← Chapters

အခန်း (၂၆၂၇)

Vol. 112 Ch. 2627

အခန်း (၂၆၂၇)

Vol. 112 Ch. 2627

ဧကရာဇ်အဆင့်ပညာရှင်လေးဦး တစ်ပြိုင်တည်း ပြေးဝင်သွားသည့် မြင်ကွင်းမှာ အမှန်တကယ်ကိုမှ ကြောက်စရာကောင်းလှသည်။

ရန်ကိုင်၏နောက်ဘက်တွင် ရှိနေသော ရှီထျန်းဟဲသည် သူမအပေါ်သို့ တောင်များ တစ်လုံးပြီးတစ်လုံး ပြိုဆင်းကျလာသည့်အလား သူမခန္ဓာကိုယ်တစ်ခုလုံး လေးလံလာသလို ခံစားလိုက်ရလေသည်။ ထိုဖိအားအောက်ဝယ် သူမအဖို့ အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့ရသည်။

ထို့နောက်တွင် ဧကရာဇ်အဆင့်ပညာရှင်လေးဦး၏ တိုက်ခိုက်မှုများ သူတို့ဆီသို့ ရောက်ရှိလာခဲ့လေသည်။

“ဘုန်း… ဘုန်း… ဘုန်း…”

ထိုတိုက်ခိုက်မှုများကြောင့် ရှီထျန်းဟဲမှာ လိပ်ပြာလွင့်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ သူမကိုယ်သူမ သေပြီဟု ထင်နေပါသော်ငြား တကယ်တမ်း မော့ကြည့်လိုက်သည့်အခါတွင် သူမသည် အခြားတစ်နေရာသို့ ထူးဆန်းစွာ ရောက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ဧကရာဇ်အဆင့်ပညာရှင်လေးဦးစလုံး၏ တိုက်ခိုက်မှုများမှာ သူမအား ထိမှန်ခြင်းမရှိခဲ့ပေ။

သူမရှေ့တွင် ရှိနေသော ရန်ကိုင်သည် သူ့လက်အား အသာအယာ ဝှေ့ယမ်းလိုက်လေသည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည့် ပိန်းပိန်းပိတ်မည်းမှောင်သော ဧရာမလဓါးသွားတစ်စင်း ထွက်ပေါ်လာခဲ့လေသည်။ ထိုလဓါးသွားကြီးသည် သက်ရှိတို့၏အသက်များကို ချွေယူပစ်တော့မည့် သေမင်းတံစဉ်းအလား တရွှီရွှီမြည်သံပြုလျက် ဧကရာဇ်အဆင့်ပညာရှင်လေးဦးဆီသို့ တိုးဝင်သွားခဲ့လေ၏။

“မကောင်းတော့ဘူး…” ရန်တုန်က ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလန့်တကြား ထအော်လေသည်။

သူတို့၏တိုက်ခိုက်မှုအားလုံး အချည်းနှီးဖြစ်သွားရသည့်နောက်တွင် ရန်ကိုင်၏ခွန်အားကို အကြီးအကျယ် အထင်သေးမိသွားပြီမှန်း ဧကရာဇ်အဆင့်ပညာရှင်လေးဦးစလုံး သိလိုက်ကြသည်။ ထိုလူငယ်လေးသည် သူတို့ကဲ့သို့ပင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါသော်ငြား သူ့အမြန်နှုန်းမှာ သူတို့လေးဦးစလုံး လိုက်မမီလောက်အောင်ကို မြန်ဆန်လွန်းလှသည်။ ထိုမျှမြန်နေလေရာ သူတို့အနေဖြင့် ထိုလူငယ်လေးအား မည်ကဲ့သို့များ ထိအောင် တိုက်ခိုက်ရတော့မည်နည်း။

ရန်တုန်မှ ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ရုံပင်ရှိသေး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သယ်ဆောင်လာသည့် ဧရာမလဓါးသွားကြီးတစ်စင်း သူတို့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်တုန်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် အလျင်စလို နောက်သို့ အမြန်ဆုတ်လိုက်လေသည်။

“မြန်မြန်ရှောင်ကြ…” ထို့နောက်တွင် အခြားသူများကိုလည်း လှမ်း၍ သတိပေးလိုက်လေသည်။

ရန်တုန်မှာ လဓါးသွားကို ပထမဦးဆုံး သတိပြုမိသွားကာ အလျင်စလို ရှောင်တိမ်းလိုက်နိုင်ပါသော်ငြား မိုးကြိုးစံအိမ်မှ အကြီးအကဲသုံးဦးမှာတော့ သူ့လောက် မြန်ဆန်ခြင်း မရှိခဲ့ပေ။ ထိုအကြီးအကဲသုံးဦးမှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိကြ။ ရန်ကိုင်လှုပ်ရှားလိုက်သည်ကိုလည်း မမြင်ကြ။ ရန်ကိုင် သူတို့၏မြင်ကွင်းမှ မည်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသလဲ ဆိုသည်ကိုသာ စဉ်းစားရင်း နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့သုံးဦးစလုံး ရန်တုန်၏ သတိပေးသံကို ကြားလိုက်ရချိန် လဓါးသွားမှာ သူတို့ဆီသို့ ရောက်ရှိနေခဲ့လေပြီ။

အကြီးအကဲသုံးဦးစလုံးမှာ အလန့်တကြား အော်ဟစ်ရင်း ဧကရာဇ်ချီနှင့် နိယာမစွမ်းအားတို့ကို အသုံးချလျက် သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။

“ရွှစ်…”

မည်သို့ပင် ကြိုးစားနေစေကာမူ အကြီးအကဲသုံးဦး၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။

လဓါးသွားသည် အလွန်တရာကိုမှ ထက်ရှသည့် ဓါးသွားတစ်စင်းနှယ် ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဧကရာဇ်ချီနှင့် နိယာမစွမ်းအားတို့ကို စက္ကူတစ်ရွက်အား ဆုတ်ဖြဲပစ်သည့်နှယ် အသာအယာ ထိုးဖောက်သွားခဲ့လေသည်။

“ရွှစ်…”

တိုးလျလျ အသံတစ်သံနှင့်အတူ လဓါးသွားသည် ရှေ့ဆုံးတွင်ရှိနေသော အကြီးအကဲ၏ရင်ဘတ်ကို ဖြတ်ထွက်သွားခဲ့ပြီး အနည်းငယ်မျှပင် အားနည်းသွားခဲ့ခြင်းမရှိဘဲ ဒုတိယနေရာတွင်ရှိနေသော အကြီးအကဲဆီသို့ ဆက်လက်တိုးဝင်သွားခဲ့လေသည်။

ထိုအကြီးအကဲမှာလည်း လဓါးသွားအား ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

တတိယမြောက်နေရာတွင် ရှိနေသည့် အကြီးအကဲမှာတော့ အချိန်မီတုံ့ပြန်နိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်အား မသိမသာလေး စောင်းလိုက်ရာ လဓါးသွားသည် ရင်ဘတ်ကိုထိမှန်ခြင်းမရှိတော့ဘဲ သူ့ပုခုံးကိုသာ ထိမှန်သွားခဲ့လေသည်။

ရန်တုန်မှာတော့ လဓါးသွားကြောင့် နှစ်ပိုင်းပြတ်ထွက်သွားသည့် မိုးကြိုးစံအိမ်မှ အကြီးအကဲနှစ်ဦးကိုကြည့်ရင်း ကြောက်လည်းကြောက် မျက်လုံးအပြူးသားလည်း ဖြစ်နေခဲ့သည်။ တစ်ခုခု ကွဲထွက်သွားသည့် အသံတစ်သံနှင့်အတူ ပထမနှင့် ဒုတိယနေရာတွင် ရှိနေသော အကြီးအကဲနှစ်ဦး၏ ခန္ဓာကိုယ်များ နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။ သွေးစ၊ အသားစနှင့် အူကလီစာတို့မှာ အဖက်ဖက်သို့ လွင့်စင်ထွက်လာလေသည်။ တစ်ချိန်တည်းတွင်လည်း သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသဖြင့် ရန်တုန်မှာ ထပ်မံတုန်လှုပ်သွားခဲ့ပြီး အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

တတိယမြောက်အကြီးအကဲ၏ လက်မောင်းမှာ ပုခုံးရင်းမှနေ၍ တိတိ ပိုင်းဖြတ်ထားခြင်းခံရပြီး သွေးများသည် ထိုနေရာမှနေ၍ ရေပန်းတစ်ခုနှယ် ပန်းထွက်နေကြောင်း တွေ့လိုက်ရသည်။ ထိုပုခုံးဒဏ်ရာမှတစ်ဆင့် တဒုတ်ဒုတ်ခုန်နေသော အကြီးအကဲ၏ နှလုံးကိုပင်လျှင် ရန်တုန် လှမ်းမြင်နေခဲ့ရလေသည်။

“ဟူး…”

ရန်တုန်မှာ လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်သည်။ မသိလိုက်ခင်မှာပင် သူ့အင်္ကျီတစ်ခုလုံး ချွေးများကြောင့် စိုရွှဲနေခဲ့လေသည်။ ထို့နောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရန်ကိုင်အား ကြောက်လန့်တကြားဖြင့် လှမ်းကြည့်လျက် ကတုန်ကယင်ဖြင့် မေးလိုက်လေသည်။ “မင်း… မင်း ဘယ်သူလဲ…”

ရန်ကိုင်သည် တိုက်ကွက်တစ်ကွက်တည်းဖြင့် သူနှင့်အဆင့်တူတွင် ရှိနေသော မိုးကြိုးစံအိမ်မှ ဧကရာဇ်ပထမအဆင့် အကြီးအကဲနှစ်ဦးအား ဒဏ်ရာတစ်ချက်ပင်မရဘဲ သတ်ပစ်လိုက်နိုင်ခဲ့သည်။

ဧကရာဇ်ပထမအဆင့်လေးဖြင့် ထိုကဲ့သို့လုပ်နိုင်ရလေအောင် ထိုကောင်လေးသည် လူမှဟုတ်ပါလေစွ။

ရန်ကိုင်ကို ရန်တုန် အမှန်တကယ်ကြောက်လန့်မိနေလေပြီ။ ရန်ကိုင်ကိုယ်တိုင်မှ သူ၏ကျင့်ကြံခြင်းကို တမင်တကာ ထုတ်ပြခဲ့သည့် အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် သူ၏ခွန်အားကို ဖုံးကွယ်ထားသည့် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ထင်မိမည်သာ။ ရန်ကိုင်၏နောက်တွင် ရပ်နေသော ရှီထျန်းဟဲမှာလည်း ထိုမြင်ကွင်းကြောင့် မျက်လုံးအပြူးသားဖြစ်နေကာ တံတွေးတစ်လုပ်ပြီးတစ်လုပ် မျိုချနေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင်လျှင် သူမအား လှုပ်မရအောင် ချုပ်နှောင်ထားသည့်စွမ်းအားမှာ ပျောက်ကွယ်သွားခဲ့ပြီး ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် ပြန်လည်လှုပ်ရှား၍ရနေကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင်က အပြုံးကြီးပြုံးလျက် ပြောလိုက်သည်။ “ကျုပ် ဘယ်သူလဲမသိပဲနဲ့တောင် ကျုပ်ကို တမင်တကာ လာပြဿနာရှာတယ်ဆိုတော့ မြို့သခင်ရန်က သေမင်းနဲ့တွေ့ရဖို့ကို မစောင့်နိုင်အောင်ကို ဖြစ်နေတယ်နဲ့တူတယ်…”

“သေမင်း…” ရန်တုန်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သေဆုံးသွားသော မိုးကြိုးစံအိမ်မှ အကြီးအကဲနှစ်ဦး၏အလောင်းကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ကျိယောင်၏တိုက်ခိုက်မှုများကို အသည်းအသန် ခုခံနေရသည့် အချိန်မရွေး ရှုံးနိမ့်သွားနိုင်သော ပိုင်ယုဆီသို့ လှမ်းကြည့်လိုက်လေသည်။ ကိုယ့်အခြေအနေကိုယ် သဘောပေါက်လိုက်သော် ရန်တုန်သည် အံကိုတင်းတင်းကြိတ်၍ တစ်ချက်ကလေးမှပင် တုံ့နှေးမနေတော့ဘဲ အလင်းတန်းတစ်ခုအသွင်သို့ပြောင်းကာ အလျင်စလို ထွက်ပြေးတော့လေသည်။

ရန်တုန်သည် ဤနေရာ၌ တစ်စက္ကန့်လေးမျှပင် ထပ်၍ မနေရဲတော့ချေ။ သူ့ရန်သူသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူနှစ်ဦးအား တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်နိုင်ခဲ့သည်။ ထို့အပြင် ရန်ကိုင်၏ပုံစံကိုကြည့်ရသည်မှာ အေးအေးဆေးဆေးသာ ရှိနေပေသည်။ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူနှစ်ဦးအား တစ်ချက်တည်း သတ်ပစ်လိုက်ဖို့ရာ သူ့အတွက် အားသိပ်မစိုက်ရသည့်ပုံပင်။ ရန်တုန်သည်သာ ဤနေရာတွင် ဆက်နေပါက အနှေးနှင့်အမြန်ဆိုသလို ယမမင်းနဲ့ ပြေးတွေ့ရပေလိမ့်မည်။

သို့သော်ငြား တစ်ဖက်လူ၏အမြန်နှုန်းကို မြင်ထားပြီးသားဖြစ်သည့်အတွက်ကြောင့် ရန်တုန်သည် သူ့အနေဖြင့် တစ်ဖက်လူ၏လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် သိပ်ရှိမနေခဲ့ပေ။

ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည် အလွန်တရာကိုမှ မြန်ဆန်လှသည်။ ထို့အတွက်ကြောင့် မျက်တောင်တစ်ခတ်အတွင်း ရန်တုန်သည် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်တို့ကို မမြင်ရတော့သည့်အခါမှသာလျှင် ရန်တုန်လည်း အမောတကော အသက်ရှူနိုင်တော့သည်။ ရန်တုန်မှာ ယခုထိ အကြောက်မပြေသေး။ အစောပိုင်းက အဖြစ်အပျက်ကို ပြန်စဉ်းစားလိုက်တိုင်း သူ့ရင်ထဲ အကြောက်ကြီး ကြောက်မိ၏။

ရန်ကိုင် ဘာကြောင့် သူ့နောက်သို့ လိုက်မလာလဲ ဆိုသည်ကို ရန်တုန်မသိပါသော်ငြား ရန်ကိုင်လိုက်မလာသည့်အပေါ်ကိုတော့ ရန်တုန် ဝမ်းမြောက်နေမိလေသည်။ သူ့အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်ခံ၍မဖြစ်။

အသက်ဆယ်ရှိုက်စာမက တောက်လျှောက် ပျံသန်းလာပြီးသည့် အခါမှသာလျှင် သူ့စိတ်ထဲ အနည်းငယ် လုံခြုံသွားသလို ခံစားလိုက်ရတော့လေသည်။ ထိုလူငယ်လေး မည်မျှပင် မြန်ဆန်နေစေကာမူ ယခုအချိန်ထိ သူ့နောက်သို့ လိုက်မလာသေးသည့်အတွက်ကြောင့် ရန်တုန်မှာ သေဘေးမှ လွတ်ပြီဟု ထင်သွား၏။

သို့သော်ငြား သူ့စိတ်ထဲ ထိုလုံခြုံသွားသည့် ခံစားချက်ကလေးအား ကောင်းကောင်းမခံစားနိုင်သေးခင်မှာပင် ရန်တုန်၏ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး သူ့ရှေ့တစ်နေရာအား မျက်နှာကြီးမဲ့လျက် စိုက်ကြည့်လိုက်လေသည်။

ကန်ရေပြင်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်အလား သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ထိုနေရာကိုဗဟိုပြုလျက် ထူးဆန်းသော စွမ်းအင်လှိုင်းများမှာ လှိုင်းတွန့်များနှယ် အဘက်ဘက်သို့ ဖြာထွက်လာတော့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်တုန်၏မြင်ကွင်း ယာယီမျှ ဝေဝါးသွားခဲ့ရသည်။ သူ့မြင်ကွင်း ပြန်လည်ကြည်လင်လာချိန် သူ့ရှေ့၌ လူတစ်ယောက် ရပ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဒုတ်… ဒုတ်… ဒုတ်…”

ရန်တုန် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်မိသွားခဲ့သည်။ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေရင်းမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။ “မင်း… မင်း… မင်းဘယ်လိုလုပ်ပြီး…”

ထိုသို့ပြောနေရင်းမှ ရန်တုန်သည် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်လေသည်။ “လေဟာနယ်ပညာရပ်လား…”

လေဟာနယ်တာအိုကို ကျင့်ကြံထားသော ကျင့်ကြံသူများသည် လေဟာနယ်နိယာမစွမ်းအားများကို အသုံးချ၍ တစ်နေရာမှ တစ်နေရာသို့ တည်နေရာခုန်ကူးနိုင်သည့်အကြောင်းကို သူကြားခဲ့ဖူးပေသည်။ သို့သော်ငြား လေဟာနယ်တာအိုကို ထိုအဆင့်ထိရောက်အောင် ကျင့်ကြံထားနိုင်သည့် ကျင့်ကြံသူများမှာ အလွန်တရာကိုမှ နည်းပါးလွန်းလှသည်။ ကြယ်တာရာအစုအဝေးထဲ၌ပင်လျှင် လေဟာနယ်တာအိုကို အလွန်တရာကိုမှ အဆင့်မြင့်မားစွာ ကျွမ်းကျင်ထားသည့် ပညာရှင်ဆို၍ တစ်ဦးတည်းသာ ရှိပေသည်။ ထိုလူသည် မဟာဧကရာဇ်များပြီးသည့်နောက် အားအကောင်းဆုံးသော ပညာရှင် ဖြစ်သည်ဟုလည်း ပြောကြသည်။

ထိုလူသည် အရှေ့ဘက်နယ်မြေ စိတ်ဝိဉာဉ်သားရဲကျွန်းမှ လီဝူရီပင် ဖြစ်လေသည်။

ရန်တုန်မှာ တစ်သက်နှင့်တစ်ကိုယ် လီဝူရီနှင့် ယှဉ်ပြိုင်နိုင်သော လေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးနှင့် လာတိုးရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ရန်ကိုင် သူ့အား အလွတ်ပေးလိုက်ခြင်းမဟုတ်ချေ။ ရန်ကိုင်ကိုယ်တိုင်ကကို ရန်တုန် မည်သို့ပင်ပြေးနေစေကာမူ သူ့အား လိုက်ဖမ်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည့်အတွက်ကြောင့် အေးအေးဆေးဆေး လှုပ်ရှားနေခြင်းသာ ဖြစ်သည်။

“မြို့သခင်ရန်က တကယ်ကို အမြင်စူးရှတာပဲ…” ရန်ကိုင်က ယဲ့ယဲ့လေးရယ်မောလျက် ပြောလိုက်လေသည်။

ရန်တုန်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အံတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “ငါလက်မလျှော့သေးဘူးကွ…”

သူ့အနေဖြင့် ထွက်ပြေးလို့ လွတ်နိုင်မည်မဟုတ်မှန်း ရန်တုန်သိနေခဲ့သည်။ ရန်ကိုင်မှ မိုးကြိုးစံအိမ်၏အကြီးအကဲနှစ်ဦး သတ်ဖြတ်ခဲ့ပုံကိုကြည့်လျှင် သူ့ကိုလည်း အလွတ်ပေးလိမ့်မည်မဟုတ်မှန်း ရန်တုန် သိနေခဲ့လေသည်။ ထို့အတွက်ကြောင့် တောင်းပန်နေ၍လည်း အကျိုးမထူး။ အသက်ရှင်လိုပါက ရန်ကိုင်နှင့် ထိပ်တိုင်ရင်ဆိုင်ရုံသာ ရှိတော့လေသည်။

ရန်တုန်သည် ပြတ်သားသည့်လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့စွမ်းအားအကုန်အစင်ကို လှည့်ပတ်၍ ဓါးထဲသို့ ထည့်သွင်းလိုက်လေသည်။ ဓါးရောင်မှာ တလက်လက် တောက်ပလာခဲ့လေ၏။ ထို့နောက် အားကုန်သုံးလျက် ရန်ကိုင်တည့်တည့်သို့ ခုတ်ချလိုက်လေသည်။

ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံံ့လျက် လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်လေသည်။

ဧကရာဇ်ချီများ ပေါက်ကွဲထွက်လာပြီး တလက်လက်တောက်ပနေသော ဓါးရောင်မှာ တမုဟုတ်ချည်း ငြိမ်းသေသွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏လက်ဝါးချက်သည် ရန်တုန်၏ရင်ဘတ်ဆီသို့ သွားရောက်ထိမှန်လေသည်။

“ဖူး…”

သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး ရန်တုန်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ အရှိန်အဟုန်ပြင်းစွာဖြင့် နောက်သို့ လွင့်စင်ထွက်သွားခဲ့လေသည်။

မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ပြန်ကုန်းထလာပြီးသည့်နောက်တွင် ရန်တုန်သည် ကောင်းကင်ပေါ်မှ တဖြည်းဖြည်း ဆင်းလာနေသော ရန်ကိုင်အား ကတုန်ကယင်ဖြင့် ကြည့်လိုက်သည်။ “မင်း ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား… ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ… မင်း တကယ်ကြီး ဘယ်သူလဲ…”

ရန်တုန်က အလန့်တကြား ထအော်လေသည်။

ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် လက်ဝါးတစ်ချက်ကလေးဖြင့် သူ့အား ဤမျှဒဏ်ရာရသွားအောင် မည်ကဲ့သို့များ လုပ်နိုင်ရလေသနည်း။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူတစ်ဦးသည် မိုးကြိုးစံအိမ်မှ အကြီးအကဲနှစ်ဦးအား တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်ခဲ့သည့်အပြင် အခြားသောအကြီးအကဲတစ်ဦးကိုပါ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် မည်ကဲ့သို့များ လုပ်နိုင်ရလေသနည်း။

ရန်ကိုင်သည် ကျားသားစားချင်၍ ဝက်ယောင်ဆောင်နေသည့် လူတစ်ဦးဖြစ်သည်ဟုသာ ရန်တုန် ထင်နေမိတော့သည်။

ရန်ကိုင်နှင့် ကျိယောင်တို့နှစ်ဦးအနက် ကျိယောင်သည် ပိုအားကောင်းသည်ဟု ထင်ခဲ့မိသည်မှာ တကယ်ကို ရယ်ချင်စရာ ကောင်းလှပေသည်။

“ခန့်မှန်းကြည့်လေ…” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်၏လက်ထဲ လဓါးသွားတစ်စင်း ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်လဓါးသွားမှာတော့ ပထမတစ်ကြိမ်က လဓါးသွားလောက် ကြီးမားခြင်း မရှိတော့ပေ။

ဓါးသွားဆီမှ ဖြာထွက်လာနေသော စွမ်းအင်လှိုင်းကို ခံစားမိသော် ရန်တုန်၏မျက်နှာ ဖြူလျော်သွားခဲ့သည်။ ထိုဓါးသွားသည် လေဟာနယ်နိယာမစွမ်းအားများကို သိပ်သည်းကာ ဖန်တီးထားသည့် ဓါးသွားတစ်စင်းဖြစ်ကာ လက်ရှိ သူ့ခွန်အားဖြင့် မည်သို့မျှ မခုခံနိုင်ပေ။

“နေပါဦး…” ရန်တုန်က အလျင်စလို ထအော်လေသည်။ ရန်ကိုင်အား ထိပ်တိုက်ရင်ဆိုင်၍ အနိုင်မယူနိုင်မှဖြင့် အသနားခံရန်သာ ရှိတော့သည်။

ရန်ကိုင်ကမူ ရန်တုန်အား စကားပြောခွင့်ပင် ပေးမနေခဲ့ဘဲ သူ့လက်ကိုဝှေ့ယမ်းလျက် လဓါးသွားကို ပစ်လွှတ်လိုက်လေသည်။

“စွပ်…” ဟူသော မြည်သံနှင့်အတူ လဓါးသွားသည် ရန်တုန်၏ခန္ဓာကိုယ်ကို ထက်ဝက်ပိုင်းဖြတ်သွားခဲ့သည်။ မြို့သခင်သည် မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးသည့်နောက် သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။

သိုလှောင်လက်စွပ်ကို ကောက်ယူပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

သူပြန်ပေါ်လာသည့်အချိန်တွင် ရှီထျန်းဟဲရှေ့သို့ ရောက်နေခဲ့လေသည်။

တိုက်ပွဲသံများကိုကြားသော် ရန်ကိုင်သည် ကျိယောင်နှင့် ပိုင်ယုတို့အား လှမ်း၍ ကြည့်လိုက်လေသည်။ နှစ်ဦးစလုံးမှာ မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြလေသည်။ သို့ရာတွင် ပိုင်ယုမှာတော့ အခြေအနေမဟန်လှ။ သူ့ဆံပင်များမှာ ဖွာကြဲလန်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေခဲ့လေသည်။ သို့သော်ငြား ကျိယောင်၏ အေးစက်စက်‌ရေခဲစက်ကွင်းကြောင့် သူ့သွေးများမှာ အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် အေးခဲသွားကုန်ကြလေသည်။

အလွန်ကိုမှ ပြင်းထန်လှသည့် အအေးဓာတ်ကြောင့် ဖွာကြဲလန်နေသည့် ပိုင်ယု၏ဆံပင်များသည်ပင်လျှင် တဖြည်းဖြည်း အေးခဲလာနေခဲ့ကာ သူ့လှုပ်ရှားမှုများမှာလည်း တစ်စတစ်စနှင့် နှေးကွေးလေးလံလာနေခဲ့လေသည်။

ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ပိုင်ယု၏ နိယာမစွမ်းအားအပေါ် ကျွမ်းကျင်မှုမှာ ကျိယောင်အောက် နိမ့်ကျနေကြောင်း မြင်နိုင်ပေသည်။

“စီနီယာ… ဒါ ဟိုသုံးယောက်ရဲ့ သိုလှောင်လက်စွပ်တွေပါ…” ရန်ကိုင်ပြန်ရောက်လာသည်ကိုမြင်သော် ရှီထျန်းဟဲသည် ရန်ကိုင်အား သိုလှောင်လက်စွပ်သုံးကွင်းကို တလေးတစားဖြင့် ပေးလိုက်လေသည်။

အစောပိုင်းက ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့သော မိုးကြိုးစံအိမ်၏ အကြီးအကဲမှာ သေသွားခဲ့လေပြီ။ ရန်ကိုင်သည် ထိုအကြီးအကဲ၏ အသက်ကို ယူပြီးမှသာလျှင် ရန်တုန်နောက်သို့ လိုက်သွားခဲ့ခြင်း ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး သွေးညှီနံ့များဖြင့် ထောင်းထွက်နေခဲ့ပြီး မြေပြင်တစ်ခုလုံးမှာလည်း သွေးချင်းနီနေခဲ့လေသည်။

“အင်း…” ရန်ကိုင်သည် ထိုသိုလှောင်လက်စွပ်သုံးကွင်းကို ယူလျက် ရန်တုန်ဆီမှရလာသည့် သိုလှောင်လက်စွပ်တစ်ကွင်းနှင့်အတူ ထားလိုက်သည်။ ထို့နောက် အကြမ်းဖျင်းစစ်ဆေးကြည့်လိုက်ရာ ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ အတော်လေးကိုမှ ကြွယ်ဝချမ်းသာကြောင်း တွေ့ရှိလိုက်ရလေသည်။ အထူးသဖြင့် ရန်တုန်ပင်။ ရန်တုန်၏ သိုလှောင်လက်စွပ်ထဲတွင် မြောက်မြားလှစွာသော အရင်းအမြစ်ကျောက်များသာမက အချို့သော အဖိုးတန်ရတနာများလည်း ရှိနေခဲ့သည်။

“စီနီယာ…” ရှီထျန်းဟဲက စိုးရိမ်တကြီးဖြင့် လှမ်း၍ခေါ်လိုက်လေသည်။ ရန်ကိုင်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို မြင်ပြီးသည့်နောက် ရန်ကိုင်အပေါ် ရှီထျန်းဟဲ၏ အမြင်မှာ စတင်၍ ပြောင်းလဲလာခဲ့ရလေသည်။ “စီနီယာက ဘယ်သူလဲ…”

“ငါလား… ငါ့နာမည်က ရန်ကိုင်လေ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။

All Chapters