ်းခေါင်းဆောင်ကိုပင် အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ယွီချင်းဖန်.. ရွှယ်ယွိဂိုဏ်းနဲ့ သွေးလမင်းကုန်းမြေက ဘာမှမသက်ဆိုင်ဘူးဆိုရင် ငါဝင်ရှာမှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ"
ကျန်းချန်က ယွီချင်းဖန်ကို အထင်အမြင်သေးစွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
"မင်းငါ့ကို ထပ်ပြီး တားဆီးနေမယ်ဆိုရင် ဒီနေ့ကစပြီး ရှေးဟောင်းနဂါးကုန်းမြေမှာ ရွှယ်ယွိဂိုဏ်းဆိုတာ ရှိတော့မှာမဟုတ်ဘူး"
"အားလုံးပဲ ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဆိုးဆန်လွန်းတယ်.. အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြ"
ယွီချင်းဖန်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသောအရှိန်အဝါကို ဖိနှိပ်လိုက်ပြီး တိုက်ရိုက်ပင် အမိန့်ပေးလိုက်ကာ ပကတိနတ်ဘုရား အပြာရောင်ကမ္ဘာငယ်လေးကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။
ယွီချင်းဖန် အနေဖြင့် သူ၏ရှေ့မှ ကောင်လေးကို သတ်ဖြတ်ရန်မှ တပါး အခြား ရွေးချယ်စရာမရှိပေ။
ယခုအခါတွင် သူတို့သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့် ကျန်းချန်ကို ရင်ဆိုင်နေရခြင်း ဖြစ်၏။
ကျန်းချန်ကို ရှာဖွေခွင့် ပေးလိုက်ပြီး ကျန်းချန်သာ ဟန်ကျွယ်ကို ရှာတွေ့သွားခဲ့လျှင် သူတို့ရွှယ်ယွိဂိုဏ်းနှင့် သွေးလမင်းကုန်းမြေ တို့၏ ပူးပေါင်းမှုသည် လုံးဝ ပေါ်ပေါက်သွားလိမ့်မည် မဟုတ်ပါလော။
ထိုအချိန်သို့ ရောက်လျှင် သူတို့ ရွှယ်ယွိဂိုဏ်းသည် ရှေးဟောင်းနဂါး မျိုးနွယ်စုထံမှ ဒေါသကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ကို သတ်ဖြတ်ခြင်းသည်သာလျှင် ရွှယ်ယွိဂိုဏ်းအတွက် အသက်ရှူရန် အခွင့်အရေး အနည်းငယ် ရရှိနိုင်ပေလိမ့်မည်။
"သတ်ကြ"
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် ၎င်းတို့၏ အင်အားကို အကုန်အစင် ထုတ်သုံးကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း.."
ကောင်းကင်ယံတွင် စွမ်းအားများ ပေါက်ကွဲသံသည် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
မိုးကြိုးလျှပ်စီးများနှင့် မီးတောက်များက လေထုထဲတွင် ပြည့်နှက်နေခဲ့၏။
ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုအောက်တွင် လေထုပင် ကွဲအက်မလို ဖြစ်နေခဲ့သည်။
ဥပဒေသ အမျိုးမျိုး၏ စွမ်းအားများကြောင့် ကောင်းကင်ယံက ရှုပ်ထွေးနေခဲ့၏။
"ငါပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးကတည်းက ဘယ်သူကမှ ငါ့ကို ပကတိနတ်ဘုရား ကမ္ဘာငယ်လေး ထုတ်ဖော်ဖို့အတွက် ဖိအားမပေးနိုင်ခဲ့ဘူး.. ဒီနေ့တော့ ငါ့ရဲ့ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို မင်းတို့ အမြင်ကျယ်အောင် ပြရသေးတာပေါ့"
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား ၁၀ဦးကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်လိုက်သည်။
သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အပြည့်အဝ လှုံ့ဆော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကိုလည်း အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင် နတ်စွမ်းအားနှင့် သူ၏ ကိုယ်ခံပညာဥပဒေသ၇မျိုး စွမ်းအားကို ပေါင်းစပ်လိုက်ရာ ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။
ထိုကမ္ဘာငယ်လေး၏ အတွင်းပိုင်း အခြေအနေကို မမြင်ရသော်လည်း ထိုကမ္ဘာငယ်လေးသည် ကြောက်မက်ဖွယ် ကောင်းလွန်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"သတ်"
ကျန်းချန်က သူ၏ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေးကို လှုံ့ဆော်လိုက်ပြီး ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား ၁၀ဦးကျော်ကို ရင်ဆိုင်လိုက်သည်။
အခန်း(၁၅၆၉)ပြီး၏။