← Chapters

အခန်း (၂၆၂၃)

Vol. 112 Ch. 2623

အခန်း (၂၆၂၃)

Vol. 112 Ch. 2623

“အမျိုးသမီးတုန်က အချစ်သစ်တွေ့သွားလို့ အိမ်ကထွက်ပြေးဖို့လုပ်တာကို မိသားစုခေါင်းဆောင်တုန် သိသွားပြီး သူ့လူတွေလွှတ်ပြီး လိုက်ဖမ်းတာရော မဖြစ်နိုင်ဘူးလား…”

“ရောင်းရင်းပြောတာ တကယ်ဖြစ်နိုင်တယ်…”

လက်ရှိတွင် လူပေါင်းများစွာသည် မိသားစုခေါင်းဆောင်တုန်အား ဖောက်ပြန်ခံလိုက်ရသည့် လူတစ်ဦးကို ကြည့်နေသည့်နှယ် ကရုဏာသက်နေသည့် အကြည့်များဖြင့် ကြည့်နေကြလေသည်။ ထိုလူများ၏အကြည့်ကြောင့် မိသားစုခေါင်းဆာင်တုန်၏ အမူအယာ သုန်မှုန်သည်ထက် သုန်မှုန်လာခဲ့ပြီး ဒေါသတကြီးဖြင့် ထအော်လေသည်။ “အရူးမ… နင် အခု ဘာလုပ်လဲကြည့်…”

အမျိုးသမီးတုန်သည် ကူကယ်ရာမဲ့နေသည့်အကြည့်ဖြင့် မိသားစုခေါင်းဆောင်တုန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “တုန်ဟိုင်… နင် တကယ်ကြီး ငါတို့ နှစ်တွေဒီလောက်ကြာအောင် ပေါင်းသင်းလာခဲ့တဲ့ လင်နဲ့မယားခံစားချက်ကို လုံးဝ ထည့်မတွက်တော့ဘူးလား…”

တုန်ဟိုင်၏မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့မျက်လုံးထဲ လွန်ဆွဲနေသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။ “ထျန်းဟဲ…” ထို့နောက်တွင် သက်ပြင်းချ၍ ပြောလိုက်လေသည်။ “ငါတို့ကြားက လင်နဲ့မယားခံစားချက်တွေကို ဂရုစိုက်သေးတယ်ဆိုလို့ရှိရင် ငါနဲ့ တုန်မိသားစုကို ပြန်လိုက်ခဲ့လိုက်… အခုကနေစပြီး နင့်အနေနဲ့ စင်ကြယ်ခြင်းမြို့တော်ကနေ ခြေတစ်ဖဝါးမှ ခွာခွင့်မရှိတော့ဘူး… အရင်လိုပဲ ငါတို့ လင်မယားတွေလို ပြန်နေကြမယ်…”

အမျိုးသမီးတုန်၏ မျက်လုံးများဆီမှ မျက်ရည်စများ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီး ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “တုန်ဟိုင်… ငါ ဘာဖြစ်လို့ သွားဖို့လိုလဲ နင်သိတာပဲ… ငါ ဘာလုပ်မလဲ ဆိုတာကိုလဲ နင်သိတာပဲ… ကျေးဇူးပြုပြီး ငါ့ကို အကြပ်ရိုက်အောင် မလုပ်ပါနဲ့တော့လား…”

“နင်က တုန်မိသားစုကို လမ်းဆုံးရောက်အောင် တွန်းပို့နေတာပဲ…” တုန်ဟိုင်က ခက်ထန်စွာ ပြန်ပြောလိုက်သည်။

“ငါတောင်းပန်ပါတယ်… ငါတောင်းပန်ပါတယ်…” အမျိုးသမီးတုန်၏ မျက်နှာထက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့သည်။ ထိုမျက်ရည်များထဲ အပြစ်မကင်းလိုစိတ်နှင့် နောင်တတရားတို့ ပါဝင်နေခဲ့လေသည်။ သူမပုံစံကြည့်ရသည်မှာ ခွင့်လွှတ်၍မရသည့် အမှားတစ်ခုခုကို လုပ်ထားသည့်အလား။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း ဂိတ်ပေါက်အနီးအနားတွင် ရှိနေကြသော ကျင့်ကြံသူများမှာတော့ လုံးဝကို နားမလည်နိုင် ဖြစ်နေကြတော့လေသည်။

“ငါ့နဲ့ပြန်လိုက်ခဲ့လိုက်… အဲ့ဒါဆို ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စကို ကြေအေးပေးလိုက်မယ်… နင်ကလည်း ငါ့မိန်းမအဖြစ်ပဲ ဆက်ရှိနေဦးမယ် …” တုန်ဟိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

အမျိုးသမီးတုန်ကမူ ငိုယိုရင်းဖြင့်သာ ခေါင်းခါပြလိုက်သည်။

တုန်ဟိုင်၏မျက်နှာထက်ရှိ ကြင်နာရိပ်တို့မှာ တစ်စစ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်မှုတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။ ထို့နောက် သူ့လက်ကိုပြန်ရုတ်သိမ်းလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ဒီရူးသွပ်နေတဲ့ ရှီထျန်းဟဲက တုန်မိသားစုထဲကို လက်ထပ်ဝင်လာပြီးကတည်းက နှစ်တစ်ရာတိုင်အောင် ဘာမျိုးဆက်မှ မွေးထုတ်မပေးနိုင်ခဲ့ဘူး… သားသမီး မမွေးဖွားနိုင်တာနဲ့တင် သူ့ရဲ့အပြစ်က ကြီးမားလွန်းနေပြီ… ဒါပေမယ့် အဲ့ဒါတင်မဟုတ်သေးဘူး… မနာလိုဝန်တိုစိတ်ကလည်း အရမ်းများလွန်းအားကြီးတယ်… တုန်မိသားစုပျက်ယွင်းလာတဲ့ အဓိကတရားခံက သူပဲ… ပိုဆိုးတာက အဲ့ဒါနဲ့တင် မကျေနပ်သေးဘဲ တုန်မိသားစုရဲ့ အဖိုးတန်ဆုံး ရတနာကိုလည်း ခိုးယူသွားသေးတယ်… ဒီအချက်ကို ကြည့်တာနဲ့တင် သူက အရှက်မရှိတာ သိသာနေပြီ… ဒီနေ့ ဒီနေရာမှာပဲ တုန်မိသားစုရဲ့ မိသားစုခေါင်းဆောင်ဖြစ်တဲ့ ငါ တုန်ဟိုင်က ရှီထျန်းဟဲကို တုန်မိသားစုကနေ ဖယ်ထုတ်လိုက်ကြောင်း ကြေညာလိုက်ပြီ… အခုကနေစပြီး ငါတို့ကြားက လင်နဲ့မယားဆက်ဆံရေး ဆိုတာ ပြတ်တောက်သွားပြီ… ငါတို့ ဘာမှ မပတ်သက်တော့ဘူး…”

တုန်ဟိုင်သည် သူ၏စကားလုံးတိုင်းကို လူအများကြားစေအောင် ပြောခဲ့လေသည်။

တုန်ဟိုင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် စင်ကြယ်ခြင်းမြို့တော်၏ ဒေသခံကျင့်ကြံသူများမှာ အထိတ်တလန့် ဖြစ်သွားကုန်ကြကာ တုန်ဟိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်လာကြလေသည်။

သူတို့အများစုသည် အမျိုးသမီးတုန်နှင့် စကားတစ်ခါမှ မပြောခဲ့ဖူးပါသော်ငြား မြို့ထဲတွင် ပျံ့နေသည့် ကောလဟာလများအရ အမျိုးသမီးတုန်သည် ကြင်နာတတ်သည့် လူတစ်ဦး ဖြစ်ပေသည်။ စားဝတ်နေရေးမပြေလည်ဘဲ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် မြို့နေလူထုများကိုလည်း မကြာခဏ ကူညီပေးလေ့ရှိကြောင်း သတင်းများကြားရသည်။ သို့သော်ငြား တုန်မိသားစုခေါင်းဆောင်ကမူ အမျိုးသမီးတုန်အား အရှက်မရှိ ယုတ်ညံ့သည့် လူတစ်ဦးအဖြစ် ပုံသွင်းနေခဲ့လေသည်။

သို့ရာတွင် ကောလဟာလများသည် ကောလဟာလများသာ ဖြစ်နေဆဲ။ သူမ၏ကိုယ်ပိုင်ယောကျ်ားမှ ဤကဲ့သို့ ပြောလာလေရာ ထိုအရာများမှာ မမှားယွင်းလောက်ပေ။

ထိုမျှသာလျှင် မဟုတ်သေးဘဲ သူမသည် တုန်မိသားစု၏ အဖိုးတန်ဆုံးသော ရတနာကိုလည်း ခိုးယူခဲ့သည်။ ထိုအချက်နှင့်ပင်လျှင် အမျိုးသမီးတုန်သည် စရိုက်ကောင်းသည့် လူတစ်ဦး မဟုတ်ကြောင်း ပြောနိုင်ပေသည်။

လက်ရှိအခိုက်အတန့်တွင် လူအုပ်ကြီးမှာ ဤကိစ္စအပေါ် သူတို့ဘာသာ အမျိုးမျိုး ထင်မြင်နေကြလေသည်။ တုန်မိသားစုခေါင်းဆောင်၏ ဇနီးသည် ဘာကြောင့်များ အဆင်ပြေနေသည့်ဘဝကို စွန့်ပစ်၍ ဤကဲ့သို့ လုပ်ရသလဲဆိုသည်ကို စဉ်းစားနေကြလေသည်။ တုန်မိသားစုအနေဖြင့် အကြီးအကဲအားလုံးကို စေလွှတ်၍ သူမအား လိုက်ဖမ်းခိုင်းသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။

တုန်ဟိုင်နေရာတွင် ရှိနေသည့် မည်သည့်ယောကျ်ားမဆို ဤကဲ့သို့သော အမျိုးသမီးတစ်ဦးကို လင်မယားအဖြစ် တော်ထားရသည့်အပေါ် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဖူး…”

ရှီထျန်းဟဲ၏ ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။ သူမ၏မျက်နှာမှာ ရုတ်ချည်းဆိုသလို နီရဲတက်လာကာ အန်ထုတ်လိုက်သည့် သွေးများကြောင့် သူမ၏အင်္ကျီများသည်ပင်လျှင် စွန်းထင်းသွားရတော့လေသည်။

ရှီထျန်းဟဲသည် သူမ၏နှလုံး ထိုးအောင့်လာသည့် ဝေဒနာကို ခံစားနေရသည့်အလား ရင်ဘတ်ကို လက်ဖြင့်ကိုင်လျက် ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် တုန်ဟိုင်သည် ဤမျှ ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားသည့်အလား တုန်ဟိုင်အား တုန်လှုပ်ခြောက်ခြားနေသည့် အကြည့်ဖြင့် လှမ်း၍ကြည့်လိုက်သည်။

တစ်ရက်တာ အကြင်လင်မယား ဖြစ်ခဲ့ဖူးလျှင်ပင် ထိုလင်မယားကြား အကြွင်းမဲ့ချစ်ခြင်းမေတ္တာတို့ ရှိနေကြပေလိမ့်မည်။ သူမနှင့် တုန်ဟိုင်တို့ လင်မယားဖြစ်လာခဲ့သည်မှာ တစ်ရက်ပင်မဟုတ် နှစ်ပေါင်းတစ်ရာခန့်ပင် ရှိနေလေပြီ။

ထိုစဉ်က တုန်ဟိုင်နှင့် အတူရှိဖို့အရေး သူမဆရာ၏ အမိန့်ကို လွန်ဆန်ကာ ဂိုဏ်းထဲမှ ထွက်လာခဲ့သည်။ သူမ လိုချင်သည့်အရာကို ရခဲ့ပါသော်ငြား ဂိုဏ်းထဲမှ ထွက်လာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာခန့်ပင် ရှိနေခဲ့လေပြီ။ သူမ အမြဲလိုလို သတိရနေခဲ့သည့် စီနီယာအစ်မများ၊ ဂျူနီယာညီမများကို တစ်ခါမှ တွေ့ခွင့်မရခဲ့ပေ။

နှစ်တစ်ရာဟူသော အချိန်အားလုံးကို တုန်မိသားစုထဲတွင်သာ ကုန်ဆုံးခဲ့လေသည်။ သူမအတွက် အကောင်းဆုံးသော ယောကျ်ားကောင်းတစ်ဦးကို ရှာတွေ့ခဲ့ပြီဟု အမြဲတစေ တွေးထင်ခဲ့ရပါသော်ငြား တုန်ဟိုင်သည် သူမအပေါ် ဤမျှ ရက်စက်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

သူမ၏ တစ်ဘဝစာအဖြစ် သတ်မှတ်ထားရသော အကြင်ယောကျ်ားသည် သူမအပေါ်ဤမျှ ရက်စက်ဝံ့လေသည်။

“ဆရာ… ဒီကိစ္စကိုကြည့်ရတာ သိပ်ရိုးရှင်းတဲ့ပုံ မပေါ်ဘူးနော်…” ရန်ကိုင်ဘေးနားတွင် ရှိနေသော ကျိယောင်သည် ရုတ်တရက် တိုးတိုးလေးပြောလိုက်လေသည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “အခြားသူတွေရဲ့ကိစ္စကို ဘာဖြစ်လို့ ဒီလောက် အရေးစိုက်ချင်နေရတာလဲ…”

ပြောသာပြောလိုက်သော်ငြား ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲ ကလိကလိ ဖြစ်နေသည်။ တုန်ဟိုင်၏စကားကို ကြားပြီးသည့်နောက် ရှီထျန်းဟဲ မည်မျှတုန်လှုပ်ခြောက်ခြားသွားသည်ကို အထင်းသားမြင်နေရသည်။ တုန်ဟိုင်၏စကားကြောင့် သူမ အမှန်တကယ်ကို အသည်းကွဲသွားရသည့်ပုံပင်။

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ယောင်အာ… နင် သူ့ကို သွားကူညီချင်လား…”

“ဆရာပြောတဲ့အတိုင်း ယောင်အာလုပ်ပါ့မယ်…” ကျိယောင်က ပြန်ပြောလိုက်လေသည်။

“ဟူး…” ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ သူ့အနေဖြင့် တစ်ပါးသူ၏ကိစ္စထဲ ဝင်မပါချင်ပါသော်ငြား ယနေ့ဖြစ်ရပ်တွင် တုန်မိသားစုမှာ အတော်လေးလွန်သည်ဟု ခံစားနေရသည်။ တုန်ဟိုင်နှင့် ရှီထျန်းဟဲတို့သည် ချစ်ကြိုက်သည့်အတွက်ကြောင့် လက်ထပ်ယူခဲ့သည်မှာ အထင်းသားပင်။ ထိုသို့သာမဟုတ်ပါက သူတို့အနေဖြင့် နှစ်ပေါင်းတစ်ရာတိုင်တိုင် မည်ကဲ့သို့များ လင်မယားများ ဖြစ်နေခဲ့ပါမည်နည်း။ နှစ်ပေါင်းတစ်ရာသည် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းနားလည်ရန် လုံလောက်ပေသည်။ သူတို့ကြား အချင်းများခဲ့သည်များ ရှိမည်ဆိုလျှင်ပင် ဆွေးနွေးတိုင်ပင်၍ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပေသည်။ ယခုကဲ့သို့ သူမအား လူသိရှင်ကြား တုန်မိသားစုထဲမှ ထုတ်ပယ်၍ သူမ၏ဂုဏ်သတင်းကို ဖျက်ဆီးရလောက်သည်အထိ လိုအပ်ပါသလော။

ယခုကဲ့သို့ ဖြစ်ပြီးသည့်နောက်တွင် သူမအနေဖြင့် ဤလောကကြီးထဲ မည်သည့် ဂုဏ်သိက္ခာနှင့် ဆက်နေရပါဦးမည်နည်း။

(တကယ်ကို အားကိုးမရတဲ့လူပါလား… သူ့လိုလူတစ်ယောက်ကို လက်ထပ်မိတာတော့ ရှီထျန်းဟဲ မျက်လုံးကန်းနေလို့ပဲ ဖြစ်ရမယ်…)

“ဟား ဟား ဟား…” ရှီထျန်းဟဲသည် ရုတ်တရက်ဆိုသလို ရူးသွပ်သွားသည့်အလား စတင်၍ အော်ရယ်မောတော့လေသည်။ သွေးများမှာ သူမ၏ ပါးစပ်ထောင့်စွန်းမှ စီးကျလာတော့လေ၏။

သူမ၏ရယ်သံထဲ ခါးသီးမှု၊ နာကျည်းမှု၊ ယူကျုံးမရဖြစ်မှုတို့ ပြည့်နေခဲ့လေသည်။ ထိုရယ်သံကို ကြားလိုက်ရသည့်လူတိုင်း ရင်ထဲအသည်းထဲ တုန်လှုပ်သွားရနိုင်ပေသည်။

“တုန်ဟိုင်…” ရှီထျန်းဟဲက ရုတ်တရက် အော်ဟစ်လိုက်လေသည်။ “တုန်မိသားစုအတွက် နင်က ဒီလောက်ထိတောင် လုပ်ရက်တယ်ပေါ့… တကယ်ကို မိသားစုခေါင်းဆောင်ဆိုတဲ့ အတိုင်းပါပဲလား…”

“အပိုတွေ ထပ်ပြောနေစရာမလိုတော့ဘူး…” တုန်ဟိုင်က ဖြတ်ပြောလိုက်လေသည်။ လူပေါင်းများစွာ ကြည့်နေသည့်အတွက်ကြောင့် အချိန်သာ ဆက်ဆွဲနေပါက သူတို့ တုန်မိသားစုအတွက် မျက်နှာပျက်စရာသာ ဖြစ်ပေတော့မည်။ ထို့အတွက်ကြောင့် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။ “အကြီးအကဲတို့ လုပ်လိုက်တော့…”

ထိုစကားကိုကြားသော် အကြီးအကဲများ၏မျက်နှာ အနည်းငယ် မှုန်ကုပ်သွားခဲ့ကြသည်။ “ကျေးဇူးပြုပြီး ရိုင်းပျသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် အကုန်လုံးသည် အရင်းအမြစ်ချီကို လှည့်ပတ်လျက် ရှီထျန်းဟဲအား တိုက်ခိုက်လိုက်ကြလေသည်။

“ရွှမ်…”

အေးစက်စက် ရေခဲဓါးရှည်တစ်ချောင်းသည် ရှီထျန်းဟဲ၏ လက်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ဓါးသွားကို ဝှေ့ယမ်းချလိုက်သည်နှင့် တစ်ပြိုင်နက် အပူချိန်မှာ ရုတ်ချည်း ထိုးကျသွားခဲ့ပြီး ရေခဲစက်ကွင်းတစ်ခုသည် အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။

ဓါးသွားအဝှေ့နှင့်အတူ နှင်းပွင့်လေးများ ကောင်းကင်ထက်မှ ကျဆင်းလာပြီး တုန်မိသားစုအကြီးအကဲအားလုံးကို ဖုံးသွားခဲ့ကြသည်။ နှင်းပွင့်တစ်ခုချင်းစီတိုင်းသည် သေစေနိုင်လောက်သည့် လက်နက်များ ဖြစ်ကြလေရာ အကြီးအကဲများမှာလည်း ထိုနှင်းပွင့်များကို အလွယ်တကူ လျှော့မတွက်ဝံ့ပေ။

“နှင်းကျနေပါလား….”

“မဟုတ်ဘူး… ဒါ သူ့ရဲ့ ရေခဲဓာတ်သိုင်းပညာရပ်ပဲ…”

“အမျိုးသမီးတုန်က ဒီလောက်အားကောင်းမယ်လို့ မထင်ထားခဲ့ဘူး…”

လူအုပ်ကြီးသည် အံ့အားသင့်တကြီးဖြင့် ဆိုလိုက်လေသည်။

ရှီထျန်းဟဲသည် သူမ၏လျှို့ဝှက်ကျင့်စဉ်အား ထုတ်သုံးနေသည်ကို မြင်သော် တုန်ဟိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေ၏။ “အရူးမ… အခုလို ဖြစ်နေတာတောင် နင်ဆက်ပြီး ရုန်းကန်ချင်နေသေးတယ်ပေါ့…”

ဗိုလ်ချုပ်ယုက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “မိသားစုခေါင်းဆောင်တုန်… မင်းမိန်းမရဲ့ တိုက်ခိုက်မှုက ရေခဲနှလုံးသားတောင်ကြားကတပည့်တွေ သုံးတဲ့ ကျင့်စဉ်နဲ့ တူနေသလိုပဲနော်…”

တုန်ဟိုင်က အားတင်းပြုံးလျက် အလျင်စလို ပြန်ပြောလိုက်လေ၏။ “ဗိုလ်ချုပ်ယု ထင်လို့ပါ… အဲ့အရူးမက ငယ်ငယ်လေးတည်းက ရေခဲဓာတ်ကျင့်စဉ်တွေကို ကျင့်လာတာ… သူက ရေခဲနှလုံးသားတောင်ကြားနဲ့ ဘာမှမဆိုင်ဘူး…”

တုန်ဟိုင်၏လေသံအရ ရေခဲနှလုံးသားတောင်ကြားနှင့်သာ ပတ်သက်နေပါက ယခု သူတို့မိသားစု ကပ်ဘေးဆိုက်ရတော့မည့် ပုံစံမျိုးပင်။

ဗိုလ်ချုပ်ယုသည် မိသားစုခေါင်းဆောင်တုန်အား မေးခွန်းသွားထုတ်မနေခဲ့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့ကွာ… ရေခဲနှလုံးသားတောင်ကြားရဲ့ အခုအခြေအနေကိုလည်း မင်းသိတာပဲ… သူသာ ရေခဲနှလုံးသားတောင်ကြားကသာ ဆိုရင်တော့ မင်းတို့တုန်မိသားစု ကပ်ဘေးဆိုက်ပြီ…”

တုန်ဟိုင်၏နဖူးထက် ချွေးသီးချွေးပေါက်တို့ ဝေ့သီလာခဲ့ပြီး ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “သူက သူပဲ… တုန်မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူး…”

“နှင်းကြွေတိုက်ကွက်…” သူမ၏သိုင်းကွက်ကို ကြိုးစားပမ်းစားဖြင့် ထုတ်ဖော်နေသည့် ရှီထျန်းဟဲကိုကြည့်ရင်း ကျိယောင်သည် မျက်မှောင်ကြုတ်ရင်းမှ ရုတ်တရက် ရေရွတ်လိုက်လေ၏။

ပင်းယွင်၏ တတိယတပည့် ဖြစ်သည်နှင့်အညီ ကျိယောင်သည် ရေခဲနှလုံးသားတောင်ကြားမှ ကျင့်စဉ်များနှင့် ရင်းနှီးနေပေသည်။ ရှီထျန်းဟဲမှ သူမ၏ တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသုံးလိုက်သည်မှာ ရေခဲနှလုံးသားတောင်ကြား၏ ပင်မတပည့်များသာ လေ့ကျင့်ခွင့်ရထားသော နှင်းကြွေတိုက်ကွက်မှန်း ကျိယောင် ချက်ချင်း သတိပြုမိသွားခဲ့သည်။

ဝေဟင်ထက်၌ ရှီထျန်းဟဲသည် နှင်းကြွေတိုက်ကွက်ကိုသုံးလျက် တုန်မိသားစုမှ အကြီးအကဲများကို ပြန်ဆုတ်သွားစေခဲ့သည်။ သို့သော်ငြား ထွက်ပြေးရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများမှာ သူမဆီသို့ တဟုန်ထိုး ပြန်လည်တိုးဝင်လာကာ သူမထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်လိုက်လေသည်။ ထို့အတွက်ကြောင့် ရှီထျန်းဟဲမှာလည်း မတတ်သာတော့ဘဲ ဓါးကိုဝှေ့ယမ်းလျက် ပြန်လည်၍ တိုက်ခိုက်ရတော့သည်။

သူမ၏ ဓါးချက်တိုင်း ဓါးချက်တိုင်းသည် ပွင့်လန်းလာနေသော ပဒုမ္မာပွင့်ချပ်များအလား လှပသော်ငြား အဆုံးမဲ့သတ်ဖြတ်လိုစိတ်တို့ကို သယ်ဆောင်ထားခဲ့လေသည်။ ရှီထျန်းဟဲသည် နတ်မိမယ်လေးတစ်ပါးနှယ် သူမ၏ခန္ဓာကိုယ် သဘာဝကျကျ လှပစွာ ယိမ်းနွဲ့လှုပ်ရှားရင်းမှ အမျိုးမျိုးသော ဓါးချက်များကို ထုတ်ဖော်လျက် တိုက်ခိုက်နေခဲ့သည်။ မည်သို့ပင်ကြိုးစားနေစေကာမူ သူမအဖို့ ထွက်ပြေးရန် အခွင့်အရေးမရခဲ့ချေ။

“နှင်းပန်းဝေဓါးချက်…” ကျိယောင် နောက်တစ်ကြိမ် ထပ်မံ၍ ရေရွတ်လိုက်ပြန်သည်။

လက်ရှိအချိန်တွင် ရှီထျန်းဟဲသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်ဖြစ်သည်ဟူသော အချက်အပေါ် ကျိယောင် လုံးဝ ယုံကြည်သွားခဲ့လေပြီ။ ရေခဲနှလုံးသားတောင်ကြား၏ တပည့်မဟုတ်ပါက ထိုသိုင်းပညာရပ်နှစ်ခုကို မည်ကဲ့သို့များ သိနေနိုင်ပါမည်နည်း။

ကျိယောင်ကိုယ်တိုင်မှာလည်း အလွန်ကိုမှ ထိတ်လန့်နေခဲ့ရသည်။ စင်ကြယ်ခြင်းမြို့တော်တွင် ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦးကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုအခိုက်အတန့်တွင် တုန်မိသားစုမှ အကြီးအကဲတစ်ဦးသည် ရှီထျန်းဟဲနှင့် ခက်ခက်ခဲခဲ တိုက်ခိုက်ရင်း သူမ၏အတားအဆီးကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ထိုအကြီးအကဲမှ ရှီထျန်းဟဲ၏အာရုံကို ဆွဲဆောင်ထားစဉ် အခြားသော အကြီးအကဲတစ်ဦးသည် သူမနောက်တွင် ရုတ်တရက် ပေါ်လာ၍ ရှီထျန်းဟဲ၏ ကျောပြင်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ရှီထျန်းဟဲမှာ အတော်လေးကိုမှ အားကောင်းပါသော်ငြား တိုက်ကွက်ပေါင်းများစွာ တစ်ပြိုင်တည်း မခုခံနိုင်ခဲ့ပေ။ ဤမျှကြာအောင် တိုက်ခိုက်နိုင်သည်ကပင်လျှင် သူမ၏အကန့်အသတ် ဖြစ်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် သူမ၏ကျောဘက်ဆီမှ တိုက်ကွက်တစ်ကွက် တိုးဝင်လာနေမှန်း သတိထားမိပါသော်ငြား ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

“သေလိုက်ပေတော့…” ထိုအခိုက်အတန့်တွင် အေးစက်စက်အသံတစ်သံ ရုတ်တရက် မြည်ဟည်း ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံးလည်း လှမ်းကြည့်လိုက်ရာ အေးစက်စက်ဟန်ပန်အမူအယာနှင့် အလွန်တရာကိုမှ လှပသော အမျိုးသမီးတစ်ဦးသည် အရိပ်ပမာ လှုပ်ရှားရင်း ရှီထျန်းဟဲ၏ နောက်ဘက်၌ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်လေးသည် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော တုန်မိသားစုမှ အကြီးအကဲတစ်ဦးအား သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားစေခဲ့လေသည်။

ထိုသူမှာ ကျိယောင်သာ ဖြစ်လေသည်။ ပင်းယွင်၏ တတိယတပည့် ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းထဲရှိ ကျိယောင်၏ အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်မားလှသည်။

ယခု ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦး သူမရှေ့တည့်တည့်၌ အနိုင်ကျင့်ခံနေရသည်ကို မြင်သော် ကျိယောင်မှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ဝင်ရောက် စွက်ဖက်ကာ တုန်မိသားစုကြီး၏ အကြီးအကဲကို သတ်ပစ်လိုက်လေ၏။

ထို့နောက်တွင် ရှီထျန်းဟဲကို သူမနောက်သို့ ဆွဲကပ်လျက် ဝင်လာနေသည့် တိုက်ခိုက်မှုများကို ခုခံလိုက်လေ၏။

“ဘုန်း… ဘုန်း… ဘုန်း…”

ပေါက်ကွဲသံများနှင့်အတူ တုန်မိသားစုမှ အကြီးအကဲအားလုံး တစ်စစီပေါက်ကွဲထွက်ကာ သေဆုံးကုန်ကြရလေသည်။ အကုန်လုံးမှာ ဘာဖြစ်လို့ ဖြစ်နေမှန်းပင် မသိလိုက်ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားကုန်ကြရလေ၏။

“ဧကရာဇ်အဆင့်…”

တစ်ယောက်ယောက်က အလန့်တကြား ထအော်လေသည်။ ရှီထျန်းဟဲ၏ အခြေအနေမှာ လုံးဝကို အရေးမလှတော့ချေ။ ကြည့်နေသူများမှာလည်း ယနေ့ ရှီထျန်းဟဲ လွတ်မြောက်နိုင်တော့မည်မဟုတ်ဟု ထင်နေကြသည်။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့်တွင် ချောမောလှပလှသည့် အေးစက်စက်ဟန်ပန်အမူအယာနှင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး အခြေအနေတစ်ခုလုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်လိုက်သလို ပြောင်းလဲပစ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

All Chapters