အခန်း (၁၅၇၀-၁၅၇၂)
Vol. 105 Ch. 1570-1572
အခန်း(၁၅၇၀)
ကျန်းချန်၏ ရောင်စုံတောက်ပနေသော ပကတိနတ်ဘုရားကမ္ဘာငယ်လေးနှင့် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်တို့၏ စွမ်းအားများ ထိပ်တိုက် ဆုံတွေ့မိလျှင် ချက်ချင်းဆိုသလို နေနှင့်လသည် ဗြောင်းဆန်သွားခဲ့ပြီး လေထုတစ်ခုလုံးပင် ကွဲကြေသွားခဲ့သည်။
ရွှယ်ယွိဂိုဏ်း၏ အထက် ကောင်းကင်ယံက ကွဲကြေသွားသကဲ့သို့ဖြစ်နေခဲ့ပြီး ရေတွက်၍မရနိုင်သော ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်းများသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားခဲ့သည်။
ထိုအားကောင်းသော ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းသည် ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာကိုပင် သက်ရောက်မှု ရှိခဲ့သည်။
ရွှယ်ယွိဂိုဏ်းမှ အားနည်းသော ကျင့်ကြံသူအချို့သည် သွေးများအန်ကာ သေဆုံးသွားခဲ့ကြသည်။
လေထုထဲရှိ ရွှယ်ယွိဂိုဏ်း၏ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ယင်သွားခဲ့သည်။
ကျန်းချန်၏ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး၏ ဖိနှိပ်မှုအောက်တွင် သူတို့အားလုံးသည် ဖြူဖပ်ဖြူရော်အမူအရာဖြင့် ရုန်းကန်နေကြရသည်။
သို့သော် အဆုံးသတ်တွင် သူတို့သည် အချိန်ကြာကြာ တောင့်မခံနိုင်ခဲ့ကြပေ။
ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရားများ ထဲတွင် အားအနည်းဆုံးဖြစ်သော ကျင့်ကြံသူ၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေးတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းသည် ပကတိနတ်ဘုရားကမ္ဘာငယ်လေးပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဝုန်းဟူသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့ပြီး လေထဲတွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ပကတိနတ်ဘုရားတစ်ပါး သေဆုံးပြီးသည်နှင့် သိပ်မကြာမီမှာပင် ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။
ပေါက်ကွဲသံများက ကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့ပြီး ပကတိ နတ်ဘုရားများ၏ သွေးစက်များသည် မိုးရေစက်များကဲ့သို့ လေထုထဲကနေ ကျဆင်းလာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ရွှယ်ယွိဂိုဏ်းမှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် ကျဆုံးသွားခဲ့သည်။
ယွီချင်းဖန်နှင့် ပကတိနတ်ဘုရားအဆင့် ၃ပါးသာလျှင် ကျန်ရှိတော့ပြီး ၎င်းတို့သည်လည်း ရုန်းကန်နေကြရသည်။
သူတို့ ၄ဦးစလုံး၏ အဝတ်အစားများသည် သွေးရောင်များပင် ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။
သူတို့က စွမ်းအားများကို အကန့်အသတ်အထိ ထုတ်ဖော်ကာ သူတို့၏ ဦးခေါင်းထက်မှ ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေးကို ဖြိုခွဲရန် အရူးအမူး ကြိုးစားနေခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် ထိုက်စန်းတောင်ကဲ့သို့ပင် တည်ငြိမ်စွာ ရှိနေခဲ့သည်။
သိပ်မကြာခင်မှာပင် ရောင်စုံတောက်ပနေသော ကမ္ဘာငယ်လေး၏ ဖိအားအောက်တွင် ထို၄ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပူပေါင်းကဲ့သို့ တဖြည်းဖြည်း ဖောင်းကားလာခဲ့သည်။
ဤအခိုက်အတန့်တွင် ယွီချင်းဖန်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဘိုးဘေး.. ကျွန်တော့်ကို ကယ်ပါဦး"
ယွီချင်းဖန်၏ အကူအညီတောင်းသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှယ်ယွိဂိုဏ်း တစ်ခုလုံးသည် ရုတ်တရက် ငလျင်လှုပ်သလို တုန်ယင်သွားခဲ့သည်။
မကြာခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသောအင်အားတစ်ရပ်သည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး မိုင်ရာချီဧရိယာကို လွှမ်းခြုံသွားခဲ့သည်။
အဆင့်မြင့်ပကတိနတ်ဘုရား ပင်လျှင် ထိုကဲ့သို့ စွမ်းအားကို ရင်ဆိုင်ရသောအခါဝယ် ဦးညွှတ်ချင်စိတ်ကို ထိန်းချုပ်နိုင်မည် မဟုတ်လောက်ပေ။
ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက်ကျဥ်းမြောင်းသွားခဲ့သည်။
"ဒါက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါပဲ"
"ဝုန်း.."
ကျန်းချန်က စိတ်နှလုံးထဲတွင် တုန်လှုပ်နေသော အချိန်မှာပင် ရွှယ်ယွိဂိုဏ်း၏ အတွင်းကနေ သွေးရောင်နတ်ဓားအလင်းတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုသွေးရောင် နတ်ဓားအလင်းသည် ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုသွေးရောင်နတ်ဓားသည် လေထုကို ဖြတ်သန်းလာခဲ့ပြီး ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
အရာအားလုံးကို နှိမ်နင်းနိုင်ခဲ့သော ကျန်းချန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် သွေးရောင် နတ်ဓားအလင်းကို မခုခံနိုင်ဘဲ ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။
ကျန်းချန်သည်လည်း သွေးရောင် နတ်ဓားအလင်း၏ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် တုန်ယင်သွားခဲ့ပြီး မီတာထောင်ချီ အကွာအဝေးသို့ နောက်ပြန်လွင့်စင်သွားခဲ့သည်။
ကျန်းချန်က ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ရွှယ်ယွိဂိုဏ်း၏ နက်ရှိုင်းသော နေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
ရွှယ်ယွိဂိုဏ်းထဲကနေ ထွက်ပေါ်လာသော သွေးရောင်ဓားအလင်းသည် ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကိုပင် ဖျက်ဆီးနိုင်ခဲ့သည်။
ဤသို့သော စွမ်းအားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်တွင် ရှိသော ကျင့်ကြံသူများသာ ဖော်ထုတ်နိုင်သောစွမ်းအား ဖြစ်၏။
"ရွှယ်ယွိဂိုဏ်းမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရှိနေမယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီးနောက်တွင် ရွှယ်ယွိဂိုဏ်း၏ နက်ရှိုင်းသောနေရာဆီသို့ စူးစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဒီအခြေအနေအထိ ရောက်မှတော့ ခင်ဗျားလည်း ထွက်လာသင့်ပြီ ထင်တယ်"
ကျန်းချန်၏ စကားဆုံးသည်နှင့် သွေးအလင်းတစ်ခုသည် ရွှယ်ယွိဂိုဏ်း၏ အတွင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ် ပိန်ပါးပါး အဘိုးအို တစ်ဦးသည် ထိုသွေးအလင်းထဲကနေ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်၏ ကြီးမြတ်မှုများ ပါဝင်သော အသံတစ်သံသည် ရွှယ်ယွိဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ငါ့ရဲ့ ရွှယ်ယွိဂိုဏ်းကိုတောင် ဒီအခြေအနေထိ ဖိအားပေးနိုင်တယ် ဆိုတော့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာနနဂါးအဆင့်တပည့်က ဘယ်ဆိုးလို့လဲ"
အောက်ဘက်ရှိ ရွှယ်ယွိဂိုဏ်းမှ စိတ်ပျက်အားငယ်နေသော တပည့်များသည် ပိန်ပါးပါး အဘိုးအိုကိုမြင်လျှင် ၎င်းတို့၏ မျက်ဝန်းထက်၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။
"ဒါက ငါတို့ရဲ့ ဘိုးဘေး ယွီချီကြွယ်ပဲ.. ဘိုးဘေးက အသက်ရှင်နေသေးတယ်လား"
ယွီချီကြွယ်သည် ရွှယ်ယွိဂိုဏ်း၏ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူက လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းခန့်ကပင် အဆင့်မြင့်ပကတိနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။
သူက ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သော်လည်း အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် မအောင်မြင်ခဲ့ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ယွီချီကြွယ်သည် သူ၏ နောက်ဆုံးရက် သတ်မှတ်ချက်က နီးကပ်လာသည်ကို မြင်သောကြောင့် တံခါးပိတ်ကာ အရူးအမူး ကျင့်ကြံခဲ့သည်။
ထိုအချိန်မှစ၍ ရွှယ်ယွိဂိုဏ်းတွင် ယွီချီကြွယ်၏ သတင်းကို မကြားရတော့ပေ။
ယွီချီကြွယ်က သေဆုံးသွားလောက်ပြီဟု အားလုံးက ထင်မှတ်ခဲ့ကြသော်လည်း ရွှယ်ယွိဂိုဏ်း အခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့ရသော အခိုက်အတန့်တွင် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ယနေ့တွင် သူတို့၏ ဘိုးဘေး ယွီချီကြွယ်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှား၏။
ယွီချီကြွယ် ထွက်ပေါ်လာမှုသည် သူတို့ ရွှယ်ယွိဂိုဏ်းကို အဆုံးသတ်တွင် ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါလော။
"ဘိုးဘေး အောင်မြင်ခဲ့ပြီလား"
ယွီချီကြွယ်ကြောင့် ကယ်တင်ခံခဲ့ရသော အဆင့်မြင့်ပကတိနတ်ဘုရားသည် ယွီချီကြွယ်ကို လှမ်းကြည့်ကာ ဝမ်းသာသောလေသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ် ငါကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ"
ထိုစကားကိုကြားလျှင် ယွီချင်းဖန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူတို့သည် သွေးလမင်းကုန်းမြေနှင့် လျှို့ဝှက် ပူးပေါင်းခဲ့ကြသည်။
သွေးလမင်းကုန်းမြေသည် သူတို့၏ဘိုးဘေး ဖြစ်သည့် ယွီချီကြွယ်ကို ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ ထိုးဖောက်နိုင်ရန် ပံ့ပိုးပေးခဲ့ပြီး အဆုံးသတ်တွင် အောင်မြင်ခဲ့ပြီဖြစ်၏။
"ခင်ဗျားတို့ ရွှယ်ယွိဂိုဏ်းက သွေးလမင်းကုန်းမြေနဲ့ လျှို့ဝှက်ပူးပေါင်းနေတာ တကယ်ပဲ ဖြစ်ပုံရတယ်.. ခင်ဗျားက သွေးလမ်းစဥ်ကို မကျင့်ကြံပေမဲ့ သွေးဥပဒေသရဲ့ မူလစွမ်းအားနဲ့ ကမ္ဘာ့စွမ်းအားကို ပြောင်းလဲခဲ့တယ်.. ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ခင်ဗျားက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ဖို့ သွေးလမင်းကုန်းမြေကနေ သွေးဥပဒေသ မူလစွမ်းအားအချို့ကို ရရှိခဲ့တာပဲ ဖြစ်ရမယ်.. ခင်ဗျားက ဖြတ်လမ်းနည်းနဲ့ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့တဲ့ အတွက် ခင်ဗျားရဲ့စွမ်းရည်က တကယ့် ကောင်းကင်နတ်ဘုရားလောက်တော့ အစွမ်းထက်မှာ မဟုတ်ဘူး"
ကျန်းချန်က ယွီချီကြွယ်ကို အကဲခတ်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။
"ကောင်လေး မင်းရဲ့အမြင်က မဆိုးဘူးပဲ.. ငါက တကယ့်ကောင်းကင်နတ်ဘုရားထက် ၃ပုံ ၁ပုံလောက် အားနည်းတယ်ဆိုပေမဲ့ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူပဲ.. မင်းလို ပကတိနတ်ဘုရား နယ်ပယ်အဆင့်က ပုရွက်ဆိတ်ကို သတ်ဖြတ်ဖို့ကတော့ လုံလောက်တာထက်တောင် ပိုပါသေးတယ်"
ယွီချီကြွယ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
တစ်ခဏ အတွင်းမှာပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့်တစ်ယောက် ဖြစ်သည်။
ထိုကောင်လေးသည် သူတို့ ရွှယ်ယွိဂိုဏ်းနှင့် သွေးလမင်းကုန်းမြေ ပူးပေါင်းမှုကို သိရှိသွားခဲ့ပြီ ဖြစ်၏။
ထိုကောင်လေးသာ ရှေးဟောင်းနဂါး မျိုးနွယ်စုကို သတင်းပို့လိုက်လျှင် သူတို့ရွှယ်ယွိဂိုဏ်းသည် အန္တရာယ် ကျရောက်မည်မှာ ဧကန်မလွဲပင်။
ထို့ကြောင့် ယွီချီကြွယ်က လုံးဝ တုံ့ဆိုင်းမနေခဲ့ဘဲ သူ၏လက်ဖဝါးကို အနည်းငယ် မြှောက်လိုက်ကာ လက်ချောင်းထိပ်ကနေ သွေးဓားအလင်း တစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုသွေးဓားအလင်းသည် ၃ပေခန့် ရှည်လျားပြီး အနှိုင်းမဲ့စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။
၎င်းက လေထုကို ထိုးခွဲကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
အခန်း(၁၅၇၀)ပြီး၏။
အခန်း(၁၅၇၁)
ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ဥပဒေသ ၇မျိုးကို ပေါင်းစပ်ကာ ဟန်ယွမ်ဓားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ဟန်ယွမ်ဓားဖြင့် ၇ရောင်ခြယ် တောက်ပနေသော ဓားအလင်း တစ်ခုကို ထုတ်လွှတ်လိုက်၏။
"ဝုန်း.."
၇ရောင်ခြယ် ဓားအလင်းသည် ကမ္ဘာကိုပင် ထိုးဖောက်သွားခဲ့ပြီး သွေးရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့မိသွားခဲ့သည်။
ပြိုင်ဘက်ကို အမြဲတစေ ဖြိုခွင်းနိုင်ခဲ့သော ကျန်းချန်၏ ၇ရောင်ခြယ်ဓားအလင်းသည် သွေးရောင်ဓားအလင်းနှင့် ရင်ဆိုင်မိလျှင် ချက်ချင်းပင် ပြိုပျက်သွားခဲ့၏။
ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ဟန်ယွမ်ဓားကို အလျင်အမြန် ဝှေ့ယမ်းကာ ဓားကွက်နှစ်ကွက်ကို ဆက်တိုက်ဆိုသလို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ဝုန်း.. ဝုန်း.."
၇ရောင်ခြယ်ဓားအလင်း၂ခုက သွေးရောင်ဓားအလင်းနှင့် ထိပ်တိုက် ဆုံတွေ့မိသွားပြီးနောက်တွင် လေထုထဲ၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော လေထုအက်ကွဲကြောင်းများပင် ဖြစ်ပေါ်သွားခဲ့သည်။
ဓားကွက်သုံးကွက်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ပြီးနောက်တွင် ယွီချီကြွယ်၏ သွေးရောင်ဓားအလင်းသည် အဆုံးသတ်တွင် လေထုထဲ၌ ပြိုကွဲကာ ပျံ့နှံ့သွားခဲ့သည်။
"ဒါက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို အားကောင်းလွန်းတာပဲ"
ကျန်းချန်က ပေ၁၀၀၀ အကွာရှိ ယွီချီကြွယ်ကို စူးစိုက်ကြည့်ကာ စိတ်နှလုံးထဲကနေ ရေရွတ်လိုက်သည်။
အစောပိုင်းက သွေးရောင်ဓားအလင်းသည် ယွီချီကြွယ် ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်သော ဓားအလင်း တစ်ခုမျှသာဖြစ်သည်။
သို့သော်လည်း ထိုဓားအလင်းကို သူက ဓားကွက်၃ကွက် ဆက်တိုက် ထုတ်ဖော်မှသာလျှင် ခုခံနိုင်ခဲ့သည်။
"အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့်နဲ့ ကိုယ်ခံပညာဥပဒေသ၆မျိုးကို တတိယအဆင့်အထိတောင် နားလည်ထားပါလား.. ရှေးဟောင်းနဂါးကုန်းမြေမှာ ဒီလို ပါရမီရှင်တစ်ယောက် ဘယ်အချိန်ကတည်းက ထွက်ပေါ်ခဲ့တာလဲ"
ကျန်းချန်က သူ၏ဓားအလင်းကို တားဆီးနိုင်သည်အား မြင်လျှင် ယွီချီကြွယ်၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို အထင်အမြင်သေးစွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
"မင်းရဲ့ပါရမီက မဆိုးတဲ့အတွက် အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်.. မင်းအနေနဲ့ ငါ့ကို အညံ့ခံမယ်ဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"မင်းက ဖြတ်လမ်းနည်းနဲ့ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ.. ငါ့ကို အညံ့ခံခိုင်းဖို့ မင်းက ထိုက်တန်မှု ရှိတယ်လို့များ ထင်နေလား"
"မင်းလို ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်ရမှာ နှမြောစရာပဲ"
ကျန်းချန်က သူ၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့သည်ကိုမြင်လျှင် ယွီချီကြွယ်သည် ခေါင်းခါရမ်းလိုက်သည်။
ထို့နောက် သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
"ဝုန်း.."
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက လေထုထဲတွင် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်ကိုပင် ဆွဲဖြဲနိုင်သော ဧရာမလက်ဝါးအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ထိုလက်ဝါး ထွက်ပေါ်လာသည်နှင့် လေထုထဲတွင် လေဟာနယ် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက နတ်ခန္ဓာပုံရိပ်၊ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၊ ရောင်စုံတောက်ပနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေး စသည့် စွမ်းအားများ အားလုံးကို ထုတ်ဖော်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
သို့သော် သူက အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင် ယွီချီကြွယ်၏ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် စွမ်းအားအောက်တွင် အရာအားလုံးသည် အဟောသိကံ ဖြစ်သွားခဲ့ရသည်။
ကျန်းချန်၏ တစ်ကိုယ်လုံးက ယွီချီကြွယ်၏ လက်ဝါးရိုက်ချက်ဖြင့် ပေထောင်ချီ အကွာအဝေးသို့ပင် လွင့်စင်သွားခဲ့သည်။
သူ၏ ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက လေထုထဲကနေ ပြုတ်ကျတော့မတတ် တုန်ယင်နေခဲ့၏။
"ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်က ငါ့ရဲ့ လက်ရှိအဆင့်နဲ့ ကိုင်တွယ်နိုင်တဲ့အဆင့် မဟုတ်ဘူးပဲ"
ကျန်းချန်က စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ မငြိမ်မသက် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
အဆုံးသတ်တွင် သူသည် ကောင်းကင်နတ်ဘုရား နယ်ပယ် အဆင့်ကို လျှော့တွက်မိခဲ့၏။
ယွီချီကြွယ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ဖြတ်လမ်းနည်းဖြင့် ထိုးဖောက်ခဲ့သည့်တိုင် ယွီချီကြွယ်၏ စွမ်းအားသည် ပကတိနတ်ဘုရား နယ်ပယ်၏ အထက်တွင် လုံးဝ ရှိနေခဲ့သည်။
"ကောင်လေး အဆင့်နိမ့်ပကတိနတ်ဘုရားအဆင့်လောက်နဲ့ ငါ့ကို ဒီလောက်အထိ ရင်ဆိုင်နိုင်တာ ဘယ်ဆိုးလို့လဲ"
ယွီချီကြွယ်က ဝင့်ကြွားသောအမူအရာဖြင့် နတ်ဆိုးတစ်ပါးကဲ့သို့ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"စိတ်မကောင်းပါဘူး တိုက်ပွဲက ဒီမှာပဲ ပြီးဆုံးသင့်ပြီ"
အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ယွီချီကြွယ်က ကျန်းချန်ကို အဆုံးသတ်ရန်အတွက် သူ၏စွမ်းအားများကို စုစည်းလိုက်သည်။
"ယွီချီကြွယ် ခင်ဗျားပြောတာမှန်တယ်.. တိုက်ပွဲက တကယ်ပဲအဆုံးသတ်သင့်ပြီ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဦးခေါင်းထိပ်မှ အနက်ရောင် ဆံပင်တစ်ချောင်းကို ဆွဲယူလိုက်ကာ ယွီချီကြွယ် ဆီသို့ ပစ်ခတ်လိုက်သည်။
ကျန်းချန်၏ လှုပ်ရှားမှုအောက်တွင် အနက်ရောင် ဆံချည်မျှင်သည် ဓားရှည်တစ်လက် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
ထိုဓားရှည် ထွက်ပေါ်လာသည်နှင့် ပေ၁၀၀ အကွာရှိ လေထုတစ်ခုလုံးသည် ချက်ချင်းပင် အေးခဲသွားခဲ့ပြီး ယွီချီကြွယ်၏ ပုံရိပ်ပင် လေထဲတွင် တောင့်တင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် အချိန်သည်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေခဲ့၏။
"ယွီချီကြွယ်.. ခင်ဗျားက ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်တော့ကော ဘာဖြစ်လဲ.. ငါ့မှာ အစွမ်းထက် ဓားတစ်စင်းရှိတယ် အဲဒီဓားက ကောင်းကင်နတ်ဘုရားကိုတောင် သတ်ဖြတ်နိုင်တယ်"
ကျန်းချန်၏ ဝင့်ကြွားသော ရယ်မောသံက ကမ္ဘာတစ်ခုလုံးပင် ပဲ့တင်ထပ်နေခဲ့သည်။
သူ၏ဓားရှည်က အချိန်နှင့် နေရာလွတ်ကို သဲလွန်စပင် မကျန်အောင် ဖြတ်ကျော်သွားခဲ့ပြီး ယွီချီကြွယ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့သည်။
ယွီချီကြွယ်က မည်သည့် ဒဏ်ရာမှ မရှိသကဲ့သို့ ဖြစ်နေခဲ့၏။
သို့သော်လည်း သူ၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ မကြုံစဖူး ဖြစ်ပေါ်နေခဲ့သည်။
ယွီချီကြွယ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် စွမ်းအားများကို လှုံ့ဆော်ကာ ဓားစွမ်းအားကို ခုခံလိုက်သည်။
သို့သော် မည်မျှပင် ရုန်းကန်နေပါစေ သက်ရောက်မှုမရှိခဲ့ပေ။
ဤအချိန်တွင် သူ၏ ပတ်ဝန်းကျင်မှ အချိန်သည် ချက်ချင်းဆိုသလို အဆထောင်ပေါင်းများစွာ အရှိန်မြင့်သွားခဲ့သည်။
သူ၏အနည်းငယ် ဇရာထင်နေသော မျက်နှာထက်တွင် အရေးအကြောင်းများ လျင်မြန်စွာ ပြည့်နှက်သွားခဲ့ပြီး သူ၏ဆံပင်များသည်ပင် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ဖြူလာခဲ့သည်။
အဆုံးသတ်တွင် ယွီချီကြွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ဖြည်းဖြည်းချင်း ပျက်စီးသွားခဲ့ကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကမ္ဘာပေါ်တွင် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး ကြားတွင် ချက်ချင်းဆိုသလို တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ယွီချင်းဖန် အပါအဝင် ရွှယ်ယွိဂိုဏ်းမှ တပည့်အားလုံး၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
သူတို့၏ မျက်လုံးများက မှုန်မိုင်းနေကြပြီး သူတို့၏မျက်ဝန်းများကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော သူတို့၏ ဘိုးဘေးသည် ဤကဲ့သို့ပင် ရှုံးနိမ့်သွားပါသလော။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူကို ဓားတစ်စင်းက ဖျက်ဆီးပစ်လိုက်သည်မှာ မယုံကြည်နိုင်စရာကောင်းလွန်းနေခဲ့၏။
"သိပ်ကိုကြောက်ဖို့ ဓားစွမ်းအားပါလား"
အနက်ရောင် ဆံပင်တစ်ချောင်းက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကို မျက်တောင်တစ်ခတ် အတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်းချန်သည်ပင် မှင်တက်သွားခဲ့သည်။
ဆံပင် တစ်ချောင်းထဲတွင် ပါဝင်နေသော စွမ်းအားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်သည် နယ်မြေနတ်ဘုရားများသာ ထုတ်ဖော်နိုင်လောက်၏။
သို့ဆိုလျှင် ဤဓားကို သူ့အား ပေးအပ်ခဲ့သော ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲသည် နယ်မြေနတ်ဘုရား တစ်ပါးများ ဖြစ်နေပါသလော။
"ပြီးသွားပြီ.. ရွှယ်ယွိဂိုဏ်းက လုံးဝကို အဆုံးသတ်သွားပြီ.. အားလုံးပဲ ထွက်ပြေးကြတော့"
ရွှယ်ယွိဂိုဏ်းမှ တပည့်များစွာသည် စိတ်ပျက်အားငယ်ကာ ထိတ်လန့်နေခဲ့ကြသည်။
ဂိုဏ်းခေါင်းဆောင် ဖြစ်သည့် ယွီချင်းဖန်ပင်လျှင် အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ ခွေးတစ်ကောင်ကဲ့သို့ အထိတ်တလန့်ထွက်ပြေးသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
သွေးလမင်းကုန်းမြေနှင့် ပူးပေါင်းခဲ့သော ယွီချင်းဖန်သည် ရှေးဟောင်းနဂါး ကုန်းမြေအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ယွီချင်းဖန်ကို အသက်ရှင်လျက်ထွက်သွားစေမည် မဟုတ်ပေ။
သို့သော် သူက ယွီချင်းဖန်ကို တိုက်ခိုက်တော့မည့် အချိန်မှာပင် ရွှယ်ယွိဂိုဏ်း၏ အတွင်းပိုင်းထဲကနေ ကျန်းချန်နှင့် အလွန်ရင်းနှီးသော အရှိန်အဝါတစ်ခုသည် သွေးအလင်း အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲကာ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။
အထိတ်တလန့် ထွက်ပြေးသွားသော ပုံရိပ်မှာ မကြာသေးမီက သူ၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဟန်ကြွယ် ဖြစ်၏။
"ထားလိုက်ပါတော့.. ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ယွီချင်းဖန်ကို သတ်ဖြတ်ဖို့က လွယ်ကူမှာမဟုတ်ဘူး.. ဟန်ကြွယ်ကိုပဲ အရင်ဖမ်းရမယ်"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ယွီချင်းဖန်နှင့် အခြားသူများကို လျစ်လျူရှုထားလိုက်သည်။
ထို့နောက်တွင် သူ၏ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး သွေးအလင်းဆီသို့ အလျင်အမြန်ပင် လိုက်သွားခဲ့၏။
အခန်း(၁၅၇၁)ပြီး၏။
အခန်း(၁၅၇၂)
ရွှယ်ယွိဂိုဏ်းမှ မိုင်ဆယ်ဂဏန်းအကွာတွင် ဟန်ကျွယ်သည် လေထုထဲကနေ ထွက်ပြေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"ဒီကောင်လေးမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုက အင်အားကြီး ပုဂ္ဂိုလ်တစ်ပါး ပေးထားတဲ့ ဝှက်ဖဲ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီဓားတစ်စင်းက ကောင်းကင် နတ်ဘုရားကိုတောင် သတ်နိုင်တယ်"
ဟန်ကျွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်နေခဲ့သည်။
ထိုနေ့က နဂါးနက်အင်ပါယာ နန်းတော်တွင် သူက ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည်။
သူက ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးခဲ့ရပြီး သေလုနီးနီး ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် သူက ရွှယ်ယွိဂိုဏ်းကို ကယ်တင်ပေးရန် အကြောင်းကြားခဲ့ပြီး ရွှယ်ယွိဂိုဏ်းသို့ ချောမွေ့စွာ ရောက်ရှိခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် မြောက်ဘက်ဒေသ၏ မိုင်တစ်သန်းပတ်လည်ရှိ ထိပ်တန်း အင်အားစုတစ်ခု ဖြစ်ပြီး ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့သော ယွီချီကြွယ်လည်း ရှိနေသောကြောင့် ရွှယ်ယွိဂိုဏ်းတွင် ယာယီ နားခိုလျှင် ဘေးကင်းလောက်သည်ဟု ဟန်ကြွယ် ထင်ခဲ့၏။
သို့ရာတွင် ကျန်းချန်က ရွှယ်ယွိဂိုဏ်းကို ကိုယ်ပိုင် စွမ်းအားဖြင့် နှိမ်နင်းလိမ့်မည်ဟု သူဘယ်လိုမှ မထင်ခဲ့မိပေ။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော ယွီချီကြွယ် ပင်လျှင် ဓားတစ်စင်းတည်းဖြင့် သတ်ခံခဲ့ရသည်။
"ဟန်ကြွယ်.. မင်းဘယ်လိုမှ ပြေးမလွတ်တော့ဘူး"
ဟန်ကျွယ်က စိတ်နှလုံးထဲတွင် ထိတ်လန့်နေစဉ်မှာပင် သူ၏ နောက်ကွယ်မှ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဟန်ကျွယ်၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့၏။
သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ သူနှင့် ဆယ်မိုင်အကွာတွင် ရှိနေသော ကျန်းချန်ကို တွေ့လိုက်ရသည်။
"ချီးထဲမှပဲ"
ဟန်ကျွယ်က သွားများကို အံကြိတ်လိုက်ပြီး နောက်တစ်ကြိမ် ထွက်ပြေးရန် သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ပြင်လိုက်၏။
"ဒီလှည့်ကွက်ပဲ သုံးဦးမလို့လား.. ကံမကောင်းတာက မင်းမှာ အဲဒီ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်သည် အေးစက်စက် ပြုံးလိုက်ပြီး လေထုကို ဆုပ်ကိုင်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး နေရာလွတ်ဥပဒေသနှင့် အချိန်ဥပဒေသ တို့ကို အသုံးပြုကာ ဟန်ကျွယ်ပတ်ပတ်လည်ရှိ လေထုကို တိုက်ရိုက်ပင် ထိန်းချုပ်လိုက်သည်။
"မသတ်ပါနဲ့"
ဟန်ကျွယ်သည် စိတ်ပျက်အားလျော့စွာဖြင့် ထိတ်လန့်နေခဲ့သည်။
သူက ကျန်းချန်၏ ဓားချက်ကြောင့် ခွန်အား တစ်ဝက်မျှသာ ကျန်ရှိတော့ပြီး အဆုံးသတ်တွင် သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို သုံး၍ ထွက်ပြေးခဲ့သည်။
ယခု သူ၏ ခွန်အားက ဆယ်ပုံ တစ်ပုံအောက်သို့ ရောက်နေပြီ ဖြစ်ရာ သူက ကျန်းချန်၏ အချိန်ဥပဒေသနှင့် နေရာလွတ်ဥပဒေသ စွမ်းအားများကို မည်ကဲ့သို့ ချိုးဖောက်နိုင်ပါမည်နည်း။
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
ဟန်ကျွယ်၏ ခန္ဓာကိုယ်က လေထုထဲတွင် ပုံပျက်သွားခဲ့ပြီး တခဏအတွင်း ပေါက်ကွဲသွားခဲ့၏။
ချက်ချင်းဆိုသလိုပင် သွေးပုံရိပ် တစ်ခုသည် ပေါက်ကွဲသွားသော ဟန်ကြွယ်၏ ခန္ဓာကိုယ်ထဲကနေ အထိတ်တလန့် ထွက်ပြေးခဲ့သည်။
သို့ရာတွင် ကျန်းချန်က မျက်တောင်တစ်ခတ် အတွင်း သွေးပုံရိပ်၏ ခေါင်းအထက်တွင် ပေါ်လာခဲ့ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ သွေးပုံရိပ်ကို လက်ထဲတွင် ဖမ်းချုပ်လိုက်၏။
"မစ်ရှင် ပြီးသွားပြီ"
ကျန်းချန်သည် ဟန်ကျွယ်၏ စိတ်ပျက်အားငယ်နေသော ဝိညာဥ်ကို ကြည့်ကာ ပြုံးလိုက်၏။
သူ၏ ပုံရိပ်က ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
...............
နဂါးနက်အင်ပါယာ နန်းတော်။
လုံရှင်းသည် စိုးရိမ်ပူပန်နေပြီး ခမ်းနားထည်ဝါသော ခန်းမထဲတွင် ရှေ့တိုးနောက်ဆုတ် လှမ်းလျှောက်နေခဲ့သည်။
"ရှင်းအာ.. မင်းက သခင် ကျန်းချန် ခန့်အပ်ထားတဲ့ နဂါးနက်ဧကရာဇ်အသစ်ပဲ.. ဘယ်လောက် ဆိုးဝါးတဲ့ ကိစ္စမျိုး ဖြစ်နေပါစေ.. စိတ်တည်ငြိမ်နေရမယ်"
ဤအခိုက်အတန့်တွင် ဘေးတွင် ရပ်နေသော လုံယွမ်က ရုတ်တရက် ပြောလိုက်ရာ လုံရှင်းက ခြေလှမ်း ရပ်တန့်သွားခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာ ရှိနေခဲ့၏။
"အဖေ.. သခင်ကျန်းချန်က ရွှယ်ယွိဂိုဏ်းကို တစ်ယောက်တည်း သွားတာ.. ကျွန်တော် စိုးရိမ်နေမိတယ်"
"သခင်ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ မာန နဂါးအဆင့် တပည့်ပဲ.. သူက ရွှယ်ယွိဂိုဏ်းကို တစ်ယောက်တည်း သွားရဲတယ် ဆိုမှတော့ သူ့မှာ ကိုယ်ပိုင် အစီအစဥ် သေချာပေါက် ရှိနေမှာပဲ.. မင်းစိတ်ပူနေရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး"
လုံယွမ်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"အခု နဂါးနက်အင်ပါယာက အားနည်းနေတယ်.. မင်းအနေနဲ့ နဂါးနက်အင်ပါယာကို ပိုပြီး ဂရုစိုက်သင့်တယ်"
"သား နားလည်ပါပြီ"
လုံရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်အကြောင်း တွေးနေခြင်းကို ရပ်တန့်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ရွှေရောင် သံချပ်ဝတ် စစ်သည်တော် တစ်ဦးသည် ပင်မခန်းမ၏ အပြင်ဘက်ကနေ အလျင်အမြန် ဝင်ရောက်လာပြီး လုံရှင်းကို လျောက်တင်လိုက်သည်။
"အရှင်မင်းကြီး.. တမန်တော်ရဲ့ သတင်းကို ရရှိပါတယ်"
လုံရှင်း၏ မျက်လုံးများက လင်းလက်လာခဲ့သည်။
"ပြောပါ"
"သူလျှိုတွေရဲ့ သတင်းအရဆိုရင် တမန်တော်က သူ၏ ကိုယ်ပိုင်စွမ်းအားနဲ့ ရွှယ်ယွိဂိုဏ်းကို နှိမ်နင်းခဲ့တယ်.. ဒီတိုက်ပွဲမှာ ရွှယ်ယွိဂိုဏ်းရဲ့ ကောင်းကင်နတ်ဘုရား ယွီချီကြွယ်လည်း ထွက်ပေါ်လာခဲ့တယ်.. နောက်ဆုံးတော့ တမန်တော်ရဲ့ ဓားတစ်စင်းနဲ့ အသတ်ခံခဲ့ရတယ်"
ရွှေရောင် သံချပ်ဝတ် စစ်သည်တော်က အံ့သြစရာကောင်းသော သတင်းကို တိုက်ရိုက် တင်ပြလိုကိသည်။
ရွှေရောင် သံချပ်ဝတ် စစ်သည်တော်၏ စကားကို ကြားလျှင် လုံရှင်းနှင့် လုံယွမ်တို့သည် အံ့အားသင့်သွားပြီး အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့သည်။
ကျန်းချန် အလွန်တရာ အစွမ်းထက်သည်ကို သိသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ပကတိနတ်ဘုရား အင်အားစု ဖြစ်သည့် ရွှယ်ယွိဂိုဏ်းကို သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် နှိမ်နင်းပြီး ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် ဓားတစ်စင်းတည်းဖြင့် သတ်နိုင်ခဲ့သည်။
လုံရှင်းက အံ့သြ တုန်လှုပ်သွားခဲ့သော်လည်း အလွန်ပင် ဝမ်းသာနေခဲ့သည်။
ရွှယ်ယွိဂိုဏ်းသည် နဂါးနက်အင်ပါယာနှင့် ကပ်လျက်ရှိ၏။
နဂါးနက်အင်ပါယာ၏ ခွန်အားသည် ယခုအခါတွင် ပြင်းထန်စွာ ထိခိုက်ပျက်စီးနေ၍ ရွှယ်ယွိဂိုဏ်းနှင့် ယှဥ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။
တမန်တော်က ရွှယ်ယွိဂိုဏ်းကို နှိမ်နင်းခဲ့ခြင်းသည် နဂါးနက်အင်ပါယာ အတွက် ကြီးမားသော စိုးရိမ်ပူပန်မှုကို ထည့်သွင်း စဉ်းစားခဲ့ခြင်းပင် မဟုတ်ပါလော။
"သခင်ကျန်းချန်ရဲ့ ကြီးမားတဲ့ ကျေးဇူးကို လုံရှင်း မမေ့ပါဘူး.. စိတ်ချပါ.. သခင်ကျန်းချန် နဂါးနက်အင်ပါယာကို နောက်တစ်ကြိမ် လာတဲ့အခါ ကျွန်တော် သခင်ကျန်းချန်ကို တောင့်တင်းတဲ့ နဂါးနက်အင်ပါယာကို ပြသပါမယ်"
လုံရှင်းက ပြတ်သားသော အကြည့်ဖြင့် အနောက်ဘက် ကောင်းကင်ကို ကြည့်လိုက်သည်။
.....................
ကောင်းကင်နဂါးမြို့တော်.. မစ်ရှင်ခန်းမ။
ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် ထုံးစံအတိုင်း မစ်ရှင်များကို ခန်းမတွင် ယူနေကြသည်။
ရုတ်တရက် အနက်ရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လူတစ်ဦးသည် ရုန့်ရင်းသော အရှိန်အဝါနှင့်အတူ အပြင်ဘက်ကနေ ဝင်လာခဲ့သည်။
ထိုလူကို မြင်သည်နှင့် ခန်းမထဲတွင် တန်းစီ စောင့်ဆိုင်းနေသော ကောင်းကင်နဂါးမြို့တော်မှ တပည့်အားလုံး၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့အားလုံးသည် တိတ်တဆိတ် ဘေးသို့ ရွှေ့လိုက်ကြပြီး ထိုလူအတွက် လမ်းဖယ်ပေးလိုက်၏။
ထိုလူက ယဥ်ကျေးခြင်း မရှိဘဲ ခန်းမ၏ အလယ်ဗဟိုသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
ခန်းမ အလယ်ရှိ အနက်ရောင် ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးသည် ထိုလူကို မြင်လျှင် ယဥ်ကျေးစွာ ပြောလိုက်သည်။
"လုံကျီ.. မင်းလည်း မစ်ရှင် ယူမလို့လား"
ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လူသည် ကောင်းကင်နဂါး မြို့တော်၏ မာန နဂါးအဆင့် တပည့်တွင် တတိယနေရာကို ရရှိထားသော လုံကျီ ဖြစ်သည်။
လုံကျီက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ သွေး ပါဝင်သော ပါရမီရှင် ဖြစ်သည်။
သူ၏ စရိုက်က အေးစက် မောက်မာပြီး အလွန်တရာ ရက်စက်၏။
သူ့ကို ခံပြောရဲသူများကိုပင် သတ်ဖြတ်ရဲသူ ဆိုလည်းမမှားပေ။
တစ်ချိန်က ပါရမီရှင်တစ်ဦးသည် လုံကျီနှင့် ပတ်သက်ပြီး မကောင်း ပြောဆိုမိသောကြောင့် ဆယ်စုနှစ်များစွာ လုံကျီ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။
အဆုံးသတ်တွင် ထိုပါရမီရှင်သည် ကောင်းကင်နဂါး မြို့တော်ကနေ ဝမ်းနည်းစွာ ထွက်သွားခဲ့ရ၏။
ထိုအကြောင်းကြောင့်ပင် ကောင်းကင်နဂါးမြို့တော်၏ တပည့်အများစုသည် လုံကျီနှင့် တွေ့လျှင် နတ်ဆိုးတစ်ပါးနှင့် တွေ့ရသကဲ့သို့ ရှောင်ရှားလေ့ ရှိကြသည်။
သူတို့က ထိုနတ်ဆိုး အမြင်မကြည်မည်ကို ကြောက်ရွံ့ကြ၏။
"ဆယ်နှစ် ထပ်ပြီး ကုန်ဆုံးသွားပြန်ပြီ.. ငါဒီကိုလာတာ မစ်ရှင် ဆောင်ရွက်ချင်လို့ပဲ
လုံကျီက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး ရှေ့တွင်ရှိသော မစ်ရှင်စာအုပ်ကို ချက်ချင်း ကောက်ယူကာ စတင်ဖတ်ရှုခဲ့သည်။
ခဏအကြာတွင် လုံကျီ၏ အကြည့်သည် မစ်ရှင် အချက်အလက် တစ်ခုပေါ်တွင် တိုက်ရိုက် ရပ်တန့်သွား၏။
"ဒါပဲ"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက လုံကျီ ရွေးချယ်ထားသော မစ်ရှင်ကို ကြည့်လိုက်ရာ မျက်လုံး အနည်းငယ် ပြူးသွားခဲ့သည်။
အကြောင်းရင်းမှာ လုံကျီ ရွေးချယ်ထားသော မစ်ရှင်သည် ရက်အနည်းငယ် အကြာက ဒသမမြောက် မာနနဂါးအဆင့်တပည့် ကျန်းချန် ယူထားသော မစ်ရှင် ဖြစ်သောကြောင့်ပင်။
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြုံးကာ ရှင်းပြလိုက်သည်။
"လုံကျီ.. ဒီမစ်ရှင်ကို လက်ခံထားတဲ့သူ.. "
"ငါ သိတယ်"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး၏ စကားမဆုံးမီမှာပင် လုံကျီက ဖြတ်ပြောလိုက်သည်။
"ကောင်းကင်နဂါးမြို့တော်မှာ တခြားသူ လက်ခံထားတဲ့ မစ်ရှင်ကို လက်ခံလို့မရတဲ့ စည်းမျဥ်း မရှိဘူး မဟုတ်လား"
အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
"ဒါက.."
လုံကျီ၏ မျက်ဝန်းများက အေးစက်သွားခဲ့၏။
"အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့.. မှတ်တမ်းတင်ပြီး စာရင်းသွင်းလိုက်.. ငါ ဒီမစ်ရှင်ကို ယူမယ်"
အခန်း(၁၅၇၂) ပြီး၏