← Chapters

အခန်း (၂၆၂၆)

Vol. 112 Ch. 2626

အခန်း (၂၆၂၆)

Vol. 112 Ch. 2626

“ထျန်းဟဲ… ဘိုးဘေးတည်ထောင်သူနောက်မှာ သွားနေ…” ကျိယောင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့…” ရှီထျန်းဟဲသည် မည်သည့်အပိုစကားမှ ပြောမနေခဲ့ဘဲ ရန်ကိုင်ဖြစ်သည့် ဘိုးဘေးတည်ထောင်သူ၏နောက်တွင် အလျင်အမြန် သွားပုန်းနေလိုက်လေသည်။

လက်ရှိအချိန်တွင် ဧကရာဇ်ချီလှိုင်းများကို ထုတ်လွှတ်လျက် သူတို့နောက်သို့ လိုက်လာနေသည့် အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့လေသည်။ သို့ရာတွင် ထိုအဖွဲ့မှာ ရှီထျန်းဟဲထင်မှတ်ထားသလို ဖြစ်မနေခဲ့ချေ။ အဖွဲ့ခေါင်းဆောင်သည် မိုးကြိုးစံအိမ်၏ စံအိမ်သခင်ဖြစ်သူ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပိုင်ယု ဖြစ်ပါသော်ငြား သူနှင့်အတူ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူငါးဦး ပါမလာခဲ့ဘဲ လေးဦးသာ ပါလာခဲ့လေသည်။

ထိုအခါမှသာလျှင် မိုးကြိုးစံအိမ်၏ သခင်လေးဖြစ်သော ပိုင်လုနှင့်အတူ ပါလာသည့် ရန်ချင်းဆိုသည့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူမှာ မိုးကြိုးစံအိမ်၏ အကြီးအကဲတစ်ဦးမှန်း ရန်ကိုင် နားလည်သွားခဲ့တော့လေသည်။ ရန်ချင်း၏လက်မှာ ရန်ကိုင်ကြောင့် ပြတ်သွားသဖြင့် စံအိမ်သခင်တို့နှင့်အတူ လိုက်မလာနိုင်ခဲ့ဘဲ သူ့ဒဏ်ရာများကို ပြန်လည်ကုစာနေရင်း ကျန်ခဲ့ခြင်း ဖြစ်လောက်သည်။

ထိုသို့ဆိုလျှင်ပင် မိုးကြိုးစံအိမ်မှာ ၎င်းတို့တွင် ရှိနေသော ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးကို စေလွှတ်လိုက်လေရာ ရန်ကိုင်နှင့် ကျိယောင်တို့သည် သူတို့အတွက် မည်မျှ အရေးပါကြောင်းကို မြင်တွေ့နိုင်ပေသည်။

“ဝှီ… ဝှီ… ဝှီ…”

လေတိုးသံများနှင့်အတူ ပုံရိပ်ငါးခုသည် ရန်ကိုင်နှင့် ကျိယောင်တို့ဆီမှ မကမ်းမလှမ်း၌ ရပ်လိုက်လေ၏။

ဦးဆောင်လာသည့်လူမှာ အသားဖြူဖြူ ပိုင်လုနှင့် ရုပ်ချင်းဆင်သည့် သက်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ကာ မိုးကြိုးစံအိမ်၏ စံအိမ်သခင် ပိုင်ယု ဖြစ်လောက်ပေသည်။

ထိုလူနှင့်အတူ သက်လတ်ပိုင်းလူကြီးနှစ်ဦးနှင့် သက်ကြီးပိုင်းလူနှစ်ဦး ပါလာခဲ့သည်။

“ဘယ်ဘက်အစွန်ဆုံးတစ်ယောက်က စင်ကြယ်ခြင်းမြို့တော်ရဲ့ မြို့သခင်ရန်တုန်ပဲ… ကျန်တဲ့သုံးယောက်ကတော့ မိုးကြိုးစံအိမ်ရဲ့ အကြီးအကဲတွေပဲ… စီနီယာနဲ့ တတိယဂိုဏ်းတူဒေါ်လေးတို့ သတိထားနော်…” ရှီထျန်းဟဲက ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“ဒီတော့ နင်က ပင်းယွင်ရဲ့ တတိယတပည့် ကျိယောင်ပေါ့…” ဦးဆောင်လာသည့် ပိုင်ယုက ရုတ်တရက်ပြောလိုက်သည်။ တကယ်တော့ ကျိယောင်အား တစ်ခါမှ မမြင်ဖူးသည့်အတွက်ကြောင့် ကျိယောင်မည်သူဖြစ်သလဲ ဆိုသည်ကို သူမသိချေ။ သို့သော်ငြား စင်ကြယ်ခြင်းမြို့တော်တွင် ရှိနေသော လူများသည် ရှီထျန်းဟဲမှ ကျိယောင်အား ဂိုဏ်းတူဒေါ်လေးကျိယောင်ဟု ခေါ်ခဲ့သည်ကို ကြားခဲ့ရလေသည်။

“နင် ဆရာ့ကို နာမည်တပ်ခေါ်ရဲတယ်လား…” ကျိယောင်က အံကိုတင်းတင်းကြိတ်၍ ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။

“ဟား ဟား ဟား ဟား…” ပိုင်ယုက ထီမထင်ဟန်ဖြင့် အော်ရယ်မောလျက် “ပင်းယွင်တောင် ရေခဲနှလုံးသားတောင်ကြားထဲမှာ အမြီးကုပ်ပြီး ပုန်းနေရတာ… သူ့တပည့်ဖြစ်တဲ့နင်က တယ်ကို စွာနေပါလား၊ ဟန်… ဆရာတောင် ပုန်းနေရတာကို တပည့်ဖြစ်တဲ့နင်က မြောက်ဘက်နယ်မြေထဲ ဘယ်လိုလုပ်ပြီး လျှောက်သွားနေရဲလဲဆိုတာကို ငါ တကယ် သိချင်နေပြီ…”

သူနှင့်အတူ ပါလာသော လူလေးဦးမှာလည်း ပိုင်ယုနှင့်အတူ သံယောင်လိုက်၍ ရယ်မောလိုက်ကြလေသည်။ သူတို့ပုံစံကိုကြည့်သလောက် ရန်ကိုင်နှင့် ကျိယောင်တို့အား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေကြသည့်ပုံပင်။

သူတို့ ဤကဲ့သို့ ယုံကြည်ချက်ရှိနေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။ တကယ်တော့ ပိုင်ယုသည် ရေခဲနှလုံးသားတောင်ကြား၏ ပထမနှင့် ဒုတိယအကြီးအကဲများဖြစ်ကြသော အန်းရို့ယွင်နှင့် စွန်းယင်ရှုတို့ကဲ့သို့ပင် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး မဟုတ်လေလော။

တတိယတပည့်ဖြစ်သည့် ကျိယောင်၏ကျင့်ကြံခြင်းမှာ အများဆုံးမှ ဧကရာဇ်ဒုတိယအဆင့်သာ ရောက်နေပေလိမ့်မည်။

တကယ်သာ တိုက်ပွဲဖြစ်လာမည်ဆိုလျှင် ပိုင်ယုအနေဖြင့် ကျိယောင်အား တစက်ကလေးမှပင် မကြောက်ပေ။ ထို့အပြင် သူ့၌ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလေးဦးလည်း ရှိနေသေးသည်။ ထိုလေးဦးသည်သာ ရန်ကိုင်အား အလျင်အမြန် ရှင်းပစ်နိုင်ခဲ့ပါက အကုန်အတူပူးပေါင်းလျက် ကျိယောင်အား ဝိုင်းဝန်းတိုက်ခိုက်နိုင်ကြပေလိမ့်မည်။ ထိုအခါ ကျိယောင် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဆရာ… ကျွန်မ သူ့ပါးစပ်ကို ဆွဲဖြဲပြီး သူ့တစ်ကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်ချင်နေပြီ…” ဒေါသကြောင့် ကျိယောင်၏ရင်အစုံမှာ ဖားဖိုကြီးနှယ် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။

“သွားလေ… ကျန်တဲ့သူတွေကို ငါ့တာဝန်ထားလိုက်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်၏အမိန့်ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် ကျိယောင်သည် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေခဲ့ဘဲ ပိုင်ယုဆီသို့ တမုဟုတ်ချည်း ပြေးဝင်သွားလျက် သူမ၏ဓါးကို ဝှေ့ယမ်းကာ မိုးသီးမိုးပေါက်များ ကြွေဆင်းလာသည့်နှယ် တရစပ် တိုက်ခိုက်လိုက်လေသည်။

“ခွေးမက မောက်မာနေတယ်ပေါ့…” ပိုင်ယုသည် အထင်အမြင်တသေးဖြင့် ပြန်ပြောလျက် လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထို့နောက် လှံရှည်ထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလျက် ကျိယောင်၏တိုက်ခိုက်မှုများကို တန်ပြန်လိုက်သည်။ ထို့နောက်တွင် လှံရှည်အား ရေပြင်ညီလိုက် ဝှေ့ယမ်းချလိုက်လေသည်။ ကျိယောင်မှာမူ အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိခဲ့ဘဲ လှံရှည်၏ တိုက်ကွက်ကို သူမဓါးဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ကျိယောင်နှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ပိုင်ယုသည် ကျန်လေးဦးဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “အဲ့နှစ်ယောက်ကို မြန်မြန်သွားသတ်ပစ်ပြီးတော့ ငါ့ကို လာကူပေး…”

“ဟုတ်ကဲ့…” အမိန့်ရလိုက်သည်နှင့် တစ်ပြိုင်နက် ရန်တုန်နှင့် အကြီးအကဲသည် သုံးဦးသည် ရန်ကိုင်နှင့် ရှီထျန်းဟဲတို့အား ချက်ချင်း ဝိုင်းရံလိုက်ကြလေသည်။

“အမျိုးသမီးတုန်…” ရန်တုန်၏အကြည့်သည် ရှီထျန်းဟဲပေါ်သို့ ကျရောက်လာခဲ့သည်။ “နင်က ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝကို မမျှော်လင့်ထားခဲ့ဘူး… နင် တကယ်ကို ငါ့လိုမြို့သခင်တစ်ယောက်ဆီကနေတောင် ပိပိရိရိ ဖုံးကွယ်ထားနိုင်ခဲ့တာပါလား…”

ရှီထျန်းဟဲက အံကြိတ်၍ “လွန်ခဲ့တဲ့နှစ်တစ်ရာတည်းက ကျွန်မက ရေခဲနှလုံးသားတောင်ကြားထဲက ထုတ်ပယ်ခံရပြီးသွားပြီ… အခု ရေခဲနှလုံးသားတောင်ကြားနဲ့ ကျွန်မ ဘာမှ မပတ်သက်တော့ဘူး…”

ရန်တုန်က ရယ်သွမ်းသွေးလျက် ပြန်၍ပြောလိုက်လေသည်။ “ဒါပေမယ့် နင် ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်ဖြစ်တုန်းက အန်းရို့ယွင်ရဲ့တပည့် ဖြစ်ခဲ့တယ်မလား…”

“ဖြစ်တော့ ဘာဖြစ်လဲ…”

ရန်တုန်က သက်ပြင်းချလျက် ပြောလိုက်သည်။ “တော်တော်လေးတော့ ကြာသွားပါပြီ။ ငါလောကကြီးထဲ ခြေဆန့်နေတုန်းက ရေခဲနှလုံးသားတောင်ကြားက တပည့်တစ်ယောက်နဲ့ ငသိခဲ့ရတယ်… သူက တကယ်ကိုလှတာ… အသားအရေကလည်း ကျောက်စိမ်းသားလေးလို ချောမွေ့နေတာပဲ… အရည်အချင်းကလည်း မေးနေစရာတောင်မလိုဘူး… စိတ်ဓာတ်ကလည်း အမျိုးသမီးတုန်လိုပဲ… ငါ သူ့ကို အရမ်းလေးစားလို့ ချစ်ခွင့်ပန်ခဲ့တယ်… ဒါပေမယ့် အဲ့အမျိုးသမီးက ငါ့ကို သူနဲ့ မထိုက်တန်ဘူးထင်ပြီး ဒီတိုင်းပဲ ထွက်သွားတယ်… တကယ်ကို နောင်တရစရာပဲ… အဲ့အကြောင်းကို ပြန်တွေးလိုက်တိုင်း ငါ့စိတ်က တနုံ့နုံ့နဲ့ပဲ…”

“မြို့သခင်မှာလည်း ဒီလို အချစ်ဇာတ်ကြောင်းလေးတွေ ရှိခဲ့တာလား…” မိုးကြိုးစံအိမ်၏ အကြီးအကဲတစ်ဦးက ရယ်သွမ်းသွေးလျက် “ကျုပ် မသိခဲ့ရပါလား…”

“ဟုတ်တယ်… မြို့သခင် ခင်ဗျားကိုယ်ခင်ဗျား ကံကောင်းသွားတယ်မှတ်ပါ… အဲ့အမျိုးသမီးသာ မြို့သခင်ရန်ရဲ့ အချစ်ကို လက်ခံလိုက်မယ်ဆိုရင် အခုချိန်လောက်ဆို မြို့သခင်လည်း ဒီပြဿနာထဲ ရောပါသွားနေလောက်ပြီ…” အခြားသော အကြီးအကဲတစ်ဦးက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေ၏။

ရန်တုန်က လက်ဝှေ့ယမ်းလျက် “အဲ့ဒါတွေအကုန်လုံးက အတိတ်ကဟာတွေ ဖြစ်သွားပြီ… ဒါပေမယ့် ဒီလောက် အချိန်တွေကြာသွားတာတောင် သူ့နာမည်ကို ကျုပ် မှတ်မိနေတုန်းပဲ… အမျိုးသမီးတုန်… ခင်ဗျား ယုတန်ဆိုတဲ့ နာမည်ကို ကြားဖူးလားမသိဘူး…”

“စီနီယာအစ်မယုတန်…” ရှီထျန်းဟဲ အံ့အားသင့်သွားခဲ့လေသည်။ “ရှင် စီနီယာအစ်မယုတန်ကို တကယ်ကြီး သိနေတာလား…”

ရန်တုန်က ရယ်သွမ်းသွေးလျက် “ထင်ထားတဲ့အတိုင်းပဲ နင် သူ့ကို သိနေတာပဲ… သူလည်း အန်းရို့ယွင်ရဲ့ တပည့်ပဲလေ… နင် သူ့ကို သိသင့်တာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်တုန်၏မျက်လုံးထဲ အန္တရာယ်များသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

ယခုအချိန်ထိ စကားဝင်မပြောသေးခဲ့သော မိုးကြိုးစံအိမ်၏ အကြီးအကဲသည် ရန်တုန်ကို တွေးတွေးဆဆဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “မြို့သခင်ရန်… ခင်ဗျား အတိတ်က မရခဲ့တာကို အခု ပြန်ရအောင်လုပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်…”

ရန်တုန်က ပြုံးလျက် “ဘာဖြစ်လို့လဲ…”

ရန်တုန်၏စကားကြောင့် အခြားသူများ အံ့အားသင့်သွားကုန်ကြလေသည်။ ထို့နောက်တွင် အစောပိုင်းက စကားပြောလိုက်သော အကြီးအကဲကပင် ပြန်၍ပြောလိုက်လေသည်။ “မြို့သခင်ရန်ရဲ့အကျင့်က တော်တော်ထူးဆန်းတာပဲ… အမျိုးသမီးတုန် လက်ထပ်ထားတာ နှစ်တစ်ရာလောက်ရှိနေပြီဆိုတာကို မြို့သခင်မသိတာလား…”

“အဲ့လိုအမျိုးသမီးတွေကို ကျုပ်က ကြိုက်တာ… ပြီးတော့ သူက ယုတန်နဲ့ ညီအစ်မတွေလေ… စီနီယာအစ်မကို မရမှတော့ ဂျူနီယာညီမကိုပဲ ယူရတော့မှာပေါ့… ဒါကြောင့် အကြီးအကဲတို့ သူ့ကို တိုက်ခိုက်ကြမယ်ဆိုလို့ရှိရင် မထိခိုက်သွားအောင်တော့ နည်းနည်းလေး သတိထားပေးနော်…”

မိုးကြိုးစံအိမ်မှ အကြီးအကဲများမှာ ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ချေ။ သို့သော်ငြား ရန်တုန်သည် အတိတ်ကဖြစ်ခဲ့သော ကိစ္စနှင့်ပတ်သက်၍ အငြိုးထားနေကြောင်းကိုတော့ သိထားကြသည်။ ရှီထျန်းဟဲကိုသာ ယနေ့ ရသွားမည်ဆိုပါက ရန်တုန်သည် သူ့ရင်ထဲရှိ နာကျည်းချက်များကို ဖွင့်ထုတ်ပေတော့မည်။ သူတို့ဘက်ကကူညီပေးလိုက်၍ မည်သည့်ပြဿနာမှမရှိကြောင်း စဉ်းစားမိလိုက်သော် အကုန်လုံး သဘောတူလိုက်ကြလေ၏။ “မြို့သခင်ရန်က အခုလိုပြောလာတယ်ဆိုမှတော့လည်း ကျုပ်တို့ဘက်ကလည်း ကူညီပေးရသေးတာပေါ့…”

ရန်တုန်က ရယ်မောလျက် “ဒါဆိုရင် ကြိုပြီးတော့ ကျေးဇူးတင်ထားပါရစေ…”

ရှီထျန်းဟဲ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေခဲ့လေပြီ။ ရန်တုန်၏စကားကိုကြားသော် ဒေါမာန်တကြီးဖြင့် ပြန်၍အော်ပြောလိုက်လေ၏။ “ရန်တုန်… နင် ဒီလောက် အရှက်မရှိ အောက်တန်းကျလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး… တုန်ဟိုင် နင့်အမိန့်ကို နာခံခဲ့ရတာတွေ နင့်ကို လာဘ်ထိုးခဲ့ရတာတွေအကုန်လုံးက အလဟဿပဲ…”

“တုန်ဟိုင်လား…” ရန်တုန်က အေးစက်စက်အမူအယာဖြင့် “လူသေတစ်ယောက်ကို ဘာလို့ စကားထဲ လာထည့်ပြောနေသေးတာလဲ… စိတ်မပူနဲ့… သူ နင့်ကို တန်ဖိုးမထားဘူးမလား… ငါ နင့်ကို ကောင်းကောင်းတန်ဖိုးထားပေးမယ်…”

“လူသေ…” ရှီထျန်းဟဲ၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အလန့်တကြား အော်လေ၏။ “နင် သူ့ကို ဘာလုပ်လိုက်တာလဲ…”

ရန်တုန်က အေးစက်စက်အမူအယာဖြင့် ပြုံးလျက် “အခုလိုအချိန်မျိုးမှာ ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်ကို လက်ထပ်ထားတယ်ဆိုတာ ဘယ်လိုပြစ်မှုလဲ နင်သိလား… အဲ့တော့ သူဘာဖြစ်သွားမယ်နင်ထဲ... အခြားသူတွေ ဘာမှလုပ်နေစရာတောင် မလိုဘူး။ ငါ့လက်ချက်နဲ့တင် သူတစ်စစီ ဖြစ်သွားပြီ။ အခုကစပြီး တုန်မိသားစုဆိုတာ မရှိတော့ဘူး”

ရှီထျန်းဟဲ၏ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်ရီသွားခဲ့လေသည်။

သူမ မည်သူမည်ဝါမှန်း ထုတ်ဖော်ပြောကြား ခံလိုက်ရပြီးသည့်နောက် မိသားစု ပြဿနာတက်လိမ့်မည်မှန်း နားလည်ထားပါသော်ငြား သတင်းကြားလိုက်ရချိန် သူမအနေဖြင့် အမှန်တရားကို ချက်ချင်းလက်မခံနိုင် ဖြစ်ခဲ့ရလေသည်။

ထိုလူမှာ သူမနှင့် နှစ်ပေါင်းတစ်ရာတိုင်တိုင် လင်မယားအဖြစ် ပေါင်းသင်းခဲ့သူတစ်ဦးဖြစ်ကာ ထိုလူ့အတွက်နှင့်ပင် သူမ၏ဂိုဏ်းထဲမှ ထွက်လာခဲ့ရခြင်းလည်း ဖြစ်ပေသည်။ သို့သော်ငြား ယခုမူ ထိုလူမှာ သူမနှင့် ပက်သက်မိခဲ့သည့် အတွက်ကြောင့် သေတွင်းထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရလေပြီ။

“ခွေးသူတောင်းစားကောင်… ငါ နင့်ကိုသတ်မယ်…” ရှီထျန်းဟဲ၏မျက်လုံးများ နီရဲလာခဲ့ပြီး ဓါးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် ရန်တုန်ဆီသို့ ပြေးဝင်သွားရန် လုပ်လိုက်လေသည်။ သို့သော်ငြား သူမအနေဖြင့် မလှုပ်ရှားနိုင်သေးခင်မှာပင် သူမ၏ပုခုံးအား တစ်စုံတစ်ဦးမှ ထိလိုက်သလို ခံစားလိုက်ရသည်။ ထို့နောက် သူမကိုယ်သူမ တစ်ချက်ကလေးမှပင် လှုပ်မရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင်မှ သူ၏ဧကရာဇ်ချီဖြင့် ကူညီပေးထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရှီထျန်းဟဲ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားလောက်ပေပြီ။

ရန်တုန်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည်။ “ကောင်လေး… မင်းက သေရတော့မှာကိုတောင် အခြားသူတွေကိစ္စတွေမှာ လိုက်ဝင်ပါချင်သေးတယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်ကိုသတ်နိုင်မယ်လို့ ခင်ဗျား တကယ်ကြီးထင်နေတာလား…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှီထျန်းဟဲအား သူ့နောက်သို့ ဆွဲခေါ်လိုက်လေသည်။

ရန်ကိုင်၏ အလွန်ကိုမှ တည်ငြိမ်သည့် ပုံစံကြောင့် ရန်တုန်နှင့် အကြီးအကဲသုံးဦး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

ကျိယောင်မည်သူမည်ဝါမှန်း သူတို့သိပါသော်ငြား ဤလူ မည်သူဖြစ်သလဲဆိုသည်ကိုတော့ သူတို့မသိပေ။ ရန်ကိုင်မည်မျှအားကောင်းကြောင်းကိုလည်း သူတို့သေချာမသိ။

“မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… အခုလောလောဆယ် မြောက်ဘက်နယ်မြေမှာ ရေခဲနှလုံးသားတောင်ကြားက လူအားလုံးရဲ့ ဘုံရန်သူဖြစ်နေတာ… စဉ်းစားတတ်တယ်ဆိုလို့ရှိရင် ဒီကိစ္စထဲမှာ ဝင်မပါဘဲ ဘေးဖယ်နေလိုက်…” ရန်တုန်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည်။

“ဟုတ်တယ်… မင်းသာ ဒီကိစ္စထဲကနေ ဘေးဖယ်နေပေးလိုက်မယ်ဆိုလို့ရှိရင် ငါတို့ ဒီနေ့ကိစ္စကို မေ့ထားပေးလိုက်မယ်… မင်းလည်း ငါတို့နဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်” မိုးကြိုးစံအိမ်မှ အကြီးအကဲတစ်ဦးကလည်း ခေါင်းညိတ်၍ ပြောလိုက်လေသည်။

“မိတ်ဆွေဖြစ်ရဖို့... ဘယ်ဆိုးလို့လဲ... ဒါပေမယ့် ခင်ဗျားတို့က ကျုပ်ရဲ့မိတ်ဆွေဖြစ်ဖို့ အဆင့်မှီလို့လား” ရန်ကိုင်က ပြုံးဖြီးလျက် “အပိုတွေပြောမနေစမ်းပါနဲ့ဗျာ… တိုက်မယ်ဆိုရင် မြန်မြန်တိုက်ကြစမ်းပါ…”

“မင်းတို့ ဘာတွေကြောင်ကြည့်နေတာလဲ… မြန်မြန်တိုက်ကြတော့လေ…”

ထိုစဉ် ပိုင်ယု၏ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

ပိုင်ယု၏အော်သံကြားမှ လှည့်ကြည့်လိုက်ကြရာ မိမိကိုယ်ကို အလွန်ယုံကြည်ချက်ရှိနေသော ပိုင်ယုသည် ကျိယောင်နှင့်တိုက်ခိုက်ရာတွင် အောက်စည်းသို့ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ကျိယောင်၏ ရေခဲစက်ကွင်းမှာ ပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့နေခဲ့ပြီး ပိုင်ယုအား အဆက်မပြတ် ဖိနှိပ်နေခဲ့သည်။ ထို့အပြင် ပိုင်ယုမှာ ကျိယောင်၏တိုက်ခိုက်မှုများကိုလည်း အသည်းအသန် ကာကွယ်နေရလေရာ သူ့မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော်ပင် ဖြစ်နေခဲ့သည်။

လက်ရှိပိုင်ယု၏အခြေအနေအရ အကြာကြီး ထိန်းထားနိုင်တော့လိမ့်မည် မဟုတ်ပေ။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံးမှာ ယခုမှသာလျှင် ကျိယောင်၏ခွန်အားကို အထင်သေးမိသွားမှန်း နားလည်သွားတော့သည်။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်ချင်းအတူတူသာ ဖြစ်ပါသော်ငြား ကျိယောင်သည် ပိုင်ယုထက် အများကြီး ပိုအားကောင်းပေသည်။

“ခင်ဗျားတို့ သူ့ကို သွားမကူဘူးဆိုလို့ရှိရင် ခင်ဗျားတို့စံအိမ်သခင် သေရတော့မှာနော်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ကျင့်ကြံခြင်းကို တစ်ဖက်လူများ သိသွားရလေအောင် သူ၏ဧကရာဇ်ချီကိုပါ ထုတ်ပြထားလိုက်သည်။ “စိတ်မပူနဲ့… ကျုပ်က အဲ့လောက်အားကောင်းတာမဟုတ်ဘူး… ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာ… ဒီတော့ ဘာမှကြောက်မနေကြနဲ့… ကျုပ်ဆီကို တစ်ပြိုင်တည်းသာ လာခဲ့လိုက်ကြ…”

“ဧကရာဇ်ပထမအဆင့်…”

“ဒီတော့ သူက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာပေါ့…”

“ဘာလဲဟ… ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က ငါတို့ကို သောက်ခွက်လာပြောင်နေတာလား…”

ရန်တုန်နှင့် မိုးကြိုးစံအိမ်မှ အကြီးအကဲသုံးယောက်စလုံး စတင်အော်ဟစ်ကြတော့လေသည်။ အစောပိုင်းက ရန်ကိုင်မည်သူမည်ဝါမှန်းမသိသလို ရန်ကိုင်၏ခွန်အားကိုလည်း မသိသည့်အတွက်ကြောင့် ရန်ကိုင်ကိုတိုက်ခိုက်ဖို့ရာ တုံ့ဆိုင်းနေမိလေသည်။ သို့သော်ငြား ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကို သူ့ဘာသာ ထုတ်ပြလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးလောက်ကို သူတို့အနေဖြင့် ဘာများ ကြောက်နေစရာ လိုပါမည်နည်း။ သူတို့လေးဦးစလုံးမှာ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေရာ တစ်ယောက်ချင်းမနိုင်လျှင်ပင် လေးယောက်ပေါင်းတိုက်ခိုက်ပါက မည်သို့များ မနိုင်စရာအကြောင်း ရှိမည်နည်း။

“သွားကြမယ်…” အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်ပြီးသည့်နောက် လေးဦးစလုံး ရန်ကိုင်ဆီသို့ တစ်ပြိုင်တည်း ပြေးဝင်သွားကြလေသည်။ ထို့နောက်တွင် ဧကရာဇ်ချီကို အသီးသီးလှည့်ပတ်၍ သိုင်းပညာရပ်အမျိုးမျိုးကို ထုတ်လွှတ်ကာ ရန်ကိုင်အား တပြေးညီ တိုက်ခိုက်လိုက်ကြသည်။

All Chapters