← Chapters

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း (၁၅၇၃-၁၅၇၅)

Vol. 105 Ch. 1573-1575

အခန်း(၁၅၇၃)

လုံကျီ၏ မောက်မာသော စကားများကို ကြားလျှင် အနက်ရောင်ဝတ် ကြီး​ကြပ်ရေးမှူး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်နဂါးမြို့တွင် တပည့် နှစ်ဦးသည် မစ်ရှင်တစ်ခုတည်းကို လက်ခံ၍ မရဟု ရှင်းလင်းသော ပြဌာန်းချက် မရှိသော်လည်း ၎င်းသည် လူတိုင်းအတွက် ပုံသေ စည်းကမ်းတစ်ခု ဖြစ်လာခဲ့သည်။

ကောင်းကင်နဂါးမြို့တော်၏ တပည့်အများစုသည် ဆယ်နှစ်တစ်ကြိမ် မစ်ရှင် တစ်ခုကို မဖြစ်မနေ ပြီးမြောက်ရလိမ့်မည် ဖြစ်၏။

မစ်ရှင်က ကောင်းကင်နဂါးမြို့တော်၏ တပည့်များအတွက် အရေးကြီးသည်။

အကြောင်းမှာ မစ်ရှင် သုံးခု ဆက်တိုက် ကျရှုံးလျှင် ကောင်းကင်နဂါးမြို့တော်တွင် ဆက်လက် ကျင့်ကြံရန် သူ၏ အရည်အချင်းများကို ဆုံးရှုံးသွားနိုင်ပေသည်။

လူနှစ်ဦးသည် တစ်ချိန်တည်းတွင် မစ်ရှင်တစ်ခုကို လက်ခံသောအခါ ကျရှုံးနိုင်ခြေကို များစွာ တိုးတက်လာစေသည်။

ဤအကြောင်းကြောင့်ပင် ပုံမှန် အခြေအနေအောက်တွင် ကောင်းကင်နဂါးမြို့တော်၏ တပည့်နှစ်ဦးသည် မစ်ရှင် တစ်ခုတည်းကို မယူတော့ပေ။

သို့သော် ယခု လုံကျီသည် သူတပါး လက်ခံပြီးသား မစ်ရှင်ကို စိတ်ဝင်စားနေသည်။

အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးသည် သူ၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး လုံကျီ အတွက် စာရင်းသွင်းရန် ပြင်လိုက်သည်။

ဤနတ်ဆိုးကို သူ့လို ကြီးကြပ်ရေးမှူးက လွန်ဆန်၍ မရနိုင်ချေ။

သို့သော် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး စာရင်းသွင်းတော့မည့်အချိန်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ခန်းမထဲသို့ ဝင်လာခဲ့သည်။

ခန်းမထဲသို့ ဝင်ရောက်လာသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကြီးကြပ်ရေးမှူး၏ မျက်လုံးများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်ကို အဘယ်ကြောင့် ပြန်ရောက်လာသနည်း။

သူက မစ်ရှင်ကို ပြီးမြောက်ခဲ့ပါသလော သို့မဟုတ် ကျရှုံးခဲ့ပါသလော။

ကျန်းချန်သည် ခန်းမထဲသို့ ဝင်လာခဲ့ပြီးနောက် ခန်းမထဲရှိ ပုံမှန်မဟုတ်သော လေထုကို လျစ်လျူရှုကာ ကြီးကြပ်ရေးမှူး ဆီသို့ လျှောက်လာခဲ့သည်။

သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေသော ကျန်းချန်ကို မြင်လျှင် လုံကျီ၏ အမူအရာသည် ရုတ်တရက် အေးစက်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါနဲ့ ဝေးဝေးမှာနေစမ်း.. ငါ ဒီမှာ မစ်ရှင် ယူနေတာ မင်း မမြင်ဘူးလား"

ကျန်းချန်က လုံကျီ၏ ရုတ်တရက် ပြင်းထန်စွာ အော်ငေါက်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။

"မင်းက ငါ့ကို ဒီကနေ ထွက်သွားရမယ်လို့ ပြောလိုက်တာလား"

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒီ မစ်ရှင်ခန်းမက မင်းပိုင်တာ မဟုတ်ဘူး.. မင်း မစ်ရှင် ယူတဲ့အချိန် ခပ်ဝေးဝေးမှာ နေရမယ်ဆိုတဲ့ စည်းမျဥ်းကို ပြဌာန်းထားတာ ရှိလား"

ကျန်းချန်၏ စကားများကို ကြားလျှင် ခန်းမထဲတွင် ရှိသော ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

[လခွမ်း.. လုံကျီကိုတောင် ဆန့်ကျင်ရဲတယ် ဆိုတော့ ဒီကောင် ရူးနေတာပဲ ဖြစ်ရမယ်]

ကျန်းချန်၏ မထီမဲ့မြင် တုံ့ပြန်မှုကို ကြားလျှင် လုံကျီသည် အေးစက်စက် ရေရွတ်လိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ.. နောက်တစ်ကြိမ် ထပ်ပြောရဲလား"

"လုံကျီ.. ဒါက ဒသမမြောက် မာန နဂါးအဆင့်တပည့် ကျန်းချန်ပဲ.. သူက မင်းထက် ခြေတစ်လှမ်း စောပြီး ဒီမစ်ရှင်ကို ယူခဲ့တဲ့သူလည်း ဖြစ်တယ်"

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက ပြုံးကာ ပြောလိုက်သည်။

"မင်းအနေနဲ့ ကျန်းချန်ကို အရင်ဆုံး မစ်ရှင် အပ်ခိုင်းတာ ပိုကောင်းလိမ့်မယ်.. အကယ်၍ ကျန်းချန်က မစ်ရှင်ကို ပြီးမြောက်ခဲ့ရင် ဒီမစ်ရှင်ကို မင်း လက်ခံစရာ မလိုတော့ဘူးပေါ့"

ထိုလူငယ်က ကောင်းကင်နဂါးမြို့တော်၏ ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်မှန်း သိရလျှင် ကြီးကြပ်ရေးမှူးက လုံကျီကို မျက်နှာသာ မပေးရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

လူတိုင်းသည် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး၏ စကားကို ကြားလျှင် ကျန်းချန်ကို စူးစမ်းစွာ ကြည့်လိုက်ကြ၏။

ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာနနဂါးအဆင့် တပည့်သည် ဒသမမြောက် မာနနဂါးအဆင့် တပည့်နှင့်ဆန့်ကျင် တိုက်ခိုက်နေသည်။

ဤတစ်ကြိမ် ပွဲကြီးပွဲကောင်းကို ကြည့်လို့ရတော့မည် ဖြစ်၏။

လုံကျီ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"မင်းက ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန် ဖြစ်နေတာကိုး"

"လုံကျီ.. တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီ"

ကျန်းချန်က လုံကျီကို စေ့စေ့ တစ်ချက် ကြည့်လိုက်သည်။

ကျန်းချန်က ထိုနာမည်ကို ကြားဖူးခဲ့သည်။

သို့သော် ကျန်းချန်က လုံကျီကို ကြည့်လိုက်ရုံမျှသာ ဖြစ်ပြီး လျစ်လျူရှုထားလိုက်သည်။

သူက ကျောက်စိမ်းပုလင်း တစ်လုံးကို တိုက်ရိုက် ထုတ်ယူပြီး အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူး ရှေ့တွင် ထားလိုက်ကာ ပြုံး၍ ပြောလိုက်သည်။

"ကြီးကြပ်ရေးမှူး.. ကျွန်တော် မစ်ရှင် ဆောင်ရွက်ပြီးပါပြီ"

အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ပုံမှန်အခြေအနေတွင် ဤသို့သော မစ်ရှင်မျိုးကို လက်ခံ ရရှိသောအခါ ပစ်မှတ်၏ အလောင်းကို ကောင်းကင်နဂါးမြို့တော်သို့ ပြန်ယူလာရလိမ့်မည် ဖြစ်၏။

သို့သော် ကျန်းချန်က သူ့ကို ကျောက်စိမ်းပုလင်းတစ်လုံး ပေးနေခဲ့သည်။

ယင်းက မည်ကဲ့သို့သော အခြေအနေ ဖြစ်ပါသနည်း။

အနည်းငယ် သံသယရှိသော ကြီးကြပ်ရေးမှူးက ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး စစ်ဆေးလိုက်သည်။

အလွန် လျင်မြန်စွာပင် အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးသည် ကျောက်စိမ်းပုလင်းထဲတွင် အဆင့်မြင့် ပကတိနတ်ဘုရား၏ ဝိညာဥ်အား စည်းတံဆိပ်ခတ်ထားသည်ကို သတိပြုမိခဲ့၏။

ထို့အပြင် ဤ ပကတိနတ်ဘုရား ဝိညာဥ်သည် သွေးလမင်းကုန်း​မြေမှ ကျင့်ကြံသူ တစ်ဦး၏ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်က မစ်ရှင်ကို အမှန်တကယ် ပြီးမြောက်ခဲ့ပြီး သွေးလမင်းကုန်းမြေ၏ အဆင့်မြင့် ပကတိနတ်ဘုရား ဝိညာဥ်ကို အသက်ရှင်လျက် ဖမ်းလာခဲ့သည်။

သိထားရမည်မှာ ကောင်းကင်နဂါးမြို့တော်မှ အဆင့်မြင့်မစ်ရှင်များသည် အနည်းဆုံး အဆင့်မြင့် ပကတိ နတ်ဘုရားများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့် အတွက် အဆင့်မြင့် ပကတိ နတ်ဘုရားကို သတ်ရန် မခက်ခဲသော်လည်း ကျန်းချန် ကဲ့သို့ အဆင့်မြင့် ပကတိ နတ်ဘုရား၏ ဝိညာဥ်ကို အရှင်ဖမ်းဆီးရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။

"ကျန်းချန်.. မစ်ရှင် ပြီးမြောက်တာ ဂုဏ်ယူပါတယ်.. ဒါက မစ်ရှင်အတွက် ဆုလာဘ်ပါ"

အနက်ရောင်ဝတ် ကြီးကြပ်ရေးမှူးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်နဂါးအမှတ် တစ်သိန်းနှင့် ရှေးဟောင်းနဂါး အဆီအနှစ် တစ်စက်ကို ကျန်းချန်အား ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်.. ကျွန်တော် သိသလောက် ဒီသွေးလမင်းကုန်းမြေရဲ့ ကျင့်ကြံသူက ရှေးဟောင်းနဂါးကုန်းမြေကို ထိခိုက်နိုင်မဲ့ အကြံအစည် တချို့ကို စီစဥ်နေပုံပဲ.. ကြီးကြပ်ရေးမှူး သေချာ စစ်ဆေးလိုက်ပါဦး"

စကားဆုံးသည်နှင့် ကျန်းချန်က ဘေးတွင် ရှိနေသော လုံကျီကို လျစ်လျူရှုကာ ထွက်သွားခဲ့သည်။

"နေဦး"

ဤအခိုက်အတန့်တွင် ကျန်းချန်၏ ကျောဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေတ္တရပ်လိုက်ပြီး လုံကျီကို လှညကြည့်ကာ မေးလိုက်သည်။

"မင်း ငါ့ကို ခေါ်လိုက်တာလား"

"ကျန်းချန်.. ငါ ဒီ ရှေးဟောင်းနဂါး အဆီအနှစ် တစ်စက်ကို စိတ်ဝင်စားတယ်.. မင်း ငါ့ကို ပြန်ရောင်းပေးဖို့ စိတ်ဝင်စားလား"

လုံကျီက ကျန်းချန်ကို မေးနေသော်လည်း သူ၏ အေးစက်စက် အသံတွင် တစ်ဖက်သားကို ခြိမ်းခြောက်သော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

သူ ခုနက ဤမစ်ရှင်ကို မြင်ရသည့် အကြောင်းရင်းမှာ မစ်ရှင်က ပေးသော ရှေးဟောင်းနဂါး သွေးတစ်စက်ကြောင့် ဖြစ်သည်။

သို့သော် မစ်ရှင်ကို လက်မခံမီ ကျန်းချန်က မစ်ရှင်ကို ပြီးမြောက်ကာ လာအပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"စိတ်မဝင်စားဘူး"

ကျန်းချန်က စကားဆုံးသည်နှင့် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ကျန်းချန်က သူ့ကို မျက်နှာသာမပေးသည်အား မြင်လျှင် လုံကျီ၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပိတ်ရပ်လိုက်သည်။

သူ၏ မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ကျန်းချန်.. ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်.. ဒီ ရှေးဟောင်းနဂါး အဆီအနှစ်ကို ရောင်းဖို့ စိတ်ဝင်စားလား"

ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ခွေးကောင်းက လမ်းပိတ်ပြီး ရပ်မနေဘူး.. ငါ့လမ်းကို ပိတ်ရပ်မနေနဲ့.. ဖယ်စမ်း"

"ကျန်းချန်.. မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"

လုံကျီက ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ရုတ်တရက် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ပါရမီရှင်တစ်ဦး အနေဖြင့် သူသည် ကောင်းကင်နဂါးမြို့တော်တွင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။

သူက အမြဲတစေ ဗိုလ်ကျလေ့ရှိပြီး မည်သူမှသူ့ကို အာမခံရဲပေ။

ထို့ကြောင့် ယခု ကျန်းချန်က သူ့ကို ခွေးနှင့် နှိုင်းလိုက်သောအခါ လုံကျီက ဒေါသမထွက်ဘဲ အဘယ်ကဲ့သို့ နေနိုင်ပါမည်နည်း။

လုံကျီက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

ပြင်းထန်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပျံ့နှံ့သွားခဲ့ရာ ပတ်ဝန်းကျင်ရှိ လေထုပင် အနည်းငယ် ပုံပျက်သွားခဲ့သည်။

မကြာမီမှာပင် ဖျက်ဆီးခြင်း အရှိန်အဝါ ရှိသော အနက်ရောင် နတ်ဆိုး ပုံရိပ် တစ်ခုသည် လုံကျီ၏ ကျောဘက်တွင် ပေါ်လာခဲ့သည်။

ခန်းမထဲမှ ကောင်းကင်နဂါးမြို့တော်၏ တပည့် တစ်ဒါဇင်ကျော်သည် ဤမြင်ကွင်းကို မြင်လျှင် ထိတ်လန့်ကာ ခပ်ဝေးဝေးသို့ သွားလိုက်ကြ၏။

ကောင်းကင်နဂါးမြို့တော်သည် သေခြင်းရှင်ခြင်း တိုက်ပွဲများကို တားမြစ်ထားသော်လည်း မာနနဂါးအဆင့် တပည့် အဆင့်အတန်းသည် အကြီးအကဲနှင့် ညီမျှ၍ စည်းမျဥ်းများ၏ အထက်တွင် ရှိနှင့်နေပြီ ဖြစ်သည်။

မာနနဂါးအဆင့် တပည့် နှစ်ဦးကြား အငြင်းပွားမှုသည် သူတို့ ပါဝင်နိုင်သော အရာ မဟုတ်ပေ။

ခပ်ဝေးဝေးတွင်သာ မနေလျှင် ထိုနှစ်ယောက် စတင် တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲမှ စွမ်းအင် ရိုက်ခတ်မှုသည် သူတို့ဆီသို့ပါ သက်ရောက်လာလိမ့်မည် ဖြစ်၏။

အခန်း(၁၅၇၃) ပြီး၏

အခန်း(၁၅၇၄)

လုံကျီက တိုက်ခိုက်တော့မည်ကို မြင်လျှင် ကျန်းချန်၏ အမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခဲ့ပြီး ရွှေဓားပုံရိပ်တစ်ခု အဖြစ် သူ၏ကျောဘက်တွင် ပေါင်းစပ်သွားခဲ့သည်။

သို့သော် သူတို့နှစ်ဦးသည် နတ်ခန္ဓာကိုယ်ပုံရိပ်များကို ထုတ်ဖော်ပြီး တိုက်ပွဲ စတင်တော့မည့်အချိန်တွင် အေးစက်စက် အသံတစ်သံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ကောင်းကင်နဂါးမြို့တော်မှာ ကိုယ်ရေးကိုယ်တာ အတွက် တိုက်ခိုက်တာကို တားမြစ်ထားတယ်.. မင်းတို့ နှစ်ယောက်မှာ မကျေနပ်ချက်တွေ ရှိရင် တိုက်ခိုက်ဖို့ လျှောက်ထားနိုင်ပြီး တိုက်ခိုက်ရေး စင်မြင့်ပေါ်မှာ ဖြေရှင်းနိုင်တယ်"

ရုတ်တရက် ထွက်ပေါ်လာသော အသံသည် လုံကျီ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

မာနနဂါးအဆင့် တပည့်၏ အဆင့်အတန်းသည် အကြီးအကဲနှင့် ညီမျှ၏။

ထို့ကြောင့် သာမန် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲ ဆိုလျှင် လုံကျီက သိပ်ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် ဤစကားကို ပြောလိုက်သူမှာ ကောင်းကင်နဂါးမြို့တော်၏ ပထမအကြီးအကဲ ရွှေလင်းလုံဖြစ်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု တစ်ခုလုံးတွင် အလွန် မြင့်မားသော အဆင့်အတန်းလည်း ရှိ၏။

အမြဲတစေ မောက်မာနေသော လုံကျီပင်လျှင် ရွှေလင်းလုံ၏ စကားကို အလွယ်တကူ ချိုးဖောက်ရဲခြင်း မရှိပေ။

သူက နတ်ခန္ဓာပုံရိပ်ကို တိုက်ရိုက်ပင် ရုတ်သိမ်းလိုက်ပြီး ကျန်းချန်ကို စိန်ခေါ်လိုက်သည်။

"ကျန်းချန်.. မင်း ငါနဲ့ စင်မြင့်ထက်မှာ တိုက်ခိုက်ဖို့ စိတ်ဝင်စားလား"

"စိတ်မဝင်စားဘူး"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က ရွှေဓားပုံရိပ်ကို ချက်ချင်း ရုတ်သိမ်းကာ ခန်းမထဲကနေ ထွက်သွားရန် ပြင်လိုက်သည်။

"ကျန်းချန်.. မင်းရဲ့ ဆယ်နှစ်တာ ကာကွယ်ရေးကာလ ပြီးဆုံးတဲ့အခါ ငါလုံကျီကို စော်ကားခြင်းရဲ့ အဖိုးအခကို မင်းပေးဆပ်ရလိမ့်မယ်"

လုံကျီ၏ မျက်ဝန်းတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"တကယ်လား.. ငါ စောင့်နေမယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခန်းမထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

....................

မစ်ရှင်ခန်းမမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် အရင်းအမြစ်များကို လဲလှယ်ရန် အရင်းအမြစ်ခန်းမသို့ သွားခဲ့သည်။

သူက ကောင်းကင်နဂါးအမှတ် နှစ်သိန်း သို့မဟုတ် သုံးသိန်းကို အရင်းအမြစ်နှင့် လဲလှယ်ခဲ့ပြီး သူ၏ ဒသမမြောက် တောင်ထွတ်သို့ ပြန်လာခဲ့ပြီး တံခါးပိတ် ကျင့်ကြံရန် အသင့်ပြင်လိုက်သည်။

ယွီချီကြွယ်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် သူ၏ ခွန်အားက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် လုံးဝ မယှဥ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ယခုအခါတွင် အားနည်းခြင်း မရှိသော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကမူ အဆင့်နိမ့် ပကတိ နတ်ဘုရား နှောင်းပိုင်း အဆင့်တွင်သာ ရှိနေသေး၏။

ယင်းမှာ အများဆုံးအားဖြင့် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်နှင့်သာ ညီမျှသည်။

အကယ်၍ သူသာ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့် ပါရမီရှင်များနှင့် တွေ့ဆုံလျှင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဥပမာအားဖြင့် တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီသည် အလွန်တရာ အားကောင်းသည်။

သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားဖြင့် လုံကျီကို အနိုင်ရမည်ဟု မသေချာပေ။

ထို့ကြောင့် ဤတစ်ကြိမ် ကျင့်ကြံရာတွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန် မြှင့်တင်ရန် ရည်ရွယ်ခဲ့ပြီး အလယ်အလတ် ပကတိ နတ်ဘုရား နယ်ပယ်အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။

---------------

ဒသမ တောင်ထွတ် အလယ်တွင်ရှိသော တောင်တစ်လုံးတွင် ကျန်းချန်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။

သူက အနီရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။

ထိုကျောက်စိမ်းပုလင်းထဲတွင် ရှိနေသောအရာမှာ ကျန်းချန် မစ်ရှင် ဆောင်ရွက်ရင်း ရရှိခဲ့သည့် ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက် ဖြစ်သည်။

ရှေးဟောင်းနဂါး၏ အဆီအနှစ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရတနာ ဖြစ်သည်။

ဒဏ္ဍာရီအရ ရှေးဟောင်းနဂါးမျိုးနွယ်စုသည် နဂါး၏ ဆွေတော်မျိုးတော်များ ဖြစ်သည်။

နဂါးသွေး ပါဝင်သော ရှေးဟောင်းနဂါးမျိုးနွယ်စုတိုင်းသည် အရွယ်ရောက်သည်နှင့် အဆင့်မြင့် ပကတိ နတ်ဘုရားများနှင့် နှိုင်းယှဥ်နိုင်သော ခွန်အားများ ရှိကြ၏။

ကျန်းချန် သိသလောက် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ရှေးဟောင်းနဂါးမျိုးနွယ်စုဟု ခေါ်ဆိုရခြင်းမှာ ရှေးဟောင်းနဂါးမျိုးနွယ်စုကို နဂါးတစ်ကောင် သေဆုံးခဲ့သော နေရာတွင် တည်ထောင်ထားသောကြောင့် ဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ရှေးဟောင်းနဂါး အဆီအနှစ် သွေးအချို့ ရှိနေခဲ့၏။

သို့သော် ရှေးဟောင်းနဂါး၏ သွေးသည် အလွန်တရာ ရှားပါး၍ ၎င်းကို ရရှိရန်မှာ မလွယ်ကူပေ။

ရှေးဟောင်းနဂါး၏ အဆီအနှစ်ကို ရရှိရန် အလွန် ခက်ခဲသောကြောင့် တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီသည် သူ၏ လက်ထဲတွင်ရှိသော ရှေးဟောင်းနဂါး အဆီအနှစ်ကို လိုချင်နေခဲ့ခြင်းပင်။

"ဒီ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ မသိဘူး"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။

ချက်ချင်းဆိုသလို အဆုံးမဲ့ နဂါးစွမ်းအားများ ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအင်နှင့် သွေးအရှိန်အဝါသည် လေထုထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းပုလင်းထဲတွင်ရှိသော ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်သည်။

"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်ကို မျိုချပြီး နတ်စွမ်းအားများစွာကို ရရှိခဲ့ပါတယ်"

"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်း အဆင့်က အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်ကို ထိုးဖောက်သွားခဲ့ပါပြီ"

"ဒင်.. သင်က ရေရောထားတဲ့ ရှေးဟောင်းနဂါး အဆီအနှစ်သွေးတစ်စက်ကို မျိုချပြီး သင်၏ နတ်ခန္ဓာပုံရိပ်က အလယ်အလတ်အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

ကျန်းချန်က ရှေးဟောင်းနဂါး၏ အဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်သည်နှင့် စနစ်ထံမှ သတိပေးချက်များစွာသည် သူ၏ စိတ်ထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

"ဒီ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်က ရေရောထားတယ်လား"

စနစ်၏ သတိပေးချက်ကို ကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရေရောထားသော ရှေးဟောင်းနဂါး သွေးတစ်စက်သည် သူ့ကို အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ကို ချွေတာပေးခဲ့ပြီး အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်သို့ တိုက်ရိုက် ထိုးဖောက်စေခဲ့သည်။

နတ်ခန္ဓာပုံရိပ်ကိုလည်း အလယ်အလတ်အဆင့်ထိ ရောက်စေခဲ့၏။

ဤ သွေးတစ်စက်သာ ရေမရောထားသည့် ရှေးဟောင်းနဂါး သွေးတစ်စက် ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ရှိနိုင်မည်ကို ကျန်းချန် တွေးပင် မတွေးရဲတော့ပေ။

"အခွင့်အရေး ရရင် ရှေးဟောင်းနဂါး သွေးစက် အစစ်ကို ရယူဖို့ ကြိုးစားရမယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးများတွင် အလွန် တောင့်တသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဤရှေးဟောင်းနဂါး အဆီအနှစ်သွေးတစ်စက်သည် ကျင့်ကြံခြင်း အဆင့်ကို များစွာ တိုးတက်စေရုံသာမက နတ်ခန္ဓာပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်၍ အနှိုင်းမဲ့ရတနာဟုပင် တင်စားနိုင်သည်။

ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးကတည်းကပင်

ကျန်းချန်သည် သူ၏ နတ်ခန္ဓာပုံရိပ်က အဆင့်မြှင့်တင်၍ရသည်ဟု ခပ်ရေးရေး ခံစားမိခဲ့သည်။

သို့သော် နတ်ခန္ဓာပုံရိပ်ကို မည်ကဲ့သို့ မြှင့်တင်ရမလဲ ဆိုသည်ကို သူ မသိခဲ့ပေ။

ယခုအခါ ရှေးဟောင်းနဂါး အဆီအနှစ် သွေးတစ်စက်သည် နောက်ဆုံးတွင် ကျန်းချန်အတွက် နတ်ခန္ဓာပုံရိပ်ကို အဆင့်မြင့်ပေးခဲ့သည်။

"နတ်ခန္ဓာပုံရိပ် ထွက်ပေါ်စမ်း"

ကျန်းချန်က နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ရွှေဓားပုံရိပ်သည် သူ၏ နောက်ကျောတွင် ဖြစ်ပေါ်လာခဲ့သည်။

သူ၏ နတ်ခန္ဓာပုံရိပ်က အရွယ်အစား နှစ်ဆ တိုးလာရုံသာမက ပို၍လည်း အစွမ်းထက်လာသည်ဟု ကျန်းချန် ချက်ချင်း ခံစားမိခဲ့သည်။

"ဒီ နတ်ခန္ဓာပုံရိပ်က နောက်ဆုံး အဆင့်အထိ ကြီးထွားလာရင် ရှေးဟောင်း နတ်ဓား တစ်လက်အဖြစ် တကယ်ပဲ ပြောင်းလဲသွားမလား မသိဘူး"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး နတ်ခန္ဓာပုံရိပ်ကို ချက်ချင်း ရုတ်သိမ်းကာ ကျင့်ကြံမှုကို စတင်ခဲ့သည်။

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိခဲ့တယ်"

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိခဲ့တယ်"

"................"

ကျန်းချန်က ကျင့်ကြံရန် အတွက် ကောင်းကင်နဂါး အမှတ်များဖြင့် အရင်းအမြစ်များ လဲလှယ်ခဲ့သော်လည်း မှော်ဆေးလုံး၊ မှော်ရတနာများနှင့် လဲလှယ်ခြင်း မရှိဘဲ နတ်ခရစ်စတယ် အရေအတွက် များစွာကို လဲလှယ်ခဲ့သည်။

ကောင်းကင်နဂါးမြို့တော်တွင် သာမန် ပကတိ နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို လဲလှယ်ရန် ကောင်းကင်နဂါးအမှတ် ထောင်ပေါင်းများစွာ လိုအပ်သည်။

သို့သော် ကောင်းကင်နဂါးအမှတ် ထောင်ပေါင်းများစွာသည် သာမန် နတ်ခရစ်စတယ် ထောင်ပေါင်းများစွာကို လဲလှယ်နိုင်၏။

သာမန် ပကတိ နတ်ဘုရားအဆင့် ဆေးလုံးသည် ကျန်းချန်ကို ချက်ချင်းဆိုသလို အတွေ့အကြုံရမှတ် များစွာ ပေးနိုင်သော်လည်း နတ်ခရစ်စတယ် ထောင်ပေါင်းများစွာက ပေးသော အတွေ့အကြုံနှင့်မူ လုံးဝ နှိုင်းယှဥ်၍ မရပေ။

သူ၏ ခန္ဓာကိုယ်ထဲတွင် စနစ်ပါရှိသောကြောင့် ကျန်းချန်သည် သာမန်လူများထက် နတ်ခရစ်စတယ်ကို ပို၍ လျင်မြန်စွာ စုပ်ယူနိုင်သည်။

သူက နတ်ခရစ်စတယ် ထောင်ပေါင်းများစွာ၏ စွမ်းအင်ကို စုပ်ယူရန် ရက်အနည်းငယ်သာ အချိန်ယူရသည်။

ကျန်းချန်အတွက် ဆေးလုံးတစ်လုံးကို မျိုချခြင်းထက် နတ်ခရစ်စတယ်များမှ စွမ်းအားကို စုပ်ယူသည်က ပို၍ အကျိုးရှိသည်မှာ ထင်ရှား၏။

ကျန်းချန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် နတ်ခရစ်စတယ်များကို ရူးသွပ်စွာ စုပ်ယူခဲ့သည်။

သို့သော် ပကတိနတ်ဘုရားနယ်ပယ် အဆင့်၏ ကျင့်ကြံမှုသည် အောက်ခြေမည်မျှရှိသည်ကို မသိရသော ချောက်နက်တစ်ခုနှင့် ဆင်တူ၏။

လပေါင်းများစွာကြာအောင် ကျန်းချန်သည် သူ လဲလှယ်ခဲ့သော ခရစ်စတယ်များကို သုံးစွဲခဲ့သည့်တိုင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့်နိမ့် ပကတိ နတ်ဘုရား အထွတ်အထိပ် အဆင့်ကို မရောက်ရှိသေးပေ။

"ပကတိ နတ်ဘုရားနယ်ပယ်အဆင့်က အတော်ကို အကုန်အကျ များတာပဲ"

ကျန်းချန်က အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

မူလက သူသည် အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို တစ်ခါတည်း ထိုးဖောက်ရန် စီစဥ်ထားခဲ့သည်။

သို့သော် နတ်ခရစ်စတယ်များ လဲလှယ်ရန် ကောင်းကင်နဂါးအမှတ် မရရှိလျှင် နောက်ထပ် တစ်နှစ် ကျင့်ကြံခဲ့သည့်တိုင် အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။

အခန်း(၁၅၇၄) ပြီး၏

အခန်း(၁၅၇၅)

နောက်နှစ်လအကြာတွင် ကျန်းချန်သည် မစ်ရှင်များကို အရူးအမူး လုပ်ဆောင်ခဲ့သည်။

သူက အဆင့်မြင့်မစ်ရှင် ခုနစ်ခုကို ဆက်တိုက် ပြီးမြောက်အောင် လုပ်ပြီး ကောင်းကင်နဂါး အမှတ် ငါးသိန်း အပြည့် ရရှိပြီးနောက်တွင် ရပ်တန့်လိုက်သည်။

ထို့နောက် ကျန်းချန်က မစ်ရှင်မှ ရရှိသော ကောင်းကင်နဂါးအမှတ်အားလုံးကို နတ်ခရစ်စတယ်များနှင့် လဲလှယ်လိုက်ပြီး ဒသမမြောက် တောင်ထွတ်သို့ ပြန်သွားကာ သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ကျန်းချန်၏ ထူးဆန်းသော အပြုအမူသည် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

-------------------

ကောင်းကင်နဂါးမြို့တော် အလယ်ဗဟိုရှိ ခန်းမတစ်ခုထဲတွင် ပထမအကြီးအကဲ ရွှေလင်းလုံသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လင်းလက်နေပြီး ခန်းမတစ်ခုလုံးသည် ကျယ်ပြောလှသော သမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

"ကျန်းချန်.. ဘာတွေ လုပ်နေတာလဲ"

ရွှေလင်းလုံ၏ အကြည့်က အတားအဆီး အားလုံးကို ထိုးဖောက်သွားခဲ့ပြီး နတ်ခရစ်စတယ်များကို လဲလှယ်ကာ ဒသမမြောက် တောင်ထွတ် ဆီသို့ ပြန်သွားသော ကျန်းချန် ဆီသို့ ရောက်ရှိသွား၏။

သူမက အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။

ရွှေလင်းလုံသည် လုံကျန့်ရှင်း၏ အာရုံစိုက်မှုကို ရရှိထားသော ဒသမမြောက် မာနနဂါးအဆင့် တပည့်ကျန်းချန်ကို အထူးပင် ဂရုစိုက်ခဲ့သည်။

ထို့​ကြောင့် ဤနှစ်လအတွင်း ရွှေလင်လုံးသည် ကျန်းချန်က အဆင့်မြင့် မစ်ရှင် ခုနစ်ခုအား ပြီးမြောက်ခဲ့သည်ကို သိရှိခဲ့သည်။

အကယ်၍ ကျန်းချန်သာ ကောင်းကင်နဂါး အမှတ်များ ရရှိရန်အတွက် မစ်ရှင်ကို ဆောင်ရွက်ခဲ့လျှင် နတ်ဆေးလုံး လဲလှယ်ရန်အတွက် ဖြစ်နိုင်၏။

သို့သော်လည်း ကျန်းချန်သည် သူ ရရှိသော ကောင်းကင်နဂါး အမှတ်အားလုံးကို နတ်ခရစ်စတယ်များဖြင့်သာ လဲလှယ်ခဲ့သည်။

ကျင့်ကြံသူများသည် နတ်ခရစ်စတယ်၏ စွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံနိုင်၏။

အဆင့်နိမ့် ပကတိနတ်ဘုရား တစ်ပါးအနေဖြင့် နတ်ခရစ်စတယ် တစ်ထောင်ကို တစ်လအတွင်း စုပ်ယူနိုင်လျှင်ပင် အလွန်တရာ ကောင်းမွန်သော အရှိန်အဟုန်ဟု သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

ယခု ကျန်းချန်က နတ်ခရစ်စတယ် တစ်သိန်းမက လဲလှယ်ခဲ့ရာ ဆယ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ကျင့်ကြံရလိမ့်မည်ဟု ရွှေလင်းလုံ မှန်းဆခဲ့သည်။

"ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း အဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာပါလား.. သူက အလယ်အလတ် ပကတိ နတ်ဘုရား အဆင့်နဲ့ သိပ် မဝေးတော့ဘူး ဆိုတော့ သူ့ကို လွှတ်ထားလိုက်တော့မယ်"

ရွှေလင်းလုံက ခေါင်းခါယမ်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဆက်လက် ကျင့်ကြံလိုက်သည်။

......................

ရှန်လုံမြို့၏ ခြံဝင်းတစ်ခုအတွင်း။

အနီရောင် အရည်နှစ်မျိုးသည် လေထဲသို့ တက်သွားပြီးနောက် လေးထောင့်ပုံ လက်ဖက်ရည်ခွက် နှစ်ခွက် ထဲသို့ တည့်မတ်စွာ ဝင်ရောက်သွားခဲ့သည်။

လုံကျန့်ရှင်းက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံ သောက်လိုက်ကာ ဖန်းချင်းယွမ်ကို ပြောလိုက်သည်။

"အဘိုးကြီးဖန်း.. မင်း ခေါ်လာခဲ့တဲ့ ကောင်လေးက သာမန်မဟုတ်တဲ့ ပါရမီရှင်ပဲ"

"ပထမဆုံးအကြိမ် မစ်ရှင် ဆောင်ရွက်ဖို့ ထွက်သွားစဥ်က ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ပြီး ငါ သူ့ကို ပေးခဲ့တဲ့ ဓားစွမ်းအင်ကို အသုံးပြုခဲ့တယ်"

"လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ သူက မစ်ရှင် အများအပြား ပြီးမြောက်ခဲ့ပြီး သူ ရရှိခဲ့တဲ့ ကောင်းကင်နဂါး အမှတ်အားလုံးကို နတ်ခရစ်စတယ်တွေနဲ့ လဲလှယ်ခဲ့တယ်.. သူ ဘာလို့ နတ်ခရစ်စတယ်နဲ့ လဲလှယ်ခဲ့တယ်ဆိုတာ မင်း ငါ့ကို ရှင်းပြလို့မလား"

ဖန်ချင်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒီကမ္ဘာမှာ ပုံမှန် အသိနဲ့ တိုင်းတာလို့ မရတဲ့ ပါရမီရှင်တွေ အများအပြား ရှိတယ်.. သူတို့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က အရမ်းကို လျင်မြန်တယ်"

"မင်းပြောတာအမှန်ပဲ"

လုံကျင့်ရှင်းသည် ခေါင်းငြိမ့်လိုက်သည်။

ကျန်းချန်သည် ကောင်းကင်နဂါးမြို့သို့ ဝင်လာခဲ့ပြီးနောက် သုံးနှစ်သာ ကျင့်ကြံခဲ့ရသေး၏။

လွန်ခဲ့သည့် သုံးနှစ်ကျော် အတွင်း ကျန်းချန်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အဆင့်နိမ့် ပကတ်နတ်ဘုရား အထွတ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရင် ခြေတစ်လှမ်းသာ လိုတော့၏။

သိထားရမည့်အချက်မှာ ကောင်းကင်နဂါးမြို့မှ ပါရမီရှင်များသည် သုံးနှစ်အတွင်း အဆင့်ငယ်တစ်ဆင့်ကိုပင် ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်းသည် ဟူသော စကားလုံးကို ဖော်ပြရန် လုံလောက်နေပြီးသား ဖြစ်၏။

"ဒီကမ္ဘာမှာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ ခန္ဓာကိုယ်ရှိတဲ့ လူတွေ ရှိကြတယ်"

ဖန်ချင်းယွမ်၏ မျက်လုံးများက တဖျတ်ဖျတ် လက်လာခဲ့၏။

"ဥပမာ ဒဏ္ဍာရီလာ အင်မော်တယ် နတ်ခန္ဓာကိုယ်က နတ်ခရစ်စတယ်တွေကို ပဲကြီးလှော်လို ဝါးစားပြီး ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန် တိုးတက်အောင် လုပ်ဆောင်နိုင်တယ်"

"မင်းက ကျန်းချန်ကို အင်မော်တယ် နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား"

လုံကျန့်ရှင်းက အံ့အားသင့်သွားခဲ့သည်။

"နည်းနည်းတော့ ဆင်တူတယ်.. ဒါပေမဲ့ ဟုတ်မဟုတ်တော့ မသေချာဘူး"

ဖန်ချင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး လုံကျန့်ရှင်းကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒီ ကောင်လေးကိစ္စကို ခဏထားလိုက်ပါ.. မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့တာလဲ.. ရှေးဟောင်း နဂါးအမွေအနှစ်နယ်မြေမှာ ဘာလို့ ထူးဆန်းတဲ့ အရှိန်အဝါ အတက်အကျတွေ ရှိနေရတာလဲ"

"ငါလည်း မသိဘူး"

"ရှေးဟောင်း နဂါး အမွေအနှစ် နယ်မြေကို နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ဖွင့်တာဆိုတော့ နောက်တစ်ကြိမ် ဖွင့်ဖို့ အနည်းဆုံး နှစ်တစ်ရာ ကျန်သေးတယ်"

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အပြောင်းအလဲ ဖြစ်လာခဲ့ပြီ"

လုံကျန့်ရှင်းက ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်အရ သုံးနှစ်အတွင်း ရှေးဟောင်းနဂါး အမွေအနှစ်က စောစောစီးစီး ဖွင့်လှစ်လိမ့်မယ်"

"သုံးနှစ်လား.. ကောင်းကင်ဘုံက ငါ့အပေါ်မှာ တကယ်ကို ရက်စက်လွန်းတာပဲ"

ဖန်ချင်းယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူ၏ ဇရာထင်သော မျက်လုံးများတွင် ချက်ချင်းဆိုသလို လင်းလက်သွားခဲ့သည်။

"ကျန့်ရှင်း.. ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းချန်ကို တစ်နေရာ ပေးလိုက်ပါ"

"မင်းက ကျန်းချန်ကို ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲ ဝင်စေချင်တာလား"

လုံကျန့်ရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့်အတွက် နေရာ ဆယ်နေရာ ရှိတယ်.. ကောင်းကင်နဂါးမြို့က အများဆုံး သုံးနေရာပဲ ရနိုင်တယ်.. ငါ သူ့ကို တစ်နေရာ ပေးခဲ့ရင်တောင် သူ ထိန်းသိမ်းနိုင်လောက်မှာ မဟုတ်ဘူး"

"နောက်ထပ်တစ်ကြိမ် ပကတိနတ်ဘုရား အလှည့်ကို ရောက်ဖို့ဆိုရင် နှစ်ပေါင်း သုံးထောင် ထပ်စောင့်ရလိမ့်မယ်.. ငါ့မှာ အဲဒီလောက် အချိန်မရှိတော့ဘူး"

"သုံးနှစ်အတွင်း ကျန်းချန်ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်နဲ့ဆိုရင် အဲဒီအချိန်မှာ တခြားသူတွေကို ရှုံးနိမ့်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

"မင်း သူ့ကို နေရာ တစ်နေရာသာ ပေးလိုက်ပါ.. ရလဒ်အတွက်ကတော့ ဘုရားသခင်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်"

ဖန်ချင်းယွမ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်၏။

မူလက ပုံမှန် ဖွင့်လှစ်သော အချိန်အရ ရှေးဟောင်း နဂါး အမွေအနှစ် နယ်မြေသည် နှစ်တစ်ရာကြာပြီးမှသာ ဖွင့်လှစ်မည် ဖြစ်သည်။

ကျန်းချန်၏ ပါရမီဖြင့်သာ ဆိုလျှင် ဤနှစ်တစ်ရာ အတွင်း အဆင့်မြင့် ပကတိနတ်ဘုရား အဖြစ်သို့ ရောက်ရှိနိုင်ပြီး အဆင့်တူအတွင်း မည်သူမှ ယှဥ်နိုင်မည် မဟုတ်တော့ပေ။

သို့သော်လည်း ယခုအခါတွင် ရှေးဟောင်း နဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်မည့်အချိန်က ပြောင်းလဲသွားခဲ့ပြီး သူ၏ အစီအစဥ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။

"ကောင်းပြီ.. မင်းအတွက် သူ့ကို နေရာ တစ်နေရာ ပေးလိုက်မယ်.. ကျန်တာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"

လုံကျန့်ရှင်းက ခေါင်းငြိမ့်လိုက်သည်။

သို့သော် သူ၏ နှလုံးသားထဲတွင် ကျန်းချန်က ဝင်ခွင့်နေရာကို ထိန်းသိမ်းနိုင်လမ့်မည်ဟု သိပ်မယုံကြည်ခဲ့ပေ။

ကျန်းချန်က ပါရမီ အလွန်တရာ ကောင်းသော်လည်း ကျင့်ကြံသည့် ကာလက အလွန်ပင် တိုတောင်း၏။

ကောင်းကင်နဂါးမြို့တော်ရှိ အခြားသော မာနနဂါးအဆင့် တပည့် ကိုးဦးကမူ ကောင်းကင်နဂါးမြို့တော်တွင် အနည်းဆုံး နှစ်တစ်ထောင်ခန့် ကျင့်ကြံပြီးသား ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်သည် အဆင့်မြင့် ပကတိ နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အထူးသဖြင့် အားအကောင်းဆုံး သုံးဦးသည် အဆင့်မြင့် ပကတိနတ်ဘုရားများ ဖြစ်သည့်အပြင် ကိုယ်ခံပညာဥပဒေသကို တစ်ခုထက်မက နားလည်ထားကြသည်။

ကျန်းချန်ကို နှစ်တစ်ရာ အချိန်ပေးခဲ့လျှင် ၎င်းတို့ကို အနိုင်ရရန် အခွင့်အရေး ရှိနိုင်သေးသည်။

သို့သော် နောက်ထပ် သုံးနှစ်အတွင်း ကောင်းကင်နဂါး မြို့တော်မှ မာန နဂါးအဆင့် တပည့်များကို ရင်ဆိုင်ရန်မှာမူ တကယ်ကို ခက်ခဲလိမ့်မည် မဟုတ်ပါလား။

..............

ကောင်းကင်နဂါးမြို့တော်ရှိ ဒသမ တောင်ထွတ်။

ကျန်းချန်သည် လုံကျင့်ရှင်းတို့ စကားဝိုင်းအကြောင်း ဘာမှ မသိပေ။

သူက ဒသမ တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် နတ်ခရစ်စတယ်များကို အရူးအမူး စုပ်ယူကာ ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်တုံးကို သုံးပြီး ကျင့်ကြံခဲ့တဲ့အတွက် အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"............."

"ဒင်.. သင်က အလယ်အလတ် ပကတိ နတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

ခြောက်လကြာပြီးနောက်တွင် ကျန်းချန်သည် နတ်ခရစ်စတယ်များအတွက် ကောင်းကင်နဂါး အမှတ် ငါးသိန်း ကုန်ကျခဲ့ပြီး အဆုံးသတ်တွင် အဆင့်နိမ့် ပကတိ နတ်ဘုရား၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ အလယ်အလတ် ပကတိ နတ်ဘုရား ဖြစ်လာခဲ့သည်။

"နောက်ဆုံးတော့ ငါ အလယ်အလတ် ပကတိ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီ"

ကျန်းချန်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

အလယ်အလတ် ပကတိ နတ်ဘုရား၏ ရုန့်ရင်းသော အရှိန်အဝါသည်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။

အလယ်အလတ် ပကတိ နတ်ဘုရားအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်၏ နတ်စွမ်းအားသည် ဆယ်ဆကျော် ပို၍ အားကောင်းလာခဲ့ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည်လည်း သံသယဝင်စရာ မလိုလောက်အောင်ပင် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

အကယ်၍ သူသာ ဟန်ကြွယ် ကဲ့သို့ အဆင့်မြင့် ပကတိ နတ်ဘုရားတစ်ပါးနှင့် ထပ်မံ ရင်ဆိုင်ရလျှင် တစ်ကွက်ထဲဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်၏။

ယခုအခါ ကျန်းချန်သည် သူ့ကိုယ်သူ လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။

ကျန်းချန်က အလယ်အလတ် ပကတ်နတ်ဘုရား၏ စွမ်းအားကို သုံးသပ်နေသောအချိန်မှာပင် ရယ်သံတစ်သံသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား.. ကောင်လေး.. မင်းရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်က ငါ ထင်ထားတာထက် အများကြီး ပိုမြန်နေပါလားဟေ့.. ဒီအတိုင်းဆို မင်းကို နောက်ထပ် နှစ်နှစ်လောက် အချိန်ပေးလိုက်ရင် မျှော်လင့်ချက် မရှိဘူးလို့ ပြောလို့မရတော့ဘူး"

အခန်း(၁၅၇၅) ပြီး၏

All Chapters