← Chapters

အခန်း (၂၆၂၅)

Vol. 112 Ch. 2625

အခန်း (၂၆၂၅)

Vol. 112 Ch. 2625

လူသုံးဦး လေထဲပျံသန်းသွားနေခဲ့ကြသည်။

ရှီထျန်းဟဲ၏ လုပ်ရပ်ကြောင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေသည့်အလား ရှီထျန်းဟဲကို ကြည့်သည့် ကျိယောင်သည် အားမလိုအားမရ ဖြစ်နေခဲ့သည်။ ရှီထျန်းဟဲ ကိုယ်တိုင်မှာတော့ သူမဘဝ၏ တစ်ဆစ်ချိုး ပြောင်းလဲမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပေသည်။ သေဘေးမှ လွတ်မြောက်လာနိုင်ခဲ့ပါသော်ငြား သူမတွင် မယ်မယ်ရရ ရည်မှန်းချက်တစ်ခုသာ မရှိပါက အသက်ရှင်နေရသည့် ရည်ရွယ်ချက် ပျောက်ဆုံးသွားနိုင်၏။

“ဆရာ၊ အဲ့လူကို မသတ်ဘဲ ဘာလို့ အသက်ချမ်းသာပေးလိုက်တာလဲ”

အချိန်အတော်ကြာအောင် ပျံသန်းနေပြီးနောက်တွင် ကျိယောင်မှာ သိချင်စိတ်ကို ဆက်၍ မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်လေ၏။ သူမစိတ်ထဲ တုန်ဟိုင်ဆိုသည့်လူကို ယခုအချိန်အထိ သတ်ပစ်ချင်နေသေးသည့်ပုံပင်။

ရန်ကိုင်သည် ခေါင်းသာခါပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

“ဆရာလား” ထိုစကားကို ကြားသည့်အခါ ရှီထျန်းဟဲ ကြောင်သွားပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်၏။ ထို့နောက် လက်သီးဆုပ်၍ မေးလိုက်လေ၏ “မင်္ဂလာပါ စီနီယာ၊ စီနီယာကို ဘယ်လိုခေါ်ရမလဲ”

တုန်ဟိုင်နှင့် အဖြစ်အပျက်ကြောင့် အတော်လေးကိုမှ စိတ်တုန်လှုပ်ချောက်ခြားနေခဲ့ရာ ယခုမှသာလျှင် ရန်ကိုင် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို မသိရသေးမှန်း နားလည်သွားခဲ့သည်။ ထို့အပြင် ကျိယောင်သည် သူ့အား ဘာကြောင့် သူ့အား ဆရာဟု ခေါ်နေသနည်း။ ကျိယောင်၏ ဆရာသည် ဘိုးဘေးတည်ထောင်သူ မဟုတ်လေလော။

“ဘာစီနီယာလဲ၊ ဘိုဘေးတည်ထောင်သူဆိုတာကို နင်မမြင်တာလား” ကျိယောင်မှာ ယောကျာ်းကြောင့် စုံလုံးကန်းကာ ကိုယ့်ဆရာကိုပင် ခြေစုံပစ်ကန်ခဲ့သည့် သူမ၏ ဂျူနီယာမာ ဘိုးဘေးတည်ထောင်သူကိုပင် မမှတ်မိတော့သည့်အခါ ဒေါသပုန်ထွက်သွားခဲ့လေသည်။

(ဒီကောင်မ မျက်လုံးကန်းနေတာလား)

(သူ့လို လူတစ်ယောက်ကို စီနီယာအစ်မ ဘယ်လိုလုပ်ပြီး တပည့်အဖြစ် လက်ခံထားတာလဲ)

“ဘိုးဘေးတည်ထောင်သူ...” ရှီထျန်းဟဲ လုံးဝ ကြောင်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိလိုက်သည်။ ရန်ကိုင်သည် မည်သို့များ ဘိုးဘေးတည်ထောင်သူ ဖြစ်သွားရသလဲ ဆိုသည်ကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ထျန်းဟဲ” ရန်ကိုင်သည် ရှီထျန်းဟဲအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မသိအသာလေး ဆက်သွယ်လိုက်သည် “နင့်ရဲ့ တတိယဂိုဏ်းတူဒေါ်လေးက စိတ်ကယောင်ချောက်ခြား ဖြစ်နေတယ်။ သူ့စိတ်အခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး။ အခုလည်း ငါ့ကိုလည်း ပင်းယွင်နဲ့ အထင်မှားနေတာ။ ငါလည်း ပင်းယွင်မဟုတ်ဘူး ဆိုတာကို သွားပြောလို့မဖြစ်ဘူး။ မဟုတ်ရင် သူစိတ်လွတ်ပြီး စိတ်ကယောင်ချောက်ခြား ပြန်ဖြစ်သွားနိုင်တယ်။ ဒါကြောင့် စီနီယာပင်းယွင်ကို မြင်ရင်း သူ့စိတ် ပြန်ကောင်းသွားမလားဆိုပြီး သူ့ကို ဂိုဏ်းဆီ ပြန်ခေါ်သွားဖို့ လုပ်နေတာ။ ဒီတော့ နင်လည်း မသိချင်ယောင်လေး ဆောင်ပြီး သူပြောတဲ့အတိုင်း လိုက်လုပ်ပေးလိုက်”

ရှီထျန်းဟဲ လုံးဝကို ထျိတ်လန့်သွားခဲ့သည်။ လူမမာတစ်ဦးနှင့် လုံးဝကို မတူသည့် သူမ၏ တတိယဂိုဏ်းတူဒေါ်လေးသည် စိတ်ကယောင်ချောက်ခြားရောဂါကို ခံစားနေရသည့် လူတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယောကျာ်းတစ်ဦးကိုပင် ဘိုဘေးတည်ထောင်သူနှင့် အထင်မှားရလေအောင် သူမ၏ စိတ်အခြေအနေသည် မည်မျှပင် ဆိုးရွားနေလိုက်လေသနည်း။

ရန်ကိုင်၏ သတိပေးစကားကို ကြားပြီးနောက်တွင် ရှီထျန်းဟဲသည် စိတ်ကို တည်ငြိမ်အောင်ထား၍ ချက်ချင်းပဲ ရေလိုက်ငါးလိုက် လိုက်ပြောပေးလိုက်လေသည် “တပည့် စကားမှားသွားတာကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဘိုးဘေးတည်ထောင်သူ”

“ဟန့်” ကျိယောင်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်၏။

ရှီထျန်းဟဲ ခါးသက်သက် ဖြစ်သွားခဲ့သည်။ သို့ရာတွင် မကြာမီ သူမ၏ အမူအရာ ပြောင်းလဲသွားပြီး ပြန်၍ မေးလိုက်လေသည် “ဘိုးဘေးတည်ထောင်သူ အခုမှ မြောက်ဘက်နယ်မြေကို ပြန်ရောက်တာလား”

“နင်ဘယ်လိုသိတာလဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“ဒါဆို ဂိုဏ်းဘာဖြစ်နေလဲဆိုတာကို ဘိုးဘေးတည်ထောင်သူ သိလား” ရှီထျန်းဟဲက ပြန်၍ မေးလိုက်၏။

“ဂိုဏ်းက ဘာဖြစ်နေလို့လဲ” ကျိယောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှီထျန်းဟဲက အထိတ်ထိတ်အလန့်လန့်ဖြင့် ပြောလိုက်သည် “ဂိုဏ်းတစ်ခုလုံးက... အဝိုင်းခံနေရတယ်။ ဂိုဏ်းထဲကနေ အခြားအင်အားစုတွေဆီ လက်ထပ်ဝင်သွားတဲ့ တပည့်တွေ အကုန်လုံးလည်း အသတ်ခံရနေရတယ်။ အခုဆို ဂိုဏ်းတစ်ခုလုံးက ဆိုးဆိုးရွားရွားကို ဒုက္ခရောက်နေတာ။ ရန်သူတွေကလည်း ရေခဲနှလုံးသားတောင်ကြားကို ဘက်ပေါင်းစုံကနေ ဝိုင်းထားကြသေးတယ်”

“ဘာ”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်နှင့် ကျိယောင်တို့ နှစ်ဦးစလုံး ထိတ်လန့်သွားကုန်ကြလေသည်။

“ဘယ်သူတွေလုပ်တာလဲ” ကျိယောင်က ဒေါသတကြီးဖြင့် ပြန်မေးလိုက်သည်။

“ရမ္မက်ရှာဂိုဏ်းပဲ” ရှီထျန်းဟဲ၏ မျက်လုံးထဲ အမုန်းတရားတို့ ဖြတ်ပြေးသွားခဲ့သည်။

“ရမ္မက်ရှာဂိုဏ်း” ကျိယောင်၏ မျက်နှာလေး သုန်မှုန်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်၏ “သူတို့ ဘာလို့ ရေခဲနှလုံးသားတောင်ကြားကို တိုက်ခိုက်ရတာလဲ”

ရန်ကိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်... ယခုကိစ္စသည် သူနှင့် တစ်နည်းတစ်ဖုံ ပက်သက်နေသည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရသည်။

ထို့ကြောင့် မေးကြည့်လိုက်လေသည် “ငါတို့ကို ဘာတွေဖြစ်သွားလဲဆိုတာက အစကနေ သေချာပြောပြ”

“ဟုတ်ကဲ့” ရှီထျန်းဟဲလည်း သူမ သိထားသမျှ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကြယ်ပျက်ပင်လယ်ပွင့်ခဲ့သည်။ ကြယ်ပျက်ပင်လယ်ပွင့်ပြီး မကြာခင်မှာပင် ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ္းချုပ် ဖုန်းရွှတ်သည် သူ့ဂိုဏ်း၏ အားအကောင်းဆုံးသော လက်အောက်ငယ်သားများကို ခေါ်ဆောင်၍ ရေခဲနှလုံးသားတောင်ကြားသို့ သွားခဲ့လေသည်။ ထို့နောက်တွင် ဂိုဏ်းနှစ်ဂိုဏ်းသား မည်သို့များ အချင်းများခဲ့သလဲမသိ၊ တောင်ကြားအပြင်ဘက်၌ အဖွဲ့နှစ်ဖွဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ကြတော့လေသည်။

ထိုအချိန်မှစ၍ ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့သည် ရေနှင့်မီးပမာ တကြိတ်ကြိတ် ဖြစ်လာကြတော့သည်။

အချိန်ကြာလာသည်နှင့် ဂိုဏ်းနှစ်ဂိုဏ်းကြား ရန်ငြိုးရန်စတို့မှာ ပိုပို၍ ကြီးထွားလာခဲ့လေ၏။ အခြားသောဂိုဏ်းများဆီသို့ လက်ထပ်ဝင်သွားကြသော ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည်လည်း ထိုစစ်မီးတောက်များထဲ ပါသွားကြကာ အမဲလိုက်သတ်ဖြတ်ခြင်း ခံကြရလေသည်။ ရေခဲနှလုံးသားနှင့် ပက်သက်နေသော အင်အားစုများပင်လျှင် ဖိနှိပ်ခံ၊ ဖျက်စီးခံခဲ့ကြရသည်။

ထို့နောက်တွင် လွန်ခဲ့သော နှစ်ဝက်ခန့်မက ဂိုဏ်းချုပ် ဖုန်းရွှမ်၏ အမိန့်အောက်တွင် မရေမတွက်နိုင်သော ပညာရှင်များသည် ရေခဲလမြို့တော်ကို သိမ်းပိုက်၍ ရေခဲနှလုံးသားတောင်ကြား၏ ပြင်ပလောကကြီးနှင့် အဆက်အသွယ် ဖျက်တောက်ပစ်လိုက်လေသည်။ ရေခဲလမြို့တော်အား ရမ္မက်ရှာဂိုဏ်းမှ သိမ်းပိုက်လိုက်သည်မှာ ယနေ့အထိပင်။

လက်ရှိတွင် အစီအရင်၏ ကျေးဇူးကြောင့်သာ ရေခဲနှလုံးသားတောင်ကြား ကြံ့ကြံ့ခံ တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။

“ရမ္မက်ရှာဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြားက မြောက်ဘက်နယ်မြေရဲ့ ထိပ်တန်းအင်အားစုတွေ။ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခွန်အားက အတူတူလောက်ပဲ။ သူတို့ကြားက ရန်ငြိုးရန်စ အရမ်း ကြီးမားနေတာကြောင့်သာ မဟုတ်ရင် အခုလိုမျိုး တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူး။ ထျန်းဟဲ၊ ဂိုဏ်းနှစ်ဂိုဏ်း ဘာတို့ တိုက်ပွဲဖြစ်လဲ နင်သိလား” ရန်ကိုင်က မေးလိုက်သည်။

“အစပိုင်းကတော့ ဘယ်သူမှ ဘာမှမသိကြဘူး” ရှီထျန်းဟဲက ပြောလိုက်သည် “နောက်ပိုင်းကျမှပဲ ကောလာဟလတွေ ပျံ့လာလို့ သိခဲ့ရတာ။ ပြောကြတာတော့ အခုလို တိုက်ပွဲဖြစ်ရတာ ရမ္မက်ရှာဂိုဏ်းချုပ်ရဲ့သား ဖုန်းရှီ ကြယ်ပျက်ပင်လယ်ထဲမှ အသတ်ခံလိုက်ရလို့တဲ့”

ကျိယောင်က အေးစက်စက် အမူအရာဖြင့် အော်ရယ်မောလျက် “သူ့ဘာသာ အသုံးမကျလို့ အသတ်ခံလိုက်ရတာ နည်းတောင်နည်းသေးတယ်။ ဖုန်းရှီကို သတ်လိုက်တာ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်လား”

ရှီထျန်းဟဲက ခေါင်းခါပြလိုက်သည် “မဟုတ်ဘူး။ ကျွန်မ ကြားတာတော့ ရန်ကိုင်ဆိုတဲ့လူက သတ်သွားတာတဲ့။ ဒါပေမယ့် အဲ့ရန်ဂိုဏ်းက ဘိုးဘေးတည်ထောင်သူနဲ့ ရင်းနှီးတော့ ဖုန်းရွှမ်က ရန်ကိုင်ကို ခြေရာကောက်ဖို့ ဘိုးဘေးတည်ထောင်သူကို လာဖိအားပေးတာ။ ဒါပေမယ့် ဘိုးဘေးတည်ထောင်သူက ဘာမှမပြောလို့ ဖုန်းရွှမ် ဒေါသထွက်ပြီး ဂိုဏ်းနှစ်ကြား တိုက်ပွဲကို စလိုက်တာပဲ”

“ရန်ကိုင်...” ကျိယောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုနာမည်အား သူကြားဖူးနေသလို ခံစားနေခဲ့ရသည်။

ကျိယောင်၏ အတွေးနက်သလို ငေးကြောင်ကြောင် ဖြစ်သွားသည်ကိုမြင်သော် ရန်ကိုင်သည် နဖူးထက် ဝေ့သီလာသော ချွေးများကိုသုတ်ရင်း အလျင်စလို ပြောလိုက်လေ၏ “ရမ္မက်ရှာဂိုဏ်း အားကောင်းတာမှန်ပေမယ့် ဖုန်းရွှမ်က ဧကရာဇ်တတိယအဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ရေခဲနှလုံးသားတောင်ကြားကို အခုလို ဖြစ်သွားအောင် ဖိနှိပ်နိုင်ရတာလဲ”

ရှီထျန်းဟဲက ခေါင်းခါလျက် “အဲ့ဒါတော့ ကျွန်မလည်း မသိဘူး။ ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်နေတာကိုပဲ သိတာ”

ရန်ကိုင်က ရုတ်တရက် မေးလိုက်လေ၏ “နင်တုန်မိသားစုကနေ ထွက်သွားဖို့လုပ်နေတာ ဂိုဏ်းကို သွားပြန်ကူညီချင်လို့လား”

“ဟုတ်တယ်” ရှီထျန်းဟဲက ခါးသက်သက်လေသံဖြင့် ပြန်ပြော၏ “ဆရာက ကျွန်မကို ဂိုဏ်းထဲကနေ မောင်းထုတ်ခဲ့ပေမယ့် တကယ်တော့ ကျွန်မက ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့် ဖြစ်ခဲ့ဖူးတယ်လေ။ အခု ဂိုဏ်း ဒုက္ခရောက်နေတာကို ကျွန်မက ဘယ်လိုလုပ်ပြီး လက်ပိုက် ကြည့်နေနိုင်မှာလဲ။ တုန်မိသားစု ကျွန်မကို မထွက်သွားခိုင်းတာက ကျွန်မ ဘယ်သူဆိုတာ ပေါက်ကြားသွားတာနဲ့ သူတို့ပါ ပြဿနာ တက်မှာမို့လို့လဲ။ အခု မြောက်ဘက်နယ်မြေမှာရှိတဲ့ ဘယ်အင်အားစုမှ ရေခဲနှလုံးသားတောင်ကြားနဲ့ မပက်သက်ရဲကြဘူး”

ကျိယောင် ယာယီမျှ မှင်တက်နေပြီးနောက် ခေါင်းညိတ်လိုက်၏ “နင့်ရဲ့ သစ္စာစောင့်သိမှုက တကယ် လေးစားစရာပဲ”

အစောပိုင်းက ရှီထျန်းဟဲ၏ မျှော်လင့်ချက်မဲ့စရာ ပုံစံကြောင့် အမှန်တကယ်ကို စိတ်ပျက်ခဲ့ရသည်။ သို့သော်ငြား ယခုမူ သူ့ဂိုဏ်းတူတူမလေးတွင် အနည်းငယ် မျှော်ကိုးလောက်စရာ အရည်အသွေးအချို့ ရှိနေသေးသည့်ပုံပင်။ အနည်းဆုံးတော့ သူမတွင် ဂိုဏ်းဒုက္ခရောက်နေသည်ကို သိလိုက်ချိန် သွားပြန်ကူညီချင်သည့် စိတ်လေးတော့ ရှိနေပေသေးသည်။ ဂိုဏ်းတစ်ခုလုံး ပျက်စီးရတော့မည့် အရေးနှင့် ကြုံနေကြောင်း သိသွားသည့်နောက် အသက်ကိုစွန့်စား၍ ဂိုဏ်းကို ပြန်လာကူရန် ကြိုးစားခဲ့သည်။ ဤသည်မှာ လူတိုင်း လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ရှီထျန်းဟဲက ခေါင်းခါလျက် “ဂိုဏ်းကပဲ ကျွန်မကို ပျိုးထောင်ပေးခဲ့တာလေ။ ဒီတော့ ကျွန်မက ရေခဲနှလုံးသားတောင်ကြားရဲ့ အပိုင်ပဲပေါ့”

ကျိယောင်က ခေါင်းညိတ်လိုက်သည် “အဲ့လို စိတ်ဓါတ်မျိုးရှိတာ ကောင်းတယ်။ ဒီလိုမျိုးသာ ဆိုရင်တောင် အကြီးဆုံး စီနီယာအစ်မ နင့်ကို နောက်တစ်ကြိမ် ပြန်လက်ခံလောက်တယ်”

“တကယ်လား” ရှီထျန်းဟဲသည် မျက်လုံးလေး အဝိုင်းသားဖြင့် ကျိယောင်အား ကြည့်လိုက်သည်။

ကျိယောင်က ပြုံးလျက် “စိတ်မပူနဲ့။ သူနင့်ကို ပြန်လက်မခံရင် သူက ငါ့ရဲ့ အကြီးဆုံးစီနီယာအစ်မ မဟုတ်တော့လို့ပဲ”

“ဆရာ” ကျိယောင်က ရန်ကိုင်ဘက်သို့လှည့်၍ “ဂိုဏ်းက အန္တရာယ်ထဲ ရောက်နေတာဆိုတော့ ကျွန်မတို့ ဂိုဏ်းဆီ မြန်မြန်ပြန်မှ ဖြစ်လိမ့်မယ်။ အကြီးဆုံး စီနီယာအစ်မ တစ်ယောက်တည်းနဲ့ ဂိုဏ်းကို ထိန်းထားဖို့က လွယ်မှာ မဟုတ်ဘူး”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်။ ဒါပေမယ့် ငါတို့နောက်မှာ ပါလာတဲ့လူတွေကို အရင်ရှင်းထုတ်ပစ်ပြီးမှ ရလိမ့်မယ်”

“ဟန်” ထိုစကားကိုကြားသော် ကျိယောင် ကြောင်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင် အစက်ကလေးများ သူမတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေကြောင်း တွေ့ရှိလိက်ရလေသည်။

ရှီထျန်းဟဲ မျက်နှာပျက်သွားလေ၏ “စင်ကြယ်ခြင်းမြို့တော်မှာ ကျွန်မတို့ ဘယ်သူဘယ်ဝါဆိုတာ ပေါက်ကြားသွားလို့ တစ်ယောက်ယောက် သတိထားမိသွားတာပဲ ဖြစ်ရမယ်”

“ထျန်းဟဲ၊ အဲ့လူတွေဘယ်သူလဲဆိုတာ နင်သိလား” ရန်ကိုင်က ရှီထျန်းဟဲဘက်သို့လှည့်၍ မေးလိုက်၏။

ရှီထျန်းဟဲက မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏ “ကျွန်မထင်တာသာမှန်ရင် အဲ့လူတွေက မိုးကြိုးစံအိမ်ကလူတွေ ဖြစ်လောက်တယ်”

“မိုးကြိုးစံအိမ်...” ရန်ကိုင်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။

“စင်ကြယ်ခြင်းမြို့တော်က မိုးကြိုးစံအိမ်နဲ့ အရမ်း ရင်းနှီးတယ်” ရှီထျန်းဟဲက ပြောလိုက်သည် “သူတို့မှာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင် အစီအရင်လည်း ရှိတယ်။ အခု မိုးကြိုးစံအိမ်က ရမ္မက်ရှာဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုတစ်ခုပဲ။ ကျွန်မတို့ ဘယ်သူမှန်း သိသွားတာနဲ့ မိုးကြိုးစံအိမ်က ကျွန်မတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

“ငါတို့ကို ဖမ်းချင်တာလား။ သူတို့မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းရှိလား ကြည့်ရသေးတာပေါ့” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ရယ်မောလျက် ပြန်မေးလိုက်သည် “စံအိမ်သခင်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်လဲ”

“စံအိမ်သခင်ပိုင်ယုက ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေပြီ” ရှီထျန်းဟဲ၏ မျက်နှာလေး သုန်မှုန်သွားခဲ့သည် “သူတို့မှာ ဧကရာဇ်ပထမအဆင့်ကို ရောက်နေတဲ့ အကြီးအကဲ လေးယောက်ရှိတယ်။ စင်ကြယ်ခြင်းမြို့တော်ရဲ့ မြို့သခင် ရန်တုန်ပါ ပါမယ်ဆို စုစုပေါင်း ငါးယောက် ဖြစ်သွားလိမ့်မယ်။ ဂိုဏ်းတူဒေါ်လေး၊ ကျွန်မတို့ မြန်မြန် ထွက်သွားကြရင် ကောင်းလိမ့်မယ်နော်”

“သူတို့ဘာသာ ငါတို့ရှေ့ လာအသေခံမှာတော့ ဘာလို့ ထွက်သွားနေဦးမှာလဲ” ကျိယောင်က ရှီထျန်းဟဲကို စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။

ရှီထျန်းဟဲ ကြောင်သွားခဲ့လေသည်။ သူမ၏ ဂိုဏ်းတူဒေါ်လေး ဘာကြောင့် ကိုယ့်ကိုယ်ကို ဤမျှ ယုံကြည်ချက်ရှိနေသလဲ သူ လုံးဝ မပြောတတ်တော့ချေ။ သူမ၏ ဂိုဏ်းတူဒေါ်လေး စိတ်ကယောင်ချောက်ခြား ဖြစ်နေသည်မှန်း ပြန်သတိရလိုက်သော် ရန်ကိုင်ဘက်သို့ အမြန် လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် “အဲ့ပုရွက်ဆိတ်လေးတွေကိုတော့ ဘာမှကြောက်မနေနဲ့”

“ပုရွတ်ဆိတ်လေးတွေ...” ရှီထျန်းဟဲ ဆွံ့အသွားခဲ့လေသည်။ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ဧကရာဇ်ပထမအဆင့် ငါးယောက်သည် ပုရွက်ဆိတ်လေးများလော။

ဤလူသည်လည်း တတိယဂိုဏ်းတူဒေါ်လေးကဲ့သို့ပင် ခေါင်းထိထားသည်များလား။

ရှီထျန်းဟဲ ရင်တမမ ဖြစ်နေခဲ့သည်။ သို့သော်ငြား ရန်ကိုင်နှင့် ကျိယောင်တို့ နှစ်ဦးစလုံး တည်တည်ငြိမ်ငြိမ် ရှိနေသည်ကိုမြင်သော် သူမကိုယ်တိုင်သည်လည်း သူတို့ဓါတ်ကူးကာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေသည်။

တုန်မိသားစုမှ ထွက်လာပြီး ဂိုဏ်းကို သွားပြန်ကူရန် ဆုံးဖြတ်လိုက်ကတည်းက သူမကိုယ်သူမ သေရန် ဆုံးဖြတ်ထားပြီးသားပင်။

ဂိုဏ်းဆီသို့ ပြန်မရောက်သေးခင်မှာပင် အသတ်ခံရသည်မှာ ဖြစ်နိုင်ပေသည်။ တကယ်တော့ လက်ရှိ အချိန်တွင် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး အဝိုင်းခံရထားသည် မဟုတ်ပေလော။ သူမသာ လူလုံး ထွက်ပြလိုက်သည်နှင့် အတိုက်ခံရမည်မှာ မလွဲမသွေပင်။

အစောကြီးကတည်းက သေဖို့ဆုံးဖြတ်ထားပြီး ဖြစ်လေရာ ယခုကော ဘာကိုများ ကြောက်နေရဦးမည်နည်း။

သူမ တောင့်တသည့်အရာဆို၍ မသေခင်လေး သူမဆရာနှင့် နောက်ဆုံးအကြိမ်အဖြစ် တစ်ကြိမ်လောက် ပြန်တွေ့ခွင့်ရရန်သာ ရှိလေသည်။

All Chapters