အခန်း (၂၆၂၈)
Vol. 112 Ch. 2628
“ရန်ကိုင်…” ရှီထျန်းဟဲ ယာယီမျှ မှင်တက်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် ပြန်၍မေးလိုက်လေသည်။ “စီနီယာ… ရှင်က ဟိုတစ်ယောက်လား…”
ရန်ကိုင်ကပြုံးလျက် “ဟုတ်တယ်… ရမ္မက်ရှာဂိုဏ်း လိုက်ရှာနေတဲ့လူက ငါပဲ…”
ရန်ကိုင် သူ့ဘာသာ ဝန်ခံလာသည်ကိုမြင်သော် ရှီထျန်းဟဲ မဲ့ပြုံးပြုံးလိုက်လေသည်။
ကောလဟာလများ ထွက်လာစဉ်က ရန်ကိုင်အား အကြီးအကျယ် ဝေဖန်ခဲ့သူများအနက် သူမလည်း ပါပေသည်။ တကယ်တော့ ရေခဲနှလုံးသားတောင်ကြား ယခုကဲ့သို့ ဖြစ်နေရသည်မှာ ရန်ကိုင်ကြောင့်ပင် မဟုတ်လေလော။ ရန်ကိုင်မှ ဖုန်းရှီအား ကြယ်ပျက်ပင်လယ်ထဲတွင် သတ်လိုက်သည့် အတွက်ကြောင့်သာ ဖုန်းရွှမ် ဒေါသူပုန်ထသွားခဲ့ပြီး မြောက်ဘက်နယ်မြေတစ်ခုလုံး စစ်မီးများ လောင်မြိုက်လာခဲ့ရကာ ရေခဲနှလုံးသားတောင်ကြားလည်း ယခုကဲ့သို့အခက်အခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
မြောက်ဘက်နယ်မြေတစ်ခုလုံးကို စစ်မီးလောင်မြိုက်စေခဲ့အောင် လုပ်ခဲ့သည့် တရားခံသည် ယခု သူမရှေ့တွင် ရပ်နေသည့်လူ ဖြစ်လိမ့်မည်ဟု ရှီထျန်းဟဲ လုံးဝ မထင်ထားခဲ့ပေ။
ထိုအကြောင်းကို စဉ်းစားနေရင်းမှ အခြားအရာတစ်ခုကို စဉ်းစားမိသွားခဲ့ပြီး ရှီထျန်းဟဲ အံ့အားသင့်သွားရပြန်လေသည်။
ယခုမှသာလျှင် ဖုန်းရှီသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကြယ်ပျက်ပင်လယ်ထဲ၌ အသတ်ခံခဲ့ရခြင်းမှန်း ပြန်သတိရသွားခဲ့သည်။ တစ်နည်းဆိုရသော် ရန်ကိုင်သည်လည်း ထိုအချိန်က ကြယ်ပျက်ပင်လယ်ထဲတွင် ရှိနေခဲ့ပေသည်။ သို့သော်ငြား ထိုစဉ်က ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်သည့်လူများမှာ ဧကရာဇ်အဆင့်သို့ မရောက်သေးသည့်လူများသာ ဖြစ်ကြသည်။
တစ်နည်းဆိုရသော် ရန်ကိုင်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တာအိုသခင်အဆင့်သာ ရှိသေးသည်ဟု ပြောလိုက်ခြင်းပင် မဟုတ်ပေလော။ ယခု သူသည် ဧကရာဇ်ပထမအဆင့်သို့ ရောက်ရုံလေးသာ ရှိပေသေးသည်။
သို့သော်ငြား ဧကရာဇ်ပထမအဆင့်သို့ ရောက်သည်မှာ မကြာသေးသည့်တိုင် မိုးကြိုးစံအိမ်မှ အကြီးအကဲသုံးဦးနှင့် စင်ကြယ်ခြင်းမြို့တော်၏ မြို့သခင်သည် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။
ရန်ကိုင်ထုတ်ပြသွားသည့် ကျင့်ကြံခြင်းမှာ သူ၏ အစစ်အမှန်ကျင့်ကြံခြင်းဖြစ်ကာ ဖုံးကွယ်ထားသည့်အရာမဟုတ်။
ယနေ့အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရှီထျန်းဟဲအနေဖြင့် လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သည့် ဧကရာဇ်ပထမအဆင့်ကများ ဤမျှ အားကောင်းလို့နည်း။
ဂိုဏ်းအပေါ် သစ္စာရှိသူတစ်ဦးပီပီ တစ်နေ့နေ့တွင် သူမတို့ရေခဲနှလုံးသားတောင်ကြားအား ဤကဲ့သို့ ကျဉ်းထဲကြပ်ထဲရောက်အောင် တွန်းပို့ခဲ့သည့် ရန်ကိုင်ကိုရှာကာ ဖမ်းဆီးပေးရမည်ဟု ရှီထျန်းဟဲ စိတ်ကူးယဉ်မိခဲ့ဖူးပေသည်။ သို့သော်ငြား သူမအနေဖြင့် ထိုကဲ့သို့ ထပ်မတွေးရဲတော့ပေ။
“ပိုင်ယုတော့သွားပြီ…” ထိုစဉ် ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
ရှီထျန်းဟဲလည်း အလျင်စလို လှမ်း၍ကြည့်လိုက်ရာ ပိုင်ယုနှင့် ကျိယောင်တို့ တိုက်ခိုက်နေသည့် နေရာဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရလေသည်။ ထို့နောက်တွင် အရိုးကွဲမတတ် အအေးဓာတ်တို့ အဘက်ဘက်သို့ ပျံ့လွင့်လာခဲ့ပြီး ဓါးရောင်တစ်ချက်လက်သွားကာ တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့ရသည်။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်နောက်တွင် ကျိယောင်သည် သူမ၏ဓါးကို ကိုင်စွဲလျက် ထူးမခြားနားဟန်ဖြင့် လေထဲဝဲကာ ရပ်နေခဲ့လေသည်။
သူမ၏ရှေ့တွင်တော့ အေးခဲနေသည့် ရေထဲရုပ်တုတစ်ခု ရှိနေခဲ့လေသည်။ ထိုရေခဲရုပ်တုမှာ မိုးကြိုးစံအိမ်၏ စံအိမ်သခင်ပိုင်ယုသာ ဖြစ်လေသည်။
ရေခဲရုပ်တုထဲ အေးခဲထားခြင်း ခံရသည့် ပိုင်ယု၏မျက်နှာထက် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်နေခဲ့ရသည်။ ယခုအချိန်ထိတိုင် ဤတိုက်ပွဲအား တစ်ဖက်သတ် ရှုံးနိမ့်သွားခဲ့ရသည့်အပေါ် သူ့အနေဖြင့် မယုံကြည်နိုင်သေးသည့်ပုံပင်။
“ဝှီး…”
ရုတ်တရက် ရေခဲတုံးသည် မြေပြင်ပေါ်သို့ တဟုန်ထိုး ပြုတ်ကျသွားကာ ‘ဘုန်း’ ဟူသော မြည်သံနှင့်အတူ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ရေခဲတုံးထဲ ပိတ်မိခံနေရသော ပိုင်ယုမှာလည်း ရေခဲစရေခဲနများနှင့်အတူ တစ်စစီကွဲထွက်သွားခဲ့ရသည်။
ကျိယောင်သည် ပြောခဲ့သည့်အတိုင်းပင် ပိုင်ယုအား တစ်စစီဖြစ်သွားအောင် လုပ်ပစ်ခဲ့ပေသည်။
ထို့နောက်တွင် ကျိယောင်သည် ရန်ကိုင်နားသို့ ပြန်လာခဲ့လေသည်။ ပိုင်ယုနှင့်အတူပါလာသည့် အကြီးအကဲလေးဦး မည်သည့်နေရာသို့ ရောက်သွားသလဲဆိုသည်ကိုတော့ မေးမနေခဲ့ပေ။ မြေပြင်ပေါ်တွင် စွန်းထင်းနေသော သွေးစသွေးနများ၊ အသားစများသည် အကောင်းဆုံးသော ရှင်းပြချက်သာ ဖြစ်ပေသည်။ ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ဆရာ… တောင်ကြားဆီ မြန်မြန်ပြန်ရအောင်…”
အစောပိုင်းက ရေခဲနှလုံးသားတောင်ကြား၏ အခြေအနေကို မသိရသေးသည့်အတွက်ကြောင့် အလျင်လိုခြင်းမရှိခဲ့။ သို့သော်ငြား ရှီထျန်းဟဲရှင်းပြသည်ကို ကြားပြီးသည့်နောက်တွင် ကျိယောင်စိတ်ထဲ အလျင်လိုလာခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြားဆီသို့ မြန်မြန်ပြန်ကာ သူမ၏ ညီအစ်များ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးချင်မိသည်။
“အင်း…” ရန်ကိုင်လည်း ခေါင်းညိတ်၍ ရှီထျန်းဟဲအား အဓိပ္ပာယ်ပါပါ လှမ်း၍ ကြည့်လိုက်လေသည်။
ရှီထျန်းဟဲလည်း အလိုက်တသိပင် ပိုင်ယု၏ သိုလှောင်လက်စွပ်ကို အလျင်အမြန် သွားကောက်လေသည်။
ကျိယောင်သည် သူမ၏လှေပျံကို ထုတ်ယူလိုက်သည်။ သုံးယောက်စလုံး လှေပျံပေါ်သို့ ရောက်ပြီးသည့်နောက်တွင် ကျိယောင်မှာ လက်ကွက်များကို ဖန်တီးကာ ရေခဲနှလုံးသားတောင်ကြားဆီသို့ လေအလျင်ဖြင့် ထွက်သွားလေသည်။
“စီနီယာရန်… ဒီမှာပါ…” ရှီထျန်းဟဲသည် ပိုင်ယု၏ ပြတ်နေသော လက်ချောင်းထက်တွင် ဝတ်ဆင်ထားသည့် ရေခဲစများ ဖုံးလွှမ်းနေသော သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။
ရန်ကိုင်သည် ဧကရာဇ်ချီကို သုံးလျက် ရေခဲစများကို အရည်ပျော်အောင် လုပ်ပြီးသည့်နောက် ပြတ်နေသော ပိုင်ယု၏လက်ချောင်းကိုဖယ်ထုတ်ကာ လက်စွပ်ကို ရှီထျန်းဟဲဆီသို့ ပြန်ပေးလိုက်လေသည်။
“စီနီယာရန် ဒါက…” ရှီထျန်းဟဲသည် ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
“ဒါ နင့်ရဲ့ တတိယဒေါ်လေးရဲ့ဟာလေ… သူက စိတ်မဝင်စားမှတော့ နင်ပဲယူလိုက်ပေါ့… ရေခဲနှလုံးသားတောင်ကြားကို ပြန်ရောက်ရင် နင့်ကျင့်ကြံခြင်းကိုအာရုံစိုက်… နင့်ဆရာကို နောက်တစ်ကြိမ် စိတ်မပျက်စေတော့နဲ့…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရန်…” ရှီထျန်းဟဲက ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် တတိယဂိုဏ်းတူဒေါ်လေး…”
“စီနီယာရန်ဆိုတာ နင် ဘာကိုပြောချင်နေတာလဲ…” ကျိယောင်သည် ရှီထျန်းဟဲအား စူးရဲစွာစိုက်ကြည့်လျက် “ဒါက ငါတို့ရဲ့ဘိုးဘေးတည်ထောင်သူလို့ ငါနင့်ကို ပြောပြီးသွားပြီလေ…”
“ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်မမှားသွားလို့ပါ… ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘေးတည်ထောင်သူ…” ရှီထျန်းဟဲ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူမစကားကို အလျင်အမြန် ပြန်ပြင်ပြောလိုက်လေသည်။ ရှီထျန်းဟဲမှာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကျိယောင်အား မည်သို့ ရှင်းပြလို့ရှင်းပြရမှန်း မသိသည့်အတွက်ကြောင့် ရန်ကိုင်ဆီသို့သာ မသိမသာလေး လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာမူ သူမထက်ပင် ပို၍ ကသိကအောက် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
တစ်ရက်ကြာပြီးသည့်နောက်တွင် မိုင်သုံးထောင်ခန့် ဝေးကွာသော နှင်းတောင်တစ်တောင်ထက်…
နှင်းများ သိပ်သည်းစွာ ကျဆင်းနေခဲ့ပြီး ရန်ကိုင်နှင့် မိန်းကလေးနှစ်ဦးသည် အေးခဲနေသော တောင်တစ်လုံးထက်တွင် ရပ်လျက် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်နေကြသည်။
ရင်းနှီးနေသော မြင်ကွင်းများကို ကြည့်လိုက် အေးစက်စက်လေအေးများကို ရှူသွင်းလိုက် လုပ်ရင်းမှ ကျိယောင်၏ ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ ငှက်မွေးတမျှ ပေါ့ပါးလှသော နှင်းပွင့်လေးတို့သည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ တစ တစ ကျဆင်းနေခဲ့သည်။ သူမကိုယ်သူမ ပြန်လည်မွေးဖွားလာသည်ဟုပင် ကျိယောင် ခံစားနေခဲ့ရလေသည်။ သူမရင်ထဲ ခံစားနေခဲ့ရသည့် အပျော်တို့ကို မည်သည့်စကားနှင့်မှ ဖော်ပြခြင်းငှာ မစွမ်းသာတော့။
အိမ်အနားသို့ ပြန်ရောက်လာသည့် အတွက်ကြောင့်လား မသိရ ကျိယောင်၏မျက်လုံးထဲ စိုးရိမ်ပူပန်မှု၊ အနည်းငယ်ကြောက်ရွံ့မှုတို့ကို မြင်တွေ့နေခဲ့ရသည်။
“လူတွေအများကြီးပါလား…” ရန်ကိုင်က ပြောလိုက်သည်။
သူတို့ရပ်နေဆီမှ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက ရေခဲနှလုံးသားတောင်ကြားအပြင်ဘက်တွင် ကင်းလှည့်နေကြသော ကျင့်ကြံသူပေါင်းများစွာ ရှိနေကြောင်း မြင်တွေ့နိုင်ပေသည်။ ထိုလူများသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များ မဟုတ်ကြချေ။ ထိုလူများသည် သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့၊ ဆယ်ယောက်တစ်ဖွဲ့၊ အယောက်နှစ်ဆယ်တစ်ဖွဲ့ စုဝေးနေကြကာ ရေခဲနှလုံးသားတောင်ကြား၏ အဓိကဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေကြလေသည်။
ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး တင်းတင်းကြပ်ကြပ် ဝိုင်းရံထားခြင်း ခံရလေ၏။
“ရမ္မက်ရှာဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် လူတွေအများကြီး ရှိနေရတာလဲ…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရှီထျန်းဟဲထံမှ ကြားသိရထားသလောက် ရေခဲနှလုံးသားတောင်ကြားသည်သာ ဝိုင်းရံထားခံရခြင်းမဟုတ်ဘဲ အနီးအနားတွင်ရှိနေသော ရေခဲလမြို့သည်ပင်လျှင် ရမ္မက်ရှာဂိုဏ်း၏လက်အောက်သို့ ကျရောက်သွားကြောင်း သိထားခဲ့ရသည်။ ရေခဲမြို့တော်သည် ရေခဲနှလုံးသားတောင်ကြားမှ ပြင်ပလောကကြီးနှင့် ဆက်ဆံရာတွင် အသုံးပြုသည့် အချက်အချာမြို့တစ်မြို့ ဖြစ်ပေသည်။ ထိုမြို့ သိမ်းပိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ရေခဲနှလုံးသားတောင်ကြားမှာ အပြင်လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားရတော့သည်။
သို့ရာတွင် ရမ္မက်ရှာဂိုဏ်းသည် ရေခဲနှလုံးသားတောင်ကြားကို ဝိုင်းရံဖို့ရာနှင့် ရေခဲလမြို့တော်ကို သိမ်းပိုက်နိုင်ရန်အတွက် ဤမျှ များပြားလှသော လူအင်အားကို မည်သည့်နေရာမှ ရလာခဲ့လေသနည်း။
“မြောက်ဘက်နယ်မြေမှာ ရမ္မက်ရှာဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတွေ အများကြီးရှိတယ်လေ…” ရှီထျန်းဟဲက ရှင်းပြလိုက်သည်။ “အခုလိုမျိုး လုပ်နိုင်ဖို့ သူတို့လက်အောက်ခံအင်အားစုတွေကလူတွေကို လှမ်းခေါ်မှပဲ ရမှာ…”
“အဲ့ဒါလည်း မရသေးဘူး…” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်လေသည်။ “ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းက မြောက်ဘက်နယ်မြေရဲ့ ထိပ်သီးအင်အားစုကြီးတွေ… ရမ္မက်ရှာဂိုဏ်းမှာ လက်အောက်ခံဂိုဏ်းတွေ ရှိမယ်ဆိုလို့ရှိရင် ရေခဲနှလုံးသားတောင်ကြားမှာလည်း ရှိမှာပဲ… ငါသိသလောက်ဆိုရင် ရေခဲနှလုံးသားတောင်ကြားရဲ့ အမျိုးသမီးတပည့်တော်တော်များများ အခြားဂိုဏ်းတွေဆီ လက်ထပ်ပြီး ဝင်သွားကြတယ်လေ… ဒီလောက် အဆက်အသွယ်တွေရှိနေတာ အဲ့ထဲက ဘယ်အင်အားစုကမှ ရေခဲနှလုံးသားတောင်ကြားကို လာမကူညီပေးကြဘူးလား…”
ရှီထျန်းဟဲမှာ မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်း မသိသည့်အလား ခါးသက်စွာသာ ပြုံးလိုက်လေသည်။
ထိုစဉ် ကျိယောင်က ဝင်ပြောလိုက်သည်။ “ဆရာ… ဆရာ ဂိုဏ်းကို စပြီး တည်ထောင်တုန်းက ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို မမှတ်မိတော့ဘူးလား… ဂိုဏ်းကလက်ထပ်တာကို မတားမြစ်ထားဘူး… ဒါပေမယ့် လက်ထပ်သွားတဲ့ ဘယ်တပည့်မှ ရေခဲနှလုံးသားတောင်ကြားနဲ့ မပတ်သက်ရတော့ဘူးဆိုပြီးတော့လေ… ရေခဲနှလုံးသားတောင်ကြားက တပည့်တွေကို အခြားဂိုဏ်းတွေနဲ့ လက်ထပ်ပေးပြီး ဆက်ဆံရေးတည်ဆောက်နေတယ်ဆိုပြီး အခြားသူတွေ အထင်လွဲသွားမှာစိုးလို့ ဆရာကိုယ်တိုင်ပဲ အဲ့စည်းမျဉ်းကို ချခဲ့တာမဟုတ်ဘူးလား…”
ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ “ငါ တကယ်ကြီး အဲ့လိုစည်းမျဉ်းမျိုး ချခဲ့တာလား…”
“ဟုတ်တယ်လေ… ဆရာကိုယ်တိုင်ပဲ ချခဲ့တာလေ…” ကျိယောင်က ပြန်ပြောလိုက်သည်။
ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် ရယ်မောလျက် “ငါမေ့သွားတာနေမယ်…”
“ဘယ်သူ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲကွ…”
ရန်ကိုင်တို့ အတွေးများနေစဉ် ရုတ်တရက် အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် တဝှစ်ဝှစ်မြည်သံများနှင့်အတူ လူငါးယောက်ပါသည့် အဖွဲ့တစ်ဖွဲ့ ရန်ကိုင်တို့ရှေ့သို့ ရောက်လာကြလေသည်။
ထိုအဖွဲ့အား ဦးဆောင်လာသည့်လူမှာ သက်ကြီးပိုင်းလူတစ်ဦးဖြစ်ပြီး ကျန်လူများမှာတော့ အသက်လေးဆယ်အောက်လူများ ဖြစ်ကြပေသည်။ အကုန်လုံးမှာ အမျိုးသားများသာ ဖြစ်ကြသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုလူများ၏ကျင့်ကြံခြင်းကို စစ်ဆေးလိုက်ရာ အကုန်လုံးမှာ တာအိုသခင်အဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရလေသည်။ ဦးဆောင်လာသည့်လူအိုကြီးမှာ တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး ကျန်လေးဦးမှာတော့ တာအိုသခင်ပထမအဆင့်များသာ ဖြစ်ကြပေသည်။
“ခင်ဗျားကဘယ်သူလဲ…” ရန်ကိုင်က မျက်လုံးမှေးစင်းလျက် မေးလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် သူ၏ဧကရာဇ်ချီကို အနည်းငယ် ထုတ်ပြလိုက်လေသည်။
ရန်ကိုင်၏ကျင့်ကြံခြင်းကို သတိပြုမိသွားသည့်နောက် အကုန်လုံး၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။ လူအိုကြီးက ကြောက်ကြောက်လန့်လန့်ဖြင့် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ဒီလူအိုကြီးရဲ့နာမည်က ဖန်မင်ဟွေပါဆရာ… နှုတ်ဆက်ပါတယ်ဆရာ… ကျေးဇူးပြုပြီး ကျုပ်တို့ဘက်က ရိုင်းပျသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
ရန်ကိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှန်း နားလည်သွားပြီးသည့်နောက်တွင် ဖန်မင်ဟွေမှာ အနည်းငယ်မျှပင် မရိုင်းပျရဲတော့ပေ။ ချက်ချင်းပဲ သူ့ကိုယ်သူ နှိမ့်ချ၍ ရန်ကိုင်အား တလေးတစား ရိုရိုကျိုးကျိုးဖြင့် နှုတ်ဆက်လိုက်လေသည်။
“မင်းတို့တွေ ဒီမှာဘာလုပ်နေတာလဲ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
ဖန်မင်ဟွေက အလျင်စလို ပြန်၍ဖြေလိုက်လေ၏။ “ကျုပ်လက်အောက်ငယ်သားလူအချို့ကို ဦးဆောင်ပြီးတော့ ဒီနေရာတစ်ဝိုက်ကို အမိန့်အတိုင်း ကင်းလှည့်နေတာပါဆရာ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား အားတင်း၍ ပြုံးပြလိုက်လေ၏။
“ကင်းလှည့်နေတာ… မင်းတို့တွေက ရမ္မက်ရှာဂိုဏ်းရဲ့ တပည့်တွေလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဖန်မင်ဟွေက ခေါင်းခါလိုက်သည်။ “မဟုတ်ပါဘူး မဟုတ်ပါဘူး ဆရာ… ကျုပ်တို့က ကျောက်စိမ်းနှစ်ထပ်မြို့တော်က ဖန်မိသားစုကပါ… ကျုပ်နဲ့အတူ ပါလာတဲ့ လူတွေအကုန်လုံးက ဖန်မိသားစုရဲ့တပည့်တွေပါပဲ…”
“ကျောက်စိမ်းနှစ်ထပ်မြို့တော်က ဖန်မိသားစု… လက်အောက်ခံအင်အားစုတစ်ခုပေါ့…”
“ဆရာက နောက်တတ်တာပဲနော်…” ဖန်မင်ဟွေက အားတင်းပြုံးလျက် “ကျုပ်တို့ဖန်မိသားစုလို အားနည်းလွန်းလှတဲ့ အင်အားစုတစ်ခုက ရမ္မက်ရှာဂိုဏ်းရဲ့ လက်အောက်ခံအင်အားစုတစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ကျောက်စိမ်းနှစ်ထပ်မြို့တစ်ခုလုံးဆိုရင်တောင် ရမ္မက်ရှာဂိုဏ်းက စိတ်ဝင်စားမှာမဟုတ်ဘူး…”
ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေ၏။ “ရမ္မက်ရှာဂိုဏ်းရဲ့ လက်အောက်ခံအင်အားစုမဟုတ်လို့ရှိရင် မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ… ပြီးတော့ ဘယ်သူ့အမိန့်နဲ့ မင်းတို့ ဒီနေရာကို ကင်းလှည့်နေကြတာလဲ…”
ဤနေရာသည် ရေခဲနှလုံးသားတောင်ကြားနှင့် အလွန်တရာကိုမှ နီးပေသည်။ လက်ရှိအချိန်တွင် ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းတို့မှာ စစ်ဖြစ်နေကြခြင်း ဖြစ်လေရာ စစ်ပွဲနှင့် မပတ်သက်သည့် မည်သူမဆို ဤအနီးအနားတစ်ဝိုက်တွင် ရှိနေလိမ့်မည်မဟုတ်ပေ။
ဖန်မင်ဟွေ အံ့အားသင့်သွားခဲ့လေသည်။ “ရမ္မက်ရှာဂိုဏ်းရဲ့ အမိန့်အရလေ ဆရာရဲ့…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဟေ့ကောင်… မင်း ငါ့ကို လာနောက်နေတာလား… မင်း သေချာမပြောရင် ငါမင်းလျှာကို ဖြတ်ပစ်တော့မှာနော်…”
ဖန်မင်ဟွေ၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ “ကျေးဇူးပြုပြီး ဒေါသထိန်းပါဆရာ…” ဖန်မင်ဟွေက အလျင်စလို ပြန်ပြောလိုက်လေသည်။ “ကျုပ် အမှန်ကိုပြောနေတာပါ… ရမ္မက်ရှာဂိုဏ်းက ပေးထားတဲ့ အမိန့်အတိုင်းပဲ ဒီနေရာကို ကင်းစောင့်နေရတာပါ… ဒါပေမယ့် ကျုပ်တို့ ဖန်မိသားစုက ရမ္မက်ရှာဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူး.. ကျုပ် လိမ်နေတာမဟုတ်ပါဘူး ဆရာရယ်…”
လူအိုကြီးနှင့်အတူ ပါလာသည့် အဖွဲ့သားများမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေကြလေသည်။ ဧကရာဇ်အဆင့် ပညာရှင်များသည် ရန်စလို့မကောင်းဟု သူတို့စိတ်ထဲလည်း တွေးနေကြသည်။ လက်ရှိ သူတို့ရှေ့တွင် ရှိနေသည့် လူသည် အနည်းငယ် စိတ်ဆိုးဒေါသထွက်ရုံလေးနှင့် သူတို့၏လျှာကို ဆွဲဖြတ်မည်ဟု ခြိမ်းခြောက်နေခဲ့သည်။ သူတို့သည်သာ တစ်နေ့ကြ ဧကရာဇ်အဆင့်သို့ ရောက်သွားပါက ဤကဲ့သို့ လုပ်နိုင်မှာလားဟုလည်း တွေးလိုက်ကြလေသည်။
“ရမ္မက်ရှာဂိုဏ်းနဲ့ ဘာမှမပတ်သက်ဘူးဆိုရင် သူတို့ပေးတဲ့အမိန့်အတိုင်း ဘာလို့ လိုက်လုပ်နေရတာလဲ… ငါ့ကို အရူးတစ်ယောက် မှတ်နေတာလား…” ရန်ကိုင်သည် ဖန်မင်ဟွေအား အေးစက်စက်အမူအယာဖြင့် ကြည့်လိုက်လသည်။
ဖန်မင်ဟွေသည် နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်ရင်းမှ ရှင်းပြလိုက်လေသည်။ “ဆရာ… ဆရာ ဘာတွေပြောနေတာလဲ… အခုလောလောဆယ် ရေခဲနှလုံးသားတောင်ကြားတစ်ဝိုက်မှာ ကျုပ်တို့ ဖန်မိသားစုလို အင်အားစုတွေ အများကြီးရှိနေတာလေ…”
ထိုသို့ပြောနေရင်းမှ ဖန်ဝေသည် တစ်ခုခုအား နားလည်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လျက် ပြောလိုက်လေ၏။ “ဆရာ… ဆရာ ရမ္မက်ရှာဂိုဏ်းရဲ့ စုဆောင်းရေးအမိန့်ကို မကြားဖူးတာလား…”
“ဘာစုဆောင်းရေးအမိန့်လဲ…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ဖန်မင်ဟွေက သက်ပြင်းတစ်ချက်ချလျက် “ဒီတော့ ဆရာ မကြားဖူးဘူးကိုး…”
“သေချာရှင်းပြစမ်း… ရှင်းပြတာမဟုတ်လို့ကတော့ ငါ မင်းလျှာကို ဆွဲထုတ်ပြီး ဖြတ်ပစ်မှာနော်…”
“ဟုတ်ကဲ့ ဟုတ်ကဲ့… ကျုပ်ရှင်းပြပါ့မယ်…” ဖန်မင်ဟွေက အလျင်စလို ခေါင်းညိတ်၍ စတင်ရှင်းပြလိုက်လေ၏။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ရမ္မက်ရှာဂိုဏ်းနဲ့ ရေခဲနှလုံးသားတောင်ကြားတို့ စပြီး စစ်ဖြစ်ပါတယ်… နှစ်ဖက်စလုံးက အင်အားညီနေတော့ အဲ့တိုက်ပွဲမှာ အတော်လေး အထိအခိုက် များသွားကြတာပါ… အဲ့လိုအထိအခိုက်များတာကို ရှောင်ဖို့အတွက် ရမ္မက်ရှာဂိုဏ်းက တိုက်ပွဲဖြစ်ပြီး မကြာဘူး စုဆောင်းရေးအမိန့်ကို ထုတ်လိုက်ပါတယ်… မြောက်ဘက်နယ်မြေထဲမှာ ရှိတဲ့ အင်အားစုတိုင်း ရမ္မက်ရှာဂိုဏ်းကို ကူညီပြီးတော့ ရေခဲနှလုံးသားတောင်ကြားကို တိုက်ခိုက်ပေးမယ်ဆိုလို့ရှိရင် အရင်းအမြစ်ကျောက်တွေ၊ မှော်ရတနာတွေ၊ သိုင်းကျင့်စဉ်တွေ ပေးမယ်ဆိုပြီးတော့ပါ… အဲ့ဒါတွေတင် မဟုတ်သေးပါဘူး… ကိုယ့်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီးတော့လည်း ရမ္မက်ရှာဂိုဏ်းရဲ့ လက်အောက်ခံအင်အားစုတွေ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါသေးတယ်… ပြီးတော့ ရေခဲနှလုံးသားတောင်ကြား ပျက်စီးသွားပြီဆိုလို့ရှိရင် ထူးထူးချွန်ချွန် စွမ်းဆောင်ပြခဲ့တဲ့လူတွေကို ရေခဲနှလုံးသားတောင်ကြားက တပည့်အချို့ကို လက်ဆောင်ပေးမယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်…”