အခန်း (၂၆၂၄)
Vol. 112 Ch. 2624
အကြီးအကဲအားလုံး အသတ်ခံလိုက်ရသည့် မြင်ကွင်းကိုကြည့်ရင်း တုန်ဟိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး မြေကြီးပေါ်သို့ ပြိုလဲကျလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ယခုတစ်ကြိမ် ရှီထျန်းဟဲကို ဖမ်းရာတွင် အနည်းငယ်မျှပင်လျှင် အမှားအယွင်းရှိ၍ မဖြစ်သည့်အတွက်ကြောင့် တုန်မိသားစုထဲတွင် ရှိနေသော တာအိုသခင်တတိယအဆင့် အကြီးအကဲအားလုံးကို စေလွှတ်ခဲ့သည်။ သူပြင်ဆင်ထားသည်မှာ အတော်လေးကိုမှ ကောင်းမွန်သည်ဟု ထင်ထားခဲ့ပါသော်ငြား ထိုအကြီးအကဲအားလုံး အသတ်ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤမျှများပြားလှသော အကြီးအကဲအားလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရသည့် အတွက်ကြောင့် တုန်မိသားစု၏ ခွန်အားမှာ သိသိသာသာကို ထိုးကျသွားရပေတော့မည်ကာ တုန်မိသားစုလည်း ကပ်ဘေးဆိုက်ပေပြီ။ နောက်ပိုင်းတွင် သူတို့မိသားစုကို အခြား ပိုအားကောင်းသည့် မိသားစုကြီးများမှ ဝါးမျိုသွားသည်ကပင်လျှင် ဖြစ်နိုင်နေပေသည်။
တုန်ဟိုင်မှာ လက်ရှိအဖြစ်အပျက်ကို လက်မခံနိုင်သေးလေရာ သူ့စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေတော့လေ၏။
“ခင်ဗျား ဘယ်သူလဲ…” ဗိုလ်ချုပ်ယုလည်း ထိတ်လန့်နေခဲ့သည်။ စင်ကြယ်ခြင်းမြို့တော်ထဲ၌ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး သူပင်မသိလိုက်ဘဲ ရုတ်တရက်ပေါ်လာသည်မှာ စင်ကြယ်ခြင်းမြို့တော် မြို့စောင့်တပ်ဖွဲ့၏ ဗိုလ်ချုပ်ဖြစ်သော သူ့တာဝန်ကို လစ်ဟင်းသွားသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။
ထိုမျှသာလျှင် မဟုတ်သေးဘဲ ကျိယောင်ဆီမှ ခံစားနေရသည့် ဖိအားမှာ မြို့သခင်ဆီမှ ခံစားနေရသည့် ဖိအားထက်ပင် ပို၍ အားကောင်းနေပေသေးသည်။
တစ်နည်းဆိုရသော် ဤအေးစက်စက်မျက်နှာထားနှင့် အမျိုးသမီးသည် သူတို့၏ မြို့သခင်ထက်ပင်လျှင် ပိုမိုအားကောင်းပေသည်။
မြို့သခင်ထက် ပိုမိုအားကောင်းသည့် လူတစ်ဦးသည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်ရပေလိမ့်မည်။ ထိုအချက်ကို တွေးမိလိုက်သည့်အခိုက် ဗိုလ်ချုပ်ယု ဇောချွေးပြန်သွားတော့လေသည်။
ထောင့်တစ်နေရာဆီမှ လှမ်း၍ စောင့်ကြည့်နေကြသော ပိုင်လုနှင့် ရန်ရွှယ့်မန်တို့မှာ ကျိယောင်ဝင်ရောက်စွက်ဖက်လာသည်ကိုမြင်သော် အလွန်ကိုမှ ကြောက်ရွံ့သွားကြလေသည်။
ရန်ကိုင်နှင့် ကျိယောင်တို့နှစ်ဦးတွင် ဆရာဖြစ်သော ရန်ကိုင်သည်သာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဟု ထင်ခဲ့ပါသော်ငြား ယခုမှသာလျှင် ကျိယောင်သည်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ယမန်နေ့က ကျိယောင်၏လှေပျံကို အတင်းအကြပ်ဝယ်ယူရန် ကြိုးစားခဲ့သော ရန်ရွှယ့်မန်သည် ယခုမှသာလျှင် ကျိယောင်ချမ်းသာပေးခဲ့၍ သူတို့အသက်ရှင်နေသေးမှန်း နားလည်သွားကြတော့သည်။ ထိုသို့သာမဟုတ်ပါက နှစ်ဦးစလုံး တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။
ဗိုလ်ချုပ်ယုသည် အလျင်စလို ပြေးလာပြီး နဖူးထက်တွင် ဝေ့သီနေသော ချွေးအေးများကို သုတ်ပစ်ရင်းမှ ပြောလိုက်လေ၏။ “မင်္ဂလာပါ စီနီယာ… ကျုပ်က စင်ကြယ်ခြင်းမြို့တော် မြို့စောင့်တပ်ရဲ့ ဗိုလ်ချုပ် ယုကျန်းပါ… စီနီယာရဲ့နာမည်ကို သိလို့ရမလား မသိဘူး…” ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဟု ထင်ရသော လူတစ်ဦးရှေ့၌ ဗိုလ်ချုပ်ယုမှာ အနည်းငယ်မျှပင်လျှင် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲပေ။ တကယ်တော့ မြို့သခင်သည်ပင်လျှင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ မဟုတ်ပေလော။ သူသာ ဤပညာရှင်အား ဒေါသထွက်အောင် လုပ်မိမည်ဆိုပါက စင်ကြယ်ခြင်းမြို့တော်တစ်ခုလုံး ကြယ်တာရာအစုအဝေးမှ ပျောက်ကွယ်သွားရပေလိမ့်မည်။
ကျိယောင်ကမူ ယုကျန်း၏စကားကို မကြားသည့်အလား ရှီထျန်းဟဲဘက်သို့သာ မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်သည်။
ရှီထျန်းဟဲသည်လည်း ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။ ဘေးပတ်ပတ်လည်သို့ ကြောင်တိကြောင်တောင်ဖြင့် လှည့်ပတ်ကြည့်လိုက်ရာ တုန်မိသားစု၏ အကြီးအကဲအားလုံး သေဆုံးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“စီနီယာ…” ရှီထျန်းဟဲသည် ကျိယောင်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လျက် “ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်…”
သူမကိုယ်သူမ သေရတော့မည်ဟု ထင်နေခြင်း ဖြစ်ပေသည်။ ယခုမှသာလျှင် တစ်စုံတစ်ဦးမှ သူမအား ဝင်ရောက်ကူညီပေးခဲ့မှန်း သတိထားမိသွားခဲ့သည်။ သူမစိတ်ထဲ ရှင်းပြမရအောင်ကိုပင် ကျိယောင်အပေါ် အလွန်ကိုမှ ကျေးဇူးတင်မိနေလေသည်။
“နင်က ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်လား…” ကျိယောင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။
ထိုစကားလုံးများသည် ငြိမ်သက်နေသော ကန်ရေပြင်တစ်ခုထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်လား ဂယက်လှိုင်းများကို ဖြစ်ပေါ်လာစေတော့သည်။
“ဘာ… မိသားစုခေါင်းဆောင်တုန်ရဲ့ ဇနီးက ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်… ဟုတ်လား… ငါ နားကြားမှားလိုက်တာတော့ မဟုတ်ပါဘူးနော်…”
“မဟုတ်ဘူး… အဲ့ဒါသာအမှန်ဆိုရင်တော့ တုန်မိသားစုတော့ ပြဿနာတက်ပြီ…”
“သူနဲ့ သူ့မိန်းမနဲ့ အဆက်သွယ်ဖြတ်ဖို့ သူ့မိန်းမကို တုန်မိသားစုထဲကနေ မိသားစုခေါင်းဆောင်တုန် မောင်းထုတ်လိုက်တာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… လက်စသတ်တော့ သူက ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်နေတာကိုး…”
“မိသားစုခေါင်းဆောင်တုန်က တကယ်ကို ပြတ်သားတာပဲကွ… ဒီလောက်လှတဲ့ ဇနီးတစ်ယောက်ကိုတောင် မောင်းထုတ်ရက်တယ်…”
လူအုပ်ကြီး၏ ဆွေးနွေးသံများ ကျွတ်ကျွတ်ညံအောင် ထွက်ပေါ်လာခဲ့သည်။ ထို့အတွက်ကြောင့် ဘာတွေများဖြစ်နေသလဲ တွေးရင်း ရန်ကိုင်နှင့် ကျိယောင်တို့နှစ်ဦးစလုံး မျက်မှောင်အသီးသီး ကြုတ်သွားကြသည်။
ကျိယောင်၏အမေးကိုကြားသော် ရှီထျန်းဟဲက ခါးသက်သက်ရယ်မောလျက် “ကျွန်မကိုယ်ကျွန်မ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်လို့တော့ မခေါ်ရဲတော့ပါဘူး… လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တည်းက ဆရာကိုယ်တိုင်က ကျွန်မကို ဂိုဏ်းထဲကနေ မောင်းထုတ်ပစ်ခဲ့တာ…”
“ဂိုဏ်းထဲကနေ မောင်းထုတ်ခံရတာ… နင် ဘယ်လိုအမှားမျိုး ကျူးလွန်ခဲ့တာမို့လို့လဲ…” ကျိယောင်က ပြန်၍မေးလိုက်သည်။
ရေခဲနှလုံးသားတောင်ကြားတပည့်တစ်ဦးအနေဖြင့် အကြောင်းအရင်းမရှိဘဲ ဂိုဏ်းထဲမှ မောင်းထုတ်ခံရဖို့ရာ မဖြစ်နိုင်ပေ။
ရှီထျန်းဟဲ၏ အမူအယာ ခါးသက်သွားခဲ့ပြီး အောက်ဘက်တွင်ရှိနေသော တုန်ဟိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။
သူမ ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားသည့်ကျိယောင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ယောက်ျားတစ်ယောက်အတွက်ပေါ့… နင် သူ့ကို တကယ်ကြီး စုံလုံးကန်း ယုံခဲ့တာပဲ… သူ့လိုလူတစ်ယောက်အတွက်နဲ့တောင် ဂိုဏ်းထဲကနေ မောင်းထုတ်ခံရတာကို အရေးမစိုက်ခဲ့ဘူး… အခု ကြည့်စမ်း… နင်ဘာဖြစ်နေပြီလဲ... သူနင့်ကို ခြေဆုံကန်နေပြီမလား”
ထိုစကားကိုကြားသော် ရှီထျန်းဟဲ၏မျက်လုံးများ ရဲတက်လာခဲ့လေသည်။ ဤသည်မှာ သူမ အလွန်ကိုမှ ယူကျုံးမရဖြစ်ရသည့် အချက်ပင်။ သို့သော်ငြား အမှန်တရားဖြစ်နေသဖြင့် ဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။
“သွားပြီ… သွားပြီ…” ကျိယောင်နှင့် ရှီထျန်းဟဲတို့၏စကားကိုကြားသော် တုန်ဟိုင်၏မျက်နှာ နှစ်ပေါင်းများစွာ အိုစာသွားသလို ဖြစ်သွားလေသည်။ သူ့ခန္ဓာကိုယ်မှာလည်း လဲကျတော့မည့်အလား ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။
ယနေ့ဖြစ်ရပ်ကြောင့် တုန်မိသားစု ကံဆိုးမိုးမှောင်ကျတော့မည်မှန်း တုန်ဟိုင် သိနေလေသည်။ တုန်မိသားစု၏ အကြီးအကဲများစွာကို ဆုံးရှုံးသွားခဲ့ရရုံမက ရှီထျန်းဟဲနှင့် ရေခဲနှလုံးသားတောင်ကြား၏ ဆက်ဆံရေးမှာလည်း အပြင်ဘက်သို့ ပေါက်ကြားသွားခဲ့လေပြီ။ တုန်မိသားစုအနေဖြင့် ဤအဖြစ်အပျက်မှ လွတ်မြောက်ဖို့ရာ လမ်းစမရှိတော့ပေ။
ယနေ့မှစ၍ စင်ကြယ်ခြင်းမြို့တော်ထဲ၌ တုန်မိသားစုဆိုသည်မှာ ရှိတော့လိမ့်မည်မဟုတ်။ မြို့ထဲရှိ မိသားစုကြီးများသည်ပင်လျှင် သူတို့တုန်မိသားစုနှင့် အဆက်အဆံ လုပ်ရဲတော့လိမ့်မည် မဟုတ်ချေ။ မြို့သခင်သည်လည်း သူတို့အား မျက်ကွယ်ပြုထားပေတော့မည်။
ရှီထျန်းဟဲသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ရေခဲနှလုံးသားတောင်ကြားမှ မောင်းထုတ်ခံခဲ့ရသည့်တိုင် သူမသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် အထူးသဖြင့် မြောက်ဘက်နယ်မြေထဲ၌ ရေခဲနှလုံးသားတောင်ကြားနှင့် ပတ်သတ်နေသည့် မည်သူမဆို ဆိုးရွားသည့် အဆုံးသတ်တစ်ခုနှင့် ကြုံရပေလိမ့်မည်။
“ဒီတော့ သူက ရေခဲနှလုံးသားတောင်ကြားကပေါ့…” ရန်ကိုင်သည်လည်း အံ့အားသင့်နေခဲ့သည်။
ဗိုလ်ချုပ်ယုနှင့် တုန်ဟိုင်တို့ ပြောနေသည်ကို နားထောင်စဉ်က အမျိုးသမီးတုန်သည် ဂိုဏ်းကြီးတစ်ဂိုဏ်းဂိုဏ်းမှ လာခဲ့သည်ဟု ဗိုလ်ချုပ်ယုမှ ပြောခဲ့သည်။ ထိုစဉ်က ရန်ကိုင်သည် ထိုအချက်အား သိပ်၍ ဂရုမစိုက်ခဲ့ပေ။ ယခုမှသာ ဗိုလ်ချုပ်ယုပြောနေသည့် ဂိုဏ်းကြီးဆိုသည်မှာ ရေခဲနှလုံးသားတောင်ကြားအား ဆိုလိုခြင်းမှန်း နားလည်သွားခဲ့သည်။
မြောက်ဘက်နယ်မြေထဲတွင် ရေခဲနှလုံးသားတောင်ကြားသည် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။ ထိုဂိုဏ်းထဲမှ တပည့်တစ်ဦး တုန်မိသားစုထဲသို့ လက်ထပ်ဝင်လာသည်မှာ မိသားစုငယ်လေးတစ်ခုဖြစ်သော တုန်မိသားစုအတွက် ဂုဏ်တက်စရာပင်။
“နင်က ဘယ်သူ့တပည့်လဲ…” ကျိယောင်က ထပ်မေးလိုက်သည်။
ရှီထျန်းဟဲက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေ၏။ “စီနီယာ… ဂျူနီယာရဲ့ဆရာက အန်းရို့ယွင်ပါ…”
“နင်က အကြီးဆုံးစီနီယာအစ်မရဲ့ တပည့်ပေါ့…” ကျိယောင်က ရေရွတ်လိုက်သည်။
အန်းရို့ယွင်သည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး ပင်းယွင်၏တပည့်များအနက် ဝါစဉ်အမြင့်ဆုံး ဖြစ်ပေသည်။ သူမသည် အကြီးဆုံးစီနီယာအစ်မဖြစ်ကာ ပင်းယွင်ပျောက်နေစဉ်အတောအတွင်း ရေခဲနှလုံးသားတောင်ကြားကို ဦးစီးဦးဆောင်လျက် အုပ်ချုပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
မြောက်ဘက်နယ်မြေထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးလိုလိုသည် သူမ၏နာမည်ကို သိကြပေသည်။
ရှီထျန်းဟဲ၏ဆရာမှာ အန်းရို့ယွင်မှန်း ကြားလိုက်ရသော် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ တုန်ဟိုင်၏ဇနီးသည် ထိုကဲ့သို့သောနောက်ခံကို ပိုင်ဆိုင်ထားခဲ့လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ယခု တုန်ဟိုင်အား ကြည့်နေကြသည့် လူအုပ်ကြီး၏အကြည့်မှာ ဒွိဟဖြစ်နေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေကြတော့သည်။ အန်းရို့ယွင်၏တပည့်သည် တုန်ဟိုင်နှင့်လက်ထပ်ဖို့ရာ သူမ၏ဆရာကို ပုန်ကန်ခဲ့သည်။ ထိုကဲ့သို့သော တပည့်တစ်ဦးနှင့် လက်ထပ်ရလေအောင် တုန်ဟိုင်သည် မည်ကဲ့သို့သော ကောင်းချီးပေးခံရမည့်ကိစ္စများကို လုပ်ခဲ့လေသနည်း။ သို့သော်ငြား ယခင်က တုန်မိသားစုအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ရသော ကိစ္စတစ်ရပ်သည် ယနေ့တွင် သူတို့မိသားစု ကံဆိုးမိုးမှောင်ကျရမည့် အကြောင်းအရင်းတစ်ရပ် ဖြစ်လာလေတော့သည်။
“အကြီးဆုံးစီနီယာအစ်မ…” ရှီထျန်းဟဲ ကြောင်သွားခဲ့ပြီး ကျိယောင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်လျက် “စီနီယာ… စီနီယာက…”
ဤလူသည် သူမ၏ဆရာကို အကြီးဆုံးစီနီယာအစ်မဟု ခေါ်ဝေါ်နေသဖြင့် သူမသည် ရေခဲနှလုံးသားတောင်ကြားမှ လာခြင်းသာ ဖြစ်ရပေလိမ့်မည်။ ရှီထျန်းဟဲသည် ရေခဲနှလုံးသားတောင်ကြား၌ သူမမြင်ခဲ့ဖူးသော ဂိုဏ်းတူဒေါ်လေးများ၏ မျက်နှာများကို ပြန်စဉ်းစားကြည့်လေသည်။ သို့သော်ငြား ကျိယောင်နှင့်တူသည့်လူ တစ်ဦးတစ်ယောက်ကိုမှ မမှတ်မိပေ။
“ငါက နင့်ရဲ့ တတိယမြောက်ဒေါ်လေးပဲ…” ကျိယောင်က ပြောလိုက်သည်။
ရှီထျန်းဟဲ၏မျက်လုံးများ တောက်ပသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “စီနီယာက ဂိုဏ်းတူဒေါ်လေးကျိယောင်လား…”
ရေခဲနှလုံးသားတောင်ကြားတွင် ရှိစဉ်က ကျိယောင်သည် အပြင်ဘက်တွင်သာ လျှောက်သွားနေသည့်အတွက်ကြောင့် ဂိုဏ်းထဲ၌ တစ်ခါမှပင် ပေါ်မလာခဲ့ဖူးပေ။ ထို့အတွက်ကြောင့် ရှီထျန်းဟဲသည် ကျိယောင်အား တစ်ခါမှ မတွေ့ခဲ့ဖူးခြင်း ဖြစ်ပေသည်။ သို့သော်ငြား တောင်ကြားထဲတွင် ရှိနေစဉ်အတောအတွင်း သူမဆရာမှ ပျောက်နေသည်မှာ ကြာပြီဖြစ်သော ဂိုဏ်းတူဒေါ်လေးအကြောင်းအား မကြာခဏ ပြောလေ့ရှိပေသည်။ အခြားသော ဂိုဏ်းတူဒေါ်လေးများမှာလည်း သူမ အန္တရာယ်မှ ကင်းပါလေမလားဟု တွေးရင်း စိတ်ပူနေခဲ့ကြသည်။ သို့သော်ငြား သူမအား မည်သည့်နေရာတွင် သွားရှာလို့ သွားရှာရမှန်း မည်သူမှ မသိကြချေ။
ယခုကဲ့သို့ စင်ကြယ်ခြင်းမြို့တော်၌ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော တတိယမြောက်ဂိုဏ်းတူဒေါ်လေးနှင့် တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိယောင်ကိုမြင်လိုက်သော် ရှီထျန်းဟဲခံစားနေရသည့် ဝမ်းနည်းမှုများမှာ အတော်လေးကိုမှ သက်သာပျောက်ကင်းသွားခဲ့ရလေသည်။ ကျိယောင်ရှေ့တွင် အလျင်စလို ဒူးထောက်ချလျက် နှုတ်ဆက်လိုက်လေသည်။ “ရေခဲနှလုံးသားတောင်ကြားရဲ့ မောင်းထုတ်ခံတပည့် ရှီထျန်းဟဲကနေ တတိယဂိုဏ်းတူဒေါ်လေးကို နှုတ်ဆက်ပါတယ်…”
“ထတော့…” ကျိယောင်သည် ရှီထျန်းဟဲအား မတ်တပ်ရပ်ရန် ပြောပြီးသည့်နောက် အေးစက်စက်လေသံဖြင့် “နင်က အကြီးဆုံးစီနီယာအစ်မရဲ့ တပည့်တစ်ယောက်ဖြစ်ပေမယ့် ဒီလိုလူတစ်ယောက်အတွက် သူ့ကိုပုန်ကန်ခဲ့တယ်… ငါသာ သူ့နေရာမှာဆိုရင် နင့်ကို တစ်ခါတည်း သတ်ပစ်လိုက်တာ ကြာပြီ…”
ရှီထျန်းဟဲသည် ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
ကျိယောင်က ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အကြီးဆုံးစီနီယာအစ်မက နင့်အသက်ကို ချမ်းသာပေးခဲ့တာဆိုတော့ ငါလည်း သူ့ကိစ္စမှာ ဝင်မစွက်ဖက်တော့ဘူး… တုန်မိသားစုက နင့်ကို မိသားစုထဲကနေ မောင်းထုတ်လိုက်ပြီဆိုတော့ နင်က သူတို့မိသားစုဝင်တစ်ဦး မဟုတ်တော့ဘူး… အခု ရေခဲနှလုံးသားတောင်ကြားဆီ ငါနဲ့ပြန်လိုက်ပြီး အကြီးဆုံးစီနီယာအစ်မကို တောင်းပန်လိုက်… နင် အသက်ရှင်မလား သေမလား ဆိုတာကတော့ သူပဲ ဆုံးဖြတ်လိမ့်မယ်…”
ရှီထျန်းဟဲက မျက်ရည်ရွဲလဲဖြင့် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် တတိယဂိုဏ်းတူဒေါ်လေး…”
ထို့နောက်တွင် ကျိယောင်သည် အောက်ဘက်၌ရှိနေသော တုန်ဟိုင်အား ငုံ့ကြည့်လျက် ဆူပူပြစ်တင်လိုက်လေသည်။ “ရှီထျန်းဟဲက ရေခဲနှလုံးသားတောင်ကြားက မောင်းထုတ်ခံထားရတဲ့ တပည့်တစ်ယောက်ဆိုပေမယ့် သူက နင်တို့ ဆက်ဆံချင်သလို ဆက်ဆံလို့ရတဲ့ လူတစ်ယောက်မဟုတ်ဘူး… နင်နဲ့အတူ ရှိဖို့အရေး သူက ဂိုဏ်းကို ပစ်ပယ်ခဲ့တယ်… နင့်ဘက်ကသာ သူ့ကို ဂရုစိုက်ပေးမယ်ဆိုရင် ဘာပြဿနာမှမရှိဘူး… ဒါပေမယ့် အခုတော့ နင်က သူ့ကို မိသားစုထဲကနေ မောင်းထုတ်ပစ်ရုံတင်မဟုတ်သေးဘူး… တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ သူ့ကိုပါ သတ်ပစ်ဖို့လုပ်တယ်… နင့်လိုလူမျိုးက သေဖို့ပဲ ထိုက်တန်တယ်…”
ပြောပြီးသည့်နောက်တွင် တုန်ဟိုင်အား သူမလက်ဝါးဖြင့် ရိုက်ချရန် ပြင်လိုက်လေသည်။
“မလုပ်ပါနဲ့…” ရှီထျန်းဟဲ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ကျိယောင်ရှေ့သို့ ပြေးဝင်လျက် ဒူးထောက်ရင်းမှ တောင်းဆိုလိုက်လေသည်။ “တတိယဂိုဏ်းတူဒေါ်လေး… ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့… ကျွန်မတောင်းပန်ပါတယ်… ကျေးဇူးပြုပြီး သူ့ကိုမသတ်ပါနဲ့…”
ကျိယောင်၏လက်ဝါးထက်တွင် ဧကရာဇ်ချီများ စုဝေးနေခဲ့လေပြီ။ ကံကောင်းစွာဖြင့် ရှီထျန်းဟဲမှာ အချိန်မီလှမ်းတားလိုက်သည့်အတွက်ကြောင့် ကျိယောင်မှာ သူမ၏တိုက်ကွက်ကို မထုတ်ဖော်တော့ဘဲ ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင် ရှီထျန်းဟဲအား စူးရဲစွာစိုက်ကြည့်လျက် ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “အခုအခြေအနေထိတောင် နင် သူ့ကို ကာကွယ်ပေးနေတုန်းလား…”
ရှီထျန်းဟဲက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ဟိုးနှစ်တွေတုန်းက သူ ကျွန်မအသက်ကို ကယ်ခဲ့ဖူးပါတယ်… ဒါကြောင့် ကျေးဇူးပြုပြီး သူ့အသက်ကို ချမ်းသာပေးလိုက်ပါနော် တတိယဂိုဏ်းတူဒေါ်လေး… ဒါကို သူ ကျွန်မရဲ့အသက်ကို ကယ်ခဲ့ပေးတဲ့ အသက်ကယ်ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားပေးလိုက်ပါ… အခုကနေစပြီး သူနဲ့ကျွန်မကြားမှာ ဘာမှမပတ်သက်တော့ပါဘူး… ဘာအကြွေးမှလည်း မရှိတော့ပါဘူး…”
ကျိယောင်မှာ ဤရူးမိုက်လှသည့် သူမ၏ ဂိုဏ်းတူတူမအား သတ်ပစ်ချင်စိတ်များ တဖွားဖွား ထွက်လာတော့သည်။ သူမလက်ထဲတွင် စုဝေးနေသော ဧကရာဇ်ချီမှာ တစ်ကြိမ်ပြီးတစ်ကြိမ် လှုပ်ခါသွားခဲ့ပါသော်ငြား အဆုံးတွင် မလုပ်ရက်သည့်အတွက်ကြောင့် သူမလက်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။
ရွေးချယ်စရာမရှိတော့သည့် အဆုံးတွင် ကျိယောင်သည် ရန်ကိုင်ဘက်သို့လှည့်၍ “ဆရာ… ဆရာရော ဘယ်လိုထင်လဲ…”
“သူ့အသက်ကိုချမ်းသာပေးလို့ရပေမယ့် အပြစ်မပေးဘဲ နေလို့တော့မရဘူး…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးသည့်နောက်တွင် တုန်ဟိုင်ရှေ့၌ ရုတ်တရက်ပေါ်လာပြီး တုန်ဟိုင်၏ရင်ဘတ်တည့်တည့်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ တုန်ဟိုင်မှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လေရာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားပြီး အနီးတစ်နေရာတွင် ရှိနေသော အဆောက်အဦနှင့် သွားဝင်ဆောင့်လေသည်။
ရန်ကိုင်ကိုယ်တိုင် လှုပ်ရှားလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ကျိယောင်လည်း ဘာမှပြောမနေတော့ဘဲ သူမ၏ဧကရာဇ်ချီကို အပြီးတိုင် ရုတ်သိမ်းလိုက်လေသည်။
“သွားကြမယ်…” ထို့နောက်တွင် ရန်ကိုင်သည် လက်ဝှေ့ယမ်းလျက် ရှေ့မှ ဦးဆောင်ပျံသန်းသွားလေသည်။
ကျိယောင်လည်း ရန်ကိုင်နောက်မှ အလျင်စလို လိုက်သွားခဲ့သည်။ ရှီထျန်းဟဲသည် သတိလစ်နေသော တုန်ဟိုင်အား နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်တို့နောက်သို့ အလျင်စလို ပြေးလိုက်သွားလေ၏။
ယခုအခါမှသာလျှင် မြို့ဂိတ်ပေါက်၌ ရှိနေသော ကျင့်ကြံသူများ စိတ်သက်သာရာ ရသွားကြလေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးရှိနေစဉ်အတောအတွင်း သူတို့ခမျာ အသက်ပင် ရဲရဲမရှူရဲကြချေ။
“ဒီတော့ သူက ရေခဲနှလုံးသားတောင်ကြားကပေါ့…” တစ်နေရာတွင်ရှိနေသော ပိုင်လုသည် အဖိုးတန်ရတနာကြီးတစ်ခုခုကို ရှာတွေ့လိုက်ရသည့်အလား သူ့မျက်နှာထက်တစ်ပြင်လုံး ပြုံးဖြီးနေတော့လေသည်။ ထို့နောက် ရန်ရွှယ့်မန်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ရွှယ့်မန်… ရေခဲနှလုံးသားတောင်ကြားက ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး စင်ကြယ်ခြင်းမြို့တော်ကနေ အခုလေးတင် ထွက်သွားတယ်လို့ နင့်အဖေကို မြန်မြန်သွားပြောလိုက်… လူအင်အားစုဆောင်းပြီး သူတို့နောက်ကို လိုက်ဖို့လည်းပြောလိုက်… သူတို့နောက်ကိုပဲ လိုက်ခိုင်းတာနော်… သူတို့ကို သွားပြဿနာရှာခိုင်းတာမဟုတ်ဘူးနော်… သူတို့သတိမထားမိအောင်လည်း လှုပ်ရှားဖို့ပါ တစ်ခါတည်းပြောလိုက်…”
“နင်ကရော…” ရွှယ့်မန်က ပြန်၍မေးလိုက်သည်။
“ငါကတော့ မိုးကြိုးစံအိမ်ကိုပြန်ပြီး ဒီကအဖြစ်အပျက်ကို ငါ့အဖေဆီ ပြန်ပြောပြမယ်… အဲ့အမျိုးသမီးကို သူတော်တော်လေး စိတ်ဝင်စားမယ်လို့ ငါထင်တယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် စင်ကြယ်ခြင်းမြို့တွင်ရှိနေသော ဟင်းလင်းပြင်အစီအရင်ဆီသို့ ပြေးထွက်သွားလေသည်။
“ရေခဲနှလုံးသားတောင်ကြားက တပည့်တစ်ယောက်က ဒီမှာလာပြီး ပြဿနာရှာရဲတယ်ပေါ့… ကြည့်ရတာ ငါ လက်စားပြန်ချေနိုင်တော့မယ်နဲ့တူတယ်…” သူ့အဖေကိုယ်တိုင် ဝင်ပါလာပြီး ထိုနှစ်ဦးအား အနိုင်ယူမည့် အကြောင်းကို တွေးရင်း ပိုင်လု၏မျက်နှာကြီး ပြုံးဖြီးနေခဲ့လေသည်။