← Chapters

အခန်း (၂၆၂၂)

Vol. 112 Ch. 2622

အခန်း (၂၆၂၂)

Vol. 112 Ch. 2622

အဖွားအိုမှာ ပန်းနာရင်ကြပ်ရောဂါ ရထားသည့်အလား ချောင်းကို တဟွတ်ဟွတ်ကို ဆိုးနေတော့သည်။ နောက်ဆုံးကျမှသာလျှင် အသက်ကိုကောင်းကောင်းရှူနိုင်ပြီး ကျိယောင်ဘက်သို့လှည့်၍ အားနည်းဖျော့တော့သည့်လေသံဖြင့် ပြောလိုက်၏။ “အခု အဆင်ပြေသွားပြီ သမီး… အသက်တွေကရလာတော့ စိတ်သွားတိုင်း ကိုယ်က မပါနိုင်တော့ဘူး… ကျေးဇူးအများကြီးတင်ပါတယ် သမီးရယ်…”

ကျိယောင်က ခေါင်းခါပြလိုက်သည်။ အဖွားအိုအား လွှတ်ပေးတော့မည့်အပြု အဖွားအို၏ ခြေထောက်များမှာ ထပ်မံ၍ ယိုင်ကျသွားသဖြင့် ကျိယောင်လည်း သူမ၏လက်ကို အလျင်စလို ထူမပေးလိုက်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။ “အဖွားကို သမီး ထူထားပေးမယ်လေ…”

“ကျေးဇူးအများကြီးတင်ပါတယ် သမီးရယ်… ကျေးဇူးအများကြီးတင်ပါတယ်…” အဖွားအိုက ပြောလိုက်သည်။ “သမီးလေးက အရမ်းကို ကြင်နာတတ်တာပဲ… တစ်နေ့နေ့တော့ ကံကြမ္မာအကျိုးပေးတာ ခံရဦးမှာပေါ့…” ထိုသို့ပြောပြီးသည့်နောက် အဖွားအိုသည် ချောင်းတဟွတ်ဟွတ် ဆိုးတော့လေ၏။

ကျိယောင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “အပြင်သွားတဲ့အခါကျရင် အကြီးအကဲတွေနဲ့ အငယ်တွေအပေါ် ကြင်နာတတ်ဖို့၊ လေးစားတတ်ဖို့ ကျွန်မတို့ဆရာက သင်ပေးထားတယ်လေ…”

အဖွားအိုက ယဲ့ယဲ့လေးရယ်သွမ်းသွေးလျက် “သမီးက တကယ်ကို လိမ္မာတာပဲ… သမီးဆရာ အသင်အပြကောင်းတာလဲ ပါတာပေါ့လေ… သမီး ဘယ်ဂိုဏ်းကလာတာလဲ…”

ကျိယောင်သည် ခေါင်းသာခါပြလိုက်ပြီး ပြန်မဖြေခဲ့ချေ။

ထိုစဉ် ရန်ကိုင်က ပြုံးလျက် ဝင်ပြောလိုက်လေ၏။ “အပြင်သွားတဲ့အခါမျိုးမှာ အကြီးတွေနဲ့ အငယ်တွေကို လေးစားပြီး ကြင်နာတတ်ဖို့က တကယ်ကို အရေးကြီးတယ်… ဒါပေမယ့် အဲ့ထက်ပိုအရေးကြီးတာက မျက်လုံးရှင်ရှင်ဖွင့်ထားဖို့ပဲ… အခြားသူတွေလိမ်တာခံရတာမျိုး လုံးဝ အဖြစ်ခံလို့မရဘူး… ဒီလောကကြီးတစ်ခုလုံးက လူဆိုး၊ လူယုတ်၊ လူညစ်တွေနဲ့ ပြည့်နေတာ… ဘယ်အချိန် ဘယ်သူတွေက ကိုယ်ကြင်နာတတ်တာကို အခွင့်ကောင်းယူသွားမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး… အဲ့လို လူဆိုး၊ လူယုတ်၊ လူညစ်တွေကို ကူညီပေးလိုက်လို့ရှိရင် မကောင်းမှုဒုစရိုက်တွေကို အားပေးအားမြှောက်ပြုနေတာနဲ့ အတူတူပဲ ဖြစ်သွားမှာ… ဟုတ်တယ်မလား အဖွား…”

အဖွားအို၏ခန္ဓာကိုယ် မသိမသာလေး တုန်ရီသွားခဲ့သည်။ သို့သော်ငြား အားတင်းပြုံးလျက် ပြန်၍ပြောလိုက်လေ၏။ “မင်းပြောတာအမှန်ပဲ ကောင်လေးရေ…”

ကျိယောင်က ခေါင်းညိတ်လျက် “တပည့် ဆရာ့စကားကို သေချာမှတ်ထားပါ့မယ်…”

“တပည့်…” ကျိယောင်၏စကားကြောင့် အဖွားအို ကြောင်သွားခဲ့လေသည်။ ကျိယောင် အစောပိုင်းက ပြောနေသည့် ဆရာဆိုသည့်လူမှာ သူမနောက်တွင် ရပ်နေသည့် လူငယ်လေးမှန်း ချက်ချင်းကို နားလည်သွားတော့သည်။

ထိုစဉ် ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်လေသည်။ “အဖွားရဲ့ နားကပ်တွေက အတော်လေးကို ထူးခြားတာပဲနော်…”

အဖွားအို ကြောင်သွားခဲ့ပြီး သူမ၏နားသီးလေးကို လက်ဖြင့် လှမ်းထိလိုက်လေသည်။ သို့သော်ငြား ထိုနေရာတွင် ဘာမှ ရှိမနေခဲ့ပေ။ အဖွားအိုက အားတင်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကလေး… မင်းက အသက်ငယ်ငယ်လေးပဲ ရှိသေးပေမယ့် မင်းမျက်လုံးတွေက သိပ်မကောင်းတော့ပါလား… ငါ့အသက်အရွယ်ကြီးနဲ့ ဘယ်လိုလုပ်ပြီး နားကပ်တွေဝတ်ရမှာလဲ…”

“ဒီနေ့တော့ မဝတ်ပေမယ့် အရင်နေ့ကတော့ ဝတ်ရင်ဝတ်ထားမှာပေါ့ အဖွားရယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အဖွားရဲ့နားပေါက်တွေက တော်တော်လေးကို သိသာလွန်းနေတယ်… မသိရင် နားကပ်တွေကို အဖွား နှစ်တွေအများကြီး ဝတ်လာတဲ့ ပုံစံအတိုင်းပဲ…”

ရန်ကိုင်၏ စကားအသွားအလာမှတစ်ဆင့် တစ်ခုခုမှားယွင်းနေသည်ဆိုသည်ကို ကျိယောင် သတိမပြုမိစရာအကြောင်း မရှိချေ။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် သူမ၏ဧကရာဇ်ချီအား အဖွားအို၏ခန္ဓာကိုယ်ထဲသို့ မသိမသာလေး ထည့်သွင်းလိုက်လေသည်။

တစ်ခဏအကြာတွင် ကျိယောင်၏အမူအယာ အေးစက်သွားခဲ့ပြီး အဖွားအို၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ “ရှင်ဘယ်သူလဲ… ဘာလို့ ကျွန်မကို လာလှည့်စားတာလဲ…”

မြင်မြင်ချင်းကမူ သတိမထားမိခဲ့ပါသော်ငြား သေချာအနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မကျန်းမမာ ဖြစ်နေသည့် အဖွားအိုကြီးသည် ကျန်းမာသန်စွမ်းသည့်လူတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ အိုမင်းနေသည့် သူမ၏ရုပ်ရည်မှာ ဟန်ဆောင်ထားသည့် အသွင်အပြင်တစ်ခုသာ ဖြစ်လေ၏။

ထို့အတွက်ကြောင့် ကျိယောင်မှာ အတော်လေးကိုမှ ဒေါသထွက်သွားခဲ့ရသည်။ သူမသည် စေတနာဖြင့် ကူညီပေးနေခြင်းသာ ဖြစ်ပါသော်ငြား တစ်ဖက်လူသည် သူမ၏စေတနာကို လှည့်စားကာ အသုံးချသွားခဲ့သည်။

အမျိုးသမီးမှာ သူတို့ကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမဟုတ်ဘဲ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကျိယောင်၏လက်မှ လုံးဝ ရုန်းမထွက်နိုင်ခဲ့ပေ။ ကျိယောင်၏လက်များသည် ပြုတ်တူကြီးတစ်ခုနှယ် သူမ၏လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏ကိုယ်ထဲတွင်ရှိနေသော အရင်းအမြစ်ချီများမှာလည်း ဖိနှိပ်ထားခြင်း ခံရလေရာ အမျိုးသမီးမှာ သူမ၏ အရင်းအမြစ်ချီကို မည်သို့မှပင် မလှည့်ပတ်နိုင် ဖြစ်သွားရလေ၏။ စတင်၍ ထိတ်လန့်တုန်လှုပ်လာသော အမျိုးသမီးသည် ကျိယောင်ကိုကြည့်၍ လေသံတိုးတိုးဖြင့် တောင်းပန်အသနားခံတော့လေသည်။ “စီနီယာ… ကျွန်မ ဘာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့မှ အခုလိုလုပ်ရတာ မဟုတ်ပါဘူး… ကျွန်မမှာ ရွေးချယ်စရာမရှိလို့ အခုလိုမျိုး လုပ်ရတာပါ… ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျွန်မအကြောင်းကို ထုတ်မပြောဖို့ တောင်းဆိုပါတယ်…”

ကျိယောင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး မြို့ဂိတ်ပေါက်တွင် စောင့်ကြပ်နေသော ကျင့်ကြံသူများကို ကြည့်လျက် မေးလိုက်လေသည်။ “သူတို့က ရှင့်ကြောင့် ဒီကိုရောက်နေတာလား….”

အမျိုးသမီး ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ရှင် ဘာဖြစ်လို့ ကျွန်မကို လာအသုံးချတာလဲ…” ကျိယောင်က အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်သည်။

“ခုနတုန်းက သခင်လေးပိုင်နဲ့ သခင်မလေးရန်တို့ ဒီကိုရောက်လာပြီးတဲ့နောက်ပိုင်း စီနီယာတို့နှစ်ယောက်ကိုမြင်ပြီး အရမ်းကြောက်သွားတာမို့လို့ပါ… ဒါကြောင့်…”

ရန်ကိုင်က မျက်ခုံးပင့်လျက် “အမျိုးသမီးတုန်က တကယ်ကို အမြင်စူးရှတာပဲ… ဒီလိုဟာမျိုးလေးကိုတောင် သေချာမြင်သွားတယ်…”

ရန်ကိုင်၏စကားကိုကြားသော် အမျိုးသမီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ရန်ကိုင်အား တုန်လှုပ်ခြောက်ခြားစွာကြည့်လျက် ပြန်ပြောလိုက်သည်။ “ရှင် ကျွန်မကို သိတယ်လား…”

“အမျိုးသမီးတုန်…” ကျိယောင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမ၏ဆရာသည် ဤအမျိုးသမီး မည်သူဖြစ်သလဲ ဆိုသည်ကို မည်ကဲ့သို့များ အလွယ်တကူသိသွားသလဲ ကျိယောင်မပြောတတ်ချေ။ သူမသိသလောက် သူတို့နှစ်ဦးသည် ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် စင်ကြယ်ခြင်းမြို့ထဲသို့ ဝင်လာဖူးခြင်း ဖြစ်ပေသည်။ ဤမြို့ထဲတွင် သူတို့အသိ တစ်ယောက်မှ မရှိကြပေ။

“ကျုပ်ကတော့ မသိပါဘူး…” ရန်ကိုင်က ပြောလိုက်သည်။ “ဒါပေမယ့် လူအချို့ ခင်ဗျားအကြောင်း ပြောနေတာတော့ ကြားတယ်…”

“ဘယ်လို… သူတို့ ကျွန်မအကြောင်း ဘာပြောတာလဲ…” အမျိုးသမီးက တုန်တုန်ရီရီဖြင့် ပြန်မေးလိုက်လေသည်။

“တုန်မိသားစုခေါင်းဆောင်ရဲ့ မိန်းမကတဲ့…” ရန်ကိုင်က စပြောလိုက်သည်။ “တုန်မိသားစုရဲ့ အဖိုးတန်ဆုံးရတနာကို ခိုးယူသွားတယ်တဲ့… အဲ့တော့ မိသားစုခေါင်းဆောင်လည်း ဒေါသထွက်ပြီး မြို့သခင်စံအိမ်ရဲ့ အကူအညီကို တောင်းပြီးတော့ မြို့ဂိတ်ပေါက်တွေအကုန်လုံးကို ပိတ်ပစ်လိုက်တယ်တဲ့… အခုလိုမျိုး မြို့ထဲကထွက်မယ့်လူတိုင်းကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေရတာလဲ ဒီအကြောင်းကြောင့်ပဲပေါ့… မသင်္ကာတဲ့လူတစ်ဦးဦး ရှိလို့ရှိရင်လည်း လူသိရှင်ကြားမဖြစ်စေဘဲ တိုးတိုးတိတ်တိတ်လေး ဖမ်းပေးဖို့လည်း ပြောထားသေးတယ်…”

“မိသားစုရဲ့ရတနာကို ခိုးသွားတယ်…” အမျိုးသမီးက ခါးသက်စွာပြုံးလျက် “ကျွန်မ အဲ့လိုမျိုး မလုပ်ရဲဘူးဆိုတာ ကျွန်မနာမည်ကို တိုင်တည်ပြီး ကျိန်ပြောရဲတယ်…”

ကျိယောင်က မျက်မှောင်ကြုတ်လျက် “ဒီတော့ ကျွန်မဆရာပြောတာ မှားတယ်လို့ ရှင်ပြောချင်နေတာလား…”

အမျိုးသမီးတုန်က ခေါင်းခါလျက် “ဘာမိသားစုရတနာလဲ… ဘာအဖိုးတန်ရတနာမှ မရှိဘူး… တုန်မိသားစုမှာသာ အဲ့လိုအဖိုးတန်ရတနာမျိုး ရှိခဲ့လို့ရှိရင် ကျွန်မ အဲ့မိသားစုထဲမှာ နေနေတဲ့အချိန်အတွင်း အဲ့လိုရတနာမျိုးကို တွေ့ခဲ့ဖူးရမှာပေါ့… ပြီးတော့ ကျွန်မက မိသားစုခေါင်းဆောင်ရဲ့မိန်းမလေ… ဘာလို့ မသိစရာအကြောင်း ရှိရမှာလဲ…”

“ဒါဆိုရင် သူတို့ ရှင့်ကို ဘာဖြစ်လို့ အကွက်ချကြံစည်တာလဲ…” ကျိယောင်က ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို ဖမ်းဖို့ လိုနေလို့လေ…” အမျိုးသမီးတုန်က ပြန်ဖြေလိုက်လေသည်။

ကျိယောင်မှာ ထပ်မေးချင်သေးပါသော်ငြား ရန်ကိုင်က ရုတ်တရက် ဖြတ်တားလိုက်လေသည်။ “အမျိုးသမီးတုန်… ခင်ဗျားကိစ္စကို ကျုပ် စိတ်မဝင်စားဘူး… ကျုပ်တို့ကိုအသုံးချပြီး မြို့ထဲကထွက်သွားဖို့ ကြိုးစားတာကိုတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်… ခင်ဗျားကိစ္စကို ခင်ဗျားဘာသာရှင်း… ကျုပ်တို့ လာဆွဲမထည့်နဲ့…”

“ဆရာ…” အမျိုးသမီးတုန်က ရန်ကိုင်အား အသနားခံကာ ကြည့်လျက် ပြောလိုက်လေသည်။ “အခုကိစ္စက ကျွန်မအပြစ်ပါ… ဆရာတို့ရဲ့အကူအညီနဲ့ပဲ စင်ကြယ်ခြင်းမြို့တော်ထဲက ထွက်သွားနိုင်မှာမို့လို့ ကျွန်မ အခုလိုမျိုး လုပ်လိုက်ရတာပါ… ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးဖို့ တောင်းဆိုပါတယ်… တစ်နေ့ ဒီကျေးဇူးကို ကျွန်မ ကျိန်းသေပြန်ဆပ်မှာပါ…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြုံးလျက် “ခင်ဗျားကို ကူညီပေးလို့ ကျုပ်တို့ ဘာရမှာမို့လို့လဲ… အခြားသူတွေရဲ့ကိစ္စထဲ ဝင်ပါဖို့ စိတ်မဝင်စားဘူး…”

“ဆရာ…”

“ခင်ဗျား နောက်တစ်ခွန်း ထပ်ပြောရဲရင် ခင်ဗျားဘယ်သူလဲဆိုတာကို ကျုပ် ထုတ်ပြောလိုက်မှာနော်…” ရန်ကိုင်က အမျိုးသမီးအား အေးစက်စက်အမူအယာဖြင့် ကြည့်လိုက်သည်။

အမျိုးသမီးတုန်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ကျိယောင်သည်ပင်လျှင် သူမအား တစ်ချက်ကလေးမှပင် လှုပ်မရအောင် ထိန်းချုပ်ထားနိုင်လေရာ ကျိယောင်၏ဆရာဖြစ်သော ရန်ကိုင်ဆိုလျှင်တော့ ပြောနေစရာပင် လိုတော့လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်တွင် သူမ မည်သူဖြစ်သလဲ ဆိုသည်ကို ထုတ်ပြောနိုင်သည့်အရည်အချင်း တကယ်ရှိပေသည်။

ရန်ကိုင်၏ခြိမ်းခြောက်စကားကို ကြားပြီးသည့်နောက်တွင် အမျိုးသမီးတုန်လည်း စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပဲ ငြိမ်သက်စွာဖြင့်သာ တန်းစီရပ်စောင့်နေရတော့လေ၏။

“ဆရာ… အဲ့အမျိုးသမီးရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ်က အရမ်းအဆင့်မြင့်တယ်…” ကျိယောင်က ရန်ကိုင်နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီး လိမ်နေလို့ လိမ်နေမှန်းကိုပင် ကျိယောင် သိလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ငါလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးသာ ကြိုသိမထားခဲ့လို့ရှိရင် သူဘယ်သူမှန်း သတိထားမိမှာမဟုတ်ဘူး…”

ဗိုလ်ချုပ်ယုနှင့် မိသားစုခေါင်းဆောင်တုန်တို့ ပြောနေသည်ကို ကြားခဲ့ရသလို အတော်လေးကျယ်နေသော အမျိုးသမီး၏ နားပေါက်များကိုလည်း သတိပြုမိသွားသည့် အတွက်ကြောင့် အဖွားအိုသည် အမျိုးသမီးတုန်အယောင်ဆောင်ထားသည့်လူမှန်း ရန်ကိုင်ပြောနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ဆရာ… ကျွန်မတို့ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား…. သူ့ကြည့်ရတာ သူမှာ မပြောပြနိုင်တဲ့ လျို့ဝှက်တစ်ခုခု ရှိနေတယ့်ပုံပဲ…” အမျိုးသမီး၏ ကြောက်လန့်တုန်လှုပ်နေသည့် အမူအယာကိုမြင်သော် ကျိယောင် သနားစိတ်ဝင်မိသွားလေသည်။

“လူတွေကို အပေါ်ယံကြည့်ပြီးတော့ သွားဆုံးဖြတ်လို့မရဘူး…” ရန်ကိုင်က ပြောလိုက်သည်။ “အခုကိစ္စမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ငါတို့ သိရသေးတာမဟုတ်ဘူး… အကြောင်းစုံကို ဂဃနဏ မသိဘဲ တစ်ဖက်သတ် ဝင်စွက်ဖက်လိုက်လို့ရှိရင် မကောင်းတဲ့လူကို ကူညီပေးလိုက်သလိုတောင် ဖြစ်သွားနိုင်တယ်…”

“ဟုတ်ကဲ့…” ကျိယောင်က ခေါင်းညိတ်လိုက်သည်။

သူတို့ပြောနေစဉ် အတောအတွင်း အမျိုးသမီးအလှည့်သို့ ရောက်လာခဲ့လေသည်။

ဂိတ်ပေါက်ဝ၌ စောင့်နေသော ကျင့်ကြံသူများသည် လက်ဝှေ့ယမ်းပြလိုက်ရာ အမျိုးသမီးသည် တုန်တုန်ရီရီဖြင့် ဂိတ်ပေါက်နားသို့ လျှောက်သွားလေ၏။

အိတ်တစ်လုံးကို ကိုင်ထားသော ကျင့်ကြံသူသည် အိတ်ကိုဖွင့်၍ အမျိုးသမီးရှေ့တွင် ထားလိုက်လေသည်။

အမျိုးသမီးသည် အိတ်ကို တစ်ချက်သာ ကြည့်လိုက်ပြီးသည့်နောက် သူမ၏အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလို မွန်းစတားသားရဲတစ်ကောင်ကောင်၏ အော်ဟစ်သံအလား အိတ်ထဲဆီမှ အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

အမျိုးသမီးလည်း ချက်ချင်းကို လှုပ်ရှားတော့လေသည်။ အစောပိုင်းကကဲ့သို့ တုန်တုန်ရီရီဖြစ်နေခြင်း အလျဉ်းမရှိတော့ဘဲ အလင်းတန်းတစ်ခုအသွင်ဖြင့် ဂိတ်ပေါက်ဝဆီသို့ ပြေးထွက်သွားလေ၏။

“သူ့ကိုဖမ်း…” ဂိတ်စောင့်က အော်ပြောလေသည်။

“လူလုံးထွက်ပြလာပြီဆိုမှာတော့ ဒီမှာပဲ နေလိုက်ပေတော့…” အခြားသောလူတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့ပြီး ဓါးချီလှိုင်းတစ်လှိုင်းသည် အမျိုးသမီးထွက်ပြေးနေသည့်ဘက်တည့်တည့်ဆီသို့ ပြေးဝင်သွားလေ၏။

အမျိုးသမီး၏အမူအယာ ထပ်မံပြောင်းလဲသွားခဲ့လေသည်။ ထိုဓါးချီလှိုင်းဖြင့်သာ ထိမှန်ခြင်းခံရမည်ဆိုပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမည်မှန်း သိသွားသည့်အတွက်ကြောင့် မတတ်သာတော့ဘဲ နောက်သို့ ပြန်ဆုတ်လိုက်ရလေ၏။

“ရွှစ်… ရွှစ်… ရွှစ်…”

ဘက်ပေါင်းစုံမှလူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး အမျိုးသမီးဆီသို့ တဟုန်ထိုး တိုးဝင်လာကြလေသည်။

တစ်ခဏတာမျှ တုံ့နှေးသွားစဉ်အတောအတွင်း အမျိုးသမီးသည် လူပေါင်းများစွာ၏ ဝိုင်းရံခြင်း ခံလိုက်ရလေသည်။

“အို…” ထိုမြင်ကွင်းကိုကြည့်ရင်း ကျိယောင် သက်ပြင်းချမိသွားလေသည်။ အမျိုးသမီးအတွက် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိတော့မှန်း သူမသိလိုက်လေပြီ။

အမျိုးသမီးသည် တာအိုသခင်တတိယအဆင့်သာ ရှိသေးပါသော်ငြား သူမအားဝိုင်းထားသည့် လူများမှာလည်း သူမနှင့်အဆင့်တူ ကျင့်ကြံသူခြောက်ဦးဖြစ်နေခဲ့လေသည်။ လူအရေအတွက်မသာသည့်အတွက်ကြောင့် သူမအနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ရာ သိပ်၍ မဖြစ်နိုင်လှတော့ချေ။

“အဲ့ဒါ တုန်မိသားစုက အကြီးအကဲတွေ…”

“ထူးဆန်းတယ်… သူတို့ ဘာလို့ ဒီကို ရောက်နေတာလဲ… အဲ့အဖွားအိုကရော ဘယ်သူလဲ… တုန်မိသားစုက ဘာဖြစ်လို့ သူ့ကို လိုက်ဖမ်းနေရတာလဲ…”

အနီးအနားတွင်ရှိသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုကြည့်ရင်း တိုးတိုးတိတ်တိတ်ဖြင့် စတင်၍ ဆွေးနွေးကြတော့လေသည်။

တုန်မိသားစုမှ အကြီးအကဲများသည် အမျိုးသမီးအား ဝိုင်းထားမိသွားပြီ ဖြစ်ပါသော်ငြား ချက်ချင်း မလှုပ်ရှားသေးခဲ့ပေ။ အမျိုးသမီး မည်သူမှန်း သိထားကြသည့်အလား အကုန်လုံး၏အမူအယာမှာ ဒွိဟဖြစ်နေကြသည်။

ဤအမျိုးသမီးမှာ မိသားစုခေါင်းဆောင်၏ မိန်းမဖြစ်ကာ သူတို့ထက်ပို၍ အဆင့်အတန်းမြင့်မားသူတစ်ဦးလည်း ဖြစ်ပေသည်။

ထိုစဉ် မြို့ဂိတ်ပေါက်ဆီသို့ လူနှစ်ဦး ရောက်လာခဲ့သည်။ အပေါက်ဝတွင် စောင့်ကြပ်နေသည့် အစောင့်များက လက်သီးဆုပ်၍ အသီးသီးနှုတ်ဆက်လိုက်ကြလေ၏။ “မင်္ဂလာပါ ဗိုလ်ချုပ်ယု… မင်္ဂလာပါ မိသားစုခေါင်းဆောင်တုန်…”

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ ရောက်လာသည့်လူနှစ်ဦးသည် တစ်ဦးသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အခြားတစ်ဦးမှာတော့ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကြောင်း တွေ့ရှိလိုက်ရသည်။

နှစ်ဦးစလုံးမှာ တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပေသည်။

သံချပ်ကာဝတ်စုံဝတ်ဆင်ထားသောသူသည် ဗိုလ်ချုပ်ယုဖြစ်လောက်ကာ အခြားတစ်ဦးမှာတော့ တုန်မိသားစု၏ခေါင်းဆောင် ဖြစ်လောက်ပေသည်။

အမျိုးသမီးသည် တုန်မိသားစုခေါင်းဆောင်ဘက်သို့လှည့်၍ အံကြိတ်ကာ တောင်းဆိုလိုက်လေ၏။ “ငါ့ကိုသွားခွင့်ပေး…”

တုန်မိသားစုခေါင်းဆောင်က ဖြည်းဖြည်းချင်းခေါင်းခါပြလိုက်သည်။ “မဖြစ်နိုင်ဘူးဆိုတာသိနေတာပဲ…”

“ငါတောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ… ငါ ဒီနေ့မသွားနိုင်ရင်တောင် နောက်နေ့ထွက်သွားဦးမှာပဲ… နင် ငါ့ကို အမြဲတမ်း တားနေလို့ ရမှာမဟုတ်ဘူး…”

“နင့်ခြေထောက်တွေကိုချိုးပြီးတော့ နင့်ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ရင် နင် ဘယ်လိုထွက်သွားနိုင်တော့မှာလဲ…” တုန်မိသားစုခေါင်းဆောင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်သည့်အခိုက် အမျိုးသမီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် “ငါတို့ ဒီလောက် နှစ်တွေကြာအောင် လင်နဲ့မယားလို ပေါင်းသင်းလာခဲ့တာကို နင် ငါ့အပေါ် ဒီလောက်တောင် ရက်စက်ချင်နေတာလား…”

“လင်နဲ့မယား…”

ထိုစကားကိုကြားသော် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများ အံ့အားသင့်သွားကုန်ကြလေသည်။ ပန်းလေးတစ်ပွင့်နှယ် ချောမောလှပလှသော တုန်မိသားစုခေါင်းဆောင်၏ဇနီးသည် မည်ကဲ့သို့များ အဖွားအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလဲဆိုသည်ကို သူတို နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လူအုပ်ကြီး၏ တီးတိုးပြောဆိုသံများကိုကြားသော် တုန်မိသားစုခေါင်းဆောင်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ လူအုပ်ကြီး၏ ဝိုင်းရံထားခြင်း ခံရသည့် အမျိုးသမီးမှာ သူမလက်ကိုမြှောက်၍ မျက်နှာကို ပွတ်ချလိုက်လေသည်။ နောက်ဆုံးတွင် သူမ၏ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင် ထွက်ပေါ်လာခဲ့သည်။

“ဝိုး… တကယ်ကြီး အမျိုးသမီးတုန်ပဲ… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“ဟဲ ဟဲ… တုန်မိသားစုမှာ ဘာတွေဖြစ်နေလဲတော့ မသိတော့ပါဘူးကွာ…”

“ကြည့်ရတာ ပွဲကြီးပွဲကောင်းနဲ့ တိုးပြီနဲ့တူတယ်… မိသားစုခေါင်းဆောင်ရဲ့ဇနီးက တုန်မိသားစုဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေတယ်… တုန်မိသားစုကတော့ သူတို့လူတွေ လွှတ်ပြီးတော့ မိသားစုခေါင်းဆောင်ရဲ့ဇနီးကို လိုက်ဖမ်းတယ်… နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ မသိဘူး…”

All Chapters